← Chapters

အခန်း (၁၁၉၉-၁၂၀၀)

Vol. 103 Ch. 1199-1200

အခန်း (၁၁၉၉-၁၂၀၀)

Vol. 103 Ch. 1199-1200

အခန်း ၁၁၉၉

မသေမျိုး အတောင်ပံပါနဂါး (ပတဲရိုဆော) မြူထူများထဲသို့ ပြန်လည်ပျံသန်းဝင်ရောက်သွားသည်ကို မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်းတစ်ယောက် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိသည်။ ထို့နောက် ဟယ်လီကော်ပတာ၏ အနေအထားကို ပြန်လည်ချိန်ညှိကာ အရှိန်အဟုန်ဖြင့် ပြန်လည်မောင်းနှင်ခဲ့လိုက်သည်။

မသေမျိုး အတောင်ပံပါနဂါး၏ တိုက်ခိုက်မှုကြောင့် ဟယ်လီကော်ပတာ၏ ဆင်းသက်ဂီယာ ပျက်စီးသွားခဲ့ရသဖြင့် ဆင်းသက်ချိန်တွင် ဟယ်လီကော်ပတာတစ်စီးလုံး မြေပြင်ပေါ်သို့ ဝုန်းကနဲ ဆောင့်ကျသွားခဲ့၏။

သို့သော်လည်း ကျန်းယွင်ထျန်း၏ တိကျသေချာသော ထိန်းချုပ်မောင်းနှင်မှုကြောင့် ကြီးမားသော ထိခိုက်ပျက်စီးမှုတော့ မရှိခဲ့ပေ။

ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် ဟယ်လီကော်ပတာပေါ်မှ ဘေးကင်းလုံခြုံစွာ ဆင်းသက်လာခဲ့ကြသည်။

အနီးနားရှိ စစ်သားတစ်ဦးသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုကာ ဟယ်လီကော်ပတာကို ချက်ချင်း စတင်ပြုပြင်လိုက်တော့သည်။

ဟယ်လီကော်ပတာ ယိမ်းထိုးကာ မြေပြင်ပေါ်သို့ ဆောင့်ကျသွားသည်ကို မြင်လိုက်ရသဖြင့် ဧရာမဘီလူးမျိုးနွယ်စုမှ ကျားကျန့်နှင့် ဟူကျဲတို့သည်လည်း အပြေးအလွှား ရောက်ရှိလာခဲ့ကြတော့သည်။

“ကျွန်းပိုင်ရှင်... ဘာဖြစ်လာတာလဲ။ ဟယ်လီကော်ပတာက ဘာလို့ ပျက်သွားရတာလဲ။”

ဟူကျဲက အလျင်အမြန် မေးလိုက်၏။

“ကျုပ်တို့ ကျွန်းရဲ့ ဗဟိုချက်နားမှာ မသေမျိုးမျိုးနွယ်စုရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရလို့ပါ။”

ရှောင်းယီက ရိုးရှင်းစွာသာ ရှင်းပြလိုက်သည်။ ကျားကျန့်တစ်ယောက် အံ့ဩတုန်လှုပ်သွား၏။

“ကျွန်းပိုင်ရှင်... မင်းတို့ ကျွန်းရဲ့ ဗဟိုချက်အထိ ရောက်ခဲ့တာလား။ အဲ့ဒီက အခြေအနေက ဘယ်လိုရှိလဲ။”

၎င်းတို့ ဧရာမဘီလူးမျိုးနွယ်စုသည် မသေမျိုးမျိုးနွယ်စုနှင့် နှစ်ပေါင်းသိန်းချီတိုင်အောင် တိုက်ပွဲဝင်ခဲ့ကြသော်လည်း ဟင်းလင်းပြင်အက်ကွဲကြောင်းအနီးသို့ တစ်ခါမျှ မကပ်ခဲ့ဖူးသလို ထိုကျွန်းပေါ်သို့လည်း ယခင်ကတည်းက ခြေမချဖူးခဲ့ကြချေ။

ထို့ကြောင့် ကျားကျန့်သည် ဤကျွန်းပေါ်ရှိ အခြေအနေကို ဘာတစ်ခုမှ မသိရှိချေ။

ဘာမှမသိရှိခြင်းကြောင့်ပင် သူ အနည်းငယ် စိုးရိမ်ပူပန်နေမိပြီး ယခုတစ်ကြိမ်တွင် မသေမျိုးမျိုးနွယ်စုကို အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းနိုင်ပါ့မလားဆိုသည်ကို မသေချာဖြစ်နေခဲ့ရသည်။

“ကျုပ်တို့ ကျွန်းရဲ့ ဗဟိုချက်နဲ့ ၆ ကီလိုမီတာလောက်အကွာ နေရာအထိ ရောက်ခဲ့တယ်။ အဲ့ဒီနားက ဟင်းလင်းပြင်က မတည်ငြိမ်ဘူး။ အဲ့ဒါကြောင့် ဟယ်လီကော်ပတာကို သက်ရောက်မှုရှိလာလို့ ကျုပ်တို့ ချက်ချင်း ပြန်လှည့်လာခဲ့ရတာ။”

ရှောင်းယီက ပြောလိုက်သည်။ ဧရာမဘီလူးကြီး နှစ်ဦးစလုံး ခေါင်းညိတ်လိုက်ကြသည်။

“ကျွန်းရဲ့ ဗဟိုချက်က အခြေအနေနဲ့ ပတ်သက်လို့တော့ ကျုပ်တို့ ဘာတစ်ခုမှ မမြင်ခဲ့ရဘူး။”

