အခန်း ၆၆၂
Vol. 45 Ch. 662
အပိုင်း ၆၆၂ - ရှောင်ရှန်းနှင့် ထပ်မံဆုံတွေ့ခြင်း
ရှောင်ရှန်း၏ အသံကို ကြားလိုက်ရချိန်တွင် ယဲ့ချန်း ခေါင်းအနည်းငယ် ကိုက်သွားသလို ခံစားလိုက်ရသည်။
"ကိစ္စရှိလို့လား။ မရှိရင် ဖုန်းချလိုက်တော့မယ်နော်"
ယဲ့ချန်းမှာ ဤအမျိုးသမီးနှင့် ခပ်ကင်းကင်းနေတာ အကောင်းဆုံးပဲဟု တွေးလိုက်မိသည်။
ဤအမျိုးသမီးက စင်စစ်အန္တရာယ်များလွန်းလှသည်။
အဓိကပြဿနာမှာ သူ့အနားသို့ ချဉ်းကပ်လာသည့် ဤအမျိုးသမီး၏ ရည်ရွယ်ချက်ကို ယဲ့ချန်း မသိရခြင်းပင်။
ရှောင်ရှန်းက ယဲ့ချန်း၏စကားကို ကြားသော် ခွန်းတုံ့ပြန်လေသည်။
"ဪ... ရှင်က ကျွန်မအသံကို ကြားရတာ အဲဒီလောက်တောင် မကြိုက်ဘူးလား။ ဝမ်းနည်းသွားပြီ"
ယဲ့ချန်း ဆွံ့အသွားချေသည်။
"ငါတို့က အဲဒီလောက်အထိ ရင်းနှီးလို့လား"
ရှောင်ရှန်း : "ရှင် အဲဒီလိုပြောရင် ကျွန်မ တကယ် ဝမ်းနည်းမှာနော်။ ကျွန်မတို့ တစ်ခန်းတည်းတောင် အတူနေဖူးတာကို"
သေလိုက်ပါတော့... ဤကိစ္စကို ပြောလာသောကြောင့် ယဲ့ချန်း တကယ်စိတ်ရှုပ်သွားရသည်။
"အခန်းယူတဲ့ကိစ္စ မပြောပါနဲ့တော့။ ငါ ဘာမှလည်း မလုပ်ခဲ့ပါဘူး"
ရှောင်ရှန်းက ရယ်မောလိုက်၏။
"ဘာမှမလုပ်ခဲ့ဘူး ဟုတ်လား။ ဟုတ်သားပဲ။ အခု ရှင့်မှာ ချစ်သူကောင်မလေး ရှိနေပြီမလား။ ကျွန်မတို့ အခန်းယူပြီးနောက်ပိုင်း ကျွန်မ နေလို့သိပ်မကောင်းဘဲ အန်ပဲအန်ချင်နေတယ်လို့ ရှင့်ကောင်မလေးကို သွားပြောပြလိုက်ရင်... သူ ဘယ်လို တုံ့ပြန်မယ်ထင်လဲ"
ယဲ့ချန်း : "..."
"ချမ်းသာပေးပါ အစ်မကြီးရယ်... မင်း အခု ဘယ်မှာလဲ။ ငါ အခုချက်ချင်း လာခဲ့မယ်"
ရှောင်ရှန်းက အေးစက်စက် နှာမှုတ်လိုက်၏။
"ဒီလိုမှပေါ့။ ဆယ်မိနစ်အတွင်း ရီတာ့စတားဘတ်စ်ကို လာခဲ့။ ဒီမှာ ကျွန်မ စောင့်နေမယ်"
ယဲ့ချန်းမှာ ရွေးချယ်စရာ မရှိတော့ပေ။ သူ(မ)နှင့် အခန်းယူခဲ့မိသည့်အတွက် အကျပ်ရိုက်ခဲ့ရသည်။ ယခုမူ သူ(မ)က ဤကိစ္စနှင့် သူ့ကို အကျပ်ကိုင်နေလေပြီ။
စတားဘတ်စ်ကို ရောက်သောအခါ ရှောင်ရှန်းတစ်ယောက် ကြော့ကြော့မော့မော့ ကော်ဖီသောက်နေသည်ကို ယဲ့ချန်း မြင်လိုက်ရသည်။
မနေ့ကမူ သူ(မ)၏ လက်အောက်ငယ်သား အယောက်နှစ်ဆယ်က သူ့ကို လိုက်သတ်နေခဲ့ပြီး ယနေ့တွင်မူ သူ(မ)က သူ့ကို ကော်ဖီလာသောက်ရန် ဖိတ်ခေါ်နေသည်ဖြစ်ရာ ဤအမျိုးသမီးမှာ စင်စစ်ပဟေဠိဆန်လွန်းလှသည်။
