← Chapters

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း ၁၈၅ - ထိုနေ့ရက်မတိုင်ခင်အထိ

နောက်တစ်နေ့မနက် အရုဏ်တက်စအချိန်တွင် ချိုးယွီနင်နှင့် အခြားသူများသည် နိုးနိုးကြားကြားဖြင့် ခရီးစတင်နေကြပြီဖြစ်ကြောင်း ချန်လော့ သတိပြုမိလိုက်သည်။ ထို့ကြောင့် သူသည် အဖွဲ့သားများကို ချက်ချင်းနှိုးကာ အနောက်မှ ထပ်ချပ်မကွာ လိုက်ပါခဲ့ကြသည်။

နောက်ထပ် နှစ်နာရီခန့် ခရီးနှင်ပြီးနောက် ချန်လော့ ရုတ်တရက် ခြေလှမ်းရပ်လိုက်ပြန်သည်။

“ခဏစောင့်ဦး”

ပြောပြောဆိုဆိုဖြင့် ချန်လော့သည် သူ၏ ကောင်းကင်မှန်ပြောင်းကို ထုတ်ယူကာ ရှေ့သို့ လှမ်းမြော်ကြည့်ရှုလိုက်သည်။

ထိုစဉ် ဆယ်မိုင်ခန့်အကွာ၌ ချိုးယွီနင်နှင့် ဖြောင့်မတ်သောတာအိုဂိုဏ်းသားအချို့သည် လက်နက်များကိုယ်စီဖြင့် ငှက်ရဲသတ္တဝါအုပ်ကြီးတစ်ခုကို တိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသည်။ ထိုငှက်များမှာ လေပြေတောင်ပံငှက်များ ဖြစ်ပုံရသည်။

“ငါတို့ ရှဲ့ဖုန်းတောင်ကြားကို ရောက်ဖို့ သိပ်မလိုတော့ဘူး၊ မြန်မြန်သွားကြရအောင်”

ထို့နောက် သူတို့သည် အရှိန်မြှင့်တင်ကာ ခရီးဆက်ခဲ့ကြသည်။

ချန်လော့သည် လမ်းလျှောက်ရင်း စဉ်းစားခန်းဝင်နေမိပြီး စိတ်ထဲတွင် အနည်းငယ် ပူပန်လာမိသည်။ သူ၏ စီမံကိန်းအပေါ် ယုံကြည်မှုရှိသော်လည်း ရာနှုန်းပြည့် အောင်မြင်လိမ့်မည်ဟုတော့ အာမမခံနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ကျူးကော့လျန် မဟုတ်သည့်အတွက် အရာရာကို ကွက်တိတွက်ချက်နိုင်ရန် မဖြစ်နိုင်ပေ။

အကယ်၍ နှစ်ဖက်အဖွဲ့အစည်း တိုက်ပွဲမစတင်မီ ချိုးယွီနင်ဘက်က သူ့ကို ဖျောင်းဖျနားချခွင့် မရလိုက်ပါက အခြေအနေမှာ တော်တော်လေး အကျပ်ရိုက်သွားနိုင်သည်။ သို့သော်လည်း ကိစ္စများမှာ ဆုံးဖြတ်ချက်ချပြီးသား ဖြစ်နေ၍ နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။ မမျှော်လင့်ထားသည်များ ဖြစ်လာပါကလည်း အံကြိတ်ကာ ရင်ဆိုင်ရုံသာ ရှိတော့သည်။

မကြာမီ ချန်လော့နှင့် အဖွဲ့သည် ရှဲ့ဖုန်းတောင်ကြား အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။ သူတို့ ရောက်ရှိချိန်တွင် မြေပြင်ထက်၌ သေဆုံးနေသော လေပြေတောင်ပံငှက်များ၏ အလောင်းများ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။

“တစ်ယောက်ယောက် ဒီကို ရောက်လာတာပဲ”

ကျောက်မန်က ပြောရင်း မျက်မှောင်ကြုတ်လိုက်သည်။

“ကြည့်ရတာ သူတို့ ထွက်သွားတာ သိပ်မကြာသေးဘူး ထင်တယ်”

