အခန်း ၇၁
Vol. 8 Ch. 71
Chapter 71
မမြင်ရသောအရှိန်အဝါတစ်ခုမှာ ရုတ်ချည်း လူတိုင်းကိုပြင်းထန်စွာဖိနှိပ်လာရာ လူတိုင်းမှာ အမူအရာများပြောင်းသွားရသည်။
ဟမ်။
စုယွမ်ကိုအလယ်ဗဟိုပြုလျက် ဘေးပတ်ဝန်းကျင်မီတာတစ်ရာပတ်လည်ရှိကောင်းကင်နှင့်မြေကြီး၏ချီစွမ်းအင်တို့မှာ လည်ပတ်လာပြီး ဘေးပတ်ဝန်းကျင်ကို ဖိနှိပ်လာလေ၏။
အထူးသဖြင့် သတ္ထုစွမ်းအင်ချီစွမ်းအင်တို့မှာ အတတ်ကြွဆုံးဖြစ်လာရာ အစပထမ မမြင်၊မတွေ့ရသောကောင်းကင်နှင့်မြေကြီး၏ချီစွမ်းအင်တို့တွင် ရွှေဝါရောင်အရောင်ပါးပါးလေး ပြသလာ၏။
ထိုအချိန်တွင်ပင် လေထုဖိအားမှာ ပြောင်းလဲလာတော့သည်။ ဓါးကိုးချောင်း၏အလယ်၌ မရေတွင်နိုင်သော ရွှေရောင်ချည်မျှင်တို့မှာ ပေါ်ထွက်လာလျက် ကောင်းကင်နှင့်မြေကြီး၏ချီစွမ်းအင်တို့နှင့်ချိတ်ဆက်သွားကြပြီး ဓါးကိုးချောင်း၏အရှိန်အဝါမှာ ပေါက်ကွဲသွားတော့သည်။
အတွင်းတပည့်ကိုးဦးလုံးမှာ ထိတ်လန့်သွားလျက် အမူအရာများပြောင်းသွားကြလေသည်။ သူတို့မှာ ချက်ချင်း ကိုယ်ပိုင်အရှိန်အဝါတို့သုံး၍ မိမိကိုယ်ကိုကာကွယ်ရတော့သည်။
“ဘာတွေဖြစ်သွားတာလဲ။”
စွင်းဟုန်၏မျက်ဝန်းထဲ၌ တိုက်ပွဲဆန္ဒမှာ ပြင်းထန်လာလျက် သူ၏မျက်ဝန်းထဲရှိ ရှုပ်ထွေးမှုများမှာ အလွန်သိသာနေလေ၏။
အခြားသောတပည့်များမှာလည်း ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေကြသည်။
ပွဲကြည့်စင်တွင်လည်း တောင်သခင်ခုနစ်ဦးနှင့်ဂိုဏ်းချုပ်ကုတို့မှာ တစ်ပြိုင်နက်တည်းထရပ်မိကြလျက် စုယွမ်ကို အံ့သြတကြီးစိုက်ကြည့်လာကြသည်။
နတ်ဘုရားအာရုံတောင်သခင်၏လှပသောမျက်နှာမှာလည်း စိတ်လှုပ်ရှားမှုများကြောင့် နီရဲနေချေပြီ။ သူမ ချက်ချင်း ထပြောလိုက်သည်။
“ဒါ၊ ဒါ အယူအဆမလား၊ သတ္တုဓါးဆန္ဒရဲ့အယူအဆလေ။”
သူမသည်ကား ရွှေအမြူတအဆင့်ရောက်နေပြီဖြစ်ရာ သူမအတွက် ယခုချိန်တွင်အလိုအပ်ဆုံးမှာ အယူအဆနိယာမတစ်ခုကို နားလည်သဘောပေါက်သွားရန်ပင်၊ သို့သော် သူမမှာ ယခုထိတိုင် နိယာမတစ်ခုမှကိုနားမလည်နိုင်သေးပါပေ။
သူမလည်း အတည်ပြုရန်အတွက် ဂိုဏ်းချုပ်ကုကို လှည့်ကြည့်လိုက်သည်။
