အခန်း ၁၂၃၉
Vol. 124 Ch. 1239
အခန်း (၁၂၃၉) အစစ်အမှန် ကယ်တင်ရှင်မှာ မသေမျိုးများသာ ၃
သို့သော် ထိုအဓိပ္ပာယ်မဲ့သော အရာများကြောင့်ပင် သူ့ကို အဓိပ္ပာယ်မဲ့သော လမ်းကြောင်းပေါ်တွင် ပို၍ပို၍ ဝေးကွာစွာ လျှောက်လှမ်းသွားစေရန် တွန်းအားပေးခဲ့ပုံရလေသည်။
အရာအားလုံး အဆုံးသတ်သွားပြီးနောက် သူသည် အမှန်တကယ် ငြိမ်းချမ်းမှုကို ရှာဖွေနိုင်ပြီး ဗောဓိသတ္တ သို့မဟုတ် မသေမျိုးအရှင် တစ်ပါး ဖြစ်လာနိုင်မည်လားဆိုသည်ကို သူ သံသယဝင်မိပေသည်။
"..."
မော်ဖုန်းက စိတ်ခံစားမှုများ အုံကြွလာပြီဖြစ်ကြောင်း မြင်သောအခါ လင်းစုကို တစ်ချက် ကြည့်လိုက်၏။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ဤနတ်ဆိုးနဂါးကို ကိုယ်တိုင်ကိုယ်ကျ လှည့်လည်ပြသပြီးမှ သတ်ပစ်ခြင်းက ဤသေမျိုးများအပေါ်တွင် ဖျောက်ဖျက်၍မရနိုင်သော အထင်ကြီးလေးစားမှုကို ချန်ရစ်ခဲ့လိမ့်မည်။
လင်းစုက နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
နဂါးဖြူသည် သူတို့၏အတွေးများကို ရိပ်မိပုံရပြီး ၎င်း၏သွေးစွန်းနေသော မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ လင်းလက်သွားချေ၏။ ၎င်း၏ လက်ရှိ အခြေအနေတွင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုသော ဆန္ဒသည်ပင် ဇိမ်ခံပစ္စည်းတစ်ခုလို ဖြစ်နေခဲ့လေ၏။
ထိုစဉ် ၎င်း၏မျက်လုံးအိမ်ဘေးတွင် သွယ်လျသော လက်တစ်ဖက်ကျဆင်းလာသည်ကို ရုတ်တရက် ခံစားလိုက်၏။
နဂါးဖြူပ တုန်ယင်သွားပြီး ဘေးဘက်သို့ ကြည့်လိုက်ပါသည်။
သူ့ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်သော သိမ်မွေ့သည့် လူငယ်လေး၏တည်ငြိမ်သော အကြည့်ကို မြင်လိုက်ရလေသည်။ နောက်တစ်ခဏတွင် လွှမ်းမိုးနိုင်သော ကပ်ဘေးစွမ်းအားများက သူ၏ဦးခေါင်းခွံထဲသို့ စီးဝင်သွားခဲ့၏။
ဤမျှနက်ရှိုင်းသော ကျင့်ကြံမှုအောက်တွင် သာမန် သတ္တမအဆင့် နတ်ဆိုးငယ်လေးက အသက်ရှူရပ်မသွားမီ နာကျင်မှုကိုပင် မခံစားလိုက်ရချေ။
ရှန်းယီက ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်လေသည်။
နတ်ဆိုးနဂါးကို စိုက်ကြည့်နေခဲ့သော လူအုပ်ကြီးသည် ဤအရပ်ရှည်ရှည် ပုံရိပ်ဆီသို့ သူတို့၏အကြည့်များကို ချက်ချင်း လှည့်လိုက်ကြ၏။
"..."
ဤရုတ်တရက် မြင်ကွင်းကြောင့် မော်ဖုန်း မှင်တက်သွားပြီး လင်းစုကို ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်သည်။
သူက ဤလူငယ် ကျင့်ကြံသူကို မသိသကဲ့သို့ အဘယ်ကြောင့် သူက လင်းစုကို ရုတ်တရက် ကျော်တက်သွားရသနည်း ဆိုသည်ကိုလည်း နားမလည်ခဲ့ပေ။
လင်းစု၏မျက်နှာက ပြာနှမ်းနေပြီဖြစ်ကာ ရှန်းယီကို စူးစိုက်ကြည့်နေ၏။
အချိန်အတော်ကြာပြီးနောက် သူမ၏နှုတ်ခမ်းတွင် လှောင်ပြုံးတစ်ခု တွန့်သွားလေသည်။ "ဆေးဧကရာဇ် ဂျူနီယာမောင်လေး၊ သတိမပေးဘူးလို့ စီနီယာအစ်မကို အပြစ်မတင်နဲ့နော်။ မင်းက မြောက်ပိုင်းတိုက်ကြီးကို အခုမှ ရောက်လာတာ၊ မင်းရဲ့ အလျင်လိုမှုက ပြဿနာတွေကို အလွယ်တကူ ဖြစ်စေလိမ့်မယ်။"
