အခန်း ၆၆၅
Vol. 45 Ch. 665
အပိုင်း ၆၆၅ : နှင်းဝံပုလွေအဖွဲ့ကို ချေမှုန်းခြင်း
အမာရွတ်သည် သူ့ဖုန်းထဲမှ ဓာတ်ပုံကို ကြည့်လိုက်မိချိန်ဝယ် မျက်နှာထက်တွင် ဝမ်းနည်းမှုနှင့် ဒေါသအရိပ်အယောင်အချို့ ပေါ်လွင်နေပေသည်။
"ရှောင်ရှန်း... မင်းက ငါ့ကို ဒီအခြေအနေအထိရောက်အောင် တွန်းပို့ခဲ့တာ။ မင်းအပေါ်ထားတဲ့ ငါ့ခံစားချက်တွေကို မင်း မသိဘူးလား"
"ဒါတောင် မင်းက ဘယ်ကမှန်းမသိတဲ့ကောင်တစ်ကောင်နဲ့ ဟိုတယ်ကို သွားခဲ့တယ်ပေါ့။ ငါ့ကို သစ္စာဖောက်တာ မင်းပဲ"
"မင်းကို ငါမရနိုင်မှတော့ ဖျက်ဆီးပစ်ရုံပဲ ရှိတော့တယ်"
ယခုမူ ရှောင်ရှန်း သေဆုံးသွားပြီဖြစ်ရာ လုပ်ကြံသူအဖွဲ့အစည်းတစ်ခုလုံး၏ ခေါင်းဆောင်မှာ သူ ဖြစ်လာပေတော့မည်။
ထိုစဉ် တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာပြီး ဖီးနစ်က အထဲသို့ ဝင်လာလေသည်။
"အစ်ကိုကြီးအမာရွတ်... အပြင်မှာ အားလုံးအဆင်သင့်ဖြစ်နေပါပြီ"
အမာရွတ်က သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး အပြင်သို့ ခပ်သွက်သွက် လျှောက်ထွက်သွားသည်။
သူ့အကြည့်များက အဆင့်မြင့်အဖွဲ့ဝင်များပေါ်သို့ ဖြတ်ပြေးသွားပြီးနောက် အေးတိအေးစက်လေသံဖြင့် ပြောလိုက်လေသည်။
"အခု ငါ ကြေညာစရာတစ်ခုရှိတယ်။ ရှောင်ရှန်း သေသွားပြီ"
ထိုသတင်းကို ကြားလိုက်ရသောအခါ တစ်နေရာလုံး ဆူညံပွက်လောရိုက်သွားတော့သည်။
"သူ့ကို သတ်သွားတာက ယဲ့ချန်းပဲ။ ဘော့စ်အတွက် လက်စားချေဖို့ ငါ အမိန့်ထုတ်ထားပြီးပြီ"
"ဘော့စ်အတွက် သွေးကြွေးဆပ်ရမယ်"
သူတို့၏ခေါင်းဆောင် သေဆုံးသွားပြီဖြစ်ကြောင်း ကြားလိုက်ရသောအခါ အဆင့်မြင့်လုပ်ကြံသူများအားလုံးထံမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာကြသည်။
အမာရွတ်က မဲ့ပြုံးပြုံးလျက် ပြောလိုက်၏။
"ဘော့စ် မရှိတော့ပေမဲ့ သူ့ရဲ့အမွေကို ငါတို့ ဆက်ခံရမယ်။ ငါတို့အဖွဲ့အစည်းကို ဒီထက်ပိုကြီးမားလာအောင် ချဲ့ထွင်ရမယ်။ ငါ ဦးဆောင်မယ်။ ဘယ်သူမှ ကန့်ကွက်မယ့်သူ မရှိဘူးလို့လည်း ယုံကြည်တယ်"
အမာရွတ်၏ စကားအဆုံးတွင် မည်သူမှ အသံမထွက်ကြပေ။
တကယ်တော့ လူအများစုမှာ အမာရွတ်ကို ဘဝင်မကျကြသော်လည်း ခန်းမကို ဝိုင်းရံထားသည့် လူများကို မြင်နေရသဖြင့် အားလုံး ငြိမ်နေလိုက်ကြသည်။
အမာရွတ်က ဆက်ပြောလေသည်။
"ဒီနေ့ကစပြီး လုပ်ကြံသူလောကမှာတင် မကဘူး။ ငါ မင်းတို့ကို ဦးဆောင်ပြီး ဒီနေရာမှာ ဘုရင်တစ်ပါး ဖြစ်လာစေရမယ်"
ဖြောင်း... ဖြောင်း... ဖြောင်း...
