← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

Chapter 75: ဖိတ်ကြားမှုနှင့် ရှေ့ဖြစ်ဟော။ကြယ်ခုနစ်စင်းခွဲဖြာကျင့်စဥ်။

နန်ကုန်းဟော်ယွီမှာ မျက်တောင်မခတ် ရေကန်ထဲရှိဝိညာဥ်ငါးများကိုကြည့်နေကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“အစ်ကိုစု၊ ရှင့်ရဲ့ကန်ထဲမှာ ဝိညာဉ်ငါးတွေအများကြီးရှိတာပဲ၊ သူတို့ကြည့်ရတာမျိုးတူတဲ့ပုံပဲ။”

ရှောင်ချိုက်မှာကား ပုန်းဝှက်လို့နေပြီး ထိုသူနှစ်ဦးကို ထွက်မတွေ့ပါချေ။

စုယွမ် ရယ်၍ပြန်ပြောလိုက်၏။

“ဟုတ်တယ်လေ၊ သူတို့က တစ်နေရာတည်းကရလာကြတာဆိုတော့။”

ကျူးကောကျန့် တစ်ချက်ကြည့်လိုက်တော့ အားလုံးမှာ အနိမ့်တန်းအဆင့်ဝိညာဥ်ငါးများသာဖြစ်ရာ သူလည်း သိပ်ဂရုမစိုက်တော့ပေ။

သူ အလေးအနက်ပြောလိုက်၏။

“စုယွမ်၊ ငါတို့ အခုမင်းကိုလာရှာရတာက အခွင့်အရေးအကြီးကြီးရမဲ့နေရာတစ်ခုဆီကို အတူတူသွားချင်လို့ပါ။”

ကျူးကောကျန့်မှာ စုယွမ်၏အမူအရာကို အဆက်မပြတ်လေ့လာနေ၏။

စုယွမ်ကမူ သူ့ကိုတစ်ချက်ကြည့်လျက်၊ လက်ဖက်ခွက်ကိုယူ၍ တစ်ငုံသောက်ကာ မည်သည့်ထူးထူးခြားခြားအမူအရာမှရှိမလာပါပေ။

ကျူးကောကျန့်၏နှလုံးခုန်နှုန်းမှာ စည်းချက်အနည်းငယ်လွဲသွားရ၏။ ဤတုံ့ပြန်ပုံကို သူ မထင်ထားခဲ့ပါချေ။

လေထုအခြေအနေမှာ ရုတ်ချည်းတိတ်ဆိတ်သွားသည့်အတွက် စုယွမ်လည်း ရှုပ်ထွေးစွာဖြင့် ခေါင်းပြန်မော့ကြည့်လိုက်သည်။

“ပြီးတော့ရော။”

“ဘာ။”

ကျူးကောကျန့် ကြောင်အသွားရ၏။

စုယွမ်လည်း ခဏရှုပ်ထွေးသွားရသည်။

“ခင်ဗျားပြောတော့ အခွင့်အရေးရမဲ့တစ်နေရာရာဆို။ ဘယ်လိုနေရာမျိုးလဲပြောလေ။ နောက်ပြီး ဘာအခွင့်အရေးရမှာလဲ။ အန္တာရယ်ရှိသလား။ အစ်ကို အသေးစိတ်ဆက်မပြောတော့ဘူးလား။”

ကျူးကောကျန့်လည်း ခေါင်းညိတ်၍ ပြောလိုက်သည်။

“အဲ့ဒါက ရှေးဟောင်းအပြိုအပျက်တွေနားမှာပဲ။ အဲ့ဒီနေရာက လျှို့ဝှက်နယ်မြေအဖြစ်ချိတ်ပိတ်ခံထားရတာ။ ငါတို့ အဲ့ဒီနေရာကိုမတော်တဆရှာတွေ့ခဲ့တာ၊ အဲ့ဒီနေရာက သုံးလပဲပွင့်လောက်တယ်။ အဲ့ဒါကြောင့် ငါလည်း ဂိုဏ်းကိုပြန်လာပြီး သတင်းပို့ခဲ့တယ်။”

