← Chapters

အခန်း ၆၇၀

Vol. 45 Ch. 670

အခန်း ၆၇၀

Vol. 45 Ch. 670

အပိုင်း ၆၇၀ : မမျှော်လင့်ထားသော အကျိုးအမြတ်

နှင်းဝံပုလွေအဖွဲ့သားများက အလွန်ကောက်ကျစ်စဉ်းလဲသည်ကိုမူ ဝန်ခံရပေလိမ့်မည်။

ထိုတဲအိမ်လေးများက သိပ်ထင်သာမြင်သာမရှိလှပေ။ အကယ်၍သာ သူတို့ အဆောတလျင် ဝင်သွားခဲ့လျှင် နှင်းဝံပုလွေ၏ ဝိုင်းရံမှုထဲသို့ ကျရောက်သွားမည်ဖြစ်ပြီး ရန်သူများ၏ အတွင်းအပြင်ပိတ်ဆို့မှုအောက်တွင် ဖက်ထုပ်လေးများအလား အဝိုင်းခံရပေမည်။

အရှေ့တောင်နှင့် အနောက်မြောက်ဘက်တို့တွင် စုစုပေါင်း တဲလေးလုံးရှိပြီး တစ်လုံးစီတွင် လူခုနစ်ယောက်ရှစ်ယောက်ခန့် ပုန်းအောင်းနေနိုင်သည်။

ယဲ့ချန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။

ကံကောင်းထောက်မ၍သာ သူသည် ကင်းထောက်ရန် စောစောရောက်လာခဲ့ခြင်းပင်။ သို့မဟုတ်ပါက ရန်သူများ၏ ထောင်ချောက်ထဲသို့ ကျရောက်သွားနိုင်သည်။

အကယ်၍ သူတို့သာ မဆင်မခြင် ဝင်တိုက်ခဲ့မည်ဆိုပါက ရန်သူကို အပြတ်ချေမှုန်းနိုင်ခဲ့လျှင်ပင် အတွင်းရောအပြင်ပါ နေရာယူထားသော ရန်သူ့တပ်ဖွဲ့များကြောင့် သူတို့ဘက်ကလည်း ကြီးမားသော ဆုံးရှုံးမှုများ ကြုံရလိမ့်မည်။

ယဲ့ချန်းသည် အမှောင်ထုထဲတွင် ပုန်းကွယ်နေပြီး သူ၏ အထူးအေးဂျင့်နတ်ဘုရားစွမ်းရည်က ယခုအခါ သူ့စွမ်းအားကို ပြသနေပြီဖြစ်၏။

သူ့ပုံရိပ်က မြက်ခင်းပြင်ထဲတွင် သရဲတစ္ဆေတစ်ကောင်လို ဖြတ်သန်းသွားနေလေရာ စစ်ဧကရာဇ်ကင်းထောက်တစ်ယောက်၏ စွမ်းဆောင်ရည်အဆင့်အထိ ရောက်ရှိနေချေသည်။

အကြိမ်အနည်းငယ် ပြေးလွှားပြီးနောက် ယဲ့ချန်းမှာ တဲအောက်သို့ ရောက်သွားလေသည်။

ဤနေရာမှာ ရန်သူ့ကင်းစောင့်များအတွက် မမြင်နိုင်သော ပုန်းခိုရာနေရာတစ်ခု ဖြစ်သည်။

သူတို့၏ စောင့်ကြည့်ရေးနေရာများက ဝေးကွာလွန်းသဖြင့် အနီးကပ်မျက်စိရှေ့တွင်ရှိနေသည့် အရာများကို မမြင်နိုင်ကြချေ။

ထို့ပြင် ညဥ့်နက်ချိန်ဖြစ်ပြီး အလင်းရောင်လည်း အားနည်းသောကြောင့် ရန်သူများအနေနှင့် ယဲ့ချန်းကို သတိထားမိရန် ပို၍ပင် ခက်ခဲလှသည်။

