အူကြောင်ကြောင် လူထူးဆန်း
Vol. 12 Ch. 115
ခမ်းနားသိမ်မွေ့စွာ ခြယ်သပြင်ဆင်ထားသော အခန်းငယ်လေးအတွင်းတွင် ဆီမီးတောက်ကလေးမှာ တုန်ရီစွာ လောင်ကျွမ်းနေသည်။
ပိုင်ရူယွဲ့သည် ညဘက်တွင်ပင် မလျော့သောဆွဲဆောင်ညှို့ငင်မှုဖြင့် စားပွဲတွင် ကိုယ်ကိုကိုင်းကာ သူမလက်ထဲရှိ ရာဇဝတ်မှုခွဲခြမ်းစိတ်ဖြာချက် အစီရင်ခံစာများကို အသေအချာဖတ်ရှုနေပြီး မျက်ခုံးတန်း ပါးပါးလှလှလေးများမှာတော့ တစ်ချိန်လုံးစုကျုံ့နေလျက်ရှိ၏။
အပြင်ထွက်လျှင် ဝတ်ဆင်လေ့ရှိသော ရှေးရိုးစွဲတော်ဝင်ဝတ်စုံကို ချွတ်ကာ ညအိပ်ဝတ်ရုံဖြစ်သော ပါးပါးလျလျ ဂါဝန်ရှည်ကို ပြောင်းလဲဝတ်ဆင်ထားသည်။
ထို့ကြောင့် နဂိုလှပသောကိုယ်လုံးကိုယ်ထည်မှာ ဝေဝါးနွဲ့ပျောင်းစွာဖြင့် ပို၍ပင် ဆွဲဆောင်မှုရှိစေလျက်။
အနီးကပ်ကြည့်မည်ဆိုလျှင် အချိုးအစားသည် ပြည့်စုံသေသပ်လွန်းလှသဖြင့် စုတ်ချက်ထပ်ဖြည့်စရာမရှိတော့သော အချောသတ်ပန်းချီကားတစ်ချပ်နှယ် ခံစားရစေ၏။
သူမသည် စာရေးရန်အတွက် စုတ်တံကို မလိုက်သောအခါ နှင်းကြာရိုးကဲ့သို့ ဖြူဖွေးသောလက်မောင်းလေးက လှစ်ဟပေါ်ထွက်လာသည်။ ဆီမီးရောင်အောက်တွင် မင်းသမီးကြီး၏ အသားအရေမှာ နုညက်ချောမွေ့နေပြီး ဆင်စွယ်ကဲ့သို့ တောက်ပလင်းလက်နေရာ အလှအပဆိုင်ရာကို မည်မျှဂရုပြုထိန်းသိမ်းတတ်မှန်း သိသာလှစေသည်။
"မင်းသမီးကြီး"
အမျိုးသမီးကိုယ်ရံတော်တစ်ယောက်၏ အသံမှာ တံခါးအပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
ပိုင်ရူယွဲ့ က ချက်ချင်းမေးလိုက်သည်။
"မယ်မယ်ကြီးကို ရှာတွေ့ခဲ့ပြီလား"
"မတွေ့သေးပါဘူး"
အမျိုးသမီးကိုယ်ရံတော်က တိုးတိုးလေးလျှောက်တင်သည်။
"ဒီလက်အောက်ငယ်သားက လူတွေရသလောက်စုပြီး တုန်းချီခရိုင်ရဲ့ နေရာအနှံ့မှာ ရှာဖွေခဲ့ပေမဲ့ မယ်မယ်ကြီးရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရသေးပါဘူး။"
ဖြန်း
ပိုင်ရူယွဲ့၏ ဖြူဖွေးနုညက်သောလက်ဖဝါးက စားပွဲပေါ်သို့ အရှိန်ပြင်းပြင်းကျရောက်သွားခဲ့၏။
ဆီမီးတောက်မှာ ပိုမိုပြင်းထန်စွာ တုန်ခါသွားတော့သည်။
"ပြန်သွားပြီး ထပ်ရှာချေ"
"မှန်လှပါ"
ကိုယ်ရံတော်များ၏ ခြေသံများ ဝေးကွာသွားသည်ကို နားထောင်ရင်း ပိုင်ရူယွဲ့သည် စိတ်မအေးနိုင်စွာ နဖူးကိုလက်ဖြင့် နာနာဖိထားမိလိုက်သည်။ စိုးရိမ်ပူပန်မှုများကြား အသုံးဝင်သောရလဒ် တစ်ခုမှရှိမလာသေးသော အကျပ်အတည်းကြောင့် သူမမှာ ခေါင်းကိုက်ဝေဒနာကို အပြင်းအထန် ခံစားနေရပြီး တစ်ကိုယ်လုံးလည်း နေထိုင်မကောင်းဖြစ်နေရလေသည်။
