အထက်လူကြီး ဒေါသထွက်နေပြီ
Vol. 12 Ch. 114
သဲပွင့်များကျဲဖြန့်ထားသည့်အလား တလက်လက်တောက်ပနေသော ကြယ်ပွင့်များက မှောင်မည်းမည်းကောင်းကင်ထက် နဂါးငွေ့ကြီးအဖြစ် တန်းစီတည်ရှိနေကြလေသည်။
လိန်ရှင်းနန်ကတော့ ပတ်ဝန်းကျင်အတင်းအဖျင်းများကို ခေါင်းထဲထည့်နေတတ်သူမဟုတ်။
သူမ၏ မူလကိုယ်ကျင့်စရိုက်ကိုက ထိုသို့ဖြစ်သည်။
လော့ချန်းချိုး၏ ပေါ်တင်သတိပေးခြင်းကို ခံရပြီးကတည်းက သူမသည် လီနန်ခယ့်အပေါ် ဂရုစိုက်မှုကို ဖုံးကွယ်ထားခြင်းမရှိ ပို၍ပင်ပေါ်ပေါ်ထင်ထင် ပြသလာခဲ့သည်။
သူတစ်ပါးနားလည်မှုလွဲတာ သူတို့ကိစ္စ၊ သူမအတွက်တော့ ကိုယ်ကိုယ်တိုင် အပြစ်ကင်းနေဖို့က အရေးကြီးဆုံးပင်။
သို့သော် ထိုအပြစ်ကင်းစင်ကြယ်မှု ဘယ်လောက်ကြာကြာခံလိမ့်မည်ကိုတော့ ဘယ်သူမှမသိနိုင်ပါချေ။
"ဓားနဲ့လေ့ကျင့်ရတာကိုကြိုက်တာလား" လိန်ရှင်းနန်က မေးလာသည်။
"ဟုတ်ပါတယ်"
လီနန်ခယ့်က ခေါင်းညိတ်လိုက်သည်။ သူ ဒီရက်ပိုင်းထဲ ဓားထုတ်ခုတ်ခြင်းကျင့်စဥ်ကို လေ့ကျင့်နေသည့်အကြောင်းတော့ ထည့်မပြောချင်သောကြောင့် မပြောဖြစ်လိုက်။
အခန်းထဲတွင် သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်လိုက်ကြသည်။
တုတ်ချောင်းတစ်ချောင်းစာလောက် လုံးပတ်ထူသော ဖယောင်းတိုင်ကြီးများက စတုရန်းပုံ သစ်သားစားပွဲပေါ်မှာ တောက်ပစွ လောင်ကျွမ်းနေပြီး သူတို့၏ အရိပ်ရှည်ကြီးများက နံရံပေါ် တလှုပ်လှုပ်ထင်ဟပ်နေသည်။
"ကျွန်မဆီမှာ ဓားသိုင်းကျမ်းတွေတော့မရှိဘူး"
လိန်ရှင်းနန်က ထူထဲစွာထုပ်ပိုးသိမ်းဆည်းထားသော သေတ္တာငယ်လေးတစ်ခုကို ခုတင်အောက်မှထုတ်လိုက်သည်။
"ဒါပေမဲ့ ရှင်နဲ့သင့်တော်လောက်မဲ့ ကျင့်ကြံရေးနည်းလမ်းတစ်ခုတော့ရှိတယ်။ ကျွန်မတို့ တိမ်တိုက်မြို့တော်ဆီပြန်တဲ့အခါမှာ ပိုကောင်းတာလေးတစ်ခု ကျွန်မထပ်ရှာပေးမယ်"
"ကျွန်တော်က ဒီကျင့်စဥ်ကို ကျင့်ကြံရမှာလား"
အမှန်တော့ ထိုသို့ခက်ခဲနက်နဲသော ဓားသိုင်းကျမ်းများကို လေ့လာကျင့်ကြံဖို့ လီနန်ခယ့် သိပ်ပြီးစိတ်အားမထက်သန်လှပါပေ။
