သွေးစက်လက်နှင့် ထိုမိစ္ဆာ
Vol. 12 Ch. 120
“ဟင် ထျန်ချုံးဂိုဏ်းက ယန့်ဓားနှစ်လက်လား”
ယုန်မလေးမုန့်သည် အဖိုးအို၏လက်ထဲရှိ ဓားနှစ်လက်နှင့် မြေပြင်ပေါ်ရှိ ထျန်ချုံးဂိုဏ်းသားများ၏ အလောင်းများကိုကြည့်ကာ အံ့သြတုန်လှုပ်စွာဖြင့် ရေရွတ်လာသည်။
“ဒါဆို တပ်မှူးက ဒီလူနောက်ကိုလိုက်တာပေါ့၊ ကျွန်မကတော့ တစ္ဆေနတ်ဘုရားလှံတော်ရှင် ပေါ်လာပြီ ထင်နေတာ”
လီနန်ခယ့်သည် ထိုမိန်းကလေးကို ချုပ်ဖက်ထားရာမှ အသာလေးလွှတ်ပေးလိုက်သည်။ ထိုအချိန်တွင်တော့ ခုနကမြင်ခဲ့ရသော ကြောက်လန့်တုန်ယင်မှုများလည်း မရှိတော့လေပြီ။
နားလည်ခြင်းအရာတွင် နှေးကွေးလေးလံလှသော ယုန်မလေးမုန့်သည်လည်း နောက်ဆုံးတော့ လီဆယ်လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်သွားပြီး ချစ်စဖွယ်မျက်နှာလေးမှာ ပေါက်စီပူပူကြီးကဲ့သို့ ဖောင်းကြွလာကာ သူ့ကို ဒေါသတကြီးစိုက်ကြည့်လာတော့၏။
"ပြန်ရောက်ရင်မင်းကို အကောင်းဆုံးဟင်းပွဲကြီးမှာကျွေးမယ်" လီနန်ခယ့်က ချော့မော့လာသည်။
ထိုမိန်းကလေးက သူမ၏ လက်သီးဆုပ်လေးများကို တင်းတင်းဆုပ်ထားပြီး ပြန်မဖြေလာ။
“သုံးနပ်ကျွေးမယ်”
“ဟွန်း”
“ငါးနပ်ကျွေးမယ်”
ယုန်မလေးမုန့်၏ ခပ်တင်းတင်းမျက်နှာအမူအရာမှာ ထိုအခါမှ အနည်းငယ် ပြေလျော့သွားတော့သည်။
လီနန်ခယ့်တို့နှစ်ယောက် ရောက်ရှိလာသည်ကို မြင်သောအခါ နျဲ့ယင်းသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး စိတ်မကျေနပ်ဟန်ရှိသော်လည်း ဘာမှမပြောဘဲ ယန့်ဓားနှစ်လက်ကိုသာ အေးစိမ့်စွာစိုက်ကြည့်လျက် မေးလိုက်သည်။
"ဟယ့်ပန်ကျွင်း ဘယ်မှာလဲ"
လီနန်ခယ့်နှင့် ယုန်မလေးမုန့်တို့ ပေါ်လာခြင်းကြောင့် ယန့်ဓားနှစ်လက်၏ မျက်နှာမှာလည်း ပို၍လေးနက်တည်ကြည်သွားခဲ့သည်။
သို့သော် သေချာအကဲခတ်လိုက်သောအခါ ထို မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးတွင်သာ ကျင့်ကြံခြင်းစွမ်းအားအချို့ ရှိပြီး ဘေးက အမျိုးသားမှာမူ လုံးဝဥဿုန် သာမန်လူတစ်ဦးသာဖြစ်ကြောင်း သိရှိသွားသဖြင့် ယန့်ဓားနှစ်လက်သည် စိတ်အေးသွားကာ လှောင်ပြောင်စကားထွက်လာသည်။
“တပ်မှူးနျဲ့ မင်းက ဒီလူအင်အားလောက်နဲ့ ငါ့ကိုဖမ်းချင်တာလား"
