အခန်း (၁၁၉၃-၁၁၉၄)
Vol. 103 Ch. 1193-1194
အခန်း ၁၁၉၃
“မီစီချက်တဲ့ ဟင်းက မွှေးနေတာပဲ။”
“ဟုတ်ပါ့။ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ ဟင်းတွေနဲ့ တစ်ထပ်တည်းပဲ။”
“မီစီက ငါတို့အတွက် အများကြီး လုပ်ပေးထားတာပဲ။ စောစောက သူမအပေါ် ငါတို့ အဲ့ဒီလို မဆက်ဆံခဲ့သင့်ဘူး။”
“ငါတို့ မီစီကို တောင်းပန်ရမယ်။”
အားလုံးက ချက်ချင်းပင် စတင်စားသောက်ကြတော့သည်။ အစားအစာများမှာ သာမန်အဆင့်သာ ဖြစ်သော်လည်း အလွန် အရသာရှိလှသည်။ ဧရာမဘီလူးကြီး တစ်ကောင်ချင်းစီသည် အချိုပွဲအဖြစ် အဆင့်မြင့်သစ်သီးများ ထည့်ထားသော ခြင်းတောင်းအသေးလေး တစ်လုံးစီကိုလည်း ရရှိခဲ့ကြသည်။ ယင်းမှာ မီစီက အန်းယွဲ့ဆီမှ အထူးတလည် တောင်းဆိုထားခြင်း ဖြစ်သည်။
အမှန်တော့ အန်းယွဲ့သည် ဧရာမဘီလူးမျိုးနွယ်စုအတွက် အဆင့်မြင့်အစားအစာများကို ဆက်လက် ပံ့ပိုးပေးရန် ပြင်ဆင်ထားသော်လည်း မီစီက သူမဘာသာ စီစဉ်ပေးမည်ဟု အခိုင်အမာ ပြောဆိုနေသဖြင့် အန်းယွဲ့လည်း သူမဆန္ဒအတိုင်း လွှတ်ထားလိုက်ရခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဧရာမဘီလူးမျိုးနွယ်စုသည် နောက်ပိုင်းတွင် မဟာမိတ်ကျွန်းပေါ်၌ နေထိုင်ကြတော့မည်ဖြစ်ရာ အဆင့်မြင့်အစားအစာများကို ၎င်းတို့ဘာသာ ရှာဖွေနိုင်ကြပေလိမ့်မည်။
သို့သော်လည်း ဟင်းခတ်အမွှေးအကြိုင်များကိုမူ မီစီက ယွမ်နွန်ထံမှ ရရှိခဲ့ခြင်းဖြစ်သည်။
ဧရာမသီးနှံအမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် မစိုက်ပျိုးရသေးသဖြင့် ယွမ်နွန်သည် ၎င်းတို့ ယခင် စိုက်ပျိုးထားရှိသည်များကိုသာ ပေးခဲ့ရသည်။ ကံကောင်းသည်မှာ ဟင်းချက်ရာတွင် ဟင်းခတ်အမွှေးအကြိုင် အသုံးပြုမှုပမာဏက အလွန်နည်းပါးလှ၏။ သို့မဟုတ်ပါက မီစီ တစ်နပ်စာ ချက်ပြုတ်လိုက်ရုံဖြင့် မဟာမိတ်အဖွဲ့ရှိ ဟင်းခတ်အမွှေးအကြိုင်အားလုံး ပြုန်းတီးသွားနိုင်ပေသည်။
ကျားကျန့်နှင့် အခြားသူများ စားသောက်ပြီးနောက် ဟူကျဲက ခြင်းတောင်းအလွတ်များကို မီစီထံ ယူဆောင်လာပြီး တည်ကြည် လေးနက်စွာဖြင့် ပြောလိုက်သည်။
“ကျေးဇူးပါပဲ သခင်မ မီစီ။ ခင်ဗျား အရမ်း ပင်ပန်းသွားရပြီ။”
ဟူကျဲက အလွန် တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သဖြင့် မီစီသည်လည်း မနေတတ်မထိုင်တတ် ဖြစ်သွားကာ သူ့ကို စိုက်ကြည့်လိုက်၏။
“တော်စမ်းပါ။ နင် အဲ့ဒီလို ပြောတာ ငါ အသားမကျဘူး။ အရင်လေသံအတိုင်းပဲ ပြော။”
ဟူကျဲက ပြုံးလိုက်သည်။
“ကောင်းပြီလေ မီစီ...ခင်ဗျား ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ စားဖိုမှူးတွေဆီကနေ အကြံဉာဏ်သွားတောင်းခဲ့တာလား။”
“ဘာလဲ။ နင်က ငါ အရင်က ချက်တဲ့ဟာတွေက မကောင်းဘူးလို့ ပြောချင်တာလား။”
မီစီက ရန်ပြန်တွေ့လိုက်သည်။
“ကျုပ်က အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ အရင်ကလည်း အရသာရှိပါတယ်။ ဒါပေမယ့် အခုက ပိုပြီးတော့တောင် ကောင်းလာတယ်လို့ ပြောချင်တာပါ။ ဘာကြောင့်လဲဆိုတာ သိချင်လို့ မေးကြည့်တာ။”
ဟူကျဲက ကပ်ချွဲချွဲဖြင့် ပြန်ဖြေလိုက်သည်။
“တကယ်တော့ အစားအစာတွေ လုပ်တဲ့အခါ ဟင်းခတ်အမွှေးအကြိုင်လေးတွေ ထည့်လိုက်တယ်လေ။ ဒါပဲ...။”
