အခန်း ၁၈၃
Vol. 19 Ch. 183
အခန်း ၁၈၃ - ချိုးယွီနင်နောက်သို့ ခြေရာခံခြင်း
ချန်လော့နှင့် ချင်မုတို့ ထွက်ခွာသွားပြီး သိပ်မကြာခင်မှာပင် ယန်ချုံထျန်း၊ ကျောက်မန်နှင့် အခြားသူများလည်း နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါလာကြသည်။
“မင်းတို့က ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ”
ချန်လော့သည် မိမိနောက်သို့ လိုက်လာသော လူသုံးယောက်ကို တအံ့တဩ ကြည့်ရင်း သံသယစိတ်ဖြင့် မေးလိုက်သည်။
ဤလူသုံးယောက်သည် ပုံမှန်အားဖြင့် သူနေ့တိုင်း အနိုင်ကျင့်နေကျလူများ ဖြစ်သည်။ ယခု လျှို့ဝှက်နယ်မြေခရီးစဉ်တွင် သူနှင့် ဝေးဝေးနေကြလိမ့်မည်ဟု ထင်ထားသော်လည်း အမှတ်မထင် နောက်ကနေ လိုက်လာကြသေးသည်။
‘ဒီကောင်တွေ... တစ်ပတ်ရိုက်ခံရတာကို သဘောကျတဲ့ ဗီဇများ ရှိနေကြတာလား...’
လူတိုင်း တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ယန်ချုံထျန်း၏ ပုံစံမှာ အားကိုးရာမဲ့နေသည့် ပုံစံမျိုး ဖြစ်နေ၏။
သူတို့ ဤနေရာသို့ရောက်လာခြင်းမှာ ချန်လော့ကြောင့် မဟုတ်ဘဲ ချင်မုပါ ရှိနေသောကြောင့် ဖြစ်သည်။ မိမိတို့မျိုးဆက်တွင် အသန်မာဆုံးဖြစ်သည့် ချင်မုသာ အနားမှာရှိနေလျှင် အနည်းဆုံးတော့ ပြဿနာအချို့ကို ကူညီဖြေရှင်းပေးနိုင်မည် မဟုတ်လော။
စောစောကလည်း ချန်လော့နှင့် ချင်မုတို့သည် ဖြောင့်မတ်သောတာအိုဂိုဏ်းသားများကို သတ်ဖြတ်ခဲ့ကြသေးသည်။ ထိုဂိုဏ်းသားများ သေဆုံးမှုကြောင့် နှစ်ဖက်အကြား ဆက်ဆံရေးကို ချက်ချင်း တင်းမာသွားစေခဲ့ပြီး ပဋိပက္ခတစ်ခု ဖြစ်ပွားတော့မည့် အရိပ်အယောင်များပင် ပြသနေသည်။
ထို့အပြင် ချင်မု ထွက်ခွာသွားပြီးနောက် ယန်ချုံထျန်းခမျာ ထိပ်ဆုံးနေရာကို မဖြစ်မနေ လွှဲပြောင်းရယူခဲ့ရသဖြင့် ဖြောင့်မတ်သောတာအို အဖွဲ့အစည်းအများစုက သူ့ကို မဖြစ်မနေ သတ်ရမည့် ပစ်မှတ်အဖြစ် သတ်မှတ်ထားကြလေ၏။
ယန်ချုံထျန်း လမ်းလျှောက်လာစဉ်တွင် ဖြောင့်မတ်သောတာအိုဘက်မှ လူများက သူ့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်ကို သိသိသာသာ ခံစားမိသည်။ယန်ချုံထျန်းမှာ မိမိ၏ အရည်အချင်းအပေါ် ယုံကြည်မှုအပြည့် ရှိသော်လည်း အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူ တစ်ဆယ်၊ နှစ်ဆယ်ခန့်၏ ဝိုင်းဝန်းရိုက်နှက်မှုကို ခံနိုင်ရည်ရှိလောက်သည်အထိတော့ မိမိကိုယ်မိမိ ယုံကြည်မှုမရှိပေ။