ရှောင်ရှန်းက ယဲ့ချန်းကို မြင်သောအခါ ပြုံးလိုက်လေသည်။
"ကျွန်မတို့က တကယ်ရေစက်ပါလာတာပဲ ဖြစ်မယ်။ ဒီလောက်မြန်မြန်ကြီး ပြန်တွေ့ရတယ်နော်"
ယဲ့ချန်း : "ရေစက်တွေဘာတွေ လုပ်မနေပါနဲ့။ မင်းခေါ်လိုက်လို့ ရောက်လာတာလေ"
ရုတ်ခြည်းပင် ယဲ့ချန်းမှာ ဤအမျိုးသမီးသည် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကစားနေခြင်းမဟုတ်ကြောင်း ခံစားလိုက်ရသည်။
"မင်း ငါ့ကို ဒီကို ဘာလို့ခေါ်တာလဲ။ မနေ့က မင်းလူတွေ ငါ့ကို ခုတ်ပိုင်းသွားတာ ထိမထိဆိုတာကို စစ်ဆေးချင်လို့လား"
ယဲ့ချန်း၏စကားကို ကြားသော် ရှောင်ရှန်း ခဏမျှမှင်တက်သွားသည်။
"ဘာသဘောလဲ"
ဤအမိန့်ကို ရှောင်ရှန်း ပေးခဲ့ခြင်းမဟုတ်ကြောင်း သူ(မ)၏ မျက်ဝန်းများကိုကြည့်ပြီး ယဲ့ချန်း သိလိုက်သည်။
ယဲ့ချန်းက ပြောလိုက်သည်။
"မနေ့က သူငယ်ချင်းတွေနဲ့ အပြင်ထွက်တော့ လူသတ်သမားအယောက်နှစ်ဆယ်ရဲ့ လိုက်ဖမ်းတာ ခံခဲ့ရတယ်။ ဒါပေမဲ့ နောက်တော့ ငါ ဖြေရှင်းလိုက်နိုင်ပါတယ်။ ပြီးတော့ အဲဒီကိစ္စကို အမာရွတ်လုပ်ခဲ့တာလို့ ကြားတယ်"
ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ ရှောင်ရှန်း၏ မျက်နှာကား ချက်ချင်းဆိုသလို အေးစက်သွားသည်။
"အမာရွတ်... သူက တကယ် အသက်မရှင်ချင်တော့ဘူးထင်တယ်"
ရှောင်ရှန်း၏ မျက်ဝန်းထဲမှ ထွက်ပေါ်လာသည့် သတ်ဖြတ်လိုဟန် အငွေ့အသက်များကို ယဲ့ချန်း ခံစားလိုက်ရသည်။
သို့သော် ရှောင်ရှန်း၏ မျက်နှာထက်ရှိ သတ်ဖြတ်လိုဟန် အငွေ့အသက်များမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။
"ကောင်းပြီလေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင့်ကို ကျွန်မ အကြွေးတင်သွားတယ်လို့ပဲ သတ်မှတ်လိုက်မယ်။ လျော်ကြေးပေးတဲ့အနေနဲ့ ကျွန်မ ဈေးဝယ်ထွက်တာကို အဖော်လိုက်ပေးရင် ဘယ်လိုလဲ"
ယဲ့ချန်း : "... ဟာ ဒါတော့ မတရားဘူး။ ဒါက ငါ့ကို လျော်ကြေးပေးတာတဲ့လား"
ရှောင်ရှန်းက ယဲ့ချန်းကို ဟန်ဆောင်ပြုံးဖြင့် ကြည့်လိုက်၏။
"ကျွန်မ စိတ်အခြေအနေ မကောင်းဘူး။ ရှင်က ကျွန်မ ဈေးဝယ်တာကို အဖော်လိုက်မပေးချင်ဘူးလား"
ယဲ့ချန်း ဆွံ့အသွားလေသည်။
"သေချာတာပေါ့။ အဖော်လိုက်ပေးရလို့ အရမ်းဝမ်းသာပါတယ်ဗျာ"
သူတို့နှစ်ယောက်သား အဆင့်မြင့်ဖိနပ်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားကြသည်။
