အခန်း (၃၇၉-၃၈၀)
Vol. 38 Ch. 379-380
အခန်း (၃၇၉)
" အဆင့်နှစ်ရတနာသေတ္တာကို ဖွင့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" အဆင့်နှစ်ရတနာသေတ္တာကို ဖွင့်နေပါတယ်။ မြေကြီးအဆင့် အဆင့်မြင့် သိုင်းတာအိုအမြစ်စစ်ဆေးခြင်း ကျောက်တိုင်သန့်စင်ခြင်း နည်းလမ်းကို ရရှိပါတယ်။ " စန်စမှ အသိပေးချက်ပေါ်လာသည်။
" သိုင်းတာအိုအမြစ်စစ်ဆေးခြင်း။ အခုတော့ အရေးမပါပေမယ့် အနာဂတ်မှာ အသုံးဝင်လာနိုင်တယ်။ ပြီးတော့ ဒါကို ပြုလုပ်ဖို့ ရတနာသန့်စင်သူတစ်ယောက် လိုအပ်တယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။
သူက ဆေးဖော်စပ်သူတစ်ယောက်၏ အမွေကို ဆက်ခံထားသော်လည်း ရတနာသန့်စင်ခြင်းနှင့် ပက်သက်၍ လုံးဝနားမလည်ပေ။ အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံရန်အတွက် စိတ်ဝိညာဉ်အမြစ်လိုအပ်သည်။ ၎င်းကို ကျင့်ကြံရန် ခက်ခဲသည်။
သိုင်းပညာကို ကျင့်ကြံရန်က ပိုမိုလွယ့ကူသည်။ သိုင်းတာအိုအမြစ် ပိုကောင်းလေ သိုင်းပညာကို ကျင့်ကြံရန် ပိုမြန်နိုင်လေဖြစ်ပြီး အနာဂတ်တွင် ပိုမိုမြင့်မားသော အဆင့်သို့ ရောက်နိုင်သည်။
အကယ်၍ သိုင်းတာအိုအမြစ် စစ်ဆေးသည့် ကျောက်တိုင်ကို ရရှိလျှင် ကျောက်ဖုန်းက သိုင်းတာအိုအမြစ်များကို တိုက်ရိုက်စစ်ဆေးပြီး အာရုံစိုက်ပြီး လေ့ကျင့်နိုင်လေသည်။ သို့သော် ၎င်းကို အောင်မြင်စေရန် ကျောက်ဖုန်းတွင် ရတနာသန့်စင်ခြင်းနည်းစနစ် လိုအပ်သေးသည်။
" တိုင်းတစ်ပါးလူမျိုးတွေကို ချေမှုန်းတာက တကယ်ကောင်းတဲ့ အကျိုးအမြတ်တွေရခဲ့တာပဲ။ " ကျောက်ဖုန်းက ပြန်ထိုင်လိုက်သည်။
စစ်သည်များက တစ်နာရီကျော် အနားယူခဲ့ကြသည်။ ထိုအချိန်တွင် ထောက်ပို့စစ်သည်များလည်း စစ်မြေပြင်ကို ရောက်ရှိလာကြသည်။
" စစ်သေနာပတိချုပ် " ခွိုက်ဖုနှင့် ထောက်ပို့တပ်၏ စစ်သူကြီး ယန်ပိုတို့ ရောက်လာကြပြီး လေးစားစွာ ဦးညွှတ်လိုက်ကြသည်။
" အင်း " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ " ဒီကစစ်ရေးအခြေအနေကို ရှန်းယန်ကို သတင်းပို့လိုက်ပါ။ တိုင်းတစ်ပါးလူမျိုးတွေကို ရှန်းကျိုးနယ်မြေထဲက မောင်းထုတ်လိုက်ပြီ။ ဒီတိုက်ပွဲမှာ ရန်သူနှစ်သိန်းနီးပါးကို သတ်ဖြတ်ပြီး ငါတို့ စစ်တပ်က လေးသောင်းနီးပါး ကျဆုံးခဲ့တယ်။ ငါ့ရဲ့ နာမည်နဲ့ ကျဆုံးသွားတဲ့ စစ်သည်တွေအတွက် တစ်ဆင့်မြင့်တဲ့ နှစ်စဉ်လစာနဲ့ ထောက်ပံ့ကြေးပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုလိုက်ပါ။ "
" ပြီးတော့ အရှင်မင်းကြီးကို သတင်းပို့လိုက်ပါ။ ငါ စစ်တပ်ကို ဦးဆောင်ပြီး မြောက်ပိုင်းရဲ့ အတွင်းပိုင်းအထိ သွားဖို့ ရည်ရွယ်ထားတယ်။ ပြန်လာမယ့်အချိန် အတိအကျ မပြောနိုင်သေးဘူး။ အရှင်မင်းကြီးကို မစိုးရိမ်ဖို့ ပြောလိုက်ပါ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ ခွိုက်ဖုနှင့် ယန်ပိုတို့ နှစ်ယောက်လုံးက တုန်လှုပ်သွားကြသည်။