မူရှာရှာသည်လည်း ယန်ချုံထျန်းနှင့်အတူ လိုက်ပါလာခဲ့သည်။ကျောက်မန်မှာ အစပိုင်းတွင် ချင်မု သို့မဟုတ် ယန်ချုံထျန်းနှင့် ပူးပေါင်းရန် စဉ်းစားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏ လက်ရှိစွမ်းအားမှာ အခြေခံတည်ဆောက်ခြင်း တတိယအဆင့်သာ ရှိသေးသဖြင့် အကယ်၍ တကယ်တမ်း တိုက်ပွဲဖြစ်ပွားလာပါက သူမသည် မည်သူ့ကိုမျှ ယှဉ်နိုင်မည်မဟုတ်ပေ။
သို့သော် သူတို့ ဝင်လာသည့်အချိန်တွင် ချင်မုက ချက်ချင်းပင် ချန်လော့ထံသို့ သွားရောက်ကာ အဖွဲ့ဖွဲ့လိုက်လေ၏။ ထို့ကြောင့် သူမသည် ယန်ချုံထျန်းဘက်သို့သာ ကူးပြောင်းရန် ပြင်ရတော့သည်။ သို့သော် အံ့ဩစရာကောင်းသည်မှာ ယန်ချုံထျန်းသည်လည်း ချန်လော့နှင့် ပူးပေါင်းရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ထို့ကြောင့် သူမသည် မိမိ၏ ချန်ရှင်းဂိုဏ်းမှ ဂိုဏ်းသားများနှင့်သာ အဖွဲ့ဖွဲ့ရန် ဆုံးဖြတ်လိုက်တော့သည်။ သို့သော် လှည့်ကြည့်လိုက်သည့်အခါ လူတိုင်းမှာ ထွက်ခွာသွားကြပြီ ဖြစ်သည်။ လျှို့ဝှက်နယ်မြေအတွင်း တစ်ယောက်တည်း ရည်ရွယ်ချက်မရှိ လျှောက်သွားနေခြင်းမှာ ပညာရှိရာမကျသဖြင့် နောက်ဆုံးတွင် သူမလည်း မတတ်သာဘဲ နောက်ကနေ လိုက်လာခဲ့ရတော့သည်။
“တို့တွေအားလုံးက သိလည်းသိကြတယ်၊ ဆက်ဆံရေးလည်း ကောင်းကြတာပဲလေ လျှို့ဝှက်နယ်မြေထဲမှာ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးနိုင်တာပေါ့”
မူရှာရှာက တကယ့်အမှန်တရားကြီးအတိုင်း လုပ်ကြံဖန်တီးကာ ရယ်မော၍ ပြောလိုက်သည်။
ထိုစကားကို ကြားပြီးနောက် ချန်လော့ ခဏမျှ စဉ်းစားခန်း ဝင်သွားသည်။
‘ငါက သူတို့နဲ့ ဆက်ဆံရေးက ကောင်းလို့လား...’
ယန်ချုံထျန်းအနေဖြင့် သူ့အတွက် ရံဖန်ရံခါ အိပ်ရေးပျက်ခံရန် ဆန္ဒရှိပြီး၊ မူရှာရှာနှင့် ကျောက်မန်တို့ကလည်း အလုပ်ကြမ်းသမားအဖြစ် ခံယူကာ ချန်လော့၏ အရိုက်အနှက်ကို ရံဖန်ရံခါ ခံယူချင်ကြသည်ဆိုလျှင်မူ သူတို့၏ ဆက်ဆံရေးမှာ အမှန်ပင် ထူးခြားကောင်းမွန်လှသည်ဟု ဆိုရပေမည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ဤလူများကို မုန်းတီးခြင်းမရှိပေ။
