← Chapters

အခန်း (၁၁၉၁-၁၁၉၂)

Vol. 103 Ch. 1191-1192

အခန်း (၁၁၉၁-၁၁၉၂)

Vol. 103 Ch. 1191-1192

အခန်း ၁၁၉၁

[T/N: ဒီရက်ထဲ ကျောင်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ စာတင်ရက်နောက်ကျသွားတဲ့အတွက် စာဖတ်သူတို့ကို အားနာပါတယ်နော်။ တောင်းပန်တဲ့အနေနဲ့ ဒီစာစဉ်ကို free ပေးလိုက်ပါတယ်ရှင့် (⁠◍⁠•⁠ᴗ⁠•⁠◍⁠)။]

မသေမျိုးမျိုးနွယ်စု၏ လေကြောင်းတပ်ဖွဲ့မှူးသည် စစ်ကြောင်း၏ အနောက်ဘက်တွင် ရပ်နေရင်း အရိုးနဂါးများ အဆက်မပြတ် ကြေမွပျက်စီးကာ ပြုတ်ကျနေသည်ကို ကြည့်ပြီး ခဏကြာအောင် မှင်တက်သွားခဲ့သည်။

စက္ကန့်ဝက်အတွင်းမှာတင် တိုးထွက်သွားခဲ့သည့် လေကြောင်းတပ်ဖွဲ့ဝင် စုစုပေါင်း၏ ထက်ဝက်ကျော်ကို ဆုံးရှုံးသွားခဲ့ရပြီဖြစ်သည်။

“ချက်ချင်း ဆုတ်ခွာကြ။”

ဝတ်ရုံနက်တပ်မှူးက စိတ်အာရုံဖြင့် ချက်ချင်း အမိန့်ပေးလိုက်သည်။

ထို မသေမျိုးမျိုးနွယ်စု၏ လေကြောင်းတပ်ဖွဲ့ဝင်များသည် ချက်ချင်းပင် နောက်ကြောင်းပြန်လှည့်သွားကြတော့သည်။

၎င်းတို့၏ တုံ့ပြန်မှုကို မြင်သောအခါ ရှောင်းယီ၏လေသံက တည်ကြည်လေးနက်သွားခဲ့သည်။

“အပြင်းအထန် တိုက်ခိုက်ကြ။ ငါတို့ လမ်းကြောင်းအဆုံးက ခံစစ်ကို မဖြစ်မနေ ဖောက်ထွက်ရမယ်။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။ ခုနက ကောင်းကင်သို့ ပစ်ခတ်ခဲ့သည့် ပစ်ခတ်မှုကြီးက သူ့ကို လုံးဝ စိတ်ဓာတ်တက်ကြွသွားစေခဲ့သည်။

ရှောင်းယီ၏ အမိန့်ကို ကြားရလျှင်ပင် ကျန်းယွင်ထျန်းသည် ကိုယ်တိုင်မောင်း လေကြောင်းရန်ကာကွယ်ရေးအမြောက်ကို ချန်ထားခဲ့ကာ ရှေ့တန်းစစ်မျက်နှာသို့ ပြေးသွားပြီး ဂတ်တလင်း စက်သေနတ်တစ်လက်ကို ဆွဲယူကာ လမ်းပိတ်ထားသည့် ဒိုင်းကိုင်အရိုးစုများကို တဖန်ပြန်၍ တရစပ် ပစ်ခတ်လေတော့သည်။

လေကြောင်းတပ်ဖွဲ့များအနေဖြင့် ရှောင်းယီတို့အဖွဲ့ ရှေ့တိုးလာမှုကို မတားဆီးနိုင်တော့သဖြင့် မြေပြင်တပ်ဖွဲ့များသည်လည်း စိတ်အေးချမ်းသာစွာဖြင့် ရှေ့သို့ အားမာန်ပါပါ တိုးမြှင့်သွားနိုင်ခဲ့ကြသည်။

“ကျွန်းပိုင်ရှင်... ငါတို့ မသေမျိုး မျိုးနွယ်စုရဲ့ ခံစစ်ကြောင်းကို ဝင်ရောက်စီးနင်းတော့မှာဆိုတော့ ငါတို့ အရင်ဆုံးဝင်ပြီး စစ်ကြောင်းကို ဖြိုခွင်းပေးပါရစေ။”

ကျားကျန့်က တိုက်ပွဲဝင်ရန် ခွင့်တောင်းလိုက်၏။

“ကောင်းပြီလေ... ခင်ဗျားတို့ တိုက်ပွဲဝင်လို့ရတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သတိထားပြီး ကာကွယ်ကြပါ။”

ရှောင်းယီက ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။

“စိတ်ချပါ ကျွန်းပိုင်ရှင်... မင်းပေးထားတဲ့ ကာကွယ်ရေး ဝတ်စုံတွေအပြင် မဟာမိတ်အဖွဲ့ထဲက ဆေးကုသမှု စွမ်းရည်တွေလည်း ရှိနေတာဆိုတော့ ငါတို့ လုံးဝ စိုးရိမ်စရာမရှိပါဘူး။”

ကျားကျန့်က ပြုံးကာ ပြန်ဖြေပြီးနောက် ရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားတော့သည်။

ရှေ့တန်းစစ်မျက်နှာသို့ ပြန်ရောက်သောအခါ ကျားကျန့်က ဟူကျဲ့နှင့် အခြားဧရာမဘီလူးကြီးများကို ကြည့်ကာ ပြုံးလိုက်၏။

“မင်းတို့လည်း တိုက်ချင်ခိုက်ချင်စိတ်တွေ တဖွားဖွားဖြစ်နေပြီမလား။ ကျွန်းပိုင်ရှင်က ငါတို့ကို စလို့ရပြီလို့ ပြောလိုက်ပြီ။ ရန်သူ့ခံစစ်ကြောင်းမှာ အပေါက်တစ်ခုဖြစ်သွားအောင် တစ်ချက်တည်းနဲ့ အပြတ်ရှင်းကြမယ်။”