သူမဘေးရှိတောင်သခင်တစ်ဦးကလည်း ဝင်ပြောလာ၏။
“ဟုတ်တယ်၊ အဲ့ဒါလောကအယူအဆနိယာမထဲကတစ်ခုပဲ။ အရှိန်အဟုန်ဆိုတာ ကောင်းကင်နဲ့မြေကြီးရဲ့အရှိန်အဝါကိုလှူံ့ဆော်ပေးတယ်။ အဲ့ဒီလှုံ့ဆော်မှုကတဆင့် ကောင်းကင်နဲ့မြေကြီးရဲ့ချီစွမ်းအင်တွေကိုငှားယူလို့ရသွားပြီး အဲ့ဒီလိုဆိုရင် အစွမ်းက ကိုယ်ပိုင်ဝိညာဉ်စွမ်းအင်ထက် အဆပေါင်းများစွာပိုအစွမ်းထက်လာတယ်။ ဒါပေမဲ့ အဲ့ဒီလိုလှုံ့ဆော်မှုကို ဘယ်လိုလုပ်နိုင်မှာလဲ။”
တောင်သခင်တို့မှာ ဂိုဏ်းချုပ်ကုကို တပြိုင်နက်တည်းကြည့်လာ၏။ သို့သော် ဝမ့်စစ်မင်သာလျှင် အမူအရာပြောင်းလဲသွားရသည်၊ အကြောင်းမှာ စုယွမ်သုံးနေသောအရှိန်အဝါမှာ အမှန်တကယ်ဓါးဆန္ဒဖြစ်နေသောကြောင်း သိထားသောကြောင့်ပင်။
ဂိုဏ်းချုပ်ကုကလည်း ထိုအခါမှ အသိစိတ်ပြန်ဝင်လာပြီး ပြန်ဖြေသည်။
“ဟုတ်တယ်။ ဒါက တကယ့်ကိုကောင်းကင်နဲ့မြေကြီးရဲ့နိယာမအယူအဆပဲ။ သူသုံးနေတဲ့သတ္ထုစွမ်းအင်က ပြတ်သားပြီးမာကျောပေမဲ့ ပုံသွင်းနိုင်တဲ့ဓါတ်တစ်မျိုးလည်းပါဝင်နေတာ၊ တကယ်ကို ကောင်းကင်နဲ့မြေကြီးရဲ့ဓါးဆန္ဒအစစ်ပဲ။ သူ့စွမ်းအင်က ပမာဏနည်းပေမဲ့လည်း နိယာမကိုတကယ်နားလည်မှ ဒါကထုတ်သုံးလို့ရမှာ။”
တောင်သခင်အုပ်စုမှာ စုယွမ်၏လှုပ်ရှားမှုများမှ တစ်ခုခုကို မြင်ရလိုမြင်ရငြား အနီးကပ်စောင့်ကြည့်လာကြတော့သည်။
စုယွမ်ကတော့ ဂိုဏ်းချုပ်ကုနှင့်အခြားသူများကို တစ်ချက်လှည့်ကြည့်လိုက်သော်ငြား အမူအရာကမပြောင်းမလဲသာ။
သူ ဤအရာများကို ရည်ရွယ်ချက်ရှိရှိလုပ်နေရခြင်းဖြစ်သည်။
အကြောင်းမှာ အနာဂတ်ကာလအဆင်ပြေသက်သာရေးအတွက်ပါပင်။
သူ၏အရည်အချင်းနှင့်ဖြစ်နိုင်စွမ်းများကိုပြသလိုက်ခြင်းအားဖြင့် အနာဂတ်တစ်ချိန်တွင် သူသာ အပြင်မထွက်ချင်ဘဲ ဂိုဏ်းထဲတွင်သာနေချင်သည်ဖြစ်စေ၊ အရင်းအမြစ်များလိုချင်သည်ဖြစ်စေ မည်သည့်အကြီးအကဲကမှ သူ့ကို ငြင်းဆန်တော့မည်မဟုတ်ပေ။
သူသည် အရင်းအမြစ်များလိုအပ်တိုင်း နာမည်ကြီးအောင်လုပ်နေ၍မဖြစ်ပါ၊ ထိုအစား တစ်ခါတည်း အနာဂတ်အတွက်ပါ စီစဉ်၍ကြီးကြီးမားမားတစ်ခုလုပ်ချလိုက်သည်က ပို၍ကောင်းမည်။ ထိုသို့ဆိုလျှင် သူ အနာဂတ်တွင် သက်သာချောင်ချိရေးအတွက် စိုးရိမ်စရာမလိုတော့။