နှစ်ရက်တင်းတင်း ပြည့်ခါနီးအချိန်ထိ မယ်မယ်ကြီးတစ်ယောက် ဘယ်ဆီဘယ်ဝယ်ရောက်ရှိနေမှန်း မသိရပါပေ။
အချိန်ကြာလေလေ အခြေအနေမှာ ပိုမိုဆိုးရွားလာလေလေ ဖြစ်နေသည်။
ပိုင်ရူယွဲ့ သည် ကြောက်မက်ဖွယ်ကောင်းသော ဖြစ်နိုင်ခြေများကို မစဉ်းစားမိရန် အတတ်နိုင်ဆုံး ကြိုးစားသော်လည်း ကိုယ်ရံတော်များ၏ ထပ်တလဲလဲ အစီရင်ခံစာများကြောင့် နှလုံးသားများ ချောက်နက်ထဲခုန်ဆင်းသွားသည့်အလား မျှော်လင့်ချက်ကင်းမဲ့ကာ တည်ငြိမ်မှုကိုပင် ဆက်လက်မထိန်းသိမ်းနိုင်တော့။
အဆုံးမဲ့နောင်တများက ဒီရေကဲ့သို့ သူမ၏ခံစားချက်များကို ဝါးမြိုနေတော့သည်။
ဒီလိုဖြစ်မည်ကို စောစာကသာကြိုသိလျှင် မယ်မယ်ကြီးအား နန်းပြင်သို့ခေါ်ဆောင်ရန် ဧကရီလင်ဝေယန်ကို တိုက်တွန်းအကြံပြုခဲ့မိမည်မဟုတ်။
အကယ်၍ ခမည်းတော်ဧကရာဇ်သာသိသွားခဲ့လျှင် ဧကန်မုချ အမျက်ရှတော်မူပေမည်။
မယ်မယ်ကြီးပျောက်ဆုံးမှုအပြင် မင်းသမီးရှန်းယွမ်၏ ရုပ်အလောင်းခိုးယူခံရသည့် အမှုကလည်း သူမကို အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စေသည်။
စုံစမ်းစစ်ဆေးမှုများအပြီး ရရှိထားသော သတင်းအချက်အလက်များအရ ယခုအကြိမ် ရေခဲခေါင်းတလားကို ခိုးယူရာတွင် နောက်ကွယ်မှကြိုးကိုင်သူမှာ ထျန်ချုံးဂိုဏ်းမှ ဒုဂိုဏ်းချုပ်ဝမ်ဝူယာဖြစ်သည်။
သို့သော် အထပ်ထပ်အခါခါ စဥ်းစားသုံးသပ်ပြီးနောက် ပိုင်ရူယွဲ့ ကောက်ချက်တစ်ခုချလိုက်သည်။
ဤအစီအစဉ်ကိုရေးဆွဲသူမှာ ဂိုဏ်းချုပ်ဟောင်း၏ သမီးဖြစ်သူ ဟယ့်ပန်ကျွင်းသာ ဖြစ်နိုင်ချေအရှိဆုံးပင်။
ထိုအမျိုးသမီးသည် ဉာဏ်ရည်ထက်သန်သူ၊ လုပ်ရည်ကိုင်ရည်ရှိသူဖြစ်ပြီး လူ့သဘာဝအထွေထွေကို ခွဲခြားသိမြင်ရာတွင် အလွန်ပင် ကျွမ်းကျင်ပါးနပ်လှသည်။ အရိပ်နက်တပ်ဖွဲ့များသည်ပင် သူမ၏လက်တွင် တစ်ကြိမ်ထက်မက အရေးနိမ့်ခဲ့ဖူးသည်မဟုတ်လော။ ယခုလည်း ရေခဲခေါင်းတလားကိုခိုးယူရာတွင် အပိုအလိုမရှိ ကွက်တိကျအောင်စေ့စပ်သော အစီအစဥ်တစ်ခု ရေးဆွဲအကောင်အထည်ဖော်နိုင်ခဲ့၏။ အတော်လေး ကိုင်တွယ်ဖြေရှင်းရ ခက်ပေလိမ့်မည်။
သို့သော် ထိုအမျိုးသမီး မည်မျှပင်ထက်မြက်နေပါစေ ရေခဲခေါင်းတလားကိုတော့ တုန်းချီခရိုင်အပြင်ဘက် သယ်ထုတ်မသွားနိုင်လောက်ပါသေး။
ထို့အပြင် တစ္ဆေနတ်ဘုရားလှံသွားရှင် ပါဝင်ပေါ်ထွက်လာခြင်းမှာလည်း အတော်လေးထူးဆန်းလှသည်။
