← Chapters

ကျင့်ကြံရေးလမ်းညွှန်

Vol. 12 Ch. 113

ကျင့်ကြံရေးလမ်းညွှန်

Vol. 12 Ch. 113

လော့ချန်းချိုး အနည်းငယ်ပျာယာခတ်စွာဖြင့် အကြည့်ကို အမြန်လွှဲလိုက်မိသည်။

ထို့နောက် အမျိုးသား၏ကိုယ်ပေါ်တွင် ငြိမ်သက်စွာ ဆက်လက်လှဲလျောင်းနေလိုက်သည်။

ကြည်လင်နုနယ်သော နားရွက်ဖျားလေးမှ နီမြန်းမှုများမှာ တစ်ကိုယ်လုံးဆီသို့ပင် ပျံ့နှံ့လာလေတော့၏။

တော်တော်ကြာပြီးမှ သူမသည် မြေပြင်ပေါ်လဲကျနေသော ငွေရောင်လှံကိုကြည့်ကာ ပြောလာသည်။

"ဒီလှံက ကြည့်ရတာရင်းနှီးနေသလိုပဲ၊ အရင်တစ်ခါတွေ့တဲ့ ဟိုမျက်နှာဖုံးစွပ်အမျိုးသမီးရဲ့လှံမဟုတ်လား"

လော့ချန်းချိုးက သူ့ကို မလွှဲမဖယ်စူးစိုက်ကြည့်နေသောအမျိုးသားအား ပြန်ကြည့်လိုက်သည်။

နှုတ်ခမ်းထောင့်က ပြုံးယောင်ယောင်။

"အဲ အဲ့ဒါက မင်းထင်သလိုမဟုတ်ရပါဘူး"

အခြေအနေမကောင်းတော့သည်ကို ခံစားမိသဖြင့် လီနန်ခယ့် အမြန်ရှင်းပြလိုက်ရသည်။

"အမှုစုံစမ်းဖို့ ခဏယူလာရတာပါ"

"ဟုတ်ပါပြီ ကျွန်မ ယောက်ျားကိုယုံပါတယ်။"

လော့ချန်းချိုး၏ အသံမှာ ပုံမှန်အတိုင်း နူးညံ့နေဆဲဖြစ်သည်။

"ဒါဆို ယောက်ျားကော ကျွန်မကိုယုံရဲ့လား"

"ယုံတာပေါ့"

လီနန်ခယ့်သည် မရိုးမသား လှည့်ဖျားချိုမြိန်သော စကားအပိုများ ထပ်ထည့်မည်ပြုလိုက်သော်လည်း အမျိုးသမီး၏ ကြည်လင်ပွင့်လင်းသောအကြည့်များအောက် သူငြိမ်သက်သွားရသည်။

လျှို့ဝှက်ချက်ကိုယ်စီရှိသော ခင်ပွန်းနှင့်ဇနီးသည်ကြားက အကွာအဝေးကို သာယာကြည်နူးဖွယ်အခိုက်အတန့်လေးတစ်ခုဖြင့် ဖျောက်ဖျက်ပစ်လို့ မရနိုင်ပါချေ။

သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် သတိထားနေရသောအခြေအနေတွင် ရှိ၏။

မထူးဆန်းစွာပင် ဟန်ဆောင်လှည့်ဖျားမှုတွေလည်း ရှိလာတတ်သည်ပင်။

လော့ချန်းချိုးက ဘာမှထပ်မပြောတော့ဘဲ အသာပြုံးကာ အမျိုးသား၏လက်မောင်းများကြားထဲမှ ခပ်သာသာရုန်းထွက်ပြီး ထရပ်လိုက်သည်။

"စားကြစို့လေ ယောက်ျား။ ရှင်ပြီးရင် အစ်မလိန်အိမ်ကို လေ့ကျင့်ဖို့သွားရဦးမယ်မဟုတ်လား"

"အာ ကိုယ်မသွားတော့ဘူးလားလို့"

"သွားပါ"

လော့ချန်းချိုးက ထရပ်လာသောအမျိုးသားကို အဝတ်ပေါ်မှ ဖုန်များအမှုန်များခါထုတ်ပေးရင်း အပြုံးချိုချိုလေးဖြင့်ဆိုသည်။