“နောက်တော့ ဂိုဏ်းက စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်အကြီးအကဲကို အခြေအနေကိုလေ့လာဖို့လွှတ်လိုက်တော့ အဲ့ဒီနယ်မြေထဲကို ချီစုဆောင်ခြင်းအဆင့်ကျင့်ကြံသူတွေပဲဝင်လို့မှန်း သိသွားရတယ်။ အဲ့ဒီအထဲမှာ အခွင့်အလမ်းတွေအများကြီးရှိမှာပေမဲ့ ဝင်ခွင့်ရမဲ့ကျင့်ကြံဆင့်ကကန့်သတ်ခံထားရတာ။ အဲ့ဒီတော့ မင်းသာငါတို့နဲ့အထဲဝင်ဖို့ပူးပေါင်းရင် အဓိကအခွင့်အရေးတစ်ခုခုကို အရယူနိုင်ဖို့ပိုများတယ်။ အဲ့ဒီအထဲ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အခွင့်အရေးတောင် ရှိလောက်တယ်။”

ကျူးကောကျန့်မှာ စိတ်လှုပ်ရှားနေ၏။ သူ စုယွမ်ကို စိုက်ကြည့်လိုက်သည်။

“အခုတစ်လပဲကျန်တော့တယ်။ အဲ့ဒါကြောင့် ငါတို့ မင်းကိုလာဖိတ်တာ။ ငါနဲ့ဟော်ယွီတို့နှစ်ယောက်လုံးက အခြေခံအုတ်မြစ်အဆင့်ကျင့်ကြံသူတွေလောက်ကို ကိုင်တွယ်နိုင်တယ်။ မင်းရယ် နောက်ပြီး ကွယ်ဝှက်တောင်ထိပ်က တပည့်ရယ်နဲ့ဆိုရင် ငါတို့ သေချာပေါက် အစီအစဉ်ကအောင်မြင်မှာပဲ။”

“ကွယ်ဝှက်တောင်ထိပ်တဲ့လား။”

စုယွမ် စကားလုံးတစ်ခုကို သတိထားမိသွားသည်။

“ဟုတ်တယ်။ ကွယ်ဝှက်တောင်ထိပ်ဆိုတာ ဂိုဏ်းရဲ့လျှို့ဝှက်အင်အားပဲ။ အဲ့ဒါဘယ်မှာလဲတော့ငါလည်းမသိဘူး။ ဒါပေမဲ့ အဲ့ဒီကတပည့်တွေရဲ့အရည်အချင်းက ပြိုင်စံရှားပဲတဲ့။ ဒီအကြောင်းကို ဘယ်သူ့မှမပြောနဲ့နော်။ မင်းက တပည့်ရင်းဖြစ်သွားပြီမလို့ ဒီအကြောင်းကို ငါပြောပြရဲတာ။”

ကျူးကောကျန့် ပြန်ပြောလိုက်သည်။

စုယွမ် နားလည်ကြောင်းခေါင်းညိတ်ပြရင်း လက်ဖက်ရည်တစ်ငုံ ယူသောက်လိုက်၏။ သူ့မှာ ရေကန်ထဲသို့ ဝိညာဉ်ကျောက်တုံးများချေမွကာ အစာကျွေးဖို့တောင် အာရုံရှိနေသေးပေသည်။ ဝိညာဉ်ငါးများမှာ အလွန်ငယ်သေးသည့်အတွက် ကျောက်တုံးတစ်ခုလုံးကိုကျွေး၍မရ၊ ချေမွမှသာအဆင်ပြေပေ၏။ သို့သော်လည်း ထိုသို့ချေမွကျွေးခြင်းက ပိုင်ရှင်ဖြစ်သူက ဆင်းရဲနေသောကြောင့်ဟာမဆိုလိုပါပေ။

“မင်း ဘာလုပ်ချင်လဲ။”

ကျူးကောကျန့် မေးလိုက်သည်။

“ကောင်းပြီလေ... “

စုယွမ်က ပြုံး၍ ငါးစာဆက်ကျွေးနေလိုက်သည်။

နန်ကုန်းဟော်ယွီမှာ ဤမြင်ကွင်းကိုကြည့်ရင်း အတွေးနက်နေတော့၏။

ကျူးကောကျန့်ကတော့ ဆက်မတွေးနိုင်တော့ဘဲ မျက်မှောင်ကြုတ်သွားရသည်။

“စုယွမ်၊ မင်းက အခုတပည့်ရင်းဖြစ်သွားပြီးအရင်းအမြစ်တွေအများကြီးရှိနေပေမဲ့ ကျင့်ကြံရေးလမ်းကြောင်းဆိုတာ အရှည်ကြီးကျန်သေးတာ၊ ဒီမှာတင်ရပ်သွားလို့မရဘူး။ စိတ်အခြေအနေ၊ စိတ်စွမ်းအင်၊ ဝိညာဉ်ရေးရာ၊ တာအိုအယူအဆ စတဲ့အရာတွေအကုန်လုံးက အပြင်မှာ အတွေ့အကြုံယူမှပဲတိုးတက်လာနိုင်မှာ။”

