အခန်း ၆၇၁
Vol. 45 Ch. 671
အပိုင်း ၆၇၁ : ကြီးကျယ်ခမ်းနားသော အောင်ပွဲ
ရှောင်ကျူးကောကို စစ်ဆေးမေးမြန်းမှုမှတစ်ဆင့် ယဲ့ချန်းနှင့် သူ့အဖွဲ့သည် အရေးကြီးသတင်းအချက်အလက်တစ်ခုကို သိခဲ့ရသည်။ ၎င်းမှာ နှင်းဝံပုလွေ၏ အခန်းထဲတွင် လျှို့ဝှက်လမ်းကြောင်းတစ်ခု ရှိနေသည်ဆိုသောအချက်ပင်။
ဤစစ်ဆင်ရေးအတွက် နှင်းဝံပုလွေသည် အဓိကကျသော ပစ်မှတ်တစ်ခု ဖြစ်၏။
အကယ်၍ နှင်းဝံပုလွေ လွတ်မြောက်သွားပါက စစ်ဆင်ရေးကျရှုံးသည်ဟု သတ်မှတ်ရပေမည်။
ထို့ကြောင့် ဤသတင်းအချက်အလက်မှာ သူတို့အတွက် အလွန်ပင် အရေးကြီးလှသည်။
ရှောင်ကျူးကောက လျှို့ဝှက်လမ်းကြောင်း၏ တည်နေရာနှင့် ထွက်ပေါက်ကို ဖော်ကောင်လုပ်လိုက်သဖြင့် နှင်းဝံပုလွေအတွက် ထွက်ပြေးစရာ လမ်းစမရှိတော့ပေ။
ယဲ့ချန်းသည် ဖီးနစ်ကို ရှောင်ကျူးကော ပြောပြထားသော ထွက်ပေါက်ဆီသို့ စေလွှတ်လိုက်ပြီး နှင်းဝံပုလွေ ထွက်လာသည်နှင့်တစ်ပြိုင်နက် ဖမ်းဆီးရန် အသင့်ပြင်ထားစေခဲ့သည်။
အလုံးစုံတိုက်ခိုက်မှုစတင်ချိန်တွင် ရှောင်ကျူးကောကို ထပ်မံခေါ်ဆောင်လာခဲ့သည်။
အစက ရှောင်ရှန်း၏ လက်အောက်ငယ်သားတချို့က သူ့ကို ကြိုးတုပ်ထားချင်ခဲ့သော်လည်း တစ်ဖက်လူသည် သူ့ကို သတ်တော့မည်ဟု ထင်သွားကာ သတင်းပေးစရာများ ထပ်ရှိသေးကြောင်း ပြောဆိုလာခဲ့သည်။
ယဲ့ချန်းက အေးစက်စွာ ပြောလိုက်သည်။
"မင်းမှာ ဖွင့်ပြောစရာ တစ်ခုခုကျန်သေးလို့လား"
ရှောင်ကျူးကောက လူအုပ်ကြီးကို ဟိုဟိုသည်သည်လိုက်ကြည့်လိုက်သည်။
ယဲ့ချန်းကလည်း ကျန်လူများကို လူစုခွဲခိုင်းလိုက်ပြီးနောက် ရှောင်ရှန်းနှင့်အတူ သီးသန့်စစ်ဆေးမေးမြန်းမှု ပြုလုပ်ခဲ့သည်။
"ကျွန်တော်တို့မှာ ဟွားနိုင်ငံအတွင်းထဲက လျှို့ဝှက်ပိုင်ဆိုင်မှုအကောင့်တစ်ခု ရှိတယ်။ အဲဒီထဲမှာ ခန့်မှန်းခြေ ဘီလျံတော်တော်များများရှိတယ်"
ဤသတင်းအချက်အလက်ကြောင့် ယဲ့ချန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ဤသည်မှာ အလွန်တန်ဖိုးရှိသော သတင်းပင်။
ဤငွေပမာဏမှာ ဤလူများ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော အရာဖြစ်ပေမည်။
ရှောင်ကျူးကော ဤကိစ္စများကို ဝန်ခံရသည့် အဓိကအကြောင်းအရင်းမှာ သူ့အသက်ကို ကယ်တင်ရန်အတွက်သာ။
ယဲ့ချန်းနှင့် ရှောင်ရှန်းတို့အချင်းချင်း အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
လူအုပ်ကြီးက ရှောင်ကျူးကောကို ခေါ်ဆောင်သွားပြီးနောက် ယဲ့ချန်းက ဤငွေများကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သလဲဟု ရှောင်ရှန်းအား မေးလိုက်သည်။