အချိန်ကား မနက်နှစ်နာရီသုံးနာရီခန့် ရှိနေပြီဖြစ်သော်လည်း တဲထဲရှိ လူများမှာ မအိပ်ကြသေးပေ။

လူတစ်ယောက်က ညည်းတွားလိုက်သည်။

"ဘော့စ်က အရမ်းသတိထားလွန်းတယ်။ သူတို့က လမ်းဘေးက ဓားပြအဆင့်လောက်ပဲရှိတာကို ဘာလို့ ဒီလောက်လူတွေအများကြီး ထပ်ထည့်ပြီး ညဘက်ကင်းစောင့်ခိုင်းနေရတာလဲ။ ငါက အိပ်ရေးဝဝအိပ်ရမယ် ထင်နေတာ။ တော်တော်စိတ်ပျက်ဖို့ ကောင်းတာပဲ"

အခြားအသံတစ်သံကလည်း ဝင်ပြောသည်။

"အပြင်ဘက်မှာ အခြေအနေတွေ တင်းမာနေပြီး အဲဒီကောင်တွေက အစွမ်းထက်တယ်လို့ ကြားတယ်။ ငါတို့တွေ သတိထားတာ ပိုကောင်းမယ်"

"ဒါပေါ့။ ငါတို့ရဲ့ ထိပ်သီးအဆင့်ညီအစ်ကိုတွေ အကုန်လုံးတောင် သူတို့ဖမ်းတာခံလိုက်ရပြီလို့ ကြားတယ်။ ဒါကြောင့် ငါတို့လည်း သတိထားရမယ်"

"အကုန်လုံး မအိပ်ဘဲတော့ မနေကြနဲ့လေ။ လိုအပ်ရင် တစ်လှည့်စီ အိပ်ကြတာပေါ့"

"ကောင်းပြီ။ ငါ အရင်ကင်းစောင့်ပေးမယ်။ မင်းတို့တွေ အိပ်ကြ။ တစ်နာရီတစ်ခါ အလှည့်ကျလုပ်မယ်"

သူတို့တစ်သိုက် ဆွေးနွေးပြီးနောက် ထိုနေရာလေးမှာ တိတ်ဆိတ်သွားသည်။

မကြာခင်မှာပင် အတွင်းဘက်မှ ဟောက်သံများ ထွက်ပေါ်လာခဲ့သည်။

သိသာစွာပင် ထိုလူများ အိပ်ပျော်သွားကြပြီဖြစ်၏။

ယဲ့ချန်း၏ နှုတ်ခမ်းထောင့်စွန်းမှာ အနည်းငယ်တွန့်ကွေးသွားပြီး ပြုံးလိုက်သည်။

ဤသည်မှာ သူ အလိုချင်ဆုံးသော ရလဒ်ပင်တည်း။

တစ်ယောက်တည်းသာ ကင်းစောင့်နေသဖြင့် ဖြေရှင်းရန်မှာ များစွာ ပိုမိုလွယ်ကူသွားလေသည်။

ဤလူများက ယခုမှ စတင်လှုပ်ရှားကြခြင်းဖြစ်သဖြင့် ယခုချက်ချင်း ဝင်ရောက်လှုပ်ရှားပါက သူတို့ကို အလွယ်တကူ သတိပေးလိုက်သလို ဖြစ်သွားနိုင်ပေသည်။

ထို့ကြောင့် ယဲ့ချန်းလည်း ချက်ချင်းမလှုပ်ရှားသေးဘဲ ရွာအဝင်ဝသို့ တိတ်တဆိတ် သွားလိုက်သည်။

အစက သူသည် ကင်းထောက်ရန်အတွက် ရွာထဲသို့ ခိုးဝင်ချင်ခဲ့သော်လည်း အိမ်ငယ်လေးတစ်လုံးမှ လူရိပ်တစ်ခု ထွက်လာသည်ကို ရုတ်တရက် မြင်လိုက်ရ၏။