မီစီက ပြန်ဖြေပြီးနောက် လှည့်ထွက်ရန် ပြင်လိုက်သည်။
“နောင်ကျရင် ငါ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေတစ်ဆင့် အစားအစာတွေကို တိုက်ရိုက် ပို့ပေးမယ်။ ဒီတစ်ခေါက်လာတာက နင်တို့ အဆင်ပြေရဲ့လားဆိုတာ လာကြည့်တာ။ တော်တော်လေး အဆင်ပြေပုံရပဲ။”
ဟူကျဲ အံ့အားသင့်သွားခဲ့သည်။
“ဟင်းခတ်အမွှေးအကြိုင်တွေက ဒီလောက်တောင် ကွာခြားချက်ကြီးမားစေတာလား။”
ဟူကျဲတစ်ယောက် တစ်ကိုယ်တည်း ရေရွတ်ရင်း ပြန်လျှောက်လာခဲ့လိုက်သည်။
ထိုအချိန်တွင် မွန်းလွဲ ၂ နာရီကျော်သွားပြီ ဖြစ်သည်။ အနောက်ဘက်လမ်းကြောင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး အခြားလမ်းကြောင်းများတွင်မူ ခံစစ် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးသွားကြပြီ ဖြစ်သည်။
“သူဌေးတို့ဘက်မှာ ဘယ်လိုနေလဲ မသိဘူး။ သူတို့ ကျွန်းပေါ်ကို တက်နိုင်သွားကြပြီလား။”
“တက်နိုင်လောက်ပြီပေါ့။ မဟုတ်ရင် ငါတို့ လမ်းကြောင်းက မသေမျိုး မျိုးနွယ်စုတွေ ဆုတ်ခွာသွားပါ့မလား။”
“ငါတော့ အဲ့ဒီလို မထင်ဘူး။ တခြားလမ်းကြောင်းတွေကို ကာကွယ်နေတဲ့ မသေမျိုး မျိုးနွယ်စု အားလုံးသာ သူဌေးတို့ဘက်မှာ သွားစုနေရင် ကိုင်တွယ်ရတာ မလွယ်လောက်ဘူး။”
“ငါကတော့ သူဌေးရဲ့ လက်နက်အင်အားကို ယုံကြည်တယ်။”
ယခုအချိန်တွင် အနောက်ဘက်လမ်းကြောင်း၌ ရှောင်းယီးသည် ကျားကျန့်နားသို့ လျှောက်လာပြီး မေးလိုက်သည်။
“ဘယ်လိုလဲ။ အခု ဆက်တိုက်နိုင်သေးလား။”
“ပြဿနာမရှိပါဘူး။ ငါတို့ အင်အား ပြန်ဖြည့်တင်းပြီးပြီဆိုတော့ တိုက်ချင်ခိုက်ချင်စိတ်တွေ တဖွားဖွား ဖြစ်နေပြီ။”
ကျားကျန့်က ပြုံးကာ ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ပြလိုက်ပြီးနောက် အနီးရှိ စစ်သည်များကို အလွန်ကြီးမားသော ကာကွယ်ရေးဝတ်စုံအသစ်များကို ယူဆောင်လာရန် အချက်ပြလိုက်သည်။
“အခု ဝတ်ထားတဲ့ ကာကွယ်ရေးဝတ်စုံတွေကို ချွတ်ပြီး ဒါတွေကို လဲဝတ်လိုက်ကြပါ။”
ကျားကျန့်နှင့် အခြားသူများ ဝတ်ဆင်ထားသော ကာကွယ်ရေးဝတ်စုံများမှာ စုတ်ပြတ်သတ်နေပြီ ဖြစ်သည်။ ဤဝတ်စုံအမျိုးအစားသည် စက်သေနတ်ဖြင့် အပစ်ခံရလျှင်ပင် ယခုကဲ့သို့ စုတ်ပြတ်သွားမည်မဟုတ်သည်ကို သိထားပေမည်။ ယင်းက မသေမျိုး မျိုးနွယ်စု၏ ယခင်တိုက်ခိုက်မှုများ မည်မျှ ပြင်းထန်ခဲ့သည်ကို ဖော်ပြနေပေသည်။
ကျားကျန့်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် အော်ပြောလိုက်သည်။
“ဟူကျဲ လူတွေကို ခေါ်ပြီး အင်္ကျီနဲ့ လက်နက်တွေ လာလဲလိုက်။ ငါတို့ ဆက်တိုက်ပြီး ညမမိုးခင် ကျွန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်အောင် ကြိုးစားကြမယ်။”
“ဟုတ်ကဲ့ပါ ဆရာ။”
ဟူကျဲက ဧရာမဘီလူးကြီးများ အားလုံးကို ဦးဆောင်ကာ လက်နက်ကိရိယာများ လဲလှယ်ရန် ချက်ချင်း ရှေ့တိုးလာခဲ့သည်။
လဲလှယ်ပြီးသား ကိရိယာဟောင်းများကိုမူ သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးပေါ်သို့ ပြန်လည်တင်ဆောင်ကာ မဟာမိတ်အဖွဲ့ထံသို့ ပြန်လည်ပေးပို့လိုက်တော့သည်။
