အခန်း ၆၆၃
Vol. 45 Ch. 663
အပိုင်း ၆၆၃ : တစ်နေရာရာကို ခေါ်သွားပေးမယ်
ယဲ့ချန်းက ခပ်ဖွဖွရယ်မောလိုက်သည်။
"ငါ ခုနကပဲ ကြည့်လိုက်တာ။ အဘွားက တကယ်နေမကောင်းဖြစ်နေတာ။ သူတို့ တကယ် ပိုက်ဆံလိုနေတာလေ။ ပြီးတော့ အဘွားနဲ့ ကလေးက တစ်ယောက်နဲ့တစ်ယောက် မှီခိုနေကြရတာ။ အဘွားသာ ဆေးကုသမှုမခံယူရင် နောက်တစ်နှစ်တောင် ခံမှာမဟုတ်ဘူး။ တကယ်လို့ အဘွားသာ သေသွားရင် ဒီလောက်ငယ်သေးတဲ့ ကလေးကို ဘယ်သူက စောင့်ရှောက်မှာလဲ။ နှစ်သောင်းဆိုတာ သူတို့အတွက်တော့ များပေမဲ့ ငါ့အတွက်တော့ မပြောပလောက်ပါဘူး"
ရှောင်ရှန်းက ခပ်ဖွဖွ ပြုံးလိုက်လေသည်။
"ရှင်က ဒီလောက်တောင် သနားဂရုဏာစိတ်ရှိလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး”
ယဲ့ချန်းကမူ ရယ်မောလိုက်၏။
"ဒီလို ခန့်ညားပြီး ကြင်နာတတ်တဲ့ လူငယ်လေးရဲ့ ဆွဲဆောင်မှုအောက်မှာ မင်း ကြွေဆင်းသွားပြီလား"
ရှောင်ရှန်းက ယဲ့ချန်းကို မျက်စောင်းထိုးလိုက်သည်။
“အကြွားသန်လေး... ကျွန်မနဲ့အတူ ဈေးဝယ်ထွက်ပေးလို့ ရှင့်ကို သောက်စရာကောင်းကောင်းလေး ဝယ်တိုက်ပါ့မယ်"
ထိုစကားကြောင့် ယဲ့ချန်း၏ မျက်လုံးများ လင်းခနဲ ဖြစ်သွားသည်။
ပြီးခဲ့သည့်တစ်ခေါက်က ကျိုးစုစုသည် သူ့ကို ဝိုင်တိုက်ခဲ့သည်။ အကယ်၍ ရဲအရာရှိများ ဝင်မနှောင့်ယှက်ခဲ့ပါက သူနှင့် ကျိုးစုစုတို့ တစ်ခုခုဖြစ်ပြီးနေလောက်ပြီ။
ယနေ့တွင်လည်း ရှောင်ရှန်းက သူ့ကို အရက်တိုက်ဦးမည်ဆိုတော့ကာ...
ယဲ့ချန်းတစ်ယောက် အတွေးကမ္ဘာထဲတွင် စိတ်ကူးယဉ်နယ်ချဲ့နေမိချေပြီ။
ယနေ့သာ အခွင့်အရေးရပါက သူ လုံးဝအဆုံးရှုံးခံမည်မဟုတ်ပေ။
သို့သော် ရှောင်ရှန်းက ဆိုင်တစ်ဆိုင်ထဲသို့ ခေါ်သွားသောအခါ ယဲ့ချန်း ဆွံ့အသွားရတော့သည်။
အကြောင်းမှာ ဝိုင်မဟုတ်ပါဘဲ လက်ဖက်ရည်ဆိုင် ဖြစ်နေသောကြောင့်ပင်။
ယဲ့ချန်းလည်း မွှေးကြိုင်လှသော တာ့ဟုန်ပေါင်လက်ဖက်ရည်ကို ကြည့်လိုက်သော်ငြား စိတ်လှုပ်ရှားမှု လုံးဝမရှိပေ။
‘ဟူး... ဒီလောက်လှတဲ့ မိန်းမလှလေးက ဘာလို့ ဒါမျိုးသောက်ရတာကို ကြိုက်ရတာလဲ’
‘ဝိုင်လေးနည်းနည်း သောက်ရတာကမှ ပိုပြီး စိတ်ကြည်နူးစရာ မကောင်းဘူးလား’
ရှောင်ရှန်းက ယဲ့ချန်းအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်း ပြုံးလိုက်သည်။
"ဒီက ပတ်ဝန်းကျင်ကို ကြည့်လိုက်ဦး။ တရားတော်တွေ နားထောင်ရတာ စိတ်အေးချမ်းစေတယ်မလား"