“ကောင်းတယ်။”

ဟူကျဲ့က ဝမ်းသာအားရ ခုန်ပေါက်လိုက်သည်။ ကျန်ရှိနေသည့် ဧရာမဘီလူးကြီးများကလည်း အလားတူ စိတ်လှုပ်ရှားစွာဖြင့် ကြွေးကြော် အော်ဟစ်လိုက်ကြသည်။

“အားလုံးပဲ စိတ်အေးအေးထားကြပါ။ ကျွန်းပိုင်ရှင်က ငါတို့ကို တိုက်ပွဲဝင်ခွင့်ပြုလိုက်ပြီဆိုမှတော့ ငါတို့ဘက်ကလည်း အစွမ်းပြဖို့ လိုအပ်တယ်။ ငါတို့က အလကားထိုင်စားနေပြီး အလုပ်မလုပ်ဘူးလို့ အထင်မခံနိုင်ဘူး။”

ကျားကျန့်က ရယ်မောရင်း ပြောလိုက်သည်။ ဧရာမဘီလူးမျိုးနွယ်စုသည် ရှောင်းယီနှင့် မဟာမိတ်ဖွဲ့ပြီးကတည်းက တိုက်ပွဲဝင်ရခဲသော်လည်း နေ့စဉ် အစားအသောက်ကိုမူ အများဆုံး စားသုံးကြသူများ ဖြစ်သည်။

မည်သူမျှ ထုတ်မပြောသော်လည်း ၎င်းတို့သည် စားနိုင်သလောက် တစ်နေ့ကုန် အလုပ်မရှိဘဲ အားနေကြသည်ဟူသော အထင်အမြင်မျိုး ပေးစွမ်းနေခဲ့သည်။

ယခုအခါ ထိုကဲ့သို့ အခွင့်အရေး ရရှိလာပြီဖြစ်ရာ ကျားကျန့်အနေဖြင့် အားလုံးကို လှုံ့ဆော်ပေးရန်ပင် မလိုတော့ဘဲ ၎င်းတို့အားလုံးသည် အားအင်အပြည့်ဖြင့် အစွမ်းကုန် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြပြီ ဖြစ်သည်။

ကျန်းယွင်ထျန်းသည်လည်း ဧရာမဘီလူးကြီးများ တိုက်ပွဲတွင် ပါဝင်လာမည့် သတင်းကို ဝေါ်ကီတော်ကီမှတစ်ဆင့် လက်ခံရရှိထားပြီး ဖြစ်သည်။

“မကြာခင် ဧရာမဘီလူးမျိုးနွယ်စုက မသေမျိုး မျိုးနွယ်စုရဲ့ ခံစစ်ကြောင်းကို ဝင်ရောက်စီးနင်းတော့မယ်။ အားလုံးပဲ သူတို့ကို မတော်တဆ ထိခိုက်ဒဏ်ရာမရစေဖို့ သတိထားကြ။”

သူက ကျယ်လောင်စွာဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

“ဟုတ်ကဲ့။”

ဟူကျဲ့နှင့် သူ့အဖော်များသည်လည်း ရှေ့တန်းစစ်မျက်နှာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ လမ်းကြောင်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိသော ဆယ်မီတာခန့်မြင့်သည့် သစ်ပင်များကို ကြည့်ကာ လက်လှမ်းပြီး တစ်ပင်ကို ဆွဲနုတ်လိုက်သည်။ လက်နှစ်ဖက်ဖြင့် ပိုနေသော သစ်ကိုင်းများကို ဖယ်ရှားလိုက်ရာ ပင်စည်ကြီးသာ ကျန်ရှိတော့သည်။ ထိုသစ်ပင်သည် ချက်ချင်းပင် ဧရာမ သစ်သားတုတ်ကြီးတစ်ချောင်းအဖြစ် ပြောင်းလဲသွားတော့သည်။

ဤဧရာမဆိုသည်မှာ ရှောင်းယီနှင့် သူ့လူများအတွက်သာ ဖြစ်ပြီး ဧရာမဘီလူးကြီးများအတွက်မူ ကိုင်တွယ်ရန် အနေတော် အရွယ်အစားသာ ရှိသည်။

လက်နက်များ ပြင်ဆင်ပြီးနောက် ကျားကျန့်သည် ဧရာမဘီလူးမျိုးနွယ်စုကို ဦးဆောင်ကာ အရှေ့တည့်တည့်သို့ အဟုန်ပြင်းစွာ ဝင်ရောက်တိုက်ခိုက်လေတော့သည်။

အနောက်ဘက်ရှိ စစ်ဘက်ဆိုင်ရာ မော်တော်ယာဉ်များနှင့် ရှေ့တန်းမှ အမျိုးမျိုးသော လက်နက်များသည် ဧရာမဘီလူးများကို မတော်တဆ မထိမှန်စေရန် ဦးတည်ချက်များကို ချိန်ညှိလိုက်ကြသည်။

ကျားကျန့်နှင့် အခြားသူများသည် မသေမျိုး မျိုးနွယ်စု၏ တပ်မတော်ထဲသို့ တိုက်ရိုက် ခုန်ဝင်သွားကြပြီး ၎င်းတို့လက်ထဲရှိ ဧရာမ သစ်လုံးကြီးများကို ဝှေ့ယမ်းလိုက်ကြသည်။ တစ်ချက်ဝှေ့ယမ်းပုတ်ခတ်လိုက်ရုံဖြင့် ၎င်းတို့ရှေ့ရှိ ဧရိယာအကျယ်ကြီးတစ်ခုလုံး ရှင်းလင်းသွားခဲ့သည်။

သို့သော်လည်း ၎င်းတို့အနောက်ဘက်ရှိ မသေမျိုး မျိုးနွယ်စုဝင်များသည် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်သို့ တွားတက်ကာ စတင်တိုက်ခိုက်နေကြပြီ ဖြစ်သည်။

“ဖတ်၊ ဖတ်၊ ဖတ်...”