“အာ... ဟယ်လီကော်ပတာရဲ့ အရှိန်ကလည်း မနှေးလှပါဘူး။ ဘာလို့ ဘာမှမမြင်ရတာလဲ။”

ကျားကျန့်က သံသယဖြင့် မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ ကျွန်းရဲ့ ဗဟိုချက်တစ်ခုလုံးမှာ မသေမျိုးမြူခိုးတွေနဲ့ ပြည့်နှက်နေလို့ပဲ။”

ကျန်းယွင်ထျန်းက ကြားဖြတ်ပြောလိုက်၏။

“မသေမျိုးမြူခိုး ဟုတ်လား။”

ဘီလူးနှစ်ဦးဖြစ်သည့် ကျားကျန့်နှင့် ဟူကျဲတို့သည် ထိုဝေါဟာရကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

“ဟုတ်တယ်။ အဲ့ဒါက မသေမျိုးအကြီးအကဲတွေက ဟင်းလင်းပြင် အက်ကွဲကြောင်းကနေတစ်ဆင့် သယ်ဆောင်လာတဲ့အရာပဲ။”

ရှောင်းယီက ရှင်းပြလိုက်သည်။

“မသေမျိုးမျိုးနွယ်စုတွေသာ အဲ့ဒီ မသေမျိုးမြူခိုးတွေထဲမှာ ရှိနေရင် သူတို့ရဲ့ အရည်အချင်းတွေက တိုးလာလိမ့်မယ်။ နှစ်ဆအထိတောင် တိုးလာနိုင်ခြေ ရှိတယ်။”

“ဘာပြောတယ်....။”

ကျားကျန့်နှင့် ဟူကျဲတို့ နှစ်ဦး ပြိုင်တူ အော်ဟစ်လိုက်ကြရာ ၎င်းတို့၏ အသံကြီးမှာ ၄၊ ၅ ကီလိုမီတာအကွာအဝေးအထိ ပျံ့လွင့်သွားခဲ့၏။

ရှောင်ယီနှင့် ကျန်းယွင်ထျန်းတို့မှာ နားထဲတွင် တဝီဝီ မြည်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ကျားကျန့်တို့ ဧရာမဘီလူးကြီးနှစ်ဦး၏ ထိုသို့ အော်ဟစ်လိုက်သံကြောင့် ပတ်ဝန်းကျင်ရှိ လူအားလုံး၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားတော့သည်။

“ဘာတွေဖြစ်နေတာလဲဟ။ ဒီဘီလူးကြီးတွေက ဘာလို့ ရုတ်တရက်ကြီး အော်နေကြတာလဲ။”

“ဟုတ်ပါ့။ ခုနက ကျွန်းပိုင်ရှင် ကျွန်းရဲ့ ဗဟိုချက်ဆီကို ပျံသန်းသွားတာ ငါတွေ့လိုက်တယ်။ ဘာသတင်းဆိုးတွေ ယူလာလို့လဲ မသိဘူး။”

“ဆယ်ပုံကိုးပုံကတော့ ဟုတ်လောက်တယ်။ ဘီလူးကြီးတွေကိုတောင် ဒီလောက် တုန်လှုပ်သွားစေတယ်ဆိုရင် အခြေအနေက တော်တော်လေး စိုးရိမ်ရပုံပဲ။”

လူတိုင်း ထိပ်တိုက် ဆွေးနွေးငြင်းခုံလာကြ၏။ ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် သူတို့၏ ဦးခေါင်းကို အနည်းငယ် ပုတ်လိုက်ကြပြီးနောက်မှ ပုံမှန်အတိုင်း ပြန်လည်သက်သာလာခဲ့သည်။

“နောက်တစ်ခါ အော်ချင်ရင် ကျုပ်တို့ကို ကြိုပြီး အသိပေးမှပေါ့။ အခု ကြည့်စမ်း... ပတ်ဝန်းကျင်က လူတွေအကုန်လုံး ခင်ဗျားတို့ကြောင့် နားအူကုန်ပြီ။”

ရှောင်းယီက ပတ်ဝန်းကျင်ရှိ လူအများ၏ တုံ့ပြန်မှုကို ကြည့်ရင်း ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

ကျားကျန့်တွင် သူတို့၏ အသံကျယ်လောင်မှုအပေါ် နောက်ပြောင်နေသည်ကို နားထောင်ရန် အချိန်မရှိပေ။ သူက တိုက်ရိုက်ပင် မေးလိုက်သည်။

“ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။ တကယ်လို့ သူတို့ရဲ့ အရည်အချင်းတွေသာ နှစ်ဆ တိုးသွားမယ်ဆိုရင် ငါတို့မှာ တိုက်ခိုက်နိုင်မယ့် အခွင့်အရေး လုံးဝ မရှိတော့ဘူး။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“မှန်တယ်။ ဒါကြောင့် ကျုပ်တို့က ဒီပြဿနာတွေကို သေချာ ဖြေရှင်းရမယ်။”

“ဘယ်လို ဖြေရှင်းမှာလဲ။”

“ကျုပ် အခုတင် အစ်ကိုကျန်းနဲ့ ဆွေးနွေးခဲ့ပြီးပြီ။ ဒီမြူခိုးတွေကို မသေမျိုးအကြီးအကဲတွေက ဟင်းလင်းပြင် အက်ကွဲကြောင်းကနေတစ်ဆင့် သယ်ဆောင်လာတာဆိုတော့ ကျုပ်တို့က ဒီမြူခိုးတွေ ဆက်တိုက် တိုးပွားလာနေတဲ့ အရင်းအမြစ်ကနေ ဖြတ်တောက်ပစ်ရမယ်။”