ရှောင်ရှန်းကမူ ယဲ့ချန်းအား မျက်စောင်းထိုးလိုက်၏။
"ကျွန်မတို့ ဘာလုပ်လို့ရမှာလဲ။ အရင်ကဆိုရင်တော့ ဒါကို ကိုယ့်အတွက်ကိုယ်ယူထားမှာ သေချာပေမဲ့ အခုတော့ အစိုးရလူတွေ ဖြစ်နေပြီဆိုတော့ နိုင်ငံတော်ဆီပဲ အပ်ရမှာပေါ့"
ရှောင်ရှန်း၏ စကားကို ကြားသောအခါ ယဲ့ချန်းက ရယ်မောလိုက်လေသည်။
"အစ်မရှောင်ရှန်း... ခင်ဗျားရဲ့စိတ်ဓာတ်က တကယ့်ကို မြင့်မားသားပဲ"
တကယ်တမ်းတွင် ယဲ့ချန်းက ရှောင်ရှန်းကို စမ်းသပ်ကြည့်နေခြင်းလည်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ရှောင်ရှန်းကို သူကိုယ်တိုင် အကြံပြုမိတ်ဆက်ပေးခဲ့ခြင်းပင်။ အကယ်၍ သူ(မ)ဘက်က ယခင်ကလို ပြုမူနေသေးသည်ဆိုလျှင် ယဲ့ချန်းအနေနှင့် ပြန်စဉ်းစားရပေမည်။
နဂါးတပ်ဖွဲ့ဝင်တစ်ဦးအနေနှင့် နိုင်ငံတော်ကို ဦးစားပေးရမည်။ အရေးကြီးချိန်များတွင် ကိုယ့်အသက်ကိုပင် စတေးရမည်။
ထို့ကြောင့် ဤသည်မှာ ရှောင်ရှန်းအတွက် စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပေသည်။
ကံကောင်းစွာဖြင့် ရှောင်ရှန်းက စမ်းသပ်မှုကို အောင်မြင်သွားခဲ့သည်။
ရှောင်ရှန်းက ရယ်မောလိုက်သည်။
"ဒီကောင့်ကို ဖမ်းမိလိုက်တာက တန်ဖိုးရှိတဲ့သတင်းတွေ တော်တော်လေး ရလိုက်တာပဲ"
နောက်ထပ်လုပ်ရမည့် အလုပ်မှာ အလုံးစုံတိုက်ခိုက်မှုကို စတင်ရန်ပင်။
ဤနေရာတွင် လျှို့ဝှက်ကင်းစခန်း လေးခုရှိသည်ဖြစ်ရာ ယဲ့ချန်းနှင့် ရှောင်ရှန်းတို့က နှစ်ခုစီတာဝန်ယူပြီး ထိုစခန်းများကို ရှင်းလင်းပြီးနောက် အလုံးစုံ တိုက်ခိုက်မှုကို စတင်မည်ဖြစ်၏။
ယဲ့ချန်း ပြုံးလိုက်လေသည်။
"သတိထားဦးနော်"
ရှောင်ရှန်းကမူ ခပ်ရေးရေး ပြုံးလိုက်လေ၏။
"ကျွန်မက သတိထားရမယ်ပေါ့။ ရှင်သာ ဂရုစိုက်တာ ပိုကောင်းမယ်ထင်တယ်နော်"
စကားအဆုံးတွင် ရှောင်ရှန်းသည် အရိပ်တစ်ခုအဖြစ် ပြောင်းလဲ၍ ညအမှောင်ထုထဲတွင် ပျောက်ကွယ်သွားပြီး မကြာခင်မှာပင် တဲတစ်လုံးဘေး၌ တိတ်တဆိတ် ပုန်းအောင်းနေလိုက်သည်။
ရှောင်ရှန်း၏ လှုပ်ရှားမှုများကို ယဲ့ချန်းကလည်း တိတ်တဆိတ်အထင်ကြီးသွားသည်။
သူ့စွမ်းရည်များကို စနစ်က မြှင့်တင်ပေးထားခြင်း ဖြစ်၏။
သို့သော် ရှောင်ရှန်းကမူ သူ(မ)၏ ကိုယ်ပိုင်စွမ်းဆောင်ရည်အပေါ်ကိုသာ လုံးလုံးလျားလျား အားကိုးထားခြင်းပင်။
ရန်သူ့နှာခေါင်းအောက် တိုတောင်းလှသော အကွာအဝေးအတွင်းသို့ ခိုးဝင်နိုင်စွမ်းမှာ တကယ်အထင်ကြီးလောက်စရာပင်။
