အိမ်သူသက်ထား၏ မာယာကိုးဖြာ
Vol. 12 Ch. 116
မြေပြိုမှုလမ်းကြောင်းတွင်ရှိနေခဲ့သော လီချန်ဘုရားကျောင်းမှာ အမှန်တကယ်ပင် ဆိုးရွားစွာ ပျက်စီးနေခဲ့သည်။
လီနန်ခယ့် ဘုရားကျောင်းထဲသို့ဝင်လိုက်စဥ်မှာပင် ရွှံ့နွံများ သဲများ ဖုံးလွှမ်းပြိုကျလျက်ရှိသော သံဃာဆောင်များနှင့် ပင်မဘုရားကျောင်းဆောင်များကို ပက်ပင်းတိုးလိုက်ရလေသည်။
ပုံမှန်အားဖြင့် အမြဲမပြတ်ရှိနေတတ်သော ဘုရားဖူးဧည့်သည်များမှာ ယခုအခါ ကျဲပါးနေလှသည်ပင်။
ဘုရားကျောင်းသည် အမွှေးတိုင်ထွန်းညှိခြင်းကို ခေတ္တရပ်ဆိုင်းထားပြီး နောင်တွင် ပြန်လည်ပြင်ဆင်ပြီးမှ ပြန်ဖွင့်မည်ဖြစ်သည်။ သို့သော် ဤကာလအတွင်း ဆုံးရှုံးသွားရသော အလှူငွေများကြောင့် ကျောင်းထိုင်ဆရာတော်များမှာ များစွာ စိတ်မကောင်းဖြစ်ကြပေလိမ့်မည်။
ချန်းယွီနှင့် ချန်းမင်တို့၏ ဦးဆောင်မှုဖြင့် လီနန်ခယ့်သည် ဘုရားကျောင်း၏ စီမံခန့်ခွဲရေးကို တာဝန်ယူရသော ဆရာတော်ယုံမော့နှင့် တွေ့ဆုံနိုင်ခဲ့၏။
ဆရာတော်သည် ငွေရေးကြေးရေး နေရေးထိုင်ရေး အတော်ပြည့်စုံဟန်ရှိပြီး ဖြူဝင်းသောအသားအရည် မုတ်ဆိတ်ရေးရေးနှင့် ပြုံးရွှင်သောမျက်နှာထားရှိသည်။ သင်္ကန်းကိုသာချွတ်လိုက်ပါက လူချမ်းသာအိမ်မှာ သခင်ကြီးတစ်ယောက်အလား ထင်ရပေလောက်မည်။
သဘောကောင်းမနောကောင်း ပေါ့ပေါ့ပါးပါးနိုင်ဟန်ပေါ်သော်လည်း သူ၏အာဏာမှာတော့ ပေါ့သေးသေးမဟုတ်ခဲ့။
သူသည် ဘုရားကျောင်းဘဏ္ဍာတိုက်ကို တာဝန်ယူကြီးကြပ်ရသူဖြစ်ပြီး ဘုရားကျောင်း၏ ဌာနခွဲအားလုံးမှာ သူ၏အုပ်ချုပ်မှုအောက်တွင် နေ့စဥ်လည်ပတ်နေရသည်ပင်။ ကျောင်းထိုင်ဆရာတော်ပြီးလျှင် သြဇာအာဏာအကြီးဆုံးဟု ဆိုရပေမည်။
"အရာရှိလီ၊ ချန်းမင်နဲ့ချန်းယွီတို့က ဒီဘုန်းကြီးကို အကျိုးအကြောင်းပြောပြပြီးကြပါပြီ။ အဲ့ဒီတုန်းက အရာရှိလီသာ ကျွန်တော်တို့ကိုသတိမပေးခဲ့ရင် နောက်ဆက်တွဲဖြစ်ရပ်တွေက စိတ်တောင်မကူးရဲလောက်အောင်ပါပဲ။ ဒီလိုကြင်နာမှုအတွက် လီချန်ဘုရားကျောင်းကိုယ်စား အနူးအညွှတ် ကျေးဇူးတင်မိပါတယ်..."