မသေမျိုး မျိုးနွယ်စုဝင်များ၏ လက်ထဲရှိ လက်နက်များသည် ဧရာမဘီလူးများ ဝတ်ဆင်ထားသည့် ကာကွယ်ရေး ဝတ်စုံကို လာရောက်ထိမှန်နေ၏။ ဝတ်စုံ၏ အပြင်ဘက်အလွှာ ကွဲအက်သွားသော်လည်း ရန်သူ၏ တိုက်ခိုက်မှုများကိုမူ ကြံ့ကြံ့ခံ ကာကွယ်ပေးနိုင်ခဲ့သည်။

ထိုအချိန်တွင် ဧရာမဘီလူးများသည် ၎င်းတို့၏အနောက်ဘက်ရှိ မသေမျိုးမျိုးနွယ်စုများကို ရှင်းလင်းရန် လက်အားသွားခဲ့ကြပြီ ဖြစ်သည်။

ကျားကျန့်သည် သူ၏ သစ်သားတုတ်ကြီးကို ဝှေ့ယမ်းပြီး သူ့နောက်ရှိ မသေမျိုး မျိုးနွယ်စုများကိုပါ ရိုက်ထုတ်ရှင်းလင်းလိုက်သည်။

သို့သော်လည်း ရှေ့တွင် ရှင်းလင်းသွားသည့် ဧရိယာသည် အနောက်ဘက်မှ ထပ်မံတိုးဝှေ့ဝင်ရောက်လာသော မသေမျိုးမျိုးနွယ်စုများကြောင့် ချက်ချင်းပင် ပြန်ပြည့်သွားခဲ့သည်။

ဧရာမဘီလူးများသည် အလွန်တရာ ရဲရဲဝံဝံ တိုက်ခိုက်နေကြသော်လည်း ၎င်းတို့ကို ဝိုင်းရံထားသည့် မသေမျိုး မျိုးနွယ်စု အရေအတွက်မှာ အဆုံးအစမရှိအောင် အလွန်အမင်း များပြားလှပေသည်။

“ပုရွက်ဆိတ်အုပ်စုက ဆင်ပြောင်ကြီးကို သတ်နိုင်တယ်” ဟူသော စကားပုံအတိုင်းပင် ထိုမသေမျိုး မျိုးနွယ်စုများသည် ဧရာမဘီလူးများကို ကိုက်သတ်၍မရနိုင်လျှင်ပင် ၎င်းတို့ နုံးခွေသေဆုံးသွားသည်အထိ ပင်ပန်းအောင် လုပ်နိုင်စွမ်းရှိသည်။

အတိအကျ ထိုအချိန်မှာပင်... ဒိုင်း ဒိုင်း ဒိုင်း...

အနောက်ဘက်မှ တင့်ကားများနှင့် အမြောက်တပ်၏ ပစ်ကူများ ရောက်ရှိလာခဲ့သည်။ ဧရာမဘီလူးများ၏ ပတ်ပတ်လည်တွင် အထူးထူထပ်စွာ စုပြုံနေသည့် မသေမျိုး မျိုးနွယ်စုများသည် ချက်ချင်းပင် အထူးတလည် နှိမ်နင်းခြင်းကို ခံလိုက်ရတော့သည်။

ဤနေရာရှိ မသေမျိုး မျိုးနွယ်စုများသည် ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည် မြင့်မားကြသော်လည်း ပေါက်ကွဲမှုများတွင် ပြင်းထန်သော ရိုက်ခတ်မှုအား ရှိနေ၏။ အမြောက်ကျည်များက ၎င်းတို့ကို မသတ်နိုင်လျှင်ပင် အဝေးသို့ လွင့်စင်သွားအောင် တွန်းထုတ်နိုင်သဖြင့် ဧရာမဘီလူးများအတွက် အမောဖြေရန် အခွင့်အရေး ရရှိသွားစေခဲ့သည်။

ဧရာမဘီလူးများသည် မသေမျိုးမျိုးနွယ်စု၏ ခံစစ်စစ်ကြောင်းထဲသို့ ယခုကဲ့သို့ ခုန်ဝင်မွှေနှောက်လိုက်ခြင်းဖြင့် မသေမျိုး မျိုးနွယ်စု၏ ခံစစ်ကို ခဏချင်းအတွင်း ပျက်ပြားသွားစေခဲ့သည်။

ကျန်းယွင်ထျန်းနှင့် သူ့အဖွဲ့သည် ရှေ့တန်းစစ်မျက်နှာကို အနည်းငယ် ရှေ့တိုးနိုင်ခဲ့သော်လည်း မသေမျိုး မျိုးနွယ်စုများ၏ သိပ်သည်းဆမှာ လုံးဝ မြင့်မားလွန်းနေဆဲပင်။

ထိုအချိန်တွင် မသေမျိုးတပ်မတော်၏ နောက်ကွယ်ရှိ ဝတ်ရုံနက်တပ်မှူးသည် ရှေ့တန်းစစ်မျက်နှာ၏ စိတ်အာရုံမြင်ကွင်းကို ဟင်းလင်းပြင်အက်ကွဲကြောင်း ရှိရာနေရာသို့ ပေးပို့လိုက်ပြီ ဖြစ်သည်။

ထိုကိုယ်တိုင်မောင်း လေကြောင်းရန်ကာကွယ်ရေးအမြောက်များ၏ ပြင်းထန်လှသော တိုက်ခိုက်နိုင်စွမ်းကို မြင်တွေ့ရသောအခါ အကြီးအကဲ ကိုးဦးစလုံး ဆွံ့အသွားခဲ့ကြသည်။