မူရှာရှာက ပြောပြောဆိုဆိုဖြင့် လေပြေတောင်ပံငှက်တစ်ကောင်၏ အနားတွင် ဆောင့်ကြောင့်ထိုင်ကာ စစ်ဆေးလိုက်သည်။

ထိုငှက်မှာ လုံးဝဥဿုံ သေဆုံးသွားခြင်းမရှိသေးဘဲ အတောင်ပံများကို တဖျတ်ဖျတ်ခတ်နေဆဲဖြစ်ပြီး ဒဏ်ရာများမှ သွေးများ တောက်လျှောက် စီးကျနေဆဲ ဖြစ်သည်။

“ဒါက တို့မိစ္ဆာတာအိုဘက်ကလူတွေ လက်ချက်လား၊ ဒါမှမဟုတ် ဖြောင့်မတ်သောတာအိုဘက်ကလူတွေ လက်ချက်လား မသိဘူး”

မူရှာရှာက မျက်မှောင်ကုတ်လျက် ဆိုသည်။

ဘေးတွင်ရပ်နေသော ကျောက်မန်က မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ပြီးနောက် ချန်လော့ဘက်သို့ လှည့်ကာ မေးလိုက်သည်။

“နင် ဒီလေပြေတောင်ပံငှက်တွေကို သုံးမလို့လား”

ချန်လော့ ခဏမျှ ကြောင်အမ်းသွားပြီးမှ မိမိသည် ဤနေရာသို့လာရသည့် အကြောင်းပြချက််ကို ယမန်နေ့ညက သူတို့ကို ပေးထားခဲ့မှန်း ရုတ်တရက် သတိရသွားသည်။

“မလောက်သေးဘူး”

ချန်လော့သည် ခပ်အေးအေးပင် ပြောလိုက်ပြီး လေပြေတောင်ပံငှက်အလောင်းအားလုံးကို သူ၏ သိုလှောင်အိတ် ထဲသို့ ထည့်လိုက်သည်။

“အတွင်းထဲကို ဆက်သွားကြစို့”

ပြောပြီးသည်နှင့် ချန်လော့သည် ရှေ့ဆုံးမှ ဆက်လက်ထွက်ခွာခဲ့သည်။

“ဒီငှက်တွေကို သတ်သွားတဲ့ လူတွေနဲ့ ထိပ်တိုက်တိုးရင် ဘယ်လိုလုပ်မလဲ”

ကျောက်မန်က စိုးရိမ်တကြီးဖြင့် မျက်မှောင်ကြုတ်ကာ မေးပြန်သည်။

“မိစ္ဆာတာအိုဆိုရင်တော့ ပြဿနာမရှိပေမဲ့ ဖြောင့်မတ်သောတာအိုဆိုရင်ကော... ပြီးတော့ သူတို့လူ ဘယ်လောက်ပါလဲ၊ စွမ်းအား ဘယ်လောက်ရှိလဲဆိုတာ တို့မသိရဘူးလေ”

ကျောက်မန်သည် အတော်လေး သတိကြီးစွာ ထားနေခြင်းဖြစ်ပြီး ၎င်းမှာလည်း သဘာဝကျပေသည်။ အကြောင်းမှာ သူတို့ငါးယောက်အနက် သူမသည် အခြေခံတည်ဆောက်ခြင်း တတိယအဆင့်သာရှိပြီး စွမ်းအားအနည်းဆုံး ဖြစ်သောကြောင့်ပင်။ အကယ်၍ ဖြောင့်မတ်သောတာအိုနှင့် တကယ်တမ်း ဆုံတွေ့ပြီး တိုက်ပွဲဖြစ်ပွားပါက သူမသည် အဖွဲ့၏ ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမည်မှာ အသေအချာပင်။

သို့သော် ချန်လော့သည် ကျောက်မန်ကို လှည့်ကြည့်လိုက်ရာ သူ့မျက်ဝန်းထဲ၌ အေးစက်သော အလင်းတန်းများ ရှိနေခဲ့သည်။

“ဖြောင့်မတ်သောတာအိုသမားနဲ့ တွေ့ရင် တွေ့သလောက်သတ်မယ်... တစ်ယောက်လာရင် တစ်ယောက်သတ်မယ်၊ နှစ်ယောက်လာရင် နှစ်ယောက်လုံး သတ်ပစ်မယ်”