ရုတ်ခြည်းပင် လက်ခုပ်သံများ ထွက်ပေါ်လာပြီး ကျော့ရှင်းလှပသော ပုံရိပ်တစ်ခု ဝင်ရောက်လာသည်။
ထိုလူကို မြင်လိုက်ရသောအခါ အမာရွတ်၏ မျက်နှာအမူအရာကား သိသိသာသာ ပြောင်းလဲသွားတော့သည်။
ရှောင်ရှန်းပါလား။
"မင်း... မင်း တကယ် မသေသေးဘူးလား"
ရှောင်ရှန်းက အမာရွတ်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
"ငါ မသေသေးလို့ စိတ်ပျက်သွားတာလား။ အမာရွတ်... ငါ့ကိုသတ်ဖို့ နင် လူလွှတ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
အမာရွတ်က အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
"မဟုတ်ပါဘူး။ ကျွန်တော် မလုပ်ပါဘူး။ ဘော့စ်... ကျွန်တော်ရှင်းပြတာကို နားထောင်ပါဦး"
ထိုအချိန်မှာပင် ဓားမြောင်တစ်ချောင်းက သူ့နှလုံးတည့်တည့်သို့ ဖောက်ဝင်လာခဲ့သည်။
သူ့အနောက်ရှိ ဖီးနစ်က ခပ်တိုးတိုးလေသံဖြင့် ပြောလိုက်သည်။
"အစ်ကိုကြီးအမာရွတ်... တောင်းပန်ပါတယ်။ ကျွန်တော် အသက်ရှင်ဖို့အတွက် အစ်ကို့ကို စတေးမှ ရတော့မယ်"
"မင်း..."
အမာရွတ်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး အသက်မရှူတော့ချေ။
မြေပြင်ပေါ်ရှိ အမာရွတ်ကို ကြည့်ရင်း ရှောင်ရှန်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ယခင်က သူ(မ)၏ဖခင်ဖြစ်သူ လုပ်ကြံသူအဖွဲ့အစည်းကို သူ(မ)ထံသို့ လွှဲပြောင်းပေးစဉ်ကတည်းက အမာရွတ်သည် သူ(မ)အတွက် ကြိုးကြိုးစားစား အလုပ်လုပ်ပေးခဲ့သည်။
တစ်ဖက်လူက သူ(မ)ကို သစ္စာဖောက်၍ သတ်ပစ်ချင်လာသည်အထိ ဖြစ်လာလိမ့်မည်ဟု သူ(မ) တစ်ခါမှ မတွေးမိပေ။
ယဲ့ချန်းကြောင့်သာ မဟုတ်လျှင် သူ(မ) ယခုလောက်ဆိုလျှင် သေနေလောက်လေပြီ။
ရှောင်ရှန်းက အဆင့်မြင့်အဖွဲ့ဝင်များကို တစ်ချက်ဝေ့ကြည့်ပြီး ပြောလိုက်သည်။
"မိတ်ဆက်ပေးပါရစေ... သူက မစ္စတာယဲ့... ယဲ့ချန်းတဲ့။ အာဏာပိုင်အဖွဲ့အစည်းက လူတစ်ယောက်ပဲ"
ရှောင်ရှန်း၏ စကားကို ကြားသောအခါ အားလုံး အံ့ဩမှင်တက်သွားကြသည်။
ရှောင်ရှန်းက ဆက်ပြောလိုက်၏။
"မင်းတို့အားလုံးလည်း ဒီလို အမြဲထိတ်လန့်ကြောက်ရွံ့နေရတဲ့ ဘဝမျိုးမှာ နေရတာ ပင်ပန်းနေလောက်ပြီလို့ ငါ ယုံကြည်တယ်။ ဒါကြောင့် အားလုံးကို ပိုတောက်ပတဲ့လမ်းကြောင်းတစ်ခုဆီ ခေါ်သွားချင်တယ်။ စိတ်ဝင်စားတဲ့လူရှိလား"
ရှောင်ရှန်း၏ စကားကြောင့် တစ်နေရာလုံး ဆူညံပွက်လောရိုက်သွားပြန်သည်။
အသက်ကြီးကြီးလူတစ်ယောက်က အသံခပ်ဩဩဖြင့် ပြောလိုက်၏။
