အခန်း ၁၈၇
Vol. 19 Ch. 187
အခန်း ၁၈၇ - နောက်တစ်ကြိမ်တွေ့ရင် ရန်သူပဲ
ကျန်းချွမ်ရှန်း၏ ဒေါသတကြီး ဆဲဆိုမှုကို ချန်လော့သည် လုံးဝညှာတာခြင်းမရှိဘဲ သူ့ကို အေးစက်သောအကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။
“စော်ကားတယ် ဟုတ်လား... ငါက ဖြောင့်မတ်သောတာအိုကို ဘယ်လိုစော်ကားလိုက်လို့လဲ ၊ ဖြောင့်မတ်သောတာအိုက လုပ်ခဲ့တဲ့အလုပ်တွေကို ငါက အမှန်အတိုင်း ပြန်ပြောပြတာလေ”
ချန်လော့က လှောင်ပြုံးပြုံးရင်း ဆိုသည်။
ထိုစကားကို ကြားပြီးနောက် ကျန်းချွမ်ရှန်းမှာ ခဏမျှ ဆွံ့အသွားပြီး ချန်လော့၏စကားကို မည်သို့ ပြန်လည်ချေပရမည်ကို မသိဘဲ ဖြစ်သွားသည်။
ထိုအချိန်တွင် ချိုးယွီနင်က ရှေ့သို့ တစ်လှမ်းတိုးလာခဲ့သည်။
“ချန်လော့... ဖြောင့်မတ်သောတာအိုအပေါ် မင်းရဲ့ မကျေနပ်ချက်တွေကို ငါနားလည်ပါတယ် ဒါပေမဲ့ ဖြောင့်မတ်သောတာအို ကျင့်ကြံသူတိုင်းက အဲဒီလောက်အထိ ရွံစရာမကောင်းပါဘူး”
“အကယ်၍ မင်းအနေနဲ့ ယွင်ထျန်းဂိုဏ်းကို မကြိုက်ဘူးဆိုရင် ငါက ထိုက်ရီဂိုဏ်း ကို ကိုယ်စားပြုပြီး မင်းကို ဂိုဏ်းသားအဖြစ် လက်ခံပေးနိုင်ပါတယ်၊ ထိုက်ရီဂိုဏ်းထဲမှာတော့ ယွင်ထျန်းဂိုဏ်းတုန်းကလို မတရားတဲ့ ဆက်ဆံမှုမျိုး ဘယ်တော့မှ မခံရစေရဘူးလို့ ငါအာမခံတယ်”
ချိုးယွီနင်ဘက်မှ ကမ်းလှမ်းလာသော်လည်း ချန်လော့သည် အေးစက်စွာပင် ရယ်မောလိုက်သည်။
“ပြောတာတော့ လွယ်တာပေါ့”
“ဒါပေမဲ့ မင်း ငါ့ကို လိမ်နေတာမဟုတ်ဘူးလို့ ငါက ဘယ်လိုလုပ် ယုံရမှာလဲ”
“ဖြစ်နိုင်တာက... မင်းက ငါ့ကို လူသူကင်းဝေးတဲ့နေရာခေါ်သွားပြီးမှ သတ်ပစ်ချင်လို့လည်း ဖြစ်နိုင်တာပဲ မဟုတ်လား”
ထိုစကားကို ကြားလိုက်ရသဖြင့် ချိုးယွီနင်မှာ ခဏမျှ ကြောင်အမ်းသွားသည်။
သူ့အမြင်တွင်မူ ဖြောင့်မတ်သောတာအိုအပေါ် ထားရှိသည့် ချန်လော့၏အာဃာတမှာ အလွန်ပင် နက်ရှိုင်းနေပြီ ဖြစ်သည်။
သူသည် ခဏမျှ တွေးတောပြီးနောက် ချန်လော့ကို ပြန်ကြည့်ကာ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။
ချန်လော့သည် ခဏမျှ တုံ့ဆိုင်းသွားပြီး ချိုးယွီနင် ဘာလုပ်မည်ကို မသိသည့်အတွက် စိတ်လိုက်မာန်ပါဖြင့် ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်မိသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ချိုးယွီနင်သည် ချန်လော့၏ အရှေ့တည့်တည့်တွင် ရပ်တန့်လိုက်သည်။