“အဲ့ဒီနယ်မြေထဲကို ဝင်ဖူးသူအနေနဲ့ ငါ မင်းကိုတစ်ခေါက်လောက်တော့ သွားကြည့်ဖို့အကြံပေးချင်တယ်။ ငါအခု ချီစုဆောင်းခြင်းအဆင့်ကိုးပဲရှိသေးတာကိုမကြည့်နဲ့၊ ငါ့မှာ တော်တော်လေးအခြေခံကခိုင်ခိုင်မာမာရှိတာ။ ငါသာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရောက်သွားရင် ထိပ်တန်းအဆင့်အခြေခံအုတ်မြစ်နဲ့ဖြစ်မှာမို့ ရှေ့ဆက်ရွှေအမြူတေအဆင့်ရောက်ဖို့ဆိုတာလည်း အချိန်တစ်ခုပဲလိုတာ။စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်ဆိုတာလည်း လက်တစ်ကမ်းမှာပဲ။”

ကျူးကောကျန့်၏လေသံမှာ ရည်မှန်းချက်များ၊ မျှော်လင့်ချက်များဖြင့် ပြည့်ဝနေပေ၏။

စုယွမ် ပြောစရာစကားပျောက်ရှသွားရသည်။ သူလည်း သေချာတွေးကြည့်ပြီး တည့်တည့်သာ ထုတ်ပြောလိုက်၏။

“တကယ်တော့ ကျွန်တော် တကယ် အပြင်ကိုမထွက်ချင်သေးဘူး။ အဲ့ဒီတော့ အစ်ကိုပြောတဲ့နေရာကို ကျွန်တော်မလိုက်နိုင်ဘူး။”

ကျူးကောကျန့် မျက်မှောင်ကြုတ်သွားရသည်။

“မင်း... “

နန်ကုန်းဟော်ယွီ ကျူးကောကျန့်ကို လှမ်းဆွဲလိုက်သည်။

ကျုးကောကျန့်မှာ စုယွမ်ကို အထူးတဆန်းသာ ကြည့်မိရတော့၏။

နန်ကုန်းဟော်ယွီမှာ ဝိညာဉ်ငါးများ ဝိညာဉ်ကျောက်တုံးအတွက် တိုက်ခိုက်နေကြသည်ကို ညွှန်ပြလိုက်၏။

ကျူးကောကျန့်လည်း ထိုအရာကိုကြည့်၍ စုယွမ်ကို ပြန်ကြည့်ကာ သက်ပြင်းချလိုက်သည်။

“ကောင်းပြီလေ။ မင်းကအခု တပည့်ရင်းဖြစ်လာပြီဆိုတော့ မင်းရဲ့ကျင့်ကြံရေးအပေါ်စိတ်အားထက်သန်မှုတွေလည်း ဘယ်ရှိတော့မလဲ။ အဲ့ဒီလိုလည်းကောင်းပါတယ်လေ။”

စုယွမ်မှာ စွံ့အသွားရသည်။

သူက နေရင်းထိုင်ရင်း အလှောင်ခံလိုက်ရသည်လေ။

သူ ပြောလိုက်သည်။

“ကျွန်တော့်ကို ခင်ဗျားတို့ရဲ့ဆံပင်နည်းနည်းပေးလို့ရမလား။”

“ဘာလုပ်ဖို့လဲ။”

ကျူးကောကျန့် သတိတကြီးဆိုလာ၏။

“အစ်မဟာရောပဲ။”

စုယွမ် နန်ကုန်းဟော်ယွီကို လှည့်ကြည့်လိုက်သည်။

နန်ကုန်းဟော်ယွီက ဘာမှမပြော၊ သူမ၏နက်မှောင်သောဆံပင်အနည်းအငယ်ကိုသာ ဖြတ်၍ လက်ကိုင်ပဝါတစ်ခုဖြင့် ပတ်ပေးလာသည်။