"သခင်မလေးရှောင်ရှန်း... ကျွန်တော်တို့က အဲဒီလမ်းကို မလျှောက်ချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့လက်တွေက သွေးစွန်းနေပြီလေ။ ဒါက ဖြစ်နိုင်မယ်လို့ ထင်လို့လား"
ထိုအချိန်တွင် ယဲ့ချန်းက ရှေ့သို့ထွက်လာလေသည်။
"သေချာပေါက် ဖြစ်နိုင်တာပေါ့။ ဒီကိစ္စကို ကျွန်တော့်တာဝန်သာ ထားလိုက်ပါ။ အားလုံး ကျေနပ်လောက်မယ့် အဖြေတစ်ခုကို ကျွန်တော် သေချာပေါက် ပေးပါ့မယ်"
ရှောင်ရှန်းက သက်ပြင်းရှည်ကြီးတစ်ချက်ချ၍ ပြောလိုက်၏။
"မစ္စတာယဲ့... ရှင့်ကိုပဲ ဒုက္ခပေးရတော့မှာပဲ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။
"စိတ်ချပါ... သတင်းကောင်းသာ စောင့်နေလိုက်"
ထိုညတွင် ယဲ့ချန်းသည် ကျိုတိုမြို့သို့ လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့သည်။
လျိုဝေ့ဝေ့က ကားမောင်းနေသည်။
"ယဲ့ချန်း... ရှင် တောင်းဆိုထားတာကို အထက်လူကြီးတွေနဲ့ ကျွန်မ ဆွေးနွေးပြီးပြီ။ ဒါပေမဲ့ ခေါင်းဆောင်တွေက ရှင်နဲ့ လူချင်းတွေ့ပြီး အသေးစိတ် ဆွေးနွေးချင်နေကြတယ်"
ယဲ့ချန်း ခေါင်းညိတ်လိုက်လေသည်။
ရှောင်ရှန်း၏ အဖွဲ့အစည်းမှာ နာမည်ဆိုးဖြင့် ကျော်ကြားသော သမိုင်းကြောင်းရှိသည်ဟု ဆိုနိုင်လေရာ သူတို့ကို သည်အတိုင်း လွှတ်ပေးရန်မှာ ခက်ခဲလှပေသည်။
ရုံးခန်းတစ်ခုအတွင်း၌ ယဲ့ချန်းသည် လျိုဝေ့ဝေ့၏ အထက်အရာရှိနှင့် တွေ့ဆုံခဲ့သည်။
တစ်ဖက်လူမှာ အသက်ခြောက်ဆယ်အရွယ် အဘိုးအိုတစ်ယောက် ဖြစ်သည်။
"လုံရှောင်ထျန်း... ဟွားနိုင်ငံရဲ့ ရွှေရောင်ဒိုင်းကာလို့ လူသိများပြီး ဟွားနိုင်ငံရဲ့ လုံခြုံရေးကို တာဝန်ယူထားတဲ့လူပဲ"
"အကြီးအကဲလုံ... မင်္ဂလာပါ"
ယဲ့ချန်းက ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။
"ယဲ့ချန်း... ဟားဟား မင်းရဲ့ နာမည်ဂုဏ်သတင်းကတော့ နေရာတိုင်းအနှံ့ပါပဲကွာ"
ယခုအခါ ယဲ့ချန်း၏ စတားတက္ကသိုလ်မှာ အလွန်ကျော်ကြားနေပြီး ယဲ့ချန်းဟူသော အမည်နာမကလည်း အထက်လူကြီးများကြားတွင် မကြာခဏ ဆွေးနွေးပြောဆိုရသည့် နာမည်တစ်ခု ဖြစ်လာခဲ့သည်။ ထို့ကြောင့် အကြီးအကဲလုံသည် ယဲ့ချန်း၏ စွမ်းဆောင်ရည်များအကြောင်း ကောင်းကောင်း သိထားပြီးဖြစ်၏။
"အကြီးအကဲလုံ... ဒီတစ်ခေါက် ကျွန်တော် လာခဲ့တာက မိတ်ဆွေတစ်ယောက်ကိုယ်စား လာဆွေးနွေးတာပါ"
ယဲ့ချန်းက ဆို၏။
အကြီးအကဲလုံက ခေါင်းညိတ်လိုက်လေသည်။
"ယဲ့ချန်း... ဒီကိစ္စက တော်တော်လက်ပေါက်ကပ်တယ်ကွ"
ယဲ့ချန်းကလည်း နားထောင်ပြီးနောက် ဝင်ပြောလိုက်သည်။
