အခန်း (၁၁၈)
Vol. 12 Ch. 118
"အစ်မလိန် အိပ်ပျော်သွားပြီလား"
လော့ချန်းချိုးအသံက တိုးတိုးဖျော့ဖျော့ ထွက်ပေါ်လာသည်။
အမျိုးသမီးက ကြောင်တောင်တောင် စကားပြန်၏။
"အိပ်ပျော်နေပါပြီ"
ထိုစကားလုံးများ လွှတ်ခနဲထွက်ကျသွားပြီးသည်နှင့် လိန်ရှင်းနန်သည် မြေကျင်းနက်နက်တစ်ခုတူးကာ ပူထူနီရဲနေသောမျက်နှာအား မှောက်အပ်ထားလိုက်ချင်စိတ်သာ ရှိတော့သည်။
သူရဲကောင်းဆန်ကာ အေးဆေးတည်ငြိမ်သော သူမပုံရိပ်မှာလည်း အခုတော့ ကူကယ်ရာမဲ့စွာ ကျဆင်းသွားရလေပြီ။ ဤနူးညံ့သိမ်မွေ့သော သမားတော်မလေး၏ရှေ့တွင် သူမမှာ အပြစ်ကိုမဖုံးဖိတတ်သေးသော ကလေးငယ်တစ်ယောက်လို ခံစားတတ်ရသည်ပင်။
"အွန်း ဒါဆိုလည်း အိပ်ပါတော့နော်"
လော့ချန်းချိုးက အားနာပြုံးလေးပြုံးပြကာ မျက်လုံးလှလှများကို မှေးပိတ်လိုက်လေသည်။
အခုလေးတင် စကားမှားမိသည်ကို ရှင်းပြဖို့ပြင်နေသော လိန်ရှင်းနန်လည်း စကားလုံးများကို ပြန်မျိုချလိုက်ရတော့သည်။
ကောင်းကင်ဘုံရယ်၊ ကျွန်မကို မေ့လဲအောင်သာ ရိုက်ချလိုက်ပါတော့။
သူမရင်ထဲ မြည်တမ်းမိသည်။
ရင်ထဲမှလာသော ဆုတောင်းစကားက ကောင်းကင်ဘုံကို လှုပ်ခတ်နိုင်ခဲ့သည်လားမသိ၊ အကြောင်းရင်းမဲ့စွာပင် သူမ တကယ်ကြီးအိပ်မောကျသွားခဲ့သည်။
အတွေးများစွာဖြင့် ရှုပ်ထွေးနေသော လီနန်ခယ့်သည်လည်း တဖြည်းဖြည်းနှင့် ဟောက်သံတိုးတိုး စတင်ထွက်ပေါ်လာခဲ့တော့သည်။
အချိန်အတန်ကြာပြီးနောက် လော့ချန်ချိုး မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်သည်။
သူမ၏ ကြည်လင်သော ကြယ်ပွင့်အလား မျက်ဝန်းအစုံတွင် ရှုပ်ထွေးသော ခံစားချက်တစ်ခု ကိန်းအောင်းနေခဲ့သည်။
သူမ ကိုယ်ကိုလှည့်ကာ အိပ်မောကျနေပြီဖြစ်သော အမျိုးသားကို စိုက်ကြည့်ရင်း မျှစ်စို့လေးကဲ့သို့ နုနယ်လှသော လက်ချောင်းထိပ်လေးများဖြင့် ထိုသူ့ပါးပြင်ကို အသာအယာ ပွတ်သပ်ပေးကာ တိုးတိုးလေး ရေရွတ်လိုက်၏။
