အခန်း ၇၄
Vol. 8 Ch. 74
Chapter 74: ရွေ့ပြောင်းခြင်းနှင့်ပြင်ဆင်ခြင်း။
တောင်သခင်ခုနစ်ဦးမှာ ထွက်ခွာသွားကြ၏။
စုယွမ်နှင့်ဂိုဏ်းချုပ်ကုသာလျှင် နေရာတွင်ကျန်ရစ်ခဲ့လေသည်။
ဂိုဏ်းချုပ်ကုမှာ စုယွမ်ကို စိုက်ကြည့်တော့၏။
“စောက်ကလေး၊ မင်း လူလိုမသိဘူးလား။ ဒီလိုကိစ္စမျိုးကို လူကြားသူကြားရှင်းစရာလားကွ။”
“အဟင်း၊ ကျွန်တော်က ခင်ဗျား ညစ်သွားမှာကြောက်လို့ပါ။”
စုယွမ် ပြုံးပြလိုက်သည်။
“ငါက အဲ့ဒီလိုလူမျိုးမလို့လား။”
ဂိုဏ်းချုပ်ကုလည်း ဒေါသထွက်ဟန်ဆောင်လိုက်သည်။
စုယွမ်မှာ အချိန်အကြာကြီးတိတ်ဆိတ်သွား၏။
တိတ်ဆိတ်ခြင်းမှာကား ဝန်ခံခြင်းတစ်မျိုးပါပေ။
ဂိုဏ်းချုပ်ကု၏မျက်နှာမှာ မဲမှောင်သွားလျက် သူ စုယွမ်ကို လက်စွပ်တစ်ကွင်းပစ်ပေးလိုက်သည်။
“တစ်ချက်ကြည့်လိုက်၊ အဲ့ဒီထဲမှာ တပည့်ရင်းတံဆိပ်ကတ်ပြားရယ်၊ ဝိညာဉ်ကျောက်တုံးသန်းသုံးဆယ်ရယ်ပါတယ်။ ငါ့ကို မယုံမကြည်သလိုတွေလာမလုပ်နဲ့။”
ဂိုဏ်းချုပ်ကုက အေးစက်စက်နှာမှုတ်လာ၏။
စုယွမ်လည်း သိုလှောင်လက်စွပ်ကိုယူ၍ စိတ်ဝိညာဥ်အာရုံဖြင့် အထဲကိုအာရုံခံကြည့်လိုက်သည်။ အထဲတွင်မူ နေရာလွယ်အကျယ်ကြီးရှိနေလျက်၊ တပည့်ရင်းဝတ်စုံများ၊ တံဆိပ်ကတ်ပြားတစ်ခုနှင့် ဝိညာဉ်ကျောက်တုံးများလည်းရှိနေ၏။ သူ အကြမ်းဖျင်းရေတွက်ကြည့်လိုက်တော့ အထဲတွင် တကယ်ကြီး သန်းသုံးဆယ်ရှိနေလေသည်။
စုယွမ်တစ်ခဏတွန့်ဆုတ်သွားပြီး ဆိုသည်။
“ကျွန်တော်မှန်းလိုက်ရင်တောင် အခုတစ်ခေါက်နောက်ဆုံးအမြတ်က တစ်ဘီလီယံလောက်ရှိမှာ။ တကယ်လို့ ကျွန်တော့်ဝေစုက သုံးဆယ်ရာခိုင်နှုန်းသာဆိုရင် သန်းသုံးရာဖြစ်ရမှာမဟုတ်ဘူးလား။”
ဂိုဏ်းချုပ်ကုက သူ့ကို စူးစိုက်ကြည့်လာ၏။
“မင်း ဂိုဏ်းစည်းမျဉ်းကိုနားမလည်ဘူးလား။ ရလာသမျှတစ်ဝက်ကို ဂိုဏ်းကိုပြန်အပ်ရမှာလေ။ အမြတ်ထဲ သန်းငါးရာပဲကျန်မဲ့အထဲ ဒီကြားထဲ အလုပ်တွေကို ကူညီပေးတဲ့သူတွေကိုလည်း ဝေစုခွဲပေးရဦးမယ်။ နောက်ပြီး မင်းမသိတဲ့ကုန်ကျစရိတ်တွေလည်းရှိသေးတာ။ ဒါ့အပြင် သိုလှောင်လက်စွပ်ကကလည်း ရတနာတစ်ခုပဲလေ။ ရောင့်ရဲတတ်စမ်းပါ။”
