လှံသွားရှင်
Vol. 12 Ch. 119
မနက်စာ စားသောက်ပြီးနောက် လီနန်ခယ့်သည် ပိဿာချိန်ငါးဆယ်ခန့်လေးလံသော ငွေလှံကြီးကို ထမ်း၍ ပိုင်ယွင်စားသောက်ဆိုင်သို့ ထွက်ခွာလာခဲ့ကာ ဒုတိယထပ်ရှိ သီးသန့်ခန်းထဲသို့ လှမ်းဝင်လိုက်သည်။
သူ၏နောက်တွင် မျက်လုံးပင်ကောင်းကောင်းမပွင့်သေးဟန်တူသော ယုန်မလေးမုန့်က အိပ်ချင်မူးတူး လိုက်ပါလာလေသည်။
ဤမိန်းကလေး အတူလိုက်ပါလာရခြင်းမှာ လိန်ရှင်းနန်၏ စီစဉ်ညွှန်ကြားမှုကြောင့် ဖြစ်၏။
အကြောင်းပြချက်ကတော့ ရိုးရှင်းသည်။ လီနန်ခယ့်သည် အမှုစစ်ဆေးရာတွင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သော်လည်း ညကင်းလှည့်တပ်ဖွဲ့ကလူများမှာ အားကိုးလောက်စရာမရှိသောကြောင့် ယုန်မလေးမုန့်ကို ခွန်အားဗလအရာတွင် အားကိုးရအောင် ထည့်ပေးလိုက်ခြင်းပင် ဖြစ်သည်။
မဟုတ်လည်း အလုပ်မရှိအကိုင်မရှိ လတ်လျားလတ်လျားဖြစ်နေမည့်အတူတူ လီနန်ခယ့်အတွက် ကိုယ်ရေးအရာရှိလေးဖြစ်ရခြင်းက မဆိုးလှပေ။
သီးသန့်ခန်းထဲတွင် နျဲ့ယင်းက ကြိုတင်စောင့်ဆိုင်းနှင့်သည်။
သူမကတော့ ထုံးစံအတိုင်း အထာမပျက်ပင်။
ထိုအမျိုးသမီးသည် လက်ကို ဟန်ပါပါပိုက်လျက် ပြတင်းပေါက်တွင်မှီ၍ လမ်းမပေါ်ကလူများကို လိုက်ကြည့်နေသည်။ သွယ်လျကျစ်လျစ်သော ခြေတံရှည်ကြီးများကြောင့် ခန္ဓာကိုယ်အချိုးအစားမှာ အလွန်ပင် မြင်သာထင်ရှားနေပြီး လျင်မြန်ဖျတ်လတ်သော ကျားသစ်မတစ်ကောင်နှင့် အလားသဏ္ဍာန်တူလှ၏။
"ရောက်မလာရင် အိမ်အထိလာရှာတော့မလို့ တွေးနေတာ"
နျဲ့ယင်းက ယုန်မလေးမုန့်ကို တစ်ချက်လှမ်းကြည့်၍ အေးတိအေးစက်ဆိုသည်။
လီနန်ခယ့်သည် နှစ်ပိုင်းဖြုတ်ထားသော ငွေလှံကြီးကို စားပွဲပေါ်သို့တင်လိုက်ပြီး ရေနွေးကြမ်းခွက်ကို ယူကာ အငမ်းမရ နှစ်ငုံခန့်သောက်လိုက်ပြီးမှ အမောတကောဖြင့် ဆိုလိုက်သည်။
"အားလားလား ဒီကောင်ကြီးက တကယ်လေးတာပဲ။ ဒီလိုလက်နက်မျိုးကို အရူးပဲသုံးလိမ့်မယ်"
“ပျော့ညံ့လိုက်တာ”
အမျိုးသမီးက ပန်းရောင်ဖျော့နှုတ်ခမ်းကို မသိမသာမဲ့ကာ စကားတစ်ခွန်းကို ပြောချလိုက်သည်။
လီနန်ခယ့် ဒေါသထွက်သွားပြီး စိန်ခေါ်လိုက်သည်။
"ဒါဆိုကျွန်တော်နဲ့ တစ်ပွဲလောက်စမ်းထိုးကြည့်မလား"