" စစ်သေနာပတိချုပ် တိုင်းတစ်ပါးလူမျိုးတွေကို မောင်းထုတ်ပြီးပြီ။ သူတို့ရဲ့ ဆုံးရှုံးမှုကလည်း ကြီးမားတယ်။ စစ်သေနာပတိချုပ်ရဲ့ တာဝန်လည်း ပြီးမြောက်သွားပါပြီ။ စစ်သေနာပတိချုပ်အနေနဲ့ ကိုယ်ကိုကိုယ် အန္တရာယ်ထဲရောက်အောင် မလုပ်သင့်ပါဘူး။ ဘာပဲဖြစ်ဖြစ် မြောက်ပိုင်းက ရှုပ်ထွေးပြီး အန္တရာယ်များတယ်။ " ခွိုက်ဖုက အကြံပေးလိုက်သည်။
" တုန်ဟူလူမျိုးတွေက ဟွာရှလူမျိုးတွေ အများကြီးကို သတ်ခဲ့တယ်။ ဒီကျူးကျော်သူတွေကို သတ်လိုက်ရုံနဲ့ မလုံလောက်သေးဘူး။ ငါ တိုင်းတစ်ပါးလူမျိုးတွေကို သွေးကြွေးပြန်ဆပ်ခိုင်းရမယ်။ " ကျောက်ဖုန်းက ပြတ်သားစွာ ပြောလိုက်သည်။
ခွိုက်ဖုက စိတ်ရှုပ်ထွေးသွားပြီး ကျောက်ဖုန်းကို ဆက်လက်ဖြောင့်ဖျရန် ပြင်လိုက်သည်။
" စစ်တရားသူကြီးခွိုက် တိုင်းတစ်ပါးလူမျိုးတွေ ထပ်မလာရဲအောင် သူတို့ ကြောက်သွားတဲ့အထိ ငါတို့ သတ်ပစ်ရမယ်။ သမိုင်းတစ်လျှောက်မှာ တိုင်းတစ်ပါးလူမျိုးတွေက ဘာလို့ ငါတို့ ရှန်ကျိုးနယ်မြေကို ကျူးကျော်ခဲ့တာလဲ။ ငါတို့ကရော ဘာလို့ သူတို့ဆီကို မကျူးကျော်ခဲ့တာလဲ။ ဘာလို့လဲဆိုတော့ သူတို့ ကြောက်သွားအောင် ငါတို့ မသတ်နိုင်ခဲ့လို့ပဲ။ ပြီးတော့ ငါက သူတို့ကို ကြောက်ရွံ့သွားပြီး ရှန်းကျိုးကို နောက်တစ်ကြိမ် ခြေမချရဲအောင် လုပ်မှာပဲ။ သူတို့တောင် လာနိုင်ရင် ငါလည်း သွားနိုင်တယ်။ " ကျောက်ဖုန်းက အေးစက်သော အရှိန်အဝါများနှင့် ပြောလိုက်သည်။
ခွိုက်ဖုက လေးနက်သွားပြီး ကျောက်ဖုန်းကို ဦးညွှတ်လိုက်သည်။ " ကျုပ် စစ်သေနာပတိချုပ်ကို လေးစားပါတယ်။ "
" ထောက်ပို့တပ်ကို စစ်သည်တစ်သောင်းအတွက် ဆယ်ရက်စာရိက္ခါတွေ ပြင်ဆင်ခိုင်းထားပါ။ မနက်ဖြန် ငါထွက်ခွာမယ်။ " ကျောက်ဖုန်းက ယန်ပိုကို ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ယန်ပိုက ပြန်ပြောလိုက်သည်။
" ပြီးတော့ ထောက်ပို့တပ်ရောက်လာပြီဆိုတော့ ကျင်းကွမ်တည်ဆောက်ဖို့ ခင်ဗျားဆီ အပ်လိုက်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
ကျင်းကွမ်တည်ဆောက်ခြင်းက ခေါင်းများကို ပုံထားရုံသက်သက်မဟုတ်ဘဲ မြို့ရိုးတစ်ခုကဲ့သို့ ဖြစ်အောင် ရွှံ့စေးနှင့် ပေါင်းစပ်ရခြင်းဖြစ်သည်။ ၎င်းက အလွန်ထူးဆန်းပြီး အလွန်ကြောက်စရာကောင်းသည်။ တိုင်းတစ်ပါးမျိုးနွယ်များက ကျင်းကွမ်ကို မြင်သောအခါ ကြောက်လန့်ပြီး ထွက်ပြေးသွားကြပေလိမ့်မည်။
" ငါ့ကို မသတ်ပါနဲ့။ ငါက ဟွာရှလူမျိုးပါ။ ငါ့ကို အသက်ချမ်းသာပေးပါ။ " ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။
