← Chapters

အနီးကပ်ဆုံးသော

Vol. 12 Ch. 112

အနီးကပ်ဆုံးသော

Vol. 12 Ch. 112

လီနန်ခယ့် အိမ်ပြန်ရောက်သောအခါ နေဝင်ရီတရောအခါသို့ ဆိုက်ရောက်နေလေပြီ။

နေဝင်ဆည်းဆာ၏ နောက်ဆုံးအလင်းတန်းတို့သည် ကောင်းကင်ယံ၏ ထောင့်တစ်နေရာကို အရောင်ရဲရဲဖြင့်တောက်ပနေစေပြီး မြင်ကွင်းမှာ နှင်းဆီရောင်အိပ်မက်တစ်ခုအလား ထူးဆန်းအံ့သြဖွယ် လှပလှသည်။

ဇနီးသည်လော့ချန်းချိုးသည် မီးဖိုချောင်တွင် ညစာကို ပြင်ဆင်ချက်ပြုတ်နေလေပြီ။

သူမ၏ သွယ်လျသောကိုယ်လုံးလေးသည် ရိုးရှင်းသော အဖြူရောင်ဝတ်စုံအောက်တွင် တစ်ချက်တစ်ချက် ပေါ်လွင်လာတတ်ပြီး မှင်ကဲ့သို့နက်မှောင်သော ဆံနွယ်ရှည်များမှာ နောက်ကျောဘက်မှကြည့်လျှင် သူမကို လူ့ဘုံလောက်နှင့်မသက်ဆိုင်လှသော နတ်ဘုံနတ်နန်းမှ နတ်သမီးလေးတစ်ပါးနှယ် ထင်မှတ်ရစေလေသည်။

လီနန်ခယ့်သည် ထိုမြင်ကွင်းကိုကြည့်ရင်း ခေတ္တမျှ ငေးမောသွားမိသည်။

မနေ့ညက သူမ၏ ပွင့်လင်းသောစိန်ခေါ်စကားကို ပြန်လည်သတိရမိသောအခါတွင် စိတ်ခံစားချက်များ တစ်ဖန်ရှုပ်ထွေးသွားရပြန်၏။

မုဆိုးနဲ့ သားကောင်။

ယောက်ျားက မုဆိုးဖြစ်ချင်တာလား၊ သားကောင်ဖြစ်ချင်တာလား။

တကယ်တမ်း ဘယ်သူက မုဆိုးဖြစ်ပြီး ဘယ်သူက သားကောင်ဖြစ်နေတာလဲ။

လီနန်ခယ့် အိမ်ထဲသို့ဝင်လာပြီး ကျောပေါ်မှ လေးလံသောသေတ္တာရှည်ကြီးကို ချလိုက်သည်။ ထို့နောက် သေတ္တာအတွင်းမှ ဖြုတ်ထားသော ငွေရောင်လှံအပိုင်းနှစ်ပိုင်းကို ထုတ်လိုက်သည်။

ဂျောက်

လှံကို အလယ်မှထိုးဆက်လိုက်သည်။

"အတော်လေးတာပဲ"

လီနန်ခယ့်သည် ဒဏ္ဍာရီလာ နာမည်ကျော် တစ္ဆေနတ်ဘုရားလှံကို မကြည့်လိုက်ရာ သူသည်ပင် အတော်လေးအားထုတ်ရသောအနေအထားဖြစ်ကြောင်း တွေ့ရသည်။ တစ်ချက်၊ နှစ်ချက်လောက် စမ်းသပ်ဝှေ့ယမ်းကြည့်ဖို့တောင် ခက်ခဲလှသည်ပင်။