စုယွမ်က ရွှင်မြူးစွာဆိုလာသည်။
“ကျွန်တော်မှတ်မိသလောက်ဆိုရင် စာကြည့်တိုက်ထဲဖတ်ရသလောက်တော့ လက်စွပ်ကသာမန်တပည့်ရင်းတစ်ယောက်ရကိုရမဲ့လုပ်ပိုင်ခွင့်ဆို။”
ဂိုဏ်းချုပ်ကု၏မျက်နှာမှာ ထပ်မဲမှောင်သွားတော့သည်။ သူ စုယွမ်ကို အထူးတဆန်းကြည့်လိုက်မိ၏၊ ထိုကောင်လေးမှာ ဘယ်လိုစာအုပ်မျိုးတွေ လျှောက်ဖတ်နေပါသနည်း။ ချီစုဆောင်းခြင်းကျင့်ကြံသူတစ်ဦးက ဒီလိုကိစ္စမျိုးတွေဘာလို့သိနေရပါသနည်း။
“မင်းမလိုချင်လည်း ငါ့ကိုပြန်သာပေးတော့။”
ဂိုဏ်းချုပ်ကု ပြောလိုက်တော့သည်။
“လိုချင်ပါတယ်၊ လိုချင်ပါတယ်။ ဆုတွေပေးတာ တကယ်ကျေးဇူးတင်ပါတယ်၊ ဂိုဏ်းချုပ်။”
စုယွမ်လည်း လေးစားမှုအပြည့်ဖြင့် ဦးညွတ်လိုက်လိုက်ပေ၏။
ဂိုဏ်းချုပ်ကုက ထိုအချိန်မှ ပြုံးလာတော့၏။
“ကောင်စုတ်လေး၊ ပင်မတောင်ထိပ်ကိုမြန်မြန်ပြောင်းလာခဲ့တော့။ မင်း တတိယအဆင့်ရှိအမတခြံဝန်းမှာနေလို့ရတယ်။ နောက်ပြီး မင်း ယွမ်ရေကန်ဘယ်မှာရှိလဲသိလား။ မင်းအဲ့ဒီကို တပည့်ရင်းကတ်ပြားနဲ့ဝင်လို့ရတယ်။ အဲ့ဒီမှာ မင်းကြိုက်သလောက် လေ့ကျင့်။ စုစုပေါင်းအနေနဲ့ ဆယ်နှစ်နေခွင့်ရတယ်။ ကြိုက်သလိုသာသုံး။”
“ဟုတ်ကဲ့ပါ။”
စုယွမ်လည်း နှုတ်ဆက်၍ ထွက်သွားခဲ့လိုက်၏။
ကုချင်းကျူးမှာ သူ၏လက်ထဲရှိသိုလှောင်လက်စွပ်ကို ပျော်ရွှင်စွာ ပွတ်သပ်လာသည်။
“သန်း၉၇၀တောင်အမြတ်ရတာ။ ဟင်း၊ ငါ ဒီလောက်အများကြီးကို ဘယ်လိုတောင်ဖြုန်းရပါ့မလဲ။ စိတ်ပူစရာပဲ၊ စိတ်ပူစရာပဲ။”
ဂိုဏ်းချုပ်ကု၏မျက်နှာထက် ပြောင်စပ်စပ်အမူအရာပေါ်လာသည်၊ သို့သော်ကံကောင်း၍ မည်သူမှမမြင်ပါချေ။
စုယွမ်လည်း ပင်မတောင်ထိပ်ရှိ အမတသာလွန်ခန်းမဆီသွား၍ တတိယအဆင့်ရှိအမတခြံဝန်းကိုရွေးလိုက်သည်။ ထိုခြံဝန်းမှာ အနည်းငယ်ဝေးလံသောနေရာတွင်တည်ရှိပေ၏။ တတိယအဆင့်ရှိအမတခြံဝန်းမှာကား ရွှေအမြူတေအဆင့်ရှိသူပင် ကျင့်ကြံရန် အဆင်ပြေရာ စုယွမ်အတွက်ဆိုလျှင် အဆင်ပြေသည်ထက်ပင် ပိုနေသေးပါသည်။