ချန်လော့သည် တည်ငြိမ်အေးစက်စွာဖြင့် အလေးအနက် ပြောဆိုလိုက်သဖြင့် သူမတို့အားလုံး ဆွံ့အသွားကြပြီး အံ့ဩသွားကြသည်။ သူတို့သည် ချန်လော့၏ ယခုကဲ့သို့ တည်ကြည်လေးနက်နေသည့် ပုံစံမျိုးကို တစ်ခါမျှပင် မမြင်ဖူးချေ။ သူ၏ ပုံမှန် ပေါ့ပေါ့ပါးပါးနှင့် တာဝန်မဲ့တတ်သော ပုံစံနှင့် လုံးဝ ကွာခြားနေသည်။

သွေးသဲကန္တာရထဲ၌ ထိုအဆိပ်သတ္တဝါများနှင့် ရင်ဆိုင်ရစဉ်ကပင် ချန်လော့သည် ယခုလို အလေးအနက်မထားဘဲ ဂရုမစိုက်သည့် ပုံစံမျိုးကိုသာ ဖော်ပြခဲ့သည်။ သို့သော် ယခုမူ ဖြောင့်မတ်သောတာအိုအကြောင်း ပြောလိုက်သည်နှင့် သူ၏ အမူအရာတစ်ခုလုံးသည် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

ဤလျှို့ဝှက်နယ်မြေသို့ စတင်ဝင်ရောက်စဉ်က ချန်လော့သည် ဖြောင့်မတ်သော တာအိုဂိုဏ်းသားအချို့ကို သတ်ဖြတ်ခဲ့သည့်အပြင် သူတို့နှင့် ပြောဆိုခဲ့သည့် စကားများကို ပြန်လည်တွေးတောမိပြီးနောက် လူတိုင်း၏ စိတ်ထဲတွင် အရိပ်အမြွက် တစ်ခုခုကို သဘောပေါက်သွားကြသည်။

ချန်လော့သည် အခြားသူများ သူ့ကို ကြည့်နေသည့် အကြည့်များကို တစ်ချက်ကြည့်လိုက်ပြီး ၊ သူ၏နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု လှစ်ဟသွားသည်။ သူတို့ ဘာတွေးနေသည်ကို သူ ကောင်းကောင်းသိသည်။ အဘယ်ကြောင့်ဆိုသော် ဤအခြေအနေမှာ သူကိုယ်တိုင် တွန်းပို့ပေးခဲ့သော ရလဒ်ဖြစ်သောကြောင့်ပင်။

သူသည် မိစ္ဆာတာအိုမှ ဖောက်ထွက်ပြီး ချိုးယွီနင်၏ ဖျောင်းဖျမှုကို လက်ခံကာ အညံ့ခံမည့်သူဖြစ်ရာ ကြိုတင်၍ ဇာတ်ကြောင်းခင်းထားရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက စက္ကန့်ပိုင်းအလိုအထိ အတူတူ ရယ်မောနောက်ပြောင်နေပြီးမှ ရုတ်တရက်ကြီး သစ္စာဖောက်သွားပါက မည်သူမဆို မသင်္ကာဖြစ်သွားကြပေလိမ့်မည်။

ပထမဦးစွာ ချင်မုနှင့် အခြားသူများကို ဖြောင့်မတ်သောတာအိုအပေါ် သူ၏ နက်ရှိုင်းလှသော နာကျည်းမှုကို ပြသရမည်။ ထို့နောက်မှ ချိုးယွီနင်နှင့် ရင်ဖွင့်ကာ အမှားအမှန်ကို ဝေဖန်ဆွေးနွေးပြီး လမ်းမှားရောက်နေသော သားကောင်းတစ်ယောက် လမ်းမှန်သို့ ပြန်လည်ရောက်ရှိလာသည့် ပုံစံမျိုး ပြုလုပ်ရမည်။ ထိုမှသာ ယုတ္တိရှိသော ဇာတ်ကွက်တစ်ခု ဖြစ်လာပေလိမ့်မည်။