“မဟာအကြီးအကဲ... ဒီအတိုင်းသာ ဆက်သွားရင် ကျုပ်တို့ အနောက်ဘက်လမ်းကြောင်းကို ဘယ်လိုမှ ကာကွယ်နိုင်မှာ မဟုတ်တော့ဘူး။”

“ဟုတ်တယ်...ကျုပ်တို့ အသုံးပြုလို့ရတဲ့ တပ်ဖွဲ့အားလုံးနီးပါးကို ဒီမှာပဲ စုစည်းထားတာ။”

“ကျုပ်တို့ ဘာလုပ်သင့်လဲ။ အခြားတစ်ဖက်ကနေ စစ်ကူတွေ လွှတ်ပေးဖို့ လိုမလား။”

မဟာအကြီးအကဲသည် သူ့ပတ်ပတ်လည်ရှိ ထူထပ်လှသော မြူခိုးနက်ကြီးကို ကြည့်ကာ အနည်းငယ် စဉ်းစားလိုက်၏။

“ကျန်တဲ့ လမ်းကြောင်း ခုနစ်ခုလုံးမှာရှိတဲ့ ခံစစ်တပ်ဖွဲ့အားလုံးကို ရုပ်သိမ်းပြီး အနောက်ဘက်လမ်းကြောင်းကို စစ်ကူအဖြစ် သွားခိုင်းလိုက်။ မှတ်ထား... တစ်ယောက်မှ ချန်မထားခဲ့နဲ့။”

“ဗျာ...။ မဟာအကြီးအကဲ... အဲ့ဒီလိုလုပ်လိုက်ရင် တခြားလမ်းကြောင်းတွေမှာရှိတဲ့မျိုးနွယ်ခြားတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေက တည့်တည့်ကြီး ဝင်လာနိုင်ကြမှာ မဟုတ်ဘူးလား။ ဒါက တကယ်ပဲ အကြံကောင်းဆိုတာ သေချာရဲ့လား။”

“မှန်တယ်... အဲ့ဒီအဖွဲ့တွေကို ခုခံဖို့အတွက် ကျုပ်တို့ တပ်ဖွဲ့တွေကို ခွဲထားရဦးမှာပါ။ အခြားအရပ်မျက်နှာက အဖွဲ့တွေထဲမှာ ထူးထူးခြားခြား အစွမ်းထက်တဲ့သူတွေ မပါဝင်ပေမဲ့လည်း ကျုပ်တို့ သူတို့ကို သတိထား ကာကွယ်ရဦးမှာပါ။”

“မဟာအကြီးအကဲ... ဒါကို ပြန်လည်စဉ်းစားသင့်ပါတယ်။”

မဟာအကြီးအကဲ၏ ပုံရိပ်သည် မြူခိုးနက်များကြားတွင် လှုပ်ခတ်သွားပြီး သူ၏အသံက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထွက်ပေါ်လာခဲ့သည်။

“ငါတို့ ဒီအတိုင်း တိုက်ရိုက် ဆုတ်ခွာသွားပြီး မသေမျိုးမျိုးနွယ်စုဝင် တစ်ယောက်မှ ချန်မထားခဲ့ဘူးဆိုရင် သူတို့က လွယ်လွယ်နဲ့ ဇွတ်ဝင်လာရဲမှာ မဟုတ်ဘူး။ ငါတို့ အဲ့ဒီ အချိန်ကွာခြားချက်ကို အသုံးချပြီး အနောက်ဘက်ကို စစ်ကူပေးလို့ရတယ်။”

မဟာအကြီးအကဲ၏ စကားကို ကြားလိုက်ရသောအခါ ကျန်ရှိနေသည့် အကြီးအကဲများ မှင်တက်သွားကြပြီး ရုတ်တရက် သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်ကြသည်။

အဆုံးစွန်သော အခြေအနေတစ်ခုတွင် အသက်ရှင်သန်ခွင့်ကို ရှာဖွေသည့် စွန့်စားရသော မြို့ပျက်ဗျူဟာပင် ဖြစ်သည်။

“ဒါ့အပြင် ငါတို့ စစ်ကူမလွှတ်ဘူးဆိုရင်တောင် ရှောင်းယီက အနောက်ဘက်ကို ဖောက်ထွက်သွားတာနဲ့ တခြားအရပ်မျက်နှာတွေ ပျက်စီးဖို့ဆိုတာ အချိန်ကိစ္စပဲ ဖြစ်လိမ့်မယ်။”

မဟာအကြီးအကဲက ဆက်ပြောသည်။

“မဟာအကြီးအကဲ ပြောတာ မှန်ပါတယ်။”

အကြီးအကဲများက တစ်ယောက်ပြီးတစ်ယောက် ပြောဆိုလိုက်ကြသည်။

“ဒါဆိုရင် အမိန့်ကို အမြန်ဆုံး လက်ဆင့်ကမ်းလိုက်။ ငါတို့ဘက်ကလည်း မြန်မြန်လုပ်ရမယ်။ ဒီနေရာက သေခြင်းတရားစွမ်းအင်က မလုံလောက်သေးဘူး။”

မဟာအကြီးအကဲ၏ လေသံက လေးနက်နေ၏။

“ဟုတ်ကဲ့။”

အမိန့်သည် အခြားသော အရပ်မျက်နှာများဆီသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး ထိုနေရာများရှိ မသေမျိုး မျိုးနွယ်စုများသည်လည်း ချက်ချင်းပင် ဆုတ်ခွာသွားကြတော့သည်။

“အားလုံးပဲ ကြည့်ကြစမ်း...။ မသေမျိုး မျိုးနွယ်စုတွေ ဆုတ်ခွာသွားတဲ့ပုံပဲ။”

တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။

အခြားသူများကလည်း ၎င်းတို့၏ မှန်ပြောင်းများကို ထုတ်ယူကာ လမ်းကြောင်း၏ အဆုံးဆီသို့ လှမ်းကြည့်လိုက်ကြသည်။

“သူတို့ တကယ်ကြီး ဆုတ်သွားကြတာလား။”

“ဆုတ်ခွာရုံတင်မကဘူး။ တစ်ယောက်မှကို ချန်မထားခဲ့တာ။”

“မရဏမျိုးနွယ်စုတွေ ဘာလှည့်ကွက်တွေ သုံးနေတာလဲ။ သူတို့ တခြားဘက်ကို စစ်ကူသွားပေးမယ်ဆိုရင်တောင် ဒီဘက်မှာ အခြေခံ ခံစစ်တပ်ဖွဲ့တော့ ချန်ထားခဲ့သင့်တာပေါ့။”

“မှန်တယ်... ဒါက... ငါတို့ ဘာလုပ်သင့်လဲ။”

“ငါတို့ သူဌေးဆီ ဆက်သွယ်ပြီး အခြေအနေကို မေးကြည့်သင့်တယ်။”

စစ်ကူပေးရန် ရောက်ရှိလာကြသည့် အသက်ရှင်ကျန်ရစ်သူများသည် ၎င်းတို့နှင့်အတူ ပါလာခဲ့သည့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံသို့ ချက်ချင်းသွားကာ ဤကိစ္စနှင့်ပတ်သက်၍ ရှောင်းယီကို မေးမြန်းကြတော့သည်။

အခန်း ၁၁၉၂

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စောင့်ကြည့်နေသော စစ်သားသည် အခြေအနေကို လာရောက်မေးမြန်းသူ အများအပြားရှိနေသည်ကို မြင်လျှင် မြင်ချင်း ရှောင်းယီထံ ချက်ချင်း အစီရင်ခံလိုက်သည်။ ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှေ့သို့ ချက်ချင်းရောက်ရှိလာပြီး မေးမြန်းလိုက်သည်။

“လမ်းကြောင်းအဆုံးကနေ မသေမျိုး မျိုးနွယ်တွေ အကုန်လုံး ဆုတ်ခွာသွားတာ သေချာလား။”

“ဟုတ်ကဲ့။ တစ်ကောင်မှ မကျန်တော့ပါဘူး။”

“ကျုပ် လုံးဝသေချာပါတယ်။ အခြေအနေကို သွားစုံစမ်းဖို့ ကင်းထောက်တစ်ယောက်တောင် သီးသန့်လွှတ်ပြီး စစ်ဆေးခိုင်းခဲ့တာပါ။”

“သူတို့က ကျုပ်တို့ကို လွတ်လွတ်လပ်လပ် ဝင်သွားလို့ရအောင် လမ်းကို တမင်သက်သက် ရှင်းပေးထားသလိုမျိုး ခံစားရတယ်။”

ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ချက်ချင်း ရှေ့တိုးပြီး လမ်းကြောင်းအဆုံးက ကမ်းခြေမှာ ခံစစ်ခံတပ်တွေ တည်ဆောက်လိုက်ကြပါ။”

“ဟုတ်ကဲ့။”

ရှောင်းယီသည် သူတို့နှင့် စကားပြောဆိုပြီးနောက် ချက်ချင်း အမိန့်ပေးလိုက်သည်။ -

“အခြားအရပ်မျက်နှာတွေမှာရှိတဲ့ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့အားလုံး ကမ်းခြေကို အမြောက်တွေနဲ့ လှမ်းထုပြီး ထောင်ချောက်တွေ ရှိ၊ မရှိ စစ်ဆေးကြည့်စမ်း။”

“ဟုတ်ကဲ့။”

ရှောင်းယီသည် ကုန်တင်လေယာဉ်ကြီးပေါ်မှ လျှောက်လာပြီး လမ်းကြောင်းအဆုံးရှိ အဆုံးမရှိနိုင်လောက်အောင် များပြားလှသော မသေမျိုး မျိုးနွယ်များကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

“မင်းတို့က မြို့ပျက်ဗျူဟာ သုံးတယ်ပေါ့ ဟုတ်လား။ ဒါဆိုရင်လည်း မင်းတို့ကို တကယ့်မြို့ပျက်ကြီး ဖြစ်သွားစေရမယ်။”

ဝေါ်ကီတော်ကီကို ကောက်ကိုင်ပြီး ရှောင်းယီက ပြောလိုက်သည်။

“အစ်ကိုကျန်း... အခြားအရပ်မျက်နှာတွေက မသေမျိုး မျိုးနွယ်တွေ အားလုံး ဆုတ်ခွာသွားပြီလို့ သံသယရှိတယ်။ သူတို့ ငါတို့ဘက်ကို ဦးတည်လာနေတာ ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များတယ်။ ငါတို့ဘက်က တိုက်စစ်ကို ပိုမြှင့်ပြီး သူတို့ ဒီဘက်ကို မဖြစ်မနေ လာရအောင် လုပ်လိုက်။”

“ကောင်းပြီ။”

ကျန်းယွင်ထျန်းရ ပြန်ဖြေလိုက်သည်။

“ညီအစ်ကိုတို့... ပိုပြီး ကြိုးစားကြစမ်း။ အခြားအရပ်မျက်နှာတွေက မသေမျိုး မျိုးနွယ်တွေ ဒီဘက်ကို လာတော့မယ်။”

ကျန်းယွင်ထျန်းက အော်ဟစ်လိုက်သည်။

“ဟုတ်ကဲ့။”

