အတွင်းပိုင်းအငြင်းပွားမှု
Vol. 12 Ch. 111
"သူလျှိုရှိနေလို့ အစီအစဥ်ကို မဖြစ်မနေပြောင်းလိုက်ရတာဖြစ်မလား"
နျဲ့ယင်းက သူမ၏ထင်မြင်ချက်ကိုပြောလာသည်။
လီနန်ခယ့်က လက်ချောင်းကိုယမ်းပြလိုက်သည်။
"သူလျှိုရှိတယ်ဆိုရင် သူတို့ အစီအစဥ်တစ်ခုလုံး အစအဆုံးပြောင်းမှရမှာ။ အရေးကြီးလို့ လမ်းကြောင်းကို ယာယီအနေနဲ့ပြောင်းလိုက်ရတယ်ဆိုရင်တောင် ကြာကြာဆွဲဆန့်ထားနိုင်မှာမဟုတ်ဘူး။ တစ်ခုတည်းသောဖြစ်နိုင်ချေက အတွင်းပိုင်းအငြင်းပွားမှုပဲ"
"အတွင်းပိုင်းအငြင်းပွားမှုလား"
"ဟုတ်တယ် ထျန်ချုန်းဂိုဏ်းအတွင်းက အတွင်းပိုင်းအငြင်းပွားမှုပေါ့" လီနန်ခယ့်က လေးနက်စွာဆိုသည်။
နျဲ့ယင်းက သူမစိတ်ထဲမှ ထျန်ချုန်းဂိုဏ်းနှင့်ပက်သက်သောအချက်အလက်များကို ပြန်လည်စိစစ်လိုက်ပြီး ဆိုသည်။
"ရေခဲခေါင်းတလားခိုးတဲ့အထဲမှာ ယန့်ဓားနှစ်လက်လည်းပါဝင်နေတယ်။ ဆိုလိုတာက နောက်ကွယ်ကကြိုးကိုင်သူဟာ ထျန်းချုံးဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ် ဝမ့်ဝူယာပဲ။ နောက်ထပ် ဒုတိယဂိုဏ်းချုပ်တစ်ယောက်ဖြစ်တဲ့ နန်ကုန်းကော်က သူနဲ့ အမြဲတမ်းသဘောထားကွဲလွဲနေတာ၊ သူတို့နှစ်ယောက် အာဏာလုနေကြတာ နှစ်ပေါင်းများစွာရှိပြီ။ တကယ်လို့ အတွင်းပိုင်းအငြင်းပွားမှုဖြစ်တယ်ဆိုရင် နန်ကုန်းကော်နဲ့ဖြစ်ကြတာပဲ ဖြစ်မယ်"
ထျန်းချုံးဂိုဏ်း၏ အခြေအနေနှင့် ပတ်သက်၍ လီနန်ခယ့်သည် လိန်ရှင်းနန်ထံမှ အကြမ်းအားဖြင့်တော့ တီးမိခေါက်မိရှိထားပြီးဖြစ်၏။ ဂိုဏ်းချုပ်ဟယ့်နန်ထျန်း ကွယ်လွန်ပြီးကတည်းက ဂိုဏ်းအတွင်းအာဏာကို ဒုတိယဂိုဏ်းချုပ်နှစ်ဦးဖြစ်သော ဝမ့်ဝူယာနှင့် နန်ကုန်းကော်တို့က ထိန်းချုပ်ထားခဲ့ကြသည်။
ဝမ့်ဝူယာက ဂိုဏ်းချုပ်၏ သမီးကြီးဖြစ်သူ ဟယ့်ပန်ကျွင်းကို ဂိုဏ်းချုပ်အသစ်အဖြစ်တင်မြှောက်ရန် ထောက်ခံသော်လည်း နန်ကုန်းကော်ကတော့ ဆန့်ကျင်ဘက် သဘောထားရှိသည်။ ဤသို့ဖြင့် ဂိုဏ်းချုပ်ရာထူးက ယခုထိလစ်လပ်နေရခြင်းပင်။