“ယောက်ျားရယ်၊ ဒီဘဝမှာ သင့်တော်တဲ့ကြင်ဖော်တစ်ယောက် ဆုံတွေ့ရဖို့ဆိုတာ ခက်ခဲလှပါတယ်။ အစ်မလိန်က မိန်းမကောင်းတစ်ယောက်ပါ။ နောက်ပိုင်း ကျွန်မထွက်သွားတဲ့အခါ သူရှင့်ကို သေချာစောင့်ရှောက်ပေးပါလိမ့်မယ်။ ရှင်တို့နှစ်ယောက် ပျော်ရွှင်နိုင်ကြပါလိမ့်မယ်"
"ကျွန်မကတော့ ဒီအထိပဲ ကူညီပေးနိုင်လိမ့်မယ်"
"ကျန်တာတော့ ရှင့်ဘာသာရှင် လက်သွက်ဖို့ရှိတော့တာပေါ့။ အဲ့လောက်မှမစွမ်းဆောင်နိုင်တော့ရင်လည်း ကံမပါတော့လို့သာ သတ်မှတ်ရမှာပေါ့လေ"
လော့ချန်းချိုးက ကုတင်ပေါ်မှဆင်းကာ စန္ဒကူးနံ့သာအမွှေးတိုင်ကို အသာအယာ ငြှိမ်းသတ်လိုက်သည်။
ထို့နောက် လီနန်ခယ့်၏ကိုယ်ကို အိပ်ရာအတွင်းဘက်သို့ အသာအယာ တွန်းပို့ပေးလိုက်ကာ လိန်ရှင်းနန်နှင့် ပိုမိုနီးကပ်စေပြီးနောက် သူတို့နှစ်ဦး၏လက်များကို တစ်ဦးပေါ်တစ်ဦး ယှက်တင်ပေးလိုက်ရာ မြင်ကွင်းမှာ လက်ထပ်ခါစ ဇနီးမောင်နှံအသစ်စက်စက်နှင့် အလားသဏ္ဍာန်တူလို့သွားတော့သည်။
ဘယ်သူပဲမြင်မြင် ဤရွှေဖူးစာဆုံသည့်မောင်နှံအား ရိုးရိုးသားသား ဆုမွန်ကောင်းတောင်းပေးကြပေလိမ့်မည်။
လော့ချန်းချိုး ဗလာသက်သက်မျက်ဝန်းများဖြင့် ငေးမောနေမိသည်။
သူမကိုယ်သူမ အပြင်လူတစ်ယောက်လို ပိုပြီးခံစားလာရသည်။
လော့ချန်းချိုး တိုးညှင်းစွာ သက်ပြင်းချလိုက်ပြီး ဆေးဖက်ဝင်အပင်များ သိမ်းဆည်းထားသော အတွင်းခန်းထဲသို့ဝင်ကာ ကုတင်အသေးလေးကို ထုတ်ယူဖြန့်ခင်းပြီး လှဲအိပ်လိုက်တော့သည်။
အပြင်တွင် အဆက်မပြတ်ရွာသွန်းနေသော မိုးသံတပေါက်ပေါက်မှာ ခြောက်သွေ့သောမျက်နှာပြင်တစ်ခုကို စုတ်တံကြမ်းဖြင့် ပွတ်တိုက်နေသကဲ့သို့ နားမခံသာရှိလှ၏။
သူမနှလုံးသားအထိပါ လာရောက်ပွတ်တိုက်နေသည့်အလား။
အိပ်ဖို့ကြိုးစားရင်း သူမ ဝမ်းနည်းစပြုလာသည်။
ခေတ္တမျှကြာပြီးနောက် သူမ မနေနိုင်တော့ဘဲ ထိုင်ရာမှထကာ အပြင်ခန်းရှိ ကုတင်ဆီသို့ ရောက်ရှိလာပြီး အချင်းချင်း ပွေ့ဖက်အိပ်စက်နေကြေသော ပုံရိပ်နှစ်ခုကို စိုက်ကြည့်မိရာ ရင်ဘတ်ထဲမှ မွန်းကြပ်အစ်ဆို့နေသော စိတ်ပျက်အားလျော့မှုမှာ အဆမတန် ကြီးမားလာခဲ့သည်။