စစ်သည်အချို့က သွေးစွန်းနေသော အဝတ်အစားများနှင့် သက်လတ်ပိုင်းလူတစ်ယောက်ကို ဆွဲခေါ်လာကြသည်။
" စစ်သေနာပတိချုပ် ဒီလူက အလောင်းတွေထဲမှာ သေချင်ယောင်ဆောင်နေတာပါ။ သူက တုန်ဟူလူမျိုးတွေရဲ့ ခြိမ်းခြောက်ခိုင်းစေမှုကို ခံခဲ့ရတယ်လို့ ပြောပြတယ်။ " ဟန်ချန်းယန်က ဆံပင်များရှုပ်ပွနေသော လူတစ်ယောက်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
" စစ်သေနာပတိချုပ်ကျောက်ဖုန်းကို နှုတ်ဆက်ပါတယ်။ ကျွန်တော်က ယန်နိုင်ငံက ဝန်ကြီးစစ်မာလင်းပါ။ ကျွန်တော်က တုန်ဟူလူမျိုးတွေရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတာပါ။ ကျွန်တော်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ " စစ်မာလင်းက ဒူးထောင်ပြီး ပြောလိုက်သည်။
သူ၏ ပုံစံကို ကြည့်ပြီး သူ့ကို ခေါ်လာသော စစ်သည်များကလည်း သူ့ကို လွှတ်ပေးလိုက်ပြီး စစ်မာလင်း၏ စကားကို ယုံကြည်သွားပုံရသည်။ သို့သော် ကျောက်ဖုန်းက စစ်မာလင်းကို စူးစိုက်ကြည့်လိုက်သည်။
" ငါ့ကို လှည့်စားဖို့ လွယ်တယ်ထင်နေတာလား။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
စစ်မာလင်းက တစ်ကိုယ်လုံး တုန်ယင်သွားပြီး ထိတ်လန့်တကြား ပြောလိုက်သည်။ " ကျွန်တော် ကျွန်တော် စစ်သေနာပတိချုပ်ကို မလှည့်စားရဲပါဘူး။ "
" တုန်ဟူလူမျိုးတွေ သူတို့ကို ခေါ်လာတာ မင်းပဲ မဟုတ်လား။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
" စစ်သေနာပတိချုပ် နားလည်မှုလွဲနေတာပါ။ ကျွန်တော်က ယန်နိုင်ငံက ဝန်ကြီးတစ်ယောက်ပါ။ တုန်ဟူလူမျိုးတွေကို ဘယ်လိုလုပ်ခေါ်လာနိုင်မှာလဲ။ " စစ်မာလင်းက ခေါင်းခါလိုက်သည်။
" ငါမင်းကို မသိဘူးလို့ တကယ်ပဲထင်နေတာလား။ ငါတို့ ချင်စစ်တပ်ကို တိုက်ခိုက်ဖို့အတွက် တုန်ဟူလူမျိုးတွေနဲ့ ပူးပေါင်းဖို့ အကြံပေးခဲ့တဲ့သူက မင်းပဲလေ။ ယန်မြောက်ပိုင်းနယ်စပ်က လူပေါင်းများစွာ သေဆုံးခဲ့ရတဲ့ အဓိကတရားခံက မင်းပဲ။ တိုင်းတစ်ပါးလူမျိုးတွေနဲ့ ပူးပေါင်းတယ်။ သူတို့ကို ခေါ်လာတယ်။ ငါတို့ ဟွာရှလူမျိုးတွေကို သတ်ဖြတ်တယ်။ မင်းကို ဘယ်လိုသတ်သင့်တယ်လို့ထင်လဲ။ " ကျောက်ဖုန်းက စစ်မာလင်းကို အေးစက်စွာ ကြည့်လိုက်သည်။
" ကျွန် ကျွန်တော်..." စစ်မာလင်းက အလွန်ကြောက်လန့်သွားသည်။ ကျောက်ဖုန်းက အားလုံးကို ရှင်းရှင်းလင်းလင်း သိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
" ကိုယ့်လူမျိုးကို သစ္စာဖောက်တဲ့သူ မင်းလည်း သေရမယ်။ မင်းရဲ့ မိသားစုလည်း သေရမယ်။ သူ့ကို အပိုင်းပိုင်းဖြတ်ပြီး ကွပ်မျက်လိုက်။ သူ့မိသားစုတစ်ခုလုံးကို ခေါင်းဖြတ်လိုက်။ " ကျောက်ဖုန်းက သူ၏ လက်ကို ဝှေ့ရမ်းပြီး အမိန့်ပေးလိုက်သည်။