အကယ်၍ ရေခဲခေါင်းတလားခိုးယူခြင်းနောက်ကွယ်မှ ကြိုးကိုင်သူသည် ဝမ်ဝူယာဖြစ်ပါလျှင် ဟယ့်ပန်ကျွင်းကရော မည်သည့်နေရာမှ ပါဝင်နေပါသနည်း။ ဟယ့်ပန်ကျွင်း သူ့ကို မပြတ်နှောင့်ယှက်ခဲ့သည်များအား ပြန်စဥ်းစားရင်း လီနန်ခယ့် အတွေးများလျက်ရှိသည်။
သူ့အတွေးကိုအတည်ပြုဖို့ လီနန်ခယ့်သည် အခြားနေရာတွင် ဥမင်လိုဏ်ဂူများထပ်ရှိမရှိ လိုက်လံရှာဖွေသည်။ ထိုအခါ မူလလိုဏ်ဂူမှ မီတာတစ်ရာခန့်အကွာတွင် အရွယ်အစားပိုမိုသေးငယ်သော အခြားလိုဏ်ဂူတစ်ခုကို ထပ်တွေ့လိုက်ရပြန်ပြီး ရေခဲခေါင်းတလားကို ကြားဖြတ်အရယူထားဖို့အလည်း သင့်တော်သောအနေအထားတွင်ရှိနေသည်ပင်။
သို့သော် ထိုလိုဏ်ဂူကို စစ်ဆေးသုံးသပ်ပြီးနောက် လီနန်ခယ့်ခေါင်းယမ်းပြန်သည်။
"ဒီမှာလည်းမဟုတ်ပြန်ဘူး။ နောက်ပြီး မြေအနေအထားကပျော့လွန်းလို့ ရွှံ့တွေပိတ်ဆို့သွားနိုင်ချေများတယ်။"
သူတို့နှစ်ယောက် ဆက်လက်ရှာဖွေလာကြရင်း အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းပြီး အချိန်လောက်တွင် လီနန်ခယ့်သည် ချောင်ကျကျတစ်နေရာတွင် ရွှံ့စီးကြောင်းဖြင့် ပိတ်ဆို့မြှုပ်နှံခံလိုက်ရသည့် လိုဏ်ဂူတစ်ခုထပ်တွေ့ခဲ့လေသည်။ တည်ဆောက်ပုံက ရိုးရှင်းသော်လည်း အလွန်ပင် ဘေးကင်းပြီး ရေခဲခေါင်းတလားကို ကြိုတင် ကြားဖြတ်ဖမ်းယူရန် အသုံးပြုနိုင်သည်။
နျဲ့ယင်း ခေါင်းရှုပ်သွားရသည်။
"အတွင်းပိုင်းအငြင်းပွားမှုက ဘယ်နှစ်ခုတောင်ဖြစ်နေတာများလဲ"
လီနန်ခယ်က စကားမပြန်ဘဲ လိုဏ်ဂူဆီသို့ တလျှောက်လုံးဖော်ဆောင်ထားသည့် လမ်းကြောင်းအတိုင်းလိုက်ရင်း မြေမြုပ်နေသော ကုန်းစောင်းနိမ့်လေးတစ်ခု၏ အဝင်ဝသို့ ရောက်ရှိသွားသည်။ အသေးစိတ် စစ်ဆေးပြီးနောက် လီနန်ခယ့်က သေချာတိကျစွာ အဖြေထုတ်လိုက်၏။
"ရေခဲခေါင်းတလားကို ဒီကနေသယ်ထုတ်သွားတာပဲ"
"သေချာရဲ့လား"
"လုံးဝသေချာတယ်"
အမျိုးသားက ခေါင်းညိတ်သည်။
