ခေါင်းအုံးတစ်လုံးတည်းတွင် အတူမှေးစက်
Vol. 12 Ch. 117
ဇနီးသည်၏ ကျွမ်းကျင်ပါးနပ်မှုများကို ကြောက်လန့်သွားပေ၍လားမသိ၊ မူလက ကြည်လင်နေသော ညကောင်းကင်ယံမှာ ညစာစားနေစဉ် ရုတ်တရက် မိုးရွာချလာတော့သည်။
ပါးလွှာပြီးနူးညံ့သော မိုးဖွဲလေးများမှသည် သည်းထန်စွာရွာသွန်းသော မိုးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် လေပြင်းများပါ ရုတ်တရက်တိုက်ခတ်လာရာ မိုးမှာ တိတ်မည့်အရိပ်အယောင် လုံးဝမပြတော့ပေ။
"ဒီမိုးဒီလေထဲတော့ ထီးပါရင်တောင် လမ်းလျှောက်ဖို့ခက်လောက်တယ်။ အစ်မလိန်တော့ ပြန်နိုင်လိမ့်ဦးမယ်မထင်ဘူးရယ်"
လော့ချန်းချိုးက ပုလဲလုံးများပြေကျလာသလို ပြန့်ကျဲနေသောမိုးရေစက်များကိုလှမ်းကြည့်ရင်း ကြည်လင်ပြတ်သားသောမျက်လုံးများထဲ ရှင်းပြရခက်သည့် စိတ်ခံစားချက်တစ်ခု ထင်ဟပ်လာခဲ့လေသည်။
သူမသည်ပင် မျှော်လင့်မထားခဲ့ဖူးသော တိုက်ဆိုင်မှုမျိုးဖြစ်သည်။
ကောင်းကင်ဘုံ၏ဆန္ဒတော်ကို တွန်းလှန်အာခံရန် ခက်ခဲလှပေတည့်။
လိန်ရှင်းနန်သည် ညဥ့်နက်လှပြီဖြစ်သောအချိန်နှင့် ရာသီဥတုအခြေအနေကြောင့် မျက်နှာညိုမှိုင်းလာကာ အံကြိတ်သံဖြင့်ဆိုလိုက်သည်။
"ရပါတယ် ကျွန်မကျင့်ကြံသူပဲ မိုးနည်းနည်းရွာတာလောက်က ကိစ္စမရှိပါဘူး"
ထိုသို့ပြောအပြီး သည်းသည်းထန်ထန်ရွာသွန်းနေသော မိုးအောက်သို့ ပြေးထွက်ရန်ပြင်လိုက်သည်။
ထိုစဥ် နူးညံ့ပျော့ပျောင်းသော လက်လေးတစ်ဖက်က သူမ၏လက်မောင်းအား ဖမ်းဆွဲတားဆီးလိုက်၏။
လော့ချန်းချိုးက စိတ်တိုသွားသောအမူအရာဖြင့် သူမကိုပြောလာသည်။
"အစ်မလိန် ကိုယ့်ခန္ဓာကိုယ်အခြေအနေကို မသိတာလား"
"ကျွန်မ အခုတင်ပဲ အစ်မကို အကြောပြင်နှိပ်နယ်ပေးထားတာလေ။ တကယ်လို့ အခုအအေးမိသွားရင် ကျွန်မ တလျှောက်လုံး ကြိုးစားအားထုတ်ထားသမျှတွေ အလဟဿဖြစ်ကုန်တော့မှာပေါ့။ အစ်မလိန်က ညီမလေးကို ဒီလိုပဲ ဆက်ပြီးပင်ပန်းစေတော့မှာလား"