"စမ်းကြည့်ကြတာပေါ့"
နျဲ့ယင်းက ဘာမှထပ်မပြောတော့ဘဲ အဲမေ့အသွားကိုထုတ်ကာ အရှေ့သို့ ပြေးဝင်သွားလေတော့သည်။
နျဲ့ယင်း၏တိုက်စစ်မှာ အလွန်ပင် ပြင်းထန်ရက်စက်လှသော်လည်း ယန့်ဓားနှစ်လက်သည်လည်း ထျန်ချုံးဂိုဏ်း၏ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်ပေသည်။ ကိုင်ဆောင်ထားသော ဓားနှစ်လက်မှာ လက်နှင့် တစ်သားတည်းဖြစ်နေသည့်အလား လျင်မြန်ဖျတ်လတ်စွာ လှုပ်ရှားနေပြီး တိုက်ကွက်တိုင်းသည် ပြိုင်ဘက်၏ တိုက်ခိုက်မှုများကို ကြိုတင်ကာကွယ်နိုင်စွမ်းရှိသည်။
သိုင်းပညာအကြောင်း တီးမိခေါက်မိမျှရှိသူသည်ပင် ထိုသူသည် ခံစစ်ကိုသာ အဓိကထားနေပြီး ရူးသွပ်နေသလိုတိုက်ခိုက်နေသော နျဲ့ယင်းအား အသက်စွန့်ကာအနိုင်ပိုင်းချင်ဟန် မရှိကြောင်း မြင်နိုင်ပေမည်။
သူတို့၏ ပြင်းထန်သောတိုက်ပွဲအတွင်း မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းငယ်များ ပေါ်ထွက်လာခဲ့သည်။ တိုက်ပွဲ ပိုမိုပြင်းထန်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများသည် မမြင်ရသော အတွင်းအားလှိုင်းများ၏ သက်ရောက်မှုကြောင့် မှုန့်မှုန့်ညက်ညက် ကျေမွကုန်ကြရလေ၏။
“နောက်ဆုတ်”
တိုက်ပွဲအရှိန်အတွင်း မတော်တဆထိခိုက်မိမည်ကို စိုးရိမ်သဖြင့် ယုန်မလေးမုန့်သည် လီနန်ခယ့်ကို နောက်သို့ ခြေလှမ်းအနည်းငယ်စာမျှ ဆွဲထုတ်လိုက်ပြီး ထိုအမျိုးသား၏ရှေ့တွင် ပိတ်ရပ်ကာ ကာကွယ်ထားပေးလိုက်သည်။
သူမ၏လက်စွဲတော် ဥက္ကာခဲနှစ်ခွတူများမှာလည်း အသင့်ပြင်ထားသည့်အလား ဟိုယမ်းဒီယမ်းဖြင့်။
အကြိမ်ရေဒါဇင်မျှ တိုက်ခိုက်ပြီးနောက် ယန့်ဓားနှစ်လက်သည် ရုတ်တရက် ရှည်လျားပီသသော လေချွန်သံတစ်ချက်ပေးလိုက်ပြီး လေထဲသို့ခုန်တက်ကာ သူ၏ ဝဲယာဓားနှစ်လက်ကို သက်တံအလား အသွင်ပြောင်း၍ နျဲ့ယင်းဆီသို့ ပစ်လွှတ်လိုက်သည်။
"သေတဲ့အထိ တိုက်လိုက်ကြတာပေါ့"
ဒီမိန်းမလက်မှ လွတ်အောင်ပြေးနိုင်မည့်ပုံမပေါ်သဖြင့် သူ ဒေါသထွက်လာကာ အင်အားကုန်အသုံးပြု၍ သေသေရှင်ရှင် အပြီးသတ်တိုက်ဖို့သာ ဆုံးဖြတ်လိုက်တော့၏။