ယဲ့ချန်းခမျာ အလိုက်သင့်သာ ပြုံးပြလိုက်ရပြီး သူ့စိတ်ကူးယဉ်အိပ်မက်များမှာ လေထဲသို့ ပျောက်ကွယ်သွားရလေသည်။
ရှောင်ရှန်းက ယဲ့ချန်းကို ကြည့်၍ ရယ်မောလိုက်၏။
"ရှင် ဘာတွေ ငေးမှိုင်နေတာလဲ။ မိန်းမလှလေးတစ်ယောက်အကြောင်း တွေးနေတာလား"
ယဲ့ချန်းက အင်တင်တင်ပြုံးလိုက်သည်။
"ရှေ့တည့်တည့်မှာ မိန်းမလှလေးတစ်ယောက် ရှိနေတာကို။ တခြား ဘာတွေးစရာလိုဦးမှာလဲ"
ရှောင်ရှန်းကမူ နှာခေါင်းရှုံ့လိုက်လေသည်။
"ကျွန်မ ဘာအလုပ်လုပ်လဲဆိုတာ ရှင်မေ့သွားပြီလား။ ကျွန်မကို လာလိမ်လို့မရဘူးနော်။ လမ်းလျှောက်နေတဲ့တစ်လျှောက်လုံး ရှင်တစ်ယောက်တည်း ပြုံးစိစိဖြစ်နေတာ။ ယောက်ျားတွေက မကောင်းတဲ့အကြံတွေ တွေးနေမှသာ အဲဒီလိုမသတီစရာမျက်နှာပေးမျိုး ရှိတတ်တာ"
ယဲ့ချန်း : "…"
သူ(မ)နှင့် အတူအိပ်ရန် တွေးတောနေခြင်းဖြစ်သည်ဟု ရှောင်ရှန်းကို သူ လုံးဝဖွင့်ပြော၍မရနိုင်ပေ။
သေနတ်ဖြင့် အကျပ်ကိုင်ခံရလျှင်ပင် ယဲ့ချန်း ဝန်ခံမည်မဟုတ်။ အကြောင်းမှာ သူ့ရှေ့ရှိ လူသည် လူတစ်ယောက်ကို အစပျောက်အောင် လုပ်နိုင်သည့် နည်းလမ်းပေါင်းစုံရှိသော ထိပ်တန်းလုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက် ဖြစ်နေသောကြောင့်ပင်။
"တကယ်တော့ မင်းကို ဘယ်လိုပျော်အောင် ထားရမလဲဆိုတာ တွေးနေတာပါ"
ရှောင်ရှန်း ခေတ္တမျှ ကြောင်အသွားပြီးနောက် ပြုံးလိုက်သည်။
"ရှင် အတည်ပြောနေတာလား"
သူ့စကားကို ကြားလိုက်ရချိန်တွင် ရှောင်ရှန်း၏ မျက်နှာထက်၌ မိန်းကလေးဆန်ဆန် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်ကို ယဲ့ချန်း သတိထားမိလိုက်သည်။
"ဒါပေါ့"
ယဲ့ချန်းက တာဟုန်ပေါင်လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။
"အင်း... ဒီလက်ဖက်ရည်က မဆိုးဘူးပဲ"
ထိုစဉ် ရှောင်ရှန်းက ရုတ်တရက် မေးလိုက်သည်။
"ယဲ့ချန်း... ကျွန်မ ရှင့်ကို မေးခွန်းတစ်ခု မေးလို့ရမလား"
ယဲ့ချန်း ခဏမျှတုံ့ဆိုင်းသွားသည်။
"ဘာမေးခွန်းလဲ"
"ကျွန်မလိုမိန်းမမျိုးကို ရှင် သဘောကျလား"
ဤစကားကို ကြားလိုက်ရသော် ယဲ့ချန်းခမျာ သောက်လက်စတာ့ဟုန်ပေါင်လက်ဖက်ရည်ကိုပင် ပြန်ထွေးထုတ်လုမတတ် ဖြစ်သွားလေသည်။
ဒါက ဘာသဘောလဲ။
ဤမိန်းမက သူ့ကို အရိပ်အမြွက်ပြနေလေသလား။ သို့မဟုတ် သူ့ကို ရည်းစားစကား လာပြောနေလေသလား။