ထိုစကားကိုကြားတော့ ခေါင်းမာတတ်သောလိန်ရှင်းနန်သည်ပင် မတတ်သာစွာ ဆက်နေဖို့ဆုံးဖြတ်လိုက်ရတော့သည်။
လော့ချန်းချိုးက ညင်သာစွာပြောလိုက်သည်။
"အစ်မလိန်၊ ဒီညမပြန်ပါနဲ့တော့။ ဒီမှာပဲ တစ်ညလောက်တည်းသွားပါ"
"တည်းရမှာလား" လိန်ရှင်းနန်က တအံ့တသြပြန်မေးသည်။
တစ်ညလောက်တည်းရမှာ ကိစ္စမရှိပေသည့် အိပ်ခန်းတစ်ခန်းတည်းရှိသော ဤအိမ်လေးတွင် လူသုံးယောက် ဘယ်လိုများ အိပ်ကြရမည်နည်း။
ခေါင်းအုံးတစ်လုံး စောင်တစ်ထည်တည်းကို သုံးယောက်လောက်မျှအုံး မျှခြုံရမှာလား။ ဒီကုတင်သေးသေးလေးမှာ အရွယ်ရောက်ပြီးလူသုံးယောက်က ဆန့်ရောဆန့်ပါမလား။
ဟမ်၊ ကုတင်က ဒီလောက်တောင်ကြီးတာလား။
လိန်ရှင်းနန်သည် လူသုံးယောက်စာ ကောင်းကောင်းဆန့်သော ကုတင်ကျယ်ကြီးကိုကြည့်ပြီး နေရာတွင် တောင့်ခဲသွားခဲ့သည်။
သို့သော် ချက်ချင်းပင် အခြေအနေကိုနားလည်သွားပြီး မျက်နှာနီနီဖြင့်ဆိုလိုက်သည်။
"မလိုပါဘူး၊ ရှင်တို့နှစ်ယောက်ပင်ပန်းပြီဆို နားနှင့်ကြပါတော့။ ကျွန်မဒီမှာပဲ မိုးစဲချိန်ထိစောင့်နေလိုက်ပါတော့မယ်။ မိုးစဲမှ ကျွန်မဘာသာပြန်သွားတော့မယ်"
"အစ်မကဒီမှာထိုင်နေရပြီး ကျွန်မတို့နှစ်ယောက်သား ဘယ်လိုများအိပ်ပျော်နိုင်မလဲရှင်"
အမျိုးသမီး၏ ခေါင်းမာလှဟန်ရှိသော အရိုးခံစိတ်လေးကြောင့် လော့ချန်းချိုးရင်ထဲ ပို၍ခံစားလာရကာ အကြည့်များကလည်းရှုပ်ထွေးလာသည်။
"နောက်ပြီး ဒီမိုးကလည်း တော်တော်နဲ့ရပ်နိုင်မဲ့ပုံမပေါ်ဘူး။ အစ်မ ဒီမှာပဲတည်းလိုက်ပါ"
"ဒါပေမဲ့... ဒါပေမဲ့ ဒီမှာက..."
လိန်ရှင်းနန်က အိပ်ရာကျယ်ကြီးကိုလှမ်းကြည့်ပြီး စကားပင် ဖြောင့်ဖြောင့်မပြောနိုင်ဘဲရှိလေသည်။
လီနန်ခယ့်က ဝင်ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်အိပ်ကြပါ ကိုယ်က..."