ရှောင်းယီက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ အဲ့ဒါက တော်တော်လေး ခက်ခဲလိမ့်မယ်။ အဲ့ဒီ မသေမျိုးအကြီးအကဲတွေက ဟင်းလင်းပြင် အက်ကွဲကြောင်းနားမှာ ရှိနေတာဆိုတော့ သူတို့ဘေးနားက ကာကွယ်ရေးအင်အားက အရမ်းအစွမ်းထက်မှာ သေချာတယ်။ ဒါ့အပြင် သူတို့ရဲ့ ခွန်အားကို နှစ်ဆတိုးစေနိုင်တဲ့ ဒီအနည်းရောင်မြူခိုးတွေ ရှိနေသေးတော့ ကျုပ်တို့မှာ အခွင့်အရေး မရှိသေးဘူး။”

ဟူကျဲက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ငါ့မှာ အဲ့ဒီအမည်းရောင်မြူခိုးပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိပါတယ်။ အခု ငါတို့ ထည့်သွင်းစဉ်းစားရမှာက မသေမျိုးအကြီးအကဲတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာပဲ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အမည်းရောင်မြူခိုးကို ဖြေရှင်းလို့ရတယ် ဟုတ်လား။”

ကျားကျန့်တစ်ယောက် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ဟုတ်တယ်။ ကျုပ်မှာ အဲ့ဒါကို သန့်စင်ပေးနိုင်တဲ့ စက်တစ်လုံးရှိတယ်။ အခုလောလောဆယ် ပြဿနာက အဲ့ဒီအကြီးအကဲတွေက မြူခိုးတွေထဲရဲ့ အတိအကျ ဘယ်နေရာမှာ ရှိနေလဲဆိုတာရယ်၊ သူတို့ရဲ့ အင်အားက ဘယ်လောက်ရှိလဲဆိုတာရယ်ကို ကျုပ်တို့ သေသေချာချာ မသိရသေးတာပဲ။ အကယ်၍ ကျုပ်တို့သာ ဘာမှမသိဘဲ ဇွတ်တိုးဝင်သွားရင် မသေမျိုးမျိုးနွယ်စုရဲ့ စစ်တပ်ကြီးထဲကို သက်ဆင်းသွားသလို ဖြစ်သွားလိမ့်မယ်။”

ရှောင်းယီက လက်ကာပြရင်း ထိုပြဿနာအပေါ် ထပ်မံမတွေးတောရန် အရိပ်အမြွက် ပြောလိုက်သည်။

ကျန်းယွင်ထျန်းက အနည်းငယ် စဉ်းစားလိုက်၏။

“ဒီကမ္ဘာရဲ့ အဆင့်ကန့်သတ်ချက်က SSS အဆင့်ပဲ။ အဆင့်တက်ဖို့ နေရာလွတ်ရှိသေးတယ်ဆိုရင်တောင် အဲ့ဒါက တော်တော်လေး သေးငယ်တယ်။ အကယ်၍ ငါတို့သာ အမည်းရောင်မြူခိုးတွေရဲ့ သက်ရောက်မှုကို ဖယ်ရှားနိုင်ရင် ဟိုဘက်ကို သွားမယ့်လူတွေက SSS အဆင့် ဖြစ်နေသရွေ့ ငါတို့မှာ တိုက်ခိုက်နိုင်မယ့် အခွင့်အရေး ရှိတယ်။”

ရှောင်းယီ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ ကျန်းယွင်ထျန်းက ဆက်ပြောသည်။

“မသေမျိုးအကြီးအကဲတွေ ရှိတဲ့နေရာနဲ့ ပတ်သက်လို့တော့ ဟင်းလင်းပြင် အက်ကွဲကြောင်းနားမှာပဲ ရှိနေမှာ သေချာတယ်။ ငါတို့ အနားကို ကပ်သွားပြီးမှပဲ တဖြည်းဖြည်းချင်း လိုက်ရှာလို့ရလိမ့်မယ်။”

“အကယ်လို့ ကျုပ်တို့ သူတို့ကို ရှာဖို့အတွက် အနားကို ကပ်သွားမယ်ဆိုရင် ဒီလှိုင်းလုံးကြီးလို တိုးဝင်လာမယ့် မသေမျိုးစစ်တပ်ကြီးကို ဘယ်လိုရင်ဆိုင်မှာလဲ။”

ဟူကျဲက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ရှောင်းယီတစ်ယောက် သူ၏မျက်လုံးများကို မှေးစင်းလိုက်၏။

“အဲ့ဒါကတော့ ပတ်ပတ်လည် အပြင်စည်းက တိုက်ခိုက်မှုတွေက သူတို့အပေါ် ဘယ်လောက်အထိ ဖိအားပေးနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။”

ရှောင်းယီ၏ စကားကို ကြားသောအခါ ကျားကျန့် သဘောပေါက်သွားခဲ့သည်။

အပြင်စည်းက တိုက်ခိုက်မှုများသာ ပြင်းထန်မှုရှိနေသရွေ့ မသေမျိုးမျိုးနွယ်စုသည် တုံ့ပြန်ရန်အတွက် အပြင်စည်းသို့ စစ်သည်အင်အား ပိုမိုစေလွှတ်ရမည်ဖြစ်ရာ ၎င်းက ဟင်းလင်းပြင် အက်ကွဲကြောင်းအနီးသို့ စိမ့်ဝင်မည့်သူများအပေါ် ကျရောက်မည့် ဖိအားကို လျော့နည်းသွားစေမည် ဖြစ်သည်။