ယဲ့ချန်းကလည်း သူ့လှုပ်ရှားမှုကို စတင်လိုက်သည်။ သူသည် အမှောင်ထုကို အကာအကွယ်ယူ၍ အစောပိုင်းက သူရှိနေခဲ့သော တဲနားသို့ တိတ်တဆိတ် ပြန်သွားလေသည်။
အတွင်းဘက်တွင်မူ ဟောက်သံများ လွှမ်းခြုံနေချေသည်။
သေချာပေါက်ပင် ဤလူများ အိပ်မောကျနေလေသည်။
တစ်ယောက်တည်းကသာ ကင်းစောင့်ရန် တာဝန်ကျသော်လည်း ထိုလူကိုယ်တိုင်ပင် ငိုက်မျဉ်းနေသည်။
ဤသည်မှာ ယဲ့ချန်းအလိုချင်ဆုံး ရလဒ်ပင်။
သူတို့ အိပ်မောကျလေလေ၊ သူတို့ဘက်က လှုပ်ရှားရပိုလွယ်လေလေပင်။
နှင်းဝံပုလွေ၏ သတိကြီးမှုက အမှန်တကယ် မြင့်မားပြီး ညကင်းစောင့်ခြင်းကို တင်းကျပ်ထားသော်လည်း ကံမကောင်းစွာဖြင့် သူ့လက်အောက်ငယ်သားများက ပေါ့ပေါ့ဆဆနေခြင်းတွင် အကျင့်ပါနေပြီး သူတို့၏ ပုန်းအောင်းရာနေရာကို လူမသိသေးဘူးဟု ယူဆကာ နှင်းဝံပုလွေ၏ အမိန့်များကို လုံးဝလျစ်လျူရှုထားကြသည်။
ယခုအချိန်တွင် ပြတင်းပေါက်ဘေး၌ ထိုင်နေသော လုပ်ကြံသတ်ဖြတ်သူမှာ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေချေသည်။
ယဲ့ချန်းက ကောင်းကောင်းပုန်းနေနိုင်သဖြင့် ထိုလုပ်ကြံသတ်ဖြတ်သူမှာ အန္တရာယ်တစ်စုံတစ်ရာ ချဉ်းကပ်လာသည်ကို အာရုံမခံမိချေ။
ထိုအချိန်မှာပင် ယဲ့ချန်းလည်း စတင်လှုပ်ရှားလိုက်လေတော့သည်။
အိပ်မက်ပင် မမက်လိုက်ရဘဲ သံမဏိကဲ့သို့ မာကျောသော ယဲ့ချန်း၏လက်က သူ့လည်ပင်းကို ညှစ်လိုက်ချိန်တွင် သူခမျာ ဘာမှမတုံ့ပြန်နိုင်လိုက်ဘဲ ချက်ချင်းလဲကျသွားသည်။
အခြားလူများက ဘာကိုမှသတိမထားမိဘဲ အိပ်ပျော်နေဆဲပင်။
မလှမ်းမကမ်းတွင် ယဲ့ချန်း၏ လှုပ်ရှားမှုများကို မြင်လိုက်ရသော ရှောင်ရှန်း၏ လက်အောက်ငယ်သားအချို့မှာ အသက်ရှူမှားသွားကြသည်။
သူတို့က ယဲ့ချန်း၏ရန်သူများ မဟုတ်၍ တော်သေးသည်။
သို့မဟုတ်ပါက ယဲ့ချန်း၏ စွမ်းရည်များကြောင့် သူတို့လည်း ထိုလုပ်ကြံသတ်ဖြတ်သူများနှင့် အဆုံးသတ်ချင်း တူသွားနိုင်သည်။
သူ့စွမ်းရည်များက သူတို့၏ခေါင်းဆောင်ထက် သေချာပေါက် နိမ့်ကျမနေပေ။
အခြားတစ်နေရာတွင် ရှောင်ရှန်းကလည်း အဆင်ပြေချောမွေ့စွာ ရှေ့ဆက်နေပေသည်။
ယဲ့ချန်း၏ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုနှင့် မတူပါဘဲ ရှောင်ရှန်းကတော့ တိုက်ရိုက်သတ်ဖြတ်ခဲ့သည်။
လုပ်ကြံသတ်ဖြတ်သူတစ်ယောက် အိပ်မောကျနေစဉ် ရှောင်ရှန်း၏ ဓားမြှောင်က သူ့လည်ပင်းကို ဖြတ်တောက်ပစ်လိုက်ပြီဖြစ်၏။
အခြားသူများမှာ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ သွေးအိုင်ထဲသို့ လဲကျသွားရသည်။
ဤသည်မှာ ရှောင်ရှန်းပင်တည်း။ မလှုပ်ရှားမချင်း တိတ်ဆိတ်နေတတ်ပြီး လှုပ်ရှားလိုက်သည်နှင့် သွေးချောင်းစီးစေသည်။