ပြန်လည်သိမ်းဆည်းရမိသော ပစ္စည်းများကို အခြေခံကုန်ကြမ်းများအဖြစ် ပြန်လည်ခွဲထုတ်ရန်အတွက် သီးသန့်တာဝန်ခံ ဝန်ထမ်းများ ရှိပေသည်။
လက်နက်ကိရိယာအသစ်များ လဲလှယ်ဝတ်ဆင်ပြီးနောက် ကျားကျန့်က မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ငါတို့ အခု ဆက်တိုက်ကြတော့မလား။”
“အင်း ဆက်တိုက်မယ်။”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါ ကျားကျန့်နှင့် ဧရာမဘီလူးကြီးများက အနီးအနားရှိ မြင့်မားသော သစ်ပင်များကို စတင်ရှာဖွေကြတော့သည်။ အဘယ်ကြောင့်ဆိုသော် ယခင်တိုက်ပွဲတွင် ၎င်းတို့အသုံးပြုခဲ့သည့် သစ်ပင်များမှာ အားလုံး ကြေမွပျက်စီးသွားခဲ့သောကြောင့်ပင်။
ထိုမြင်ကွင်းကို မြင်သောအခါ ရှောင်းယီက ချက်ချင်းပင် တားမြစ်လိုက်၏။
“ခဏစောင့်ဦး။ မင်းတို့ သံတုတ်တွေကို သုံးရင် ပိုမကောင်းဘူးလား။”
ထိုနေ့နံနက်က ဧရာမဘီလူးကြီးများ သစ်ပင်များကို နုတ်ယူကာ လက်နက်အဖြစ် အသုံးပြုနေကြသည်ကို မြင်ကတည်းက ရှောင်စယီ၏ စိတ်ထဲ၌ ထိုအကြံဉာဏ် ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း နံနက်ပိုင်းက ကျားကျန့်နှင့် အခြားသူများ အရှိန်အဟုန်ဖြင့် ရှေ့တိုးတိုက်ခိုက်နေကြသဖြင့် သူ မတားဆီးခဲ့ခြင်း ဖြစ်သည်။
ယခုတစ်ကြိမ်တွင်လည်း သစ်ပင်များကို ထပ်မံနုတ်ယူရန် ပြင်နေကြသဖြင့် သတ္တုသီးသန့်ဖြင့် ပြုလုပ်ထားသော လက်နက်များကို အသုံးပြုရန် သူက အကြံပြုလိုက်ခြင်း ဖြစ်သည်။
“ကောင်းတာပေါ့။ ဒါပေမဲ့ ငါတို့ဆီမှာ ဒီလောက်ကြီးတဲ့ သံတုတ်တွေကို ထုတ်လုပ်နိုင်တဲ့ စွမ်းဆောင်ရည် မရှိဘူးလေ။”
ကျားကျန့်က သူကိုင်ထားသည့် သစ်ပင်ကြီးကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
“ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်က လုပ်နိုင်တယ်။”
ရှောင်းယီက ပြောပြောဆိုဆိုဖြင့် အန်းယွဲ့အား အချင်း တစ်မီတာနှင့် အလျား ကိုးမီတာခန့်ရှိသော သတ္တုစပ်တုတ် အချောင်းရေ တစ်ရာကျော်ကို ချက်ချင်း ထုတ်လုပ်ခိုင်းလိုက်သည်။
ဤသတ္တုစပ်မှာ ရှောင်းယီကိုယ်တိုင် သုတေသနပြုလုပ်ရန် ဓာတ်ခွဲခန်းသို့ အထူးတလည် တာဝန်ပေးအပ်ထားခြင်း ဖြစ်သည်။ သူ ဓာတ်ခွဲခန်းသို့ လှမ်းမေးကြည့်လိုက်ရာ အောင်မြင်သော ရလဒ်များ ထွက်ပေါ်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
သတ္တုစပ်၏ ကြံ့ခိုင်မှုနှုန်းက လုံလောက်မှုရှိပေသည်။ သို့မဟုတ်ပါက ယခုကဲ့သို့ ရှည်လျားသော သံတုတ်ကြီးမှာ အလွယ်တကူ ကျိုးပဲ့သွားနိုင်၏။
သံတုတ်များကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ယူဆောင်လာပြီးနောက် ရှောင်းယီက ၎င်းတို့ကို ညွှန်ပြကာ မေးလိုက်သည်။
“စမ်းကြည့်လိုက်ကြဦး။ နည်းနည်း လေးနေလားလို့။”
ဟူကျဲက ချက်ချင်း ရှေ့တိုးလာပြီး တစ်ချောင်းကို လှမ်းမလိုက်ကာ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။
“ဒါမှ တကယ့် လက်နက်ပဲ။”
ကျန်ရှိသော ဧရာမဘီလူးကြီးများသည်လည်း ရှေ့သို့ တိုးဝှေ့လာကြပြီး တစ်ယောက်တစ်ချောင်းစီ မကာ လက်ထဲတွင် အလေးချိန်ကို ချိန်ဆရင်း ပျော်ရွှင်စွာဖြင့် ဝိုင်းဝန်းဆွေးနွေးကြတော့သည်။