“ဟုတ်တယ်။ ကျွန်းပိုင်ရှင် ပြောတာ မှန်တယ်။ ငါတို့က အပြင်စည်းမှာ ရှိတဲ့လူတွေကို သုံးပြီး မသေမျိုးတွေကို ပိုပြီး ဆွဲဆောင်ထားရုံပဲ တတ်နိုင်လိမ့်မယ်။ ကျန်တဲ့အချက်တွေကတော့ ခေါင်းဆောင်ကို အပြတ်ရှင်းမယ့် စစ်ဆင်ရေး အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။”

ကျန်းယွင်ထျန်းက ထောက်ခံလိုက်သည်။

“ဒါဆိုရင် ငါတို့ ခေါင်းဆောင်အပြတ်ရှင်းရေးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေကို သတ်မှတ်ဖို့ လိုပြီ။ ငါရထားတဲ့ သတင်းအရဆိုရင် မသေမျိုးအကြီးအကဲ ကိုးဦး ရှိတယ်။ အဲ့ဒီတော့ စစ်ဆင်ရေး ဖြစ်မြောက်နိုင်ဖို့အတွက် အနည်းဆုံး SSS အဆင့် တိုက်ခိုက်ရေးသမား ကိုးယောက် စိမ့်ဝင်ဖို့ လိုအပ်လိမ့်မယ်။”

ရှောင်းယီက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ ကျန်းယွင်ထျန်းကလည်း ခေါင်းညိတ်လိုက်သည်။

“အသက်ရှင်ကျန်ရစ်သူတွေထဲကနေ SSS အဆင့် တိုက်ခိုက်ရေးသမား ကိုးယောက်ကို ငါတို့ သေချာပေါက် ရှာနိုင်တယ်။ ဒါပေမဲ့ သူတို့ သွားချင်စိတ် ရှိမရှိဆိုတာကတော့ နောက်ထပ်ကိစ္စတစ်ခုပဲ။”

“ငါတို့ မဟာမိတ်အဖွဲ့ထဲမှာကော ဘယ်နှစ်ယောက် ရှိလဲ။”

ရှောင်းယီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ အကယ်၍ သူ့မဟာမိတ်အဖွဲ့အတွင်းမှာတင် လူစုဆောင်းနိုင်ပါက အခြားအသက်ရှင်ကျန်ရစ်သူများနှင့် ညှိနှိုင်းရမည့် ရှုပ်ထွေးမှုများကို ကိုင်တွယ်နေစရာ လိုအပ်တော့မည် မဟုတ်ပေ။

“ကျွန်းပိုင်ရှင် မင်းအပါအဝင်ဆိုရင် သုံးယောက်ပဲ ရှိသေးတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ငါနဲ့ ဒူခန်းပဲ။”

ကျန်းယွင်ထျန်းက မျှော်လင့်ချက်ကင်းမဲ့နေဟန်ဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားရသောအခါ ရှောင်းယီ အံ့ဩသွားခဲ့သည်။

“ဒူခန်းက SSS အဆင့်ကို ရောက်သွားပြီလား။”

“ဟုတ်တယ်။ မင်းပဲ သူ့ကို လေ့ကျင့်ဖို့ စစ်မြေပြင်ကို လာခိုင်းတာလေ။ သူ နာရီဝက်လောက်ပဲ တိုက်ခိုက်ရသေးတယ်။ အောင်အောင်မြင်မြင်နဲ့ အဆင့်တက်သွားတာပဲ။”

ကျန်းယွင်ထျန်းက အားကျသလိုလို စိတ်ပျက်သလိုလိုဖြင့် ဆက်ပြောလိုက်သည်။

“ဒီကောင်က သူ့ရဲ့ ပါရမီကို လုံးဝ ဖြုန်းတီးနေတာပဲ။ တကယ်လို့ သူသာ စစ်မြေပြင်ကို စောစောလာခဲ့ရင် SSS အဆင့်ကို ရောက်နေတာ ကြာလှပြီ။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“နောက်ကျရင် သူ့ကို ပိုပြီး ဖိအားပေးရမယ်။”

ကျန်းယွင်ထျန်းသည်လည်း ထိုအချက်ကို အလွန်အမင်း ထောက်ခံလိုက်၏။

“ကျွန်းပိုင်ရှင်... မင်းကတော့ ဒီလို အန္တရာယ်များတဲ့ စစ်ဆင်ရေးမှာ သေချာပေါက် ပါဝင်လို့ မဖြစ်ဘူး။ ငါနဲ့ ဒူခန်းအပြင် နောက်ထပ် SSS အဆင့် တိုက်ခိုက်ရေးသမား ခုနစ်ယောက် ထပ်လိုသေးတယ်။”

“ငါ မဖြစ်မနေ သွားရမယ်။”

ရှောင်းယီ၏ လေသံမှာ ပြတ်သားလွန်းလှသဖြင့် ငြင်းခုံရန် နေရာမရှိခဲ့ပေ။ သူသည် နောက်ကွယ်က ကြိုးကိုင်သူထံမှ ဆုလာဘ်ကို ရရှိရန်အတွက် အကောင်းဆုံး စွမ်းဆောင်ပြရမည် ဖြစ်သည်။ သို့မဟုတ်ပါက သူ ယခင်က ကြိုးပမ်းခဲ့သမျှ အားထုတ်မှုများ အားလုံးသည် အလဟဿ ဖြစ်သွားပေလိမ့်မည်။

အခန်း ၁၂၀၀

ရှောင်းယီ၏ ပြတ်သားလွန်းလှသော စကားများကို ကြားလိုက်ရသောအခါ ကျန်းယွင်ထျန်းသည် သူ၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်မိသည်။

