အခန်း ၆၆၉
Vol. 45 Ch. 669
အပိုင်း ၆၆၉ : ဝိုင်းရံပိတ်ဆို့ခြင်း
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။
"ဝံပုလွေ... ငါ ခုနကပြောတဲ့ ပူးပေါင်းဆောင်ရွက်မယ့် အဆိုပြုချက်ကို ဘယ်လိုသဘောရလဲ။ မင်းမြင်တဲ့အတိုင်းပဲ ငါတို့ဆီမှာ လူအင်အားက မင်းတို့လောက် မများပေမဲ့ အဖွဲ့ဝင်တစ်ယောက်ချင်းစီကတော့ ထိပ်တန်းတွေချည်းပဲ။ မင်းတို့ ငါတို့ကို ဇာတ်သိမ်းချင်တယ်ဆိုရင်တောင် အဲဒီလောက်လွယ်မယ်မထင်ဘူးနော်"
ဝံပုလွေလည်း စိတ်ထဲတွင် အလွန်အံ့ဩသွားရသည်။ မည်သို့ပင်ဖြစ်စေ ဖမ်းဆီးခံလိုက်ရသည့် လူအနည်းစုမှာ သူတို့အဖွဲ့၏ ထိပ်တန်းအဆင့် လုပ်ကြံသူများဖြစ်ပြီး လူမိုက်များဖြင့် ဝိုင်းရံကာကွယ်ထားသည့်ကြားကပင် ကျရှုံးသွားခဲ့ရခြင်း ဖြစ်၏။
ဤသည်မှာ ယဲ့ချန်း၏ အရည်အချင်း မည်မျှအထိ အစွမ်းထက်ကြောင်း သက်သေပြနေခြင်းပင်။
ထို့ကြောင့် အကယ်၍ နှစ်ဖက်စလုံးသာ တကယ်တမ်း ထိပ်တိုက်ရင်ဆိုင်ကြေးဆိုလျှင် သူတို့ဘက်ကလည်း အနည်းနှင့်အများ ထိခိုက်မှု ရှိနိုင်ပေသည်။
သို့ဖြစ်လေရာ ဝံပုလွေက စိတ်ထဲတွင် ကြိုတင်တွေးတောပြီးဖြစ်၏။ ယဲ့ချန်းကို အေးအေးဆေးဆေးဖြစ်အောင် အရင်ထိန်းထားပြီးမှ သူတို့ကို အပြတ်ရှင်းပစ်ရန် ဆုံးဖြတ်လိုက်သည်။
ဝံပုလွေက အေးစက်ခက်ထန်စွာ ပြောလိုက်သည်။
"ဘော်ဒါ... ငါတို့က လုပ်ငန်းတူတွေဆိုတော့ မိသားစုလိုပါပဲ။ ငါကလည်း အောက်ခြေကနေ အလုပ်လုပ်ပေးနေရတာဆိုတော့ ဆုံးဖြတ်ချက် မချနိုင်ဘူး။ ငါတို့ဘော့စ်ကပဲ ဆုံးဖြတ်ရမှာ။ ဒါပေမဲ့ ငါတို့ညီအစ်ကိုတွေက မင်းလက်ထဲမှာ ရှိနေတုန်း တစ်ခုခုထိခိုက်ဒဏ်ရာရသွားရင်တော့ ငါ့ကို အဆိုးမဆိုနဲ့နော်"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။
"စိတ်မပူပါနဲ့။ သူတို့တွေအားလုံး ဒီမှာ ဘေးကင်းပါတယ်။ မင်းရဲ့ညီအစ်ကိုတွေက ငါတို့နဲ့အတူ လက်ဖက်ရည်သောက်ရင်း ကောင်းကောင်းမွန်မွန် ရှိနေကြပါတယ်"
ဖုန်းချလိုက်ပြီးနောက် ယဲ့ချန်း၏ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ပွင့် ပေါ်လာသည်။
သေစမ်း... အခုအချိန်အထိ ငါ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတုန်းပဲ။
သူလည်း ဖူးရောင်နေအောင် ရိုက်နှက်ခံထားရသည့် နှင်းဝံပုလွေလုပ်ကြံသူကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ဤလူများအားလုံးသည် ယုတ်မာကောက်ကျစ်သည့် လူများဖြစ်လေရာ ယဲ့ချန်းအနေနှင့် ညှာတာနေရန် အကြောင်းမရှိပေ။