ထိုလူရိပ်၏ လှုပ်ရှားမှုများက လျင်မြန်လှသည်။ မျက်မှန်တပ်ထားသော်လည်း ထိုလူသည် အလွန်သွက်လက်နေချေသည်။

သူသည် ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ဝတ်ဆင်ထားပြီး ရွာအပြင်ဘက်သို့ ဦးတည်နေပေသည်။

ယမန်နေ့က နှင်းဝံပုလွေနှင့် ဆွေးနွေးနေခဲ့သော ဤလူမှာ နှင်းဝံပုလွေအဖွဲ့အတွင်း ရှောင်ကျူးကောဟု လူသိများသည်။

ဤလူက ရွာထဲမှ ထွက်သွားပြီး သူတို့နှင့် စေ့စပ်ဆွေးနွေးချိန်တွင် အမိဖမ်းရန်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ထားရန် စီစဉ်နေခြင်းဖြစ်ကြောင်း ယဲ့ချန်း သဘောပေါက်လိုက်သည်။

ထို့ကြောင့်ပင် သူ စောစောစီးစီး ထွက်လာခြင်းပင်။

ရှောင်ကျူးကောနှင့် နှင်းဝံပုလွေတို့သည် မနေ့ည သန်းခေါင်ယံအချိန်အထိ သူတို့၏ အစီအစဉ်အကြောင်း ဆွေးနွေးခဲ့ကြသည်။

ဤတစ်ကြိမ်တွင် သူ့တာဝန်မှာ မဟာဗျူဟာမြောက် အစီအစဉ်များ ပြုလုပ်ရန်အတွက် ဟွားနိုင်ငံအတွင်းသို့ ခိုးဝင်ရန်ပင်။

မွန်းတည့်ချိန်တွင် ညှိနှိုင်းဆွေးနွေးရန် အချိန်သတ်မှတ်ထားသဖြင့် အချိန်ကား နီးကပ်နေချေပြီ။

ရန်သူသည် လမ်းကျဉ်းလေးအတိုင်း အလျင်အမြန် ပြေးသွားသည်။

သူတို့သည် ရန်သူ့နယ်မြေထဲတွင် ရှိနေဆဲဖြစ်သဖြင့် ယဲ့ချန်းမှာ တိုက်ရိုက်မလှုပ်ရှားခဲ့ပေ။

သူက ဖုန်းထုတ်၍ ရှောင်ရှန်းထံသို့ မက်ဆေ့ချ်ပို့လိုက်သည်။

ရှောင်ကျူးကော ထွက်သွားသည့် ဦးတည်ရာမှာ ရှောင်ရှန်း၏အဖွဲ့ ချုံခိုစောင့်ဆိုင်းနေသော နေရာနှင့် ကွက်တိပင်။

ရှောင်ရှန်းကိုယ်တိုင် လှုပ်ရှားပါက ရှောင်ကျူးကောအနေနှင့် လွတ်မြောက်ရန် အခွင့်အရေးမရှိတော့ပေ။

ရှောင်ကျူးကောက သီချင်းတစ်ပုဒ်ညည်းရင်း တောင်တန်းကို ဖြတ်ကျော်ရန် ပြင်လိုက်သည်။ အောက်ဘက်တွင်မူ သူ့ကိုစောင့်နေသော ကားတစ်စီး ရှိနေပေသည်။

ဤတစ်ကြိမ်တွင် ရှောင်ကျူးကောကလည်း အလွန်သတိထားနေပေသည်။

မည်သို့ပင်ဖြစ်စေ ထိုလူများက အစွမ်းထက်လှသည်ဖြစ်ရာ နှင်းဝံပုလွေအတွက်လည်း ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာနိုင်ပေသည်။