နျဲ့ယင်း၏အဆိုအရ ဤလှံသည် ပိဿာပေါင်း ၁၂၀ကျော်ခန့်လေးသည် ဟူ၏။

၎င်းကို နဂါးငွေ့တန်းပြင်ပမှ ကြွေကျလာသော ဥက္ကာခဲသံဖြင့် ပြုလုပ်ထားပြီး မြေကမ္ဘာမီးဖြင့် အရည်ကျိုကာ သွေးစာလုံးရေးထိုးထားသော နတ်ရေစင်တွင် နှစ်စိမ်ထားခြင်းဖြစ်၏။ နေနှင့်လ၏ အဆီအနှစ်များကို စုပ်ယူနိုင်မှသာ စွမ်းအားကုန်ထုတ်သုံးလို့ရသော လက်နက်ဖြစ်သည်။

လှံတံကို နှစ်ပိုင်းခွဲနိုင်ပြီး လှံရိုးတစ်လျှောက်တွင် နဂါးကြီးတစ်ကောင် ခွေပတ်တက်နေသည့်ပုံစံအား ထွင်းထုထားသည်။

နဂါး၏ပါးစပ်ကို လှံဖျားတွင် ထုဆစ်ထားပြီး တိမ်တိုက်နှင့်မြူခိုးများကို မှုတ်ထုတ်နေသကဲ့သို့ရှိသည်။ လှံဖျားမှာ စူးရှထက်မြက်လှသဖြင့် ထိမှန်သည်နှင့် အသက်ဆုံးရန်သေချာသလောက်ပင်။

သာမန်ကျင့်ကြံသူများအဖို့ ဤလှံကို ကိုင်တွယ်ရန်ပင် အလွန်ခက်ခဲပေလိမ့်မည်။

ဤအချက်ကို ထောက်ဆခြင်းအားဖြင့် တစ္ဆေနတ်ဘုရားလှံသွားရှင်၏ ကျင့်စဉ်အဆင့်မှာ မည်မျှ မြင့်မားကြောင်း သိနိုင်ပေသည်။ သူမ၏ခန္ဓာမှာ နတ်ဘုရားစွမ်းအားကို သဘာဝအတိုင်း ရရှိပိုင်ဆိုင်ထားသည့်အလား။

"တစ္ဆေနတ်ဘုရားလှံသွားရှင်ရဲ့အစွမ်းကို ကိုယ်တိုင်မမြင်လိုက်ရတာ နှမြောစရာပဲ၊ ပြီးတော့ ဓားနတ်သမီးယဲ့ယောင်ယောင်ဆိုတာလည်း ဘယ်လောက်တောင်အစွမ်းထက်မလဲ မသိဘူး။ နောက်နောင် ငါလည်းကျင့်စဥ်တွေမြင့်လာတဲ့အခါ တစ်ခေါက်လောက် လက်ရည်စမ်းခွင့်ရဖို့ မျှော်လင့်ပါတယ်"

လီနန်ခယ့်သည် အေးစက်သောလှံရိုးကို အသာအယာပွတ်သပ်ရင်း စိတ်ကူးယဥ်မျှော်လင့်လို့မဆုံးဖြစ်နေသည်။

ဘာပဲဖြစ်ဖြစ် သူ့မှာလည်း အစွမ်းထက် လှံအရှည်ကြီးတစ်ချောင်း ရှိနေတာပဲမဟုတ်လား။

လှံကို စားပွဲဘေးတွင် ဂရုတစိုက်ထောင်ထားပြီးနောက် လီနန်ခယ့်သည် သပွတ်အူလိုက်နေသော အမှုအကြောင်းကို စတင်စဉ်းစားတော့သည်။

နျဲ့ယင်း၏အဆိုအရ တစ္ဆေနတ်ဘုရားလှံသွားရှင်သည် အလွန်မာနကြီးသူတစ်ဦးဖြစ်သဖြင့် လက်စွဲတော်လက်နက်ကို အကြောင်းမဲ့ စွန့်ပစ်သွားမည့်သူမဟုတ်ပေ။

ထို့ကြောင့် ချိန်းဆိုထားသော သန်ဘက်ခါတွင် ပိုင်ရှင်သည် သူ့လှံကို ရအောင်ပြန်လာယူပေလိမ့်မည်။