အရေးကြီးသောအချိန်တွင်မှ နျဲ့ယင်းကို ကြားဖြတ်တိုက်ခိုက်လာသောကြောင့် သေချာပေါက် ထျန်ချုံးဂိုဏ်းနှင့် သူမတို့ကြား ပူးပေါင်းညှိနှိုင်းမှုတစ်ခုခု ရှိထားသည့်ဟန်ပင်။
သို့မဟုတ်လျှင်လည်း ဟယ့်ပန်ကျွင်းနှင့် သီးသန့်ပူးပေါင်းနေခြင်း ဖြစ်ပေလိမ့်မည်။
အကြောင်းမှာ ဟယ့်ပန်ကျွင်းသည် ပင်ကိုမူလ ထက်မြက်ထူးချွန်သူဖြစ်ပေသည့် ဂိုဏ်းအတွင်းတွင်တော့ သြဇာအာဏာ လောက်လောက်လားလားမရှိပါဘဲ ဝမ်ဝူယာကြိုးဆွဲရာကရသော ရုပ်သေးရုပ်သဖွယ် ဆက်ဆံခံနေရကြောင်း အများအသိပင်။
သူမသာ ပင်မအာဏာစက်ကိုသိမ်းပိုက်လိုလျှင် ပြင်ပအင်အားစုများကို အားကိုးရှာရပေမည်။
ထိုအတွက် တစ္ဆေနတ်ဘုရားလှံသွားရှင်မှာ အကောင်းဆုံးရွေးချယ်မှုဖြစ်၏။
တစ္ဆေနတ်ဘုရားလှံသွားရှင်သည် မင်းသမီးရှန်းယွမ်၏ ရုပ်အလောင်းကို အသည်းအသန်လိုအပ်နေသူဖြစ်ပြီး ဟယ့်ပန်ကျွင်းက ထိုအတွက် အစီအစဥ်ချပေးနိုင်သည်။ ဤအမျိုးသမီးနှစ်ဦးပေါင်းလျှင် ယန့်ဓားနှစ်လက်ကဲ့သို့ ခပ်တုံးတုံးအဘိုးကြီးတွေကို မျက်စိလည်အောင်လှည့်နိုင်ဖို့က ခက်ခဲသည့်ကိစ္စတော့မဟုတ်။
"ရေခဲခေါင်းတလားကို ဟယ့်ပန်ကျွင်းနဲ့ တစ္ဆေနတ်ဘုရားလှံသွားရှင်တို့ ဝှက်ထားပုံရတယ်။"
ပိုင်ရူယွဲ့သည် မျက်လွှာချရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"ယန့်ဓားနှစ်လက်နဲ့ သူ့လူတွေရဲ့ မျက်လုံးအောက်ကနေ ရှောင်ရှားဖို့လိုသလို အရိပ်နက်တပ်ဖွဲ့တွေ ရှာမတွေ့လောက်မဲ့နေရာမျိုးလည်း ဖြစ်ရမယ်။ ဒီလောက်ကြီးမားတဲ့ ရေခဲခေါင်းတလားကို ဘယ်လိုနေရာမျိုးမှာ ဝှက်ထားနိုင်မှာလဲ"
ပိုင်ရူယွဲ့သည် ဖိုင်တွဲများအောက်မှ တုန်းချီခရိုင်၏ အသေးစိတ်မြေပုံကို ဆွဲထုတ်လိုက်ပြီး ဂရုတစိုက် စစ်ဆေးကြည့်ရှုသည်။
ဤမြေပုံမှာ လွန်ခဲ့သောသုံးလကမှ ပြန်လည်ရေးဆွဲထားခြင်း ဖြစ်သည်။
၎င်းတွင် အခြေခံမြေမျက်နှာသွင်ပြင်သာမက မြို့ရိုးများ၊ အိမ်ခြေများ၊ ပတ်ဝန်းကျင်ရှိ တောင်နှင့်မြစ်ချောင်းများ အပါအဝင် လမ်းအပြင်အဆင်များကိုပါ အသေးစိတ်ဖော်ပြထားသည်။
ခဏတာမျှ ကြည့်ရှုပြီးနောက် သူမသည် စက္ကူတစ်ရွက်ကိုထုတ်ယူကာ လိုင်းများဆွဲပြီး မြေပြိုသည့်နေရာမှ ရေခဲခေါင်းတလားခိုးယူခံရသည့် နေရာအထိ သယ်ယူပို့ဆောင်ရေးအတွက် အကောင်းဆုံးလမ်းကြောင်းကို ခွဲခြမ်းစိတ်ဖြာသည်။
တော်တော်ကြာပြီးနောက် ထိုအမျိုးသမီးသည် မြေပုံပေါ်ရှိ နေရာတစ်ခုကို စုတ်တံဖြင့် ဝိုင်းလိုက်တော့၏။
"လီချန်ဘုရားကျောင်း..."