"ဒီလောက်ကြီးတဲ့ရေခဲခေါင်းတလားကြီးကို မရိပ်မိအောင် လျှို့ဝှက်သယ်ထုတ်ဖို့နဲ့ ရှာမတွေ့နိုင်တဲ့ နေရာမှာ ဝှက်ထားဖို့ဆိုတာ မလွယ်ဘူး။ ဆိုလိုတာက အနီးနားမှာ လုံအောင်ဝှက်ထားနိုင်တဲ့ နေရာတစ်ခု ရှိကိုရှိလိမ့်မယ်"
နျဲ့ယင်း၏ အေးစက်စက်မျက်လုံးများက ပတ်ဝန်းကျင်တစ်ခုလုံးကို ရိပ်ခနဲဖြတ်ပြေးသွားပြီး မနီးမဝေးက ဘုရားကျောင်းတစ်ခုတွင် မြဲမြဲမြံမြံ ရပ်တန့်သွားခဲ့သည်။
လီချန်ဘုရားကျောင်းပင်။
လီနန်ခယ့်ကတော့ ကျောက်တုံးတစ်တုံးပေါ်ထိုင်ကာ ရှာတွေ့ပြီးသောသဲလွန်စများကို စီစဥ်စေ့စပ်ကြည့်ဖို့ကြိုးစားနေသည်။ တိုက်ရိုက်သက်သေပြနေသောအရာ မရှိပေသည့် ဟယ့်ပန်ကျွင်းနှင့် ကြုံခဲ့ဆုံခဲ့ဖူးသလောက် အကဲခတ်မိသည့်ဉာဏ်ရည်အရ ရေခဲခေါင်းတလားကို ရွှံ့စီးကြောင်းဖြင့်သယ်ထုတ်မည့်အကြံမှာ သူမတစ်ယောက်တည်း စီစဥ်ရေးဆွဲခဲ့ခြင်းဖြစ်ရပေမည်။
ပထမဆုံးတွေ့ခဲ့သော မူရင်းဥမင်လိုဏ်ဂူက ထိုအချက်ကိုထောက်ပြနေသည်။ ၎င်း၏ တည်ဆောက်ပုံက အလွန်ပင် ပါးနပ်စေ့စပ်လှသဖြင့် သေချာပေါက် ကြိုတင်ကြံစည်ထားသော အစီအစဉ်တစ်ခုဖြစ်ကြောင်း ရှင်းပါသည်။ သို့သော် ဒုတိယဥမင်လိုဏ်ဂူ၏ မသေမသပ် ကြမ်းတမ်းမှုကို ကြည့်ခြင်းအားဖြင့် ပထမတစ်ခုကိုအတုယူပြီး တခြားတစ်ယောက်ယောက်က ကြားဖြတ်တူးထားခြင်းသာဖြစ်ရမည်။ ကြားဖြတ်ဖို့ကြိုးစားသော ထိုလူသည် မြေပြိုမှု၏ ဖျက်ဆီးနိုင်စွမ်းကို ကောင်းကောင်းနားလည်ဟန်မရှိ၊ ရွေးချယ်ထားသော တည်နေရာမှာ အလွန်အန္တရာယ်များလှသည်မဟုတ်လော။
တတိယ ဥမင်လိုဏ်ဂူကတော့ တည်ဆောက်ပုံ ကြမ်းတမ်းသော်လည်း သယ်ယူပို့ဆောင်ရေးအတွက် ထိရောက်မြန်ဆန်သောနေရာတွင် ရှိပြီး ဘေးကင်းစိတ်ချလို့ရသောနေရာကို သေချာရွေးချယ်ထားသည်။ ပထမလိုဏ်ဂူလောက် သပ်ရပ်ခိုင်မာခြင်းမရှိသော်ငြား အသုံးဝင်ထိရောက်မှုမှာ အတူတူလောက်ပင်။
လီနန်ခယ့်သည် မှတ်စုစာအုပ်ငယ်လေးတစ်အုပ်ကိုထုတ်ယူလိုက်ပြီး မီးသွေးခဲတံကိုသုံးကာ ဟယ့်ပန်ကျွင်း၊ ဝမ်ဝူယာ၊ နန်ကုန်းကော်၊ ယန့်ဓားနှစ်လက် စသဖြင့် ပါဝင်ပက်သက်နေသူအားလုံး၏ နာမည်များနှင့် သူသိထားသမျှ သဲလွန်စအချက်အလက်တို့၏ စာလုံးအစများကို ချရေးထားလိုက်သည်။