မူရှာရှာက အနေခက်စွာ ပြုံးပြလိုက်သည်။ ဘေးနားတွင် ရပ်နေသော ကျောက်မန်နှင့် ယန်ချုံထျန်းတို့ကမူ ဘာမှမပြောသော်လည်း သူတို့မျက်နှာပေါ်ရှိ အော့အန်လိုသော အမူအရာများက အရာအားလုံးကို ဖော်ပြနေလေ၏။
“ဒါနဲ့... တို့တွေ အခု ဘယ်ကို သွားကြမလဲ”
ကျောက်မန်က မေးလိုက်သည် ။
လူတိုင်း ချန်လော့ကို ကြည့်လိုက်ကြပြီး သူ့သဘောထားကို တောင်းခံနေသည့် ပုုံစံမျိုးဖြင့် ရှိနေကြသည်။
မတတ်နိုင်ပေ။ ဤနေရာတွင် အသန်မာဆုံး တိုက်ခိုက်ရေးသမား နှစ်ယောက်မှာ ချင်မုနှင့် ချန်လော့တို့ နှစ်ဦးသာ ဖြစ်သည်။ သူတို့သုံးယောက်အနေဖြင့် စကားပြောခွင့် ရှိဦးမည်လော။
ချင်မုအကြောင်းဆိုလျှင်တော့ ထွေထွေထူးထူး ပြောနေစရာမလို၊ သူသည် လုံးဝကို ဦးနှောက်မရှိသည့် လူအမျိုးအစား ဖြစ်သည်။ အကယ်၍ သူ့ကိုသာ အဖွဲ့ဦးဆောင်ခွင့်ပေးလိုက်ပါက လူတိုင်းကို လမ်းမှားသို့ ခေါ်ဆောင်သွားပေလိမ့်မည်။
ချန်လော့သည် တစ်ခါတရံတွင် အားကိုး၍မရသော်လည်း အနည်းဆုံးတော့ သူသည် ပုံမှန်လူတစ်ယောက်ဖြစ်ပြီး လိမ္မာပါးနပ်သော အကြံဉာဏ်များဖြင့် ပြည့်နှက်နေသည်။ မမျှော်လင့်ထားသော အခြေအနေများ မရှိလာသရွေ့ ချန်လော့သည် ယေဘုယျအားဖြင့် အားကိုးထိုက်သည်။
သို့သော် ချန်လော့က လူတိုင်း၏ အကြည့်များကို မြင်သောအခါ ပခုံးတွန့်ပြလိုက်သည်။
“ငါလည်း လမ်းမသိဘူး”
ချန်လော့ ညာပြောခြင်း မဟုတ်ပေ။ သူ ဘယ်ကိုသွားရမည်ကို အမှန်တကယ် မသိပေ။
သူတို့နှင့်မတူသည်မှာ ချန်လော့သည် ယခုအကြိမ် သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေသို့ လာရောက်ခြင်းမှာ အခွင့်အရေး ရှာဖွေရန် သို့မဟုတ် ထိုကဲ့သို့သော အရာများအတွက် မဟုတ်ပေ။
သူ့၏ အရေးကြီးဆုံး ရည်မှန်းချက်မှာ ချိုးယွီနင်ကို သတ်ရန် ဖြစ်သည်။ ချိုးယွီနင်ကို သတ်ရန်မှတစ်ပါး အခြားရည်ရွယ်ချက် မရှိပေ။
ထို့ကြောင့် သူ့၏ အဓိကရည်မှန်းချက်မှာ ချိုးယွီနင်နှင့် အဖွဲ့နောက်သို့ လိုက်သွားရန်၊ အမှတ်မထင် ဆုံတွေ့သယောင် ဟန်ဆောင်ရန်နှင့် နောက်ဆုံးတွင် ချိုးယွီနင်က သူ့ကို အဖွဲ့ထဲဝင်ရန် ဖိတ်ခေါ်လာအောင် လုပ်ဆောင်ပြီး လူကောင်းတစ်ယောက်အဖြစ် အသွင်ပြောင်းရန် ဖြစ်သည်။