သူက အေးစက်စက် အမိန့်ပေးလိုက်လေတော့သည်။
"သူတို့တွေအကုန်လုံး ဖွင့်ပြောတဲ့အထိ နာနာလေးဆုံးမလိုက်"
နှင်းဝံပုလွေလုပ်ကြံသူများမှာ ချက်ချင်းပင် ဆွံ့အသွားကြသည်။
ဝံပုလွေက စေ့စပ်ညှိနှိုင်းမည်ဟု ပြောထားသဖြင့် တစ်ဖက်လူက ပြင်းပြင်းထန်ထန် နှိပ်စက်မည်မဟုတ်ဟု သူတို့ ထင်ထားခဲ့သည်။ သို့သော် ဖုန်းချပြီးသည်နှင့် ဤမိစ္ဆာကောင်များမှာ သူတို့ကို ပို၍ပင် ပြင်းထန်စွာ ရိုက်နှက်ကြလေတော့သည်။
အခြားအခန်းတစ်ခန်းတွင်မူ ယဲ့ချန်းသည် အတူတူဖမ်းမိထားသော လူမိုက်ဂိုဏ်းခေါင်းဆောင်ကို စစ်ဆေးမေးမြန်းနေသည်။
ဤဂိုဏ်းခေါင်းဆောင်ကလည်း အလွန်ကံဆိုးရှာပေသည်။ သူ့ညီအစ်ကိုတစ်သိုက်လုံးမှာ ယဲ့ချန်း၏လက်ချက်ဖြင့် ဒုက္ခိတဖြစ်သူကဖြစ်၊ အပြင်းအထန် ဒဏ်ရာရသူကရကုန်ကြပြီး သူကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန် ရရှိထားသည်။
ဂိုဏ်းခေါင်းဆောင်သည် မူလက အုပ်စုလိုက်ဝိုင်းတိုက်ပြီး ယဲ့ချန်းကို ကောင်းကောင်းပညာပြကာ ဆုကြေးငွေ ယွမ်၁၀၀၀၀ထုတ်ယူရန်သာ စဉ်းစားနေခဲ့သည်။
သူသည် ဤအရာကို အလွန်လွယ်ကူသည့် အလုပ်တစ်ခုဟု ထင်မှတ်ခဲ့သည်။
ယဲ့ချန်းက ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
သောက်ကျိုးနည်း... ကျောက်ခဲတွေနဲ့ပစ်တာတောင် အဲဒီကျောက်ခဲတွေက ကျည်ဆန်တွေထက် ပိုတိကျပြီး ပိုမြန်နေသေးတယ်။
သူတို့ခမျာ အနားပင် ကပ်ခွင့်မရခဲ့ကြချေ။
ထိုအချိန်တွင် ဖီးနစ်က ဖုန်းခေါ်လာသည်။ ဘားကောင်တာက အမျိုးသမီးကိုလည်း သူ(မ) ဖမ်းဆီးထားပြီးဖြစ်၏။
စစ်ဆေးမေးမြန်းမှုအရ ဤအမျိုးသမီးသည် နှင်းဝံပုလွေအဖွဲ့၏ အဆက်အသွယ်ဖြစ်ပြီး ဒေသခံလူမိုက်များနှင့် ချိတ်ဆက်ပေးရသည့် တာဝန်ကို ယူထားသူဖြစ်၏။
ယဲ့ချန်းနှင့် ဖီးနစ်တို့ နှစ်ယောက်စလုံး သဲလွန်စများ ရခဲ့ကြသော်လည်း အကြီးမားဆုံး အောင်မြင်မှုကို ရရှိခဲ့သူမှာမူ ရှောင်ရှန်းပင်။
ထိပ်တန်းလုပ်ကြံသူတစ်ဦးဖြစ်သည့်အတွက် ရှောင်ရှန်း၏ ခြေရာခံနိုင်စွမ်းမှာ ပြိုင်ဘက်ကင်းကြောင်း ယဲ့ချန်းကိုယ်တိုင်ပင် ဝန်ခံရမည်ဖြစ်၏။
ဝံပုလွေသည် နောက်ယောင်ခံလိုက်နေသူကို အပြတ်ဖြတ်ခဲ့ပြီဟု ထင်မှတ်ထားသဖြင့် လုံးဝဂရုမစိုက်ဘဲ နေခဲ့ခြင်းပင်။
