အခန်း ၆၇၅
Vol. 45 Ch. 675
အပိုင်း ၆၇၅ : သတ်ဖြတ်ရေးကစားပွဲ
ယဲ့ချန်းက ထိုမိန်းကလေးကို မျက်နှာသေဖြင့် ကြည့်ပြီး ပြောလိုက်၏။
"သူတို့က မင်းကို ဒုက္ခပေးတာလေ။ ငါ့ကိုမှ မဟုတ်တာ။ ငါက ဘာကိစ္စနဲ့ ဝင်ပါရမှာလဲ"
ထိုအမျိုးသမီးမှာ ခဏမျှ မှင်တက်သွားပြီး စိတ်ထဲတွင် တရစပ်ဆဲဆိုလိုက်မိသည်။
ဒီလူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အကြင်နာတရား ကင်းမဲ့ရတာလဲ။
ဤသည်မှာ လူစွမ်းကောင်းတစ်ယောက်က အလှလေးကို ကယ်တင်ရမည့်အချိန် မဟုတ်လော။
ထိုအမျိုးသမီးက ဆို၏။
"လူကြီးမင်း... ကျွန်မ တောင်းပန်ပါတယ်။ ရှင်သာ ကျွန်မကို မကယ်ရင် သူတို့လက်ထဲရောက်သွားတဲ့အခါ ကျွန်မ ဒုက္ခရောက်လိမ့်မယ်"
ထိုအမျိုးသမီး၏စကားကို ကြားသောအခါ ယဲ့ချန်းက ခေါင်းညိတ်လိုက်၏။
"မင်းပြောတာ မှန်ပါတယ်။ ငါ့မှာ အကြံတစ်ခုရှိတယ်"
ယဲ့ချန်း၏စကားကို ကြားလိုက်ရချိန်ဝယ် ထိုအမျိုးသမီးမှာ မျှော်လင့်ချက်ရောင်ခြည် သမ်းသွားသည်။
"ပြောပါ လူကြီးမင်း... ရှင့်အကြံက ဘာလဲ"
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်လေသည်။
"ငါ့အကြံက မင်းကို သတိလစ်သွားအောင် လုပ်လိုက်မှာလေ။ ဒါဆိုရင် သူတို့ မင်းကိုနှိပ်စက်တဲ့အခါ မင်း ဘာမှခံစားရတော့မှာ မဟုတ်ဘူး"
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ယဲ့ချန်းက လက်ဝါးစောင်းဖြင့် ထိုအမျိုးသမီး၏ လည်ပင်းကို ခုတ်ချလိုက်သည်။
ခွပ်!
ထိုအမျိုးသမီးခမျာ အိတ်ကပ်ထဲရှိ သူ(မ)၏လက်ကို မထုတ်နိုင်ခင်မှာပင် သတိလစ်သွားခဲ့လေပြီ။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူမိုက်များအားလုံး မှင်တက်သွားကြသည်။
ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ။ ဒီလူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်နေရတာလဲ။
ဤအမျိုးသမီးက လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းတွင် အဆိပ်အရိပ်ဟူသော နာမည်နှင့် အဆင့်သုံးနေရာ၌ ရပ်တည်နေသူဖြစ်ပါသော်ငြား ယဲ့ချန်းရှေ့တွင်မူ ဘာမှမတုံ့ပြန်လိုက်ရဘဲ သတိလစ်သွားခဲ့သည်။
လူမိုက်ခေါင်းဆောင်၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်။