ဒါကိုမြင်တော့ ကျူးကောကျန့်လည်း သူ့ဆံပင်ကိုနည်းနည်းဖြတ်၍ စုယွမ်ကိုကမ်းပေးလိုက်၏။ သူ သံသယဖြင့်လည်း မေးလိုက်သေးပါသည်။

“မင်းဘာလုပ်မလို့လဲ။”

စုယွမ် ပြုံး၍ ပြောလိုက်သည်။

“ကျွန်တော် ရှေ့ဖြစ်ဟောနည်းနည်းတတ်တယ်လေ။ မသုံးရတာကြာတော့ လက်ယားနေလို့။ အခု ဒီလိုတွေဖြစ်မှတော့ ကျွန်တော်လည်း အစ်ကိုတို့အတွက်ကြည့်ပေးချင်လို့လေ။ အရမ်းမတွေးပါနဲ့။ ကျွန်တော်က အစ်ကိုတို့အတွက် စိတ်ပူလို့ပါ။”

ကျူးကောကျန့်၏မျက်ခမ်းထောင့်များ အနည်းငယ်တွန့်သွားရ၏။ သို့သော် သူ စိတ်ဝင်စားနေမိဆဲ။

“ဘယ်လိုရှေ့ဖြစ်ဟောနည်းလဲ။ မင်းဘယ်ကနေသင်လာတာလဲ။”

“အင်း၊ ဒါတော့ လျှိုဝှက်ချက်။”

စုယွမ်လည်း ကောင်းကင်ကို မော့ကြည့်၍ ပြောလိုက်သည်။

“စောင့်ကြတာပေါ့။”

ဤသည်ကိုကြားတော့ ကျုးကောကျန့်လည်း ရွေးချယ်စရာမရှိတော့ဘဲ လက်ဖက်ရည်သောက်ရင်းသာ ထိုင်စောင့်လိုက်နေတော့၏။

ဒီအတောအတွင်း စုန့်ချိုက်မှာ ခြံဝန်ထဲ ပစ္စည်းများနေရာချရန်အတွက် ရောက်လာခဲ့သည်။

ဆိုင်ကိုစီမံနေသောစုန့်ချမ်ကလည်း ပစ္စည်းများကို ခဏခဏလာပို့၏။

စုန့်ညီအစ်ကိုနှစ်ယောက်မှာ တစ်ခဏချင်းတွင်း ခြံဝန်းကို အလှဆင်ရှင်းလင်းလာသည်။ သူတို့မှာ ခြံဝန်းအတွင်း ပန်းပင်၊မြက်ပင်တို့ဖြင့်အလှဆင်ပေးသလို အိမ်အတွင်းလည်း ရှင်းလင်း၍ ပရိဘောဂတချို့ယူလာပြီး နေရာချထားပေးခဲ့ကြသည်။

နှစ်ယောက်လုံးက အလွန်ကိုကြိုးစားနေလေသည်။ စုယွမ်ဟာ သူတို့အပေါ် အကျိုးအမြတ်များစွာ တိုက်ရိုက်မပေးခဲ့လျှင်တောင် ကွယ်ဝှက်ထားသောအကျိုးအမြတ်များမှာ သူတို့ကို အလွန်စိတ်အားထက်သန်စေခဲ့၏။ သူတို့မိသားစုကလည်း ညီအစ်ကိုနှစ်ဦး တပည့်ရင်းတစ်ယောက်၏နောက်လိုက်အဖြစ်အဆင့်မြင့်သွားမှန်းသိသည်နှင့် ချက်ချင်းကိုပင် မိသားစု၏ဂုဏ်ပုဒ်ကိုလည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်အဖြစ်ပင် ပြောင်းလဲလိုက်ချေပြီ။ သူတို့၏ဝင်ငွေကလည်း အဆနှစ်ဆယ်လောက်ထိုးတက်လာသလို ဂိုဏ်းအတွင်း နေရာရမှုမှာလည်း သိသာလာတော့သည်။

အတိုချုပ်ဆိုရသော် လူတစ်ဦးဟာ တာအိုပညာကိုအောင်မြင်စွာနားလည်သွားသည်နှင့် ထိုသူ၏ခွေးများ၊ကြက်များကပါ ကောင်းကင်ဘုံသို့ တက်လှမ်းခွင့်ရကြသည်ဟူသောဆိုရိုးမှာကား အလကားမဟုတ်ပါပေ။

All Chapters