“ဒါက ငါ့ဘက်က တောင်းဆိုလွန်းရာကျမှန်း သိပေမဲ့ မင်းအနေနဲ့ ငါ့ကို ယုံကြည်ပေးဖို့ မျှော်လင့်ပါတယ် ၊ ငါ့မှာ မင်းကို နာကျင်အောင်လုပ်မယ့် စိတ်ကူး လုံးဝမရှိပါဘူး…ဖြောင့်မတ်သောတာအိုကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးစေချင်ရုံသက်သက်ပါ”
“ဖြောင့်မတ်သောတာအိုမှာ အားနည်းချက်တွေ အများကြီးရှိသလို မကောင်းတဲ့ အမှောင်ဖက်ခြမ်းတွေလည်း ရှိတာအမှန်ပဲ... အဲဒါကြောင့် ဒါတွေအားလုံးကို ပြောင်းလဲပစ်ဖို့ ငါနဲ့အတူ ပူးပေါင်းပါ”
ထိုသို့ပြောပြီးသည်နှင့် သူသည် ချန်လော့ထံသို့ လက်ကမ်းပေးလိုက်သည်။
ချန်လော့သည် ချိုးယွီနင်ကို စိုက်ကြည့်နေမိသည်။
ယခုအချိန်တွင် ချိုးယွီနင်သည် သူနှင့် တစ်မီတာပင် မပြည့်သော အကွာအဝေးတွင် ရှိနေပြီး မည်သည့် အကာအကွယ်ပြင်ဆင်မှုမျှ မရှိချေ။
ထို့အပြင် ချန်လော့၏ လက်သည် ဓားရိုးကို တင်းတင်းဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ အကယ်၍ ချန်လော့သာ အလိုရှိပါက တစ်ချက်တည်းဖြင့် ချိုးယွီနင်၏ နှလုံးသားကို ဖောက်ထွင်းကာ သတ်ပစ်နိုင်ခြေ ရှိသည်။
သို့သော်လည်း သူ လှုပ်ရှားမည်မဟုတ်။
အကြောင်းမှာ ချိုးယွီနင်တွင် အလွန်စွမ်းအားကြီးသော အသက်ကယ်မှော်ရတနာ တစ်ခုခု ရှိနေမည်ကို ချန်လော့ အသေအချာ သိနေသောကြောင့် ဖြစ်သည်။ မည်သို့ဆိုစေကာမူ တစ်ဖက်လူသည် ထိုက်ရီဂိုဏ်း၏ သူတော်စင် ဖြစ်သည့်အပြင် လင်လန် ဓားသူတော်စင် ချိုးဖုန်းလီက သူ၏ ဖခင်ဖြစ်နေသည်။
ဤကဲ့သို့သော ထိပ်တန်းအဆင့် အင်မော်တယ်ဒုတိယမျိုးဆက် တစ်ယောက်သည် အပြင်ထွက်လာရာတွင် ကိုယ်ပိုင်အသက်ကယ်မှော်ရတနာများ ပါမလာဘဲ နေမည်လော။
အကယ်၍ ရန်သူကို တစ်ချက်တည်းဖြင့် အပြတ်မသတ်နိုင်ဘဲ စိတ်လောပြီး တိုက်ခိုက်မိပါက ယခင်က ခင်းကျင်းခဲ့သမျှ ဇာတ်ကြောင်းအားလုံး သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။
နောက်ဆုံးတွင် ချန်လော့သည် ဓားရိုးပေါ်မှ လက်ကို ဖြေလျှော့လိုက်ပြီး စဉ်းစားနေသည့်ဟန်ဖြင့် ခေါင်းငုံ့ကာ တွေဝေပြလိုက်သည်။ သူသည် သူ၏ ဝင်ရောက်ပတ်သက်မှုကို ပိုမိုယုတ္တိရှိစေမည့် အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ချန်လော့၏ အကြည့်က ပိုင်ယီယီထံသို့ အမှတ်မထင် ရောက်ရှိသွားပြီး တစ်စက္ကန့်မျှအကြာတွင် ချက်ချင်း မျက်နှာလွှဲလိုက်သည်။ထိုအရာကို မြင်လိုက်ရချိန်တွင် ပိုင်ယီယီက ချက်ချင်းပင် ထပြောလေတော့၏။
“အစ်ကို ချန်လော့... ပြန်လာခဲ့ပါ...”