နျဲ့ယင်း၏ အရှိန်အဝါမှာ တည်ငြိမ်ပြီး တစ်စုတစ်စည်းတည်းရှိသည်။ သူမ လှုပ်ရှားမှုတစ်ခု ပြုလိုက်သည်နှင့် လက်ထဲမှ အဲမေ့အသွားနှစ်ခုသည် သူမ၏ လှပသွက်လက်ကာ တိကျသေချာသော ခြေလှမ်းများနှင့် ဟန်ချက်ညီညီ ပေါင်းစပ်၍ ရန်သူ၏တိုက်ကွက်ကာ ထိပ်တိုက်ရင်ဆိုင်ဖို့ပြင်သည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် ယန့်ဓားနှစ်လက်သည် အလွန်ဆန်းပြားသော နည်းလမ်းတစ်မျိုးဖြင့် ဓား၏လားရာလမ်းကြောင်းကို ကြားဖြတ်ပြောင်းလဲကာ ယုန်မလေးမုန့်နှင့် လီနန်ခယ့်တို့ဆီသို့ ဦးတည်တိုးဝင်လာခဲ့လေသည်။
နျဲ့ယင်း ချက်ချင်းမျက်နှာပျက်ကာ ကြားဖြတ်တားဆီးရန် ပြင်လိုက်သော်လည်း သူမဘက်သို့ နောက်တစ်ဖန်ပစ်လွှတ်လိုက်သော ဓားရှည်ကြောင့် ခဏတာ ပိတ်ဆို့ခြင်းခံလိုက်ရသည်။
ရွှစ်
ယုန်မလေးမုန့်က တိုက်ကွက်ကို ဖျတ်လတ်စွာတုံ့ပြန်သည်။ ရန်သူမှ သူတို့ဘက်သို့ တိုးဝင်လာသည့်အချိန်တွင်ပင် သူမ၏လက်ထဲရှိ ဥက္ကာခဲနှစ်ခွတူများမှာ လျှပ်စီးကြောင်းအလား တဖျတ်ဖျတ်လှုပ်ရှားလေတော့၏။
ယန့်ဓားနှစ်လက်သည် လက်ကျန်ဓားတစ်လက်ကို အသုံးပြု၍ ဥက္ကာခဲနှစ်ခွတူများကို ရိုက်ချလိုက်ပြီး လီနန်ခယ့်ရှေ့သို့ တစ္ဆေတစ်ကောင်အလား ဖျတ်ခနဲရောက်ရှိလာကာ လင်းတလက်သည်းကဲ့သို့ ခြောက်သွေ့ပိန်ကပ်သော လက်ကြီးတစ်ဖက်ဖြင့် သူ့ပုခုံးအား မြဲမြံစွာ လာရောက်ဆုပ်ကိုင်လေသည်။
လီနန်ခယ့်၏ ကာကွယ်ခံအနေအထားကြောင့် ထူးခြားသော အရေးပါသူတစ်ဦးဖြစ်မည်ဟု ရိပ်မိသွားပြီး ဓားစာခံအဖြစ်ဖမ်းဆီးရန် ကြိုးစားလာခြင်းပင်။
သို့သော် ထိုလက်တစ်ဖက် ပုခုံးပေါ်သို့ ကျဆင်းလုနီးပါးအချိန်တွင် ယန့်ဓားနှစ်လက်၏ နှလုံးသားထဲ၌ အန္တရာယ်သတိပေးချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ သူ ခေါင်းမော့ကြည့်လိုက်ရာ လီနန်ခယ့်၏ အေးစိမ့်ခဲသက်သောအကြည့်နှင့် တိုက်ရိုက်ဆုံတွေ့သွားသဖြင့် စိတ်ထဲမှ မကောင်းသောနိမိတ်၏ သတိပေးချက်အရ အနောက်သို့ ချက်ချင်းဆုတ်ခွာထွက်လာခဲ့လိုက်၏။
ဓားရှည်ကြီးတစ်လက်ကတော့ ဓားအိမ်မှ ထွက်လာခဲ့လေပြီ။
ဓားထုတ်ခုတ်ခြင်း တိုက်ကွက်သည် လခြမ်းကွေးပုံသဏ္ဍာန် ဖြူစင်သော အလင်းတန်းတစ်ခုအဖြစ် ဖြတ်သန်းသွားပြီး အလွန်ပင် စူးရှတောက်ပလှပေသည်။
ဓားသွား မကျရောက်မီပင် ၎င်း၏ အေးစိမ့်ထက်ရှသော အရှိန်အဝါက သူ့ဆီသို့ အရင်ကျရောက်ခြိမ်းခြောက်လာခဲ့၏။