ယဲ့ချန်းက အဆိပ်အရိပ်ကို အားစိုက်ထုတ်စရာမလိုဘဲ အလွယ်တကူ နှိမ်နင်းလိုက်သည်ကို မြင်သောအခါ သူ အလွန်တုန်လှုပ်သွားသည်။
ဘုရားရေ... ဒီလူက ဘယ်အဆင့်တောင်ရှိတာလဲ။
မူလကတော့ ဤလူသတ်သမားများမှာ အဆိပ်အရိပ်က ယဲ့ချန်းကို သတ်ရာတွင် ကူညီပေးရန်ဖြစ်သော်လည်း မျှော်လင့်မထားပါဘဲ အဆိပ်အရိပ်မှာ လက်စွမ်းပြရန် အခွင့်အရေးပင် မရလိုက်ဘဲ ယဲ့ချန်း၏ နှိမ်နင်းခြင်းကို ခံလိုက်ရသည်။
ထိုလုပ်ကြံသူများလည်း ဆက်မနေရဲကြတော့ဘဲ လှည့်ပြေး၍ အမှောင်ထုထဲတွင် ချက်ချင်းပျောက်ကွယ်သွားကြသည်။
ထွက်ပြေးသွားသူများက လက်အောက်ငယ်သားများသာဖြစ်၏။ ယဲ့ချန်းကတော့ ငါးကြီးတစ်ကောင်ကို ဖမ်းမိခဲ့လေပြီ။
ယဲ့ချန်းလည်း ရှောင်ရှန်းထံသို့ ဖုန်းခေါ်လိုက်သည်။
"ရှောင်ရှန်း... မင်းအတွက် ငါးကြီးတစ်ကောင် ဖမ်းထားမိတယ်"
သိပ်မကြာခင်မှာပင် ရှောင်ရှန်းသည် သူ့လူများကို ခေါ်ဆောင်လာပြီး ယဲ့ချန်းဖမ်းထားသော အမျိုးသမီးကို မြင်သောအခါ အံ့သြသွားကြသည်။ သူ(မ)က အဆိပ်အရိပ်ဖြစ်နေချေသည်။
ထိုအချိန်တွင် စုန့်ချန်ချန်သည် စုန့်ဝေ့နှင့်အတူ ကလပ်တစ်ခုသို့ ရောက်သွားသည်။
စုန့်ချန်ချန်နှင့် စုန့်ဝေတို့ ကလပ်ထဲသို့ လျှောက်သွားလိုက်ကြသည်။
ကလပ်က အလွန်တိတ်ဆိတ်နေသဖြင့် စုန့်ချန်ချန် မျက်မှောင်ကြုတ်လိုက်မိသည်။
ပုံမှန်အားဖြင့် ဤအချိန်မှာ ကလပ်တွင် ဧည့်သည်အများဆုံးရှိသည့် အချိန်ပင်။
သို့သော် သူတို့ရှေ့ရှိ ကလပ်မှာ ငြိမ်သက်နေပြီး တံခါးဝတွင် အစောင့်တစ်ယောက်ပင် မရှိပေ။
စုန့်ချန်ချန် မျက်မှောင်ကြုတ်လိုက်မိ၏။
"ဒီကလပ်က အရမ်းတိတ်ဆိတ်လွန်းနေတယ်မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး လူတစ်ယောက်မှ မရှိရတာလဲ"
စုန့်ဝေ့က ရယ်မောလိုက်သည်။
"ငါတို့ရဲ့ အစီအစဉ်တွေ ပေါက်ကြားမသွားအောင် ကာကွယ်ဖို့အတွက် ကလပ်က ဒီနေ့ ဖွင့်မထားဘူးလေ။ ငါတို့အတွက် သီးသန့်ပဲ"
စုန့်ချန်ချန်လည်း ကလပ်အဝင်ဝသို့ သွားနေရာမှ ရုတ်တရက် ရပ်တန့်လိုက်သည်။
"ဒုတိယအစ်ကို.... တစ်ခုခုလွဲနေသလို ခံစားရတယ်"
စုန့်ဝေ့က ရယ်မောလိုက်၏။
"ညီမလေး... မင်း အရမ်းစိတ်လှုပ်ရှားနေတာ မဟုတ်ဘူးလား"
စုန့်ဝေ့၏ အပြုံးကို မြင်လိုက်ရသောအခါ စုန့်ချန်ချန်၏ အမူအရာကား ရုတ်တရက်ပြောင်းလဲသွားသည်။
"ဒုတိယအစ်ကို... အစ်ကို..."