နျဲ့ယင်းက သူ့ကို အဖက်လုပ်မနေတော့ဘဲ အကြည့်ကို လမ်းမဘက်ဆီပြန်ပို့ကာ တစ္ဆေနတ်ဘုရားလှံတော်ရှင်၏ အရိပ်အယောင်ကို ဆက်လက်ရှာဖွေနေတော့သည်။
ယုန်မလေးမုန့်သည်လည်း အခန်းထဲ ဝင်လာကတည်းက နျဲ့ယင်းကို လောကွတ်စကားပင် တစ်ခွန်းမျှမဆိုဘဲ စားပွဲပေါ်တွင်ခေါင်းတင်ကာ ချက်ချင်းအိပ်ပျော်သွားခဲ့သည်။
ဖရဲသီးနှစ်လုံးကိုလည်း စားပွဲပေါ် ပုံ့ပုံ့အိအိ တင်ထားသေးလျက်။
ထိုအရာများကို ခေါင်းအုံးအဖြစ်သုံးလို့မရလျှင်တောင်မှ သက်တောင့်သက်သာအိပ်ပျော်ဖို့တော့ ကောင်းကောင်းအကူအညီပေးနိုင်သည်လေ။
"ခင်ဗျားဘက် ဘာထူးခြားသေးလဲ"
လီနန်ခယ့် ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး ပြင်ပရှိ လမ်းသွားလမ်းလာများကို စိုက်ကြည့်ရင်း မေးလိုက်သည်။
နျဲ့ယင်း ခေါင်းခါပြလိုက်ပြီး ပြန်မေးသည်။
"ရှင့်ဘက်ရော အဲ့လှံကိုစစ်ဆေးပြီး ဘာတွေတွေ့ခဲ့လဲ"
"ဒါတွေက လုံးဝအစစ်ဖြစ်ရမယ်"
“ဘာ”
“ကျွန်တော်ပြောတာက ဒီလှံက တစ္ဆေနတ်ဘုရားလှံတော်ရှင်ရဲ့ လက်နက်အစစ်အမှန် ဖြစ်ရမယ်လို့ ဆိုလိုတာ”
အမျိုးသားက တည်ကြည်စွာ ဆိုလေသည်။
နျဲ့ယင်းက တစ်ဖက်လူကို အရူးတစ်ယောက်ကိုကြည့်သလို ကြည့်လိုက်ပြီး ထပ်မေးလာသည်။
“ရှင်ကျွန်မဆီကနေ အဲ့လှံကိုတောင်းသွားတာ အတုအစစ်ခွဲဖို့သက်သက်ပဲလား"
လီနန်ခယ့် လက်နှစ်ဖက်ကိုဖြန့်ပြကာ ဆိုသည်။
“မဟုတ်ရင် ဘာရှိဦးမှာလဲ၊ အဲ့ထက်ပိုအရေးကြီးတာ ရှိသေးလို့လား"
“ဟက်...”
နျဲ့ယင်း၏ တင်းပြတ်ပြတ်မျက်နှာတွင် ဆွံ့အသွားသော အရိပ်အယောင်များ ထင်ဟပ်သွားပြီး နောက်ဆုံးတွင်မူ သူမကိုယ်သူမ လှောင်ပြောင်သည့်သဘောဖြင့်သာ ရယ်မောမိတော့သည်။
သူမမှာတော့ တစ်ဖက်လူက တစ်ခုခုကြီးကြီးမားမား ရှာဖွေတွေ့ရှိလာလိမ့်မည်ဟု ထင်မှတ်ကာ တစ်ညလုံး မျှော်လင့်ချက်များဖြင့် အချိန်ကုန်ခဲ့ရသည် မဟုတ်ပါလော။
လီနန်ခယ့်က ဆက်ပြောသည်။
“ဒါက တစ္ဆေနတ်ဘုရားလှံတော်ရှင်ရဲ့ လက်နက်အစစ်ဖြစ်ကြောင်း အတည်ပြုနိုင်မှသာ နောက်ဆက်တွဲအခြေအနေကို ကျွန်တော်ခန့်မှန်းလို့ရမှာ။ တကယ်လို့ လှံကအတုဆိုရင် သူရောက်လာမှာမဟုတ်ဘူး။ တကယ်လို့ လှံက အစစ်ဖြစ်ပြီး သူပေါ်မလာသေးဘူးဆိုရင်တော့ ဒါဟာ—”
“သူပေါ်လာလိမ့်မယ်”
နျဲ့ယင်း၏ လေသံမှာ အလွန်အမင်းသေချာနေခဲ့သည်။
လီနန်ခယ့် ထပ်ရှင်းမပြတော့ဘဲ မေးလိုက်သည်။