ယဲ့ချန်းဘက်က ဘာမှပြန်မဖြေသည်ကို မြင်သောအခါ ရှောင်ရှန်းမှာ ပူဆွေးသောကရောက်နေဟန် လေသံဖြင့် ဆိုလာလေသည်။
"ရှင်က ကျွန်မလိုပုံစံမျိုးကို မကြိုက်ဘူးလား"
ယဲ့ချန်းကမူ ခေါင်းယမ်းလိုက်၏။
"တကယ်တော့ မင်းထင်သလို မဟုတ်ပါဘူး"
"ကျွန်မက မလှလို့လား"
ရှောင်ရှန်းက ယဲ့ချန်းကို စိုက်ကြည့်၍ မေးလိုက်သည်။
ယဲ့ချန်းက ခေါင်းယမ်းလိုက်ပြန်သည်။
ရှောင်ရှန်း၏ အလှတရားက လူကို အသက်ရှူမှားစေလောက်သည့် အလှမျိုးပင်။ စော်ကား၍မရနိုင်သော နတ်ဘုရားမတစ်ပါးအလား ရုပ်ရည်ရမှတ်၉၉မှတ်တန် ပိုင်ရှင်ဖြစ်ပြီး အမျိုးသမီးထုကြားတွင် အထက်တန်းလွှာစာရင်းဝင်ဖြစ်၏။
"ဒါဆို ကျွန်မရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ရှင် သဘောမကျတာလား"
ရှောင်ရှန်းက ဆက်မေးပြန်သည်။
ယဲ့ချန်းကလည်း ထပ်ပြီး ခေါင်းယမ်းပြပြန်သည်။
ရှောင်ရှန်း၏ အချိုးအစားက Sပုံသဏ္ဌာန် ကောက်ကြောင်းဖြင့် ပြည့်စုံလွန်းသည်ဖြစ်ရာ အပြစ်ပြောစရာ မရှိပေ။
"ဒါဆို ရှင်က ဘာကိုသဘောမကျဖြစ်နေတာလဲ"
ရှောင်ရှန်းက ယဲ့ချန်းကို စူးစိုက်ကြည့်ရင်း မေးလေသည်။
ယဲ့ချန်းကလည်း အောင့်သက်သက် ရယ်မောလိုက်သည်။
"တကယ်တော့ မင်းက အရမ်းထူးချွန်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါပေမဲ့ ငါတို့နှစ်ယောက်က ချစ်သူတွေဖြစ်ဖို့ မသင့်တော်ဘူးလို့ ထင်လို့ပါ"
ယဲ့ချန်း၏ စကားကို ကြားသောအခါ ရှောင်ရှန်း ခဏမျှ ငြိမ်ကျသွားပြီးနောက် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"ရှင်က ကျွန်မ စိတ်ဒဏ်ရာရသွားမှာ ဒါမှမဟုတ် ဝမ်းနည်းပူဆွေးသွားမှာ မကြောက်ဘူးလား။ ဒီလောက်တောင် တဲ့တိုးကြီး ငြင်းရသလား"
ယဲ့ချန်းကလည်း ခွန်းတုံ့ပြန်လိုက်သည်။
"မင်းက အရမ်းပြည့်စုံလွန်းနေလို့ပါ။ မင်းကို ငါ ထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့ ခံစားရလို့"
အမှန်အတိုင်းပြောရလျှင် ဇနီးအဖြစ်ထားရန် မဖြစ်နိုင်သော်လည်း အပျော်ရည်းစားအဖြစ်ထားရန်မူ အလွန်ကောင်းမွန်လှသည်ဟု ယဲ့ချန်း ပြောချင်သော်လည်း ထိုစကားကို သူ ထုတ်မပြောရဲပေ။
ရှောင်ရှန်းက ခါးခါးသီးသီး ပြုံးလိုက်သည်။
"ရှင် သိလား... ကျွန်မ ငယ်ငယ်ကတည်းက အခုအထိ ဒါက ပထမဆုံးအကြိမ် ဖွင့်ပြောဖူးတာပဲ။ ဒါကို အငြင်းခံရလိမ့်မယ်လို့ မထင်ထားဘူး"
ယဲ့ချန်း : ...