စုန့်ဝေ့၏အပြုံးက အလွန်ထူးဆန်းနေပြီး သူ(မ)သိထားသော ဒုတိယအစ်ကိုနှင့် ယှဉ်လိုက်လျှင် အခြားလူတစ်ယောက်လို ဖြစ်နေပေသည်။
စုန့်ဝေ့၏ မျက်နှာထက်တွင် ပြေပြစ်သော အပြုံးတစ်ပွင့် ရှိနေဆဲဖြစ်သော်ငြား စုန့်ချန်ချန်ကမူ သူ့ထံမှ ကျောချမ်းဖွယ်ကောင်းသော သတ်ဖြတ်လိုဟန် အငွေ့အသက်ကို ခံစားလိုက်ရသည်။
စုန့်ချန်ချန် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်မိသည်။
သို့သော် စုန့်ဝေ့က ပြုံးစစဖြင့် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ညီမလေး... ဘာဖြစ်လို့လဲ... ဘာလို့ ဒီလိုမျက်နှာပေးမျိုး ဖြစ်နေရတာလဲ"
ထိုအချိန်မှာပင် အနောက်ဘက်ရှိ တံခါးမှာ ရုတ်တရက် ပိတ်သွားလေသည်။
စုန့်ဝေ့က ခြေနှစ်လှမ်းနောက်ဆုတ်လိုက်ချိန်ဝယ် စုန့်ချန်ချန်၏ အရှေ့တွင် အနက်ရောင်ဝတ်ဆင်ထားသော အမျိုးသားသုံးယောက် လာရပ်လေသည်။
"ဒုတိယအစ်ကို... ဒါက ဘာသဘောလဲ"
"ညီမလေး.. မင်း နားမလည်ဘူးလား။ အစ်ကိုကြီးက မင်းကို သတ်ခိုင်းလိုက်တာလေ"
"ဘာ"
စုန့်ချန်ချန်၏ မျက်နှာကား အကြီးအကျယ် ပျက်ယွင်းသွားသည်။
သူ(မ)၏ ဒုတိယအစ်ကိုက သူ(မ)ကို သတ်ချင်လိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် သူ(မ) မတွေးခဲ့ဖူးပေ။
ဤလုပ်ကြံသတ်ဖြတ်သူများထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ်များက အရိုးထိတိုင် အေးစက်သွားစေသည်။
စုန့်ဝေ့က တည်ငြိမ်စွာ ဆိုလိုက်လေသည်။
"ညီမလေး... မခုခံပါနဲ့။ ဒီလိုဆိုရင် မင်း ကောင်းကောင်းမွန်မွန် သေနိုင်လိမ့်မယ်။ ဒီလုပ်ကြံသူသုံးယောက်က မရဏအဖွဲ့အစည်းက ထိပ်တန်းတွေချည်းပဲ။ မင်းမှာ ခုခံဖို့ အခွင့်အရေးမရှိဘူး"
"အစ်ကို..."
စုန့်ချန်ချန်၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားလေတော့သည်။
"မင်းရဲ့ အဲဒီသက်တော်စောင့်လေးကို မျှော်နေတုန်းလား။ အခုလောက်ဆိုရင် သူ သေလောက်ရောပေါ့။ တကယ်တော့ ငါက ကုသိုလ်ကောင်းမှုလုပ်နေတာနော်။ မင်းကို ငရဲပြည်မှာ မင်းရဲ့ သက်တော်စောင့်လေးနဲ့ ပြန်ဆုံခွင့်ပေးလိုက်တာလေ"
စုန့်ဝေ့၏စကားကို ကြားသောအခါ စုန့်ချန်ချန်၏တစ်ကိုယ်လုံး တုန်ယင်သွားသည်။
"ဒုတိယအစ်ကို... ဘာလို့လဲ။"
စုန့်ဝေ့က သက်ပြင်းချလိုက်လေသည်။
"ညီမလေး.. မင်းနဲ့ ဖေဖေက အရမ်းခေတ်နောက်ကျလွန်းတယ်။ ငါတို့စုန့်မိသားစု ကြီးပွားချင်တယ်ဆိုရင် လမ်းမှန်လိုက်နေလို့ကတော့ ပိုဆုတ်ယုတ်ဖို့ပဲရှိတယ်။ နောက်ဆုံးကျရင် တခြားမိသားစုတွေဆီမှာ သိမ်းပိုက်ခံရလိမ့်မယ်။ ပြီးတော့ အစ်ကိုကြီးရဲ့ အင်အားက အရမ်းကြီးလွန်းတယ်။ ငါ့မှာလည်း မိန်းမနဲ့ သားသမီးတွေ ရှိသေးတယ်လေ။ ငါ့ကို အပြစ်မတင်ပါနဲ့"
စုန့်ချန်ချန်က မျက်ရည်အဝဲသားဖြင့် ထိုနေရာတွင် ငေးမောကာ ရပ်နေမိသည်။