သူမသည် မျက်ဝန်းများကို လှုပ်ခတ်လျက် ချန်လော့ကို ကြည့်ကာ တောင်းပန်တိုးလျှိုး ဆိုလိုက်သည်။
ချန်လော့၏ စိတ်ထဲတွင် တိတ်တဆိတ် ဝမ်းသာသွားသော်လည်း မျက်နှာထက်တွင်မူ လေးလံထိုင်းမှိုင်းသော အမူအရာနှင့် တွေဝေမှုကိုသာ ဆက်လက်ဖော်ပြထားသည်။
အချိန်တော်တော်ကြာ လွန်မြောက်ပြီးနောက်မှ ချန်လော့သည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ရင်း။
“ငါ မင်းတို့နဲ့ ပူးပေါင်းမယ်”
ထိုစကားကို ကြားလိုက်ရသောအခါ ပိုင်ယီယီနှင့် ချိုးယွီနင်တို့၏ မျက်နှာတွင် ချက်ချင်းပင် အပြုံးများ ပွင့်လန်းသွားကြသည်။
ချန်လော့ မမြင်လိုက်ရသည့်အချက်မှာ သူ၏ နောက်ကွယ်တွင် ရှိနေသော ကျောက်မန်၊ မူရှာရှာနှင့် ယန်ချုံထျန်းတို့သည် ထိန်းမနိုင်သိမ်းမနိုင် လှုပ်ခါနေသော အောက်နှုတ်ခမ်းကို သွားနှင့် ကိုက်လျက် အတင်းအကြပ် ဖိနှိပ်ထားကြခြင်းပင် ဖြစ်သည်။
‘ချန်လော့က ငါတို့ကို ထားခဲ့ပြီး ထွက်သွားတော့မယ်... အရမ်းကောင်းတာပဲ..’
သူတို့သုံးယောက်သည် ချန်လော့၏ အတိတ်က အတွေ့အကြုံကို သနားမိကြသော်လည်း ‘သနားခြင်း’ နှင့် ‘မနှစ်သက်ခြင်း’ စိတ်ခံစားမှု နှစ်ခုမှာ သီးခြားစီ ဖြစ်သည်။ တစ်ခုနှင့်တစ်ခု လွှမ်းမိုးနိုင်သော်လည်း လက်ရှိအခြေအနေတွင် လွှမ်းမိုးမှုက အရာမထင်လှချေ။ ထို့ကြောင့် ချန်လော့ ထွက်ခွာသွားမည့်အပေါ် ဝမ်းနည်းခြင်းထက် ဝမ်းသာခြင်းက ပို၍ ကြီးစိုးနေသည်။
ထို့ကြောင့်လည်း သူတို့သည် အစကတည်းက ချန်လော့ကို ဆွဲဆောင်ဖျောင်းဖျရန် တစ်ခွန်းမျှ ဝင်မပြောခဲ့ကြခြင်း ဖြစ်သည်။
“ဒါပေမဲ့ ငါ့မှာ တောင်းဆိုချက်တစ်ခု ရှိတယ်” ချန်လော့က ထပ်မံ ပြောကြားလိုက်သည်။
ချိုးယွီနင်က ခေါင်းညိတ်ပြသည်။
“ပြောပါ... ငါ တတ်နိုင်သမျှ ဘောင်ထဲကဆိုရင် အစွမ်းကုန် ဖြည့်ဆည်းပေးပါ့မယ်”
“သူတို့ကို ဘေးကင်းကင်းနဲ့ ထွက်သွားခွင့်ပေးပါ”
ချန်လော့သည် အမည်တပ်၍ မပြောသော်လည်း ဤနေရာတွင် ရှိနေသူအားလုံးက သူ၏ ဆိုလိုရင်းကို ကောင်းစွာ နားလည်ကြသည်။ ချင်မုတို့အဖွဲ့မှတစ်ပါး အခြားသူ မရှိနိုင်ပေ။
သူ ယခုကဲ့သို့ တောင်းဆိုရခြင်းတွင် အဓိက အကြောင်းရင်း နှစ်ခု ရှိသည်။
ပထမအချက်မှာ မိမိကိုယ်မိမိ သစ္စာရှိပြီး တရားမျှတမှုရှိသော လူတစ်ယောက်အဖြစ် ပုံဖော်ရန် ဖြစ်သည်။