ရေခဲခေါင်းတလားခိုးယူမှု၏ နောက်ကွယ်ကကြိုးကိုင်သူမှာ ဒုတိယဂိုဏ်းချုပ် ဝမ်ဝူယာ ဖြစ်သည်။ အစီအစဉ်ရေးဆွဲသူမှာ ဂိုဏ်းချုပ်ဟောင်း၏သမီး ဟယ့်ပန်ကျွင်းဖြစ်သည်။ အကောင်အထည်ဖော်သူမှာ ဂိုဏ်းအကြီးအကဲ ယန့်ရွှမ်းတောက် ခေါ် ယန့်ဓားနှစ်လက်ဖြစ်သည်။ ဝမ်ဝူယာက ဟယ့်ပန်ကျွင်းကို ဂိုဏ်းချုပ်နေရာထားချင်သူဖြစ်သော်ငြား သူ၏ တကယ့်ပန်းတိုင်မှာ အမည်ခံဦးဆောင်သူကို ထိန်းချုပ်အုပ်စိုးချင်သူ ဖြစ်ရန်သာ။ ဟယ့်ပန်ကျွင်းကို ရုပ်သေးရုပ်ဂိုဏ်းချုပ်အဖြစ် အသုံးချပြီး နောက်ကွယ်ကနေ အာဏာအစစ်အမှန်ကို ဆုပ်ကိုင်ထားချင်ခြင်း ဖြစ်သည်။
သို့သော် ဟယ့်ပန်ကျွင်းဆိုသည့် ဤအမျိုးသမီးမှာလည်း သူ့လက်အောက်တွင် ဦးချိုးချကာ အမိန့်နာခံမည့်သူမဟုတ်ဘဲ နောက်ကွယ်ကစိတ်ရင်းကို သိနားလည်စွာ ဂိုဏ်းအတွင်း၌ သူမ၏ ကိုယ်ပိုင်အင်အားကို လျှို့ဝှက်ပျိုးထောင်နေခဲ့သည်။ ထို့ကြောင့် နိဂုံးချုပ်သုံးသပ်ချက်မှာ မြေပြိုမှု၏ စီစဥ်ကိုင်တွယ်သူနှစ်ဦးဖြစ်သည့် ဟယ့်ပန်ကျွင်းနှင့် ယန့်ဓားနှစ်လက်တို့ တစ်ယောက်ကိုတစ်ယောက် မယုံကြည်ကြပါချေ။
"ယုံကြည်မှုမရှိကြဘူး..."
ဤအထိ သုံးသပ်အကျဥ်းချုပ်ပြီးနောက် လီနန်ခယ့်နောက်ကျောမှာ မတ်ခနဲဆန့်သွားပြီး မျက်လုံးတို့က ဉာဏ်ရည်ဉာဏ်သွေးဖြင့် တောက်ပသွားခဲ့သည်။
"နားလည်ပြီ"
နျဲ့ယင်းက မျက်ခုံးတစ်ဖက်ပင့်ကာ တစ်ဖက်လူအပြောကို စောင့်နေလိုက်သည်။
လီနန်ခယ့်က ပြောပြလာသည်။
"ရေခဲခေါင်းတလားကို ခိုးယူမဲ့ အစီအစဉ်အားလုံးကို ဟယ့်ပန်ကျွင်းက အစအဆုံး တွက်ချက်ရေးဆွဲခဲ့တာ။ ဒါပေမဲ့ ဝမ်ဝူယာရဲ့လူယုံ ယန့်ဓားနှစ်လက်က ဟယ့်ပန်ကျွင်းကိုမယုံဘူး။ ဒါကြောင့် သူက နောက်ကွယ်ကနေ ကလိမ်ကကျစ်ကျခဲ့တာပဲ။ သူက ဟယ့်ပန်ကျွင်းနဲ့ ပူးပေါင်းလုပ်ဆောင်သလိုနဲ့ နောက်ကွယ်ကနေ ပုံစံတူလိုဏ်ဂူတစ်ခုတူးဖော်ခဲ့တာ၊ ခေါင်းတလားကို ကြားဖြတ်ယူဖို့ပေါ့။"