သူ ဘယ်လောက်ပဲ တားဆီးပိတ်ပင်ပါစေ... ရှောင်းယီကတော့ သေချာပေါက် သွားမည်ဆိုသည်ကို သူ ကောင်းကောင်း သိနေ၏။

ထိုစဉ်မှာပင် ဧရာ်ဘီလူးကြီး ကျားကျန့်က ကြားဖြတ်၍ ပြောလာခဲ့သည်။

“ကျွန်းပိုင်ရှင်... ငါတို့ကိုပဲ သွားခွင့်ပြုလိုက်ပါ။ ငါတို့မျိုးနွယ်စုက ဧရာမဘီလူးတွေ အကုန်လုံးက SSS အဆင့်တွေချည်းပဲ။”

ရှောင်းယီက ခေါင်းခါပြလိုက်သည်။

“ခင်ဗျားတို့ သွားလို့မရဘူး။”

“ဘာဖြစ်လို့လဲ။”

ဟူကျဲက ချက်ချင်း ရှေ့တိုးလာပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ မင်းတို့ရဲ့ ခန္ဓာကိုယ်တွေက ကြီးလွန်းလို့ပဲ။ အဲ့ဒါက လျှို့ဝှက်စစ်ဆင်ရေး လုပ်ဖို့ လုံးဝ အဆင်မပြေဘူး။”

ကျန်းယွင်ထျန်းက ရှောင်းယီကိုယ်စား ရှင်းပြပေးလိုက်သည်။။ကျားကျန့်နှင့် ဟူကျဲတို့ အနည်းငယ် ဆွံ့အသွားကြပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့်သာ ပြုံးလိုက်မိကြတော့သည်။

သူတို့သည် ခုနက အဆင့် ကိစ္စကိုသာ ထည့်သွင်းစဉ်းစားခဲ့ပြီး စိမ့်ဝင်လှုပ်ရှားရမည့် ကိစ္စကို ထည့်မတွေးမိခဲ့ကြပေ။

“ဒူခန်းကို ဒီဘက်ခေါ်လိုက်ပါ။ ငါ အခု ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေတစ်ဆင့် ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်မယ်။”

ရှောင်းယီက ညွှန်ကြားပြီးနောက် အကြီးစားကုန်တင်လေယာဉ်ဆီသို့ လျှောက်သွားလိုက်တော့သည်။

“ဟုတ်ကဲ့။”

ကုန်တင်လေယာဉ်အတွင်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့သို့ ရောက်ရှိလာသောအခါ ရှောင်းယီသည် ယီထျန်းဂရုချက်တွင် စာတင်လိုက်သည်။

“ကျုပ်တို့ရဲ့ ကင်းထောက်မှုအရ... မသေမျိုးမျိုးနွယ်စုရဲ့ အကြီးအကဲကိုးဦးက ဟင်းလင်းပြင် အက်ကွဲကြောင်းအနီးမှာ တပ်စွဲထားတယ်။ သူတို့ဟာ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲကနေ မသေမျိုးမြူခိုးတွေကို စဉ်ဆက်မပြတ် သယ်ဆောင်ထုတ်လွှတ်နေကြတယ်။”

“ပြီးတော့ ဒီမသေမျိုးမြူခိုးတွေက မသေမျိုးမျိုးနွယ်စုတွေအတွက် အဆင့်မြှင့်တင်မှုတစ်ခုကို ပေးစွမ်းနိုင်ပြီး မြူခိုးထဲမှာရှိတဲ့ မသေမျိုးအဖွဲ့ဝင်တွေရဲ့ အရည်အချင်းတွေကို နှစ်ဆအထိ တိုးတက်လာစေနိုင်စွမ်း ရှိတယ်။”

စကားကြောင့် ဂရုချက်ထဲတွင် ချက်ချင်းပင် ဆူညံသွားတော့သည်။

“သူဌေးကြီး နောက်ဆုံးတော့ ပေါ်လာပြီပဲ။ ငါတို့ တော်တော် စောင့်လိုက်ရတယ်။”

“သူဌေး ပေါ်မလာတာ မဆန်းပါဘူး။ သူက ကင်းသွားထောက်နေတာပဲ။”

“ဘာလို့ အကြီးအကဲကိုးဦးက ထပ်ပေါ်လာပြန်တာလဲ။ မသေမျိုးမြူခိုး ဟုတ်လား။ အဲ့ဒါတွေကရော ဘာတွေလဲ။”

“အတည်ကြီးလား။ ဒီလိုအခြေအနေမျိုးမှာတောင် မသေမျိုးမျိုးနွယ်စုကို အဆင့်မြှင့်တင်မှု ပေးနေသေးတယ်ပေါ့။ သူတို့က ငါတို့ကို လုံးဝ အနိုင်မရစေချင်တာပဲ။”

“အရေးကြီးဆုံးက ငါတို့ အခု ဘာလုပ်ရမလဲဆိုတာပဲ။ သူဌေး... ခင်ဗျားမှာ အစီအစဉ် ရှိပြီးသားမဟုတ်လား။ ပြောသာပြောလိုက်ပါ။ ကျုပ်တို့ သူဌေးနဲ့အတူ အပြည့်အဝ ပူးပေါင်းမယ်။”

“ဟုတ်တယ် သူဌေး... ကျုပ်တို့ ဘာလုပ်ရမလဲဆိုတာပဲ တိုက်ရိုက်အမိန့်ပေးလိုက်ပါ။”