"ယောက်ျားကို ကြမ်းပေါ်အိပ်ခိုင်းလိုက်ရင်ရတာပဲ"
လော့ချန်းချိုးက သူ့စကားကိုဝင်ဖြတ်ပြီး စီစဥ်လိုက်သည်။
ကြမ်းပေါ်အိပ်ရမှာလား။
လီနန်ခယ့် ခေါင်းရှုပ်သွားသည်။
ဆေးဖက်ဝင်အပင်တွေသိမ်းတဲ့ စတိုခန်းထဲမှာ အိပ်ရာနောက်တစ်ခုရှိသေးတယ်မဟုတ်လား။
ခေါက်ခုတင်ဖြစ်သဖြင့် ဇနီးဖြစ်သူက ညအခါ အိပ်ခါနီးအချိန်မှ ဖြန့်ခင်းအိပ်လေ့ရှိသည်ပင်။ သူတို့ အိမ်ထောင်သက်တစ်လျှောက်လုံး ထိုသို့သာအိပ်လာကြသည်မဟုတ်လော။
သူ အူလည်လည်ဖြစ်နေစဥ် ဇနီးဖြစ်သူထံမှ သတိပေးကြည့်နှင့်ကြည့်ခံလိုက်ရသည်။ သတ်ချင်ဖြတ်ချင်စိတ်ကိုပင် ခံစားမိလောက်သည့်အကြည့်။
လီနန်ခယ့် တစ်ချက်တည်းနှင့် ပါးစပ်ပိတ်သွားတော့သည်။
ကောင်းပြီလေ၊ ဆက်သရုပ်ဆောင်ကြတာပေါ့။ ပူးပေါင်းဆောင်ရွက်ပေးဖို့ပဲ လိုတာမလား။
အမှန်အတိုင်းဆိုရလျှင် သူ့ဇနီး ဘာတွေကြိတ်ကြံစည်နေသည်မှန်း သူလုံးဝနားမလည်ပါ။ သို့သော် ကြီးကြီးမားမားတစ်ခုဖြစ်လောက်မည်တော့ သေချာသည်။
"အဲ့လိုကြီးကတော့ မဟုတ်သေးဘူးလေ"
လိန်ရှင်းနန်မှာ အတော်လေး အခက်တွေ့နေဟန်ရလေသည်။
လော့ချန်းချိုးက ပြုံးလိုက်သည်။
"ရပါတယ်၊ ကျွန်မယောက်ျားက မကြာသေးမီက ကျင့်ကြံတာ အလွန်အကျွံဖြစ်သွားလို့ ကျန်းမာရေးသိပ်မကောင်းပေမဲ့ တစ်ခါကဆို မေ့တောင်လဲဖူးတယ်ဆိုပေမဲ့ ဘာမှမဖြစ်ပါဘူးလေ။ သူ့ကို မနက်မှ ဆေးတွေနာနာပြုတ်တိုက်လိုက်ရုံပေါ့"
ထိုစကားကိုကြားတော့ လိန်ရှင်းနန်က ခေါင်းကိုချက်ချင်းခါယမ်းလိုက်သည်။
"မဟုတ်တာ၊ ဒီလိုလုပ် ကျွန်မက ကြမ်းပြင်ပေါ်အိပ်လိုက်မယ်။ ရှင်တို့လင်မယား အိပ်ရာပေါ်အိပ်လိုက်ကြပါ"
လော့ချန်းချိုးက စိတ်မကျေနပ်သေးဟန်ဖြင့် ဆိုသည်။
"ကျွန်မ အခုတင်ပြောခဲ့တာကို အစ်မလိန်မေ့သွားပြီလား။ ဒီည မိုးတွေဒီလောက်သည်းနေတာ၊ ကြမ်းပြင်က ပုံမှန်ထက်ပိုပြီး အေးစိမ့်စိုစွတ်နေမှာ။ တကယ်လို့ အစ်မရဲ့ခန္ဓာကိုယ်မှာ ပြဿနာတစ်ခုခုထပ်ဖြစ်ရင် ကျွန်မရဲ့ ကြိုးစားအားထုတ်မှုတွေအားလုံး တကယ်ပဲ အလဟဿဖြစ်ကုန်တော့မှာ။ အစ်မက အဲ့လိုဖြစ်စေချင်လို့လား"
"ဒါပေမဲ့ ဒါကတော့..."