“ခင်ဗျား တစ္ဆေနတ်ဘုရားလှံတော်ရှင်ရဲ့ မျက်နှာအစစ်ကို မြင်ဖူးလား”
“မမြင်ဖူးဘူး”
“ဒါဆို ယန့်ဓားနှစ်လက်၊ ဝမ်ဝူယာတို့ရော မြင်ဖူးကြလား”
“သူတို့လည်း မြင်ဖူးမှာမဟုတ်ဘူး”
“ဒါဆို တစ်ဖက်လူက တစ္ဆေနတ်ဘုရားလှံတော်ရှင် ဖြစ်တယ်ဆိုတာကို ခင်ဗျားတို့ ဘယ်လိုလုပ်ပြီး အတည်ပြုလဲ”
လီနန်ခယ့်၏ မျက်နှာချောချောထက် အဓိပ္ပာယ်ပါသောအပြုံးတစ်ခု ပေါ်လာသည်။
“ဒီလှံကို အခြေခံပြီး သတ်မှတ်ကြတာပဲမဟုတ်လား"
နျဲ့ယင်းက ဆိုသည်။
“မှန်တယ်။ လှံရှိရင် လူရှိတယ်၊ လူသေရင် လှံလည်းကျိုးမယ်။ ဒီလှံက သူ့ရဲ့ အခိုင်မာဆုံးသော သက်သေအထောက်အထားပဲ"
“ကောင်းပြီ၊ ဒါဆို ကျွန်တော်တို့ ဆက်ပြီးစောင့်ကြည့်ကြတာပေါ့”
အမျိုးသမီး၏ အဖြေကို မစောင့်တော့ဘဲ လီနန်ခယ့်သည် ယုန်မလေးမုန့်၏ဘေးတွင် ဝင်ထိုင်ကာ ရေနွေးကြမ်းကို ဖြည်းညှင်းစွာသောက်နေလိုက်သည်။
သူသည် နံဘေးရှိမိန်းကလေးနှင့် စကားစမြည်ပြောဆိုချင်သော်လည်း မထင်မှတ်စွာပင် အသက်ရှူသံတိုးတိုးကြားမှ ရောပါလာသော ဟောက်သံသဲ့သဲ့လေးကို ကြားလိုက်ရ၏။
အိပ်ပျော်သွားပြန်ပြီ ဟုတ်လား။
လီနန်ခယ့် အကြီးအကျယ် အံ့အားသင့်သွားရသည်။
ထိုမိန်းကလေး၏ ချစ်စဖွယ်ဝိုင်းစက်သော မျက်နှာလေးမှာ လက်မောင်းပေါ်တွင် ဖိတင်အိပ်ပျော်နေခြင်းကြောင့် အိအိစက်စက်နှင့် အနည်းငယ် ပုံပျက်နေပြီး အပြစ်ကင်းစင်ကြယ်ပုံလေးပေါက်နေပါသော်ငြား ရင်ဘတ်ဆီမှလျှံထွက်ကျနေသော အစိုင်အခဲနှစ်ခုနှင့် ပါးစပ်ကြားမှ စီးကျနေသော တံတွေးကြောင်းလေးက ချစ်စဖွယ်ကောင်းမှုကို ဖျက်ဆီးသွားခဲ့လေသည်။
“ဦးနှောက်လည်းမရှိ နှလုံးသားလည်းမရှိတဲ့ဟာလေး၊ ဒါကြောင့် ဘာဖြစ်ဖြစ် သူကအမြဲပျော်နေနိုင်တာပေါ့"
လီနန်ခယ့်သည် ထိုမိန်းကလေးကို ဘေးမှကြည့်ကာ အတိအကျ ဝေဖန်အကဲဖြတ်နေလိုက်သည်။
အချိန်များ တစ်ရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။
မနက်ခင်း နေဝန်းနီကြီးမှသည် မွန်းတည့်ချိန်အထိ ကုန်လွန်သွားခဲ့ပြီး လမ်းမပေါ်က လမ်းသွားလမ်းလာများလည်း တစ်သုတ်ပြီးတစ်သုတ် ပြောင်းလဲသွားခဲ့သည်။
သို့သော်လည်း တစ္ဆေနတ်ဘုရားလှံတော်ရှင်ကတော့ အရိပ်အယောင်လေးပင် ပြမလာခဲ့သေး။