သို့သော် ထိုမာန်မာနကြီးလှပါသော် လှံတော်ရှင်သည် လက်စွဲတော်လက်နက်ကို နျဲ့ယင်းကိုမှ ဘာကြောင့် ပစ်ပေးသွားရပါသနည်း။

ဘာရည်ရွယ်ချက်များ ရှိနေပါသနည်း။

အင်အားကွာခြားချက်အရ ကြည့်လျှင် နျဲ့ယင်းသည် တစ္ဆေနတ်ဘုရားလှံကို ထိန်းချုပ်စွဲကိုင်နိုင်စွမ်းမရှိပေ။ တစ်ဖက်လူနှင့် ကျင့်စဥ်အဆင့်ချင်း ယှဥ်နိုင်လောက်သည်မဟုတ်။

ဖြစ်နိုင်ခြေတစ်ခုတည်းသာ ရှိသည်။

ဖြစ်နိုင်သည်မှာ ထိုအချိန်က တစ္ဆေနတ်ဘုရားလှံသွားရှင်သည် ရေခဲခေါင်းတလားကို သယ်ယူပို့ဆောင်ရမည်ဖြစ်ပြီး ဤလှံရှည်ကြီးကို သယ်ဆောင်သွားရန် အဆင်မပြေသောကြောင့် နျဲ့ယင်းကို ခေတ္တစောင့်ရှောက်ခိုင်းထားသည့် အထက်စီးဆန် မာနကြီးသော လုပ်ရပ်ပေလား။

သို့သော် ဘယ်လောက်ပဲ မာနကြီးသည်ဆိုဦးတော့၊ ဒါက အရမ်းကို ဦးနှောက်မဲ့လွန်းရာမကျဘူးလား။ နျဲ့ယင်းက လက်နက်ကို သေချာပေါက်ပြန်ပေးလိမ့်မယ်လို့ သူဘယ်လိုများ ယုံကြည်စိတ်ချထားရတာလဲ။

"နောက်ပြီး တစ္ဆေနတ်ဘုရားလှံသွားရှင်က ရေခဲခေါင်းတလားကို ဘယ်နေရာသယ်သွားပြီး ဝှက်ထားတာဖြစ်မလဲ"

လီနန်ခယ့်သည် ထိုင်ခုံတွင်မှီရင်း အတွေးထဲ နစ်ဝင်နေသည်။

တစ္ဆေနတ်ဘုရားလှံသွားရှင်၏ ခွန်အားဖြင့်ဆိုလျှင် ထိုရေခဲခေါင်းတလားကို တစ်ယောက်တည်း မနိုင်စရာအကြောင်းမရှိပေ။ သို့သော် ရေခဲခေါင်းတလားကဲ့သို့ ကြီးမားထင်ပေါ်သော ပစ္စည်းတစ်ခုကို နိုင်နင်းသည်ဆိုဦးတော့၊ လူမမြင်အောင်သယ်သွားဖို့က မဖြစ်နိုင်။

အရိပ်နက်တပ်ဖွဲ့များလည်း အခင်းဖြစ်ဖြစ်ချင်း ထိုနေရာတစ်ဝိုက် မြေလှန်ရှာဖွေခဲ့ကြသောကြောင့် သူတို့မမြင်အောင် ခိုးကြောင်ခိုးဝှက်သယ်သွားဖို့က ဘယ်လိုမှမဖြစ်နိုင်။

ထိုအနားတဝိုက်တွင် သယ်သွားလို့ရနိုင်သောနေရာ တစ်နေရာသာရှိသည်။

လီချန်ဘုရားကျောင်းပင်။

ဒီဘုရားကျောင်းက တကယ်ကို နေရာတကာ ပါဝင်ပတ်သက်နေတာပဲ၊ လင်အိမ်တော်အမှုကနေ အခု မင်းသမီးရှန်းယွမ်ရဲ့ ရုပ်အလောင်းပျောက်ဆုံးမှုအထိ အကုန်ပါနေတော့တာပဲ။