လီနန်ခယ့်၏ ကျင့်ကြံရေးပါရမီမှာ အတော်ညံ့ဖျင်းနိမ့်ပါးလှသည်ပင်။
ထိုအမျိုးသားကို ညပေါင်းအတော်များများ လမ်းညွှန်သင်ကြားပေးပြီးနောက် လိန်ရှင်းနန်တစ်ယောက် မတတ်သာစွာ အထက်ပါအတိုင်း တွန့်ဆုတ်ဆုတ်မှတ်ချက်ချလိုက်ရတော့၏။
ညံ့တာမှ နည်းနည်းပါးပါးပါ ဟု ထေပြောလို့ရသည့်အခြေအနေပင် ဟုတ်မနေ။
အခြေခံအကျဆုံးသော ဒန်ထျန်တွင် ချီစွမ်းအင်ဖွဲ့တည်ခြင်းကဲ့သို့ သဘောတရားကိုပင် နေ့ဝက်လောက်သင်ကြားပြီးသည်အထိ နားမလည်ပါးမလည် ဖြစ်မြောက်အောင်မလုပ်နိုင်ပဲရှိ၏။ ခွေးတစ်ကောင်ကို ကြိုးချည်ပြီး လေ့ကျင့်သင်ကြားပေးလျှင်တောင် ဒီလူထက်တော့ပိုတော်လောက်မည်ဟု လိန်ရှင်းနန် စိတ်ပေါက်ပေါက်နှင့်တွေးမိသည်။ အဆင့်အတန်းကိုသာ ထည့်တွက်မနေရပါလျှင် ထိုအမျိုးသားခေါင်းကို သူမ ခပ်နာနာသာခေါက်ချပစ်မိချင်တော့သည်။
လိန်ရှင်းနန် ကျိုးကြောင်းချိန်ဆတွေးတောပြီးနောက် ထိုအမျိုးသားကို ကျင့်ကြံရေးလမ်းကြောင်းအား စွန့်ခွာလွှတ်ချလိုက်ဖို့သာ စည်းရုံးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
မည်သည့်ဓားလေ့ကျင့်ရေးမှ သူနှင့်မကိုက်ညီပေတော့။
သူမနောက်မှသာ အေးအေးငြိမ်ငြိမ်လိုက်ရင်း ဦးနှောက်လေးကို ကောင်းကောင်းအသုံးချတတ်ဖို့သာ ရှိတော့၏။
အထက်လူကြီး၏ ကြင်နာသောအကြံပြုချက်ကို လက်ခံရရှိပြီး အမျိုးသားက ခွန်းတုံ့ပြန်ငြင်းခုန်ခြင်းမပြုခဲ့။ ထိုအစားကို သူမကို ခြံပြင်သို့ဆွဲထုတ်ကာ မကြာသေးခင်က သူလေ့လာသင်ယူထားသည်ဟုဆိုသော ဓားရေးအတတ်တစ်ခုအား သရုပ်ဖော်ပြသလေသည်။
အစပထမတော့ လိန်ရှင်းနန်လည်း ဘာမှသိပ်မျှော်လင့်မထားခဲ့။
ထိုသူ၏ စိတ်အားထက်သန်မှုကို မြန်မြန်ဆန်ဆန်ချိုးဖျက်လိုက်နိုင်ဖို့ ဒီတစ်ခေါက်လည်း မညှာမတာဝေဖန်ပစ်လိုက်မည်ဟုပင် အားခဲထားသေးသည်။
သို့သော် ထိုဓားထုတ်ခုတ်ခြင်း နည်းစနစ်အား လီနန်ခယ့် သရုပ်ပြလိုက်သောအခါ တောက်ပသော ငွေရောင်နှင့် လွင့်စင်လာသော နှင်းပွင့်များကဲ့သို့ ဓားလှိုင်းများကြောင့် သူမ လုံးဝမှင်တက်သွားရသည်။