ဆရာတော်ယုံမော့က လီနန်ခယ့်ကို တရားထိုင်ခြံဝင်းလေးထဲနေ ထိုသို့ဆီးကြိုသည်။
ထိုသို့ ပြောဆိုနှုတ်ဆက်နေရင်း တစ်ယောက်ယောက်ကို သစ်သားလင်ဗန်းလေးတစ်ချပ်ယူလာဖို့ အမူအရာပြလိုက်ပြီး ထိုအပေါ်မှ ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်လေးကိုကောက်ယူကာ ဆိုသည်။
"ကိုယ်ရေးအရာရှိလီ၊ ဒီဗုဒ္ဓရုပ်ပွားတော်လေးက ဘုန်းကြီးတို့ဘုရားကျောင်းရဲ့ ကျေးဇူးတင်ကြောင်းအသိအမှတ်ပြု အဆောင်လေးပါ။ ဒီရုပ်ပွားတော်ကို ဆရာတော်ကြီးကျန်းဟိုင်ကိုယ်တိုင် အနေကဇာတင်ပေးထားပြီး ဂမ္ဘီရသစ္စာခြောက်သွယ်ဂါထာနဲ့လည်း ရွတ်ဖတ်ထုံမွှမ်းပေးထားပါတယ်။ ဒီဂါထာက အလှူရှင်ကို ကာကွယ်ပေးနိုင်ပြီး အေးချမ်းသာယာမှုနဲ့ ချမ်းသာကြွယ်ဝမှုကို ပေးစွမ်းနိုင်သလို ဘေးအန္တရာယ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။"
"ဒီလောက်ကျေးဇူးတင်နေရင်လည်း ဘာကြောင့် ရွှေသားဗောဒိသတ္တရုပ်ပွားတစ်ဆူလောက် ထုမပေးလိုက်လဲ"
လီနန်ခယ့်က ချန်းမင်ကိုခနဲ့ခဲ့ဖူးသည့်အတိုင်း ဆရာတော်ရှေ့ ရယ်ရွှန်းဖတ်ရွှန်းပြောထည့်လိုက်သည်။ ထိုလင်ဗန်းပေါ်မှ ကျောက်စိမ်းရုပ်ပွားတော်ကိုလည်း လှမ်းမယူဖြစ်ပါချေ။
ယုံမော့ကတော့ ချန်းမင်ကဲ့သို့ ထုံအအငြိမ်ခံနေမည့်သူမဟုတ်ဘဲ ပို၍ပါးနပ်ဟန်ရှိသည်။ ခပ်ထေ့ထေ့သူ့စကားကို ထိုသူကတုံ့ပြန်လာသည်။
"အဲ့လိုလုပ်မပေးနိုင်တာတော့လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ရွှေသားဗောဓိသတ္တရုပ်ပွားတော်တစ်ခု ထုလုပ်ဖို့ဆိုရင် ဆရာတော်ကြီးသုံးပါးလောက်က ပင်မဆောင်မှာရှိတဲ့ မြတ်စွာဘုရားရှင်ဆီ ခွင့်တောင်းပန်ကြားစာ ပို့သရဦးမှာကြောင့်ပါ။ လုပ်ငန်းစဥ်က ရှုပ်ထွေးတဲ့အပြင် တစ်ခေါက်တစ်ခေါက်ဆို သုံးနှစ်ကနေငါးနှစ်ထိ စောင့်ဆိုင်းရတတ်ပါတယ်"
လီနန်ခယ့်၏နှုတ်ခမ်းထောင့်က ခပ်လှောင်လှောင်ပင့်တက်သွားသည်။ ထိုဘုန်းကြီး စကားလှည့်သလောက်ကိုတော့ သူလိုက်ဖော်ထုတ်နေလိုစိတ်မရှိ။
လိုရင်းကိုသာ တန်းသွားလိုက်သည်။
"ဒီရက်ပိုင်း သံသယဖြစ်စရာလူတစ်ယောက်ယောက် ဘုရားကျောင်းကို အဝင်အထွက်လုပ်ခဲ့သေးလား"