"ဒုတိယအစ်ကို... ဒါက ကျွန်မကိုသတ်ရတဲ့ အစ်ကို့ရဲ့ အကြောင်းပြချက်လား။ အစ်ကိုကြီးက ကျွန်မကို သတ်ခိုင်းတာနဲ့ပဲ ကျွန်မတို့ရဲ့ မောင်နှမသံယောဇဉ်ကိုတောင် မထောက်ထားတော့ဘူးလား"
စုန့်ဝေ့က လှောင်ပြုံးပြုံးလိုက်လေသည်။
"သံယောဇဉ်... အဲဒါက ဘယ်လောက်တောင် တန်ဖိုးရှိလို့လဲ"
စုန့်ချန်ချန်မှာ လုံးဝစိတ်ဓာတ်ကျသွားရသည်။
သူ(မ)ကို အလွန်ချစ်ပြီး အလိုလိုက်ခဲ့သည့်အပြင် ကောင်လေးများ သူ(မ)ကို အနိုင်ကျင့်သည့်အခါ လက်စားချေပေးခဲ့၍ အဖေ့ထံတွင် ရိုက်နှက်ခံခဲ့ရဖူးသော ဒုတိယအစ်ကိုက ဤသို့နှယ် ပြောင်းလဲသွားလိမ့်မည်ဟု သူ(မ) ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
စုန့်ဝေ့က နောက်တစ်ဖန် သက်ပြင်းချလိုက်ပြန်သည်။
"ညီမလေး... ငါ့ကို အပြစ်မတင်ပါနဲ့။ ငါ့မိန်းမနဲ့ မင်းတူမလေးရဲ့အသက်က အစ်ကိုကြီးရဲ့လက်ထဲမှာ ရှိနေတာ။ ငါ့မှာလည်း ရွေးချယ်စရာမရှိဘူး။ သူ့ဘက်မှာ ရပ်တည်ဖို့ပဲရှိတယ်"
ဤသို့ပြောပြီးနောက် စုန့်ဝေ့က သူ့အနောက်ရှိ လုပ်ကြံသူများကို ပြောလိုက်လေသည်။
"မင်းတို့သုံးယောက် မြန်မြန်လှုပ်ရှားကြ။ သူ သိပ်မနာကျင်ရအောင် လုပ်ပေးလိုက်"
စုန့်ဝေ့၏စကားဆုံးသည်နှင့် လုပ်ကြံသူသုံးယောက်က စုန့်ချန်ချန်ကို ဝိုင်းထားလိုက်ကြသည်။
ဤလုပ်ကြံသူသုံးယောက်မှာ မရဏလူသတ်အဖွဲ့အစည်းတွင် အဆင့်လေး၊ ငါး၊ ခြောက်နေရာများတွင်ရှိပြီး မယုံနိုင်လောက်အောင် အစွမ်းထက်ကြသည်။
ခေါင်းဆောင်ဖြစ်သော မျက်လုံးတစ်ဖက်နှင့် လုပ်ကြံသူက နှမြောတသဟန်ဖြင့် ပြောလာလေသည်။
"နှမြောစရာပဲ.... ဟိုကောင်လေးက အဆိပ်အရိပ်သတ်တာ ခံလိုက်ရတယ်။ အဲဒီကောင်လေးက ဒီကောင်မလေးထက် ပိုတန်ဖိုးရှိတာကို"
အနားသို့ ချဉ်းကပ်လာသော လုပ်ကြံသူသုံးယောက်ကို ကြည့်ရင်း စုန့်ချန်ချန် မျက်လုံးမှိတ်ထားလိုက်မိသည်။
ထိပ်တန်းလုပ်ကြံသူသုံးယောက်ရှေ့တွင် သူ(မ)အနေနှင့် လွတ်လမ်းမရှိတော့ပေ။
ယဲ့ချန်းကို သူ(မ)၏သက်တော်စောင့် လုပ်ခိုင်းခဲ့သောကြောင့် သူ့ကိုပါ အမှုပတ်စေခဲ့သည့်အတွက်သာ သူ(မ) နောင်တရမိသည်။
သူ(မ)သည် စုန့်မိသားစုကို ဆက်လက်ထိန်းသိမ်းချင်ရုံသာ ဖြစ်သော်ငြား ဒုတိယအစ်ကိုရော အစ်ကိုကြီးကပါ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
သို့တိုင် သူ(မ)ကတော့ မိသားစု၏ အနာဂတ်အတွက် မိုက်မဲစွာ တွေးတောနေဆဲပင်။
စုန့်ချန်ချန် မျက်လုံးမှိတ်ချလိုက်၏။
"လုပ်လိုက်တော့"
ထိုအချိန်တွင် အဆင့်ခြောက်လုပ်ကြံသူက သူ့ဓားမြှောင်ကို စုန့်ချန်ချန်၏ လည်ပင်းကို ချိန်ရွယ်၍ ဝေ့ယမ်းလိုက်သည်။
သို့သော် ထိုအချိန်မှာပင် လူရိပ်တစ်ခုက စုန့်ချန်ချန်၏ရှေ့တွင် တစ္ဆေတစ်ကောင်အလား ရုတ်တရက်ပေါ်လာခဲ့သည်။
ဘန်း!