လိန်ရှင်းနန်မှာ အတွေးများစွာဖြင့် ရှုပ်ထွေးပွေလီကာ အခြေအနေကို ရှင်းလင်းအောင်ဆက်မတွေးနိုင်တော့။
လော့ချန်းချိုးက အောက်နှုတ်ခမ်းကို ခပ်ဖွဖွဖိကိုက်ကာစဥ်းစားရင်း စိတ်လျှော့သလိုပြောလာလေသည်။
"ဒါဆို အစ်မတို့နှစ်ယောက် အိပ်ရာပေါ်အိပ်ပြီး ကျွန်မပဲ ကြမ်းပြင်ပေါ်အိပ်လိုက်ရင်ရော"
"အယ်"
စိတ်ရှုပ်ထွေးနေဟန်ရှိသော လိန်ရှင်းနန်က အလန့်တကြားဖြင့် လက်ကိုအမြန်ဝှေ့ယမ်းလိုက်သည်။
"မဟုတ်တာ မဟုတ်တာ အဲ့လိုမဖြစ်ဘူးလေ"
ဘယ်လိုစကားတွေပြောနေတာပါလိမ့်။
သူတပါးအိမ်မှာ သူတပါးယောက်ျားနဲ့ တစ်အိပ်ရာတည်းအတူအိပ်ပြီး ဇနီးဖြစ်သူကိုတော့ ကြမ်းပြင်ပေါ်အိပ်ခိုင်းရမယ်ဆိုတာ အိမ်ပြင်ထွက်တာနဲ့ မိုးကြိုးတန်းပစ်ခံရမဲ့အလုပ်ပဲ။
ငါ လိန်ရှင်းနန်က အဲ့လို အနိုင်ကျင့်တတ်တဲ့သူမဟုတ်ပါဘူးနော်။
လော့ချန်းချိုးက သက်ပြင်းချသည်။
"ဒီလိုဆိုလို့ တစ်ညလုံးထိုင်နေလို့ကလည်းမဖြစ်ပြန်ဘူးလေ၊ ဒီခုံတန်းလေးကလည်း လူအိပ်လို့ရအောင်မဆန့်ဘူး။ ဒီလိုဆိုတော့လည်း ကျွန်မတို့သုံးယောက် တစ်အိပ်ရာတည်း ပူးကပ်တိုးဝှေ့အိပ်ဖို့သာ ရှိတော့တာပဲ"
ပူးကပ်... ပူးကပ်တိုးဝှေ့အိပ်ရတော့မှာလား။
လိန်ရှင်းနန် မယုံကြည်နိုင်စွာ မျက်လုံးအပြူးသားဖြင့် ကြောင်ရပ်နေမိသည်။
သူမ မျက်နှာတင်းတင်းဖြင့် ဆက်လက်ငြင်းဆိုမည်အပြု လော့ချန်းချိုးက တည်ငြိမ်စွာဆိုလာသည်။
"ကျွန်မနဲ့ ကျွန်မယောက်ျား တစ်ယောက်ယောက်ကို ကြမ်းပေါ်အိပ်ခိုင်းမလား၊ သုံးယောက်အတူအိပ်ခွင့်ပြုမလား၊ အစ်မလိန်ရွေးချယ်ပေးပါ"
"ကျွန်မ..."