"ဒီဘုန်းကြီးလည်း သတိတော့မထားမိပါဘူး"
အခြေအနေက ပေါ့ပြက်ပြက်ရှောင်လို့ရပုံမပေါ်သဖြင့် ယုံမော့က အဖြေကိုအတိအကျပေးမလာဘဲ ဆိုသည်။
"လွန်ခဲ့တဲ့နှစ်ရက်လောက်က ဘုရားကျောင်းမှာ ဘုရားဖူးဧည့်သည်တွေလည်း ခြေချင်းလိမ်နေတာဆိုတော့ ဒီဘုန်းကြီးလည်း တစ်နေကုန် အလုပ်နဲ့လက်မပြတ်တာနဲ့ ထူးထူးခြားခြား သတိမထားမိလိုက်ပါဘူးလေ"
ထို့နောက် ချန်းမင်နှင့်ချန်းယွီဘက်လှည့်ကာ မေးသည်။
"မင်းတို့နှစ်ယောက်ရော သံသယဖြစ်စရာလူတစ်ယောက်ယောက် ဘုရားကျောင်းထဲအဝင်အထွက်လုပ်တာ မြင်မိသေးလား"
ဘုန်းကြီးငယ်နှစ်ပါးက ခေါင်းကိုအထပ်ထပ်ခါယမ်းရင်း ဘယ်သူ့ကိုမှမမြင်မိကြောင်း အတည်ပြုကြလေသည်။
ထိုစဥ် လီနန်ခယ့်က ချန်းမင်ကိုစိုးရိမ်တကြီးကြည့်ပြီး ရုတ်တရတ်ထမေးလေသည်။
"ဘုန်းဘုန်း မျက်နှာအရောင်သိပ်မကောင်းသလိုပဲ။ မနေ့ညက မအိပ်ခဲ့ရဘူးလား"
ချန်းမင်က သဘာဝမကျသောအပြုံးတစ်ခုကို ဇွတ်အတင်းညှစ်ထုတ်ပြလေသည်။
"မအိပ်ခဲ့ရပါဘူးဗျာ။ ဒီရက်တွေ အရမ်းပင်ပန်းနေရတာနဲ့"
လီနန်ခယ့်က "ဪ" ဟုသာ အသံပြုလိုက်ပြီး ဘာမှထပ်မမေးတော့။ ထို့နောက် ခြံဝင်းထဲတွင် အေးအေးလူလူ လျှောက်ပတ်ကြည့်နေရင်း နေရာတိုင်းကို စေ့စေ့စပ်စပ်စစ်ဆေးကာ နောက်ဆုံးတွင် ချိပ်ပိတ်ထားသော တရားအားထုတ်ခန်းတစ်ခု၏ ရှေ့တွင် ရပ်လိုက်သည်။
ထိုတရားအားထုတ်ခန်း၏ တံခါးရှေ့တွင် ဗုဒ္ဓရုပ်ပွားတော်အသေးစားလေးနှစ်ခုက တစ်ဖက်တစ်ချက်စီရပ်နေပြီး အဆောင်လက်ဖွဲ့အချို့လည်းရှိနေသည်။
"ဒီထဲမှာ ဘာရှိလို့လဲ"
လီနန်ခယ့်က စိတ်ဝင်တစားမေးလိုက်သည်။
ယုံမော့၏ ရွှင်လန်းသောမျက်နှာထက် ဝမ်းနည်းရိပ်ယောင်တချို့ထင်ဟပ်လာပြီး ဆိုသည်။
"ကျွန်တော့်ဆရာတူအစ်ကို တစ်ဖြစ်လဲ ဒီဘုရားကျောင်းရဲ့ အကြီးအကဲတစ်ယောက်လည်းဖြစ်တဲ့ ဆရာတော်ယုံမင်ရဲ့ ရုပ်ကလာပ်ပါ"
"လွန်ခဲ့တဲ့ခြောက်လကပဲ ပျံလွန်တော်မူသွားခဲ့ပြီး မူလက ကျောင်းထိုင်ဆရာတော်က သူ့ကို မပုပ်မသိုးသောရုပ်ကလာပ်အဖြစ် ဂုဏ်ပြုဖန်တီးဖို့ စီစဉ်ထားတာကြောင့် ရုပ်အလောင်းကို နောက်ဘက်တောင်က ရေတွင်းခြောက်တစ်ခုထဲမှာ ချိပ်ပိတ်ထားခဲ့တာ။ ကံမကောင်းစွာနဲ့ မြေပြိုမှုကြောင့် ကျွန်ုပ်တို့မှာ စည်းကမ်းတွေကို ချိုးဖောက်ပြီး သူ့ကို ဒီရွှေ့ခဲ့ရပါတယ်။"
