အခန်း ၁၄၁၀
Vol. 94 Ch. 1410
အခန်း ၁၄၁၀: စက်ရုပ်နှစ်ရုပ်တိုက်ပွဲ!
ဖန်သားပြင်တွင်ပေါ်လာသည်က Optimus prime နှင့် Megatron စက်ရုပ်ကြီးနှစ်ရုပ်ပင်။
ဖန်သားပြင်ကို ချင်းလင်ဓာတ်ခွဲခန်းမှန်ပြတင်းနှင့်ချိတ်ဆက်ထားသည်။
အချိန်ကိုက်လုပ်ထားသောဗီဒီယိုနည်းပညာကြောင့် ဖန်သားပြင်မှတဆင့် မှန်ပြတင်းမှာဖြစ်ပျက်နေသမျှကိုရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
ထိုအချိန်တွင် Optimus prime နှင့် Megatron က အစစ်ဖြစ်သည်။ ချင်းလင်ဓာတ်ခွဲခန်းမှာရှိသည်။
အရင်စက်ရုပ်များက ပလတ်စတစ်များရောစပ်ထားခြင်းသာကွာသည်။ အခု Optimus prime နှင့် Megatron ကိုမူ သတ္တုအတိနှင့်လုပ်ထားခြင်းပင်။ သတ္တုအပြည့်လုပ်ထားသောကြောင့် သတ္တုရောင်တလက်လက်ထွက်နေသည်။
ထို့အပြင် ဆေးခြယ်ထားသောကြောင့် ရုပ်ရှင်ထဲကအတိုင်း တထပ်တည်းနီးနီးတူနေသည်။ လုံးဝကွာခြားချက်မရှိတော့။
ပါမောက္ခဝမ်က အာရုံခံကိရိယာနှစ်စုံထုတ်ခိုင်းပြီး ချင်လင်ကိုတစ်စုံပေးလိုက်သည်။ တစ်စုံက အရံဆောင်ထားခြင်းပင်။
ချင်းလင်အပန်းဖြေစံအိမ်က ချင်းလင်ဓာတ်ခွဲခန်းနှင့်နည်းနည်းလှမ်းသော်လည်း မှင်စာနည်းပညာက တကယ်အံ့ဩစရာကောင်းသည်။ ဒီအကွာအဝေးမှာ အာရုံခံစက်ကိုအသုံးချနိုင်သေးသည်။
ပါမောက္ခဝမ်က_
"ဥက္ကဌချင်.. ကျုပ်ဓာတ်ခွဲခန်းပြန်လိုက်ဦးမယ်... ဒါအရင်စမ်းကြည့်ပါ... တစ်ခုခုဆို ကျုပ်ကိုပြောပါ... ဓာတ်ခွဲခန်းမှာရွေးထားတဲ့လုံခြုံရေးအစောင့်က အသင့်စောင့်နေပါတယ်... ဓာတ်ခွဲခန်းမှာ အစားထိုးအစိတ်အပိုင်းတွေ အပြီးသတ်ထုတ်ကုန်တွေ တပြိုင်တည်းထုတ်နေပါတယ်''
"အင်း.. ပါမောက္ခဝမ်ပြန်ပြီး လုပ်စရာရှိတာလုပ်ပါ''
ချင်လင်ခေါင်းညိမ့်လိုက်သည်။
"ကောင်းပါပြီ''
ပါမောက္ခဝမ်ကခေါင်းညိမ့်ပြီး သူ့လူများနှင့်ပြန်သွားသည်။
ဒီတော့မှ ချင်လင်ကအာရုံခံစက်တပ်လိုက်သည်။ စက်တပ်လိုက်သည်နှင့် ဓာတ်ခွဲခန်းထဲမှ Optimus Prime က သူ့လှုပ်ရှားမှုကိုအာရုံခံမိပြီး တထပ်တည်းလိုက်လုပ်သည်။
ချင်လင်ကအသားကျနေပြီဖြစ်သောကြောင့် Optimus Prime ကို ရှောရှောရှူရှူထိန်းနိုင်သည်။ ဘယ်ဖြစ်စေ၊ ညာဖြစ်စေ၊ လေထဲကျွမ်းထိုးသည်ဖြစ်စေ...