ရှောင်ရှန်းက ဒီဇိုင်နာဝတ်စုံများကို ဝတ်ဆင်ထားပြီး ယဲ့ချန်းကတော့ သာမန် ပေါ့ပေါ့ပါးပါးအဝတ်အစားများကိုသာ ဝတ်ဆင်ထားသည်။ သူတို့နှစ်ယောက်၏ ရုပ်ရည်သွင်ပြင်က လိုက်ဖက်ညီသော်လည်း အဝတ်အစားများကတော့ အဆင့်အတန်းကွာခြားနေပုံပေါက်၏။
ကောင်တာတွင် ရှောင်ရှန်းက ပြုံးစစဖြင့် ပြောလိုက်သည်။
"ယဲ့ချန်း... ဟို ဖန်ဒေါက်ဖိနပ်လေးတွေက တော်တော်လှတာပဲ။ အဲဒါလေး ကျွန်မအတွက် ယူပေးလို့ရမလား"
ယဲ့ချန်း : "ကောင်းပါပြီဗျာ။ မင်းကို ရန်မစရဲပါဘူး"
ကောင်တာတွင် ယဲ့ချန်းက ဒေါက်ဖိနပ်ကို ယူပေးလိုက်သည်။
ရှောင်ရှန်းက နူးညံ့လှပသော သူ(မ)၏ခြေထောက်လေးကို ဆန့်ထုတ်လိုက်သည်။
"ကျွန်မ စီးပေးပါဦး"
ယဲ့ချန်း : "..."
ဒီအမျိုးသမီးက တကယ်ပဲ သူ့ကို အစေခံတစ်ယောက်လို့ ထင်နေတာလား။
ယဲ့ချန်း တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသည်ကိုမြင်သော် ရှောင်ရှန်းက ဆက်ပြောလိုက်သည်။
"စောစောက ကျွန်မပြောတဲ့ နည်းလမ်းဆိုရင်ရော ဘယ်လိုလဲ။ ရှင်နဲ့ ရှင့်ကောင်မလေး အတူတူ ထမင်းစားနေတုန်း ကျွန်မက ကလေးတစ်ယောက်ခေါ်လာပြီး ဒါက ရှင့်ကလေးပါလို့ သွားပြောလိုက်မယ်လေ။ ဒီနည်းက အရင်နည်းထက် ပိုမကောင်းဘူးလား"
ယဲ့ချန်း : "ကောင်းပါပြီ။ မင်း နိုင်ပါတယ်"
ယောက်ျားတစ်ယောက်ဆိုသည်မှာ အခြေအနေအရ အလိုက်အထိုက် နေတတ်ရမည်။
ငါ သည်းခံလိုက်ပါ့မယ်လေ။
ယဲ့ချန်းက ရှောင်ရှန်းကို ဖိနပ်စီးပေးလိုက်သည်။
ရှောင်ရှန်းက သေချာကြည့်ပြီးနောက် ကျေနပ်အားရဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"အင်း... မဆိုးပါဘူး။ ဒါလေး ယူလိုက်မယ်"
ယဲ့ချန်းက အလိုက်တသိဖြင့် ငွေရှင်းကောင်တာသို့ သွား၍ ပိုက်ဆံရှင်းလိုက်သည်။
"အာ.. ငါ မင်းကို ဖိနပ်လက်ဆောင်ပေးမယ်လေ။ ငါတို့ အခန်းယူခဲ့တဲ့ကိစ္စကို လျှို့ဝှက်ပေးထားလို့ ရမလား"ဖဖ
"အင်း... လောလောဆယ်တော့ ရပါတယ်"
ရှောင်ရှန်းက ကျေနပ်ဂုဏ်ယူနေဟန်ဖြင့် ပြောလိုက်သည်။
ရှောင်ရှန်းက ရုတ်တရက် မေးလာလေသည်။
"ယဲ့ချန်း.. ကျွန်မကို ရှင် ဘယ်လိုမြင်လဲ"
ယဲ့ချန်း ခဏမျှတွေဝေသွားသည်။ ရှောင်ရှန်းအပေါ်ထားသော သူ့အမြင်ကို ပြောရမည်ဆိုလျှင် နတ်သမီးလေးတစ်ပါးအဖြစ် နှိုင်းယှဉ်ဖော်ပြနိုင်သည်။
သို့သော် ထိုစကားမျိုးကိုတော့ ယဲ့ချန်း မပြောရဲပေ။