သူတို့နှစ်ယောက်သား လက်ဖက်ရည်သောက်နေစဉ် မလှမ်းမကမ်းတစ်နေရာမှ အမျိုးသားတစ်ယောက်က မှန်ပြောင်းဖြင့် သူတို့အား လှမ်းကြည့်နေသည်။
ထို့နောက် ထိုအမျိုးသားက ဖုန်းထုတ်လိုက်သည်။
"ရှောင်ရှန်းက အခု ယဲ့ချန်းနဲ့ အတူရှိနေတယ်။ မင်းတို့ အချိန်မရွေး လှုပ်ရှားလို့ရပြီ"
"ဟုတ်ကဲ့။ အစ်ကိုကြီးအမာရွတ်... ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ။ အချိန်ကောင်းကျရင် လှုပ်ရှားလိုက်ပါ့မယ်"
ဖုန်းချပြီးနောက် အစ်ကိုကြီးအမာရွတ်က သက်ပြင်းအရှည်ကြီး ချလိုက်သည်။ သူသည် မှန်ပြောင်းထဲကတစ်ဆင့် ရှောင်ရှန်း၏ ကျော့ရှင်းလှပသော ကိုယ်လုံးကိုယ်ပေါက်ကို နှမြောတသသဖြင့် ကြည့်နေဆဲပင်။
"ဒီလောက်လှတဲ့ အလှလေးကို နှမြောစရာပဲကွာ"
လက်ဖက်ရည်သောက်ပြီးသောအခါ ရှောင်ရှန်းက မေးလိုက်သည်။
"ကဲ... ရှင် ကျွန်မကို ပျော်အောင်ထားမယ်လို့ ပြောထားတယ်နော်။ ဘယ်နေရာကို သွားလည်ကြမလဲ"
ယဲ့ချန်းက ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်သည်။
"မင်း တစ်နေ့ခင်းလုံး ဒီအတိုင်းပဲ အချိန်ဖြုန်းနေတော့မှာလား"
ရှောင်ရှန်းက ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်သည်။
"ဟုတ်တယ်။ ဒီနေ့ ကျွန်မ အပန်းဖြေချင်တယ်။ ဒါတင်မကဘူး။ ရှင် ကျွန်မကို ပျော်အောင်ထားမယ်လို့ ကတိပေးထားတယ်လေ။ ခုနကတင် ရှင် ကျွန်မကို ငြင်းလိုက်လို့ ကျွန်မ တကယ်မပျော်တော့ဘူး"
ယဲ့ချန်း : "…"
ယနေ့တော့ တက္ကစီမောင်းရန် မဖြစ်နိုင်တော့ချေ။
သို့သော် ဤကဲ့သို့သော မိန်းမလှလေးတစ်ယောက်နှင့် အတူရှိနေရခြင်းကလည်း ဆိုးလှသည်တော့မဟုတ်ပေ။
ရှောင်ရှန်းက ရယ်မောလိုက်သည်။
"ဒါနဲ့... ရှင့်ကို ပျော်စရာကောင်းတဲ့ နေရာတစ်ခုကို ခေါ်သွားပေးမယ်"
ယဲ့ချန်း ခဏမျှ ကြောင်သွားသည်။
"ဘယ်နေရာလဲ"
ရှောင်ရှန်းက ကလူ၏သို့မြူ၏သို့ဆန်ဆန် အပြုံးတစ်ချက်ကိုသာ ပြသလေသည်။
"ခဏနေရင် သိရမှာပေါ့"
ယဲ့ချန်းလည်း ရှောင်ရှန်းနောက်သို့ လိုက်သွားလေရာ ရေပူစမ်းဆိုင်တစ်ဆိုင်သို့ ရောက်လာခဲ့သည်။
သူ(မ)က ရေပူစမ်းစိမ်ချင်နေခြင်းပင်။
ယဲ့ချန်း ဝင်ပေါက်နားသို့ ရောက်သွားချိန်တွင် ဝန်ထမ်းတစ်ယောက်က သူ့ကို တားလိုက်သည်။
"လူကြီးမင်း.. လူကြီးမင်း ဝင်လို့မရပါဘူး"
ယဲ့ချန်းလည်း တံခါးဝရှိ ဆိုင်းဘုတ်ကို ကြည့်လိုက်သောအခါမှသာ ဤသည်မှာ အမျိုးသမီးသီးသန့် အဆင့်မြင့်ရေပူစမ်းဆိုင်ဖြစ်ပြီး အမျိုးသမီးဖောက်သည်များကိုသာ ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ဝင်ပေါက်တွင် ‘အမျိုးသားများနှင့် ခွေးများမဝင်ရ’ ဟု ဆိုင်းဘုတ်ချိတ်ထားသေးသည်။
ဒီဆိုင်ရှင်က ယောက်ျားတွေအပေါ် ဘာများ အာဃာတရှိနေလို့လဲ...
ရှောင်ရှန်းက ခြေလှမ်းရပ်လိုက်ပြီး ဝန်ထမ်းအား ပြောလိုက်လေသည်။
"သူက ယောက်ျားလို့ ဘယ်သူပြောလဲ"
ယဲ့ချန်းခမျာ ဆွံ့အသွားရလေသည်။
သူက ယောက်ျားစစ်စစ်ကြီးပါ...