နှစ်ကိုယ်တူ စုံတွဲကျင့်ကြံရေးမျိုးကို သူစမ်းသပ်ကြည့်ချင်နေဆဲဖြစ်၏။
လိန်ရှင်းနန်က လေးနက်သောအမူအရာဖြင့် ဆိုသည်။
"အတတ်ပညာဆိုတာက ကျွမ်းကျင်မှု၊ ကျင့်စဉ်ဆိုတာကတော့ အခြေခံအရင်းအမြစ်ပဲ။ ကျင့်ကြံသူ တော်တော်များများဟာ အတတ်ပညာတွေကို မသင်ယူခင်မှာ အရင်ဆုံး သင့်တော်တဲ့ကျင့်စဉ်တစ်ခုကို ရွေးချယ်ပြီး ဝိညာဉ်စွမ်းအားတွေကို စုစည်းရတယ်။ အဲ့ဒီစွမ်းအားတွေကို ကျင့်ကြံရေးအရင်းအမြစ်ဖြစ်တဲ့ ဒန်ထျန်မှာအခြေချပြီး အုတ်မြစ်ကိုခိုင်မာအောင်တည်ဆောက်ရတယ်"
"ကျင့်စဉ် အောင်မြင်သွားပြီဆိုရင် တခြာ ဆက်စပ်တဲ့ အတတ်ပညာတွေကို လေ့ကျင့်တဲ့အခါ နည်နည်းအားစိုက်ရုံနဲ့ နှစ်ဆပိုပြီး ထိရောက်သလို ခန္ဓာကိုယ်ကိုလည်း ထိခိုက်မှုနည်းစေတယ်။"
"တကယ်လို့ အတတ်ပညာကိုပဲ တိုက်ရိုက်လေ့ကျင့်မယ်ဆိုရင်လည်း အောင်မြင်နိုင်ပေမဲ့ အားအင်မပြည့်စုံသေးတဲ့ ခန္ဓာကိုယ်အတွက်တော့ အရမ်းအန္တရာယ်များတာပေါ့။"
လီနန်ခယ့်မှာ ဪခနဲသာ အသံပြုနိုင်သည်။
သူ့တုံ့ပြန်သံက အတော်လေးပေါ့ပြက်ပြက်နိုင်သွားမှန်း ခံစားမိလိုက်သဖြင့် လီနန်ခယ့် ထိုင်နေရာမှခါးကိုမတ်ကာ စိတ်ရင်းပါသောအသံဖြင့် ဆိုသည်။
"နားလည်ပါပြီ အစ်မလိန်"
လိန်ရှင်းနန်က အွန်းဟုသာ တုံ့ပြန်လိုက်ပြီး သူမလက်ထဲမှ အဝတ်ထုပ်လေးကို တစ်လွှာချင်းစဖြည်လေသည်။
အဆုံးတွင် ဟောင်းနွမ်းနေသော ရှေးဟောင်းစာအုပ်တစ်အုပ် ထွက်ပေါ်လာခဲ့၏။
အမျိုးသမီး၏ သွယ်လျသော ကျောက်စိမ်းလက်ချောင်းလေးများက ထိုစာအုပ်ကို အသာအယာပွတ်သပ်လိုက်ပြီး သူမ၏မျက်လုံးများတွင် အတွေးများရှုပ်ထွေးသွားဟန်ရှိကာ ဝမ်းနည်းရိပ်များလည်း ဖုံးလွှမ်းလို့လာသည်။ သူမက ပြောပြလာ၏။
"ဒါက ကျွန်မအမေဆီကရခဲ့တာ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ကျွန်မရဲ့ ထူးခြားတဲ့ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ မကိုက်ညီနေလို့ လေ့ကျင့်လို့မရခဲ့ဘူးလေ"
ထူးခြားတဲ့ခန္ဓာကိုယ်တည်ဆောက်ပုံ...