"အခုမှတော့ နဂိုအစီအစဥ်အတိုင်းဆက်လုပ်ဖို့ကလည်း မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ဘုရားကျောင်းရဲ့စည်းမျဥ်းတွေအတိုင်း ငါးရက်တာ အခမ်းအနားများကျင်းပပြီးမှ ဗောဓိပင်အောက် မြှုပ်နှံသဂြိုဟ်ဖို့ပဲ ပြောင်းလဲစီစဥ်လိုက်ရပါတယ်"
"အဲ့လိုကိုး"
လီနန်ခယ့်သည် ဤဓလေ့နှင့် ရင်းနှီးပြီးသားဖြစ်သည်။
ယေဘုယျအားဖြင့် အဆင့်အတန်းမြင့်မားသော ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူလျှင် ရုပ်အလောင်းကို အိုးတစ်လုံးထဲတွင် သုံးနှစ်ကြာ ချိပ်ပိတ်ထားလေ့ရှိပြီး ရုပ်အလောင်းက မပုပ်မသိုးဘဲ နဂိုအတိုင်းဆက်ရှိနေလျှင် မပုပ်မသိုးသောရုပ်ကလာပ် ဟူ၍ ဖြစ်လာပေမည်။
လီချန်ဘုရားကျောင်း၏ ဓလေ့များမှာ အမှန်တကယ်ပင် ကွဲပြားလှ၏။
လီနန်ခယ့်က အတွင်းထဲကိုဝင်ကြည့်ဖို့ အကြောင်းပြချက်တစ်ခု ရှာနေစဉ်မှာပင် ယုံမော့က အတော်လေးပါးနပ်စွာဖြင့် တရားအားထုတ်ခန်းကို ဖွင့်ပေးလိုက်သည်။
ထိုဘုန်းကြီးမှာ အတော်လေး လူကဲခတ်ကောင်းလှသည်ပင်။
လီနန်ခယ့်သည် ဤဘုရားကျောင်းကို အမှုကိစ္စတစ်ခုစုံစမ်းဖို့ရောက်လာခြင်း ဖြစ်မည်မှန်း သူခန့်မှန်းထားပြီး ဖြစ်လောက်သည်။
"ကျေးဇူးပါ"
လီနန်ခယ့်က ပြုံးပြပြီး အခန်းထဲဝင်လိုက်သည်။
အခန်းတွင်းတွင် မြင်နေကျခေါင်းတလားများထက် များစွာပိုမိုကြီးမားသော နက်စွေးစွေး ခေါင်းတလားကြီးတစ်လုံးရှိသည်။ ခေါင်းတလား ဘေးပတ်ပတ်လည်တွင် ဟောင်းနွမ်းနေသော စိပ်ပုတီးများနှင့် အနံ့ဆိုးများကို ဖယ်ရှားရန်အတွက် အထူးဆေးဖက်ဝင်ပစ္စည်းများကို ထားရှိ၏။
"တစ်ချက်လောက် ဖွင့်ကြည့်လို့ရနိုင်မလား"
လီနန်ခယ့်က သံမရိုက်ရသေးသော ခေါင်းတလားဖုံးကိုညွှန်ပြကာ မေးလိုက်သည်။
ယုံမော့က ခေါင်းညိတ်သည်။
"ရတာပေါ့"
ချန်းမင်နှင့် ချန်းယွီကို အတူတွန်းတင်လိုက်သော် လေးလံပုံရသော ခေါင်းတလားဖုံးကြီးသည် ဖြည်းညင်းစွာပွင့်ဟလာကာ အတွင်းရှိရုပ်အလောင်းကို လှစ်ဟပြလာသည်။
၎င်းမှာ သင်္ကန်းခြုံလွှမ်းထားသော ခြောက်သွေ့နေသည့် အမျိုးသားရုပ်အလောင်းတစ်ခု ဖြစ်သည်။