ယုန်မလေးမုန့်သည် ဆာလောင်မွတ်သိပ်မှုကြောင့် တစ်ရေးနိုးလာခဲ့၏။ ထို့နောက် စားသောက်ဆိုင်မှ ဟင်းကောင်းများကို အားရပါးရ မှာယူစားသောက်ပြီးနောက် ပြန်လည်အိပ်ပျော်သွားသဖြင့် လီနန်ခယ့်မှာ ဤမိန်းကလေးတော့ ယုန်ပေါက်လေးဘဝမှ ဝက်ပေါက်လေးဘဝသို့ ကူးပြောင်းသွားလေသလားဟုပင် တွေးမိရသည်အထိ။
အချိန်စီးကြောင်းကြီးက တိတ်ဆိတ်စွာ ဆက်လက်စီးဆင်းနေခဲ့သည်။
နောက်ဆုံးတွင် နေဝင်ရီတရောအချိန်သို့ ရောက်ရှိလာခဲ့ပြီး ကောင်းကင်ယံအစွန်းမှ နေမင်း၏ နောက်ဆုံးချန်ရစ်သော ပုစွန်ဆီရောင်အရိပ်အယောင်များပါ ပျောက်ကွယ်သွားသည်အထိ။
သူတို့သုံးယောက်လုံး ဤသီးသန့်ခန်းထဲတွင် တစ်နေကုန်နီးပါး စောင့်ဆိုင်းခဲ့ရပြီးဖြစ်၏။
တစ်နေကုန် အိပ်မောကျထားသဖြင့် အိပ်ရေးကောင်းကောင်းဝသွားဟန်ရှိသော ယုန်မလေးမုန့်က မေးစေ့ကို လက်နှစ်ဖက်ဖြင့်ထောက်ကာ ပျင်းရိလေးတွဲ့စွာဆိုသည်။
“ကျွန်မတို့ မိုးလင်းတဲ့အထိ ဆက်စောင့်နေရမှာလား။ ကျွန်မထင်တာတော့ အဲ့ဒီတစ္ဆေနတ်ဘုရားလှံတော်ရှင်ဆိုတဲ့လူက ရှင်တို့ကို သက်သက်လှည့်စားနေတာပဲဖြစ်ရမယ်"
နျဲ့ယင်းသည် ပြတင်းပေါက်တွင် မလှုပ်မယှက်ရပ်လျက် လမ်းမဆီသို့ တိတ်တဆိတ်စောင့်ကြည့်နေဆဲ ဖြစ်သည်။
ထိုမျက်နှာမှာ အမြဲတစေ တည်ငြိမ်အေးစက်ကာ တင်းမာလှလွန်းသည်ပင်။
လီနန်ခယ့် ချောင်းဟန့်လိုက်ပြီး လှမ်းမေးလိုက်သည်။
“ဒါဆိုရင် အခု ကျွန်တော်တို့ ကောက်ချက်ချလို့ရပြီ။ တစ္ဆေနတ်ဘုရားလှံတော်ရှင်က အပြောနဲ့အလုပ်ညီတဲ့သူ၊ ယုံကြည်ရတဲ့သူ မဟုတ်ဘူး။ အဲ့လိုမှမဟုတ်ရင် ဒီတစ်ယောက်က လှံတော်ရှင်အတုပဲဖြစ်မှာပေါ့။ တပ်မှူးနျဲ့ရော ဘယ်လိုထင်လဲ"
“မိန်းကလေး”
နျဲ့ယင်းသည် ရုတ်တရက် ယုန်မလေးမုန့်ကိုလှည့်ကြည့်ကာ ခပ်အေးအေးဆို၏။
"ဒီပျော့ညံ့လွန်းတဲ့ မင်းသားချောလေးကို ကာကွယ်ပေးထားလိုက်ဦး"
"ခင်ဗျား—"
လီနန်ခယ့်တစ်ယောက် စကားမဆုံးသေးမီ နျဲ့ယင်းသည် ပြတင်းပေါက်မှတစ်ဆင့် ရုတ်တရက် ခုန်ထွက်သွားတော့သည်။
သူ ပြတင်းပေါက်ဆီသို့ အပြေးအလွှား သွားကြည့်လိုက်သောအခါ ထိုအမျိုးသမီးသည် အိမ်ခေါင်မိုးများပေါ်တွင် အရှိန်အဟုန်ဖြင့် ခုန်ပျံပြေးလွှားနေပြီး သူမ၏ ခြေတံရှည်ကြီးများမှာ စပရိန်တပ်ထားသကဲ့သို့ ဖျတ်လတ်သန်မာလှကာ လေပြင်းတစ်ခုအရှိန်အဟုန်ဖြင့် အရှေ့မှ ဝတ်စုံနက်ဝတ် အဖိုးအိုတစ်ဦးနောက်သို့ လိုက်လံဖမ်းဆီးနေကြောင်း မြင်တွေ့လိုက်ရသည်။