ဤသည်မှာ ချန်လော့၏ရည်မှန်းချက် ဖြစ်သော်လည်း ဤသကောင့်သားများကို ထုတ်ပြောလို့ မဖြစ်ချေ။
မည်သို့ပင်ဖြစ်စေ ဤလူအသုံးယောက်သည် သူ၏ အစီအစဉ်တစ်ခုလုံးကို အမှတ်မထင် ပေါက်ကြားအောင် လုပ်ပစ်နိုင်ခြေ ရှိသည် မဟုတ်လော။
“ငါ့အဖေက ငါ့ကို သွေးတောင်ကြား ကို သွားဖို့ ပြောထားတယ်”
မည်သူမျှ အကြံဉာဏ်မရှိသည်ကို မြင်သောအခါ ချင်မုက စကားစ၍ ပြောလိုက်သည်။
“ငါ့အဖေက ပြောတယ်... သွေးတောင်ကြားမှာရှိတဲ့ သွေးကျောက်တွေက ငါ့ကျင့်ကြံမှုကို အထောက်အကူပြုတယ်တဲ့၊ အဲဒါတွေကို အများကြီး ယူခဲ့ဖို့ မှာလိုက်တယ်”
ပြောပြီးနောက် သူသည် ချန်လော့၏အဖြေကို စောင့်ဆိုင်းနေသည့် ပုံစံမျိုးဖြင့် လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် ချန်လော့သည် တစ်စုံတစ်ခုကို စိုက်ကြည့်နေသကဲ့သို့ အဝေးသို့ လှမ်းကြည့်နေပြီး လက်ထဲတွင် ဝါးလုံးနှင့်တူသော ကျောက်စိမ်းတုတ်အသေးလေးတစ်ခုကို ကိုင်ထားသည်ကို သူ သတိပြုမိသွားသည်။
ဤအရာသည် လောချင်းယွီ မထွက်ခွာမီက ချန်လော့ကို ပေးခဲ့သော မှော်ရတနာများထဲမှ တစ်ခုဖြစ်ပြီး ကောင်းကင်မှန်ပြောင်း ဟု ခေါ်သည်။ ၎င်းသည် မှန်ပြောင်းနှင့် ဆင်တူပြီး သာမန်မျက်စိဖြင့် မမြင်နိုင်သော အဝေးက နေရာများကို မြင်နိုင်သည်။
ယခုအချိန်တွင် ချန်လော့သည် သူ၏ ကောင်းကင်မှန်ပြောင်းဖြင့် ချိုးယွီနင်နှင့် အခြားသူများကို စောင့်ကြည့်နေခြင်း ဖြစ်သည်။
သူတို့ ဘယ်ကို သွားဖို့ ကြံစည်နေကြတာလဲ...
ချန်လော့ တွေးတောနေစဉ်မှာပင် ကြီးမားသော မျက်လုံးအိမ်ကြီးတစ်ခုက သူ၏ အမြင်အာရုံထဲသို့ ရုတ်တရက် ပေါ်လာပြီး ကောင်းကင်မှန်ပြောင်း၏ အဝတွင်ပိတ်ဆို့ထားလေရာ သူ့က်ု လန့်ဖျတ်သွားစေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်လော့သည် ဘာမှမစဉ်းစားဘဲ ထိုမျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်တော့သည်။
သို့သော် ထိုမျက်လုံးကြီး၏ ပိုင်ရှင်မှာ အလွန် လျင်မြန်စွာ ရှောင်တိမ်းသွားပြီး ရုတ်တရက် ဝပ်ချလိုက်သဖြင့် ထိုတိုက်ခိုက်မှုကို လွယ်ကူစွာ ရှောင်ရှားနိုင်ခဲ့သည်။
ဖျန်း...