ဇနီးဖြစ်သူ ပြောပြဖူးသော လိန်ရှင်းနန်၏ ခန္ဓာကိုယ်အခြေအနေအကြောင်း လီနန်ခယ့် ရုတ်တရတ်သတိရသွားသည်။
သူမသည် ထူးခြားယင်ဓာတ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး ထို့ကြောင့်ပင် သဘာဝအတိုင်း ဆွဲဆောင်မှုရှိသော အလှတရားမှာ ပို၍ဆွဲဆောင်အားကောင်းနေခြင်းပင်။
အိပ်ခန်းထဲတွင် အထူးတလည်ပို၍ စွဲမက်ဖွယ်ကောင်းမည့် ခန္ဓာတည်ဆောက်ပုံမျိုးဖြစ်၏။
"အမေ ပြောဖူးတာကတော့ ဒီကျင့်စဉ်မှာ မူလက အတွဲလေးတွဲရှိတယ်၊ ဒါက ပထမအတွဲပဲ။ ကျန်တဲ့ သုံးတွဲကတော့ ပျောက်ဆုံးသွားပြီ။"
လိန်ရှင်းနန်က အသံတိုးတိုးဖြင့် ပြောလာသည်။
"ဒါပေမဲ့ ပြဿနာမရှိပါဘူး၊ ရှင့်ရဲ့ လက်ရှိအခြေအနေအရ ပထမအတွဲက လေ့ကျင့်ဖို့အသင့်တော်ဆုံးပဲ။ ဘာပဲဖြစ်ဖြစ် ရှင်က ကျင့်ကြံရေးစဖို့ အကောင်းဆုံးအသက်အရွယ်ကို ကျော်လွန်သွားပြီးဖြစ်သလို ပါရမီကလည်း သာမန်ပဲရှိတဲ့အတွက် အများကြီးထူးချွန်နေဖို့မလိုပါဘူး။ အခြေခံလောက်တတ်ရင် ရပါပြီ"
လီနန်ခယ့်ကတော့ ထိုစကားကိုမကြိုက်လှပါ။
ငါ့ပါရမီကို သာမန်ပါပဲဆိုတာက ဘာသဘောလဲ။
ခန္ဓာကူးပြောင်းသူတွေမှာ သာမန်ပါရမီဆိုတာမရှိဘူးကွ။ ဒီအထက်လူကြီး အစ်မလိန် လူသာတော်တာ အမြင်တော့တော်တော်မရှိတာပဲ။
ထိုအချိန်တွင် လီနန်ခယ့် ခေါင်းတစ်ခုလုံး ချာချာလည်မူးလာပြန်သည်ကို ခံစားလိုက်ရ၏။
ရင်းနှီးနေသော နှစ်ထပ်ပုံရိပ်များ အမြင်တွင် ထင်ဟပ်လာသည်။
သူ့နဖူးသူ နှစ်ချက်ခန့် ခပ်သာသာပုတ်လိုက်တော့ မူးဝေနေသောဝေဒနာက အတော်လေး လျော့ပါးသက်သွားလေသည်။
လိန်ရှင်းနန်က ရှေးဟောင်းစာအုပ်လေးကို သူ့အား ကမ်းပေးလာသည်။
"ရှင်လေ့ကျင့်နေရင်း ချီစွမ်းအင်ပျက်ပြားမှုမဖြစ်အောင် ကျွန်မရှင့်ကို တစ်ဆင့်ချင်းစီလမ်းညွှန်ပေးမယ်"
"ကျေးဇူးပါ အစ်မလိန်"
လီနန်ခယ့်က စာအုပ်ကို ဂရုတစိုက်ယူလိုက်ပြီး စတင်လေ့လာတော့သည်။
သို့သော် တစ်ချက်ကြည့်လိုက်ရုံနှင့် သူချက်ချင်းပင် တုန်လှုပ်သွားရသည်။ စာအုပ်၏ အနီရောင်မျက်နှာဖုံးပေါ်တွင် စာလုံးကြီးကိုးလုံး ရှိနေသည်ပင်။