မတော်တဆ ဝင်ပါလာမိတာလား၊ ဒါမှမဟုတ် ဒါတွေအားလုံးကို နောက်ကွယ်ကြိုးကိုင်နေတဲ့သူ ရှိနေတာမျိုးလား။

"လီချန်ဘုရားကျောင်း၊ အို... လီချန်ဘုရားကျောင်း၊ တကယ်ပဲ အံ့သြစရာတွေထုတ်ပြလို့ မကုန်နိုင်သေးဘူးလား"

လီနန်ခယ့် တိုးတိုးလေးရေရွတ်လိုက်သည်။

ခဏအကြာတွင် လော့ချန်းချိုးက ဟင်းပန်းကန်တစ်ခုကိုကိုင်ပြီး ထွက်လာသည်။

"ယောက်ျား၊ ညစာအဆင်သင့်ဖြစ်ပြီ။"

အမျိုးသမီးက စားပွဲပေါ်တွင် ဟင်းပန်းကန်ကို ချလိုက်သည်။

ဘေးနားတွင်ထောင်ထားသော ငွေရောင်လှံကို မြင်လိုက်သောအခါ သူမ အမှတ်မထင် ဖယ်ဖို့ပြင်လိုက်သည်။

သို့သော် ကိုင်ဖို့ကြိုးစားစဥ်မှာပင် အနိုင်နိုင်ထောင်ထားသောလှံက လဲကျသွားလေသည်။ ထိတ်လန့်သွားသော အမျိုးသမီးသည်လည်း ဟင်းပန်းကန်ကိုတောင် သေချာမချနိုင်တော့ဘဲ လှံကို လက်နှစ်ဖက်ဖြင့် အမြန်ဖမ်းဆွဲလိုက်သော်လည်း လေးလံလှသောအရှိန်ကြောင့် သူမပါ မြေပြင်ပေါ်သို့ ဆွဲချခြင်းခံလိုက်ရ၏။

"သတိထား"

အတွေးလွန်နေသော လီနန်ခယ့်မှာလည်း အလန့်တကြားဖြင့် သူမကို အမြန်လှမ်းဖမ်းလိုက်ရသည်။

သူ၏ တခြားလက်တစ်ဖက်ကလည်း လှံရှည်ကြီးကို အမြန်လှမ်းထိန်းလိုက်သည်။

သို့သော် လှုပ်ရှားမှုက အလောတကြီးဖြစ်သွားခြင်းကြောင့်လည်းကောင်း၊ လှံရှည်မှာလည်း လေးလံလွန်းလှသောကြောင့်လည်းကောင်း၊ လီနန်ခယ့်ပါအရှိန်လွန်ပြီး ဟန်ချက်ပျက်သွားလေတော့သည်။

ကံကောင်းထောက်မစွာဖြင့် လီနန်ခယ့်က မြေပြင်ပေါ်သို့အရင်လှဲချပေးလိုက်ရာ လူသားမွေ့ရာတစ်ခုခံပေးသကဲ့သို့ ဖြစ်သွားခဲ့သည်။

လော့ချန်းချိုးမှာ ထိုအမျိုးသားပေါ်တွင် ထပ်လျက်သားလဲကျသွားသဖြင့် ဘာဒဏ်ရာမှမရခဲ့ပေ။

"လန့်လိုက်တာ"

လီနန်ခယ့် သက်ပြင်းချလိုက်ပြီး ထိတ်လန့်နေဆဲဖြစ်သော အမျိုးသမီး၏မျက်နှာကို ကြည့်ကာ ရယ်မောလိုက်သည်။

"ဩော် ကိုယ့်မိန်းမမှာလည်း ဒီလို အူကြောင်ကြောင်နိုင်တဲ့အချိန်တွေ ရှိတာပဲကိုး။"

ထိုအခိုက်တွင် သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး နီးနီးကပ်ကပ် တင်းတင်းကျပ်ကျပ် ထိကပ်ထားမိကြလျက်သားရှိ၏။