ရုံးခန်းကိုရှင်းထားသောကြောင့် အတော်ကျယ်သည်။ ဒီလှုပ်ရှားမှုတွေကြောင့် လုံးဝအထိအခိုက်မရှိ။
တချိန်တည်းမှာ သူနှင့်မျက်နှာချင်းဆိုင်ရပ်နေသော Megatron လည်း စလှုပ်ရှားသည်။ သူ့ကိုခြေဟန်လက်ဟန်တောင်ပြသည်။
Megatron ကိုထိန်းချုပ်နေသူက အငြိမ်းစားအထူးတ*ပ်ဖွဲ့ဝင်လုံခြုံရေးအစောင့်မှန်း ချင်လင်သဘောပေါက်လိုက်သည်။
သူလည်း တဖက်လူကိုအချက်ပြန်ပြလိုက်၏။
ဒါ ယောက်ျားနှစ်ယောက်ကြားတိုက်ပွဲပင်။
နှစ်ဦးနှစ်ဖက်နှုတ်ဆက်ပြီးသည်နှင့် Megatron က စလှုပ်ရှားသည်။ သူကလက်သီးကိုဝှေ့ယမ်းပြီး ချင်လင်ကိုတန်းတိုက်၏။
ချင်လင်ကတုံ့ဆိုင်းမနေဘဲ အလျင်အမြန်နောက်ပြန်ဆုတ်ကာ လက်သီးကိုရှောင်လိုက်သည်။
အဲဒီနောက် ချင်လင်က နောက်ပြန်လက်သီးကျွေးလိုက်သည်။ သူထိန်းချုပ်ထားသော Optimus Prime ကလည်း နောက်ပြန်လက်သီးထိုးသည်။
ဖန်သားပြင်ပေါ်တွင် Megatron က ငုတ်တုတ်ထိုင်ချကာ ခေါင်းကိုတိမ်းပြီး လက်သီးချက်ကိုရှောင်လိုက်သည်။
ချင်လင်ပိုပြီးစိတ်ပါလာသည်။ သူက မာဟုန်ဆီမှသင်ထားသောကိုယ်ခံပညာကိုဆက်တိုက်သုံးသည်။ ဒီပွဲက Megatron ကို ပါမောက္ခဝမ်ထိန်းချုပ်တာထက်ပိုပြီးစိတ်ဝင်စားစရာကောင်းသည်။
တနည်းပြောရရင် တကယ့်တိုက်ပွဲဟုဆိုနိုင်သည်။
ပြောစရာတစ်ခုသာရှိသည်။ တိုက်နေရင်း အမြင်အာရုံပါမျှဝေနိုင်ရင် ပိုကောင်းမည်။
Optimus prime ကိုထိန်းချုပ်သူက စက်ရုပ်မြင်နေရသည့်အမြင်နှင့်မြင်နိုင်မည့်သဘောပင်။
ချင်းလင်အပန်းဖြေစံအိမ်ဧည့်ခန်း_
ချင်ရန်နှင့်ချင်လုံဝင်လာသည်။
တစ်ယောက်က ကြော်ငြာလုပ်ငန်းတွင်အလွန်နာမည်ကြီးသော ကြော်ငြာကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး နောက်တစ်ယောက်က ဝင်ငွေကောင်းကောင်းရနေသောစိုက်ပျိုးရေးလုပ်ငန်းရှင်ဖြစ်သည်။
ရုံချန်းတွင် ချမ်းသာပြီးအမှီအခိုကင်းသူများဟုဆိုနိုင်သည်။
နှစ်ယောက်သား ချင်းလင်အပန်းဖြေစံအိမ်ကိုအတူတူလာကြသည်။
ချင်းလင်အပန်းဖြေစံအိမ်ဝန်ထမ်းများ၊ လုံခြုံရေးအစောင့်များက ချင်လင်နှင့်ချင်ရန်ကြားရင်းနှီးမှုကိုသိသောကြောင့် မဟန့်တားရဲ။
သူတို့နှစ်ယောက် ချင်လင်ရုံးခန်းထဲရောက်သောအခါ တဖက်ရုံးခန်းတံခါးဖွင့်ထားသည်ကိုတွေ့ရသည်။ အထဲတွင်လှုပ်ရှားသံများကြားရသောကြောင့် အထဲကိုစူးစမ်းကြည့်လိုက်ကြသည်။