ရှောင်ရှန်းက သူ့ဘေးနားတွင် တစ်ချိန်လုံး ပုန်းကွယ်နေခဲ့သည်ကိုမူ သူ လုံးဝမသိရှာပေ။
ထိုလူမှာ သူ့ဘော့စ်ထံသို့ ဖုန်းဆက်ရန် စိတ်စောနေသဖြင့် လမ်းကြားလေးတစ်ခု၏ အစွန်နားသို့ သွား၍ ဖုန်းခေါ်ဆိုလိုက်သည်။
ရှောင်ရှန်းက သူ့ခေါင်းအထက်ရှိ ခေါင်မိုးပေါ်တွင် ရှိနေပြီး သူ ဖုန်းပြောနေသည်ကို အတိုင်းသား စောင့်ကြည့်နေလိမ့်မည်ဟု ထင်မထားခေျ။
ဝံပုလွေ၏ ဖုန်းခေါ်ဆိုမှုအရ သူ့လူများမှာ ယဲ့ချန်းထံတွင် ဖမ်းဆီးခံထားရပြီး စေ့စပ်ညှိနှိုင်းရန် လိုအပ်ကြောင်း ပေါ်လွင်သွားသည်။
ထိုဖုန်းနံပါတ်ကို ရရှိပြီးနောက် ရှောင်ရှန်းက လုံခြုံရေးဌာနသို့ ချက်ချင်းပေးပို့လိုက်သည်။
ထိုဖုန်းနံပါတ်ကို အသုံးပြု၍ နှင်းဝံပုလွေအဖွဲ့၏ အခြေစိုက်စခန်း တည်ရှိရာနေရာကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြသည်။
အစကမူ သူတို့သည် တည်နေရာကို ဝေဝေဝါးဝါးသာ သိထားကြသည်။ ထိုနယ်မြေကလည်း ကျယ်ပြောလွန်းလှသဖြင့် အလွယ်တကူရှာဖွေရန် ခက်ခဲနေခဲ့သည်။
ထို့ပြင် လိုက်လံရှာဖွေခြင်းမှာ ရန်သူကို ရိပ်မိသွားစေနိုင်သည်။
သို့သော် ယခုမူ အခြေအနေက ပြောင်းလဲသွားလေပြီ။ တစ်ဖက်လူ၏ ပုန်းခိုရာနေရာကို အတိအကျသိလိုက်ရပြီ မဟုတ်ပါလော။
ယဲ့ချန်းနှင့် အခြားသူများမှာ မြေပုံကို စိတ်လှုပ်ရှားစွာ လေ့လာလိုက်ကြသည်။ ရရှိထားသော အချက်အလက်များအရ ဤနေရာသည် ရန်သူ၏ ပင်မအခြေစိုက်စခန်း ဖြစ်ရပေမည်။
ဝံပုလွေ၏ ဖုန်းတစ်ကောကြောင့် သူတို့၏ တည်နေရာ ပေါ်သွားခဲ့ရကြောင်း နှင်းဝံပုလွေအဖွဲ့ဝင်များ လုံးဝမသိကြသေးပေ။
စစ်ရေးကိစ္စတွင် အချိန်ကိုက်လှုပ်ရှားနိုင်မှုက အရေးအကြီးဆုံးပင်။
တည်နေရာကို အတည်ပြုပြီးသည်နှင့် နဂါးသံချပ်ကာနှင့် ရှောင်ရှန်း၏အဖွဲ့သည် နှင်းဝံပုလွေအဖွဲ့ကို စီးနင်းတိုက်ခိုက်ရန်အတွက် လူစုလိုက်ကြတော့သည်။
ယဲ့ချန်းနှင့် သူ့အဖွဲ့သည် အစည်းအဝေးတစ်ခုကို ကြိုတင်ပြုလုပ်ခဲ့ကြသည်။
ယခုတစ်ကြိမ်တွင်မူ သူတို့၏ အထက်လူကြီးများအား သူတို့၏အင်အားကို ပြသနိုင်ရန်အတွက် အပြစ်ဆိုဖွယ်မရှိသော အောင်ပွဲတစ်ခုကို ရယူရန် လိုအပ်ပေသည်။
သို့မှသာ အထက်လူကြီးများကို ပိုအထင်ကြီး လေးစားလာအောင် လုပ်နိုင်ပေမည်။
ဖီးနစ်က စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
