အခန်း ၆၆၄
Vol. 45 Ch. 664
အပိုင်း ၆၆၄ - လုပ်ကြံသတ်ဖြတ်သူ ထပ်ပေါ်လာခြင်း
ယဲ့ချန်း၏ပုံစံကိုမြင်သော် ရှောင်ရှန်းမှာ မရယ်ဘဲ မနေနိုင်တော့ပေ။
ထို့နောက် ရေပြင်လှိုင်းထသွားသည်ကို ယဲ့ချန်း ခံစားလိုက်ရသည်။
သေစမ်း... ဒီမိန်းမက ရေကန်ထဲ တကယ်ဆင်းလာတာဟ...
ယဲ့ချန်း၏ခြေထောက်မှာ ရှောင်ရှန်း၏ခန္ဓာကိုယ်နှင့်ပင် ထိမိသွားသေးသည်။
ချက်ချင်းပင် ယဲ့ချန်းတစ်ယောက် ဂနာမငြိမ်ဖြစ်သွားတော့သည်။
ရေချိုးကန်ထဲတွင်မူ အဝတ်အစားဝတ်မထားသည်မှာ သေချာ၏။ ဤမိန်းမလည်း သူ့လို ဖြစ်နေမည်သာ။
သူတို့နှစ်ယောက်လုံး ရေထဲရောက်နေကြသော်လည်း ဘယ်ယောက်ျားကိုမဆို နှာခေါင်းသွေးယိုသွားစေနိုင်သည့် မြင်ကွင်းကို ယဲ့ချန်း မျက်လုံးထဲ မြင်ယောင်နေမိဆဲပင်။
ဟင်း...ရေကသာ ကြည်လင်နေရင် သိပ်ကောင်းမှာပဲ။
ယဲ့ချန်းခမျာ မတတ်သာသည့်အဆုံး သက်ပြင်းသာ ချလိုက်ရသည်။
ရေထဲတွင် ဆေးဘက်ဝင်အပင်များ အပြည့်ပါဝင်နေပြီး ကန်တစ်ခုလုံးမှာ အစိမ်းရင့်ရောင်ဖြစ်နေသဖြင့် အထဲတွင် ဘာမှမမြင်ရပေ။
အင်း... နှမြောစရာကောင်းလိုက်တာ။ ဘေးနားက ရေကန်အကြည်ထဲ သွားခဲ့သင့်တာ။
ယဲ့ချန်းမှာ အခွင့်အရေးကောင်းတစ်ခု လက်လွတ်သွားသည့်အတွက် နောင်တရနေမိသည်။
ရှောင်ရှန်းကလည်း ယဲ့ချန်း ဘာတွေးနေသလဲဆိုသည်ကို ရိပ်မိသွားဟန်ပင်။
"ရှင် စိတ်ပျက်နေတာလား။ ဒီအထဲမှာ ဘာတွေပါလဲ ခန့်မှန်းကြည့်လေ"
“ရေတွေပေါ့။ အစိမ်းရောင်ရေတွေ"
ရှောင်ရှန်းက မျက်စောင်းထိုးလိုက်လေသည်။
"သာမန်ရေဆိုပေမဲ့ အထဲမှာပါတဲ့ ဆေးဖက်ဝင်အပင်တွေက ထျန်းရှန်းတောင်ကနေ အထူးမှာယူထားတာ။ စိမ်ပြီးသွားရင် အသားအရေကို ဖြူဖွေးဝင်းမွတ်စေပြီး ဆဲလ်တွေ အိုမင်းရင့်ရော်တာကို နှေးကွေးစေတယ်။ ကျွန်မက ဒီကို လာစိမ်နေကျမို့လို့ အသားအရေ ဒီလောက်ချောမွေ့နေတာပေါ့"
"ဒီမှာ တစ်ခေါက်စိမ်ရင် ဘယ်လောက်ကျလဲ"
"မများပါဘူး။ တစ်ခေါက်ကို သုံးသောင်းပါပဲ"
ယဲ့ချန်းမှာ လျှာတစ်လစ်ထုတ်လိုက်လေသည်။
"မင်းက ဘဝကို တကယ်ခံစားတတ်တာပဲ"
သေလိုက်ပါတော့... ရေတစ်ခါချိုးတာတောင် သုံးသောင်းဆိုတော့ တော်တော်ဇိမ်ကျတာပဲ။ သူ(မ) အသားအရေကောင်းနေတာ အံ့ဩစရာမရှိတော့ပါဘူး။
ရှောင်ရှန်းက ဆက်ပြောချေသည်။
"မိန်းကလေးတွေက သူတို့ရဲ့ ရုပ်ရည်သွင်ပြင်ကို အဂရုစိုက်ဆုံးပဲ။ ဒါကြောင့် ဒီကိစ္စမှာ နှမြောနေလို့မရဘူး"
ယဲ့ချန်းမှာ ဆွံ့အသွားရချေသည်။
"ဒါကို နှမြောတာမဟုတ်ဘူးလို့ ခေါ်တာလား။ ဒါက ပိုက်ဆံတွေကို မီးရှို့ပစ်နေတာပဲ"
ရှောင်ရှန်း သက်ပြင်းချလိုက်သည်။