"ယောက်ျားစိတ်ထဲ အပြစ်ရှိစိတ်မဝင်ဘူးဆိုရင် စိတ်ဖြောင့်ဖြောင့်သာသွားပါ။ မသွားမှ ကျွန်မဘက်က ယုံဖို့ပိုခက်လိမ့်မယ်မဟုတ်လား"

"မင်းတို့တွေကတော့ တကယ်ကို ကျိုးကြောင်းမဆင်ခြင်တတ်တာပဲ" သူမနေနိုင်စွာ ညည်းတွားလိုက်မိသည်။

"ကျွန်မကျိုးကြောင်းမဆင်ခြင်သေးတာကိုပဲ ယောက်ျားကျေးဇူးတင်စမ်းပါ။ တကယ် ကျိုးကြောင်းဆင်ခြင်လာတဲ့နေ့ကျ ရှင်ပြေးပေါက်မရှိဘဲနေပါဦးမယ်"

လော့ချန်းချိုးက ပြုံးချိုရွှင်ပျသောအမူအရာလေးဖြင့် ဓားကဲ့သို့စကားလုံးများကိုပစ်သွင်းနေသည်။ နူးနူးညံ့ညံ့ မျက်နှာပြုံးပြုံးလေးမှာ လှည့်ဖျားတတ်သော အန္တရာယ်ရှိသော မူလသဘာဝကို ဖုံးကွယ်ပေးထားသကဲ့သို့။

သူမကိုကြည့်ရသည်မှာ နှုတ်သီးထက် သားကောင်၏ လတ်လတ်ဆတ်ဆတ်သွေးစွန်းထင်နေသည့် မြေခွေးမလေးတစ်ကောင်အလား ခံစားမိစေ၏။

တစ်နေ့ညက လူကို အဆိပ်ခတ်သတ်ဖို့ နောက်သလိုပြောင်သလိုဆိုခဲ့သည့်အကြောင်းအား လီနန်ခယ့် ဖျတ်ခနဲသတိရမိသည်။

ထို့နောက် အသိဉာဏ်ရှိစွာ သူ့ပါးစပ်ကိုသာပိတ်ပေးလိုက်တော့သည်။

ဒီညအတွက် ဇနီးသည်၏စိတ်ရှည်နိုင်စွမ်းကို အတော်လေးနက်နက်နဲနဲ စမ်းသပ်ကြည့်ပြီးသွားလေပြီ။ ဒီ့ထက်ပိုပြီး ကပြက်ကချော်လုပ်လို့မဖြစ်တော့။

...

ညစာစားအပြီးတွင် လီနန်ခယ့် ညကင်းလှည့်ဌာနဘက်သို့ ထွက်လာခဲ့လိုက်သည်။

လိန်ရှင်းနန်နှင့် ကျန်သူများလည်း မိုးနီရှာဖွေရာမှ လက်ချည်းဗလာပြန်လှည့်လာကြချိန်ဖြစ်ပြီး လူတိုင်း၏မျက်နှာထက် စိတ်ပျက်လက်ပျက် အားလျော့မှုများက အထင်းသားပေါ်လွင်နေကြသည်။

"ဒီလောက်နဲ့ပဲ ရှာတာရပ်လိုက်ကြပါတော့လား။ မိုးနီအကြွင်းအကျန်တွေကို မိစ္ဆာသတ္တဝါတွေ ဖျက်ဆီးလိုက်ကြတာလည်း ဖြစ်နိုင်တာပဲ"

လီနန်ခယ့်က အကြံပြုသည်။

လိန်ရှင်းနန်က ခေါင်းကိုခါရင်း ခပ်တိုးတိုးဆိုလေသည်။

"သူသယ်ထားတဲ့မိုးနီပမာဏက နည်းနည်းနောနာမဟုတ်ဘူး။ နောက်ပြီး ဘာနဲ့မှရောနှောမထားရသေးတဲ့ သန့်စင်မိုးနီရေတွေ၊ အန္တရာယ်အလွန်ကြီးတဲ့အရာတွေပဲ။ မိစ္ဆာတွေလက်ချက်နဲ့ ပပျောက်သွားတာက ကိစ္စမရှိဘူး။ တစ်ယောက်ယောက်က မသိလိုက်ဘဲ ကောက်သိမ်းသွားမှာစိုးရတာ"