"သူတို့က နယ်စပ်နားက စွန့်ပစ်ထားတဲ့ ရွာပျက်လေးထဲမှာ ကျကျနနချာပုန်းနေလိမ့်မယ်လို့ ကျွန်မ လုံးဝ ထင်မထားဘူး"
သန်းခေါင်ယံအချိန်တွင် ယဲ့ချန်းနှင့် ရှောင်ရှန်းတို့သည် သူတို့၏အဖွဲ့များကို ဦးဆောင်၍ အမှောင်ထုကို အကာအကွယ်ယူလျက် စွန့်ပစ်ထားသော ရွာပျက်ဆီသို့ ချီတက်ခဲ့ကြသည်။
ယခုတစ်ခေါက်တွင် သူတို့ အဖွဲ့သုံးဖွဲ့ခွဲလိုက်ပြီး ယဲ့ချန်း၊ ရှောင်ရှန်းနှင့် ဖီးနစ်တို့က တစ်ဖွဲ့စီကို ဦးဆောင်ခဲ့ကြသည်။
ထိုအဖွဲ့သုံးဖွဲ့က ဝိုင်းဝန်းပိတ်ဆို့မှုတစ်ခုကို ပြုလုပ်ကာ ရန်သူ့ပတ်ပတ်လည်တွင် အသံတိတ်ညှပ်ပိတ်ထားလိုက်ကြသည်။
အရယ်ရဆုံးအချက်မှာ ယဲ့ချန်းသည် တစ်ကီလိုမီတာပင် မပြည့်သော အကွာအဝေးသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ဝံပုလွေမှာမူ ယဲ့ချန်းနှင့် စေ့စပ်ညှိနှိုင်းရန် ဖုန်းဆက်၍ ဆွေးနွေးနေဆဲပင်။
ယဲ့ချန်းကလည်း ဝမ်းသာအားရ သဘောတူပေးလိုက်သည်။
ထိုစေ့စပ်ညှိနှိုင်းမှုဆိုသည်မှာ ထောင်ချောက်တစ်ခုမျှသာ ဖြစ်ကြောင်း ယဲ့ချန်း ကောင်းကောင်းနားလည်ထားသည်။
အကယ်၍ သွားခဲ့မည်ဆိုလျှင် ထိုနေရာမှာပင် ချက်ချင်း ဝါးမျိုခံရနိုင်ချေရှိသည်။
ထိုအချိန်တွင် စွန့်ပစ်ထားသော ရွာပျက်အတွင်း၌ မီးများ လင်းထိန်နေသည်။
ဂွမ်းအင်္ကျီဝတ်ဆင်ထားသော အသက်ကြီးကြီးအမျိုးသားတစ်ယောက်သည် မျက်လုံးကို မှေးထားရင်း တစ်စုံတစ်ခုကို စဉ်းစားခန်းဖွင့်နေချေသည်။
ဤအဘိုးအိုမှာ နှင်းဝံပုလွေအဖွဲ့၏ မစ္စတာလုပင်တည်း။
သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသူမှာ မျက်မှန်တပ်ထားပြီး ထက်ရှသော မျက်လုံးများနှင့် သပ်ရပ်သော မျက်နှာထားပိုင်ရှင် အမျိုးသားတစ်ဦးပင်။
"ဘော့စ်... ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ထိပ်တန်းအဆင့်ညီအစ်ကိုတွေကိုတော့ သေချာပေါက် ကယ်တင်ရမယ်"
မျက်မှန်နှင့်လူက အေးစက်မာကျောစွာ ပြောလိုက်သည်။
နှင်းဝံပုလွေက ခေါင်းညိတ်လိုက်၏။
"ပြဿနာလာရှာတဲ့ ဒီအကောင်တွေက နှင်းဝံပုလွေအဖွဲ့ကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာလား"
မျက်မှန်နှင့်လူက သူ့မျက်မှန်ကို ပင့်တင်ရင်း ပြောလိုက်၏။
"ဒီညီအစ်ကိုတွေအားလုံးက လက်ရုံးရည်ရှိတဲ့လူတွေ။ ဒါပေမဲ့ အသံတိတ်အဖမ်းခံလိုက်ရတယ်။ ကျွန်တော်တို့ ထောင်ချောက်ထဲမကျအောင် သတိထားဖို့လိုမယ်"