" ကျွန်တော်ကို မသတ်ပါနဲ့။ ကျွန်တော်အသက်ကို ချမ်းသာပေးပါ။ ကျွန်တော်မိသားစုကို မသတ်ပါနဲ့။ " စစ်မာလင်းက ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။
စစ်သည်နှစ်ယောက်က စစ်မာလင်းကို ဆွဲထူပြီး ခေါ်သွားကြသည်။ မကြာမီ စစ်မာလင်း၏ ဝမ်းနည်းစရာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
" အမိန့်ထုတ်လိုက်။ ဒီအချိန်ကစပြီး သစ္စာဖောက်တွေကို အပိုင်းပိုင်းဖြတ်ပြီး ကွပ်မျက်မယ်။ သူတို့မိသားစုတစ်ခုလုံးကိုလည်း ကွပ်မျက်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
တုန်ဟူနန်းတော်။
တုန်ဟူဘုရင်က ထိုင်နေပြီး ဝိုင်သောက်ရင်း ရှေ့မှ ကခုန်နေသော မိန်းကလေးများကို ကြည့်နေသည်။
" အရှင်မင်းကြီး ဒီတစ်ခါ ယန်နိုင်ငံကို စစ်တပ်စေလွှတ်လိုက်တာ ကျွန်တော်တို့ မျိုးနွယ်အတွက် အကျိုးအမြတ် အများကြီးရမှာ သေချာတယ်။ စစ်သူကြီးဝူဝူနဲ့ အခြားသယတွေဆီက သတင်းအရ ကျွန်တော်တို့ မျိုးနွယ်က အနည်းငယ် ကျွန်ပေါင်း လေးငါးသိန်းလောက်နဲ့ အထူးသဖြင့် မိန်းမတွေကို ဖမ်းဆီနိုင်ခဲ့တယ်။ "
" ဂုဏ်ပြုပါတယ် အရှင်မင်းကြီး။ ကျွန်တော်တို့ မျိုးနွယ်က တစ်လောကလုံးကို လွှမ်းမိုးနိုင်လိမ့်မယ်။ ဘယ်မျိုးနွယ်စုမှ ကျွန်တော်တို့ကို ယှဉ်နိုင်မှာမဟုတ်ဘူး။ "
ဂုဏ်ပြုသံများ ထွက်ပေါ်လာပြီး တုန်ဟူဘုရင်က အလွန်ကျေနပ်နေခဲ့သည်။
" တုန်ဟူရဲ့ အင်အားအတွက် မင်းတို့အားလုံး ထောက်ပံ့ခဲ့ကြတယ်။ ငါက မင်းတို့အတွက် တစ်ခွက်သောက်မယ်။ " တုန်ဟူဘုရင်က ဝိုင်ခွက်ကို မြှောက်ကာ ရယ်မောလိုက်သည်။
" အရှင်မင်းကြီးအတွက် " တုန်ဟူလူမျိုးများက ခွက်များမြှောက်ပြီး ပြောလိုက်ကြသည်။
" ဝူဝူနဲ့ သူ့လူတွေ ဘယ်အထိ တက်သွားပြီလဲသိချင်မိတယ်။ အခုဆို သူတို့ဆီက သတင်းမရတာ ရက်အတော်ကြာပြီ။ " တုန်ဟူဘုရင်က လေးနက်စွာ ပြောလိုက်သည်။
" အရှင်မင်းကြီး စိတ်ချပါ။ စစ်သူကြီးနှစ်ယောက်က စစ်သည်နှစ်သိန်းကို ဦးဆောင်သွားတာပါ။ ဒါက ယန်နိုင်ငံကလူတွေ ခုခံနိုင်မယ့်အရာ မဟုတ်ဘူး။ " ခေါင်းဆောင်တစ်ယောက်က ပြောလိုက်သည်။
" ဟုတ်တယ်။ အရေးမပါတဲ့ ယန်နိုင်ငံမပြောနဲ့ ချင်နိုင်ငံတောင် ကျွန်တော်တို့ မျိုးနွယ်ကို ဆန့်ကျင်ရဲလို့လား။ ကျွန်တော်တို့ကို ဆန့်ကျင်ရင် သူတို့နိုင်ငံတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ "
ချီးကျူးသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
" သတင်းပို့ပါတယ်။ " အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာပြီး စစ်သည်တစ်ယောက်က ထိတ်လန့်တကြား ဝင်ရောက်လာသည်။
" ဘာဖြစ်တာလဲ။ ဘာလို့ဒီလောက်ထိတ်လန့်နေတာလဲ။ " တုန်ဟူဘုရင်က မျက်မှောင်ကြုတ်သွားသည်။