ရုပ်အလောင်းကို လက်ရေးကျမ်းစာများနှင့် သစ်သားငါးရုပ်တစ်ခုဖြင့် ဝန်းရံဆင်ယင်ထားသည်။
ထိုဘုန်းကြီး သက်ရှိထင်ရှားရှိစဥ်က ပိုင်ဆိုင်ခဲ့သောပစ္စည်းများ ဖြစ်ပုံရ၏။
လီနန်ခယ့်သည် ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းတလားအဖုံးကိုပြန်ပိတ်ရန် အချက်ပြကာ ယုံမော့ကိုမေးလိုက်သည်။
"ဘယ်တော့သဂြိုဟ်မှာလဲ"
"ဒီညပဲချိပ်ပိတ်ပြီး သဘက်ခါလောက်မြှုပ်နှံဖို့တွေးထားပါတယ်" ယုံမော့ကဆိုသည်။
"အတော်လေး အလျင်လိုသားပဲ"
လီနန်ခယ့် ခေါင်းညိတ်ကာ တရားအားထုတ်ခန်းမှထွက်လာလိုက်သည်။
တံခါးစေ့ပိတ်သွားသည်နှင့် အခန်းတစ်ခုလုံးလည်း မှောင်အတိကျသွားခဲ့သည်။ အချိန်အတော်ကြာပြီးနောက် ခေါင်းတလားအတွင်းမှ ဂလောင်ခနဲအသံတစ်ခု ထွက်ပေါ်လာခဲ့၏။
၎င်းမှာ အတွင်းမှတစ်စုံတစ်ဦးက သစ်သားငါးကိုခေါက်လိုက်သည့် အသံနှင့် တူနေသည်ပင်။
...
လီနန်ခယ့် ဘုရားကျောင်းအပြင်သို့ထွက်လာသော် ဆီးကြိုစောင့်ဆိုင်းနေသော ရင်းနှီးသောပုံရိပ်တစ်ခုကို မြင်လိုက်ရလေသည်။
ထိုအမျိုးသမီးမှာ အရပ်ရှည်ရှည်နှင့် ငါးကြေးခွံဖိနပ်များကိုဝတ်ဆင်ထားပြီး မျက်နှာတစ်ဝက်ကို ငွေရောင်မျက်နှာဖုံးနှင့် လျှို့ဝှက်ဆန်းကြယ်စွာ ကွယ်ဝှက်ထားသည်။
သစ်ပင်ပင်စည်တစ်ခုကိုမှီကာ လက်ပိုက်ရင်း စောင့်နေခဲ့ခြင်းပင်။
အေးစက်၍ စည်းကမ်းကြီးသော အစ်မကြီးတစ်ယောက်ဟန်ပန်ကတော့ မပျောက်မပျက် လွှမ်းခြုံနေမြဲ။
"အမြဲတမ်းအထာကျနေတာပဲနော်" လီနန်ခယ့် မနေနိုင်စွာ လှမ်းစနောက်လိုက်သည်။
နျဲ့ယင်းက ထိုစကားအဓိပ္ပာယ်ကို နားမလည်သလို နားလည်ဖို့လည်းမကြိုးစား။ လိုရင်းကိုသာ ခပ်ပြတ်ပြတ်မေးလေသည်။
"ဘယ်လိုလဲ၊ တစ်ခုခုရှာတွေ့ခဲ့လား"
"အရမ်းကို သဘာဝကျနေလွန်းလို့ သိပ်သဘာဝမကျတော့သလိုပဲ"
"ဘာကိုဆိုလိုတာလဲ"
နျဲ့ယင်းက မျက်မှောင်ကြုတ်လျက်သား မေးသည်။
လီနန်ခယ့်က ခေါင်းယမ်းကာ သက်ပြင်းချလာ၏။
"ကျွန်တော်လည်း ဘယ်လိုပြောပြရမှန်းမသိသေးဘူး။ ထူးဆန်းတယ်လို့ခံစားရရုံပဲရှိသေးတယ်။ ခင်ဗျားဘက်ရော ဘာထူးခြားလဲ"
"ဘာမှမထူးဘူး"
ပန်းရောင်ဖျော့နှုတ်ခမ်းများက တိုတိုသာဖြေလေသည်။