အထူးသဖြင့် ဖမ်းဆီးခံထားရသူများထဲတွင် သူ့ညီအရင်းလည်း ပါဝင်နေသောကြောင့်ပင်။

ထို့ကြောင့် ရှောင်ကျူးကောသည် အခြားသူများထက် ပို၍ပင် စိုးရိမ်ပူပန်နေခဲ့သည်။

လမ်းအတိုင်းလျှောက်လာရင်း မကြာခင်မှာပင် သူသည် ရွာနှင့် မီတာငါးရာခြောက်ရာခန့် ဝေးလာပြီး အဝေးပြေးလမ်းမကြီးနှင့် မနီးမ​ဝေးသို့ ရောက်လာခဲ့သည်။

ထိုနေရာမှတစ်ဆင့် သူသည် ကားစီး၍ တစ်နာရီအတွင်း ဟွားနိုင်ငံ၏ နယ်နိမိတ်အတွင်းသို့ ရောက်ပေလိမ့်မည်။

သူနှင့် ယဲ့ချန်းတို့သည် သတ်မှတ်ထားသော ထိုအရက်ဘားတွင် တွေ့ဆုံရန် သဘောတူထားခဲ့ကြသည်။

အရက်ဘားတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဆွေးနွေးပွဲအတွက် ပြင်ဆင်ထားသော သောက်စရာများထဲတွင်လည်း ဆေးခတ်ထားပြီးသားပင်။

သူတို့သည် စကားပြောနေစဉ်အတွင်း ထိုလူများကို အိုးထဲက လိပ်များလို ဖမ်းဆီးရန် စီစဉ်ထားသည်။

ရှောင်ကျူးကောမှာ အလွန်ကျေနပ်နေချေသည်။

ထိုလူများက အစွမ်းထက်ကောင်းထက်နိုင်သော်လည်း သူ့ကောက်ကျစ်စဉ်းလဲမှုအောက်တွင် ဤတစ်ကြိမ်၌ ရှောင်လွှဲ၍မရပါဘဲ ကျရှုံးရပေတော့မည်။

ရှောင်ကျူးကောက အရပ်ပုသော်လည်း သူ့ခြေတံတိုလေးများဖြင့် သွက်လက်လျင်မြန်စွာ ပြေးလွှားနေချေသည်။

အရှေ့ရှိ မီတာငါးရာခန့်အကွာတွင် အဝေးပြေးလမ်းမကြီးသို့ ရောက်ပေတော့မည်။

ယခုအချိန်တွင် သူ့ကို စိုက်ကြည့်နေသော မျက်လုံးတစ်စုံရှိနေမည်ဟု ရှောင်ကျူးကော မထင်ထားပါချေ။

ထိုမုဆိုးမှာ အခြားလူမဟုတ်ပါဘဲ ရှောင်ရှန်းပင်တည်း။

ရှောင်ကျူးကောက မညံ့ဖျင်းသော်လည်း အရာရာတိုင်းက မည်သူနှင့် နှိုင်းယှဉ်သလဲဆိုသည့်အပေါ်တွင် မူတည်နေသည်။

ရှောင်ရှန်းသည် ထိပ်တန်းလုပ်ကြံသတ်ဖြတ်သူတစ်ဦးဖြစ်ပြီး လျင်မြန်သွက်လက်မှုတွင် လုပ်ကြံသတ်ဖြတ်သူများအဖွဲ့အစည်းအတွင်း ထိပ်တန်းသုံးယောက်စာရင်းဝင်သူ ဖြစ်၏။

ရှောင်ကျူးကော တောအုပ်ထဲမှ ဖြတ်သွားပြီးသည်နှင့် ကျောက်စိမ်းအလား ဖြူဝင်းသော လက်တစ်ဖက်က သူ့ပါးစပ်ကို ရုတ်တရက် လာအုပ်လေသည်။

ရှောင်ကျူးကော မတုံ့ပြန်နိုင်ခင်မှာပင် ရှောင်ရှန်းက သူ့ကို အလျင်အမြန် သတိလစ်အောင် လုပ်လိုက်သည်။