“ဒီမနက်ကသာ ငါတို့ဆီမှာ ဒီသံတုတ်တွေရှိရင် အဲ့ဒီကောင်တွေကို အပြတ်အသတ် မောင်းထုတ်ပစ်လိုက်နိုင်လောက်ပြီ။”
“အတိအကျပဲ။ ဒါနဲ့ဆို ဖျက်ဆီးနိုင်စွမ်းက ပိုကြီးတယ်။ အခု ငါတို့ ကျွန်းပေါ်ကို အမြန်ဆုံး တက်နိုင်ပြီ။”
“ညီအစ်ကိုတို့...စကားတွေ အများကြီး ပြောမနေနဲ့တော့။ ချကြစို့...တက်ကြဟေ့...။”
ဟူကျဲက အကျယ်ကြီး အော်ဟစ်ပြီး ဧရာမဘီလူးကြီးများကို ဦးဆောင်ကာ ရှေ့တန်းစစ်မျက်နှာသို့ ပြေးဝင်သွားတော့သည်။
သင့်တော်သော လက်နက်များကို လက်ဝယ်ပိုင်ဆိုင်သွားကြပြီ ဖြစ်သဖြင့် ဧရာမဘီလူးမျိုးနွယ်စု၏ တိုက်ခိုက်ရေးစွမ်းရည်မှာ တဒင်္ဂအတွင်း သိသိသာသာ မြင့်တက်သွားခဲ့သည်။
၎င်းတို့သည် မသေမျိုး မျိုးနွယ်စု စစ်တပ်အတွင်းသို့ အတင်းဝင်ရောက်ကာ မိမိကိုယ်ကိုယ် ဗဟိုချက်ပြု၍ သံတုတ်ကြီး တစ်ချောင်းလုံးကို စက်ဝိုင်းပုံစံ ဝှေ့ယမ်းလိုက်ကြသည်။
သံတုတ်နှင့် ထိမိသမျှ မသေမျိုး မျိုးနွယ်စုဝင်တိုင်းမှာ တစ်စစီ ကြေမွပျက်စီးသွားကြတော့သည်။
တဒင်္ဂအတွင်းမှာပင် မသေမျိုး မျိုးနွယ်စုသည် ဧရာမဘီလူးကြီးများ၏ အနားသို့ပင် မကပ်နိုင်ကြတော့ပေ။
“ဒီဘီလူးတွေက တော်တော် ကြမ်းတာပဲ။”
“စွမ်းအားအပြည့်နဲ့ အရမ်းလေးတဲ့ သံတုတ်ကြီးတွေ ပေါင်းစပ်လိုက်တာဆိုတော့ မသေမျိုးမျိုးနွယ်စုတွေ ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ဘူး။”
“မှန်တယ်။ သူတို့နဲ့ အရွယ်အစားတူတဲ့ အရိုးနဂါးတွေ အများကြီး ထပ်ထွက်မလာရင်တော့ မသေမျိုး မျိုးနွယ်စုအတွက် အခွင့်အရေး မရှိတော့ဘူး။”
“ငါ့စိတ်ထင်တော့ အရိုးနဂါးတွေ လာရင်တောင် အသာစီးရမှာ မဟုတ်ပါဘူး။ အရင်က သံတုတ်တွေ မရှိတုန်းကတောင် ဧရာမဘီလူးမျိုးနွယ်စုက အရိုးနဂါးတွေကို ယှဉ်တိုက်နိုင်ခဲ့တာ။ အခု ဒီလိုလက်နက်တွေ ရှိနေပြီဆိုတော့ သာမန်အရိုးနဂါးတစ်ကောင်က ဘီလူးတစ်ကောင်ကို ဘယ်လိုမှ အနိုင်မယူနိုင်တော့ဘူး။”
“စွန်ဝူခုန်းရဲ့ ရွှေတုတ်က ဘာလို့ အရမ်းစွမ်းရည်ထက်တာလဲဆိုတာ မဆန်းတော့ဘူး။ ဒီလောက်လေးတဲ့ဟာကြီးကို မင်းသာ ဝှေ့ယမ်းနိုင်ရင် ဒါက အကြီးမားဆုံး လူသတ်လက်နက်ပဲ။”
အားလုံးက စိတ်လှုပ်ရှားစွာဖြင့် တကြိတ်ကြိတ် ဆွေးနွေးနေကြသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ကျန်းယွင်ထျန်းက သက်ပြင်းချကာ စိတ်လှုပ်ရှားသွားခဲ့သည်။
“ငါတို့ လက်ဖျားနဲ့တောင် တို့စရာ မလိုတော့ဘူး ထင်တယ်။”
“ဒါပေမဲ့ ကျွန်းပိုင်ရှင်ရဲ့ စူပါဓာတ်ခွဲခန်းက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ ဒီလောက် ကြံ့ခိုင်မှုရှိတဲ့ သတ္တုကိုတောင် ထုတ်လုပ်နိုင်တယ်။”
ကျန်းယွင်ထျန်းက သေနတ်ပစ်ခြင်းကို ရပ်တန့်လိုက်ပြီး သူ့အဖွဲ့ကို ဦးဆောင်ကာ ဘီလူးများ၏ နောက်မှနေ၍ ရှေ့သို့ လိုက်ပါသွားတော့သည်။
အခန်း ၁၁၉၄
ဧရာမဘီလူးမျိုးနွယ်စုသည် ၎င်းတို့၏ သတ္တုတုတ်ကြီးများကို ကိုင်ဆောင်ကာ တစ်လမ်းလုံး ရှေ့သို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားကြပြီး ကျန်ယွင်ထျန်းတို့အဖွဲ့သည်လည်း ၎င်းတို့နောက်မှနေ၍ ကျွန်းပေါ်သို့ လွယ်ကူချောမွေ့စွာ လိုက်ပါ အခြေချနိုင်ခဲ့ကြသည်။