‘အမလေး... ငါ့ရဲ့ ဒီဇာတ်ညွှန်းက ငါ့အရင်ဘဝက တတိယတန်းစား ရုပ်ရှင်တွေထက် အဆပေါင်းများစွာ သာလွန်တယ် ၊ ဇာတ်ကောင်စရိုက်ကလည်း စုံလင်တယ်၊ အသက်ဝင်တယ်၊ ခိုင်လုံတဲ့ နောက်ခံအကြောင်းရင်းတွေနဲ့ နက်နဲတဲ့ အဓိပ္ပာယ်တွေလည်း ရှိတယ် ငါသာ ကူးပြောင်းမလာခဲ့ရင် ဒီဇာတ်ညွှန်းက အရင်ဘဝမှာ အကောင်းဆုံး ဇာတ်ညွှန်းဆုကို အလွယ်တကူ ရရှိမှာ သေချာတယ်..ခဏနေရင် ချိုးယွီနင်ရှေ့မှာ ငါ့ရဲ့ နှစ်ပေါင်း ၂၀ ကြာ သရုပ်ဆောင်အတွေ့အကြုံကို ကောင်းကောင်းကြီး ထုတ်ပြရမယ် ‘

ချန်လော့ တစ်ယောက် လမ်းလျှောက်ရင်း စိတ်ထဲမှ တွေးတောနေမိသည်။

ကျန်သူများကမှု ချန်လော့၏ စိတ်ကူးများကို မသိရှိကြဘဲ ချန်လော့နှင့် ဖြောင့်မတ်သောတာအိုအကြားတွင် ကြီးမားသော နာကျည်းမှုတစ်ခု ရှိနေလိမ့်မည်ဟုသာ ထင်မှတ်နေကြသည်။ သို့သော် မည်သူမျှ ဝင်ရောက်မမေးမြန်းကြချေ။ တစ်ဖက်တွင် ချန်လော့ကို စိတ်အနှောင့်အယှက် မဖြစ်စေလိုခြင်းကြောင့်ဖြစ်ပြီး အခြားတစ်ဖက်တွင်လည်း သူတို့နှင့် အမှန်တကယ် မသက်ဆိုင်ခြင်းကြောင့် ဖြစ်သည်။

ကျောက်မန်နှင့် ယန်ချုံထျန်းတို့သည် ချန်လော့အပေါ် ကောင်းသော အထင်အမြင် မရှိကြချေ။ ချန်လော့၏ အဖွဲ့ထဲသို့ ဝင်ရောက်လာခြင်းမှာလည်း မတတ်သာသည့် အခြေအနေကြောင့်သာ ဖြစ်သည်။ ချန်လော့၏ စိတ်ထဲက ပဋိပက္ခများသည် သူတို့နှင့် ဘာဆိုင်သနည်း။

သို့သော် ကင်းလွတ်ခွင့်ရသူ တစ်ယောက်တော့ ရှိနေသည်။

“မင်းက ဖြောင့်မတ်သောတာအိုကို ဘာလို့ ဒီလောက်တောင် မုန်းနေရတာလဲ”

ချင်မုက ချန်လော့အနားသို့ လျှောက်လာပြီး အသီးတစ်လုံးကို ဝါးစားရင်း စူးစူးစိုက်စိုက်ဖြင့် မေးလိုက်သည်။ ထိုအသံတွင် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။

ထိုအသီးမှာ ချန်လော့ခမျာ ဤငတုံးကောင် အဆိပ်ရှိသော အသီးများကို လျှောက်မစားမိစေရန်အတွက် မနေ့ညက သိုလှောင်အိတ်ထဲမှ ထုတ်ပေးထားခြင်း ဖြစ်သည်။ ချင်မုသည် ချန်လော့ စိတ်ဆိုးသွားမည်ကို ဂရုမစိုက်သကဲ့သို့ပင်။ မည်သို့ဆိုစေကာမူ သူသည် ချန်လော့ကို အနိုင်တိုက်နိုင်သည်မဟုတ်လော။ ဤမေးခွန်းက ချန်လော့ကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်ကိုလည်း လုံးဝ စဉ်းစားမိပုံမရပေ။

ချန်လော့က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်က လိုက်လာသော ကျောက်မန်တို့အဖွဲ့ကို လှည့်ကြည့်ကာ ပြောသင့်၊ မပြောသင့်ကို စဉ်းစားနေသည့်ဟန် ပြုလုပ်လိုက်သည်။