"အရမ်းလှပြီး အရမ်းထူးချွန်နေတာလည်း ပြဿနာပဲ။ မဟုတ်ရင် အခုချိန်အထိ စင်ဂယ်ဖြစ်နေမှာ မဟုတ်ဘူး"
ယဲ့ချန်းလည်း နေရခက်ဟန်ဖြင့် ပြုံးလိုက်သည်။
လူသတ်နည်းပေါင်း တစ်ရာ့ရှစ်သွယ်ရှိသည့် မိန်းမတစ်ယောက်၏ ချစ်သူဖြစ်ရန်မှာ အရည်အချင်းအချို့ လိုအပ်ပေသည်။
ရှောင်ရှန်း လုပ်ပြလိုက်သည့် ကိုယ်ဟန်အနေအထားကြောင့် ယဲ့ချန်း ဆွံ့အသွားရသည်။
ထိုအချိန်တွင် ရှောင်ရှန်း ယဲ့ချန်းကို ကြည့်လိုက်သည်။
"ဒါနဲ့... ရှင် အခု စိတ်မလှုပ်ရှားဘူးလား"
ယဲ့ချန်း စကားမပြောနိုင်လောက်အောင်ပင်။ သူ ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
ယဲ့ချန်း ယခုချက်ချင်းပင် အနားပြေးသွားချင်စိတ် ပေါက်နေသည်။
ဤမိန်းမ၏ စနောက်မှုများကြောင့် ယဲ့ချန်း ရူးတော့မလို ခံစားနေရသည်။
ထိုစဉ် ရှောင်ရှန်းက ရုတ်တရက်ပြောလိုက်၏။
"ကျွန်မ ဘာလို့ ဒီလောက်တောင် အိပ်ချင်နေရတာလဲ။ တစ်ရေးလောက် အိပ်လိုက်ချင်တယ်"
ရှောင်ရှန်းက ခေါင်းယမ်းလိုက်သည်။
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ရေကန်ထဲတွင် ထူးဆန်းသည့် အနံ့တစ်မျိုးကို သူ သတိထားမိလိုက်သည်။
မဟန်တော့ဘူး။ ဒီရေကန်က တစ်ခုခုတော့လွဲနေပြီ။
ယဲ့ချန်းက ပြောလိုက်၏။
"ငါတို့ အမြန်ထွက်မှဖြစ်မယ်"
ရှောင်ရှန်း ခေါင်းညိတ်လိုက်သော်လည်း တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေသလို ခံစားရသည်။
"ကျွန်မ အားတစ်စက်မှ မရှိတော့ဘူး"
ရှောင်ရှန်း အနည်းငယ် အထိတ်တလန့်ဖြစ်ဟန်ဖြင့် ပြောလိုက်သည်။
ယဲ့ချန်းလည်း တခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ရှောင်ရှန်းကို ရေကန်ထဲမှ ပွေ့ချီကာ တဘက်ဖြင့် ပတ်ပေးလိုက်သည်။
ထိုအခိုက်ဝယ် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။
ယဲ့ချန်းက မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်သည်။
"သေစမ်း... ငါတို့ ထောင်ချောက်မိသွားပုံပဲ"
တဘက်ပတ်ပြီးခါစအချိန်ဝယ် ရေချိုးခန်းတံခါးမှာ တွန်းဖွင့်ခံလိုက်ရသည်။
ထို့နောက် လူရိပ်တစ်ခုက ယဲ့ချန်းဆီသို့ တည့်တည့် ပြေးဝင်လာသည်။
ယဲ့ချန်းလည်း ဘေးတိမ်း၍ တစ်ဖက်လူ၏ ဓားမြှောင်ကို ရှောင်တိမ်းပြီး ပခုံးဖြင့် ဝင်တိုက်လိုက်သည်။
လုပ်ကြံသူမှာ အမြန်မရှောင်နိုင်သဖြင့် ယဲ့ချန်းထံမှ အတိုက်ခံရပြီး ယိုင်သွားသည်။
ယဲ့ချန်းက ထိုလူ့ကို ဖမ်းဆွဲရန် ပြင်လိုက်ချိန်တွင် အမျိုးသမီးလုပ်ကြံသူက ရုတ်တရက်ဆိုသလို ဒူးလေးတစ်လက်ကို ဆွဲထုတ်လိုက်သည်။
သေစမ်း.. ဒီဟာကြီး ထပ်လာပြန်ပြီ...