ယန့်ဓားနှစ်လက်မှာလည်း ဓားသိုင်းအရာတွင် ထိပ်တန်းပညာရှင်တစ်ဦးဖြစ်သဖြင့် အင်္ကျီစမျှသာ စုတ်ပြဲသွားခဲ့သော်လည်း ယုန်မလေးမုန့်ထံမှ ရောက်ရှိလာသော ဥက္ကာခဲနှစ်ခွတူများကိုမူ မရှောင်တိမ်းနိုင်ခဲ့ဘဲ သူ၏ ဝမ်းဗိုက်အောက်ပိုင်းကို ပြင်းစွာရိုက်ချခံလိုက်ရသည်။
အဖိုးအိုသည် နောက်သို့ နှစ်လှမ်းစာခန့် ယိမ်းထိုးသွားပြီးမှ အနိုင်နိုင် ပြန်လည်တည်ငြိမ်သွားခဲ့၏။
ထိုစဥ် နျဲ့ယင်းက သူ့ကျောဘက်သို့ တစ်ဖန်ပြေးဝင်လာပြန်သည်။
ယန့်ဓားနှစ်လက်သည် စိတ်ထဲမှကျိန်ဆဲလိုက်ပြီး ပြန်လှည့်ခုခံရုံမှအပ အခြားရွေးချယ်စရာ မရှိတော့ပေ။ အစီအစဥ်ပျက်သွားသောကြောင့် အချိန်တိုအတွင်းမှာပင် သူ့ဘက်က သိသိသာသာ အရေးနိမ့်သွားခဲ့ရ၏။ တိုက်ကွက်အနည်းငယ်မျှအပြီးတွင် သူ့ခန္ဓာကိုယ်ပေါ် သွေးအလူးလူးဖြင့် အပေါက်အပြဲများစွာ ဖြစ်တည်ကုန်ကြလေပြီ။
အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက အနှေးနှင့်အမြန် နျဲ့ယင်းထံမှ ဓားစာမိရပေတော့မည်။
ယန့်ဓားနှစ်လက်သည် သူ့လုပ်ရပ်သူ အလွန်နောင်တရသွားမိ၏။ ပျော့တိပျော့ဖတ်ပုံပေါက်သော ထိုလူချောလေးကို သူသွားမထိလိုက်သင့်။
“ရှင်အဆင်ပြေရဲ့လား”
ယုန်မလေးမုန့်သည် စိုးရိမ်ထိတ်လန့်နေဆဲဖြစ်ပြီး လီနန်ခယ့်၏အခြေအနေကို အလျင်အမြန် စစ်ဆေးလိုက်သည်။
ထိုသူ ထိခိုက်ရှနာမရှိသည်ကို မြင်မှသာ မိန်းကလေးငယ်သည် ပြည့်ဖြိုးလှသော ရင်အစုံကိုဖိကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး လီနန်ခယ့်ကို တအံ့တသြနှင့် ချီးကျူးသလိုကြည့်လာလေသည်။
"ဒီလိုဆိုတော့လည်း ရှင့်ဓားသိုင်းက ဘယ်ဆိုးလို့လဲ၊ ကိုဉာဏ်ကြီးရှင်"
သို့သော် ထိုအမျိုးသားက အရင်လို မိန်းကလေး၏ချီးကျူးမှုကို ပြန်လည်မတုံ့ပြန်ဘဲ အလင်းတိုးမရအောင် မှောင်မိုက်သိပ်သည်းနေသော တောအုပ်တွင်းတစ်နေရာကိုသာ မျက်မှောင်ကြုတ်လျက် စိုက်ကြည့်နေခဲ့သည်။
“ဘာဖြစ်လို့လဲ”
ယုန်မလေးမုန့်သည် လက်ဖြူဖြူလေးကိုထုတ်ကာ သူ့မျက်စိရှေ့ ဝှေ့ယမ်းပြလာသည်။
“အဲ့ဒီတောအုပ်ထဲမှာ တစ်ခုခုရှိနေသလိုပဲ”
လီနန်ခယ့်ကိုယ်တိုင်လည်း သေချာရေရာလှခြင်း မရှိပေ။