ထိုအခန်းထဲတွင် ချင်လင်က တစ်ယောက်ယောက်နှင့်တိုက်ခိုက်နေသလို လေထဲမှာကနေသည်။
ဘာဖြစ်နေမှန်းမသိသောကြောင့် နှစ်ယောက်သားကြောင်သွား၏။
ထို့နောက် ချင်လင်စက်ကိုင်ထားသည်ကိုတွေ့ရသည်။ သူတို့ပိုအံ့ဩမိသည်က ဖန်သားပြင်ပေါ်မှပုံရိပ်ပင်။
Optimus prime နှင့် Megatron ကို သူတို့မှတ်မိသည်။ ဘာပဲဖြစ်ဖြစ် ဒီစက်ရုပ်တွေဒီလောက်နာမည်ကြီးတာ၊ မသိသူအတော်နည်းမည်။
Optimus prime နှင့် Megatron လှုပ်ရှားမှုက ချင်လင်နှင့်ကွက်တိဖြစ်နေသောကြောင့် သူတို့အံ့ဩခြင်းပင်။ တထပ်တည်းကျသည်ဟုတောင်ပြောရမည်။
ချင်လင်နှင့် Optimus prime အတူတူထိုးသည်။
ချင်လင်နှင့် Optimus prime အတူတူထိုင်သည်။
ချင်လင်နှင့် Optimus prime အတူတူနောက်ပြန်ဆုတ်သည်။
နောက်ဆုံး ချင်လင်က Meagtron ကိုတံတောင်နှင့်တွတ်လိုက်ရာ မြေပေါ်လဲကျသွား၏။
အငြိမ်းစားအထူးတ*ပ်ဖွဲ့ဝင်လုံခြုံရေးအစောင့် ရှုံးသွားသည်။
ချင်လင်ကသာမန်လူဖြစ်သော်လည်း စွမ်းအားပင်အသီးနှစ်လုံးစားထားပြီး မာဟုန်ဆီမှကိုယ်ခံပညာသင်ယူထားသည်။ အငြိမ်းစားအထူးတ*ပ်ဖွဲ့ဝင်က သူ့ကိုမယှဉ်နိုင်။
"သော*က်.. မိုက်လှချည်လား! Megatron!''
Megatron လဲကျသွားသောကြောင့် ချင်ရန်ကအလန့်တကြားအော်လိုက်သည်။
ဒီကောင်ကြီးကို ချင်လင်ထိန်းချုပ်ထားမှန်း နှစ်ယောက်သားသဘောပေါက်သွားပုံရသည်။
ချင်လင်ကအာရုံပြန်ရုတ်ပြီး ချင်ရန်နှင့်ချင်လုံကိုရှက်ကိုးရှက်ကန်းနှင့်ကြည့်လိုက်သည်။
ပါမောက္ခဝမ်ကပြန်ထွက်သွားပြီး တံခါးမပိတ်ခဲ့၊ ချင်ရန်နှင့်ချင်လုံမြင်သွားပြီ။
သူဘယ်လိုရှင်းပြရမလဲ?
နည်းပညာကိုမကြေညာရသေးသောကြောင့် အသိပေးချိန်မတန်သေး။
ချင်ရန်ကအနားရောက်လာပြီး ချင်လင်ကိုယ်ပေါ်မှအာရုံခံစက်ကိုထိကာ_
"ချင်လင်.. ဒါနောက်ဆုံးပေါ်အာရုံခံဂိမ်းတိုက်ပွဲလား? အရင်က ဒီလိုဂိမ်းတွေကို TV ရီမုနဲ့အွန်လိုင်းဂိမ်းပဲဆော့နိုင်တာလေ... မင်းဟာနဲ့ယှဉ်ရင် အဲဒီဂိမ်းတွေက အရူးတွေကျနေတာပဲ''
ချင်ရန်ကစိတ်မှန်းနှင့်ပြောနေသောကြောင့် ချင်လင်က_
"အင်း.. ဒါအာရုံခံဂိမ်းပဲ''
"ငါသိသားပဲ.. ချင်လင် ငါ့ဆော့လို့ရမလား?''
ချင်ရန်က ချက်ချင်းတောင်းဆိုသည်။
ချင်လင်ကတုံ့ဆိုင်းမနေဘဲ သူ့ကိုယ်ပေါ်မှအာရုံခံစက်ကိုတန်းချွတ်ပေးလိုက်သည်။