ပြီးခဲ့သည့်တစ်ခေါက်ကလည်း ဤအရာကြီးကြောင့် ယဲ့ချန်း အတော်အထိနာခဲ့ရသည်။
အမျိုးသမီးက ထိုပစ္စည်းကိုင်ထားကြောင်း မြင်သောအခါ ယဲ့ချန်းလည်း တစ်ဖက်လှည့်၍ ရှောင်ရှန်းကို ကောက်ချီပြီး အပြင်သို့ ပြေးထွက်သွားသည်။
အမျိုးသမီးလုပ်ကြံသူ၏ အမိန့်မှာ ရှောင်ရှန်းနှင့် ယဲ့ချန်းတို့ကို သတ်ပစ်ရန်ဖြစ်လေရာ သူ(မ)အနေနှင့် သူတို့ကို မည်သို့ အလွတ်ပေးမည်နည်း။
ယဲ့ချန်းက ရှေ့ကပြေးပြီး သူ(မ)ကလည်း ဒူးလေးကိုင်၍ အနောက်မှ လိုက်လာသည်။
ပြေးနေရင်း ယဲ့ချန်းက အငြိမ်မနေချေ။
"ကယ်ကြပါဦးဗျို့... လူသတ်နေတယ်ဗျို့"
ထိုစဉ် အခြားရေချိုးခန်းများကလည်း ဘာဖြစ်သလဲဆိုသည်ကို ကြည့်ရန် တံခါးများကို ဖွင့်ကြည့်ကြသည်။
ထို့ကြောင့် လူတိုင်း တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုကို မြင်လိုက်ကြရသည်။
အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ပွေ့ချီ၍ အသေအလဲ ပြေးနေသည်။
နောက်တွင်မူ အမျိုးသမီးတစ်ဦးက ဒူးလေးတစ်လက်ဖြင့် လိုက်နေသည်။
လူတိုင်းမှာ အနည်းငယ် ကြောင်အသွားကြသည်။
ဒါက အမျိုးသမီးသီးသန့် ရေပူစမ်း မဟုတ်ဘူးလား။ အမျိုးသားတစ်ယောက်က ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ။
အဓိကအချက်ကား ဒူးလေးကိုင်ထားသည့် မိန်းမတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ချီထားသည့် အမျိုးသားနောက်ကို ဘာကြောင့် လိုက်နေရလေသလဲ။
လူအများစုမှာ ဇာတ်လမ်းကို သူတို့ဘာသာ အမျိုးမျိုး တွေးတောနေကြတော့သည်။
ခေါင်းပေါင်းများစွာ ပြူထွက်လာသည်ကို မြင်လိုက်ရသောအခါ အမျိုးသမီးလုပ်ကြံသူလည်း အထိတ်တလန့် ဖြစ်သွားသည်။
သူ(မ)လည်း ဒူးလေးကိုမြှောက်၍ ဆက်တိုက်သာ ပစ်ခတ်လိုက်သည်။
ယဲ့ချန်းက လူများကို အော်ခေါ်လိုက်ရခြင်းမှာ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာစေရန်သာ။
မည်သို့ပင်ဖြစ်စေ တစ်ဖက်လူမှာ လုပ်ကြံသူတစ်ဦးဖြစ်လေရာ လူအမြင်ခံ၍ မဖြစ်ပေ။
သို့သော် ထိုအမျိုးသမီးလုပ်ကြံသူမှာမူ ယဲ့ချန်းနှင့် ရှောင်ရှန်းကို သတ်ရန် သန္နိဋ္ဌာန်ချထားဟန်ဖြင့် အနီးကပ် လိုက်ပါလာသည်။