" အရှင်မင်းကြီး ကျွန်တော်တို့ စစ်သည်တွေ အများကြီး ဒဏ်ရာရလာကြပါတယ်။ သူတို့အားလုံးက နန်းတော်ကို ထွက်ပြေးလာကြပါပြီ။ " စစ်သည်က တုန်ရီစွာ ပြောလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၈၀)
" ဆုတ်ခွာတယ်။ ဒဏ်ရာအပြင်းအထန်ရထားတယ် ဟုတ်လား။ " တုန်ဟူဘုရင်က မျက်မှောင်ကြုတ်သွားသည်။
" အ အရှင်မင်းကြီး ကျွန် ကျွန်တော်မျိုး ရှက်ရွံ့မိပါတယ်။ "
ထိုအချိန်တွင် အပြင်မှ အားနည်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်က အင်အားကြီးမားခဲ့သော တုန်ဟူစစ်သူကြီး တရှုံကို စစ်သည်အချို့က တွဲခေါ်လာပြီး အထဲသို့ ဝင်လာကြသည်။ သူ၏ ခန္ဓာကိုယ်တွင် မြားနှစ်စင်းစိုက်ဝင်နေပြီး သွေးများဖုံးလွှမ်းကာ အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေသည်။
" ဘာဖြစ်လာတာလဲ။ " တုန်ဟူဘုရင်က မျက်မှောင်ကြုတ်သွားသည်။
" အရှင်မင်းကြီး အဲ့ဒါ ချင်စစ်တပ်ပါ။ ကျွန်တော်တို့ စစ်သည်နှစ်သိန်းက သုံးသောင်းတောင်မပြည့်တော့ဘူး။ ကျန်တဲ့သူတွေက ချင်စစ်တပ်လက်ချက်နဲ့ သေသွားကြပြီ။ " တရှုံက ခေါင်းငုံ့ပြီး ပြောလိုက်သည်။
" စစ်သည်နှစ်သိန်းကို သုံးသောင်းတောင် ပြန်မလာနိုင်ဘူးလား။ ချင်စစ်တပ်က အင်အားဘယ်လေယက်များလဲ။ " တုန်ဟူဘုရင်က ရုတ်တရက် ထရပ်လိုက်ပြီး သူ၏ အမူအရာက အေးစက်သွားသည်။
ထိုစစ်သည်နှစ်သိန်းက လူတင်မဟုတ်ဘဲ စစ်မြင်းက တစ်သိန်းကျော် ပါဝင်လေသည်။ တုန်ဟူက မြင်းများကို မွေးမြူသော်လည်း တစ်ချိန်တည်း ထိုမျှဆုံးရှုံးသွားခြင်းက နိုင်ငံ၏ အဓိကအင်အားကို ကျဆင်းသွားစေပေလိမ့်မည်။ လူငယ်များ ဆုံးရှုံးရသည်ကို ပြောစရာပင်မလိုပေ။
" ချင်စစ်တပ်က စစ်သည်တစ်သိန်းကျော်လောက်ပဲ ရှိပါတယ်။ " တရှုံက စိုးရိမ်စွာ ပြောလိုက်သည်။ " သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အရမ်းပြင်းထန်တယ်။ ကျွန်တော်တို့ စစ်သည်တွေက ချင်စစ်တပ်ကို မယှဉ်နိုင်ဘူး။ စစ်သေနာပတိချုပ်ကျောက်ဖုန်းက ရူးနေတာပဲ။ သူက သူ့စစ်တပ်နဲ့ ကျွန်တော်တို့ကို အရူးအမူး လိုက်လံတိုက်ခိုက်ပါတယ်။ "
သူ၏ အမူအရာကို ကြည့်လျှင် ကျောက်ဖုန်း၏ ရက်စက်မှုက သူ့ကို အမှန်တကယ် ကြောက်လန့်သွားစေခဲ့သည်မှာ ထင်ရှားသည်။
" စစ်သည်နှစ်သိန်း ငါတို့မျိုးနွယ်ရဲ့ စစ်သည်နှစ်သိန်း ပြန်လာတာ သုံးသောင်းတောင်မပြည့်တော့ဘူး။ မင်း ဘာလို့ပြန်လာနေသေးတာလဲ။ " တုန်ဟူဘုရင်က တရှုံကို သတ်ဖြတ်လိုစိတ်များဖြင့် ကြည့်နေကြသည်။
" ကျွန်တော် ကျွန်တော်မှာ အပြစ်ရှိပါတယ်။ " တရှုံက ဘာမှပြန်မပြောရဲပေ။
" ဝူဝူက တိုက်ပွဲမှာ ကျသွားတာလား။ " တုန်ဟူဘုရင်က အေးစက်စွာ မေးလိုက်သည်။
" စစ်သူကြီးဝူဝူက ကျောက်ဖုန်း လိုက်ဖမ်းတာကို ခံနေရတော့ သူ စစ်မြေပြင်မှ ကျသွားလောက်ပါပြီ။ " တရှုံက ပြန်ဖြေလိုက်သည်။