"အာ... မင်းက အရမ်းတသီးတသန့်ဆန်ပြီး လှလွန်းတယ်"
ယဲ့ချန်းက ရိုးသားစွာ ပြောလိုက်သည်။
ရှောင်ရှန်းက ခပ်ဖွဖွပြုံးလိုက်၏။
"ကျွန်မက နတ်သမီးလေးတစ်ပါးနဲ့ တူတယ်လို့ ရှင် ထင်လား"
ယဲ့ချန်း : "သေစမ်း... ဒီမိန်းမက စိတ်များ ဖတ်နိုင်နေတာလား"
ယဲ့ချန်းက နေရခက်ဟန်ဖြင့် ရယ်မောပြီး ပြောလိုက်သည်။
"မဆိုးပါဘူး။ မင်းသာ နတ်သမီးလေးဆိုရင် မွန်မြတ်ပြီး လှပတဲ့ နတ်သမီးမျိုးပေါ့"
ရှောင်ရှန်းက ရုတ်တရက် ရယ်မောလိုက်သည်။
"ကောင်းပြီ... ရှင် အောင်တယ်။ ရှင့်အဖြေကို ကျွန်မ သဘောကျတယ်"
ယဲ့ချန်းမှာ ရှောင်ရှန်းနှင့်အတူ ကုန်တိုက်ထဲတွင် နေ့တစ်ဝက်ခန့်မျှ ဈေးဝယ်ထွက်ရန် အဖော်လိုက်ပေးခဲ့လေရာ မကြာခင်မှာပင် သူ့တစ်ကိုယ်လုံး ဈေးဝယ်အိတ်များဖြင့် ပြည့်နှက်သွားသည်။
ယဲ့ချန်းကို ကုပ်သွေးစုပ်ပြီးနောက် ရှောင်ရှန်းက အလွန်ကျေနပ်သွားပုံရသည်။
"ရှင်လည်း ပင်ပန်းနေလောက်ပြီဆိုတော့ ကျွန်မ ရှင့်ကို တစ်ခုခုကျွေးပါ့မယ်"
ထိုသို့ပြောရင်း ရှောင်ရှန်းက အသစ်ဝယ်ထားသော အဝတ်အစားနှစ်ထည်ပါသည့် ဈေးဝယ်အိတ်များကို ယဲ့ချန်း၏ လည်ပင်းတွင် ချိတ်ပေးလိုက်သည်။
ယဲ့ချန်း ဆွံ့အသွားလေသည်။ ဒီအမျိုးသမီး ဘာတွေများ ကြံစည်နေတာပါလိမ့်။
သူ့အပေါ် အခွင့်အရေးယူဖို့ ကြိုးစားနေတာလား။ ဒါမှမဟုတ် သူ့ကို နှိပ်စက်ချင်ရုံသက်သက်လား။
ယဲ့ချန်းလည်း အဝတ်အစားများကို ရှောင်ရှန်း၏ကားထဲသို့ ထည့်ပြီး ပြန်ရန် ပြင်လိုက်ချိန် ရုတ်တရက်ဆိုသလို အသက်ခုနစ်ဆယ်အရွယ် အဘွားအိုတစ်ယောက် ကားရှေ့တွင် လဲကျသွားသည်။
ဝိုး... ဒါက လိမ်လည်ဖို့ ကြိုးစားတာလား။
ရှောင်ရှန်းလည်း အံ့ဩမှင်တက်သွားပြီးနောက် သူ(မ)၏ နှုတ်ခမ်းများက ပြုံးတုံ့တုံ့ဖြစ်သွားချေသည်။
ထိုအချိန်တွင် ကောင်မလေးတစ်ယောက် အပြေးရောက်လာလေသည်။
"ရှင့်ကြောင့် ကျွန်မအဘွား လဲသွားတာ။ ရှင် ဆေးကုသစရိတ် ပေးရမယ်။ ဒေါ်လာနှစ်ထောင်နော်"
ယဲ့ချန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဤကောင်မလေးက ချစ်စရာကောင်းပုံရသော်လည်း တကယ်တမ်းတွင်မူ လိမ်လည်မှုတွင် ပူးပေါင်းပါဝင်နေချေသည်။
သူလည်း အဘွားအိုကို ကြည့်ပြီး ခဏတာမျှ မှင်တက်သွားသည်။
တကယ်တမ်းတော့ အဘွားအိုသည် တကယ်ဖျားနာနေပြီး အခြေအနေ အလွန်ဆိုးဝါးနေပေသည်။