ဒူးလေးမြားများက ယဲ့ချန်းဘေးမှ ဆက်တိုက် ပျံသန်းသွားသည်။
ကံကောင်းထောက်မစွာဖြင့် ယဲ့ချန်းတွင် စနစ်၏ သတိပေးချက်များရှိနေသဖြင့် သူ့ရွေ့လျားနိုင်စွမ်းကို အားကိုးကာ လုပ်ကြံသူ၏ ဒူးလေးကို ရှောင်တိမ်းနိုင်ခဲ့သည်။
ယဲ့ချန်းက ရှောင်ရှန်းကိုချီလျက် လုပ်ကြံသူ၏ ဒူးလေးကို ရှောင်ရှားရန် နေရာများကို အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။
သူ့အမြန်နှုန်းမှာ အလွန်လျင်မြန်လှသဖြင့် လုပ်ကြံသူနှင့် အလှမ်းဝေးသွားချေပြီ။
ထိုအချိန်တွင် အရှေ့၌ ချွေးထုတ်ခန်းတစ်ခန်းရှိနေသဖြင့် ယဲ့ချန်းလည်း တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။
အထဲတွင် အခိုးအငွေ့များ ပြည့်နှက်နေပြီး အရှေ့ကိုပင် မမြင်ရပေ။
ဤအနေအထားက ယဲ့ချန်းအတွက် အလွန်အကျိုးရှိလှသည်။
ယဲ့ချန်းလည်း တုံ့ဆိုင်းမနေဘဲ အမြန်ဖြတ်ပြေးသွားသည်။
ထိုအချိန်တွင် နောက်မှ အမျိုးသမီးလုပ်ကြံသူကလည်း ရောက်လာသည်။
ထိုအခိုက်ဝယ် သူ(မ)သည် အခိုးအငွေ့များပြည့်နေသော ရေချိုးခန်းကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်သော်လည်း အထဲသို့ ဝင်သွားဆဲပင်။
အခိုးအငွေ့များ ဖုံးလွှမ်းနေသော ရေချိုးခန်းထဲတွင် ယဲ့ချန်းနှင့် ရှောင်ရှန်းတို့၏ အရိပ်အယောင်မျှပင် မရှိတော့ပေ။
မဖြစ်နိုင်ဘူး။ ခုနလေးတင် ယဲ့ချန်း ပြေးဝင်သွားတာကို မြင်လိုက်တယ်လေ။ ဘယ်လိုလုပ်ပြီး ပျောက်သွားရတာလဲ။
အမျိုးသမီးလုပ်ကြံသူက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် သူ(မ)၏ အကြည့်များက အလယ်ရှိ ရေကန်သို့ ကျရောက်သွားသည်။
သူ(မ)က မျက်လုံးကို အနည်းငယ်မှေးကျဉ်း၍ ရေကန်နားသို့ တဖြည်းဖြည်း တိုးသွားသည်။
အမျိုးသမီးလုပ်ကြံသူ ရေကန်ဘေးသို့ ရောက်ခါနီးတွင် ဘေးနားရှိ ဗီရိုကြီးက ရုတ်တရက် ပြုတ်ကျလာသည်။
အသံကြားသဖြင့် အမျိုးသမီးလုပ်ကြံသူ လှည့်ကြည့်လိုက်ချိန်တွင် နောက်ကျသွားခဲ့လေပြီ။ ဗီရိုကြီးက သူ(မ)ရှေ့သို့ ရောက်နေပြီဖြစ်၏။
အမျိုးသမီးလုပ်ကြံသူမှာ လက်နှစ်ဖက်ကိုသုံး၍ ဗီရိုကြီးကို ကာထားရုံသာ တတ်နိုင်တော့သည်။
ဒိုင်း!