ထို့နောက်တွင် စုယွမ်လည်း သာလွန်တောင်ထိပ်ရှိခြံဝန်းဆီပြန်လာလိုက်ပြီး ငါးကန်နှင့်အတူ လက်နက်များကိုပါ သယ်ဆောင်လာခဲ့ရန် တွေးထားလိုက်သည်။
စုယွမ် အနှီခြံဝန်းငယ်လေးသို့ရောက်ချိန်တွင် ရေကန်ထဲတွင် အသံပေါင်းစုံထွက်လာလျက် ဝိညာဉ်ငါးတစ်အုပ်မှာ စုယွမ်ကို ဝိုင်းကြည့်လာကြ၏။
ရှောင်ချိုက်မှာ လေထုထဲပျံလာလျက်၊ ငါးအမြှီးလေးကိုဝေ့ရမ်းပြလာရာ လေထုထဲတွင် သုံးရောင်ခြယ်သက်တန့်လေးကျန်ခဲ့၍ အလွန်လှပနေတော့သည်။
စုယွမ်လည်း ဝိညာဉ်ကျောက်တုံးဒါဇင်လောက်ကို ချကျွေးလိုက်ရင်း ပြောလိုက်သည်။
“ဗိုက်ဆာနေတာလား။ စားချင်သလောက်သာစားစမ်း၊ ငါ့မှာ အများကြီးရှိသေးတယ်။”
ငါးအုပ်စုမှာ ဝိညာဉ်ကျောက်တုံးများကို တတိတိဝါးနေလျက်၊ အလွန်ပျော်ရွှင်နေကြလေသည်။
စုယွမ်လည်း ဘေးတွင်ထိုင်ကြည့်နေရင်း ရှောင်ချိုက်ဘေးနားရှိငါးတို့မှာ ကြေးခွံပေါ်၌သုံးရောင်ခြယ်အရောင်မှိန်မှိန်တစ်ချို့ ပေါ်ပေါက်နေကြောင်း တွေ့လိုက်ရသည်။ မသိလျှင် ၎င်းတို့မှာ ရှောင်ချိုက်ထံမှ အရောင်ကျွတ်ကာ ကူးစက်သွားလေသည့်အတိုင်းပါပင်။
စုယွမ်လည်း ငါးတစ်ကောင်ကို ယူ၍သေချာကြည့်လိုက်ရာ ခန္ဓာကိုယ်ပေါ်တွင် ဘာမှရှိမနေကြောင်းတွေ့လိုက်ရ၏။ ကြည့်ရသည်မှာ ဤရေကန်က ရှောင်ချိုက်ကြောင့်ကြာလေပို၍သန့်စင်လာဖြစ်လာသည်လားမသိပါပေ။
ဝိညာဉ်ငါးမှာ မျက်လုံးလေးပြူး၍ စုယွမ်ကို ကြောင်အစွာလေးကြည့်လာသည်၊ သို့သော် ၎င်း၏အကြည့်မှာ ဝိညာဉ်ကျောက်တုံးများထံသာ ပြန်ရောက်သွားပါ၏။
ဤသို့သောမြင်ကွင်းမှာ စုယွမ်ကို ရယ်ချင်လာစေခဲ့သည်။
စုယွမ်လည်း ၎င်းကို ရေကန်ထဲပြန်ထည့်၍ အစာကျွေးလိုက်၏။
တစ်ခဏကြာပြီးနောက်တွင် ငါးများအားလုံးဗိုက်ပြည့်သွားချေသည်။
စုယွမ်လည်း မှော်လက်နက်တစ်ခုကို ငါးကန်ပုံစံပုံဖော်လိုက်၏။