ကောင်မလေးက အဘွားအိုကို ဖက်၍ ငိုကြွေးလေတော့သည်။
"အဘွားရယ်... ကျွန်မတို့က သိပ်ကံဆိုးတာပဲ။ မိဘတွေမရှိတော့တဲ့အပြင် အခု ကားတိုက်ပါခံရသေးတယ်"
လမ်းဘေးတွင် လူအုပ်ကြီး ရောက်လာပြီး ယဲ့ချန်းကို အားလုံးက ဝိုင်းဝေဖန်နေကြသည်။
"ဒီကောင်လေးကတော့ လွန်လွန်းပါတယ်။ ကားမောင်းတာ အရမ်းပေါ့ဆတာပဲ"
"ကြည့်စမ်း။ အဘွားရဲ့ အဝတ်အစားတွေတောင် စုတ်ပြဲကုန်ပြီ။ သူ လျော်ကြေးပေးကိုပေးရမယ်"
"ကလေးတစ်ယောက်နဲ့ အဘွားအိုတစ်ယောက်ဆိုတော့ အရမ်းဒုက္ခရောက်မှာ။ အဘွားအိုသာ ထိခိုက်ဒဏ်ရာရသွားရင် သူတို့ ဘယ်လိုများ အသက်ဆက်ရှင်ကြမလဲ"
ယဲ့ချန်းက အဘွားအိုထံသို့ သွား၍ သွေးခုန်နှုန်း စမ်းသပ်ကြည့်ပြီးနောက် ပြောလိုက်သည်။
"နှစ်ထောင်က မလောက်ဘူး"
ထိုမိန်းကလေးကမူ ခေါင်းမာမာဖြင့် အတင်းပြောလာသည်။
"မရဘူး။ နှစ်ထောင်ထက် တစ်ပြားမှလျော့လို့မရဘူး"
သို့သော် ရုတ်တရက်ဆိုသလိုပင် ကောင်မလေးမှာ သူ(မ)ပြောလိုက်သည့်စကားက တစ်ခုခုထူးဆန်းနေကြောင်း သဘောပေါက်သွားသည်။
အကြောင်းမှာ ယဲ့ချန်းသည် နှစ်ထောင်က မလောက်ဘူးဟု ပြောလိုက်သောကြောင့်ပင်။
အဲဒါက ဘာအဓိပ္ပာယ်လဲ။
ယဲ့ချန်းလည်း ကောင်မလေး၏ ခေါင်းကို ပုတ်လိုက်သည်။
"မင်းရဲ့ ဘဏ်အကောင့်နံပါတ်ပေး။ ငါ နှစ်သောင်း လွှဲလိုက်မယ်။ မင်းအဘွားကို ဆေးကုဖို့ မြန်မြန်ခေါ်သွားတော့။ သူ့ရောဂါက အချိန်ဆွဲနေလို့ မရဘူး"
"ဒါက... "
ထိုကောင်မလေး အံ့ဩမှင်တက်သွားသည်။ ဤလူငယ်က ဝန်ခံရုံသာမက နောက်ထပ်တစ်သောင်းရှစ်ထောင်ပါ ထပ်ပေးမည်ဟု သူ(မ) မထင်ထားချေ။
"ဦးလေး... တကယ်တော့ ကျွန်မ စောစောက ပြောတာက..."
ယဲ့ချန်းကမူ သူ(မ)ကို ဆက်မပြောစေဘဲ ဘေးနားရှိ ရှောင်ရှန်းကို ပြောလိုက်သည်။
"ကားမောင်းရင် သတိထားပါလို့ ငါပြောသားပဲ။ မင်းက နားမှမထောင်တာ။ အရမ်းအန္တရာယ်များတာပဲ။ အဘွား အကြီးအကျယ် ဒဏ်ရာရမသွားလို့ တော်သေးတယ်"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ကောင်မလေးထံသို့ ငွေလွှဲပေးလိုက်သည်။
ကောင်မလေးနှင့် အဘွားတို့က အလွန်ကျေးဇူးတင်လျက် ထွက်ခွာသွားကြသည်။
ရှောင်ရှန်းကမူ ယဲ့ချန်းကို ထူးဆန်းနေဟန် အမူအရာဖြင့် ကြည့်လိုက်သည်။
"သူတို့က လူလိမ်တွေမှန်း သိသာနေတာပဲကို။ ရှင်က ဘာလို့ ငကြောင်လို ငွေတွေပိုပေးလိုက်ရတာလဲ"
•••••••••••••••••••••••••