ချန်လော့၏ လက်ဝါးရိုက်ချက်သည် တစ်စုံတစ်ဦး၏ မျက်နှာပေါ်သို့ အမိအရ ကျရောက်သွားပြီး စူးရှသောအသံတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်းသည် ထိုအသံထွက်ပေါ်လာရာ အရပ်သို့ အကြည့်များ လွှဲပြောင်းလိုက်ကြသည်။
ယန်ချုံထျန်းသည် ထိုနေရာတွင် ကြောင်အန်းအန်းဖြင့် ရပ်နေပြီး သူ၏ ညာဘက်ပါးပြင်မှာ ချန်လော့၏ လက်ဝါးနှင့် ဖိကပ်နေကာ မျက်နှာတစ်ခြမ်းလုံးမှာ ရိုက်ချက်ကြောင့် နီရဲနေပြီ ဖြစ်သည်။
ယန်ချုံထျန်း၏ ပါးပြင်ပေါ်တွင် မျက်ရည်တစ်စက် ရုတ်တရက် ထိန်းမနိုင်သိမ်းမရ စီးကျလာသည်။
“ရပါတယ်... ငါ ကျင့်သားရနေပါပြီ”
သူသည် ခပ်တိုးတိုး ပြောလိုက်ပြီး ချက်ချင်းပင် ရောင်ကိုင်းနေသော နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာလေ၏။
ထိုအရာကိုမြင်တော့ ချန်လော့သည် သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်နေသော ချင်မုကို ကြည့်လိုက်သည်။
“ကဲ... တို့တွေ ဟိုဘက်ကို သွားကြရအောင်”
ချန်လော့သည် သူ၏ ကောင်းကင်မှန်ပြောင်းဖြင့် စောစောက မြင်လိုက်ရသည့် နေရာကို ညွှန်ပြရင်း ပြောလိုက်သည်။
“တို့တွေ သွေးတောင်ကြားကို မသွားဘူးလား” ချင်မုက မတ်တတ်ရပ်ပြီး မေးလိုက်သည်။
“ဒီလျှို့ဝှက်နယ်မြေရဲ့ သက်တမ်းက သုံးလကြာမှာဆိုတော့ လောစရာမလိုပါဘူး”
ချန်လော့အနေဖြင့် ဖြောင့်မတ်သောတာအို အုပ်စုထဲသို့ ဝင်ရောက်ပြီး ချင်မုတို့နှင့် လမ်းခွဲပြီးသည်နှင့် သူတို့ သွားချင်သည့်နေရာသို့ သွားနိုင်ပြီ ဖြစ်သည်။ထိုအရာကိုမြင်တော့ မည်သူမျှ ဘာမှထပ်မပြောတော့ဘဲ ချန်လော့၏ ဦးဆောင်မှုနောက်သို့ အားလုံး လိုက်ပါလာခဲ့ကြသည်။
ချန်လော့သည် သူတို့ရှေ့တည့်တည့်ရှိ လမ်းကြောင်းကို စစ်ဆေးရန်နှင့် ချိုးယွီနင်တို့၏ တည်နေရာ ပြောင်းလဲသွားခြင်း ရှိ၊ မရှိကို ကြည့်ရှုရန် ကောင်းကင်မှန်ပြောင်းကို ရံဖန်ရံခါ ထုတ်ယူ၍ ကြည့်လေ့ရှိသည်။
ကောင်းကင်မှန်ပြောင်းသည် အလွန်အဝေးကြီးကို မြင်နိုင်သော်လည်း ၎င်း၏ စွမ်းဆောင်ရည်မှာ အဝေးကို မြင်နိုင်ရုံသာ ကန့်သတ်ချက်ရှိပြီး မြင့်မားသော တောင်တန်းများနှင့် အမျိုးမျိုးသော အတားအဆီးများကိုတော့ ဖောက်ထွင်း၍ မမြင်နိုင်ပေ။
အကယ်၍ ရှေ့တွင် အတားအဆီး တစ်ခုခုရှိနေပါက ချိုးယွီနင်နှင့် အခြားသူများ၏ ခြေရာကို လိုက်လို့ရတော့မည် မဟုတ်ပေ။ထို့အပြင် လူတိုင်းမှာ ကျင့်ကြံသူများ ဖြစ်ကြသည့်အတွက် ချန်လော့တွင် အရှိန်မြှင့်တင်ပေးနိုင်သော မှော်ရတနာများနှင့် ပျံသန်းနိုင်သော မှော်လက်နက်များစွာ ရှိနေသကဲ့သို့ ချိုးယွီနင်တို့တွင်လည်း ရှိနေလိမ့်မည်ဟု သူ ယုံကြည်သည်။
သူတို့ကို စက္ကန့်အနည်းငယ်မျှ အပျောက်ခံလိုက်ရုံဖြင့် နောက်ထပ် ဘယ်တော့မှ ပြန်ရှာမတွေ့တော့မည်ကို စိုးရိမ်ရသည်။ ထို့ကြောင့် ချိုးယွီနင်တို့နှင့် မျက်ခြေမပြတ်စေရန် အကောင်းဆုံးနည်းလမ်းမှာ သူတို့ကို ခဏခဏ အကဲခတ်စောင့်ကြည့်နေခြင်းပင် ဖြစ်သည်။