"နောက်ပြီး မိုးနီရှာဖွေစစ်ဆေးရေးကို အထက်ကိုတင်ပြပြီးသား ဖြစ်နေပြီ။ တကယ်လို့ ပျောက်ဆုံးသွားတယ်ဆိုပြီး အမှုပိတ်လိုက်ရင် မြို့တော်က အထူးစုံစမ်းရေးအဖွဲ့တွေ ရောက်လာပြီး ပြန်စစ်ဆေးလိမ့်မယ်၊ အဲ့ဒီအခါ ပိုပြီးအလုပ်ရှုပ်စရာ‌တွေ ဖြစ်လာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အရင်ဆုံး ရှာကြည့်ရမှာပဲ။"

သူမ၏အကြောင်းပြချက်များကို နားထောင်ပြီး လီနန်ခယ့် ဆက်လက်သိမ်းသွင်းဖို့ခက်ခဲလှမည်ဟု သိလိုက်သည်။

အမျိုးသား၏ ‌ပေါ့ပေါ့တန်တန်စကားကို လိန်ရှင်းနန်အကြိုက်မတွေ့လှသည်ထင့်၊ အထက်လူကြီးတစ်ဦး၏သြဇာကိုသုံးပြီး လေသံတင်းတင်းဖြင့် သူ့ကိုသင်ပြဆုံးမလာသည်။

"လီနန်ခယ့်၊ ရှင်လည်း ညကင်းလှည့်တပ်ဖွဲ့ထဲရောက်လာပြီဆိုမှတော့ ဒီကဖြစ်သမျှကိစ္စတိုင်းက ရှင့်ကိစ္စဖြစ်သွားပြီ။ နောက်ပြီး လူတွေအများကြီးရဲ့အသက်နဲ့ သက်ဆိုင်နေတာကိုလည်း သတိရပါ"

"လုပ်သမျှအရာရာတိုင်းမှာ တိကျရမယ် သေချာရမယ် စေ့စပ်ရမယ်။ "

"ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘက်က တစ်ချက်လေးလွဲချော်သွားလိုက်တာနဲ့ မိသားစုပေါင်းများစွာရဲ့ ပျော်ရွှင်အေးချမ်းမှုကို ဖျက်ဆီးဖြိုခွင်းနိုင်စွမ်းရှိနေလို့ပဲ"

"လင်မိသားစုသခင်မကြီး မေရှင်းအာ ကျွန်မကိုဘာပြောသွားခဲ့လဲ ရှင်မှတ်မိလား"

"သာမန်လူတန်းစားတွေထဲမှာလည်း မိုးနီကို ဆေးစွမ်းကောင်းတစ်လက်အဖြစ် အသုံးပြုနေကြတာတွေ အများကြီးနေရှိနေသေးတယ်တဲ့။ ကျွန်မလည်း ဒါတွေကိုသေချာပေါက်သိထားပြီး ဒီမိုးနီကနေ ဘာအကျိုးကျေးဇူးတွေ ထိထိရောက်ရောက်ရနိုင်သလဲဆိုတာ သိထားတယ်။ ဒါပေမဲ့ သူ့ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေက ရှိသေးတယ်"

"ဒီကမ္ဘာမှာ မိစ္ဆာသတ္တဝါ၊ အိပ်မက်ဆိုးမိစ္ဆာ၊ သင်္ချိုင်းလူသား စတဲ့ ထူးထူးဆန်းဆန်းမကောင်းဆိုးဝါးတွေ တည်ရှိမနေသင့်ဘူး၊ ရှင်သန်မနေနိုင်သင့်ဘူး"

"ဒီညကင်းလှည့်တပ်ဖွဲ့ကို ကျွန်မဝင်လာရတဲ့အကြောင်းရင်းကလည်း လူတွေအများကြီး မိုးနီကြောင့်အသက်ဆုံးရှုံးသွားရတာကို ကျွန်မ မျက်မြင်တပ်အပ် မြင်ထားခဲ့ဖူးလို့ပဲ"