“မင်းက ဒါကို ဘာလို့ သိချင်ရတာလဲ”

ချန်လော့သည် ချင်မုကို ကြည့်ကာ ပုံမှန်ထက် ထူးခြားနက်နဲသော အကြည့်ဖြင့် မေးလိုက်သည်။

အမှန်စင်စစ် ဤအရာအားလုံးမှာ သရုပ်ဆောင်နေခြင်းသာ ဖြစ်သည်။

“သိချင်လို့ပေါ့” ချင်မုက အသီးကို နောက်တစ်ကိုက် ကိုက်ရင်း ဆိုသည်။

ချန်လော့သည် အနည်းငယ် ပြုံးလိုက်သည်။ ထိုအပြုံးမှာ ချင်မုကို ရယ်မောခြင်းလား သို့မဟုတ် မိမိကိုယ်ကို လှောင်ပြောင်ခြင်းလား မသဲကွဲလှချေ။

“ငါ အရင်က မပြောခဲ့ဖူးဘူးလား... သူတို့တွေက ကရုဏာတရားတွေ၊ ကိုယ်ကျင့်တရားတွေအကြောင်း တတွတ်တွတ်ပြောနေပြီး ကွယ်ရာမှာတော့ စီးပွားရေးသမားတွေလို အမြတ်ထုတ်တတ်တဲ့ အရေခြုံတွေပါဆိုတာ”

“ဒါဆို မင်းက ဘာဖြစ်လို့ အဲဒီလို တွေးမိတာလဲ”

ချန်လော့ ခဏမျှ ဆွံ့အသွားပြီး ချင်မုကို တအံ့တဩ ကြည့်လိုက်သည်။ ချင်မုကဲ့သို့ ဉာဏ်ရည်မျိုးရှိသူက ဤကဲ့သို့သော မေးခွန်းမျိုး မေးနိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားမိသောကြောင့် ဖြစ်သည်။ သို့သော် အခြေအနေအားလုံးကို ပိုမိုခိုင်လုံစေရန်အတွက် ချန်လော့သည် ဤအကြောင်းကို ချင်မုနှင့် ကျန်သူများကို ပြောပြရန် ဝမ်းမြောက်ဝမ်းသာပင် သဘောတူလိုက်သည်။

ခဏမျှ တွေးတောပြီးနောက် ချန်လော့က စကားစတင်လိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက... ငါက အေးချမ်းသာယာတဲ့ ရွာငယ်လေးတစ်ရွာမှာ နေထိုင်တဲ့ သာမန်လူတစ်ယောက်ပဲ”

“ငါက အင်မော်တယ်ကျင့်ကြံတဲ့ ဘဝကို အမြဲတမ်း တမ်းတခဲ့တယ်၊ ပိုပြီး သန်မာလာချင်ခဲ့တယ်၊ ပြီးတော့ စွမ်းအားတွေ ရလာတဲ့အခါ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးချင်ခဲ့တယ်”

“ဒါကြောင့် အခွင့်အရေး ရလာတဲ့အချိန်မှာ ငါ ချက်ချင်းပဲ ဖြောင့်မတ်တဲ့ တာအိုဂိုဏ်းတစ်ခုဖြစ်တဲ့ ယွင်ထျန်းဂိုဏ်းကို ဝင်ရောက်ပြီး အပြင်ဂိုဏ်းသားတစ်ယောက် ဖြစ်လာခဲ့တယ်”

“ငါက အပြင်ဂိုဏ်းသားတစ်ယောက်သာ ဖြစ်ပေမဲ့ ငါ့ရဲ့ အိမ်မက်ကို မမေ့ခဲ့ဘူး။ အဲဒါကတော့ ပိုပြီး သန်မာလာဖို့နဲ့ လူတွေကို ကူညီပေးဖို့ပဲ ပြီးတော့ ဖြောင့်မတ်သောတာအိုရဲ့ ကျင့်ဝတ်တွေကိုလည်း ငါ့နှလုံးသားထဲမှာ ယုံကြည်ချက်တစ်ခုအနေနဲ့ အမြဲတမ်း ဆုပ်ကိုင်ထားခဲ့တယ်”

“အဲဒီနေ့ မတိုင်ခင်အထိပေါ့...”

All Chapters