“လမ်းကြောင်းအဆုံးမှာ ခံစစ်ခံတပ်တွေ တည်ဆောက်ဖို့ အင်ဂျင်နီယာဌာနကို ချက်ချင်း အကြောင်းကြားလိုက်။”
ကျန်ယွင်ထျန်းတို့အဖွဲ့ ကျွန်းပေါ်သို့ ဆင်းသက်နိုင်သွားသည်ကို မြင်လိုက်ရသည်နှင့် ရှောင်းယီက ချက်ချင်း အမိန့်ပေးလိုက်သည်။
အနီးနားရှိ သတင်းပို့စစ်သားက အမိန့်ကို ချက်ချင်းနာခံပြီး မဟာမိတ်အဖွဲ့ဆီသို့ ရှောင်းယီ၏ အမိန့်ကို ပြန်လည်လက်ဆင့်ကမ်းရန် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ အပြေးသွားခဲ့တော့သည်။
အန်းယွဲ့ကလည်း အင်ဂျင်နီယာအဖွဲ့ကို ချက်ချင်း ကူးပြောင်းပေးရန် စီစဉ်ပေးခဲ့သည်။
ထိုလူများက ပေါက်ပြား၊ ဂေါ်ပြားများကို ကိုင်ဆောင်ကာ ရှေ့တန်းစစ်မျက်နှာသို့ အပြေးအလွှား သွားနေကြသည်ကို ကြည့်ရင်း ရှောင်းယီသည် ယနေ့နံနက်ပိုင်း စနစ်ထဲတွင် လက်မှတ်ထိုးဝင်ခြင်းမှ ရရှိခဲ့သော ဆုလာဘ်ကို ရုတ်တရက် သတိရသွားခဲ့သည်။
ထို့ကြောင့် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိရာသို့ ပြန်လျှောက်သွားပြီး စနစ်သိုလှောင်ခန်းထဲမှ ကုန်းရေနှစ်သွယ်သုံး မြေတူးစက်ပုံစံခွက်ကို ထုတ်ယူကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် အသုံးပြုလိုက်သည်။
၎င်းကို အသုံးပြုပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် အန်းရန်အား သီးသန့်စာ ပို့လိုက်၏။
ပုံမှန်အခြေအနေတွင်မူ အန်းရန်သည် ရှောင်းယီ၏ အိပ်ခန်းထဲတွင် ရှိနေတတ်ပြီး သူ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စောင့်ကြပ်ပေးနေကျ ဖြစ်သည်။
“ရန်ရန်... ငါ့အတွက် ကုန်းရေနှစ်သွယ်သုံး မြေတူးစက် ဆယ်စီးလောက် ထုတ်လုပ်ပြီးတော့ ပို့ပေးပါဦး။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ... ခဏလေး စောင့်နော်။”
သူမက ချက်ချင်းပင် ပြန်စာပို့လာခဲ့သည်။
စက္ကန့်ဝက်ခန့် ကြာပြီးနောက် သူမက ကုန်သွယ်မှု တောင်းဆိုချက်တစ်ခု ပေးပို့လာ၏။
“[ကုန်းရေနှစ်သွယ်သုံး မြေတူးစက်] (SSS အဆင့်) ၁၀ - အခမဲ့လဲလှယ်ခြင်း။”
ရှောင်းယီက ချက်ချင်း သဘောတူလိုက်ပြီး ထိုမြေတူးစက် ဆယ်စီးကို ဧရာမသယ်ယူပို့ဆောင်ရေးလေယာဉ် ပြင်ပရှိ ကွင်းပြင်ကျယ်ထဲတွင် ချထားလိုက်သည်။
“ကုန်းရေနှစ်သွယ်သုံး မြေတူးစက် (SSS အဆင့်) - ကုန်းပေါ်တွင်သာမက ရေအောက်လုပ်ငန်းများကိုပါ အပြည့်အဝ လုပ်ဆောင်နိုင်ပြီး မြေကြီးတူးဖော်မှု စွမ်းဆောင်ရည် အလွန်မြင့်မားသည်...”
စနစ်၏ မိတ်ဆက်ဖော်ပြချက်ကို မြင်သောအခါ ရှောင်းယီသည် လူကိုးယောက်ကို ချက်ချင်း ခေါ်ယူပြီး မြေတူးစက်များပေါ်သို့ ခုန်တက်ကာ လမ်းကြောင်းအဆုံးဆီသို့ မောင်းနှင်သွားခိုင်းလိုက်၏။
ဤမြေတူးစက်များ သွားလာနိုင်သည့် အရှိန်မှာ အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်လှသဖြင့် နှစ်မိနစ်အတွင်းမှာတင် လမ်းကြောင်းအဆုံးသို့ ရောက်ရှိသွားခဲ့သည်။
“ဟိုမှာ မြန်မြန်ကြည့်စမ်း... အဲ့ဒါ ဘာကြီးလဲ။”
ဖောင်ဒေးရှင်းအုတ်မြစ်များနှင့် ကတုတ်ကျင်းများ တူးဖော်နေကြသည့် ဝန်ထမ်းများသည် ရှောင်းယီ မောင်းနှင်လာသော မြေတူးစက်များကို ချက်ချင်း သတိပြုမိသွားကြသည်။
အခြားသူများအားလုံးကလည်း လှမ်းကြည့်လိုက်ကြသည်။