"ဒါပေမဲ့ ယန့်ဓားနှစ်လက် တွက်ကိန်းမှားသွားတယ်။ ဘာလို့လဲဆိုတော့ ဒီလူ ကလိမ်ကကျစ်ကျလိမ့်မယ်ဆိုတာကို တစ်ယောက်ယောက်က အစကတည်းက တွက်ချက်ထားပြီးသားမို့ သူတို့ကလည်း ခြေတစ်လှမ်းကြိုဦးပြီး ကြားဖြတ်ယူလိုက်ကြတာပဲ၊ အဲ့ဒါကြောင့် တတိယလိုဏ်ဂူပေါ်လာရတာ၊ သေချာတာကတော့ ရေခဲခေါင်းတလားက အဲ့ဒီအမျိုးသမီး ဟယ့်ပန်ကျွင်းလက်ထဲမှာ ရှိကိုရှိလိမ့်မယ်"
အမျိုးသား၏ သုံးသပ်တွေးခေါ်မှုကိုနားထောင်ပြီး နျဲ့ယင်းသည် ဖြစ်ရပ်တစ်ခုလုံးကို အစအဆုံးဆက်စပ်ကြည့်လိုက်နိုင်၏။ အရှင်းဆုံးပြောရလျှင် ယန့်ဓားနှစ်လက်သည် ဟယ့်ပန်ကျွင်းဆီမှ လှည့်စားခံရမည်စိုးသောကြောင့် အကြံအဖန်လုပ်ပါသော်လည်း အမြော်အမြင်ရှိစွာ နှစ်ထပ်ကွန့်ထားသော ထောင်ချောက်ထဲမှ လွတ်အောင်မပြေးနိုင်ခဲ့ခြင်းပင်။
"အထင်ကြီးစရာပဲ လေးစားမိပါတယ်"
လီနန်ခယ့်သည် ထိုအမျိုးသမီးကို သူ့ကိုယ်သူပင်ပြန်အံ့သြရလောက်အောင် အတော်လေးအထင်ကြီးသွားမိသည်။ သတ်မှတ်စရာစကားလုံးပင်ရှာမတွေ့တော့။ လူ့သဘာဝကို နောကျေအောင်နားလည်ထားသော ဉာဏ်ကြီးရှင်မျိုးဟုသာ ဆိုရပေမည်။ အစီအစဥ်ကြီးတစ်ခုလုံး အကြံထုတ်ရေးဆွဲထားရသည့်အထဲ တုန့်ဝမ်ခွင်းတစ်ယောက် သူ့စကားကိုနားမထောင်မည်ကို ကြိုသိထားရုံမက ယန့်ဓားနှစ်လက် တစ်ခုခုကြံစည်ဦးမည်ကိုလည်း ကြိုတွက်ထားနိုင်သေးသည်။
“ဒါတင်မကသေးဘူး၊ တစ္ဆေနတ်ဘုရားလှံသွားရှင်နဲ့ ခင်ဗျားနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း ကျွန်တော်ကြားထားတယ်။ ဟယ့်ပန်ကျွင်းနဲ့ ၊ တစ္ဆေနတ်ဘုရားလှံသွားရှင်တို့က တစ်ဖွဲ့တည်း ဖြစ်နိုင်ချေများသလို သူတို့နှစ်ယောက် လျှို့ဝှက်ပူးပေါင်းခဲ့တာလည်း ဖြစ်နိုင်တယ်။”