ထိုအခါ ရှောင်းယီက ဆက်ပြောလိုက်သည်။

“ကျုပ်တို့သာ ပုံမှန်အတိုင်း စနစ်တကျ တိုက်ခိုက်မယ်ဆိုရင် မသေမျိုးမြူခိုးတွေထဲမှာ မသေမျိုးမျိုးနွယ်စုကို ဘယ်လိုမှ အနိုင်တိုက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျုပ်တို့က ခေါင်းဆောင်တွေကို အပြတ်ရှင်းမယ့် စစ်ဆင်ရေးကိုပဲ သုံးရမယ်။ ကျုပ်တို့သာ မသေမျိုးမျိုးနွယ်စုရဲ့ အကြီးအကဲကိုးဦးကို အပြတ်ရှင်းနိုင်ရင် အနိုင်ရဖို့ အခွင့်အရေး ရှိလိမ့်မယ်။”

“အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမဲ့ ဘယ်သူက ဒီခေါင်းဆောင်အပြတ်ရှင်းရေး မစ်ရှင်ကို ပြီးမြောက်အောင် လုပ်နိုင်မှာလဲ။ ဒါက မသေမျိုးမျိုးနွယ်စုရဲ့ ဗဟိုချက်အထိ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်ရမှာလေ။ အဲ့ဒီမှာရှိတဲ့ မသေမျိုးစစ်တပ်အင်အားက အရမ်းကြီးမားပြီး အစွမ်းထက်မှာ သေချာတယ်။”

“အတိအကျပဲ။ ပိုပြီးအရေးကြီးတာက အဲ့ဒီနေရာက မသေမျိုးမြူခိုးတွေက အထူထပ်ဆုံး ဖြစ်မှာပဲ။ သူတို့ရဲ့ အရည်အချင်းတွေ နှစ်ဆတိုးသွားပြီးရင် SSS အဆင့်တွေတောင်မှ ချက်ချင်း အသတ်ခံရနိုင်တယ်။”

“ဒီအစီအစဉ်က စွန့်စားရာကျလွန်းတယ်။”

လူတိုင်း တွန့်ဆုတ်နေကြသည်ကို မြင်သောအခါ ရှောင်းယီက ချက်ချင်း ပြောလိုက်သည်။

“ကျုပ် မြူခိုးပြဿနာကို ဖြေရှင်းနိုင်တယ်။ ဒါပေမဲ့ ကျုပ်တို့နဲ့အတူ လိုက်ခဲ့ပေးမယ့် SSS အဆင့် အသက်ရှင်ကျန်ရစ်သူတွေ လိုအပ်တယ်။ ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲမှာလည်း SSS အဆင့် အသက်ရှင်ကျန်ရစ်သူ အင်အားက အရမ်းနည်းနေတယ်။”

“တကယ်လို့ မြူခိုးကို ကိုင်တွယ်နိုင်မယ်ဆိုရင်တော့ တစ်ပွဲတစ်လမ်း စမ်းကြည့်လို့ရပါတယ်။ ဒါပေမဲ့ အန္တရာယ်ကတော့ အရမ်းကြီးမားနေတုန်းပဲ။”

“ငါတို့သာ ဒီအပတ်ထဲမှာ မသေမျိုးမျိုးနွယ်စုကို အပြတ်မရှင်းနိုင်ရင် နောင်ကျရင် ပိုပြီးကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်။”

“အတိအကျပဲ။ မင်းတို့ သဘောမပေါက်သေးဘူးလား။ သူဌေးကိုယ်တိုင်တောင် သွားဖို့ ပြင်နေတာလေ။ ဒါက ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ယူမှုကို အမှန်တကယ် ပြသနေတာပဲ။”

“ဟုတ်တယ်။ ကြောက်နေစရာ ဘာရှိလို့လဲ။ ငါသာ SSS အဆင့်ဆိုရင် အခုချက်ချင်း နာမည်စာရင်း ပေးလိုက်ပြီ။”

“အပေါ်ကလူ... မင်း ပြောတာ သေချာလား။ ငါ့ဆီမှာ မင်းကို SSS အဆင့် ရောက်အောင် လုပ်ပေးနိုင်တဲ့ ဆေးလုံးတွေ ရှိတယ်နော်။ ကဲ... နာမည်စာရင်း ပေးလိုက်တော့။”

“အာ... ဆေးလုံးတွေသုံးပြီး အဆင့်မြှင့်တာက အဆင့်မတည်ငြိမ်ဘူး။ ငါသွားပြီး လူတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။”

“ဟမ့်... ငကြောက်။ အားလုံးပဲ... ကိုယ်ကျင့်တရားနဲ့ လာပြီး ဖိအားမပေးကြပါနဲ့။ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ သာမန်လူတွေက ရှောင်ရှားကြတာ သဘာဝပဲလေ။”

“ငါ နာမည်စာရင်း ပေးတယ်။”

ဤအခိုက်အတန့်တွင် ကျိကျိယင်းဟု အမည်ရသော အိုင်ဒီတစ်ခုက စကားပြောလာခဲ့သည်။

ထိုအိုင်ဒီကို မြင်လိုက်ရသောအခါ ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားမိသည်။ ဤသူသည် ယခင်က ရှောင်းယီကိုယ်တိုင် ပြင်းထန်စွာ ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့ဖူးသော ကျိမိသားစု၏ ပါရမီရှင် မဟုတ်ပါလော။

သူ့ကို ပထမဆုံး လာရောက်တုံ့ပြန်သည့်သူမှာ ယခင်က ပြိုင်ဘက်ဟောင်းတစ်ဦး ဖြစ်နေလိမ့်မည်ဟု ရှောင်းယီ လုံးဝ မျှော်လင့်မထားခဲ့ပေ။

“ကောင်းပြီ။ ကြိုဆိုပါတယ်။”

ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ပြန်စာရေးလိုက်သည်။

“ဒါပေမဲ့ ဗဟိုချက်ဧရိယာထဲမှာ မသေမျိုးမျိုးနွယ်စုဝင်တွေ အများကြီး ရှိနေမှာ သေချာတယ်။ အဲ့ဒါကို ဘယ်လိုကိုင်တွယ်ဖို့ စီစဉ်ထားလဲ။”

ကျိကျိယင်းက ထပ်မေးလိုက်သည်။

“ငါတို့က အပြင်စည်းပတ်ပတ်လည်ကနေ ဖိအားအလုံအလောက်ပေးပြီး ဗဟိုချက်ဧရိယာထဲမှာရှိတဲ့ မသေမျိုးအဖွဲ့ဝင်တွေအကုန်လုံးကို အပြင်ထွက်လာအောင် ဆွဲထုတ်မယ်။ အဲ့ဒီနောက်မှ ငါတို့က အတွင်းထဲကို စိမ့်ဝင်ပြီး ခေါင်းဆောင်အပြတ်ရှင်းရေး စစ်ဆင်ရေးကို ဆောင်ရွက်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ စစ်ဆင်ရေးစတာနဲ့ ငါ့ကို အကြောင်းကြားလိုက်ပါ။”

ကျိကျိယင်းက ပြန်ပြောလိုက်သည်။ ရှောင်းယီ၏ အစီအစဉ်ကို ကြားလိုက်ရသောအခါ အခြားသော SSS အဆင့် အသက်ရှင်ကျန်ရစ်သူများသည်လည်း စိတ်လှုပ်ရှားသွားခဲ့ကြသည်။

ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်၏ အသိပေးချက်တွင် ကောင်းမွန်စွာ စွမ်းဆောင်နိုင်သူများအတွက် ဆုလာဘ်များ ရှိလိမ့်မည်ဟု ဖော်ပြထားရာ အကယ်၍ သူတို့သာ ခေါင်းဆောင်အပြတ်ရှင်းရေး စစ်ဆင်ရေးတွင် မပါဝင်ခဲ့ပါက ကောင်းမွန်သော စွမ်းဆောင်ရည် အကဲဖြတ်ချက်ကို ရရှိရန် ခက်ခဲပေလိမ့်မည်။

ထို့အပြင် ရှောင်းယီ၏ အစီအစဉ်မှာလည်း အမှန်တကယ် ဖြစ်နိုင်ခြေရှိနေ၏။ အနည်းငယ် တွန့်ဆုတ်နေကြပြီးနောက် နောက်ဆုံးတွင် သူတို့ ပါဝင်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။

“သေစမ်း... ငါတော့ စွန့်စားကြည့်တော့မယ်ကွာ။ ငါလည်း ပါမယ်။”

“ငါလည်း ပါမယ်။”

ယီထျန်းအဖွဲ့လိုက်စကားဝိုင်းအတွင်း နာမည်စာရင်းပေးမှုများ တရစပ် ရောက်ရှိလာခဲ့သည်။

“တိလင်းဂိုဏ်းကနေ နေရာနှစ်နေရာ ယူမယ်။”

တိလင်းထျန်းရှားက ကြေညာလိုက်သည်။

“ငါ့ဘက်မှာတော့ နေရာခြောက်နေရာ ရှိတယ်။”

နိုင်ငံခြားရေးမဟာဗျူဟာရှင်ကြီး ဂျေဘီကလည်း စာတစ်စောင် ပို့လာခဲ့သည်။

“သူဌေးအနေနဲ့ ဒီစစ်ဆင်ရေးမှာ နိုင်ငံခြားသားတွေ ပါဝင်မှာကို ကြိုဆိုရဲ့လား မသိဘူး။”

“ကြိုဆိုတာပေါ့။ အခုအချိန်မှာ ကျုပ်တို့အားလုံးက လူမျိုးမရွေး၊ နိုင်ငံမရွေး အသက်ရှင်ကျန်ရစ်သူတွေချည်းပဲ။ မသေမျိုးမျိုးနွယ်စုကို အမြစ်ပြတ်ချေမှုန်းနိုင်သရွေ့... အဲ့ဒီနောက်ပိုင်းမှ ကျုပ်တို့အချင်းချင်း ဘယ်လိုပဲ ပြိုင်ဆိုင်ကြပါစေ၊ အဲ့ဒါက ပြည်တွင်းရေးကိစ္စပဲ ဖြစ်လိမ့်မယ်။”

ရှောင်းယီက လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

“သူဌေး ပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်တွင်းက သဘောထားကွဲလွဲမှုတွေနဲ့ အာဃာတတွေကို ဘေးဖယ်ထားသင့်တယ်။”

“ပထမဆုံးအနေနဲ့ ပြင်ပရန်သူကို အတူတူ ပူးပေါင်းတိုက်ထုတ်ကြမယ်။ ပြည်တွင်းရေးတွေကိုတော့ ငါတို့ဘာသာ ဖြည်းဖြည်းချင်း ဖြေရှင်းကြတာပေါ့။”

“ငါတို့ မဟာမိတ်အဖွဲ့မှာ SSS အဆင့်တွေ မရှိလို့ သူဌေးကို အင်အားနဲ့ မပံ့ပိုးနိုင်ပေမဲ့ အပြင်စည်းက ဖိအားတွေကို လျှော့ချပေးဖို့တော့ ကူညီပေးနိုင်ပါတယ်။”

“ကျုပ်တို့လည်း အတူတူပဲ။ ခေါင်းဆောင်အပြတ်ရှင်းရေး စစ်ဆင်ရေးက သူရဲကောင်းတို့... အားတင်းထားကြပါ။ မင်းတို့ဆီက သတင်းကောင်းကို ငါတို့ စောင့်မျှော်နေမယ်။”