" ချင်နိုင်ငံ ချင်စစ်တပ်ကို မတိုက်ခိုက်ဖို့ ငါမင်းတို့ကို မပြောခဲ့ဘူးလား။ ဘာလို့စကားနားမထောင်တာလဲ။ " တုန်ဟူဘုရင်က ဒေါသတကြီး ပြောလိုက်သည်။
" အရှင်မင်းကြီး ချင်စစ်တပ်က စတိုက်တာပါ။ သူတို့က ကျွန်တော်တို့လူတွေကို မြင်တာနဲ့ သတ်ပစ်တာ။ လုံးဝ သနားညှာတာမှုမရှိဘူး။ " တရှုံက ပြောလိုက်သည်။
" ချင်နိုင်ငံ မင်းတို့ ဘယ်လောက်တောင် ရဲတင်းလိုက်လဲ။ ငါက မင်းတို့နဲ့ ရန်သူမဖြစ်ချင်ပေမယ့် မင်းတို့က ငါတို့မျိုးနွယ်ကို တိုက်ခိုက်တယ်ပေါ့။ ငါတို့ရဲ့ စစ်သည်နှစ်သိန်းကို သတ်ပစ်ခဲ့တယ်။ ပြီးတော့ အဲ့ဒီကျောက်ဖုန်း သူ့နာမည်ကို အရင်က ကြားဖူးပေမယ့် ဒီလောက်ရက်စက်လိမ့်မယ်လို့ မထင်ထားဘူး။ " တုန်ဟူဘုရင်က ဒေါသတကြီး ပြောလိုက်သည်။
တုန်ဟူဘုရင်၏ အမူအရာကို ကြည့်ပြီး စစ်သူကြီးများက ရှေ့တိုးလာကြသည်။
" အရှင်မင်းကြီး အမိန့်သာ ချလိုက်ပါ။ ကျွန်တော်တို့ တပ်တွေကို ဦးဆောင်ပြီး ချင်စစ်တပ်ကို ချေမှုန်းဖို့ အဆင်သင့်ပါပဲ။ "
" အရှင်မင်းကြီး အမိန့်သာပေးလိုက်ပါ။ "
" အရှင်မင်းကြီး ချင်စစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အရမ်းပြင်းထန်တယ်ာယ သူတို့ရဲ့ မြင်းတပ်က ကျောက်မြင်းတပ်ထက်တောင် ပိုသန်မာတယ်။ ပြီးတော့ သူတို့က နယ်စပ်က မြို့အားလုံးကို ပြန်သိမ်းလိုက်ပြီ။ နယ်စပ်ကို သေချာစောင့်ကြပ်နေမှာမလို့ ကျွန်တော်တို့မှာ အခွင့်အရေးမရှိတော့ဘူး။ အခုအချိန်မှာ ကျွန်တော်တို့ရဲ့အင်အားက အများကြီး လျော့နည်းသွားပြီ။ "
ချင်စစ်တပ်၏ ကြောက်စရာကောင်းပုံကို ကိုယ်တွေ့ကြုံခဲ့ရသော တရှုံက အမှန်တကယ် ကြောက်ရွံ့သွားပြီး သူတို့မျိုးနွယ်၏ အင်အားက ချင်စစ်တပ်ကို မယှဉ်နိုင်သည်ကို နားလည်သွားခဲ့သည်။
" ဒီလိုအရှက်ကွဲမှုကို ငါက ခံနိုင်မယ်လို့ မင်းထင်နေတာလား။ " တုန်ဟူဘုရင်က ဒေါသတကြီး မေးလိုက်သည်။
" အရှင်မင်းကြီး သေချာပြန်စဉ်းစားပါဦး။ " တရှုံက နောက်တစ်ကြိမ် ပြောလိုက်သည်။
" ငါ့ မျိုးနွယ်က ဒီလောက်ထိ ဆုံးရှုံးမှုကြုံခဲ့ရတာ ငါ ဘယ်လိုလုပ်သည်းခံနိုင်မှာလဲ။ စစ်သူကြီးတို့ ငါတို့ မျိုးနွယ်က နောက်ထပ်အင်အား ဘယ်လောက်များ စုစည်းနိုင်သေးလဲ။ " တုန်ဟယဘုရင်က အေးစက်စွာ မေးလိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်တို့ရဲ့ မျိုးနွယ်တစ်ခုလုံးက စစ်သည်တွေပါ။ စစ်တပ်တစ်ခုအဖြစ် ဖွဲ့စည်းဖို့ အရှင်မင်းကြီး အမိန့်ကို စောင့်မျှော်နေပါတယ်။ " စစ်သူကြီးတစ်ယောက်က ပြောလိုက်သည်။