ဘယ်လိုပဲကြည့်ကြည့် မှားယွင်းနေသော ပုံရိပ်တစ်ခုသာပင်။
လော့ချန်းချိုး သူမကိုယ်တိုင်တင်ယှက်ပေးထားသော လက်များကို သူ့နေရာသူပြန်ထားပေးကာ လူတွေကိုလည်း နည်းနည်းပြန်ခွဲလိုက်သည်။
ထို့နောက် အတွင်းခန်းသို့ဝင်ကာ ထပ်မံအိပ်စက်လေသည်။
သို့သော် အိပ်မပျော်နိုင်သည့်အဆုံး သူမ ထပ်ထလာပြီး အပြင်ခန်းရှိအိပ်ရာဆီသို့ သရဲတစ္ဆေတစ်ကောင်အလား ထပ်မံရောက်ရှိလာပြန်လေသည်။
ဤသို့ တဝဲလည်လည်ဖြစ်နေရသည့်အကြိမ်ရေ အတော်များလာပြီးနောက်၊
နောက်ဆုံးတော့ ဖိနပ်များကို ခုတင်ခြေရင်းတွင်ချွတ်ကာ အလယ်တွင် ပြန်လည်နေရာယူ အိပ်စက်လိုက်လေတော့သည်။
"ကျွန်မရှင့်ကို လက်မလွှတ်နိုင်သေးဘူးထင်ပါရဲ့..."
---
မိုးကြီးမှာ ကျယ်ပြောလှသော အဖြူရောင်ဆန်ကာကြီးတစ်ခုဖြင့် အုပ်ဆိုင်းထားသည့်အလား ထင်ရအောင် သည်းသည်းထန်ထန် သွန်းဖြိုးရွာချနေတော့သည်။
မြေပြိုမှုဒဏ်ကို အလူးအလဲခံထားရပြီးဖြစ်သော လီချန်ဘုရားကျောင်းသည် ဤလေကြီးမိုးကြီးဒဏ်ဖြင့် ပျက်စီးယိုယွင်းနေသော အဆောက်အဦးအိုတစ်လုံး ထပ်မံပြိုကျသွားသည်ကို မြင်တွေ့လိုက်ရပြန်သည်။
ဘုန်းကြီးများမှာ ညကြီးမင်းကြီး အနားမယူနိုင်ကြဘဲ အခြားအဆောက်အအုံများ ထိခိုက်မှုမရှိစေရန် မိုးထဲရေထဲ၌ မြေစာစီးဆင်းမှုကို အတင်းအကျပ် ပိတ်ဆို့တားဆီးနေကြရ၏။
ဘုရားကျောင်းကြီးတစ်ခုလုံး ပရမ်းပတာ ဝရုန်းသုန်းကားပင်။
ဤပရမ်းပတာဖြစ်ရပ်များကြားတွင် ပုံရိပ်တစ်ခုသည် အိတ်တစ်လုံးကိုထမ်းလျက် နောက်ဖေးတံခါးမှ တိတ်တဆိတ်ထွက်ခွာလာပြီး ထောင့်စွန်းရှိ တရားထိုင်ခန်းဆီသို့ လျင်မြန်စွာပြေးလွှားနေခဲ့လေသည်။
တံခါးကိုဖွင့်လိုက်သောအခါ အေးစိမ့်သော လေလှိုင်းတစ်ခု တိုးထွက်လာသဖြင့် ချန်းမင်တစ်ကိုယ်လုံး တုန်ရီသွားရ၏။
အလျားလိုက်လှဲလျောင်းနေသော နက်စွေးစွေးခေါင်းတလားကြီးမှာ ညအမှောင်ကြား ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်ကို ထုတ်လွှတ်နေသည်။
“တပည့်တော်နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ် ဦးရီးတော်ဘုန်းကြီး”