ထို့အပြင် သူက အရည်အချင်းများကို အကြီးအကဲများရှေ့တွင်သာပြသခဲ့ခြင်းဖြစ်ရာ အပြင်ရှိအခြားသူများက သူ့အကြောင်းကိုလုံးဝသိတော့မည်မဟုတ်၊ ထို့အတွက် အကြီးအကျယ်နာမည်ကြီးသွားမည်ကိုလည်း ကြောက်စရာမလိုတော့ပါပေ။ ကိစ္စများမှာ ပြီးပြည့်စုံလေပြီ။
စုယွမ်မှာ တွေးရင်းပျော်ရွှင်လာရကာ တိုက်ခိုက်ရန်အသင့်ဖြစ်နေသော ပါရမီရှင်ကိုးယောက်ကို ကြည့်၍ပြောလိုက်သည်။
“အကုန်အဆင်သင့်ဖြစ်ပြီလား။”
စွင်းဟုန်က အော်ဟစ်လာပါ၏။
“လာစမ်းပါ။’
အခြားသူများကလည်း လက်နက်အသီးသီးကို ကျစ်ကျစ်ကိုင်လို့ စုယွမ်နှင့် တိုက်ပွဲကြီးတစ်ခုဆင်နွဲရန် အသင့်ပြင်လိုက်ကြသည်။
စုယွမ် လက်သင်္ကေတတစ်ခုလုပ်လိုက်၏။
“ခုနစ်စဥ်ကြယ်
ဓါးကျင့်စဥ်၊ ပထမတိုက်ကွက်၊ ကြယ်ခုနစ်စင်းကြွေကျစေ။”
ဝုန်း။
ခုနစ်စဥ်ကြယ်
ဓါးကျင့်စဥ်ဆိုသည်ကား ဓါး၏ဆန္ဒကိုအခြေပြုကာ ခုနစ်ကြယ်၏စွမ်းအင်ဖြင့်ဖန်းတီးထားသော ကျင့်စဥ်ဖြစ်၏။
ဤတစ်ကြိမ်တွင်တော့ စုယွမ်က ဓါးခုနစ်စင်းလုံး တပြိုင်နက်တည်းတိုက်ခိုက်ရသောတိုက်ကွက်အစား ထိုခုနစ်ချောင်းကို ဧရာမဓါးကြီးတစ်ခုအသွင်သို့ ပြောင်းလဲစုစည်းစေလိုက်သည်။
ကျန်ဓါးနှစ်ချောင်းကတော့ ကြယ်စုတို့အဖြစ် ဧရာမဓါးကြီးဘေးနား ကပ်လိုက်လာကြ၏။
တစ်ခဏချင်းတွင်း အမှန်တကယ်ကြယ်စုတို့မှာ ဝေဟင်မှကြွေကျလာသည့်အတိုင်း ပတ်ဝန်းကျင်တစ်ခွင်တွင် ကြီးမားလှသောဖိအားကြီးတစ်ခုဖြစ်ပေါ်လာစေ၏။
တချိန်တည်းတွင်ပင် ဓါးကိုးလက်မှာ အတူတကွဟစ်ကြွေးလာကြပြီး လူကိုးဦး၏အသိစိတ်ပင်လယ်အတွင်း မွှေနှောက်တော့၏။
နတ်ဘုရားအာရုံတောင်ထိပ်၏ယန်မုန့်ထင်မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားရ၏၊ သူမလည်း ချက်ချင်း နတ်ဘုရားအာရုံတောင်ထိပ်၏လျှို့ဝှက်ကျင့်စဥ်ကိုသုံးကာ ပြန်ခုခံလိုက်သည်။
ယန်မုန့်ထင်၏အသိစိတ်ပင်လယ်အတွင်းတွင် ပြဿဒ်တစ်ဆောင်မှာ စောင့်ကြပ်နေလျက် စိမ်းမြရောင်ဓါးလေးတစ်ချောင်းလည်းရှိနေလေသည်။