"ခင်ဗျား နေရာတိုင်းကို စေ့စေ့စပ်စပ်စစ်ဆေးခဲ့တယ်နော်"
"ထပ်သွားစစ်ကြည့်လိုက်လေ"
လီနန်ခယ့် မှုန်ကုပ်သွားသည်။
"တပ်မှူးနျဲ့၊ ခင်ဗျားလူတိုင်းကိုဒီလိုဆက်ဆံတတ်တာ ကျွန်တော်သိပေမဲ့ အခုက ကျွန်တော့်ဘက်က တကူးတကလိုက်ကူညီပေးနေရတာမဟုတ်ဘူးလား။ အဲ့လိုသာဆက်ဆံနေရင် ကျွန်တော်လည်း အမှုစုံစမ်းတာကို သိပ်စိတ်မပါနိုင်တော့ဘူးထင်တယ်"
"ပထမတစ်ချက် ကူညီတာကိုပြန်ပေးဆပ်ဖို့ ကတိပေးထားတယ်၊ ဒုတိယတစ်ချက် မင်းကိုခြိမ်းခြောက်နိုင်မဲ့ပျော့ကွက် ငါ့ဆီမှာရှိထားတယ်"
နျဲ့ယင်းက မေးကိုမော့ကာ ဆိုသည်။
"ဒီအခြေအနေမှာ ငါကမင်းကို ပန်းမန်ရေချမ်းဆက်သပြီး ရိုသေပြနေရဦးမှာလား"
လီနန်ခယ့်က ရယ်သွမ်းသွေးသည်။
"ခင်ဗျားကတော့တကယ်ကို ယောက်ျားတွေမကြိုက်လှတဲ့ပုံမျိုး"
"ငါလည်း အကြိုက်မခံချင်ပါဘူး"
နျဲ့ယင်းက ထိုအမျိုးသားအပေါ် သူမ၏ ရွံရှာမှုနှင့် လှောင်ပြောင်လိုမှုကို ဖုံးကွယ်ထားခြင်း မရှိဘဲ ဆက်ပြောလိုက်သည်။
"အထူးသဖြင့် မင်းဆီက"
...
အိမ်ပြန်ရောက်တော့ ညနေပင်စောင်းနေလေပြီ။
လိန်ရှင်းနန်တစ်ယောက် အနှိပ်ခံလို့ပြီးသွားပြီကိုမြင်သော် လီနန်ခယ့် တအံ့တသြဖြင့်မေးမိသည်။
"ဒီနေ့အရမ်းစောနေပါလား"
ချွေးများကို ယခုမှသန့်စင်သုတ်သင်ထားပြီးဟန်ရှိသော လိန်ရှင်းနန်က မျက်နှာမကြည်လင်လှ။
လီနန်ခယ့် ဘေးတွင်ထောင်ထားသော ငွေရောင်လှံကိုကြည့်ပြီး ထိုအမျိုးသမီး မျက်နှာမကြည်သည့်အကြောင်းရင်းကို သိလိုက်သည်။ သူ မလုံမလဲနှင့် နှာခေါင်းကိုပွတ်လိုက်သည်။
"ကျွန်တော်လည်း ကူပေးနေတယ်ဆိုပေမဲ့ ထဲထဲဝင်ဝင်မဟုတ်ပါဘူး။ ဟိုဟိုဒီဒီ လိုက်ကြည့်ပေးရုံပါ"
ထိုအမျိုးသမီးက သူ့ကို မင်းသမီးရှန်းယွမ်ကိစ္စတွင် ဝင်မပါဖို့ အတန်တန်မှာကြားထားသည် မဟုတ်ပါလော။
သူမ စိတ်ပျက်မိမည်ဆိုလည်း မလွန်ပါ။
"ပါမပါက ရှင့်လွတ်လပ်ခွင့်ပါ"
လိန်ရှင်းနန်က အေးတိအေးစက်ဆိုကာ တဘက်တစ်ထည်ကောက်ပြီး ဖြူဝင်းသောလည်တိုင်ပေါ်မှ မစိုမခြောက်ဆံပင်များကို သုတ်သင်နေလိုက်သည်။
အစားအသောက်ဗန်းသယ်ကာ အခန်းထဲဝင်လာသော လော့ချန်းချိုးက သူတို့အဖြစ်ကိုမြင်ပြီး ပြုံးသည်။