ဒုတိယအချက်မှာ ချိုးယွီနင်တို့နှင့် ပူးပေါင်းခြင်းမှာ ချိုးယွီနင်ကို လုပ်ကြံရန်ဟူသော ရေတိုပန်းတိုင်အတွက်သာ ဖြစ်ပြီး နောက်ပိုင်းတွင် မိစ္ဆာတာအိုဘက်သို့ ပြန်သွားရဦးမည် ဖြစ်သည်။ အကယ်၍ သူသာ ယခုအချိန်တွင် ချင်မုတို့ကို တိုက်ခိုက်ခဲ့ပါက ဖြောင့်မတ်သောတာအိုရော မိစ္ဆာတာအိုပါမကျန် နှစ်ဖက်စလုံးနှင့် ရန်သူဖြစ်အောင် လုပ်မိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
မှန်၏။ ချန်လော့အနေဖြင့် ဤအခွင့်အရေးကို အသုံးချကာ ဖြောင့်မတ်သောတာအိုထဲသို့ တိုက်ရိုက်ဝင်ရောက်ပြီး မိစ္ဆာတာအိုနှင့် လမ်းခွဲကာ အပြောင်အပျက်မှ အတည် ဖြစ်အောင် လုပ်ဆောင်လို့လည်း ရပေသည်။ သို့သော်လည်း ချန်လော့သည် ထိုသို့ လုပ်မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဖြောင့်မတ်သောတာအိုထဲတွင် လောချင်းယွီကဲ့သို့ အစွမ်းထက်ပြီး ထူးခြားသော ဆရာတစ်ယောက်ကို ရှာတွေ့နိုင်ရန် မဖြစ်နိုင်သောကြောင့်ပင်။
‘ဟမ်း... မိစ္ဆာတာအိုဘက်မှာ လောချင်းယွီက ငါ့ရဲ့ ကျောထောက်နောက်ခံအဖြစ် ရှိနေပေးလို့ ငါ ဘာပဲလုပ်လုပ် ကြောက်စရာမလိုတာ၊ ဖြောင့်မတ်သောတာအိုဘက်မှာ ဒီလိုမျိုး အခွင့်အရေး ရပါ့မလား…’
အကယ်၍ ဖြောင့်မတ်သောတာအိုဘက်တွင် မှော်ရတနာများကို ခိုးယူရန် ကြံစည်မိပါက ဂိုဏ်းမှ ထုတ်ပယ်ခံရမည်မှာ သေချာသည်။ ၎င်းတို့၏ ပေးစွမ်းနိုင်သော လွတ်လပ်မှုမှာ မိစ္ဆာတာအိုနှင့် ယှဉ်ပါက မိုးနှင့်မြေကဲ့သို့ ကွာခြားလှသည်။ လူအ သာလျှင် ဖြောင့်မတ်သောတာအိုဘက်သို့ အတည်တကျ ကူးပြောင်းပေလိမ့်မည်။
ချိုးယွီနင် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ချက်ချင်း သဘောပေါက်သွားကာ ခေါင်းညိတ်ပြလိုက်သည်။
“စိတ်ချပါ... ငါတို့ သူတို့ကို လက်ဖျားနဲ့တောင် မထိစေရဘူး”
ချန်လော့ ခေါင်းညိတ်ပြလိုက်ပြီးနောက် ဖြည်းညှင်းစွာ လှည့်ကာ ကျောက်မန်နှင့် ကျန်သူများကို ကြည့်လိုက်သည်။
သိူ့သော် သူတို့၏ မျက်နှာများကို မြင်လိုက်ရချိန်တွင် ချန်လော့ တစ်ယောက် စိတ်ထဲကနေ အမှန်အတိုင်းပင် ဆဲဆိုမိတော့သည်။
‘တောက်... ဒီကောင်စုတ်တွေကတော့... ငါ့ကို တစ်ခွန်းလေးတောင် ဖျောင်းဖျပြီး မတားကြဘူး ၊ ချင်မုကတော့ ထားပါတော့... ဒီကောင်က အခြေအနေကို အခုထိ သဘောပေါက်သေးတာ မဟုတ်ဘူး'
သူတို့ ဘာမှဝင်မပြောခြင်းက ချန်လော့အတွက် ကောင်းမွန်သောအချက် ဖြစ်သည်။ အကယ်၍ သူတို့သာ ဝင်ရောက်တားဆီးနေပါက တစ်ဖက်အဖွဲ့ထဲသို့ ဝင်ရောက်မည့် အစီအစဉ်မှာ ပို၍ ခက်ခဲသွားပေလိမ့်မည်။
“‘ ဒါပေမဲ့လည်း အဲ့လိုဆိုတိုင်း ဒါတော့ မဖြစ်သင့်ဘူး ၊ ငါ့ဘက်က မလိုတာက ထားပါဦး... မင်းတို့ဘက်ကတော့ ဟန်ဆောင်ပြီးတော့တောင် မတားသင့်ဘူးလား”