ထိုစကားကိုကြားသောအခါ ယုန်မလေးမုန့်သည် လမင်း၏ ဖျော့တော့သောအလင်းရောင်အောက်တွင် မှောင်မိုက်နေသော တောအုပ်ဆီသို့ မသိစိတ်အရ လှမ်းကြည့်လိုက်သည်။ အချိန်အတော်ကြာ ကြည့်ရှုပြီးနောက် ဘာမှမတွေ့ရသဖြင့် သူမက ဇဝေဇဝါဖြင့် ပြန်မေးလာ၏။
“ဘာမှမရှိပါဘူး။ ရှင့်ဘာသာ—”
ထိုစဥ် စကားသံက ရုတ်တရတ်ရပ်တန့်သွားခဲ့သည်။
အကြောင်းမူကား တောအုပ်ထဲမှ သွေးများဖြင့်ရွှဲနစ်နေသော အမျိုးသားတစ်ဦး ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာသည်ကို သူမမြင်တွေ့လိုက်ရခြင်းကြောင့်ပင်။
ထိုအမျိုးသား၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ထူးဆန်းသောမီးတောက်များက တွယ်ကပ်ဝဲလည်နေကြသည်။
ငရဲမှ အရှင်လတ်လတ် လမ်းလျှောက်ထွက်လာသည့်လူအလား ခံစားရစေ၏။
သွေးစွန်းနေသော ခြေထောက်များ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းတွင် အရိုးများအချင်းချင်း ပွတ်တိုက်မိသော ကြောက်မက်ဖွယ် တကျွီကျွီအသံများ ထွက်ပေါ်လာပြီး ထိုသူ့တစ်ကိုယ်လုံး အရိုးများပင် အကောင်းအတိုင်းကျန်ပါဦးမည်လားဟု စိုးရိမ်ထိတ်လန့်လာစေသည်။
“ဒါ... ဒါက ဘာကြီးလဲ”
ယုန်မလေးမုန့်မှာ ဆံပင်များထောင်ထလာပြီး ဖြူဝင်းသောလည်ပင်းလေးထက် ကြက်သီးများ ဖြန်းဖြန်းထလာခဲ့သည်။
လီနန်ခယ့်မှာမူ ထူးခြားစွာ တည်ငြိမ်နေပြီး ရေရွတ်လိုက်၏။
"မင်း ချင်ချင်ဆိုတဲ့ကလေးမလေးကို မှတ်မိသေးလား။ သူ့ကို အိပ်မက်ဆိုးကနေလွတ်မြောက်အောင် ငါတို့အတူ ကူညီပေးခဲ့ကြတာလေ"
အမျိုးသားက အစပြန်ဖော်ပေးလိုက်မှ ယုန်မလေးမုန့်သည် ချင်ချင်တစ်ယောက် အိပ်မက်ဆိုးမက်ရခြင်း အကြောင်းရင်းမှာ တောနက်ထဲ တစ်ကိုယ်တည်းစွန့်ပစ်ခံခဲ့ရသော တစ်ည၌ သွေးများဖြင့်ရွှဲနစ်နေသော အမျိုးသားတစ်ဦးကို မြင်တွေ့ခဲ့ရခြင်းကြောင့် ဖြစ်ကြောင်း ရုတ်တရက် သတိရသွားခဲ့သည်။
“ဒါဆို ဒါကသူပေါ့”
ယုန်မလေးမုန့်သည် တူလက်ကိုင်မှ သံကြိုးများကို တင်းတင်းဆုပ်ကိုင်ထားမိသည်။
ထိုလူထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်အငွေ့အသက်မှာ သူမလို သိုင်းပညာရှင်အတွက်ပင် သည်းထိတ်ရင်ဖိုစရာဖြစ်လှလေရာ ချင်ချင်လို ကလေးမငယ်လေးအတွက်တော့ ဆိုဖွယ်ရာမရှိလေတော့။