"ဒီအဖွဲ့အစည်း တည်ရှိနေတာက ကျွန်တော်တို့ ဟွားနိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ခုပါပဲ။ အခု ဒီအခွင့်အရေးကိုယူပြီး သူတို့ကို သိမ်းသွင်းလိုက်မယ်ဆိုရင် အကောင်းဆုံးရွေးချယ်မှုဖြစ်မယ်လို့ ထင်ပါတယ်"
အကြီးအကဲလုံက သက်ပြင်းချလိုက်လေသည်။
"သိမ်းသွင်းတာကတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဘက်က လုံလောက်တဲ့ သစ္စာရှိမှုကိုတော့ ပြသဖို့ လိုလိမ့်မယ်"
"ဘာကိုဆိုလိုတာလဲဗျ"
အကြီးအကဲလုံက ဆိုချေသည်။
"သစ္စာရှိမှုကို ပြသတဲ့အနေနဲ့ အရင်က သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဆေးကြောဖို့အတွက် တစ်ခုခုလုပ်ပေးဖို့ လိုတယ်"
"ဘာတွေလုပ်ရမှာလဲဗျ"
အကြီးအကဲလုံက မြေပုံဆီသို့ လျှောက်သွားပြီး ပြောလိုက်၏။
"ဒီနေရာက ဟွားနိုင်ငံနဲ့ တခြားနိုင်ငံတချို့ နယ်နိမိတ်ထိစပ်နေတဲ့ နေရာပဲ။ ဘယ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာမှ မရှိတဲ့ နယ်မြေဖြစ်ပြီး နှင်းဝံပုလွေလို့ခေါ်တဲ့ လုပ်ကြံသူအဖွဲ့အစည်းတစ်ခုက နေရာယူထားတယ်။ တောင်တန်းတွေကြားထဲက သူတို့ရဲ့ ပုန်းခိုရာစခန်းကို ငါတို့ မကြာသေးခင်ကတင် ခြေရာခံမိထားတယ်။ ကာကွယ်ရလွယ်ပြီး တိုက်ခိုက်ရခက်တဲ့ နေရာမျိုးပဲ။ အဲဒီနှင်းဝံပုလွေအဖွဲ့ကို ချေမှုန်းပေးရင် သူတို့ အရင်က လုပ်ခဲ့တာတွေကို ငါတို့ မျက်ကွယ်ပြုပေးမယ်"
အကြီးအကဲလုံ၏ စကားကို ကြားသောအခါ ယဲ့ချန်းမှာ ခပ်မဲ့မဲ့ပြုံးလိုက်မိသည်။
အကြီးအကဲလုံသည် လုပ်ကြံသူအဖွဲ့အစည်းတစ်ခုကို အခြားလုပ်ကြံသူအဖွဲ့အစည်းတစ်ခုနှင့် ရင်ဆိုင်ဖြေရှင်းခိုင်းရလောက်သည်အထိ အမှန်တကယ် တွက်ချက်တတ်သူပင်။
သို့သော်လည်း အကြီးအကဲလုံ၏ တောင်းဆိုမှုမှာ လွန်ကဲလှသည်တော့ မဟုတ်ပေ။ သူတို့ ယခင်က ကျူးလွန်ခဲ့သော ဆိုးရွားသည့် ကိစ္စရပ်များစွာကို ကြည့်လျှင် သည်အတိုင်း မျက်ကွယ်ပြုလိုက်ရန် မဖြစ်နိုင်ချေ။
ယဲ့ချန်း ခေါင်းညိတ်လိုက်၏။
"ကောင်းပါပြီ။ ဒီသတင်းကို ကျွန်တော် သေချာပေါက် ပါးလိုက်ပါ့မယ်။ ဒါပေမဲ့ သူတို့ ပူးပေါင်းချင်စိတ်ရှိမရှိဆိုတာကိုတော့ ကျွန်တော် အာမမခံနိုင်ဘူးနော်"
အကြီးအကဲလုံက ပြုံးလိုက်လေသည်။
"အင်း... သတင်းကောင်းကို စောင့်နေမယ်"
လုပ်ကြံသူအဖွဲ့အစည်းသို့ ပြန်လာပြီးနောက် ယဲ့ချန်းက ထိုသတင်းကို ရှောင်ရှန်းထံသို့ ပါးလိုက်သောအခါ သူ(မ)၏ မျက်နှာအမူအရာကာစ ချက်ချင်းပြောင်းလဲသွားသည်။