ဂန္တဝင်မြောက်ဗျူဟာမှူးတစ်ဦးအလား ပါးနပ်ပါလျက်နှင့် ယနေ့တွင်မူ မိန်းမတစ်ယောက်၏ လက်ထဲသို့ ကျရောက်ရလိမ့်မည်ဟု ရှောင်ကျူးကော လုံးဝထင်မထားပါချေ။

ရှောင်ရှန်းက လက်ထိတ်ထုတ်၍ ရှောင်ကျူးကောကို ခတ်လိုက်ပြီး ပါးစပ်ဆို့ကာ ကြက်ပေါက်လေးတစ်ကောင်လို ဆွဲမလာပြီး သူ(မ)၏ လက်အောက်ငယ်သားများထံသို့ လွှဲပြောင်းပေးလိုက်သည်။

ရှောင်ကျူးကောကဲ့သို့ အဆင့်နိမ့်လုပ်ကြံသတ်ဖြတ်သူတစ်ဦးအား ရင်ဆိုင်ရခြင်းမှာ ရှောင်ရှန်းအတွက် ကြက်ပေါက်လေးတစ်ကောင်ကို ဖမ်းရသလိုပင် အမှန်တကယ် လွယ်ကူလှသည်။

အပြန်အလှန် တိုက်ခိုက်မှုပင် မလုပ်လိုက်ရဘဲ သူ့ခမျာ ရှောင်ရှန်းထံတွင် ဖမ်းဆီးခံလိုက်ရသည်။

ဤသည်မှာ အမှောင်ထုထဲရှိ ကြောက်မက်ဖွယ်ကောင်းသော သရဲတစ္ဆေတစ်ကောင်ဖြစ်သည့် ရှောင်ရှန်းပင်။

ရှောင်ကျူးကော နိုးလာချိန်တွင် ရှောင်ရှန်း၏ ဓားမြှောင်က သူ့လည်ပင်းကို ထောက်ထားလျက်သား ဖြစ်နေပေသည်။

"အသံမထွက်နဲ့။ မဟုတ်ရင် သတ်ပစ်မယ်"

သူ့မျက်စိရှေ့ရှိ လူကို မြင်လိုက်ရသောအခါ ရှောင်ကျူးကောခမျာ ကြောက်လန့်တကြားဖြင့် သေးထွက်ကျလုမတတ် ဖြစ်သွားသည်။

အစက သူတို့ ရင်ဆိုင်ရမည့်လူမှာ ဓားပြတချို့ဖြစ်မည်ဟု ထင်ထားခဲ့သော်လည်း ရှောင်ရှန်းဖြစ်နေလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားပေ။

ရှောင်ကျူးကောမှာ လုံးဝမှင်တက်အံ့ဩသွားသည်။

ဤတစ်ကြိမ်တွင် လာမည့်သူမှာ လုပ်ကြံသတ်ဖြတ်သူလောကတွင် ထိပ်တန်းသုံးယောက်စာရင်းဝင်ဖြစ်သော ထိပ်သီးခေါင်းဆောင် ရှောင်ရှန်းဖြစ်နေလိမ့်မည်ဟု သူ မထင်ထားချေ။

လုပ်ကြံသတ်ဖြတ်သူအသိုင်းအဝိုင်းရှိ လူတိုင်းက ရှောင်ရှန်း၏ နာမည်ကို သိကြသည်။

ရှောင်ရှန်းက အေးစက်မာကျောစွာ ပြောလိုက်သည်။

"ငါ့ကိုသိတယ်ဆိုမှတော့ ဘာလုပ်ရမလဲဆိုတာကိုလည်း သိမှာပေါ့"

ယခုအချိန်တွင်မူ ရှောင်ကျူးကော အရှုံးပေးလိုက်ပြီဖြစ်၏။ လုံးလုံးလျားလျားလည်း ယုံကြည်လက်ခံသွားလေပြီ။