"ကျွန်မ...ကျွန်မအဖေနဲ့အမေလည်း အပါအဝင်ပေါ့"

အမျိုးသမီး၏မျက်နှာအမူအရာက လှစ်ခနဲမှုန်မှိုင်းသွားခဲ့ပြီး နှလုံးသား၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် မြှုပ်နှံထားခဲ့သော သူမပြန်မမှတ်မိချင်သောအရာများက ဝမ်းနည်းမှုအဖြစ် ပွင့်အံထွက်ပေါ်လာသည်။

သက်ပြင်းငွေ့ငွေ့တစ်ချက်ချပြီး သူမ လက်သီးနုနုလေးများကို ခပ်ဖြည်းဖြည်းဆုပ်လိုက်သည်။ မျက်လုံးများတွင် စိတ်ပိုင်းဖြတ်မှုက ပေါ်လွင်ထင်ဟပ်လျက်။

"ကျွန်မကတော့ နန်းတွင်းခုံရုံးရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံတယ်။ အဲ့ဒီမိုးနီတွေကို ဒီကမ္ဘာမြေပေါ်ကနေ အပြတ်ဖယ်ထုတ်ပစ်ရမယ်၊ မိုးနီကို လျှို့ဝှက်သိုလှောင်တဲ့သူတွေ ထုတ်လုပ်ရောင်းချတဲ့သူတွေကိုလည်း မညှာမတာအပြစ်ပေးသင့်တယ်။ ဒီလိုမှ တစ်နေ့နေ့မှာ ဒီကမ္ဘာက ပုံမှန်အခြေအနေအတိုင်း ဆက်လက်လည်ပတ်နိုင်မှာ"

"ကျွန်မ ဒီလိုတွေပြောလို့ လူမုန်းခံရမလား ဆဲဆိုကျိန်စာတိုက်ခံရမလား လုံးဝဂရုမစိုက်ဘူး။ မိုးနီပယောဂကြောင့် သေတဲ့သူမရှိစေဖို့ပဲ ကျွန်မအလေးအထားတယ်"

လီနန်ခယ့် အကြာကြီးငြိမ်သက်နေပြီးမှ ရုတ်တရတ်ထမေးလိုက်သည်။

"အကယ်၍ မိုးနီတွေထပ်ရွာလာရင်ရော"

လိန်ရှင်းနန် တောင့်ခဲသွားပြီး သူ့ကိုရှုပ်ထွေးစွာကြည့်လာသည်။

ထိုမေးခွန်းအတွက်တော့ သူမတွင် အဖြေမရှိပါချေ။

သူမ ထိုမေးခွန်းကို မစဥ်းစားခဲ့ဖူးခြင်းဖြစ်နိုင်သလို စဥ်းစားခဲ့ပြီး အဖြေရှာမတွေ့ခဲ့တာလည်း ဖြစ်နိုင်သည်ပင်။

"တော်ဝင်နက္ခတ်ဗေဒပညာရှင်တွေကတော့ မိုးနီထပ်ရွာလာမှာမဟုတ်ဘူးလို့ ပြောကြတာပဲ"

အမျိုးသမီးက တော်တော်ကြာမှ အဖြေတစ်ခုထုတ်ပေးလာသော်လည်း လေသံမှာ မသေချာမရေရာမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်ပင်။

ထိုအကြောင်းအရာ၏ ခက်ခဲလေးလံမှုကို ခံစားလိုက်ရပြီး သူတို့နှစ်ဦး ထိုအကြောင်းဆက်မပြောဖို့သာ အလိုက်သိစွာရွေးချယ်လိုက်ကြသည်။ ရိုးရိုးရှင်းရှင်း ညစာတစ်နပ်ကို သုံးဆောင်ပြီးနောက် လိန်ရှင်းနန်က လီနန်ခယ့်ကို သူမအခန်းဆီခေါ်သွားကာ ကျင့်ကြံရေးအတွက် သင်ပြလမ်းညွှန်ဖို့ အသင့်ပြင်တော့၏။

ထိုအချိန်တွင် ကောင်းကင်တစ်ခုလုံးမှာ ပိန်းပိတ်အောင်မှောင်မည်းနေခဲ့ပြီဖြစ်၏။

All Chapters