ကောင်းကင်နှင့်မြေကြီး ယင်နှင့်ယန် သွေးမိစ္ဆာ အိပ်ခန်းကျင့်စဉ်ကျမ်း။
"အယ်"
လီနန်ခယ့် သူ့ကိုယ်သူ မျက်စိမှားနေသည်ဟုသာထင်မှတ်ကာ နေရာတွင်အသေကောင်လိုရပ်ရင်း စာအုပ်ကြီးအား ကြောင်ကြည့်နေမိသည်။
သူ့အထင်မှန်မမှန် အတည်ပြုရန်အတွက် ညှီစို့စို့သွေးနံ့အနည်းငယ်ထွက်နေသော ထိုစာအုပ်ကို ဖွင့်ကြည့်လိုက်ရာ အံ့သြလွန်း၍ ပါးစပ်ပင် အဟောင်းသားဟသွားရလေသည်။
အတွင်းတွင် ဝက်ဘ်ဆိုဒ်များဝယ် ပိုက်ဆံပေးကြည့်မှမြင်ရနိုင်သော သရုပ်ဖော်ပုံများစွာ ထင်းထင်းလင်းလင်းတည်ရှိနေလေသည်။
အလွန်လက်ရာမြောက်သော သရုပ်ဖော်ပုံများပါပေ။
လူတစ်ယောက်၏ရင်ခုန်သံကို အထိန်းအကွပ်မဲ့မြန်နိုင်စွမ်းရှိသည်။
အလွန်အသေးစိတ်သော ညွှန်ကြားချက်များအပြင် ကျင့်စဉ်အတွင်း သတိထားရမည့် အချက်များကိုလည်း ဖော်ပြထားသည်။
လှုပ်ရှားမှုတိုင်း၊ ဟန်ပန်တိုင်းက ယောကျ်ားတစ်ယောက်၏ စစ်မှန်ကြမ်းတမ်းသောသဘာဝကို လှစ်ဟထုတ်ပြနေသကဲ့သို့။
"အဲ... အစ်မလိန်၊ ခင်ဗျား စာအုပ်မှားယူလာတာ မဟုတ်ဘူးမလား"
လီနန်ခယ့်၏ အကြည့်များမှာ ထူးဆန်းနေသည်။
"မှားစရာလားရှင်"
လိန်ရှင်းနန်ကတော့ ပုံမှန်မျက်နှာထားဖြင့်ပင် ခပ်အေးအေးဆို၏။
"အိပ်ရာပေါ်လာ၊ ကျွန်မကိုယ်တိုင်လမ်းညွှန်ပေးမယ်"
သူ၏ အေးတိအေးစက် တည်တင်းခန့်ညားသည့် အထက်လူကြီးအမျိုးသမီး အိပ်ရာဆီသို့လျှောက်လှမ်းသွားပုံကိုကြည့်ရင်း လီနန်ခယ့် သူ့ကိုယ်သူ အိပ်မက်မက်နေသလားဟုထင်လာသည်။ မြင်နေရသည့်မြင်ကွင်းကို ယုံပင်မယုံနိုင်။ ဤအထက်လူကြီးအပေါ် အရင်ကရှိခဲ့သမျှ အထင်အမြင်အားလုံး ပြောင်းပြန်လှန်ချခံလိုက်ရလေပြီ။
ဘယ်သူကဒီလိုထင်မှာလဲ၊ ဘယ်သူက ဒီလိုတွေးခဲ့ဖူးမှာလဲ၊ သူတို့ရဲ့အစ်မလိန်က ဒီလိုဖြစ်နေလိမ့်မယ်လို့။
ဒီလိုသာကျင့်ကြံရမယ်ဆိုရင် ဒီကောင် အိပ်ငိုက်စရာအကြောင်းကိုမရှိတော့ဘူးကွ။
လီနန်ခယ့်သည် သူ၏ရင်ခုန်သံများကို အတတ်နိုင်ဆုံးထိန်းချုပ်ကာ ကုတင်ဘေးသို့ ရောက်လာခဲ့သည်။