"ယောက်ျားကို အရမ်းအပြစ်မပြောပါနဲ့ရှင်၊ ကျွန်မက ဒီအခွင့်အရေးဟာ သူ့အတွက်အကျိုးဖြစ်စေမယ်ထင်လို့ သူ့ကို ဝင်ကူညီခိုင်းလိုက်တာပါ။ ဒီလိုမှ သူ့အရာရှိတက်လမ်းလည်း ပိုပြီးချောမွေ့လာမယ်ထင်လို့လေ"
ဇနီးဖြစ်သူက ကိုယ်စားဝင်ကာ အပြစ်ပြောခံရှာသည်ကိုမြင်သော် လီနန်ခယ့်မှာ ကျေးဇူးတင်စိတ်ဖြင့် မျက်ရည်များပင်လည်သွားရသည်။
တကယ့်ကို ငါ့ရဲ့ဧကရီကတော့ အနောက်ဆောင်ကို သေချာအုပ်စိုးနိုင်တာပဲ။
နေပါဦး။
ငါကဘာလို့ ရုတ်တရတ်ကြီး အဲ့လိုတွေးရတာလဲ။
မိုးနီရဲ့သက်ရောက်မှုကြောင့်ဖြစ်မှာပေါ့။ ငါကဒီလောက် ကိုယ်ကျင့်တရားကောင်းမွန်တဲ့ ယောက်ျားကောင်းပဲကို။
လီနန်ခယ့် သူ့စိတ်ထဲက ညစ်တီးညစ်ပတ်အတွေးများအတွက် အကြောင်းပြချက်ရှာလိုက်သည်။
"ဒီတစ်ခုကမတူဘူး၊ အမြစ်က ပိုပြီးနက်ရှိုင်းတယ်"
လော့ချန်းချိုးက သူမကိုယ်တိုင်တိုက်တွန်းမိတာပါဟု ပြောလာပြန်တော့လည်း လိန်ရှင်းနန် မျက်နှာဆက်တင်းမထားနိုင်တော့ဘဲ စိတ်ရှည်လက်ရှည်ရှင်းပြရလေသည်။
"တစ်ခုခုလွဲချော်သွားခဲ့ရင် လီနန်ခယ့်က အပြစ်မဲ့ဓားစာခံဖြစ်သွားနိုင်တယ်။ အစိုးရလောကထဲက အရှုပ်အထွေးတွေနဲ့ အန္တရာယ်တွေကို ရှင်တို့နားမလည်ပါဘူး"
လော့ချန်းချိုးက အစားအသောက်များကိုချကာ အရှေ့တိုး၍ လိန်ရှင်းနန်၏လက်မောင်းကိုကိုင်ပြီး တောင်းပန်လိုက်သည်။
"ကျွန်မအမှားပါ အစ်မရယ်။ ယောက်ျားကလည်း အစက ဝင်မပါသင့်ဘူးလို့ပြောပါသေးတယ်။ နောက်ပြီး သူဒီအမှုကိုလိုက်ရင် အစ်မလိန်ကစိတ်ဆိုးလိမ့်မယ်လို့လည်း ပြောတယ်"
"ယောက်ျားဘဝမှာ အစ်မလိန်က အလွန်အရေးပါတဲ့လူဖြစ်တာကြောင့် စိတ်မဆိုးစေချင်တာအမှန်ပါ။ သူမလုပ်ချင်လို့ ကျွန်မနဲ့တောင် ငြင်းခုံရန်ဖြစ်ခဲ့ပါသေးတယ်"
လော့ချန်းချိုးက ခါးသက်နာကျင်နေဟန် မျက်နှာထားလေးဖြင့် ပြောပြလာလေသည်။
"ဒါပေမဲ့ သူ့ဘဝတက်လမ်းအတွက်အထောက်အကူပြုမယ်ထင်ပြီး ကျွန်မကဖိအားပေးခဲ့မိတာပါ။ တိုတိုပြောရရင် ကျွန်မရဲ့အမြော်အမြင်မရှိမှုကိုသာ အပြစ်တင်ရမှာပါပဲ။ အစ်မလိန်စိတ်ဆိုးတယ်ဆိုလည်း ကျွန်မကိုသာ ဆူပါပြောပါနော်"
"အင်း... အဲ့လိုတော့လည်းမဟုတ်..."