အိမ်ထောင်ကျပြီးကတည်းက တစ်ခါမှမဖြစ်ဖူးသော နီးကပ်မှုမျိုးပင်။

နာမည်အရသာ လင်မယားဖြစ်သော်လည်း ပုံမှန်အားဖြင့် သူတို့သည် တစ်ဦးကိုတစ်ဦး လေးစားသမှုဖြင့် ခပ်ခွာခွာသာ နေတတ်ကြသည်။

လီနန်ခယ့်သည် သူမ၏အင်္ကျီအောက်မှ နူးညံ့ချောမွေ့သော အထိအတွေ့နှင့် နှာခေါင်းထဲသို့ တိုးဝင်လာသော သင်းပျံ့သည့်ရနံ့ကို ရှင်းလင်းစွာ ခံစားနေရပြီး ခေတ္တမျှ မိန်းမောတွေဝေသွားရသည်။ မွှေးကြိုင်နူးညံ့သော ကျောက်စိမ်းတုံးလေး ဟု တင်စားခေါ်ဝေါ်ချင်လိုက်ပါဘိ။

သတိပြန်ဝင်လာသော လော့ချန်းချိုးသည် ရှက်ရှက်ဖြင့် လည်တိုင်လေးနီမြန်းသည်အထိ ထူပူသွားရာမှ အမျိုးသား၏ ခပ်နောက်နောက်စကားကြောင့် နှုတ်ခမ်းလေးစူသွားသည်။

"ယောက်ျားကဖြင့် ကျွန်မထက်ပိုပြီး အများကြီး အူကြောင်ကြောင်နိုင်ပါတယ်နော်"

အမျိုးသမီး၏ နူးညံ့သောလက်ကလေးက သူ့ရင်ဘတ်ပေါ်ထောက်ကန်လာကာ ထရပ်ရန်ကြိုးစားလေသည်။

သို့သော် လီနန်ခယ့်က ရုတ်တရတ် အင်အားသုံးလာပြီး လော့ချန်းချိုး၏ သွယ်လျစိုပြေသောခါးလေးကို ခပ်ရဲရဲပွေ့ဖက်လိုက်သည်။

နှစ်ဦးသား တစ်ယောက်၏ရင်ခုန်သံများကို တစ်ယောက် သေချာရှင်းလင်းစွာကြားနေရသည်။

"ယောက်ျားက တကယ်ပဲဒီလိုလုပ်တော့မှာလား"

သို့သော် လော့ချန်းချိုးသည် ဤအချိန်တွင် ရှက်ကြောက်နေခြင်းမရှိတော့ဘဲ အမူအရာမှာ တဖြည်းဖြည်းအေးစက်တည်တင်းလာခဲ့ပြီး မျက်လုံးထဲတွင် ပုံမှန်တွေ့နေကျ နူးညံ့သိမ်မွေ့မှုများမှာလည်း ဆီးနှင်းခဲများအဖြစ် အေးစက်ခဲသက်ကုန်ဟန်ရှိ၏။

သူမအနေဖြင့် ပထမဆုံးအကြိမ် ဒေါသကိုထုတ်ပြလိုက်ခြင်းပါပင်။

လီနန်ခယ့်ကတော့ ဒါကို လုံးဝသတိမထားမိသည့်အလား ဘာကိုမှဂရုမစိုက်ဘဲ ခပ်တိုးတိုးဆိုလာသည်။

"ကိုယ်မင်းအနားမှာ ရှိနေသရွေ့တော့ မင်း ဘာဒဏ်ရာမှမရစေရဘူး။ မင်းယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ကိုယ်ကတော့ အစွမ်းကုန်ကြိုးစားကာကွယ်ပေးသွားမှာပဲ။

လော့ချန်းချိုး မှင်တက်သွားသည်။

ထိုအမျိုးသားသည် သူမကို မျက်စိမလွှဲတမ်းစိုက်ကြည့်နေပြီး သူ၏ တောက်ပကြည်လင်သောမျက်သားထက် သူမ၏ပုံရိပ်လေး ထင်ပေါ်နေလျက်သား။

All Chapters