အခြားလမ်းကြောင်းများတွင်မူ ရှောင်းယီ၏ အမိန့်အရ သူတို့သည် တစ်ဆင့်ပြီးတစ်ဆင့် ရှေ့သို့ တိုးသွားခဲ့ကြသည်။ ထိုမျိုးနွယ်ခြားများသည် ရှောင်းယီ အမိန့်ပေးရန် အသုံးပြုခဲ့သည့် တိုက်လေယာဉ်ကို မမြင်ခဲ့ရသဖြင့် နေရာတွင်သာ ဆက်ရှိနေပြီး လှုပ်ရှားမှု မရှိခဲ့ကြပေ။

ယီရန်ပင်း မဟာမိတ်အဖွဲ့၏ တင့်ကားတပ်ဖွဲ့များက ကမ်းခြေသို့ အမြောက်များဖြင့် ချက်ချင်း ပစ်ခတ်ချေမှုန်းခဲ့ကြ၏။

ကမ်းခြေရှိ မြေပြင်များ ဗုံးဒဏ်ကြောင့် လွင့်စင်ပျက်စီးသွားသော်လည်း အခြား ထူးခြားဆန်းကြယ်သည့် အန္တရာယ်မျိုး မတွေ့ရပေ။ ထိုအခါ အသက်ရှင်ကျန်ရစ်သူများ မဟာမိတ်အဖွဲ့သည် ချက်ချင်းပင် ရှေ့သို့ စတင်ချီတက်ခဲ့ကြသည်။

အမြောက်များဖြင့် ကြိုတင်ပစ်ခတ်ရှင်းလင်းထားသော်လည်း ဤလူများက အလွန် သတိကြီးစွာ ထားနေကြဆဲပင်။

သူတို့ လမ်းကြောင်းအဆုံးသို့ ရောက်ရှိရန် တစ်နာရီခွဲခန့် အချိန်ယူခဲ့ရပြီး ထိုအချိန်အထိ မည်သည့် ထူးခြားမှုမျှ ရှိမနေသေးပေ။

“သေစမ်း... ဒီမသေမျိုးမျိုးနွယ်တွေ ဘယ်အချိန်ကစပြီး ဒီလောက်ဉာဏ်ကောင်းသွားတာလဲ။ သူတို့ မြို့ပျက်ဗျူဟာကိုတောင် ကစားတတ်နေပြီ။”

“ဒီအရိုးစုတွေက ဘယ်လိုလုပ် ဒီလောက် အိုင်ကျူ မြင့်နေရတာလဲ။ သူတို့မှာ ဦးနှောက်တောင် မရှိဘူး မဟုတ်ဘူးလား။”

“ဒါ သူတို့ကိုယ်တိုင် လုပ်တာ မဟုတ်တာတော့ သေချာတယ်။ သူတို့ကို နောက်ကွယ်ကနေ ညွှန်ကြားနေတဲ့ စစ်သေနာပတိ တစ်ယောက်ယောက် ရှိနေရမယ်။”

“လူအင်အားနဲ့ ဖိတိုက်တဲ့ဗျူဟာကတင် တော်တော်လေး အရှက်မရှိတဲ့ ဗျူဟာဖြစ်နေပြီ။ အခု စစ်ဗျူဟာနားလည်တဲ့ စစ်သေနာပတိပါ ရှိနေပြီဆိုတော့ ဒီတစ်ခေါက် တိုက်ပွဲက တိုက်ရခက်လိမ့်မယ်။”

“တိုက်ရခက်မယ်ဆိုတာ ဘာကိုပြောတာလဲ။ အကြွင်းမဲ့အင်အားရဲ့ ရှေ့မှောက်မှာ ဘယ်လို ပရိယာယ်နဲ့ လှည့်ကွက်ပဲဖြစ်ဖြစ် အဓိပ္ပာယ်မရှိဘူး။”

“မင်းက သူဌေးမှာ အကြွင်းမဲ့အင်အား ရှိတယ်လို့ ပြောတာလား။ အဲ့ဒါတော့ မသေချာဘူး။ နောက်ကွယ်က လူက မသေမျိုး မျိုးနွယ်တွေရဲ့ အင်အားကို မြှင့်တင်ပေးထားကတည်းက သူတို့က သူဌေးရဲ့ အင်အားကို ထည့်တွက်ထားပြီးသားပဲ ဖြစ်ရမယ်။ ဒါကြောင့် မသေမျိုး မျိုးနွယ်တွေရဲ့ အင်အားက သူဌေးထက် နည်းနည်း ပိုသာနေနိုင်တယ်။”

“ကိုယ့်လူတို့... အများကြီး လျှောက်မတွေးနေကြစမ်းပါနဲ့။ သူဌေးရဲ့ လိုအပ်ချက်အတိုင်း ခံစစ်ခံတပ်တွေကိုသာ မြန်မြန် တည်ဆောက်ကြရအောင်။”

အားလုံးက တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြပြီး လမ်းကြောင်းအဆုံးတွင် ခံစစ်ခံတပ်များကို စတင်တည်ဆောက်ကြတော့သည်။

ထိုအချိန်တွင် အနောက်ဘက်လမ်းကြောင်း၌ ရှောင်းယီနှင့် ဧရာမဘီလူးမျိုးနွယ်တို့မှာ အမှန်ပင် ပြင်းထန်သော ခုခံမှုနှင့် ရင်ဆိုင်နေရသည်။ သို့သော် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ လက်နက်အင်အားမှာ အလွန်တရာ တောင့်တင်းလှသဖြင့် တိုက်ပွဲမျက်နှာစာကို အနည်းငယ်မျှ ရှေ့သို့ တိုးရွှေ့နိုင်ခဲ့သည်။