ချန်းမင် လျင်မြန်စွာပင် လက်အုပ်ချီကာရှိခိုးလိုက်သည်။ သူ၏ ပိန်လှီသောခန္ဓာကိုယ်မှာ အခန်းတွင်းရှိ အေးစိမ့်လှသော အငွေ့အသက်ကြောင့်ပဲလား သို့မဟုတ် အေးစက်စိုစွတ်သော မိုးရေများကြောင့်ပဲလားမသိ ပြင်းထန်စွာတုန်ရီနေပြီး မျက်နှာတစ်ပြင်လုံးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြူလျော်နေ၏။
စိတ်ထဲမှ ဂါထာမန္တန်အချို့ကို တိုးတိုးလေး ရွတ်ဆိုပြီးနောက် ချန်းမင်သည် ခေါင်းတလားအဖုံးပေါ်မှ အဆောင်လက်ဖွဲ့ကို ဂရုတစိုက် ဖယ်ရှားလိုက်ပြီး ခေါင်းတလားအဖုံးကို အားဖြင့် တွန်းဖွင့်လိုက်တော့သည်။
ထိုအခါ ခြောက်သွေ့ပါးကပ်နေသော ဘုန်းကြီးတစ်ပါး၏ ရုပ်အလောင်းမှာ မြင်ကွင်းထဲသို့ ဝင်ရောက်လာ၏။
“တောင်းပန်ပါတယ် ဦးရီးတော်ဘုန်းကြီး၊ ချန်းမင်ကို ခွင့်လွှတ်ပေးပါ။ ချန်းမင်မှာ တခြားရွေးချယ်စရာမရှိလို့ပါ၊ တောင်းပန်ပါတယ် ဦးရီးတော်ဘုန်းကြီး...”
ထိုသို့ တိုးတိုးတိုးတိုး ရေရွတ်နေစဉ်မှာပင် ချန်းမင်သည် သယ်လာသောအိတ်ကြီးကို ပင်ပန်းကြီးစွာ မယူလိုက်ပြီး ခေါင်းတလားထဲသို့ တွန်းထည့်လိုက်သည်။
ထိုအိတ်မှာ ခြောက်သွေ့နေသော ရုပ်အလောင်းပေါ်သို့ ကျရောက်သွားခဲ့၏။
လေးလံသောဖိအားကြောင့် အရိုးများ ကျိုးကြေသွားသည့်အသံကို ကြားလိုက်ရသလိုပင်။
မထင်မှတ်ဘဲ အိတ်၏အဝမှာ ပြေလျော့သွားပြီး ကျောက်စိမ်းကဲ့သို့ ချောမွေ့နုနယ်လှသော လက်ချောင်းသွယ်သွယ်လေးတစ်ဖက် ထွက်ကျလာခဲ့သည်။
ဤသည်ကို မြင်လိုက်ရသောအခါ ချန်းမင်၏မျက်နှာမှာ ပိုမိုဖြူလျော်သွားတော့သည်။ သူသည် ထိုလက်ကို အိတ်ထဲသို့ အလျင်အမြန် ပြန်လည်တွန်းထည့်လိုက်ပြီး ဆက်လက်ရေရွတ်နေမိ၏။
“အပြစ်ရှိပါတယ်၊ အပြစ်ရှိပါတယ်။ ဦးရီးတော်ဘုန်းကြီး၊ တပည့်တော်ကို အပြစ်မပေးလိုက်ပါနဲ့။ ဒီတပည့်က အတင်းအကျပ်ခိုင်းစေခြင်းခံရလို့ လုပ်မိတာပါ၊ ဒီတပည့် အမှားကိုသိပါပြီ၊ ဦးရီးတော်ဘုန်းကြီးရဲ့ ခွင့်လွှတ်မှုကို တောင်းခံပါတယ်...”