“ယုန်မလေးမုန့် ဒီလှံကို သေချာစောင့်ကြည့်ထား”
လီနန်ခယ့်သည်လည်း နျဲ့ယင်းအတိုင်းပင် ပြတင်းပေါက်မှတိုက်ရိုက်ခုန်ချကာ ပြေးလိုက်သွားတော့သည်။
ဝုန်း
အောက်ထပ်ရှိ ဟင်းသီးဟင်းရွက်ဆိုင်မှာ ဒုတိယထပ်မှ လူတစ်ယောက်ပြုတ်ကျလာသော အရှိန်ကြောင့် ကျွမ်းထိုးမှောက်ခုံဖြစ်သွားပြီး ဟင်းသီးဟင်းရွက်များလည်း မြေပြင်ပေါ်သို့ ဖရိုဖရဲ လွင့်စင်သွားတော့သည်။
ဆိုင်ပိုင်ရှင်မှာ ဆွံ့အလျက် သူ့ကိုသာ အကြောင်သားစိုက်ကြည့်နေလေသည်။
"ကန်တော့ ကန်တော့"
လီနန်ခယ့်သည် ခေါင်းပေါ်က ဟင်းရွက်များကို ခါချလိုက်ပြီး ကြေးပြားအချို့ပစ်ချကာ နျဲ့ယင်းထွက်ခွာသွားသော လမ်းကြောင်းအတိုင်း အလျင်အမြန် လိုက်လံဖမ်းဆီးတော့သည်။
ခြေလှမ်းအနည်းငယ်လောက်သာ ပြေးပြီးချိန်လောက်တွင် သူ၏လက်မောင်းကို တစ်စုံတစ်ယောက်က လှမ်းဆွဲလိုက်ပြီး လေထဲသို့မြှောက်တင်ခြင်း ခံလိုက်ရသည်။
ထိုသူမှာ နောက်မှအတူလိုက်ပါလာသော ယုန်မလေးမုန့်ပင်။
ယုန်မလေးက ထိုငွေလှံအရှည်ကြီးကို ကျောပေါ်တွင် ဘာမှမဟုတ်သလို ပေါ့ပါးစွာထမ်းပိုးထားသည်။
“ရှင်ကတော့တကယ်ကို ကိုယ့်အသက်ကိုယ်တန်ဖိုးမထားတာပဲ။ တကယ်လို့ ဒါက ရှစ်ထပ်တိုက်ဆိုရင်ရော ရှင်ခုန်ချဦးမှာလား”
မိန်းကလေးက သူ့ကို စနောက်ချင်သလိုကြည့်လိုက်ပြီး ဆိုသည်။
လီနန်ခယ့် ပြန်ပြောရန်ပြင်လိုက်သော်လည်း ပါးစပ်ဟလိုက်သည်နှင့် လေပြင်းများတိုးဝင်လာပြီး အသက်ရှူကျပ်မတတ် ခံစားလိုက်ရသဖြင့် ချက်ချင်း ပါးစပ်ပိတ်လိုက်ရကာ စကားမဆိုဝံ့တော့ပေ။
ယုန်မလေးမုန့်၏ တိုက်ရည်ခိုက်ရည်မှာ နျဲ့ယင်းကိုမမီသော်လည်း ကိုယ်ဖော့ပညာမှာမူ အလွန်ပင် ချီးကျူးဖွယ်ကောင်းလှပေသည်။ ညကင်းလှည့်တပ်ဖွဲ့တွင် လက်ခံရသောတာဝန်များစွာကြား အန္တရာယ်နီးလာလျှင် ထွက်ပြေးလွတ်မြောက်ရန် လေ့ကျင့်ထားသော အသက်ကယ်ပညာဖြစ်ရပေမည်။
“ဟားဟား အစ်မလိန်ပြောတာမမှားဘူး။ ရှင်ကတကယ်ကို အရူးတစ်ပိုင်း ပါရမီရှင်တစ်ပိုင်းပဲ"
ယုန်မလေးမုန့်သည် ထိုအမျိုးသား ဤမျှအထိ ဖရိုဖရဲဖြစ်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ ဆန်းသစ်သလိုခံစားရပြီး မစနောက်ဘဲ မနေနိုင်တော့ပေ။