လော့ချန်းချိုး၏ ညှိုးညှိုးငယ်ငယ်စကားဆိုဟန်ကြောင့် လိန်ရှင်းနန်တစ်ယောက် အခိုက်အတန့်မျှ စကားလုံးများပျောက်ဆုံးသွားရသည်။
အထူးသဖြင့် သူမသည် လီနန်ခယ့်ဘဝတွင် အလွန်အရေးပါသောလူ ဟူသောစကားကိုကြားလိုက်အပြီး ဖြူဝင်းသောမျက်နှာထက် မြင်ရခဲသောရှက်သွေးများ တရိပ်ရိပ်ဖြတ်ပြေးကာ ပါးလေးနှစ်ဖက် ပူနွေးသွားခဲ့ရ၏။
သို့သော် ဤဇနီးမောင်နှံ သူမကြောင့်နှင့် ထပ်မံငြင်းခုန်ရန်ဖြစ်ရမည်ဆိုလျှင်တော့ သူမလည်း အပြစ်မကင်း စိတ်မအေးနိုင်ပါ။
"တကယ်တော့ အမှုကူလိုက်တာက မကောင်းတဲ့ကိစ္စတော့လည်း မဟုတ်ပါဘူး"
လိန်ရှင်းနန်က အကျိုးသင့်အကြောင်းသင့် စပြောလာသည်။
"လီနန်ခယ့်က ဒီလောက်ထက်မြက်တဲ့လူပဲ။ သူသာ မင်းသမီးရဲ့ရုပ်အလောင်းကို ရှာပေးနိုင်မယ်ဆိုရင် သူ့အတွက် တက်လမ်းတွေအများကြီးပွင့်လာမှာ အသေအချာပဲ"
"ကောင်းပါ့ရှင်"
လော့ချန်းချိုးက စိတ်အေးသက်သာသွားဟန်ဖြင့် တောက်တောက်ပပလေးပြုံးသည်။
"အစ်မလိန် ဒီည ညစားစားသွားပါဦးနော်"
"မလိုပါဘူး ကျွန်မက.."
"စားသွားပါဆို၊ မဟုတ်ရင် ယောက်ျားက ကျွန်မကို ထပ်အပြစ်ပြောပြန်ဦးမယ်"
လော့ချန်းချိုး၏စကားသံမှာ အလွန်ရိုးသားဖြူစင်ဟန်ပေါ်လေသည်။
"ဒါဆိုလည်း စားရတာပေါ့"
လိန်ရှင်းနန်လည်း လက်ခံရုံမှအပ မတတ်နိုင်ခဲ့။
တိုက်ခတ်တော့မည့် မုန်တိုင်းလှိုင်းလုံးကြီးကို လော့ချန်းချိုးတစ်ယောက် နိုင်နင်းစွာကိုင်တွယ်လိုက်နိုင်သည်ကိုကြည့်ပြီး လီနန်ခယ့် ထိရှသွားရသည်။
သခင်မလေး၏ နည်းလမ်းများမှာ ကျွမ်းကျင်လှသည်။ ခင်ပွန်းဖြစ်သူမှာ အမီလိုက်ရန်ပင် မစွမ်းသာတော့ပေ။