“အမ်... အဲ့ဒါ မြေတူးစက် မဟုတ်ဘူးလား။”
“ဒီကောင် ရှိနေပြီဆိုတော့ ငါတို့ ခံစစ်ခံတပ်တွေ ဆောက်ရမယ့်အချိန် အများကြီး လျော့သွားတော့မှာပဲ။”
“မှန်တယ်... ကျွန်းပိုင်ရှင်က ဒီပစ္စည်းကို အခုမှ ရလာတာထင်တယ်။”
ကျန်ယွင်ထျန်းသည်လည်း ထိုမြေတူးစက်များကို မြင်တွေ့လိုက်ရသည်။
“ဒီနေ့ ဘာလက်နက်မှ အသစ်မရတာ မဆန်းတော့ဘူး။ လက်နက်တွေအစား မြေတူးစက်တွေ ဖြစ်သွားတာကိုး။”
ရှောင်းယီ၏ ဘေးနားတွင် အချိန်အတော်ကြာ ရှိနေခဲ့သဖြင့် ကျန်ယွင်ထျန်းအနေဖြင့် ရှောင်းယီ ပစ္စည်းများ ရရှိသည့် ပုံစံကို အကြမ်းဖျင်းအားဖြင့် သိရှိထားပြီး ဖြစ်သည်။ ၎င်းမှာ တစ်နေ့လျှင် ပစ္စည်းအသစ် တစ်ခုခန့် ရရှိခြင်းပင်။
နံနက်ပိုင်းက ရှောင်းယီကို မေးမြန်းစဉ်က လက်နက်အသစ်များ မရှိကြောင်း အတည်ပြုခဲ့ပြီး ယခုအခါ မဟာမိတ်အဖွဲ့တွင် တစ်ခါမျှ မပေါ်လာဖူးသေးသည့် စက်ယန္တရားကြီးဖြစ်သော မြေတူးစက်ကို ယူဆောင်လာသည်ဆိုကတည်းက ၎င်းကို ယနေ့မှသာ ရရှိခဲ့ခြင်း ဖြစ်ရမည်။
ရှောင်းယီသည် မြေတူးစက်ကို ရှေ့တန်းစစ်မျက်နှာသို့ မောင်းနှင်လာပြီးနောက် အင်ဂျင်နီယာအဖွဲ့၏ ညွှန်ကြားချက်များအတိုင်း ချက်ချင်းပင် စတင်တူးဖော်လိုက်တော့သည်။
ဤမြေတူးစက်တွင် အလိုအလျောက် တူးဖော်ရေးစနစ် ပါဝင်သည်။ သတ်မှတ်ချက်များသည် အလွန်တရာ ထူးခြားဆန်းကြယ်ခြင်း မရှိသရွေ့ အလိုအလျောက် စနစ်ကို အသုံးပြုနိုင်သည်။
အလိုအလျောက် စနစ်ကို ဖွင့်လိုက်ပြီးနောက် မြေတူးစက်က လျင်မြန်စွာ စတင်တူးဖော်တော့သည်။
အားလုံးက မှင်တက်မိပြီး တိတ်ဆိတ်စွာ ကြည့်နေကြစဉ်မှာပင် မြေတူးစက်သည် ဖောင်ဒေးရှင်းအုတ်မြစ် တူးဖော်ခြင်းကို သုံးမိနစ်အတွင်းမှာတင် အပြီးသတ်သွားခဲ့သည်။
“အမလေး... ဒီကောင်က မြန်လှချည်လား။”
“နောက်ဆိုရင် ငါတို့ အခြေစိုက်စခန်းတွေနဲ့ ကတုတ်ကျင်းတွေ တူးဖို့ ဒီလိုစက်မျိုးကို သုံးလို့ရပြီပေါ့။”
“မြန်လည်းမြန်တယ်။ ကောင်းလည်းကောင်းတယ်။ ငါတို့ မြို့ရိုးဆောက်ဖို့ လိုအပ်ချက်တွေနဲ့ အကွက်တိပဲ။”
“ဟေး... လျှာရှည်မနေကြနဲ့။ နောက်တစ်ဆင့်ကို ဆက်လုပ်ကြစို့။”
အားလုံး စကားကောင်းနေကြသည်ကို မြင်သောအခါ အင်ဂျင်နီယာအဖွဲ့၏ တာဝန်ခံက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
မြေတူးစက်၏ စွမ်းဆောင်ရည်ကို မြင်တွေ့ရပြီးနောက် ကျန်ယွင်ထျန်းတစ်ယောက် အံ့ဩတကြီးဖြစ်သွားခဲ့ရ၏။
“ဒီမြေတူးစက်က တကယ်ကြီး ဒီလောက်တောင် အစွမ်းထက်တာလား။”
ထို့နောက် သူသည် ဧရာမဘီလူးမျိုးနွယ်စု၏ တိုက်ခိုက်မှုကြောင့် အဆက်မပြတ် ဆုတ်ခွာနေရသည့် မသေမျိုးမျိုးနွယ်စုများကို လှမ်းကြည့်ပြီး ရှောင်းယီ မောင်းနှင်နေသည့် မြေတူးစက်ဆီသို့ လျှောက်သွားလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် ရှောင်းယီသည် မြေတူးစက်ပေါ်မှ အောက်သို့ ခုန်ဆင်းလာချိန်နှင့် အကွက်တိ ဖြစ်သွားခဲ့သည်။
“ကျွန်းပိုင်ရှင်... မင်း လန်ရှန်း (တရုတ်ပြည်မှ နာမည်ကြီး စက်မှုအတတ်သင်ကျောင်း) က ဘွဲ့ရလာတာလား။”
ကျန်ယွင်ထျန်းက အပြုံးတစ်ခုဖြင့် စနောက်လိုက်သည်။
“မောင်းရတာ အတော်လေး ကျွမ်းကျင်နေရောပဲ။”