ကလေးမလေး အိပ်မက်ဆိုးဖြစ်တည်လာရလောက်သည်မှာ အံ့သြစရာမရှိလေတော့။
နျဲ့ယင်းနှင့် ယန့်ဓားနှစ်လက်တို့သည်လည်း ထိုအမျိုးသား၏ ရုတ်တရက်ပေါ်ထွက်လာမှုကို သတိပြုမိသွားကြပြီး အားလုံးဆွံ့အသွားကာ မလှုပ်မယှက် စိုက်ကြည့်နေမိကြသည်။
“မလှုပ်နဲ့”
လီနန်ခယ့်သည် ယုန်မလေးမုန့်ကို တဇွတ်ထိုးမလှုပ်ရှားရန် အချက်ပြလိုက်၏။
သွေးတစက်စက်ကျနေသော ထိုအမျိုးသားသည် လီနန်ခယ့်နှင့် တခြားဘယ်သူ့ကိုမှ သတိပြုမိပုံမရဘဲ သူ့လမ်းသူသာ ယိုင်တိယိုင်ထိုးဖြင့် ဆက်လက်လျှောက်လှမ်းနေခဲ့သည်။ အရိုးများ ပွတ်တိုက်ချွတ်ချော်နေသော တကျွီကျွီအသံမှာ ပိုမိုရှင်းလင်းလာပြီး သူတို့အားလုံးကို ဦးရေကျိန်းစပ်သည်အထိ ကြောက်လန့်စိုးထိတ်စေ၏။
ယန့်ဓားနှစ်လက်သည် ထွက်ပြေးဖို့ အခွင့်အရေးရပြီဖြစ်ကြောင်း အသိဝင်ကာ ချက်ချင်းပင်လှုပ်ရှားလျက် တစ်နေရာသို့ဦးတည်ကာ ပြေးထွက်သွားတော့သည်။
သို့သော် ထိုသူ၏လှုပ်ရှားမှုသည် သွေးတစက်စက်ကျနေသော ထိုအမျိုးသား၏ အာရုံစိုက်မှုကို ခံလိုက်ရ၏။
ထိုစဥ် နီရဲရဲအရိပ်တစ်ခုက မျက်တောင်တစ်ခတ်အတွင်း ဖြတ်ပြေးသွားခဲ့သည်။ လီနန်ခယ့်ပင် သေချာမမြင်နိုင်လိုက်။
၎င်းသည် ယန့်ဓားနှစ်လက်ကို စပါးအုန်းမြွေကြီးအလား ရစ်ပတ်လိုက်တော့၏။
“မိစ္ဆာပဲ”
ဤအချိန်တွင်မှ နျဲ့ယင်းနှင့် ယုန်မလေးမုန့်တို့သည် ထိုအရာမှာ သွေးမိစ္ဆာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြသည်။
ယန့်ဓားနှစ်လက်လည်း တတ်နိုင်သလောက်တော့ ပြန်လည်ခုခံသည်။ မိစ္ဆာ၏ ရစ်ပတ်ချုပ်နှောင်ခြင်းကို ခံရပြီးနောက်တွင်ပင် မရရအောင် ရုန်းထွက်နိုင်ခဲ့ကာ ဓားကိုပြင်းပြင်းဝှေ့ယမ်း၍ သွေးမိစ္ဆာကို နှစ်ပိုင်းဖြတ်လိုက်သည်။ ထိုအပိုင်းများမှ သွေးများ ဒလဟောပန်းထွက်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးလည်း သွေးတို့ရွှဲနစ်ကုန်လျက်။
သို့သော် နောက်တစ်စက္ကန့်တွင်ပင် သွေးမိစ္ဆာသည် ပြတ်တောက်သွားသော ခန္ဓာနှစ်ပိုင်းမှ ကိုယ်ပွားနှစ်ခုအဖြစ် ပြောင်းလဲသွားကာ ယန့်ဓားနှစ်လက်ဆီသို့ လှိမ့်ဝင်သွားတော့၏။
“အား”
ယန့်ဓားနှစ်လက်သည် မျက်လုံးများပြူးကျယ်လျက် ရူးသွပ်စွာ ပြန်လည်ခုတ်ပိုင်းတိုက်ခိုက်သည်။