ယဲ့ချန်းက လူသတ်ရန် အနည်းငယ် ဝန်လေးနေသေးသော်လည်း ရှောင်ရှန်းအတွက်မူ လူသတ်ခြင်းမှာ ပုံမှန်ကိစ္စတစ်ခုမျှသာ ဖြစ်သည်။
ခံတပ်လေးခုစလုံးကို ရှောင်ရှန်းနှင့် ယဲ့ချန်းတို့က လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့သည်။
အထင်ကြီးစရာအကောင်းဆုံးမှာ ကင်းစခန်းလေးခုကို ဖယ်ရှားလိုက်သည့်တိုင် ဘာအချက်ပေးသံမှ ထွက်မလာခြင်းပင်။
တစ်ယောက်က မျက်စိဖြင့်မမြင်နိုင်ဘဲ သတ်ဖြတ်ပြီး နောက်တစ်ယောက်ကမူ အသေအပျောက်များအောင် တိုက်ခိုက်သည်။
ထိုနှစ်ယောက်ကြောင့် စစ်သားများအားလုံး အံ့အားသင့်သွားလေသည်။ နဂါးတပ်ဖွဲ့မှ အေးဂျင့်များပင် ယဲ့ချန်းနှင့် ရှောင်ရှန်းတို့၏ စွမ်းဆောင်ရည်ကြောင့် မှင်တက်သွားကြရသည်။
နောက်ဆုံးတစ်ယောက်ကို ရှင်းပစ်ပြီးနောက် ရှောင်ရှန်းမှာ ရွာဘက်သို့ ပြေးသွားသော လူရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။
သေစမ်း...
ရှောင်ရှန်း တစ်ယောက်ကို လွတ်သွားခဲ့သည်။
ထိုလူက အိမ်သာသွားရာမှ ပြန်အလာတွင် ရှောင်ရှန်း လူသတ်နေသည့် မြင်ကွင်းကို မျက်မြင်တွေ့သွားခဲ့ခြင်းပင်။
အစက သူ့ခမျာ ကြောက်လန့်တကြားဖြစ်သွားသော်လည်း ပါးနပ်စွာပင် အော်ဟစ်မနေဘဲ ချက်ချင်း လှည့်ပြေးသွားသည်။
ရှောင်ရှန်းကလည်း သူ့ကို သတိထားမိသွားပြီး ပြတင်းပေါက်မှ ခုန်ထွက်လိုက်သည်။ အစက သူတို့ကြားတွင် ဆယ်မီတာခန့် ဝေးသော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှောင်ရှန်းက ထိုလုပ်ကြံသတ်ဖြတ်သူ၏ အရှေ့သို့ ရောက်သွားသည်။
တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် သူ သွေးအိုင်ထဲတွင် လဲကျနေပြီဖြစ်၏။
သတ်ဖြတ်မှုကား ပြီးပြည့်စုံစွာ ပြီးမြောက်သွားခဲ့သည်။
မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် ရှောင်ရှန်း သက်ပြင်းတစ်ချက်ချလိုက်သည်။
အမှန်အတိုင်းပြောရလျှင် သူ(မ)အတွက် ဤသည်မှာ ယဲ့ချန်းအပေါ်ထားသော စိန်ခေါ်မှုတစ်ခုလည်း ဖြစ်သည်။
အကယ်၍ သူ(မ) ရှုံးခဲ့လျှင် အရှက်ကွဲရပေမည်။
ယဲ့ချန်းက သူ့တာဝန်ကို အမှားအယွင်းမရှိ ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်ခဲ့သော်လည်း သူ(မ)ကမူ အမှားလုပ်မိလုနီးပါး ဖြစ်သွားခဲ့သည်။
လျှို့ဝှက်ကင်းစခန်းလေးခုကို ရှင်းလင်းပြီးနောက် နဂါးတပ်ဖွဲ့သည် ရွာထဲသို့ တိတ်တဆိတ် ချဉ်းကပ်လာသည်။
ဝိုင်းဝန်းပိတ်ဆို့မှုက တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။
ချီတက်ကြ!