" ချင်နိုင်ငံက ငါတို့မျိုးနွယ်ကို အရင် ရန်စခဲ့တာပဲ။ ငါ့အမိန့်ကို လက်ဆင့်ကမ်းလိုက်။ စစ်သည်လေးသိန်းကို စုစည်းပြီး ချင်နိုင်ငံကို တိုက်ခိုက်ဖို့ တောင်ဘက်ကို ချီတက်မယ်။ ငါ ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး ချင်နိုင်ငံကို ပြန်ပေးဆပ်ခိုင်းမယ်။ " တုန်ဟူဘုရင်က ဒေါသတကြီး ပြောလိုက်သည်။
" အရှင်မင်းကြီး စစ်သည်လေးသိန်းဆိုတာ ကျွန်တော်တို့ လူငယ်တွေရဲ့ သုံးဆယ်ရာခိုင်နှုန်းရှိပါတယ်။ သူတို့ကို လွှတ်လိုက်ရင် ရှုံးနူတွေကို ဘယ်လိုကာကွယ်ကြမလဲ။ " စစ်သူကြီးတစ်ယောက်က လေးနက်စွာ ပြောလိုက်သည်။
" ရှုံးနူတွေက ငါတို့မျိုးနွယ်ကို ဆန့်ကျင်ရဲလို့လား။ " တုန်ဟူဘုရင်က အထင်သေးစွာ ရယ်မောလိုက်သည်။
ဤခေတ်တွင် ရှုံးနူများက လွင်ပြင်ဒေသတွင် အင်အားအကြီးဆုံးမဟုတ်ဘဲ တုန်ဟူလူမျိုးနှင့်ယှဉ်လျှင် အားနည်းနေသည်။ တုန်ဟူက သူတို့ကို အဆက်မပြတ် ဖိနှိပ်ထားပြီး သူတို့က အင်အားကြီးခွင့်မပေးပေ။
" ရက်နှစ်ဆယ်အတွင်းမှာ စစ်သည်လေးသိန်းစုစည်းရမယ်။ ရိက္ခာတွေနဲ့ ထောက်ပံ့ရေးပစ္စည်းအားလုံး ပြင်ဆင်ထားလိုက်။ " တုန်ဟူဘုရင်က အမိန့်ပေးလိုက်သည်။
" အရှင်မင်းကြီး စစ်တပ်ကို ရက်နှစ်ဆယ်အတွင်း စုစည်းတာ ဖြစ်နိုင်ပေမယ့် ရိက္ခါတွေက အချိန်ပိုပေးရပါလိမ့်မယ်။ စစ်သည်လေးသိန်းနဲ့ စစ်မြင့းတွေအတွက် စာနပ်ရိက္ခါနဲ့ အစာတွေ အများကြီး သုံးစွဲရမှာပါ။ " ရိက္ခါထောက်ပံ့ရေးကို တာဝန်ယူထားသော စစ်သူကြိ်းက ပြောလိုက်သည်။
" တစ်လ အများဆုံး တစ်လပဲ။ စစ်သည်လေးသိန်းအတွက် ရိက္ခါတွေ အဆင်သင့်ဖြစ်နေရမယ်။ " တုန်ဟူဘုရင်က အမိန့်ပေးလိုက်သည်။
စစ်သူကြီးက ခေါင်းညိမ့်ရုံသာ တတ်နိုင်တော့သည်။
" ချင်နိုင်ငံ မင်းတို့က ငါ့ရဲ့ စစ်သည်နှစ်သိန်းနီးပါးကို သတ်ဖြတ်ခဲ့လို့ ငါကလည်း မင်းတို့ ချင်စစ်တပ်နဲ့ မြို့တွေကို သတ်ဖြတ်ပစ်မယ်။ " တုန်ဟူဘုရင်က သတ်ဖြတ်လိုစိတ်များဖြင့် ပြောလိုက်သည်။
ယန်နယ်မြေနှင့် မြက်ခင်းလွင်ပြင်နယ်စပ်တွင် စစ်သည်တစ်သောင်က လျို့ဝှက်စွာ စုစည်းနေသည်။ ကျောက်ဖုန်း၏ ကိုယ်ရံတော် နှစ်ထောင်ကျော်က သိုင်းပညာကို လေ့ကျင့်ထားကြပြီး တစ်ယောက်တည်းနှင့် လူဆယ်ယောက်ကို သတ်နိုင်ကြသည်။ အခြားသူများက စစ်တပ်ထဲမှ ဝါရင့်စစ်သည်များ ဖြစ်ကြသည်။
ယခုအချိန်တွင် သူတို့အားလုံးက စစ်မြင်းများ စီးကာ လေးနှင့် မြားများကို လွယ်ထားကြပြီး လှံများကို ကိုင်ဆောင်ကာ မြင်းတွင် ဓားများ ချိတ်ဆွဲထားကြသည်။ စစ်သည်များစွာ၏ အကြည့်အောက်တွင် ကျောက်ဖုန်းက ရှေ့သို့ ဖြည်းညင်းစွာ ထွက်လာသည်။