“ရှင်က အခြေခံအကျဆုံး ဒန်ထျန်ထဲစွမ်းအင်စုစည်းတာတောင် မလုပ်နိုင်ဘူးဆို။ အဲ့လောက်ကတော့ ငါးနှစ်သားတောင်လုပ်တတ်တာကို"
လီနန်ခယ့်သည် ရုတ်တရက် ထိုမိန်းကလေး၏ နူးညံ့ပြီး ပြည့်ဖြိုးလှသော ခါးလေးကို တင်းတင်းဖက်ထားလိုက်သည်။
“ဟေး ရှင်ဘာလုပ်တာလဲ”
ထိုမိန်းကလေးမှာ လေထဲတွင် ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။
လီနန်ခယ့်သည် သူမ၏ရင်ခွင်ထဲသို့ ခေါင်းနှစ်ထားရင်း ရေရွတ်လိုက်၏။
“ကျွန်တော်ကြောက်တတ်လို့ပါ။ မမလေး ကျွန်တော့်ကိုမခြောက်ပါနဲ့ ဖြည်းဖြည်းချင်းသွားပေးနော်။"
"တော်တော်ကြောက်တတ်တဲ့လူကြီး"
မိန်းကလေး၏ ဖြူဖြူဖောင်းဖောင်းပါးပြင်လေးနှစ်ဖက်မှာ နီရဲသွားရကာ စကားဆက်မပြောတော့ဘဲ ဆက်သွားဖို့သာအာရုံစိုက်လိုက်သည်။
သို့သော် တဖြည်းဖြည်းနှင့် တစ်ခုခုမှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
ထိုအမျိုးသား၏ နှာဝမှ စီးဆင်းထွက်လာသော ထွက်သက်ပူပူများမှာ သူမ၏အင်္ကျီစကိုဖြတ်ပြီး နုနယ်သော ရင်ဘတ်အသားအရည်ပေါ်သို့ ကျရောက်လာရာ ခံစားချက်မှာ အလွန်ပင်ဆန်းပြားပြီး သက်သောင့်သက်သာမရှိလှပေ။ အရေပြားထဲ ပိုးကောင်ငယ်လေးများ တွားသွားနေသကဲ့သို့ တဆစ်ဆစ်တရွရွ။
ခန္ဓာကိုယ်အပူချိန်လည်း တဖြည်းဖြည်းတိုးလာသည်ကို ခံစားမိလာ၏။
ထို့နောက် ပါးပြင်များ ပို၍ပင်နီရဲပူပြင်းလာသည်ကို ခံစားလိုက်ရပြန်သည်။ စိတ်တိုတိုဖြင့် ဆဲရေးတိုင်းထွာချင်လာသော်လည်း လီနန်ခယ့်ကြည့်ရသည်မှာ အတော်လေးကြောက်လန့်နေပုံရသဖြင့် သူ့စိတ်သူ ပြန်ထိန်းထားလိုက်သည်။
ကံကောင်းစွာဖြင့်ပင် သူတို့ သိပ်မကြာခင်မှာပဲ နျဲ့ယင်းကို မှီသွားခဲ့ကြသည်။
မြို့တံခါးနှင့် မလှမ်းမကမ်းရှိ တောအုပ်လေးထဲတွင် မြေပြင်ပေါ်၌ အလောင်းအချို့ပြန့်ကျဲနေပြီး အေးစိမ့်သော လေပြင်းထဲတွင် သွေးညှီနံ့များက ပြင်းစွာလွင့်ပျံနေသည်။
နျဲ့ယင်းသည် ဝတ်စုံနက်ဝတ် အဖိုးအိုတစ်ဦးနှင့် ရင်ဆိုင်တိုက်ခိုက်နေ၏။
ထိုအဖိုးအိုသည် ဓားနှစ်လက်ကို ပြိုင်တူကိုင်ဆောင်ထားပြီး ထက်မြက်စူးရှသော မျက်နှာထား၊ သွယ်လျသော ခန္ဓာကိုယ်ရှိကာ သာမန်အဖိုးအိုများကဲ့သို့ ခါးရှိုက်ခါးကုန်းခြင်းမရှိဘဲ ထူးခြားသော အရှိန်အဝါတစ်ခုကို ဆောင်သည်။