လိန်ရှင်းနန်မှာ ဘာပြန်ပြောလို့ပြောရမည် မသိတော့။
တစ်ခုခုလွဲမှားနေသလိုခံစားရပြီး စိတ်အေးအေးထားဖို့လည်း မတတ်နိုင်တော့သည်ပင်။
လော့ချန်းချိုးကလည်း သူမကို တွေးချိန်ပေးမည့်ဟန်မပေါ်ဘဲ ချော့တစ်လှည့် ခြောက်တစ်လှည့်ဖြင့် ကုတင်ဆီဆွဲခေါ်သွားလိုက်သည်။
"အစ်မလိန်ရယ် ဘာမှစိတ်ပူနေစရာမလိုပါဘူး။ ကျွန်မအလယ်မှာအိပ်မှာမလို့ ကျွန်မယောက်ျား မဟုတ်တဲ့အတွေးရှိရင်တောင် ဘာမှလုပ်ရဲမှာမဟုတ်ပါဘူး။ တစ်ညလောက်တော့ ဒီလိုပဲ အဆင်ပြေအောင်နေလိုက်ကြရအောင်ပါ။ ကျွန်မကိုကြောက်နေတာတော့ မဟုတ်ပါဘူးနော်"
"မဟုတ်ပါဘူး ကျွန်မ—"
"ဒါဆိုရပြီလေ၊ အခုတောင် အတော်နောက်ကျလှပြီ။ ယောက်ျားလည်း မနက်ကျ အမှုစုံစမ်းဖို့သွားရဦးမယ်မဟုတ်လား။ သူ့နားချိန်ကို ဆက်မနှောင့်ယှက်တာကောင်းမယ်ထင်ပါတယ်။ ဒီရက်တွေထဲပင်ပန်းလွန်းလို့ သူ့မှာ မေ့တောင်လဲခဲ့သေးတယ်"
"အရင်တစ်ခေါက်ကလည်း မေ့လဲလို့ ခေါင်းထိသွားခဲ့တာလား"
"ဟုတ်ပါ့ရှင်၊ ကဲ စောစောအိပ်ရာဝငလိုက်ကြတာပေါ့။ အစ်မလိန်လည်း မနက်ဖြန် လုပ်စရာတာဝန်တွေ တန်းစီနေတယ်မဟုတ်လား။ ကျွန်မလည်း တောင်ပေါ် ဆေးပင်သွားတူးဖို့ရှိသေးတယ်"
"..."
လိန်ရှင်းနန် အူလည်လည်ဖြင့်ပင် ဖိနပ်များကိုချွတ်လိုက်သည်။
သူမ အသိစိတ်ပြန်ဝင်လာချိန်တွင် အိပ်ရာနှင့်နံရံကပ်လျက်အခြမ်းတွင် လှဲအိပ်နေပြီးလေပြီ။
"ကျွန်မလည်း အပြင်ဝတ်တွေမချွတ်တော့ဘူးနော်။ တစ်ညတစ်လေတော့ အဆင်ပြေသလိုပေါ့"
လော့ချန်းချိုးလည်း ဝတ်စုံပြည့်ဖြင့်ပင် သူမဘေးတွင်လှဲအိပ်လာပြီး စောင်ပါးလေးကို အတူလွှမ်းခြုံလိုက်ကြသည်။
လက်တစ်ဖက်ကို အမျိုးသမီး၏ခါးပေါ် ရစ်ပတ်တင်ထားလိုက်သည်။
သမားတော်မလေး၏ ဆေးပင်ဆေးညွန့်နံ့ရောနေသော ကိုယ်နံ့သင်းသင်းကိုခံစားမိသော် လိန်ရှင်းနန်၏ ရှုပ်ထွေးနေသောခံစားချက်များ တဖြည်းဖြည်းတည်ငြိမ်သွားခဲ့သည်။ သို့တိုင် ပါးနှစ်ဖက်မှာနီရဲနေဆဲဖြစ်ကာ လီနန်ခယ့်ဘက်ကို မကြည့်မိအောင်ရှောင်နေဆဲပင်။
ထားပါလေ၊ တစ်ညတည်းနဲ့တော့ ဘာမှဖြစ်သွားနိုင်စရာမရှိပါဘူး။
အဆင်ပြေမှာပါ။
လိန်ရှင်းနန်က သူ့ကိုယ်သူ စိတ်အေးအောင် ကြိုးစားဖြေသိမ့်နေလိုက်သည်။
"ယောက်ျား၊ မြန်မြန်လာမအိပ်သေးဘဲ ဘာလို့ တောင့်တောင့်ကြီးရပ်နေတာလဲ"