သူ ဆန်းကြယ်ပကတိချီစွမ်းအင်ကိုအသုံးပြုလိုက်သည့်အတွက် မှော်လက်နက်မှာ ချက်ချင်း ပုံပြောင်းလာသည်။ ထို့နောက် စုယွမ်လည်း ၎င်းအထဲ ဝိညာဉ်စွမ်းအင်ဖြင့် ရေသွင်းလိုက်သည်၊ ပြီးလျှင် ရှောင်ချိုက်နှင့်အခြားဝိညာဉ််ငါး၄၉ကောင်ကို အသီးသီးထည့်၏။ စုစုပေါင်းအားဖြင်အကောင်ရေငါးဆယ်သောငါးတို့မှာ စုယွမ်နှင့်အတူ ဘေးပတ်လည်ကိုပါ သိချင်စိတ်ဖြင့် လှည့်ပတ်ကြည့်နေကြသည်။
“အိမ်အသစ်ဆီသွားကြစို့။”
စုယွမ်လည်းရယ်၍ ခုနစ်စဥ်ကြယ်ခြေလှမ်းဖြင့် လေထဲနင်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာတင် လေထုအလယ်ရောက်ရှိသွားလေသည်။ ထို့နောက် ယောင်ကွမ်းဓါးရှည်မှာ သူ့ခြေထောက်အောက်ထဲတိုးဝင်လာလျက် ပင်မတောင်ထိပ်ဆီဦးတည်သွားတော့၏။
ငါးများကိုနေရာချပြီးနောက်တွင် စုယွမ် သာလွန်တောင်ထိပ်ဆီပြန်လာခဲ့သည်။
စာကြည့်တိုက်တွင် စုယွမ်မှာ တည်ငြိမ်စွာဖြင့် တပည့်ရင်းဝတ်စုံကိုဝတ်၍ ဝင်လာ၏။
စာကြည့်တိုက်အစောင့်ကလည်း ခရမ်းရောင်တာအိုဝတ်စုံကိုမြင်သည်နှင့် ချက်ချင်းအမူအရာပြောင်း၍ လေးစားမှုအပြည့်ဖြင့် ဦးညွတ်လာခဲ့သည်။ သူ နှုတ်ခွန်းဆက်သတော့မလို့ရှိသေး၊ စုယွမ်၏မျက်နှာကို မြင်သွားရာ အံ့သြသွားပေ၏။
“မင်းလား။ မင်းဝတ်စုံကဘယ်လိုဖြစ်တာလဲ။”
စုယွမ်မှာကား ခဏတိုင်းလိုလို စာကြည့်တိုက်ကိုလာခဲ့ရာ အစောင့်မှာ သူ့ကို မှတ်မိနေခဲ့ချေပြီ။
စုယွမ်လည်း တည်ငြိမ်စွာသာ တပည့်ရင်းကတ်ပြားကိုထုတ်ပြလိုက်သည်။
“ကျွန်တော် ဒီစာကြည့်တိုက်မှာ စာအုပ်မိတ္တူတွေရှိတယ်လို့ကြားတာ။ အဲ့ဒါလေးတွေထုတ်ပေးလို့ရမလား။ အကုန်ယူသွားမလို့။”
“ဘာ။”
အစောင့်မှာ တပည့်ရင်းကတ်ပြားကိုသေချာယူကြည့်လိုက်သည်၊ ထို့နောက် စုယွမ်ကို တဖန်ပြန်မော့ကြည့်၏။ ပြီးမှသာ သူလည်း စုယွမ်ပြောစကားများကို နားထောင်လာတော့သည်။
သူ့ခေါင်းထဲတွင်မေးခွန်းများစွာ ဖြတ်ပြေးနေသည်ပင်။
သူ မေးခွန်းများစွာမေးချင်မိ၏၊ အကြောင်းမှာ တစ်ခုခုမှားယွင်းနေမှာစိုးသောကြောင့်ပင်။
“ပြဿနာရှိလို့လား။”
စုယွမ် တပည့်ရင်းကတ်ပြားကို ထပ်မံထုတ်ပြလိုက်သည်။