နောက်ဆုံးတွင်မူ အမျိုးသမီးလုပ်ကြံသူခမျာ ဗီရိုဖြင့် ဆောင့်မိသွားသည်။
အမျိုးသမီးလုပ်ကြံသူက ဗီရိုကို တွန်းဖယ်ပြီး ထရန် ပြင်လိုက်သော်လည်း ယဲ့ချန်းက ဗီရိုပေါ်သို့ တက်နင်းလိုက်သည်။
အမှန်တော့ ယဲ့ချန်းက မျက်နှာကြက်တွင် တွယ်ကပ်နေခဲ့ပြီး အမျိုးသမီးလုပ်ကြံသူ ရေကန်နားသို့ သွားသည်ကို မြင်သောအခါ ဗီရိုကြီးကို ခြေထောက်ဖြင့် ကန်ချလိုက်ခြင်းပင်။
ဘုန်း...
ယဲ့ချန်းက လက်သီးဖြင့် ထိုးလိုက်သောအခါ ထိုအမျိုးသမီးလုပ်ကြံသူလည်း သတိလစ်သွားလေတော့သည်။
ထိုအခိုက် ဗီရိုထဲမှ ထုရိုက်သံတစ်သံ ထွက်ပေါ်လာသည်။
ရှောင်ရှန်း ဗီရိုထဲတွင် ရှိနေသေးကြောင်း ယဲ့ချန်း သတိရလိုက်သဖြင့် တံခါးကို အမြန်ဖွင့်ပေးလိုက်လေရာ ရှောင်ရှန်းက မောဟိုက်စွာ ထွက်လာခဲ့သည်။
ရေချိုးခန်းထဲသို့ ဝင်ဝင်ချင်း ယဲ့ချန်းက ရှောင်ရှန်းကို ပုန်းအောင်းစေခဲ့ပြီး အမျိုးသမီးလုပ်ကြံသူ ဝင်လာပါက ရေကန်ကို အရင်ဆုံးသတိထားမိမည်ဖြစ်ကြောင်း သူ တွက်ဆထားခဲ့သည်။
ယဲ့ချန်းက အမျိုးသမီးလုပ်ကြံသူထံမှ ဓာတ်ပုံနှစ်ပုံကို ရှာတွေ့ခဲ့သည်။ ထိုဓာတ်ပုံများမှာ ယဲ့ချန်းနှင့် ရှောင်ရှန်းတို့၏ ဓာတ်ပုံများပင်။
သူ(မ)၏ ဖုန်းထဲတွင်လည်း စာတစ်စောင်ကို တွေ့ သည်။
"ချက်ချင်းလှုပ်ရှားတော့။ နှစ်ယောက်လုံးကို သတ်ခဲ့"
ယဲ့ချန်းက မျက်လုံးကိုမှေးကျဉ်းလိုက်၏။
"တာဝန်ပြီးဆုံးပါပြီ။ ပစ်မှတ်တွေကို သတ်ပြီးပါပြီ"
ရှောင်ရှန်း ခဏမျှ ကြောင်အသွားသည်။
"ရှင် ဘာလုပ်နေတာလဲ"
ယဲ့ချန်းက ပြောလိုက်လေသည်။
"ဒါက မင်းတို့ အဖွဲ့အစည်းအတွင်းရေးကိစ္စဖြစ်မယ်ထင်တယ်။ ကိုယ် ကူညီပေးဖို့ လိုမလား"
ရှောင်ရှန်းလည်း ဖုန်းနံပါတ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်လုံးကိုမှေးကျဉ်းလိုက်၏။
"အမာရွတ်... ရှင်က ကျွန်မကို သေစေချင်နေလိမ့်မယ်လို့ မထင်ထားဘူး"
...
ထိုအချိန်တွင် စံအိမ်တစ်ခုအတွင်း၌ စာကိုမြင်လိုက်ရသောအခါ အမာရွတ်တစ်ယောက် စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်သည်။
နောက်ဆုံးတော့ ရှောင်ရှန်း သေသွားပြီ။ လုပ်ကြံသူအဖွဲ့အစည်းကလည်း ငါ့လက်ထဲကို ရောက်လာပြီပေါ့။
လုပ်ကြံသူအဖွဲ့အစည်းအတွင်း၌ ရှောင်ရှန်းကလွဲလျှင် အမာရွတ်က နံပါတ်နှစ်ခေါင်းဆောင်ဖြစ်လေရာ ရှောင်ရှန်း မရှိတော့ပါက လုပ်ကြံသူအဖွဲ့အစည်းကို သူ အလွယ်တကူထိန်းချုပ်နိုင်မည်ဖြစ်၏။
•••••••••••••••••••