"ဒါ မဖြစ်နိုင်ဘူး။ ဒါက ကျွန်မတို့အချင်းချင်း သတ်ကြဖြတ်ကြအောင် သက်သက်လုပ်ပြီး သူတို့က အကျိုးအမြတ် ခံစားမလို့လေ။ ကျွန်မရဲ့ညီအစ်ကိုတွေကို အလဟဿ အသေမခံနိုင်ဘူး"
ရှောင်ရှန်းက အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။
ယဲ့ချန်းလည်း သက်ပြင်းတစ်ချက်ချလိုက်၏။
"တကယ်တော့ ဒါက အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်လို့ မင်း တွေးဖူးလား။ အချင်းချင်း သတ်ဖြတ်ရမယ်ဆိုပေမဲ့ အဲဒီနှင်းဝံပုလွေအဖွဲ့က မင်းတို့နဲ့ မတူဘူး။ သူတို့က ဆိုးဝါးယုတ်မာတဲ့ကိစ္စတွေကို အများကြီး ကျူးလွန်ခဲ့တာ။ တကယ်လို့ မင်းတို့သာ ဆန္ဒရှိရင် နှင်းဝံပုလွေအဖွဲ့ကို ချေမှုန်းဖို့ မင်းတို့နဲ့အတူ ငါပါ လိုက်ခဲ့ပေးမယ်"
ယဲ့ချန်း၏စကားကို ကြားသော် ရှောင်ရှန်းတစ်ယောက် မှင်တက်သွားသည်။
အမှန်တော့ ဤကိစ္စမှာ ယဲ့ချန်းနှင့် သိပ်မဆိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ ယဲ့ချန်းအနေနှင့် ထိုင်ကြည့်နေရုံသာ တတ်နိုင်သည်။
သို့သော် ယဲ့ချန်း ဤကိစ္စတွင် တက်တက်ကြွကြွ ပါဝင်နေခြင်းမှာ သူ(မ)ကြောင့် ဖြစ်ကြောင်း သိသာလှသည်။
"ယဲ့ချန်း..."
ယဲ့ချန်းမှာ သက်ပြင်းရှိုက်လိုက်၏။
"ဘာပဲဖြစ်ဖြစ် ငါတို့က အလင်းထဲမှာရှိပြီး သူတို့က အမှောင်ထဲမှာ ရှိနေတာပါ။ ပြီးတော့ အကြီးအကဲလုံကလည်း ကူညီပေးဖို့ ဆန္ဒရှိနေတယ်ဆိုတော့ နှင်းဝံပုလွေအဖွဲ့ကို ချေမှုန်းဖို့ မခက်ခဲပါဘူး။ တကယ်လို့သာ အောင်မြင်သွားခဲ့ရင် နောက်ပိုင်း မင်းတို့လည်း အမှောင်ထုထဲမှာ ဆက်ပုန်းကွယ်နေစရာ မလိုတော့ဘူး"
ရှောင်ရှန်း ခေါင်းညိတ်လိုက်၏။
"ကောင်းပြီလေ... ကျွန်မရဲ့ညီအစ်ကိုတွေနဲ့ တိုင်ပင်လိုက်ဦးမယ်"
ယဲ့ချန်းက ပြုံးလိုက်သည်။
"ရှောင်ရှန်း... မင်းကို တစ်သက်လုံး ပုန်းအောင်းနေရတဲ့ ဘဝမျိုးနဲ့ မရှင်သန်စေချင်ဘူး။ မင်းနဲ့အတူ လမ်းမပေါ်မှာ ပွင့်ပွင့်လင်းလင်း လျှောက်သွားချင်တယ်"
တစ်ညတာ အစည်းအဝေးလုပ်ပြီးနောက် အဆုံးတွင်မူ အကြီးအကဲလုံ၏ တောင်းဆိုမှုကို သူတို့ သဘောတူကြောင်း ယဲ့ချန်းအား ပြောလိုက်သည်။
ယဲ့ချန်းက ရှောင်ရှန်းနှင့် လျိုဝေ့ဝေ့တို့ကို ခေါ်ဆောင်၍ တွေ့ဆုံဆွေးနွေးစေပြီးနောက် ရှောင်ရှန်း၏ လူများမှာ ဟွားနိုင်ငံနဂါးအဖွဲ့သို့ တရားဝင် ပူးပေါင်းသွားကြလေတော့သည်။
ထို့နောက် သူတို့၏ ပထမဆုံးတာဝန်မှာ နှင်းဝံပုလွေအဖွဲ့ကို ချေမှုန်းရန်ပင်။
••••••••••••••••••••••••