ဝန်ထမ်းဖြစ်သူက ယဲ့ချန်းအား တစ်ချက်ကြည့်လိုက်ပြီးနောက် အောက်ပိုင်းနေရာတစ်နေရာတွင် အကြည့်က ခေတ္တရပ်တန့်သွားသည်။
ယောက်ျားတစ်ယောက်၏ လက္ခဏာများက သိသာထင်ရှားလွန်းနေပေသည်။
ထိုစဉ် ဟိတ်ဟန်ကြီးလှသော အမျိုးသမီးတစ်ယောက် ထွက်လာလေသည်။
"ဪ... ရှောင်ရှန်းပါလား။ ဒီနေ့ ရေပူစမ်းစိမ်ဖို့ ကောင်လေးတစ်ယောက် ခေါ်လာတာလား"
ရှောင်ရှန်းက ခပ်ဖွဖွရယ်မောလိုက်သည်။
"ဟုတ်တယ်... သူငယ်ချင်းတစ်ယောက်ကို အဖော်ခေါ်လာတာလေ"
ထိုအမျိုးသမီးမှာ ဆိုင်ရှင်ဖြစ်ကြောင်း သိသာလှသည်။
ထိုအမျိုးသမီးက ဝန်ထမ်းအား ပြောလိုက်၏။
"သူဌေးရှောင်ခေါ်လာတဲ့ သူငယ်ချင်းတွေကို တားစရာမလိုဘူး"
ထို့ကြောင့် ယဲ့ချန်းလည်း ရှောင်ရှန်းနောက်မှ လိုက်ကာ အမျိုးသမီးသီးသန့် ရေပူစမ်းအတွင်းသို့ ဝင်သွားလိုက်လေတော့သည်။
အဝတ်အစားလဲပြီးနောက် ဆေးဘက်ဝင်အပင်မျိုးစုံ စိမ်ထားသော ရေနွေးနွေးလေးထဲသို့ ဝင်စိမ်လိုက်၏။
တစ်ကိုယ်လုံး အလွန် သက်သောင့်သက်သာရှိလှသည်။
ထိုစဉ် ရုတ်တရက်ဆိုသလို ရေချိုးခန်းတံခါး ပွင့်သွားပြီး ခြေတံရှည် မိန်းမလှလေးတစ်ယောက် ဝင်လာသည်။
"သေစမ်း... ရှောင်ရှန်းပဲ"
"မင်း ဘာလို့ဝင်လာတာလဲ"
ယဲ့ချန်းခမျာ သူ့ခန္ဓာကိုယ်ကို ရေထဲသို့ အမြန်နှစ်ထားလိုက်သည်။
ယဲ့ချန်း၏ တုံ့ပြန်မှုကို မြင်သောအခါ ရှောင်ရှန်းက ခပ်ဖွဖွပြုံးသည်။
"ကျွန်မက ဘာလို့ ဝင်လာလို့မရရမှာလဲ။ ဒါနဲ့... ရှင် မျက်လုံးမှိတ်ထားသင့်တယ် မဟုတ်ဘူးလား"
"ဟင်"
ယဲ့ချန်း လန့်ဖျပ်သွားသည်။
“ရှင် ကျွန်မကို ကြည့်ချင်လို့လား။ ဪ... ရှင် စိတ်မထိန်းနိုင်ဘဲ အမှားတစ်ခုခုလုပ်မိမှာစိုးတယ်။ အဲဒီလိုသာ ဖြစ်သွားရင် ရှင်က ကျွန်မကလေးရဲ့ အဖေ ဖြစ်လာလိမ့်မယ်နော်"
ယဲ့ချန်း တံတွေးကို အနိုင်နိုင် မျိုချလိုက်ရသည်။
ထိုစဉ် ဘေးနားရှိ သခွားသီးစိတ်အချို့ကို မြင်လိုက်ရသည်။
သူလည်း ထိုသခွားသီးစိတ်များကို ချက်ချင်း လှမ်းယူပြီး မျက်လုံးပေါ်သို့ ကပ်ထားလိုက်တော့သည်။
မဖြစ်ပေ။ ကြည့်၍မဖြစ်ပါချေ။ သူ့အနေနှင့် မသိလိုက်မသိဘာသာဖြင့် ဤမိန်းမနှင့် ကလေးရမည့်အဖြစ်မျိုးကို အဖြစ်မခံနိုင်ချေ။
••••••••••••••••••••••••••