ရှောင်းယီက သူ့ကို မျက်စောင်းထိုးလိုက်သည်။
“SSS အဆင့် စက်ယန္တရားအများစုက အလိုအလျောက်စနစ်နဲ့ ဉာဏ်ရည်တုစနစ် ပါဝင်ပြီးသားကွ။ ခုနကဟာက အလိုအလျောက် တူးဖော်ရေးစနစ်ပဲ။”
“ဒါက အလိုအလျောက်တောင် လုပ်လို့ရတာလား။”
ကျန်ယွင်ထျန်းက အံ့ဩတကြီး မေးလိုက်သည်။
“အေးလေ... တကယ် အံ့ဩဖို့ကောင်းတယ်။”
ရှောင်းယီက ပခုံးတွန့်ပြလိုက်သည်။
“ရှေ့က မသမျိုး မျိုးနွယ်စုတွေရဲ့ အခြေအနေရော ဘယ်လိုလဲ။”
“ဧရာမဘီလူးမျိုးနွယ်စုရဲ့ တိုက်ခိုက်မှုကြောင့် တရွေ့ရွေ့နဲ့ ဆုတ်ခွာနေရတယ်။”
ကျန်ယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ငါတို့ ဝင်ပါဖို့တောင် မလိုလောက်ဘူး။ အဲ့ဒီ သတ္တုတုတ်ကြီးတွေနဲ့ဆိုရင် မသေမျိုး မျိုးနွယ်စုတွေ ဧရာမဘီလူးတွေကို ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ဘူး။”
ရှေ့နားတွင် အနည်းငယ် ကျဲပါးသွားပြီဖြစ်သော မသေမျိုး မျိုးနွယ်စုများကို ကြည့်ရင်း ရှောင်းယီက ပြောလိုက်သည်။
“ငါ့အထင်တော့ ဒါက အဲ့ဒီလောက် မရိုးရှင်းလောက်ဘူး။”
ဧရာမဘီလူးမျိုးနွယ်စု၏ ရဲရဲဝံဝံ တိုက်ပွဲဝင်နေသည့် မြင်ကွင်းသည် မကြာမီမှာပင် မသေမျိုး အကြီးအကဲထံသို့ ရောက်ရှိသွားခဲ့သည်။
“သူတို့ဆီမှာ ဒီလောက် အစွမ်းထက်တဲ့ သတ္တုတုတ်ကြီးတွေ ဘယ်လိုလုပ်ပြီး ရှိနေတာလဲ။”
“ငါတို့ သူတို့ကို တားဖို့ တကယ် မဖြစ်နိုင်တော့ဘူး။”
“မသေမျိုး မျိုးနွယ်စုအားလုံးကို ဆုတ်ခွာဖို့ အမိန့်ပေးလိုက်...။ အားလုံး နောက်ဆုတ်ခိုင်းလိုက်။”
ထိုအချိန်တွင် ဟင်းလင်းပြင်အက်ကွဲကြောင်း အနီးတစ်ဝိုက်တွင် ထူထပ်လှသော မြူခိုးနက်ကြီးများဖြင့် ဖုံးလွှမ်းနေပြီး အကြီးအကဲအားလုံး၏ အသံများ ထိုမြူခိုးနက်ကြီးထဲမှ ထွက်ပေါ်လာခဲ့သည်။
“ဟုတ်ကဲ့။”
ဝတ်ရုံနက်တစ်ဦးက နာခံကြောင်း အသိပေးပြီးနောက် မဟာအကြီးအကဲ၏ အမိန့်ကို ချက်ချင်း လက်ဆင့်ကမ်းလိုက်တော့သည်။
ရှေ့တန်းစစ်မျက်နှာရှိ မသေမျိုး မျိုးနွယ်စုများသည် ဧရာမဘီလူးမျိုးနွယ်စု၏ တိုက်ခိုက်မှုကို မခံနိုင်တော့သည့်အဆုံး ဤအမိန့်ကို ရရှိပြီးနောက်တွင်မူ လျင်မြန်စွာ ဆုတ်ခွာသွားကြတော့သည်။
ဧရာမဘီလူးမျိုးနွယ်စုသည်လည်း အရှိန်အဟုန်ဖြင့် အတန်ကြာ တိုက်ခိုက်ခဲ့ရသဖြင့် လက်မောင်းများ နာကျင်ကိုက်ခဲနေပြီဖြစ်ရာ မသေမျိုး မျိုးနွယ်စုများ ဆုတ်ခွာသွားသည်ကို မြင်လိုက်ရပြီးနောက် ဆက်လက်၍ လိုက်လံတိုက်ခိုက်ခြင်း မပြုတော့ပေ။
“ကျွန်းပိုင်ရှင်... မြန်မြန်ကြည့်လိုက်ဦး။ သူတို့အားလုံး ဆုတ်ခွာသွားပြီ။”
ကျန်ယွင်ထျန်းက ရှေ့တန်းစစ်မျက်နှာကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
ရှောင်းယီသည် မသေမျိုးမျိုးနွယ်စုများး သစ်ကိုင်းများသာ ကျန်တော့သည့် အပင်ခြောက်ကြီးများထဲသို့ လျင်မြန်စွာ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်လိုက်၏။
“သူတို့ ငါတို့ကို ဆက်တားဖို့ မရည်ရွယ်တော့တဲ့ပုံပဲ။”
“ဒါဆို ငါတို့ အခု ရှေ့ဆက်တိုးကြမလား။”
ကျန်ယွင်ထျန်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
“မလောပါနဲ့... အားလုံးပဲ ဒီနေရာမှာ နားလိုက်ကြပါ။”