ရှောင်းယီ ပါဝင်မည့်သူ အရေအတွက်ကို ရေတွက်ကြည့်လိုက်ရာ စုစုပေါင်း လူအယောက် ၂၀ တိတိ ရှိပြီး သူ့မဟာမိတ်အဖွဲ့မှ သုံးယောက်အပါအဝင်ဆိုလျှင် စုစုပေါင်း ၂၃ ယောက် ဖြစ်သည်။ ၎င်းက သူခန့်မှန်းထားသည်ထက်ပင် အနည်းငယ် ပိုများနေသေးသည်။

ဤခေါင်းဆောင်အပြတ်ရှင်းရေး စစ်ဆင်ရေးအတွက် SSS အဆင့် ပညာရှင်များလေ ပိုကောင်းလေပင် ဖြစ်သည်။

“နာမည်စာရင်းပေးထားတဲ့လူတွေအားလုံး ကျုပ်ရှိတဲ့နေရာကို လာပြီးစုဆောင်းကြပါ။ ငါ မင်းတို့ကို မြို့ပြန်ကျောက်တစ်တုံးစီ ကုန်သွယ်ပေးမယ်။ အဲ့ဒါကိုသုံးပြီး ဒီဘက်ကို တိုက်ရိုက် လာခဲ့ကြပါ။”

ရှောင်းယီက နောက်ထပ် စာတစ်စောင် ပို့လိုက်သည်။

“သဘောပေါက်ပါပြီ။”

လူတိုင်းက ပြန်ဖြေလိုက်ကြသည်။

မကြာမီမှာပင် အကြီးစားကုန်တင်လေယာဉ်၏ နားနေဆောင်အတွင်း၌ အဖြူရောင်အလင်းတစ်ယောက် တစ်ချက်လက်ခနဲ ဖြစ်သွားပြီး နာမည်စာရင်းပေးထားသော အသက်ရှင်ကျန်ရစ်သူများ ချက်ချင်းပင် ရောက်ရှိလာကြတော့သည်။

ရောက်ရှိလာပြီးနောက် သူတို့သည် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်လိုက်ကြသည်။ သူတို့ကိုယ်သူတို့ ဧရာမလေယာဉ်ပျံကြီးတစ်စီး၏ နားနေဆောင်အတွင်း ရောက်ရှိနေမှန်း သိလိုက်ရသောအခါ အားလုံး အံ့ဩမှင်တက်သွားကြတော့သည်။

“ယီရန်ပင်း မဟာမိတ်အဖွဲ့မှာ ဒီလောက်ကြီးတဲ့ လေယာဉ်ပျံကြီး ရှိလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး။”

တိလင်းထျန်းရှားတစ်ယောက် အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။ ဂျေဘီကလည်း ခေါင်းယမ်းရင်း ပြောလိုက်သည်။

“ယီရန်ပင်းက ငါတို့ကို အမြဲတမ်း ဒီလိုပဲ အံ့ဩအောင် လုပ်နေကျ မဟုတ်ဘူးလား။”

ကျိကျိယင်း၏ မျက်လုံးများထဲတွင်လည်း တုန်လှုပ်မှုများ ပြည့်နှက်နေသော်လည်း သူကတော့ နှုတ်ဆိတ်နေခဲ့သည်။

လူတိုင်း ရောက်ရှိလာသည်ကို မြင်သောအခါ ရှောင်းယီက စကားစလိုက်သည်။

“ငါတို့မှာ ကိုယ်ကျပ်ဝတ်စုံ အလုံအလောက် မရှိဘူး။ ဒါပေမဲ့ ကာကွယ်ရေး ဝတ်စုံတွေတော့ အများကြီး ရှိတယ်။ အဲ့ဒါကြောင့်... တချို့လူတွေကတော့ ကာကွယ်ခြုံရေးဝတ်စုံတွေကိုပဲ ဝတ်ဆင်ရလိမ့်မယ်။”

“ရပါတယ်ဗျာ။ ဝတ်စုံရှိတာတင်ပဲ တော်တော်ကောင်းနေပါပြီ။ ကျုပ်က လက်ဗလာနဲ့ပဲ သွားရတော့မယ် ထင်နေတာ။”

“ဟုတ်ပါ့။ သူဌေးဆီမှာ ကာကွယ်ရေးဝတ်စုံတွေတောင် ရှိနေတာကပဲ တကယ်ကို အံ့ဩဖို့ကောင်းလှပါပြီ။”

“ဝတ်စရာတစ်ခုခုရှိရင်ကို ရပါပြီ။ ကျုပ် တစ်ခုပဲ မေးချင်တယ်...။ တိုက်ပွဲပြီးသွားရင် ဒီဝတ်စုံတွေကို ပြန်ပေးရမှာလား။”

ရှောင်းယီ ပြုံးလိုက်မိ၏။

“ကာကွယ်ရေးဝတ်စုံတွေကိုတော့ ပြန်ပေးစရာမလိုပါဘူး။ ဒါပေမဲ့ ကိုယ်ကျပ်ဝတ်စုံတွေကိုတော့ သေချာပေါက် ပြန်ပေးရပါမယ်။”

ကိုယ်ကျပ်ဝတ်စုံများမှာ ၁၂ စုံသာ ရှိပြီး ကျန်ရှိသည့် ၁၁ ယောက်မှာ ကာကွယခရေးဝတ်စုံများကိုသာ ဝတ်ဆင်ကြရမည်ဖြစ်သည်။

All Chapters