နောက်ဆုံးတွင် နဂါးတပ်ဖွဲ့မှ စစ်သည်တော်များဖြစ်ကြသော တစ်ချိန်က လုပ်ကြံသတ်ဖြတ်သူများမှာ သူတို့၏ ပစ်မှတ်များဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြသည်။
အပြင်ဘက်ရှိ ဆူညံသံများကို ကြားသောအခါ လုပ်ကြံသတ်ဖြတ်သူများလည်း အလျင်စလို ထွက်လာကြသည်။
သို့သော် နောက်ကျသွားခဲ့လေပြီ။
နဂါးတပ်ဖွဲ့က ကြိုတင်ပြင်ဆင်ပြီးမှ လာခဲ့ခြင်းဖြစ်သော်လည်း လုပ်ကြံသတ်ဖြတ်သူများကမူ အစီအစဉ်တကျမရှိဘဲ တိုက်ခိုက်နေကြရသည်။
တိုက်ပွဲမှာ ဆိုးဝါးစွာ တစ်ဖက်သတ်ဆန်လွန်းလှပြီး စိတ်လှုပ်ရှားစရာပင် မရှိပေ။
ပြင်းထန်သော တိုက်ပွဲအပြီးတွင် လုပ်ကြံသတ်ဖြတ်သူများသည် ယဲ့ချန်း၊ ရှောင်ရှန်းနှင့် နဂါးတပ်ဖွဲ့ စစ်သည်များ၏ တိုက်ခိုက်မှုကို မယှဉ်နိုင်တော့ဘဲ မကြာခင်မှာပင် သေဆုံးခြင်း သို့မဟုတ် ဖမ်းဆီးခံရခြင်းတို့ဖြင့် အဆုံးသတ်သွားသည်။
လူစာရင်း စစ်ဆေးကြည့်သောအခါ နှင်းဝံပုလွေကား အမှန်စင်စစ်ပျောက်ဆုံးနေကြောင်း တွေ့လိုက်ရသည်။
ယဲ့ချန်းလည်း လျှို့ဝှက်လမ်းကြောင်းဆီသို့ တစ်ချက်လှမ်းကြည့်လိုက်လေရာ ထိုလူသည် ထိုနေရာမှ ထွက်ပြေးသွားကြောင်း သိလိုက်ရသည်။
ဖီးနစ်က သူ(မ)၏အဖွဲ့နှင့်အတူ ထိုလမ်းကြောင်းအနီးတွင် နေရာယူထားပြီးဖြစ်၏။
ဆူညံသံများကို ကြားသောအခါ နှင်းဝံပုလွေက အပြင်ဘက်သို့ ချောင်းကြည့်လိုက်ပြီး အခြေအနေ မကောင်းတော့ကြောင်း သိလိုက်ရသဖြင့် လျှို့ဝှက်လမ်းကြောင်းထဲသို့ ထွက်ပြေးခဲ့သည်။
လမ်းကြောင်း၏ အစွန်နားသို့ ရောက်ချိန်မှာပင် နူးညံ့သော လက်တစ်ဖက်က သူ့ကို ဆွဲထုတ်လိုက်သည်။
ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သော နဂါးတပ်ဖွဲ့ စစ်သားတချို့က နှင်းဝံပုလွေကို အလျင်အမြန် ကြိုးတုပ်လိုက်ကြသည်။
နာရီဝက်အတွင်းမှာပင် တိုက်ပွဲတစ်ခုလုံး ပြီးဆုံးသွားခဲ့သဖြင့် လူတိုင်း အံ့အားသင့်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ထိပ်တန်းဆယ်ခုစာရင်းဝင် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းတစ်ခုကို သေဆုံးသူမရှိ ဒဏ်ရာရသူအနည်းငယ်မျှဖြင့် ရှင်းလင်းနိုင်ခဲ့သောကြောင့်ပင်။ ဤအောင်ပွဲမှာ အလွန်ခမ်းနားလှပေသည်။
•••••••••••••••••••••••••