ရှောင်းယီက မှောင်ရီပျိုးစပြုနေပြီဖြစ်သော ကောင်းကင်ကို မော့ကြည့်ရင်း ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့။”
ရှောင်းယီသည် အသက်စွမ်းအင် ကင်းမဲ့နေသည့် ဤကျွန်းမကြီးကို လှည့်ပတ်ကြည့်ရှုရင်း စိတ်ထဲမှ တွက်ချက်နေမိသည်။
‘ငါတို့ ခုနက ရှေ့တိုးလာခဲ့တဲ့ အကွာအဝေးအရဆိုရင် ဒီကျွန်းက အချင်းဝက် ကီလိုမီတာ ငါးဆယ်လောက်ရှိတဲ့ စက်ဝိုင်းပုံစံ ကျွန်းတစ်ကျွန်း ဖြစ်ရမယ်။ အကြီးကြီးလည်း မဟုတ်သလို အသေးကြီးလည်း မဟုတ်ဘူး။ အကယ်၍ ဒါက မသေမျိုး မျိုးနွယ်စုတွေရဲ့ မြစ်ဖျားခံရာနေရာ ဖြစ်နေမယ်ဆိုရင် ငါတို့ ဒါကို ရုပ်ပိုင်းဆိုင်ရာအရ သီးသန့်ခွဲထုတ်ပစ်လို့ ရမလား။’
ခံစစ်များကို ပြင်ဆင်ပြီးနောက် ကျန်ယွင်ထျန်းက လျှောက်လာပြီး အကြံပြုလိုက်သည်။
“ကျွန်းပိုင်ရှင်... မင်းဆီမှာ မြေတူးစက်တွေလည်း ရှိနေပြီဆိုတော့ ဒီလမ်းကြောင်းတွေကို တူးပစ်ပြီး အဆက်အသွယ် ဖြတ်တောက်လိုက်ရင်ကော။”
ထိုစကားကို ကြားသောအခါ ရှောင်းယီက ပြုံးလိုက်သည်။
“ငါတို့ စိတ်ကူးချင်း တူနေတာပဲ။ ငါလည်း ဒီကျွန်းကို ဘယ်လို သီးသန့်ခွဲထုတ်ရမလဲဆိုပြီး စဉ်းစားနေတာ။”
ကျန်ယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ မြေတူးစက်တွေက သိပ်အနက်ကြီး တူးနိုင်ပါ့မလား မသိဘူး။ တူးရင်းနဲ့ ရေအောက်ကို ချက်ချင်း ရောက်သွားမှာ မဟုတ်ဘူးလား။”
“အဲ့ဒါကို မင်း စိုးရိမ်စရာမလိုပါဘူး။ ငါတို့ရဲ့ မြေတူးစက်တွေက ကုန်းရေနှစ်သွယ်သုံးတွေပဲ။ ပင်လယ်ရေအောက်ကြမ်းပြင်အထိ တူးမယ်ဆိုရင်တောင် ဘာပြဿနာမှ မရှိဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကုန်းရေနှစ်သွယ်သုံး မြေတူးစက် ဟုတ်လား။”
ကျန်ယွင်ထျန်း အနည်းငယ် မှင်တက်သွား၏။
“ဒါဆိုရင် ဒါက မြေတူးစက်လောကရဲ့ ဘုရင်ပဲ။”
“ဒါပေမဲ့ ငါတို့ လမ်းကြောင်းကို ဖြတ်တောက်လိုက်ရင် ငါတို့ ဒီဘက်ကို ကူးလာမယ့် လမ်းကြောင်းလည်း ပျောက်သွားလိမ့်မယ်။”
ရှောင်းယီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဒါလည်း ဟုတ်တာပဲ... လမ်းကြောင်းကို မဖြတ်တောက်ဘူးဆိုရင်တော့ ငါတို့ တံတိုင်းမြင့်ကြီးတွေ ဆောက်ရလိမ့်မယ်။”
ကျန်ယွင်ထျန်းက သုံးသပ်ပြလိုက်သည်။ ရှောင်းယီ အနည်းငယ် စဉ်းစားလိုက်၏။
“ရှေ့က အခြေအနေကို စူးစမ်းဖို့ ဒရုန်းတစ်စီး လွှတ်လိုက်ပါ။ အကယ်၍ မသေမျိုး မျိုးနွယ်စုတွေ အကုန်လုံး အပြီးအပိုင် ဆုတ်ခွာသွားတာ သေချာတယ်ဆိုရင် ငါတို့ တံတိုင်းကို အတတ်နိုင်ဆုံး ရှေ့ဆုံးအထိ တိုးဆောက်မယ်။”
“ဟုတ်ကဲ့။”
ကျန်ယွင်ထျန်းက အမိန့်ကို လက်ခံပြီးနောက် ကင်းထောက်အဖွဲ့ကို ကျွန်းပေါ်တွင် ကင်းထောက်လုပ်ငန်းများ ချက်ချင်း ဆောင်ရွက်ခိုင်းလိုက်သည်။
ရှောင်းယီသည် အနည်းငယ် စဉ်းစားပြီး စစ်တပ်သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်သို့ တိုက်ရိုက်တက်သွားလိုက်သည်။
“ကမ်းရိုးတန်းတစ်လျှောက် မောင်းပြီး အခြားလမ်းကြောင်းတွေကို သွားစစ်ဆေးမယ်။”
“ငါကို စောင့်ဦး။”
ကင်းထောက်ရေးကိစ္စများကို စီစဉ်ပြီးနောက် ကျန်ယွင်ထျန်းသည်လည်း ချက်ချင်းပင် အပြေးလိုက်လာခဲ့လေသည်။