သူမက ဖိနပ်ချွတ်လိုက်သည်ကို မြင်သောအခါ သူလည်း လိုက်ချွတ်လိုက်သည်။
လိန်ရှင်းနန်က ဖိနပ်ကို ဘေးတွင်ချထားပြီး ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်လိုက်ရာ သူမ၏ ဝတ်စုံအောက်မှ ပြည့်ဖြိုးသောပေါင်တံလေးများမှာ စွဲမက်ဖွယ် ကောက်ကြောင်းများအဖြစ် ပေါ်လွင်လာသည်။
သို့သော် သူမော့ကြည့်လိုက်သောအခါ လုံးဝကြောင်အသွားရလေသည်။
"ရှင်ကဘာလို့ အဝတ်တွေချွတ်နေရတာလဲ"
လိန်ရှင်းနန်က မကြည်မလင်မျက်နှာထားဖြင့် မျက်ခုံးတန်းများကို တင်းကျပ်စွာစုကျုံ့လိုက်သည်။
"အယ်"
လီနန်ခယ့် အံ့သြကြောင်အသွားသည်။ အမျိုးသမီး၏ လုံခြုံသေဝပ်စွာထိုင်နေသော အနေအထားမှာလည်း သူစိတ်ကူးထားသလိုပုံစံဟုတ်မနေရာ ကြောင်တောင်တောင်ဖြင့် ခေါင်းကိုအသာကုတ်လိုက်မိသည်။
"ခင်ဗျားကကျွန်တော့်ကို ဒီကျင့်ကြံရေးနဲ့ပက်သက်ပြီး ကူညီမလို့ဆို"
"အဲ့ဒါနဲ့ အဝတ်ချွတ်တာက ဘာဆိုင်လို့လဲ"
လိန်ရှင်းနန်၏မျက်နှာထားက စတင်အေးစက်လာသည်။
ထိုမျက်နှာထားကြောင့် လီနန်ခယ့်တစ်ယောက် ပို၍ခေါင်းရှုပ်လာရကာ ရှေးဟောင်းစာအုပ်လေးကို တစ်ဖန်ကောက်ကိုင်၍ ဆိုရသည်။
"ဒါပေမဲ့ ခင်ဗျားပေးထားတဲ့ဒီစာအုပ်ကြီးက ကောင်းကင်... ကောင်းကင်..."
ထိုအမျိုးသားသည် စာအုပ်မျက်နှာဖုံးပေါ်ရှိ "ကောင်းကင်ဘုံလမ်းစဉ်၏ ရိုးရှင်းသောသဘောတရား" ဆိုသော စာလုံးကြီးလေးလုံးကို ကြောင်စီစီဖြင့် စိုက်ကြည့်နေမိ၏။
ဘာတွေဖြစ်သွားတာလဲ။
ဘယ်လိုလုပ်ပြီး ဒီနာမည်ကြီးပြောင်းသွားရတာလဲ။
လီနန်ခယ့် စာအုပ်ကို တဖျပ်ဖျပ်လှန်လှောကြည့်လိုက်သည်။
စောစောက သူတွေ့ခဲ့သော အနုစိတ်လှသည့် ပွင့်ပွင့်လင်းလင်းသရုပ်ဖော်ပုံများ မရှိတော့ဘဲ လူ့ခန္ဓာကိုယ်၏ သွေးကြောလည်ပတ်ပုံကို ရှင်းလင်းပြသထားသော ရိုးရိုးရှင်းရှင်း သရုပ်ဖော်ပုံများသာ ရှိတော့လေသည်။ ပြီးတော့ သူနားမလည်သည့် မှတ်စုစာတိုလေးတွေလည်း စာမျက်နှာတစ်ခုလုံးအပြည့်ပင်။
လာနောက်နေတာလားဟ။