“ပြန်ရောက်တဲ့အခါကျရင်တော့ ဒီကောင်တွေအကုန်လုံးကို ဆော်ပလော်တီးပစ်ရမယ်”
ချန်လော့သည် စိတ်ထဲမှ တိတ်တဆိတ် ကြုံးဝါးလိုက်သော်လည်း မျက်နှာထက်တွင်မူ မည်သည့်အရိပ်အယောင်မျှ မပြဘဲ ယခင်အတိုင်း တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းထားသည်။
“မင်းတို့ အခု ထွက်သွားလို့ရပြီ၊ နောက်တစ်ကြိမ် ထပ်တွေ့ကြရင်တော့... တို့တွေက ရန်သူတွေပဲ”
ထိုစကားကို ကြားလိုက်ရသောအခါ ယန်ချုံထျန်းသည် စိတ်ထဲကနေ မချင့်မရဲဖြင့် ရေရွတ်လိုက်မိသည်။
‘ငါတို့က အစကတည်းက ရန်သူတွေပါပဲဟာ..အရင်တုန်းက မင်းကို မနိုင်လို့သာ လက်တုံ့ပြန်ဖို့ မဝံ့ရဲခဲ့တာ…’
သို့သော်လည်း အမှန်အတိုင်း ပြောရလျှင် ချန်လော့၏ လုပ်ရပ်အပေါ် သူတို့ အနည်းငယ် စိတ်လှုပ်ရှားသွားမိကြသည်။ ချန်လော့သည် မထွက်ခွာမီ နောက်ဆုံးအချိန်၌ပင် သူတို့၏ ဘေးကင်းလုံခြုံရေးအတွက် တောင်းဆိုပေးခဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။
[ကျောက်မန်၊ မူရှာရှာနှင့် ယန်ချုံထျန်းတို့၏ ချန်လော့အပေါ် နှစ်သက်မှု အမှတ် +၁၀၀]
[လက်ရှိ နှစ်သက်မှုအဆင့် -၉၉၉...]
ထိုသို့ပြောပြီးသည်နှင့် ချန်လော့သည် လှည့်ထွက်ကာ ချိုးယွီနင်ထံသို့ လျှောက်လှမ်းရန် ပြင်လိုက်သည်။
သို့သော် သူ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးခင်မှာပင် ချင်မုသည် နောက်မှ ချက်ချင်း ထပ်ချပ်မကွာ လိုက်ပါလာခဲ့သည်။
“မင်း ဘာလုပ်မလို့လဲ”
ချန်လော့က ခြေလှမ်းရပ်လိုက်ပြီး မျက်မှောင်ကုတ်လျက် မေးလိုက်သည်။
“မင်းနောက်ကို လိုက်မလို့”
ချင်မုသည် ဤအခြေအနေကို ဘာမှဂရုမစိုက်သည့်ဟန်ဖြင့် တည်ငြိမ်စွာ ဆိုလိုက်သည်။
“ငါက ဖြောင့်မတ်သောတာအိုဘက်ကို သွားမှာလေ”
“ဒါဆို ငါလည်း လိုက်မှာပေါ့”
“မင်းက ဘယ်ကို လိုက်မှာလဲ”
“မင်းနောက်ကို လိုက်မှာ”
ချန်လော့ : …
‘ဒီကောင်ချင်မု ဘာကောင်လဲ... ဒီကောင် ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြံစည်နေတာလား ၊ ငါက ရန်သူ့နောက်ကို လျှို့ဝှက်ထောက်လှမ်းပြီး လူသတ်ဖို့ သွားမှာလေ... ကလေးကစားစရာ ကစားဖို့ သွားတာ မဟုတ်ဘူး'
ထို့နောက် ချန်လော့သည် ကျောက်မန်နှင့် ကျန်သူများကို မျက်နှာရိပ်ပြလိုက်သည်။
ကျန်သူများသည် ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားကြပြီး ရှေ့သို့ ပြေးဝင်ကာ ချင်မု၏ ဘေးတစ်ဖက်တစ်ချက်စီမှ နေ၍ အတင်းဆွဲခေါ်လျက် လေပြင်းမုန်တိုင်းကဲ့သို့ ပြေးထွက်သွားလေတော့၏။