လီနန်ခယ့်က ပြောရင်းဆိုရင်း ဝါးခမောက်ဆောင်းအမျိုးသမီး၏ ပုံရိပ်မှာ သူ၏စိတ်ထဲတွင် ပေါ်လာပြန်သည်။ သူမသည် အကြောင်းပြချက်မရှိဘဲ စားသောက်ဆိုင်တွင် သူ့ကို မြေပြိုမှုအကြောင်း သဲလွန်စပေးကာ သတိပေးခဲ့ဖူးသည်။ သူမသည် ထိုအချိန်ကတည်းက ထျန်းချုံးဂိုဏ်း၏ လျှို့ဝှက်အစီစအဥ်ကို ကြိုတင်သိရှိထားပြီးဖြစ်သည်ပင်။ ထိုသို့ စောစီးစွာသိရှိထားနိုင်ဖို့မှာ ထျန်ချုံးဂိုဏ်းတွင်းမှလူတစ်ယောက်ယောက်နှင့် ပူးပေါင်းထားပြီးသောကြောင့်သာ ဖြစ်ရပေမည်။ ထိုလူမှာလည်း ဟယ့်ပန်ကျွင်းဖြစ်ဖို့သာများ၏။
နျဲ့ယင်းက မျက်မှောင်ကြုတ်သည်။
"ဒါပေမဲ့ တစ္ဆေနတ်ဘုရားလှံသွားရှင် မကြာသေးခင်ကမှ နန်ကုန်းကော်နဲ့တွေ့ထားကြသေးတယ်လို့ ငါသတင်းရထားတယ်"
"ဪ အဲ့လိုလည်းရှိသေးတာလား"
လီနန်ခယ့် အခိုက်အတန့်မျှ အံ့သြမှင်တက်သွားရပြီး ရုတ်တရတ် ရယ်ချလိုက်သည်။
"တွေ့တယ်ဆိုတိုင်း ပူးပေါင်းကြဖို့မှမဟုတ်တာ၊ စုံစမ်းနေတဲ့လူတွေကို မျက်စိလည်သွားအောင် လှည့်စားလိုက်တာလည်း ဖြစ်နိုင်တာပဲ"
နျဲ့ယင်း၏မျက်လုံးလှလှများ ကျဥ်းမြောင်းသွားခဲ့ပြီး ဆီးနှင်းလိုအေးစက်သောမျက်နှာထက် အံ့သြတကြီးအမူအရာတစ်ခုပေါ်လာသည်။
"ဆိုလိုတာက ဟယ့်ပန်ကျွင်းက ယန့်ဓားနှစ်လက်ကိုရော ငါတို့ကိုပါ မျက်စိလည်အောင်လုပ်လိုက်တာပေါ့လေ၊ ကြားဖြတ်ယူတဲ့တရားခံကိုလည်း နန်ကုန်းကော်ဆီပဲ လွှဲချလို့ရအောင်ပေါ့"
"ဒါပေါ့"
လီနန်ခယ့်၏အကြည့်များက တောက်ပလာသည်။
နျဲ့ယင်းလည်း ထိုအမျိုးသား၏လုပ်ရည်ကိုင်ရည်ကို မျက်မြင်တွေ့ထားပြီးဖြစ်သဖြင့် သူ့တွက်ချက်မှုကို သံသယမရှိလေတော့။
"တစ္ဆေနတ်ဘုရားလှံသွားရှင်ကိုယ်တိုင် တကယ်လာပူးပေါင်းလိမ့်မယ်လို့ အတပ်ယုံကြည်ရအောင်ထိ သူတို့တွေဘာကြောင့်များ အဲ့လောက်မာနကြီးနေသလဲ မစဥ်းစားတတ်တော့ဘူး"
"မင်းသမီးရှန်းယွမ်ရဲ့အဆင့်အတန်းကလည်း ထူးခြားတာပဲကိုး"
လီနန်ခယ့်ကပြုံးရင်း အမျိုးသမီး၏နောက်ကျောမှသေတ္တာရှည်ကိုအကြည့်ရောက်ကာ မနေနိုင်စွာ မေးလိုက်မိသည်။
"အဲ့ဒါဘာကြီးလဲ၊ ကျွန်တော်မြင်သလောက် ခင်ဗျားအရင်က အဲ့ဒါကြီးသယ်မထားတတ်ပါဘူး"
"တစ္ဆေနတ်ဘုရားလှံသွားလေ"
နျဲ့ယင်းက သေတ္တာရှည်ကြီးကိုဖွင့်ကာ အထဲရှိလက်နက်အား ပြသလာလေသည်။