ဓါးကိုးချောင်းမှဟစ်ကြွေးသံများကတော့ လူတိုင်း၏အသိစိတ်ပင်လယ်အတွင်းတွင် ဓါးကိုးလက်အသွင်ပုံပေါ်လာပြီး အသိစိတ်ကို ပြင်းထန်စွာ တိုက်ခိုက်တော့သည်။
ယန်မုန့်ထင်လည်း သူမ၏အသိစိတ်ပင်လယ်အတွင်းရှိ စိမ်းမြရောင်ဓါးလေးကို အသက်သွင်းလိုက် စုယွမ်၏ဓါးရှည်တို့နှင့် တိုက်ခိုက်စေလိုက်သည်။ ဤသို့ဖြင့် အမှန်တကယ်ဓါးများတိုက်ခိုက်ရာမှပေါ်လာသောအသံတို့မှာ အသိစိတ်ပင်လယ်အတွင်း ကျယ်လောင်စွာ မြည်ဟီးနေလေသည်။ သို့သော်ငြား မကြာမီတွင် စိမ်းမြရောင်ဓါးလေးမှာ အရေးနိမ့်လျက် လုံးဝတစ်စစီကြေကွဲသွားတော့သည်၊ သို့သော်ငြား အနှီဓါးလေးမှာ ကြေကွဲပေါက်ကွဲသွားသည့်အထဲ သူနှင့်တိုက်ခိုက်နေသော ဓါးများအနက်မှတစ်ချောင်းကိုလည်း ပျက်စီးအောင်ဆွဲခေါ်သွားနိုင်ခဲ့၏။
ကျန်ရှိသောဓါးများမှာ ပြဿဒ်လေးကိုဆက်လက်တိုက်ခိုက်နေကြပြီး ပြသာဒ်နှစ်ဆင့်တောင် ပျက်စီးသွားနေလေပြီ။ ထို့သို့ဆက်လက်တိုက်ခိုက်ရင်း ပြဿဒ်လေးမှာ ကျယ်လောင်စွာမြည်ဟီးကာ ပြိုကွဲသွားလျက် အခြေသာကျန်ရှိတော့သော်ငြား ကျန်ဓါးများကိုပါ ပေါက်ကွဲစေခဲ့လေသည်။
ယန်မုန့်ထင်၏အမူအရာမှာ အနည်းငယ်သက်သာရာရသွားသည်။ သူမ နောက်ဆုံးတော့ ယင်းဓါးများကို တားဆီးနိုင်ခဲ့ချေပြီ။ သို့သော်ငြား အကျိုးဆက်အနေဖြင့် သူမ၏လျှို့ဝှက်ကျင့်စဥ်သည်လည်း လုံးဝဖျက်စီးခံရလုနီးနီးဖြစ်သွားရ၏။
သို့သော် ဤသည်မှာ စုယွမ်ဘက်မှ တစ်ချက်သာတိုက်ခိုက်ရသေးသည်ပင်။
ယန်မုန့်ထင်မှာ ဤအကွက်များက အစပျိုးအကွက်များသာဖြစ်ကြောင်းနားလည်၏၊ အမှန်တကယ်သေလောက်စေနိုင်သောအကွက်ကြီးမှာ ရောက်လာဦးလိမ့်မည်ပင်။
မှန်းထားသည့်အတိုင်း သူမလည်း မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ သူမ၏ရှေ့တည့်တည့်တွင် ဓါးရှည်ကိုးချောင်းမှာ ချိန်ရွယ်ထားကြောင်း တွေ့လိုက်ရပေ၏။
ထို့အပြင် လူကိုးယောက်တွင်လည်း လေးယောက်မှာ လုံးဝလဲကျသွားကြလေပြီ။
“ကောင်းလိုက်တဲ့အကွက်။”
စွင်းဟုန်မှာ အံ့တင်းတင်းကြိတ်၍ သူ့ထံပျံလာနေသော ဓါးကိုစိုက်ကြည့်လိုက်၏။ ထို့နောက် သူ ချက်ချင်း လက်ထဲတွင် မီးလျှံလှံတံတစ်ချောင်းကို ပုံဖော်လိုက်ပြီး ပြန်ပစ်လိုက်တော့သည်။