“အမ်း၊ ကျွန်တော် စစ်ဆေးကြည့်လို့ရမလား။”
အစောင့်က ပြောလာ၏။
“ရတယ်လေ။”
စုယွမ်လည်း ကတ်ပြားကို အေးဆေးကမ်းပေးလိုက်သည်။
အစောင့်လည်း အနှီးကတ်ပြားကို မှော်ပစ္စည်းတစ်ခုပေါ်တင်၍ စစ်ဆေးလိုက်ရာ စာကြောင်းများမှာထွက်ပေါ်လာ၏။
သူ့မှာ စုယွမ်ကို အထူးတဆန်းပြန်မော့ကြည့်မိရတော့သည်။
“ပင်မတောင်ထိပ်တပည့်ရင်း၊စုယွမ်တဲ့လား။ တကယ်ကြီးမင်းနာမည်ပဲ။ မင်းက... အဟွတ်၊အဟွတ် တပည့်ရင်းစု၊ ကျွန်တော် ဒီအတောအတွင်း အစ်ကို့ကို ဂရုစိုက်ပေးခဲ့တယ်မလား။ အဲ့ဒါကြောင့် အနာဂတ်မှာ အဆင်ပြေသွားတဲ့အခါကျရင် ပြန်ဂရုစိုက်ပေးမယ်လို့မျှော်လင့်ပါတယ်ဗျာ။”
“အမ်း။”
စုယွမ်လည်း အစောင့်၏ပြောင်းလဲသွားသောလေသံကိုနားထောင်ရင်း သာမန်ကာလျှံကာသာ ဖြေလိုက်သည်။
သို့သော် သူဟာ အနှီအစောင့်၏အမည်ကို ယခုထိတိုင်မသိသေးသည်လေ။
“ပြောတာကတော့လွယ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောထားတဲ့ကိစ္စကိုလုပ်ပေးလို့ရမလား။ ဒီစာကြည့်တိုက်က စာအုပ်မိတ္တူတွေကိုငှားချင်လို့လေ။”
စုယွမ် ထပ်ပြောလိုက်သည်။
“ရပါတယ်၊ ရပါတယ်။ ကျွန်တော့်နာမည်က ယင်းကျိုးကျုံးပါ။ ဂိုဏ်းတူအစ်ကိုမှတ်ထားပေးရမယ်နော်။ ဒါနဲ့ အစ်ကိုက ဘယ်စာအုပ်မိတ္တူကိုလိုချင်တာလဲ။”
အစောင့်က မေးလိုက်သည်။
“အကုန်လုံးပဲ။”
စုယွမ် ပြောလိုက်၏။
“အကုန်လား။ ဒါက... “
ယင်းကျိုးကျူံး အံ့သြသွားရ၏။
“မရဘူးလား။ ခဏခဏလာပြီး ငှားရတာ အဆင်မပြေလို့လေ။”
စုယွမ် သက်ပြင်းချလိုက်သည်။
ယင်းကျိုးကျုံး၏မျက်ဝန်းများမှာ တောက်ပသွား၏။
“ဂိုဏ်းတူအစ်ကို၊ ဒီကိစ္စက လုပ်ဖို့တော့နည်းနည်းခက်မယ်။ ဘယ်သူကမှဒီလောက်အများကြီးမငှားဖူးဘူးလေ။ ဒါပေမဲ့ တပည့်ရင်းကတ်ပြားနဲ့ဆိုရင် တစ်ကြိမ်မှာ အုပ်တစ်သိန်းတော့ငှားခွင့်ရှိပါတယ်။ အချိန်ကတော့အကန့်အသတ်မရှိပါဘူး။ နောက်တစ်သုတ်ထပ်ငှားရင်တဲ့အခါကျရင်တော့ အရင်ကငှားထားတဲ့စာအုပ်အားလုံးကိုပြန်အပ်ရပါမယ်။”
“တကယ်မရဘူးလား။”