ထိုသို့ပြောပြီးနောက် လင်းစုက ဒေါသတကြီးဖြင့် သူမ၏အင်္ကျီလက်ကို ဝှေ့ယမ်းကာ လှည့်လိုက်သည်။ "သွားကြစို့။"
သူမက မော်ဖုန်းကို ခိုင်ယွမ် စီရင်စုမှ ပြတ်သားစွာ ခေါ်ဆောင်သွားလေသတည်း။
သူတို့သည် အချိန်အတော်ကြာ ရည်ရွယ်ချက်မရှိဘဲ ပျံသန်းသွားခဲ့ကြ၏။
လှပသော တောင်စိမ်းတစ်လုံးကို တွေ့ရှိပြီးမှသာ သူတို့ ဆင်းသက်လိုက်ကြပါသည်။
"စီနီယာအစ်မ လင်းစု၊ ဘာတွေဖြစ်နေတာလဲ။ ကောင်းကင်မျှော်စင်တောင်က အစ်မရဲ့နယ်မြေလေ။ သူ့ကို အဲဒီမှာ ချန်ထားပြီး ဘာလို့ ဒီလောက် အဆင်အခြင်မဲ့ လုပ်ခိုင်းရတာလဲ။"
အစစ်အမှန်အရှင် မော်ဖုန်းက မျက်မှောင်ကြုတ်လိုက်ပါသည်။
"ဘာဖြစ်ရမှာလဲ။ငါ့ရဲ့ ချစ်လှစွာသော စီနီယာအစ်ကိုယွင်မြောင်က သူ့ကို ကောင်းကင်မျှော်စင်တောင် ခွဲပေးဖို့ စီစဉ်နေတာလေ။" လင်းစုက အဆိပ်ပြင်းသော လေသံဖြင့် လှောင်ပြောင်လိုက်၏။
"ဒါ... ဒါက ယုတ္တိမတန်ဘူးလေ။ အစ်ကိုကြီး တစ်ယောက်အနေနဲ့ အစစ်အမှန်အရှင် ယွင်မြောင်က ပြင်ပလူကို မဟုတ်ဘဲအစ်မကို ထောက်ခံသင့်တာပေါ့။" မော်ဖုန်းက လိုက်လံ ညည်းတွားလိုက်ပြီးနောက် မေးလိုက်သည်။
"အစ်မ ဘာလုပ်ဖို့ စီစဉ်ထားလဲ။"
လင်းစု၏ စိတ်အခြေအနေမှာ နောက်ဆုံးတွင် အနည်းငယ် တိုးတက်လာခဲ့ပြီး သွားများကို တင်းတင်းစေ့ကာ ပြောလိုက်သည်။ "ထပ်မစောင့်နိုင်တော့ဘူး"
"ဒီ ပိုးကောင်နတ်ဆိုးရဲ့ တပည့်က အရမ်း ရိုင်းစိုင်းလွန်းတယ်။ မူလ အစီအစဉ်အတိုင်း ငါတို့ ဆက်သွားမယ်ဆိုရင် နောက်နှစ်နှစ်အတွင်းမှာ ပြဿနာတွေ ပိုပေါ်လာဖို့ သေချာတယ်။"
"ဆရာပြန်မလာခင် ငါ့နယ်မြေကို အလုခံရမှာ မဟုတ်ဘူး။"
"ဂျူနီယာ မော်ဖုန်း၊ အဲဒီ မဟာနတ်ဆိုးကြီးကို ရှာဖို့ ကျွန်မကို ကူညီပေးပါ။ အစစ်အမှန် အရှင်မဗိမာန်ကို အမြန်ဆုံး တည်ထောင်ဖို့ ကျွန်မ ရည်ရွယ်ထားတယ်"
"ပြဿနာမရှိပါဘူး၊ မကြာသေးခင်ကမှ သူ ဗိုက်ဆာနေပြီး လှုပ်ရှားမှုတချို့လိုအပ်နေတာနဲ့ အတော်ပဲ... ဒါပေမယ့် သူ့ကို တကယ် မသတ်မိအောင်တော့ သတိထားပါ၊ သူ့အတွက် ငါ့မှာ ပိုအရေးကြီးတဲ့ အသုံးဝင်မှု ရှိသေးတယ်။" မော်ဖုန်းက ရယ်မောလိုက်သည်။
"စိတ်မပူပါနဲ့၊ သူ့ကို အလကား ခိုင်းမှာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ သူ့ကို ဒဏ်ရာရအောင် လုပ်တဲ့အတွက်လျော်ကြေးအနေနဲ့ သူ့ဗိုက်ရဲ့ သုံးပုံတစ်ပုံလောက်ကို ဖြည့်ပေးပါ့မယ်။"
အစစ်အမှန်အရှင် လင်းစုက အလွယ်တကူ သဘောတူလိုက်၏။
နယ်မြေကို သိမ်းပိုက်ရန်အတွက် သေဆုံးသွားသော ဆရာ သို့မဟုတ် ဖျက်ဆီးခံလိုက်ရသော ဂိုဏ်းကဲ့သို့ အနှစ်သာရမရှိသောအရာများက ဘာအသုံးဝင်မည်နည်း။ အဓိကအရာမှာ ခွန်အားပင်။
ဤမဟာနတ်ဆိုးကြီးက သုံးနှင့်သုံး အသွင်ပြောင်းလဲခြင်း ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပါသည်။ ပိုးကောင်နတ်ဆိုး၏တပည့်တွင် ထိုသို့သောရည်ရွယ်ချက်များ ရှိနေလျှင်ပင် သူ၌စွမ်းဆောင်နိုင်စွမ်း ရှိမည်မဟုတ်ချေ။