သစ်သားတိုင်ကြီးထောင်ထားသလို မလှုပ်မယှက်ရပ်နေသေးသော ခင်ပွန်းဖြစ်သူကိုမြင်တော့ လော့ချန်းချိုးက ညင်ညင်သာသာအသံလေးဖြင့် ဆူပူသလိုပြောလိုက်သည်။
"ဪ အွန်း"
လီနန်ခယ့် ပါးစပ်ကတုံ့ပြန်လာပေသည့် မျက်လုံးက အိပ်ရာပေါ်မှအမျိုးသမီးနှစ်ဦးထံတွင်သာ ရစ်သီနေကာ လက်တွေ့မဆန်လှသလို ခံစားနေရလေသည်။
ဤသည်မှာ ဇနီးဖြစ်သူနှင့် ပထမဆုံးအကြိမ် တစ်အိပ်ရာထဲ အတူအိပ်ဖူးခြင်းပင်။
ထို့ပြင် အလုပ်ကအထက်လူကြီး တစ်နည်းအားဖြင့် အမျိုးသမီးလှလှလေးတစ်ဦး အပိုပါနေပြန်သေး၏။
လီနန်ခယ့် ဆီမီးအိမ်ကိုငြှိမ်းသတ်ကာ အိပ်ရာဆီသို့ လျှောက်လာလိုက်သည်။
အမျိုးသား၏ ခြေသံများမှာ ပေါ့ပါးတိုးညင်းလှသော်လည်း လိန်ရှင်းနန်၏ နှလုံးသားပေါ်သို့ စည်တီးခတ်နေသကဲ့သို့ ပဲ့တင်ထပ်နေဆဲပင်။ ပျော့ပျောင်းသောကိုယ်ခန္ဓာမှာ မသိစိတ်ကြောင့် အနည်းငယ် တောင့်တင်းသွားရပြီး မျက်လုံးများကို တင်းတင်းဖိပိတ်ထားလိုက်မိသည်။
အမှောင်ထုထဲတွင် လိန်ရှင်းနန်မှာ ဖိအားတစ်စုံတစ်ရာဖြင့် ဖိပိတ်တားဆီးခံထားရသည့်အလား အသက်ရှူရန်ပင်ခက်ခဲလာသည်။
ထိုအမျိုးသမီး၏ အနေရခက်မှုနှင့် တောင့်တင်းမှုကို သတိပြုမိသွား၍ပဲလားမသိ၊ လော့ချန်ချိုးသည် သူမလက်ကို ညင်သာစွာဆုပ်ကိုင်ပေးလာပြီး သူမဘက်သို့ ပိုတိုးကပ်လာသည်။
လိန်ရှင်းနန်သည် မသိစိတ်၏စေစားမှုအရ ထိုအမျိုးသမီး၏လက်ကို တင်းကျပ်စွာ ပြန်လည်ဆုပ်ကိုင်ထားလိုက်မိ၏။
သို့သော် သူမ၏တုံ့ပြန်မှု အတော်လေးလွန်ကဲသွားကြောင်း ချက်ချင်းသတိထားမိလိုက်ပြီး ဆုပ်ထားသောလက်ကို ချက်ချင်းလွှတ်ကာ ဆူပွက်လှုပ်ရှားနေသောခံစားချက်များကို ပြန်လည်ငြိမ်းအေးစေဖို့ကြိုးစားလိုက်သည်။ တစ်ဖက်အမျိုးသမီးဆီမှ အထင်လွဲစရာလည်းမဖြစ်လိုသလို လှောင်ချင်စရာအခြေအနေလည်း မရောက်ချင်။
သူမစိတ်တွင်းမှ ကိုယ့်ကိုယ်ကိုယ် အထပ်ထပ်အားပေးနေလိုက်သည်။
"ရပါတယ် လိန်ရှင်းနန်ရယ်။ တစ်ညလေးတင်ပဲကို အတွေးမလွန်စမ်းပါနဲ့"
"အဆင်ပြေသွားမှာပါ"
"အများကြီးဆက်မတွေးနဲ့၊ နင်စိတ်လှုပ်ရှားနေလေလေ ညီမလေးလော့က ပိုပြီးမသင်္ကာဖြစ်လာလေလေပဲ"
"နေစမ်းပါဦး၊ လီနန်ခယ့်နဲ့ငါ့ကြားလည်း ဘာမရိုးမသားပက်သက်မှုမျိုးမှ မရှိခဲ့တာလေ၊ ငါကဘာကို တမင်တကာဖုံးဖိနေစရာလိုလို့လဲ"
"ဟုတ်တယ် သဘာဝကျကျပဲပေါ့"
"စိတ်အေးအေးထား... စိတ်အေးအေးထား..."