ချန်းမင်သည် အိတ်ဝကို တင်းတင်းချည်နှောင်လိုက်ပြီး ခေါင်းတလားအဖုံးကိုပြန်ပိတ်ကာ အဆောင်လက်ဖွဲ့ကို ဂရုတစိုက် ပြန်လည်ချည်နှောင်ပေးလိုက်သည်။
ဒါတွေအားလုံးကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးခါမှသာ သူ သက်ပြင်းချနိုင်တော့၏။
ချန်းမင် ခေါင်းတလားဆီသို့ ရိုသေစွာဖြင့် အကြိမ်ကြိမ် ဦးချကန်တော့ပြီးနောက် လှည့်ထွက်ရန် ပြင်လိုက်သည်။
ဒေါင်
ရုတ်တရက်ဆိုသလို မှောင်မိုက်သော အခန်းထဲတွင် သစ်သားငါးရုပ်ကို တောက်လိုက်သည့်အလား ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ချန်းမင် ကြောင်အသွားပြီး မသိစိတ်အရ ခေါင်းလှည့်ကြည့်လိုက်သော်လည်း နက်မှောင်သော ခေါင်းတလားကြီးမှလွဲ၍ ဘာမှမရှိချေ။ ဖော်ပြရခက်သော အအေးဓာတ်တစ်ခုမှာ ဘုန်းကြီးငယ်၏ ကျောရိုးမှတစ်ဆင့် စိမ့်တက်လာခဲ့ပြီး အမှောင်ထုက ပိုမိုနက်ရှိုင်းနစ်ဝင်ကာ သူ့ကိုပါ ဖုံးလွှမ်းပစ်တော့မလို ခံစားလာရသည်။
ဂျိန်း
ပြင်ပတွင် လျှပ်စီးများ လက်ကာ မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့သည်။
မိုးခြိမ်းသံတစ်ချက်မှာ ကောင်းကင်ကြီးပြိုကျပြီး မဟာပထဝီမြေပြင်ကြီး အက်ကွဲသွားသည့်အလား ပြင်းထန်လှသောကြောင့် ချန်းမင်ခမျာ အလန့်တကြားဖြင့် မြေပြင်ပေါ် နောက်ပြန်လဲကျသွားတော့၏။
သို့သော် ထိုအရာမှာ မိုးခြိမ်းသံသက်သက်မျှသာဖြစ်ကြောင်း သဘောပေါက်သွားခါမှ တောင့်တင်းထိတ်လန့်နေသော နှလုံးသားမှာ ပြန်လည်ပြေလျော့သွား၏။ သူသည် နဖူးပေါ်မှ ချွေးအေးများနှင့် မိုးရေများကို ရောသုတ်လိုက်ပြီး တံခါးကို အလျင်အမြန်ပိတ်ကာ ထိုခြံဝင်းငယ်လေးထဲမှ တိတ်တဆိတ် ထွက်ခွာလာခဲ့တော့သည်။
သို့သော်လည်း ချန်းမင် မသိလိုက်သည်မှာ ဘေးတံခါးတစ်ခု၏ အက်ကွဲကြောင်းကြားမှ မျက်လုံးတစ်လုံးက သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့ကြောင်းပင်။
လီနန်ခယ့်သည် ငန်းတစ်ကောင်၏ အာကျယ်ပါကျယ်အော်သံကြောင့် နိုးလာခဲ့သည်။ ပြတင်းပေါက်မှတစ်ဆင့်မြင်ရသော ကောင်းကင်ကြီးမှာ လင်းထိန်ကြည်လင်လှပြီဖြစ်ကာ မိုးလည်းစဲသွားခဲ့ပြီပင်။
ကုတင်ပေါ်တွင် သူတစ်ဦးတည်းသာ အိပ်ပျော်နေခဲ့ခြင်းဖြစ်၏။
လိန်ရှင်းနန်နှင့် လော့ချန်းချိုးတို့မှာ မရှိကြတော့ပေ။