စုယွမ် မျက်မှောင်ကြုတ်သွားသည်။
ယင်းကျိုးကျုံးမှာ ချက်ချင်းကို စဥ်းစားပေးနေသောအမူအရာကို ချိတ်ဆွဲလျက် တစ်ခုခုစဥ်းစားမိသွားသလိုဖြင့် လက်ခုပ်တီးလိုက်၏
“သိပြီ။ ဒီလိုဆိုရင်ရတာပဲ။”
“ဘယ်လိုလဲ။”
“ဂိုဏ်းတူအစ်ကိုစုက အသွားအပြန်မလုပ်ချင်ဘူးဆိုမှ ဒီဂိုဏ်းတူညီလေးက ကူညီပေးမယ်လေ။ အစ်ကိုစုဖတ်ပြီးသွားတဲ့အခါတိုင်း စာတစ်စောင်သာပို့လိုက်၊ ကျွန်တော် အထူးတလည်ကို ချက်ချင်း လာပို့ပေးမယ်။”
ယင်းကျိိုးကျုံးက အားတက်သရောပြောလာသည်။
စုယွမ် ယင်းကျိုးကျုံးကို စွံ့အလျက်သာ ပြန်ကြည့်မိတော့၏။
အကြံအစည်များမှာ အနှီသူ၏မျက်နှာထက်အထင်းသားပေါ်နေသည်ပေ။
အပေါ်ယံတွင်တော့ သူဟာ ဆယ်နှစ်တာတိုင်တိုင် နံရံကိုမျက်နှာမူလျက် ဆင်ခြင်သုံးသပ်နေရမည့်အပြစ်ဒဏ်ကိုခံရမည်ဖြစ်သော်ကြောင့် အသွားအပြန်ခဏခဏလုပ်ဖို့တော့ ခက်ခဲသည်ပေ။ ထို့အတွက် ဤမျှသောကိစ္စလေး ထိုမျှသာရှိပါစေတော့။
“ကောင်းပြီလေ။ ဒီကိစ္စကို အစောင့်ယင်းဆီပဲ အပ်ထားတာပေါ့။”
စုယွမ် ပြောလိုက်သည်။
“ဟားဟား၊ အသေးအဖွဲ့လေးပါ၊ အသေးအဖွဲ့လေးပါ။”
ယင်းကျိုးကျုံးက အလျင်တကော ပြန်ပြောလာ၏။
“တစ်ခုရှိတယ်၊ တောင်သခင်တွေ အနှောက်အယှက်မဖြစ်စေဘဲ ခင်ဗျားမှာ အခြားတောင်ထိပ်ရဲ့စာကြည့်တိုက်ကနေရော ကိုယ်စားငှားပေးလို့ရမဲ့နည်းလမ်းရှိလား။”
စုယွမ် ထပ်ပေးလိုက်သည်။
ဤသည်ကိုကြားတော့ ယင်းကျိုးကျုံး မြန်မြန်ပြန်ဖြေလိုက်သည်။
“ကိစ္စမရှိပါဘူး။ ကျွန်တော့်မှာသာ အစ်ကို့ရဲ့ကတ်ပြားရှိသရွေ့ ငှားပေးလို့ရပါတယ်။”
စုယွမ်လည်း ကျေနပ်သွားပြီး ခေါင်းညိတ်လိုက်၏။ သူ ချက်ချင်း သာလွန်တောင်ထိပ်တွင် စာအုပ်တစ်သိန်းကိုငှားလိုက်ပြီး ချက်ချင်းပြန်ထွက်လာခဲ့တော့သည်။
ယင်းကျိုးကျုံးမှာ အပြုံးကြီးကြီးပြုံးလျက် အသံပို့ကျောက်စိမ်းကိုပင် ဖျစ်မိတော့၏။ သူဟာ တကယ်ကိုမမျှော်လင့်ထားစွာဖြင့် တပည့်ရင်းတစ်ဦးနှင့် အဆက်အသွယ်ရှိသွားပြီပင်။ ခုနစ်စဥ်တောင်ထိပ်ဂိုဏ်း၏တပည့်ရင်းဆိုသည်မှာ အခြေခံအားဖြင့်တော့ ရွှေအမြူတေအဆင့်ရှိသူများဖြစ်ကြသည်။