ထိုဧရာမဘီလူးကြီးများသည် မသေမျိုး မျိုးနွယ် စစ်တပ်ထဲတွင် ဘယ်ပြန်ညာပြန် ဝင်ရောက်တိုက်ခိုက် ချေမှုန်းနေကြပြီး ယခုအချိန်တွင် သူတို့ တိုက်ပွဲဝင်နေခဲ့သည်မှာ စုစုပေါင်း နှစ်နာရီခန့် ရှိသွားပြီ ဖြစ်သည်။

“ခေါင်းဆောင်ကျား... ခင်ဗျားတို့ ဧရာမဘီလူးကြီးတွေ နောက်ဆုတ်ပြီး နားကြတော့။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။ ကျားကျန့်လည်း ဇွတ်မတိုးတော့ပေ။

“ကောင်းပြီ။”

ထို့နောက် သူက ဧရာမဘီလူးတစ်စုလုံးကို လှမ်းအော်ပြောလိုက်တော့သည်။

“အားလုံး နောက်ဆုတ်ကြ။ ဟူကျဲ... မင်း ငါ့အတွက် နောက်တန်းကနေ တာဝန်ယူပြီး ခုခံပေး။”

“ဟုတ်ကဲ့။”

ထိုအချိန်တွင် သူသည်လည်း အမှန်တကယ်ပင် အနည်းငယ် မောဟိုက်နေပြီဖြစ်သည်။

ယေဘုယျအားဖြင့် ပြောရလျှင် ဧရာမဘီလူးများအတွက် နှစ်နာရီ၊ သုံးနာရီခန့် တိုက်ပွဲဝင်ရခြင်းမှာ ဘာမှမဟုတ်သော်လည်း ဧရာမဘီလူးများထဲမှ ထိပ်သီးအထူးချွန်ဆုံးဖြစ်သည့် ဟူကျဲပင် ဤမျှ မောဟိုက်နေရသည်ဆိုခြင်းက လွန်ခဲ့သည့် နှစ်နာရီအတွင်း တိုက်ပွဲပြင်းထန်မှု မည်မျှအထိ မြင့်မားခဲ့သည်ကို ပြသရန် လုံလောက်နေပြီဖြစ်သည်။

နောက်ဆုတ်ရခြင်းမှာ အလွန်လွယ်ကူပါသည်။ ဧရာမဘီလူးများသည် သူတို့၏ ခံစစ်လိုင်း တည်ရှိရာနေရာဆီသို့ ပြန်လည်ထိုးဖောက် ဝင်ရောက်ရုံသာ ဖြစ်သည်။

သူတို့ကိုယ်ပေါ်တွင် တွယ်ကပ်လိုက်ပါလာသည့် မသေမျိုး မျိုးနွယ်များကိုမူ ခံစစ်လိုင်းသို့ ပြန်ရောက်မှသာ ရှင်းလင်းပစ်မည် ဖြစ်သည်။

ကျားကျန့်သည် ဧရာမဘီလူးမျိုးနွယ်တစ်ခုလုံးကို ဦးဆောင်ကာ ပြန်လာခဲ့လိုက်၏။

သူတို့၏ ဘေးပတ်ပတ်လည်တွင် ယီရန်ပင်း မဟာမိတ်အဖွဲ့မှ စစ်သားအများအပြား ဝိုင်းရံလိုက်ပါလာပြီး သူတို့နှင့်အတူ ပါလာသော မသေမျိုး မျိုးနွယ်များကို ရှင်းလင်းပေးရာ၌ ကူညီပေးနေကြသည်။

ရှောင်းယီသည် မောဟိုက်နေကြသည့် သူတို့ကို ကြည့်ပြီး ပြုံးလိုက်သည်။

“ဒီတစ်ခေါက် တိုက်ပွဲက အားရပါးရ ရှိရဲ့လား။”

“အရမ်းမိုက်တယ်။”

ဟူကျဲက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ခဏနေရင် ခင်ဗျားတို့ နောက်တစ်ခေါက် အားရပါးရ တက်တိုက်ရဦးမယ်။”

ရှောင်းယီက ပြောလိုက်၏။

“ပြဿနာမရှိပါဘူး။ ခဏလောက် နားပြီးရင် ဆက်တိုက်နိုင်ပါတယ်။”

ဟူကျဲက ပြန်ပြောသည်။

“အင်း... မင်းတို့ အရင်ဆုံး စားသောက်လိုက်ကြဦး။”

ရှောင်းယီက လက်ဝှေ့ယမ်းပြလိုက်ရာ စောင့်ဆိုင်းနေသည်မှာ ကြာပြီဖြစ်သော မီစီက လူအချို့နှင့်အတူ လျှောက်လာခဲ့လေသည်။

“ဟင်... ဘာလို့ စားစရာ လာပို့တာက သခင်မမီစီ ဖြစ်နေရတာလဲ။ ကျွန်းပိုင်ရှင်က ငါတို့ကို စားစရာ မကျွေးတော့ဘူးလား။”

ဟူကျဲက မီစီ ဖြစ်နေသည်ကို မြင်သောအခါ အနည်းငယ် စိတ်ပျက်သွားသည့် လေသံဖြင့် မေးလိုက်သည်။

ဟူကျဲ၏ အမူအရာကို မြင်သောအခါ မီစီက မျက်မှောင်ကြုတ်လိုက်၏။

“ဟူကျဲ... နင့်စကားက ဘာသဘောလဲ။”

ဟူကျဲသည် ချက်ချင်းပင် မျက်နှာပိုးပြင်လိုက်၏။

“အာ...ဘာသဘောမှ မဟုတ်ပါဘူး။ သခင်မ မသိလို့ပါ။ လွန်ခဲ့တဲ့ နှစ်ရက်လုံး မမ ကျုပ်တို့ကို စားစရာ လာမပို့တော့လို့ ကျုပ်တို့ သခင်မကို အရမ်း သတိရနေတာ။”

“ဟွန့်။”