ထို့ကြောင့် ထိုဓားသမားကို အိမ်ထဲပြန်ဆွဲခေါ်ကာ ကောင်းကင်ဘုံလမ်းစဥ်၏ ရိုးရှင်းသောသဘောတရားကိုသာ ဆက်လက်သင်ကြားပို့ချရပြန်သည်။
ရလဒ်ကတော့ စိတ်တိုစရာကောင်းလောက်အောင် ပဲစေ့လောက်မှ တိုးတက်မလာခဲ့။
လိန်ရှင်းနန်မှာ ဆက်မတွေးတတ်တော့ဟန်ရှိလေသည်။
ပါရမီရှိသူဟု ဆိုရအောင်ကလည်း ကျင့်ကြံရေး၏ အခြေခံအသက်ဖြစ်သော ချီဖွဲ့တည်ခြင်းကိုမှ ပြီးမြောက်အောင်မြင်အောင် မစွမ်းဆောင်နိုင်။ ပါရမီညံ့ဖျင်းသူဟု ဆိုရအောင်ကလည်း ဓားရေးအတတ်တွင် အံ့သြဖွယ်ရာ ထူးချွန်သွက်လက်နေပြန်သည်လေ။
ဤမျှ ထူးခြားဆန်းကြယ်သည့်လူမျိုးကို လိန်ရှင်းနန်တစ်သက် ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။
ဓားသိုင်းသက်သက်ပဲ ပါရမီပါတဲ့သူများလား။
ထို့ကြောင့် လိန်ရှင်းနန်သည် နောက်တစ်နေ့တွင် အဆင့်မြင့် ဓားကျမ်းစာအုပ်တစ်အုပ်ကို ခက်ခက်ခဲခဲရှာဖွေထုတ်ယူလာပြီး လီနန်ခယ့်အား စမ်းသပ်လေ့ကျင့်စေ၏။
ကံဆိုးစွာဖြင့် ဤတစ်ကြိမ်တွင် ထိုဓားသွားမှ နှင်းပွင့်ရောင်ခြည်များ တစ်စမှထွက်မလာနိုင်တော့သည်ပင်။
သူ့လက်ထဲက ဓားရှည်ကြီးကို အကြိမ်ကြိမ် အူကြောင်ကြောင် လွှတ်ချလိုက်ပြီးနောက်မှာတော့ လိန်ရှင်းနန်လည်း မတတ်သာဘဲ လက်လျှော့လိုက်ရတော့သည်။
နောက်ဆုံးတော့ သူမနားလည်သွားခဲ့လေပြီ။ ထိုသူကို သာမန်လူသားတစ်ယောက်အနေနဲ့ ရှုမြင်လို့မရလေတော့။
ဒီတိုင်း အူကြောင်ကြောင် လူထူးဆန်းတစ်ယောက်သာဖြစ်၏။
ဤသို့ဖြင့် သူစိတ်လိုသလို တွေ့ကရာဆက်လေ့ကျင့်ဖို့သာ လွှတ်ထားလိုက်ရတော့သည်။
ထိုအထက်လူကြီး နောက်ဆုံးတော့ သူ့ကို အနှောင့်အယှက် ဆက်မပေးနိုင်တော့မှ လီနန်ခယ့်တစ်ယောက် သက်ပြင်းချနိုင်တော့သည်။ ကောင်းကင်ဘုံလမ်းစဉ်၏ ရိုးရှင်းသောသဘောတရား ကျင့်စဉ်ကျမ်းကိုတော့ နောင်တွင် အေးအေးဆေးဆေး လေ့လာရန်အတွက် အကြောင်းရှာကာ အရယူထားလိုက်သည်။
ထိုစဥ်က သူမြင်ခဲ့သောအရာများမှာ အမြင်မှားခြင်းသက်သက်သာဟု သူမယုံနိုင်သေးပေ။
တကယ်ကြီး အိပ်ခန်းကျင့်စဥ်ကျမ်းစာအုပ် ဖြစ်နေနိုင်တာပဲမဟုတ်လား။