ရလဒ်အနေဖြင့် ပြတ်သွားသောအပိုင်းများမှ ဖွံ့ဖြိုးဖြစ်တည်လာသော သွေးမိစ္ဆာကိုယ်ပွားများ ပိုမိုများပြားလာခဲ့သည်။ မကြာမီမှာပင် တစ်ပုံစံတည်း ထပ်တူညီသော သွေးမိစ္ဆာကိုယ်ပွားဒါဇင်ကျော် ပေါ်ပေါက်လာပြီး သူ့ကို ပိတ်ဆို့ဝန်းရံထားလိုက်ကြတော့၏။
နျဲ့ယင်းနှင့် လီနန်ခယ့်တို့သည် အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီး အခွင့်အရေးရတုန်း အမြန်ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ကြသည်။
သို့သော် သူတို့ လှုပ်ရှားလိုက်သည့် အချိန်၌ပင် သွေးမိစ္ဆာကိုယ်ပွားအချို့က တစ်ပြိုင်နက်တည်း လှမ်းကြည့်လာခဲ့ကြသည်။
သူတို့သုံးယောက်လုံး ခြေလှမ်းများရပ်ကာ ကျောက်ရုပ်များကဲ့သို့ တောင့်ခဲနေလိုက်ကြရ၏။
“မလှုပ်နဲ့ဦး”
လီနန်ခယ့်သည် နျဲ့ယင်းကို နှုတ်ခမ်းလှုပ်ရုံမျှဖြင့် ပြောလိုက်သည်။
နျဲ့ယင်းက ယုန်မလေးမုန့်ကို လှမ်းကြည့်လာသည်။ စကားမပြောသော်လည်း အကြည့်များက "မင်းက ညကင်းလှည့်တပ်ဖွဲ့ကမလား၊ တစ်ခုခုလုပ်ဦးလေ" ဟု မေးမြန်းနေသကဲ့သို့။
ယုန်မလေးမုန့်သည် ကူကယ်ရာမဲ့သော မျက်နှာထားကိုသာ ပြသလိုက်သည်။
အကြောင်းမှာ ဤနေရာတွင် သူမတစ်ဦးတည်းသာရှိနေပြီး သုံးနေကျ အထူးမှော်လက်နက်များလည်းမရှိ ကူဖော်လောင်ဖက်လည်းမရှိသဖြင့် သူမလည်း တတ်နိုင်တာမရှိ။
တိုက်ပွဲနေရာမှ အော်ဟစ်သံများက ဆက်လက်ထွက်ပေါ်နေခဲ့သည်။ သွေးကိုယ်ပွားများ ဖြည်းညှင်းစွာ လူစုခွဲသွားသောအခါ စောစောက သက်ရှိထင်ရှားရှိနေသော ယန့်ဓားနှစ်လက်သည် အသားများကုန်စင်သည်အထိ အကိုက်ခံထားရသော အရိုးစုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး မြက်ခင်းပြင်ပေါ်တွင် တိတ်ဆိတ်စွာ လဲလျောင်းနေခဲ့လေသည်။
ယန့်ဓားနှစ်လက် သေဆုံးသွားပြီးနောက် ထိုသွေးကိုယ်ပွားများ ပြန်လည်ပေါင်းစပ်သွားကြပြီး တစ်ကိုယ်တည်းအဖြစ် စုစည်းသွားခဲ့သည်။
ထို့နောက် ရှေ့သို့ဆက်လက်လျှောက်လှမ်းတော့လေသည်။
သူတို့သုံးယောက်လုံး သက်ပြင်းချတော့မည်မှ မကြံသေးချိန်တွင် သွေးမိစ္ဆာအမျိုးသားသည် ရုတ်တရက်လှည့်လာပြီး လီနန်ခယ့်ကို တည့်တည့်စိုက်ကြည့်လာကာ နီရဲစူးရှသောမျက်လုံးများမှာ နာကျည်းမုန်းတီးမှုမီးတောက်များဖြင့် တငြီးငြီးလောင်ကျွမ်းလာကုန်ကြတော့လေ၏။