မီစီက နှာခေါင်းရှုံ့ပြီး အေးစက်စက် ပြောလိုက်သည်။

“နင်တို့ ဘာတွေတွေးနေလဲဆိုတာ ငါမသိဘူးလို့ မထင်နဲ့။ အခုကစပြီး ဧရာမဘီလူးမျိုးနွယ်ရဲ့ ရိက္ခာပိုင်းကို ငါပဲ ဆက်ပြီးတာဝန်ယူမယ်။ မစားချင် မစားနဲ့။”

“ဘယ်လိုလုပ် အဲ့ဒီလို ဖြစ်နိုင်မှာလဲ။”

ဟူကျဲက ချက်ချင်းပင် မဟုတ်မခံစိတ်ဖြင့် ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။

“ဘယ်သူက မစားဘဲ နေရဲလဲ ကြည့်ရသေးတာပေါ့။ မစားတဲ့ကောင်ကို ကျုပ် ကိုယ်တိုင် သေအောင် ရိုက်ပစ်မယ်။”

မီစီသည် သူမ သယ်လာသည့် စားစရာခြင်းတောင်းကို မြေပြင်ပေါ်သို့ ချထားခဲ့ပြီး နောက်သို့ လှည့်ထွက်သွားရင်း ပြောလိုက်သည်။

“စားပြီးရင် ခြင်းတောင်းကို ဒီအတိုင်းပဲ ပြန်ထားခဲ့။”

“သိပါပြီ။”

ဟူကျဲက အသံကျယ်ကျယ်ဖြင့် တုံ့ပြန်လိုက်ပြီး စားစရာများကို ယူဆောင်ရန် ဧရာမဘီလူးနှစ်ကောင်ကို လှမ်းခေါ်လိုက်သည်။

“ဟူး... ငါတို့တော့ အရင်က နေ့ရက်ဟောင်းတွေဆီ ပြန်ရောက်သွားပြီ ထင်တယ်။ မျိုချရခက်တဲ့ အဲ့ဒီ ဧရာမဂျုံမုန့်အကြောင်း တွေးမိရုံနဲ့တင် စားချင်စိတ် မရှိတော့ဘူး။”

“မပြောပါနဲ့တော့။ နောက်နောင် ကျွန်းပိုင်ရှင်ရဲ့ မွှေးကြိုင်တဲ့ အသားကင်တွေကို စားခွင့်ရပါ့ဦးမလားတောင် မသိတော့ဘူး။”

“အားလုံးပဲ... လောလောဆယ်တော့ အောင့်အည်းပြီး တောင့်ခံထားကြရအောင်။ ဒီမသေမျိုး မျိုးနွယ်တွေကို အပြတ်ရှင်းပြီး မဟာမိတ်ကျွန်းကို ပြန်ရောက်ရင် အဲ့ဒါတွေကို မစားရမှာ စိုးရိမ်နေစရာ လိုသေးလို့လား။”

ဟူကျဲက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ အခြား ဧရာမဘီလူးနှစ်ကောင်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီးနောက် ခေါင်းကို အပြင်းအထန် ငြိတ်လိုက်ကြသည်။

သူတို့သည် စားစရာများကို စတင်ဝေငှရန် စားစရာခြင်းတောင်းကို ဧရာမဘီလူးများ၏ အလယ်ဗဟိုသို့ သယ်ဆောင်သွားခဲ့လိုက်ကြသည်။

“ဟင်...ဒီနေ့ ဘာလို့ ကားနဲ့ လာမပို့တာလဲ။”

ကျားကျန့်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ ဟူကျဲက လက်မှိုင်ချလျက် မတတ်သာသည့် အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

“ဒီနေ့ သခင်မမီစီ ကိုယ်တိုင် လာပို့တာ။”

“အာ....”

ထိုနေရာရှိ ဧရာမဘီလူးကြီးများ အားလုံးက စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်ကြ၏။

အဝေးကြီးသို့ မရောက်သေးသည့် မီစီသည်လည်း ထိုညည်းတွားသံကို ကြားလိုက်ရပြီး အော်ဟစ်လိုက်တော့သည်။

“နင်တို့ မစားချင်ရင်လည်း မစားကြနဲ့။ နောက်ဆို ငါယူလာတဲ့ ဘယ်အရာကိုမှ လုံးဝ မစားနဲ့တော့။”

“ငါတို့က အဲ့ဒီသဘောမျိုး ပြောတာမဟုတ်ပါဘူး။ ဒီစားစရာတွေကို မြင်ရလို့ ငါတို့ အရမ်း ပျော်နေတာပါ။”

ကျားကျန့်က မီစီ ရှိရာဘက်သို့ အလျင်အမြန် အော်ဟစ်ရှင်းပြလိုက်ပြီးနောက် လူအုပ်ကို စိုက်ကြည့်ကာ ငေါက်ငမ်းလိုက်သည်။

“မင်းတို့ ဘာရပ်ကြည့်နေတာလဲ။ မြန်မြန်စားကြ။ ခဏနေရင် ငါတို့မှာ တာဝန်တွေ ရှိသေးတယ်။”

“ဟုတ်ကဲ့။”

ဟူကျဲတစ်ယောက် စားစရာခြင်းတောင်း၏ အဖုံးကို ချက်ချင်း ဖွင့်လိုက်၏။ ထိုစဉ်မှာပင် ယီရန်ပင်း မဟာမိတ်အဖွဲ့က ပေးလေ့ရှိသည့် အသားကင်၏ မွှေးရနံ့နှင့် ထပ်တူညီသော ရနံ့တစ်ခုက လှိုက်ခနဲ ထွက်ပေါ်လာခဲ့သည်။

ဘီလူးကြီးများ အားလုံးလည်း ခြင်းတောင်းထဲရှိ စားစရာများကို အံ့အားသင့်စွာဖြင့် ငေးကြည့်နေမိကြတော့သည်။

All Chapters