သူတို့ဟာ လက်ရှိတွင် ထိုကျင့်ကြံဆင့်အထိမရောက်သေးလျှင်တောင်မှ အနှေးနှင့်အမြန်ရောက်မည်ဟု လျာထားခံရသူအများဖြစ်ကြ၏။ ဤသည်မှာ တကယ်ကို အခွင့်ကောင်းပါပေ။
“ဒီတပည့်ရင်းစုရဲ့စာဖတ်နှုန်းကိုကြည့်ရင် ဒီစာကြည့်တိုက်ထဲက စာအုပ်တွေကလည်း ကြာကြာခံမှာမဟုတ်ဘုဟ။ သူ့မှာ အထူးတလည် ရွေးဖတ်တာမျိုးမှမရှိတာ၊ ဖတ်ဖို့အဆင်ပြေသရွေ့သူကဖတ်တာပဲ။ အဲ့ဒီလိုဆိုရင် ဂိုဏ်းအပြင်က ငါ့မိသားစုက စာအုပ်စုတာပဲကို၊ အဲ့ဒီလိုဆိုမှတော့ တပည့်ရင်းစုကို အဲ့ဒါတွေကို ဘာလို့မပို့ရမှာလဲ။ အဲ့ဒီလိုဆိုရင် သူနဲ့ဆက်ဆံရေးကပိုအဆင်ပြေတာပေါ့။”
ယင်းကျိုးကျုံး၏မျက်ဝန်းများမှာ တောက်ပသထက်တောက်ပလာတော့သည်။ သူ၏ယင်းမိသားစုမှာ ဤနယ်ပယ်တွင် အကျွမ်းကျင်ဆုံးပါပေ။ ယင်းမိသားစုဝင်အများအပြားမှာ နယ်မြေအသီးသီးက စာပေနယ်ပယ်တွင် လှည့်လည်နေသည်ဖြစ်ရာ စာအုပ်များ စုဆောင််းရန်ဆိုသည်မှာ အလွယ်ကူဆုံးပါပေ။
စုယွမ်ကတော့ ယခုထိတိုင် သူ၏တပည့်ရင်းဟူသောရာထူး၏လေးနက်မှုကို နားမလည်သေး။
သူ တပည့်ရင်းဝတ်စုံဖြင့်ကောင်းကင်တွင် ပျံသန်းနေစဥ် တပည့်များစွာကိုမြင်ခဲ့ရသည်။
ယခုဆိုလျှင် စုယွမ်၏ကျော်ကြားမှုမှာ မြင့်မားနေရာ တပည့်အများစုက သူ့ကိုမှတ်မိကြ၏။
ဤသို့ဖြင့် စုယွမ်တစ်ယောက်တပည့်ရင်းအဖြစ် ရာထူးတိုးမြင့်ခံရပြီဆိုသော သတင်းမှာ လျင်မြန်စွာပြန့်နှံ့သွားတော့သည်။
လူအများစုမှာ လွန်စွာထိတ်လန့်၍ ဤသတင်းကို မယုံနိုင်ဖြစ်နေကြပေသည်။
စုယွမ်ကတော့ လေထဲတွင်ပျံသန်းနေရင်း ပင်မတောင်ထိပ်ဆီပြန်ရန် ရည်ရွယ်ထားတာပင်၊ သို့သော် ပုံရိပ်နှစ်ခုမှာ တောင်ထိပ်ကနေ သူ့ထံပျံသန်းလာတာကို တွေ့လိုက်ရ၏။
စုယွမ်မှာ သေချာကြည့်မှ ထိုနှစ်ယောက်က အသိအကျွမ်းများဖြစ်နေကြောင်းကို သိလိုက်ရသည်၊ ထိုသူများမှာ သူ မသေမျိုးမျိုးစေ့တောင်ကြားတွင်ရှိနေစဥ်တုန်းက သင်ကြားပေးခဲ့သောနှစ်ဦးပါပေ။