ဓါးရှည်ထိပ်နှင့်လှံတံမှာ လေထုအလယ်ထိတိုက်သွားကြသည်။ သို့သော်ငြား တစ်ခဏချင်းတွင်း စွင်းဟုန်၏မီးလျှံတံမှာ ပြန်ကန်ထွက်သွားလျက် နောက်ဘက် နံရံထံဝင်စိုက်သွားလေသည်။ လှံတံမှာကား ငိုကြွေးလာသည့်အတိုင်း ကျယ်လောင်သောမြည်ကြွေးသံတစ်ခုပင် ပေါ်ထွက်လာသေးလေသည်။
စုယွမ်၏ဓါးရှည်ကတော့ စွင်းဟုန်၏အထပ်ထပ်သောအကာအကွယ်တို့ကို ချိုးဖြတ်ကာ နောက်ဆုံး စွင်းဟုန်၏မျက်ခုံးနှစ်ဖက်ကြား အလယ်တည့်တည့်ရှေ့ရောက်မှသာ ရပ်တန့်သွားတော့သည်။
စွင်းဟုန်မှာ ဤမြင်ကွင်းကို နှလုံးသားအထဲတွင်ပင် နက်နဲစွာ ရေးထိုးလိုက်ချင်သည့်အတိုင်း သူ့ရှေ့တည့်တည့်ရှိဓါးရှည်ကိုရော အဝေးရှိစုယွမ်ကိုပါ ပြင်းပြစွာစိုက်ကြည့်လာလေ၏။
စွင်းဟုန်မှာ တစ်ကွက်တည်းဖြင့်ရှုံးသွားရသလို အခြားသူများမှာလည်း ထိုနည်း၎င်းပါပင်။
ဝေ့ဝမ်ဆိုသည်မှာလည်း အမှန်တကယ်တွင် ချီစုဆောင်းရာတွင်ပါရမီရှင်တစ်ဦးဖြစ်၏။ သို့သော်ငြား အပြာရောင်ဓါးရှည်တစ်ချောင်းမှာ သူ၏နှလုံးနေရာရှေ့တည့်တည့်တွင် ရပ်နေရာ သူ့မှာ နေရာတွင်ပင် အေးခဲသွားရသည်၊ သူ နည်းနည်းလေးတောင် မလှုပ်ရဲပါပေ။
ယန်မုန့်ထင် သက်ပြင်းချလိုက်ပါ၏။ သူမဟာ စိတ်ဝိညာဥ်ဖြင့်တိုက်ခိုက်ရသောမန္တန်များကိုအသုံးပြုရာတွင် အကျွမ်းကျင်ဆုံးသူဖြစ်၏၊ သို့သော် သိသိသာသာကို စုယွမ်က သူမထက် ပို၍ ကျွမ်းကျင်နေလေသည်။ ဓါးရှည်များတွင်ပါရှိနေသော စိတ်ဝိညာဥ်ကိုတိုက်ခိုက်သည့်အကွက်များမှာ ကြီးမားလှသောခွန်အားတို့ရှိနေပေရာ ၎င်းမှ အသံတစ်ချက်သာထွက်ရသေးသော်လည်း လူအပေါင်းတို့မှာ မခုခံနိုင်ကြတော့ပါပေ။
အနှီစုယွမ်သည်ကား မည်သို့သောမကောင်းဆိုးဝါးမျိုးပါနည်း။
စုယွမ်လည်း နောက်ပြန်ဆုတ်ကာ ဓါးကိုးချောင်းလုံးကို အနောက်ရှိ ဓါးသေတ္တာထံ ပြန်ဆင့်ခေါ်လိုက်သည်။ ထို့နောက် ဓါးသေတ္တာမှာ ပေတံတစ်ချောင်းအရွယ်အစားပမာကျုံ့သွားလျက် စုယွမ်၏ဝတ်ရုံထဲ ဝင်သွားလေသည်။
ထို့နောက် စုယွမ်လည်း လူကိုးဦးထံ လက်များကိုအရိုအသေပြုဟန်ဆုပ်လိုက်သည်။
“ဂိုဏ်းတူအစ်ကို၊အစ်မတို့၊ ယှဥ်ပြိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”