နှင်းဝံပုလွေကလည်း ခေါင်းညိတ်ပြသည်။
"ငါလည်း သိချင်နေတာ။ ဒီလူတွေရဲ့ အရည်အချင်းက အဲဒီလောက်တောင် အစွမ်းထက်လို့လား။ ငါ အရင်က အမာရွတ်ကိုတွေ့ဖူးတာ မှတ်မိသလောက်တော့ သူ့အရည်အချင်းက သာမန်ပါပဲ။ သူ့လက်အောက်ကလူတွေက ဒီလောက်အထိ တော်နေတာလား"
ထိုအချိန်မှာပင် ဝံပုလွေထံမှ ဖုန်းဝင်လာသည်။
"ချိန်းပြီးပါပြီ။ မနက်ဖြန်မနက်ကျရင် တွေ့ကြမှာပါ"
ဖုန်းချလိုက်ပြီးနောက် နှင်းဝံပုလွေက အေးစက်ခက်ထန်စွာ ပြောလိုက်သည်။
"ဝံပုလွေသတင်းပို့တာတော့ မနက်ဖြန် စေ့စပ်ညှိနှိုင်းကြမယ်တဲ့။ ဒါကို သေသေချာချာ ရှင်းရှင်းလင်းလင်း လုပ်ရမယ်။ ပြီးတော့ ဘာတွေပဲဖြစ်ဖြစ် အဲဒီညီအစ်ကိုငါးယောက်ကို ကယ်ထုတ်ရမယ်"
မျက်မှန်နှင့်လူက ခေါင်းညိတ်ပြလိုက်လေသည်။
"စိတ်ချပါ ဘော့စ်... ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်။ သူတို့က ပိုက်ဆံပဲလိုချင်တာ။ ကျွန်တော်တို့ဆီကနေ ငွေညှစ်ဖို့ ကြိုးစားတာကတော့ ကိုယ့်သေတွင်းကိုယ်တူးတာပဲ"
နှင်းဝံပုလွေက မကောင်းဆိုးဝါးဆန်ဆန် ကောက်ကျစ်စွာ ရယ်မောလိုက်သည်။
"ဟားဟား... ဒီလူအတွေက အသိဉာဏ်မရှိဘူးပဲ။ ငါတို့ပါးစပ်ထဲက အစာကိုမှ လာလုချင်နေတာကိုး"
မျက်မှန်နှင့်လူက အချိန်ကို တစ်ချက်ကြည့်လိုက်သည်။
"ဘော့စ်... အချိန်တန်ပြီ။ ကျွန်တော် သွားရတော့မယ်"
နှင်းဝံပုလွေက ခေါင်းညိတ်ပြလိုက်သည်။
"ဂရုစိုက်ဦး"
ထိုလူနှစ်ယောက်သည် သူတို့ရင်ဆိုင်နေရသူမှာ ယဲ့ချန်းဖြစ်ကြောင်း လုံးဝသတိမထားမိကြချေ။
သို့သော် ထိုအချိန်တွင် ယဲ့ချန်းသည် သူ့လူများနှင့်အတူ သူတို့ကို ဝိုင်းထားပြီးဖြစ်၏။
ယခုအခါ အဖွဲ့သုံးဖွဲ့လုံးသည် အမှောင်ထုကို အကာအကွယ်ယူ၍ ရွာပျက်၏ ပတ်ပတ်လည်တွင် တိတ်တဆိတ် ပုန်းကွယ်နေကြချေပြီ။
ယဲ့ချန်းနှင့် ရှောင်ရှန်းတို့ နှစ်ယောက်စလုံးလည်း မည်သူမှ သတိမထားမိစေဘဲ ရွာထဲသို့ တိတ်တဆိတ် ဝင်သွားကြသည်။
ဤရွာလေးမှာ အမှန်တကယ်တော့ အလွန်ကြီးမားလှသည် မဟုတ်ပေ။
သို့သော် ယဲ့ချန်း၏အာရုံက ရွာအဝင်ဝရှိ တဲအချို့ထံသို့ ရုတ်တရက်ရောက်သွားလေသည်။
တဲအတွင်း၌ လူရိပ်အချို့ လှုပ်ရှားနေသည်ကို မြင်လိုက်ရ၏။
ယဲ့ချန်း မဲ့ပြုံးပြုံးလိုက်သည်။ နှင်းဝံပုလွေအဖွဲ့က စင်စစ်ကောက်ကျစ်လှပေသည်။ ရွာအပြင်ဘက်တွင်ပါ ကင်းပုန်းများကို သေသေချာချာ ချထားလေသည်။
•••••••••••••••••••••••••••••••