"..."
ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်ပြန်လည်နားချပြီးနောက်မှာတော့ လိန်ရှင်းနန် အစောကလောက် စိတ်လှုပ်ရှားမနေတော့ဘဲ အသက်ရှူသံလည်း ပိုလို့တည်ငြိမ်အေးဆေးလာသည်။
သို့သော် ထိုအမျိုးသား အိပ်ရာပေါ်ကျောချလိုက်ချိန်တွင် သူမနှလုံးသားမှာ ပိုလို့အရိုင်းဆန်စွာ ခုန်လှုပ်လာရပြန်လေပြီ။
ချွေးပေါက်များပင် ပိတ်ဆည်းတောင့်တင်းသွားသကဲ့သို့။
လော့ချန်းချိုးက သူတို့ကြားတွင်အိပ်နေပါသော်လည်း ထိုအမျိုးသားသည် သူမဘေးတွင်ပင်လှဲအိပ်နေသလို ယောင်ဝါးဝါးခံစားမိစေ၏။
"ယောက်ျားရေ၊ စန္ဒကူးနံ့သာအမွှေးတိုင်လေး ထွန်းပေးပါဦး"
အမှောင်ထုထဲမှ လော့ချန်းချိုး၏အသံက နူးနူးညံ့ညံ့ထွက်ပေါ်လာသည်။
လီနန်ခယ့်က ချက်ချင်းထရပ်လိုက်ပြီး လော့ချန်းချိုးကိုယ်တိုင် ဆေးဖက်ဝင်အပင်များဖြင့် ဖော်စပ်ပြုလုပ်ထားသော စန္ဒကူးအမွှေးတိုင်ကိုထွန်းကာ ပြန်လည်လှဲလျောင်းလိုက်သည်။
သုံးဦးစလုံး စကားမဆိုကြသော်လည်း သူတို့၏အသက်ရှူသံများမှာ ပုံမှန်ထက်ထူး၍ ရှင်းလင်းကျယ်လောင်နေကြသကဲ့သို့။
လီနန်ခယ့်အဖို့ စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်ရန် ခက်ခဲလှပေသည်။
အဝတ်အစားများ ခြားနေသော်လည်း သူ့ဇနီးသည်၏ နူးညံ့ပြီး နှင်းကဲ့သို့ဖြူစင်သော အသားအရည်မှ နွေးထွေးမှုမှာ သူ့လက်မောင်းမှတစ်ဆင့် အာရုံကြောများဆီသို့ ရှင်းလင်းစွာ ကူးစက်သက်ရောက်လာပြီး မီးတောက်ငယ်လေးများပမာ အသွင်ပြောင်းကာ ဖုံးကွယ်ထားသော စိတ်အလိုဆန္ဒများကို လာရောက်နှိုးဆွနေကြသကဲ့သို့ ရှိလေ၏။
ထို့ပြင် သူ့မှာ လုံးဝဝေခွဲမရ ဖြစ်နေရသည်။
ဇနီးဖြစ်သူ၏ လုပ်ရပ်များကို သူတကယ် အဓိပ္ပာယ်မဖော်ဆောင်နိုင်သေးပါချေ။
ခန့်မှန်းရခက်လှသည်။ နားလည်ရခက်လှသည်။
ကမ္ဘာပေါ်တွင် မည်သည့်ပုံသေနည်းနှင့်မှ အဖြေရှာလို့မရနိုင်သော သင်္ချာပုစ္ဆာတစ်ပုဒ်ကဲ့သို့။ အသူတရာ ချောက်နက်ကြီးထဲမှ လျှို့ဝှက်ရတနာသေတ္တာ တစ်လုံးကဲ့သို့။