" ငါအများကြီး မပြောတော့ဘူး။ မင်းတို့က ငါ့ရဲ့ ဝူအန်းစခန်းက အသန်မာဆုံး စစ်သည်တွေပဲ။ ဒီတိုက်ပွဲက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။ ငါ မင်းတို့ကို ဦးဆောင်ပြီး တိုင်းတစ်ပါးမျိုးနွယ်ရဲ့ နက်ရှိုင်းတဲ့ ဒေသအထိ သွားရမယ်။ ဒီတိုက်ပွဲမှာ ငါ့ရဲ့ ရည်ရွယ်ချက်က တိုင်းတစ်ပါးလူမျိုးတွေ နောက်ထပ် နှစ်အနည်းငယ်လောက် တောင်ဘက်ကို မလာရဲအောင် လုပ်ဖို့ပဲ။ ဒါပေမယ့် ငါပြောခဲ့သလိုပဲ။ ဒီတိုက်ပွဲက အရမ်းအန္တရာယ်များတယ်။ ငါတို့ အားလုံး ပြန်လာနိုင်မယ်လို့ အာမမခံနိုင်ဘူး။ " ကျောက်ဖုန်းက သူ၏ ရှေ့မှ စစ်သည်များကို လေးနက်စွာ ကြည့်လိုက်သည်။
" အိမ်မှာ တစ်ဦးတည်းသော သားဖြစ်သူတွေ ရှေ့တိုးလာခဲ့။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
စစ်သည်များထဲမှ ရာဂဏန်းလောက်က ရှေ့သို့ တိုးလာကြသည်။
" မိဘရှိသူတွေ ရှေ့တိုးလာခဲ့။ "
" ဇနီးနဲ့ ကလေးရှိတဲ့သူတွေ ရှေ့တိုးလာခဲ့။ "
" ဇနီးရှိပြီး ကလေးမရှိတဲ့သူတွေ ရှေ့တိုးလာခဲ့။ "
မျက်စိတစ်မှိတ်အတွင်း စစ်သည်တစ်သောင်းထဲမှ နှစ်ထောင်နီးပါးလောက်က ထွက်လာကြသည်။ သူတို့က ရှေ့တိုးလာပြီးနောက် အနည်းငယ် တွေဝေသွားကြသည်။ သို့သော် သူတို့က ခဏအတွင်း နားလည်သွားကြသည်။ သူတို့က တန်းစီနေရာမှ သူတို့နေရာသို့ ပြန်ဆုတ်သွားကြသည်။
" ဘာလုပ်နေကြတာလဲ။ " ကျောက်ဖုန်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
" တိုင်းတစ်ပါးမျိုးနွယ်တွေကို သတ်ဖို့ ဟွာရှကို ကာကွယ်ဖို့ "
" တစ်ဦးတည်းသော သားဖြစ်နေရင်တောင် သေရမှာ နောင်တမရှိဘူး။ "
" ဇနီးနဲ့ ကလေးရှိရင်တောင် သေရမှာ နောင်တမရှိဘူး။ "
"မိဘရှိရင်တောင် သေရမှာ နောင်တမရှိဘူး။ "
" သေသွားရင်တောင် မိဘတွေ၊ ဇနီးနဲ့ ကဘေးတွေကို ချင်နိုင်ငံက စောင့်ရှောက်ပေးလိမ့်မယ်။ ကျွန်တော်တို့က စစ်သေနာပတိချုပိနောက်ကို သေတဲ့အထိ လိုက်ပါမယ်။ "
နောက်ပြန်ဆုတ်သွားသော စစ်သည်များက အော်ဟစ်လိုက်ကြသည်။
" ဒီတိုက်ပွဲက ယန်နိုင်ငံကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးလိုမဟုတ်ဘူး။ ငါက ဘယ်သူ့ကိုမှာ အတင်းအကျပ်မလုပ်ဘူး။ ဒီတိုက်ပွဲက ယန်နယ်မြေမှာ နှစ်အနည်းငယ် အေးချမ်းဖို့အတွက်ပဲ။ စစ်သည်တို့ မင်းတို့ သေချာစဉ်းစားကြဖို့ မျှော်လင့်ပါတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" စစ်သေနာပတိချုပ်နောက်ကို သေတဲ့အထိ လိုက်ပါမယ်။ " စစ်သည်တိုင်းက သေခြင်းတရားက်ု ရင်ဆိုင်ရန် ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် အော်ဟစ်လိုက်ကြသည်။
၎င်းကို မြင်သောအခါ ကျောက်ဖုန်းက ဘာမှထပ်မပြောတော့ပေ။ သူက သူ၏ လက်ထဲမှ အာဏာရှင်လှံကို မြှောက်ပြီး အမိန့်ပေးလိုက်သည်။
" စစ်သည်တို့ ထွက်ခွာကြမယ်။ " ကျောက်ဖုန်းက မြင်းကို လှည့်ပြီး မြောက်ဘက်သို့ ချီတက်သွားသည်။
" စစ်သေနာပတိချုပ်နောက်ကို လိုက်ကြ။ " မြင်းစီးစစ်သည်တစ်သောင်းကလည်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ပြီး ကျောက်ဖုန်းနောက်သို့ လိုက်သွားကြသည်။