စုယွမ် နှုတ်ဆက်လိုက်သည်။
“ဂိုဏ်းတူအစ်ကိုကျူးကောကျန့်နဲ့ ဂိုဏ်းတူအစ်မနန်ကုန်းပဲ။ စုယွမ် ဂါဝရပြုပါတယ်။”
ကျူးကောကျန့်မှာ လျင်မြန်စွာ လက်တခါခါပြုလာသည်။
“တပည့်ရင်းစု၊ နိမ့်ချနေပါပြီ။ မင်းက အခုဆိုရင် တပည့်ရင်းတောင်ဖြစ်နေပြီလေ၊ အကြီးအကဲတစ်ဦးလို့တောင်ပြောရနေပြီ။ ငါ မင်းရဲ့ဂိုဏ်းတူအစ်ကိုအဖြစ်အခေါ်မခံရဲပါဘူး။ အကြီးအကဲတွေသာ ဒါကိုကြားသွားရင် ငါ အပြစ်ပေးခံရလိမ့်မယ်။”
စုယွမ်လည်း ဒါကိုကြားတော့ ပြုံးလိုက်ပါ၏။
“အစ်ကိုကျူးကော၊ ကျွန်တော့်ကိုလာတွေ့တာ ဘာကိစ္စများရှိလို့ပါလဲ။”
ကျူးကောကျန့်က ပြုံး၍ပြောလိုက်သည်။
“ဒါက နည်းနည်းအတွင်းရေးကျတာမလို့၊စကားပြောဖို့ နေရာတစ်နေရာရှာလို့ရမလား။”
“အဲ့ဒီလိုဆိုမှတော့ ကျွန်တော့်အမတခြံဝန်းကိုလိုက်ခဲ့ကြပါလား။”
စုယွမ် ခေါင်းညိတ်ပြလိုက်၏။
“ကောင်းပါပြီ။”
ကျူးကောကျန့်ကလည်း မငြင်းပယ်ပါပေ။
အခြားတစ်ဖက်တွင်လည်း နန်ကုန်းဟော်ယွီမှာ စုယွမ်ဟာ တပည့်ရင်းအဖြစ်ချက်ချင်းတက်သွားရလောက်သည်အထိ မည်သို့သောစွမ်းပကားမျိုးရှိသလဲဆိုတာကို သိချင်နေပေသည်။
ဤသို့ဖြင့် သူတို့သုံးဦးလုံး ပင်မတောင်ထိပ်ထံ ဦးတည်လိုက်ကြ၏။
သူတို့သုံးဦးလုံး ပင်မတောင်ထိပ်သို့ရောက်ချိန်တွင် ကျုးကောကျန့်မှာ ပို၍ပင် တည်ကြည်လာရသည်။
ပင်မတောင်ထိပ်မှာကား အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်မှစကာ ရွှေအမြူတေအဆင့်ရှိသူများနှင့်သာ ဖွဲ့စည်းထားသည့်အတွက် ကျူးကောကျန့်တစ်ယောက် မြောက်ကြွကြွသွားမလုပ်ရဲပါချေ။
မြေပြင်သို့ဆင်းသက်ပြီးနောက် သူတို့ အဓိကလမ်းမကြီးမှလျှောက်လာရာ မကြာမီတွင် အမတခြံဝန်းနံပါတ်၃၆၉သို့ရောက်ရှိတော့၏။
စုယွမ်လည်း သူတို့နှစ်ဦးကို ရေကန်ဘေးရှိထိုင်နေရာများထံသို့ခေါ်သွားကာ ဧည့်ခံလိုက်ပေ၏။ ရေကန်ထဲမှာကား ရောင်စုံငါးတို့ကူးခတ်နေသလို လက်ဖက်ရည်လေးသောက်ရင်းဖြင့် ရှုစားနေရာ အတော်လေးအပန်းပြေစရာကောင်းနေတော့လေသည်။