သူ(မ)က ထိပ်တန်းလုပ်ကြံသတ်ဖြတ်သူသုံးဦးထဲတွင် ပါဝင်ပြီး သူကမူ သာမန်အဆင့်မျှသာ။

ရှောင်ရှန်း၏ နာမည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ မည်မျှကြောက်စရာကောင်းသလဲဆိုလျှင် သူ(မ)၏ သရုပ်မှန်ကို သိလိုက်ရရုံဖြင့် ရှောင်ကျူးကော မျှော်လင့်ချက်အားလုံးကို စွန့်လွှတ်လိုက်သည်။

ဤအမျိုးသမီးရှေ့တွင် ဘယ်လိုခုခံမှုမျိုးမဆို လုံးဝ အချည်းနှီးဖြစ်မည်ကို သူ ကောင်းကောင်းသိသည်။

ထိုအချိန်တွင် ဖီးနစ်နှင့် သူ(မ)၏ လူများကလည်း အသင့်ဖြစ်နေကြပြီဖြစ်၏။

ရှောင်ရှန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

"ငါမေးမယ်။ မှန်မှန်ဖြေနော်။ တကယ်လို့ လိမ်ပြောရဲရင်တော့ အောက်ပိုင်းက မင်းရဲ့ပစ္စည်းကို အပြီးနှုတ်ဆက်လိုက်တော့"

ရှောင်ကျူးကောခမျာ နာကျင်စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။

ရှောင်ရှန်း၏ လက်ထဲသို့ ကျရောက်သွားခြင်းမှာ သူ့အတွက် အလွန်ဆိုးရွားလှသော ကံဆိုးမှုကြီးဖြစ်ကြောင်း သူ သိထားသည်။

ရှောင်ရှန်းက ရှောင်ကျူးကောကို စစ်ဆေးမေးမြန်းပြီး ရွာငယ်လေးအတွင်းရှိ အခြေအနေများကို ထပ်မံအတည်ပြုခဲ့သည်။

အိမ်တိုင်းတွင် လုပ်ကြံသတ်ဖြတ်သူငါးယောက်ခြောက်ယောက်ခန့် ပုန်းအောင်းနေကြသည်။

ထို့ပြင် နှင်းဝံပုလွေ၏ အခန်းထဲတွင် လျှို့ဝှက်လမ်းကြောင်းတစ်ခုလည်း ရှိနေသေးသည်။

ဤသတင်းအချက်အလက်က အလွန်အရေးကြီးလှသည်။ သို့မဟုတ်ပါက သူတို့ လှုပ်ရှားလိုက်ချိန်တွင် ကောက်ကျစ်စဉ်းလဲသော နှင်းဝံပုလွေက လျှို့ဝှက်လမ်းကြောင်းကတစ်ဆင့် လွတ်မြောက်သွားနိုင်သည်။

ယဲ့ချန်းနှင့် ရှောင်ရှန်းတို့လည်း အချက်အလက်များ ဖလှယ်၍ နည်းဗျူဟာတစ်ရပ်ကို ရေးဆွဲခဲ့ကြပြီး အပြင်ဘက်ကို အရင်ရှင်းလင်းပြီးမှ အလုံးစုံ တိုက်ခိုက်မှု စတင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ဤစစ်ဆင်ရေး၏ ရည်ရွယ်ချက်မှာ ရန်သူတစ်ယောက်ကိုမှ ထွက်မပြေးစေဘဲ အကုန်အစင် ချေမှုန်းပစ်ရန်ပင်။

စစ်ဆေးမေးမြန်းပြီးနောက် ရှောင်ရှန်းက ရှောင်ကျူးကောကို လူလွှတ်၍ စောင့်ကြည့်ခိုင်းထားပြီး သူတို့၏ အဓိကတိုက်ခိုက်မှုကို စတင်ရန် ပြင်ဆင်လိုက်တော့သည်။

•••••••••••••••••••••••••••

All Chapters