ငန်းမမကြီးသာ ပြတင်းပေါက်အပြင်တွင်ရပ်နေပြီး သူ့ကို တိတ်တဆိတ် အကဲခတ်နေလေသည်။
ကုတင်ပေါ်တွင် ထိုအမျိုးသမီးနှစ်ဦးထံမှ စွဲကျန်ရစ်သော ရနံ့သင်းပျံ့ပျံ့လေးသာ မရှိခဲ့လျှင် လီနန်ခယ့်သည် မနေ့ညကကိစ္စရပ်များကို အိပ်မက်တစ်ခုဟုသာ ထင်မှတ်မိပေလိမ့်မည်။
“ကဲ ကြည့်စမ်း၊ ဒီလိုအလှနတ်သမီးနှစ်ယောက်နဲ့ ကုတင်တစ်ခုတည်းမှာတောင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်တာ၊ ငါဟာတကယ်ကို လူကောင်းတစ်ယောက်ပါပဲလား။"
လီနန်ခယ့် မိမိကိုယ်ကို ဂုဏ်ယူဝံ့ကြွားစွာ ရယ်မောလိုက်သည်။
သူသည် ငြှိမ်းသတ်ထားပြီးဖြစ်သော စန္ဒကူးနံ့သာအမွှေးတိုင်ကို လှမ်းကြည့်လိုက်ပြီး ဖိနပ်ကိုစီးကာ တံခါးမှတစ်ဆင့် လျှောက်ထွက်လာခဲ့၏။
မိုးရေဖြင့် ဆေးကြောသန့်စင်ထားပြီးသော ကောင်းကင်ကြီးမှာ အလွန်အမင်း ပြာလွင်တောက်ပနေပြီး လေထုမှာလည်း လန်းဆန်းကာ သက်သောင့်သက်သာ ရှိလှပေသည်။ အဝေးဆီသို့ လှမ်းကြည့်လိုက်သောအခါ တောင်တန်းများသည် မြူနှင်းများနှင့် တိမ်တိုက်များကြားတွင် ပုန်းကွယ်နေကြပြီး မြင်ကွင်းမှာ ရေဆေးပန်းချီကားတစ်ချပ်နှင့် အလားသဏ္ဍာန်တူလှပေသည်။
“ယောက်ျား နိုးပြီလား”
ရင်းနှီးနေသော အပြုံး၊ ရင်းနှီးနေသော အသံ၊ ရင်းနှီးနေသော မနက်ခင်းပုံရိပ်။
ထိုအမျိုးသမီးသည် သူ့ဘဝဇာတ်ကြောင်းထဲတွင် သေတပန်သက်တဆုံး တူယှဥ်တွဲကာ ပုံဖော်ထွင်းထုထားသော အမှတ်အသားတစ်ခုအလား စွဲထင်နေလွန်းသောကြောင့် တစ်နေ့နေ့တွင် သူမသာ မရှိတော့လျှင် ကြုံတွေ့ရမည့် အထီးကျန်ဆန်မှုကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။
“အစ်မလိန်ရော”
အထက်လူကြီးလှလှလေးတော့ မရှိတော့ပေ။
“သူ မနက်စောစောကတည်းက ပြန်သွားပြီလေ”
လော့ချန်းချိုးသည် ပြင်ဆင်ထားသော မနက်စာကို ယူဆောင်လာပေးရင်း မတတ်သာစွာ ညည်းညူလာသည်။
"အစ်မက မနက်စာတောင်ဝင်စားမသွားဘူးလေ"
"သူက အမြဲအဲ့လိုပါပဲ"
လီနန်ခယ့်သည် စားပွဲဘေးကငွေလှံကို ကောက်ကိုင်လိုက်ပြီး အားဖြင့် အကြိမ်အနည်းငယ် ဝှေ့ယမ်းလိုက်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒီနေ့က တစ္ဆေနတ်ဘုရားလှံတော်ရှင် သူ့လှံကို ပြန်လာယူမယ့်နေ့ပဲ။ ကြည့်ချင်သေးတယ်၊ ဒီလောက်နာမည်ကြီးလှတဲ့ တစ္ဆေနတ်ဘုရားလှံတော်ရှင် တကယ်ပဲ ဘယ်လောက်အထိစွမ်းလဲဆိုတာကိုပေါ့။”