ခပ်ပြတ်ပြတ်အသံနှင့်အတူ ထိုလုပ်ကြံသူမှာ ကန်ထုတ်ခံလိုက်ရပြီးနောက် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
"ဒါ"
အခြေအနေ ရုတ်တရက်ပြောင်းလဲမှုကြောင့် လူတိုင်း၏ မျက်နှာထားများ ပြောင်းလဲသွားကြသည်။
ပေါ်လာသူကို မြင်သောအခါ စုန့်ဝေ့ မှင်တက်သွားချေသည်။
"မင်းပဲ... ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ"
မရဏအဖွဲ့အစည်း၏ အဆင့်သုံးလုပ်ကြံသူက ယဲ့ချန်းအား လုပ်ကြံခဲ့ကြောင်း လုပ်ကြံသူအချို့ထံမှ စုန့်ဝေ့ ကြားထားသည်။
စုန့်ချန်ချန် မျက်လုံးဖွင့်ကြည့်လိုက်လေရာ ပေါ်လာသော လူရိပ်ကို မြင်ပြီးနောက် သူ(မ)၏ မျက်လုံးထဲဝယ် မျက်ရည်များလဲ့လာပြီး အသံပင် အနည်းငယ် တုန်ယင်နေသည်။
"ယဲ့ချန်း"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။
"ငတုံးမလေး... မင်းရဲ့ဒုတိယအစ်ကိုက ယုံကြည်ရတဲ့လူ မဟုတ်ဘူးလို့ ငါ ပြောသားပဲ။ အခုတော့ မင်း သဘောပေါက်ပြီမလား။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ငါ ရှိနေသရွေ့ ဘယ်သူမှ မင်းကို အန္တရာယ်မပေးနိုင်ဘူး"
စုန့်ချန်ချန်လည်း တစ်စုံတစ်ခုကို ရုတ်တရက်သတိရလိုက်သည်။
"ယဲ့ချန်း... ကျွန်မအတွက် စိတ်မပူနဲ့။ ပြေးတော့။ သူတို့က ထိပ်တန်းလုပ်ကြံသူတွေ။ ရှင် သူတို့ကို ယှဉ်နိုင်မှာမဟုတ်ဘူး"
ယဲ့ချန်းကမူ မလှုပ်ပေ။ သူက ပြုံးစစဖြင့် ပြောလိုက်လေသည်
"ငါက မင်းရဲ့ကိုယ်ရံတော်ဆိုတာ မင်း မေ့သွားပြီလား"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ကျန်ရှိနေသော လုပ်ကြံသူနှစ်ယောက်ကို ကြည့်လိုက်လေသည်။
"အချိန်ဖြုန်းမနေနဲ့။ မင်းတို့နှစ်ယောက်လုံး ငါ့ဆီကို တစ်ခါတည်းလာခဲ့ကြစမ်း"
ရောက်လာသော လူငယ်ကို မြင်သောအခါ လုပ်ကြံသူ နှစ်ယောက်လည်း သူတို့၏ မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ကြသည်။
••••••••••••••••••••••