“သွားပြီ”
လီနန်ခယ့်သည် မမျှော်လင့်ထားသောအခြေအနေများထံမှ ခဏခဏ ဒုက္ခပေးခံရတတ်သူဖြစ်သောကြောင့် အတွေ့အကြုံတော့ အတော်လေးရှိထားပြီးလေပြီ။
သွေးမိစ္ဆာမှ သူ့ကို ရုတ်တရက် စိုက်ကြည့်လာသည်ကို မြင်သောအခါ လီနန်ခယ့်သည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ပြီး တောအုပ်ဆီသို့ တိုက်ရိုက်ထွက်ပြေးကာ အမျိုးသမီးနှစ်ဦးကို အော်ပြောလိုက်သည်။
“မလှုပ်နဲ့ ဆက်ရပ်နေ၊ ငါသူ့ကိုမျှားခေါ်သွားဖို့ နည်းလမ်းရှိတယ်"
ထို့နောက် လီနန်ခယ့်သည် မကြာသေးခင်ကမှ သူရရှိထားသော နေရာရွှေ့ပြောင်းခြင်း အဆောင်စာရွက်လေးကို ဆွဲထုတ်လိုက်တော့လေ၏။
...
တိတ်ဆိတ်သော အခန်းထဲတွင် ဖယောင်းတိုင်မီးမှာ မှိန်ဖျော့စွာလင်းလက်နေလျက်။
တာ့ကျန့်မင်းဆက်၏ မင်းသမီးကြီးဖြစ်သူ ပိုင်ရူယွဲ့သည် ရှန်းယွမ်မင်းသမီး၏ အမှုကို ခွဲခြမ်းစိပ်ဖြာရင်း စားပွဲပေါ်တွင် မနားမနေရှိမြဲပင်။
ရုတ်တရက် သူမ၏ခန္ဓာကိုယ်သည် မသိစိတ်မှ စေ့ဆော်မှုတစ်ခုဖြင့် တင်းမာသွားပြီး မျက်နှာလှလှမှာ ချက်ချင်း အနီရောင်လွှမ်းကာ ပူပြင်းလာတော့သည်။
ရင်းနှီးနေသော ထို ထူးဆန်းပါသည့် ရောဂါဝေဒနာ နောက်တစ်ဖန်ထလာခဲ့ပြန်လေပြီ။
“တောက်”
ပိုင်ရူယွဲ့သည် တိုးညှင်းစွာ တောက်ခေါက်လိုက်ပြီး ပြတင်းပေါက်များကို အလျင်အမြန်ပိတ်လိုက်သည်။
သူမသည် စားပွဲဆီသို့ ယိမ်းထိုးပျော့ခွေစွာ ရောက်အောင်သွားပြီး ရေအေးအေးတစ်ခွက်သောက်၍ ထိုးတက်လာသောနာကျင်မှုအား ဖိနှိပ်ဖို့ အသည်းအသန်ကြိုးစားနေရလေသည်။
နောက်ဆုံးရလဒ်မှာ ဘယ်တော့မှပြောင်းလဲခြင်း မရှိပါသော်ငြား သူမသည် လွယ်လွယ်နှင့်အရှုံးပေးမည့်သူ မဟုတ်။
မင်းသမီးကြီး၏ မျှစ်စို့မျှစ်ဖူးလေးများအလား သွယ်လျသော လက်ချောင်းလေးများသည် ညအိပ်ဝတ်စုံပါးကို တင်းတင်းဆုပ်ကိုင်ထားပြီး လက်ဖမိုးရှိ အကြောများမှာလည်း ပေါက်ထွက်တော့မည်းအလား ထောင်ထလာကုန်လေသည်။
ချွေးစက်များသည် သူမ၏ စွဲမက်ဖွယ်ကောင်းသော မျက်နှာပေါ်သို့ မိုးပက်သည့်အလား တစက်စက်စီးကျလာရာ သနားစဖွယ်ကောင်းသော အသွင်အပြင်မှာ စကားလုံးရှာမရအောင် ဆွဲဆောင်မှရှိလှပေတည့်။