အခန်း ၁၈၈
Vol. 19 Ch. 188
အခန်း ၁၈၈ - လေပြေတောင်ပံငှက်ဘုရင်
“မင်းကို မိတ်ဆက်ပေးပါရစေ၊ ဒါက ဝမ်ရှန်းဂိုဏ်းရဲ့ တိုက်ရိုက်တပည့် ကျန်းချွမ်ရှန်း၊ ဒါကတော့ ချင်းရှန်ဂိုဏ်း ရဲ့ တိုက်ရိုက်တပည့် လီချန်...”
ချိုးယွီနင်သည် အဖွဲ့သားများကို ချန်လော့နှင့် မိတ်ဆက်ပေးခဲ့သည်။
ချိုးယွီနင်၏ အဖွဲ့ငယ်တွင် စုစုပေါင်း ၁၂ ယောက် ရှိပြီး အားလုံးမှာ ဖြောင့်မတ်သောတာအိုအတွင်းရှိ အသီးသီးသော ဂိုဏ်းကြီးများမှ တိုက်ရိုက်တပည့် များ ဖြစ်ကြကာ အားလုံးက အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ် သို့ ရောက်ရှိနေကြသူများ ဖြစ်သည်။
ဤလူစုမှာ ဖြောင့်မတ်သောတာအို၏ မျိုးဆက်သစ်လူငယ်များအကြား သက်ဆိုင်ရာ ဂိုဏ်းအသီးသီးတွင် အသန်မာဆုံးလူများ ဖြစ်ကြသည်ဟု ဆိုနိုင်သည်။ အကယ်၍ သူတို့အားလုံး သေဆုံးသွားပါက ဖြောင့်မတ်သောတာအိုအတွက် ကြီးမားလှသော ဆုံးရှုံးမှုတစ်ခု ဖြစ်လာပေလိမ့်မည်။
ဤလူများသည် ချန်လော့အပေါ်တွင် စိတ်ခံစားမှု အမျိုးမျိုး ရှိကြသည်။ မည်သို့ဆိုစေကာမူ သူတို့နှင့် ချန်လော့အကြားတွင် ထူးထူးခြားခြား ရန်ငြိုးရန်စ မရှိခဲ့ဖူးသည့်အပြင် ချန်လော့သည် ဖြောင့်မတ်သောတာအိုဘက်မှ မတရား အတင်းအကျပ် နှင်ထုတ်ခံခဲ့ရသူ ဖြစ်သဖြင့် သူတို့၏ စိတ်ထဲတွင်လည်း ချန်လော့အပေါ် သနားစိတ်အချို့ ရှိနေကြပြီး ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်ကြသည်။
သို့သော်လည်း လူအချို့၏ မဖော်ရွေသော အမူအရာများမှာမူ ချန်လော့ ဤနေရာသို့ စတင်ရောက်ရှိစဥ်က ဖြောင့်မတ်သောတာအို ဂိုဏ်းသားအချို့ကို သတ်ဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ထိုစဥ်က ဖြောင့်မတ်သောတာအိုဘက်က အရင်စတင်ရန်စခဲ့သည် ဆိုသော်ငြား မည်သို့ပင်ဖြစ်စေ ချန်လော့အနေဖြင့် ထိုသူများကို လက်လွတ်စပယ် ချက်ချင်းမသတ်သင့်ဟု သူတို့ ယူဆကြသည်။
ချန်လော့သည် မိစ္ဆာတာအိုဂိုဏ်းသားတစ်ဦး ဖြစ်သည်နှင့်အလျောက် တွေဝေခြင်းမရှိ လူသတ်ဝံ့သည့် နှလုံးသားသည် ကောင်းမွန်ဖြူစင်နိုင်မည်မဟုတ်ဟု သူတို့ ထင်မြင်နေကြဆဲ ဖြစ်သည်။
သို့သော်လည်း ချိုးယွီနင်က ချန်လော့ကို အဖွဲ့ထဲသို့ ခေါ်ဆောင်လာခဲ့ပြီးဖြစ်ရာ သူတို့လည်း ဘာမှ ထပ်မပြောတော့ချေ။
ပိုင်ယီယီကမူ ချန်လော့ကို ဝမ်းသာအားရသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်။
ချန်လော့ ဖြောင့်မတ်သောတာအိုဘက်သို့ ပြန်လည်ရောက်ရှိလာသည့်အပေါ် မည်သူအပျော်ဆုံးလဲဟု မေးလျှင် ၎င်းမှာ ပိုင်ယီယီပင် ဖြစ်သည်မှာ သေချာသည်။
ထိုနေ့က လူသတ်မှုကျူးလွန်ပြီး ဂိုဏ်းမှ ထွက်ပြေးသွားကတည်းက သူမသည် ချန်လော့အတွက် အမြဲတမ်း ပူပန်နေခဲ့ပြီး သူ၏ခြေရာကို နေရာအနှံ့ စုံစမ်းခဲ့သည်။
နောက်ဆုံး ချန်လော့၏ သတင်းကို ကြားခဲ့ရသည်မှာ သူ လူသတ်ပြီး ထွက်ပြေးသွားပြီး သုံးရက်အကြာတွင် ဖြစ်သည်။ အတွင်းဂိုဏ်းသား စီနီယာအစ်ကိုတစ်ယောက် အရိုက်ခံရပြီး ပစ္စည်းများ လုယက်ခံရသည်ဟူသော သတင်းဖြစ်ပြီး ထိုသူ၏ ပုံပန်းသဏ္ဍာန် ဖော်ပြချက်အရ ၎င်းမှာ ချန်လော့ဖြစ်ကြောင်း သူမ သိရှိခဲ့ရသည်။
ထို့နောက်တွင်မူ မနေ့က သွေးသဲကန္တာရ၏လျှို့ဝှက်နယ်မြေ အဝင်ဝတွင် ပြန်လည်မဆုံတွေ့မီအချိန်ထိ ချန်လော့နှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
သို့သော်လည်း ချန်လော့သည် မိစ္ဆာတာအိုဘက်တွင် ရှိနေသည်ကို မြင်လိုက်ရချိနိတွင် သူတို့နှစ်ဦးမှာ နောင်တွင် တစ်ယောက်တစ်လမ်းစီ လျှောက်လှမ်းရတော့မည်ဟု ထင်မှတ်ခဲ့မိသည်။
သို့သော် မမျှော်လင့်ဘဲ ယနေ့တွင် ချန်လော့သည် ဖြောင့်မတ်သောတာအို စခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူမသည် ချန်လော့ကို ဖုံးကွယ်ထားခြင်းမရှိသော ဝမ်းမြောက်မှုများဖြင့် စိုက်ကြည့်နေမိတော့သည်။
ထိုအရာကို မြင်လိုက်ရသဖြင့် လီချန်တစ်ယောက် စိတ်ထဲ အလိုမကျဖြစ်သွားသည်။ သူမသည် အဖွဲ့အတွင်းရှိ အနည်းငယ်မျှသော အမျိုးသမီးများထဲမှ တစ်ဦးဖြစ်ပြီး ၊ သူသည် ပိုင်ယီယီနှင့် ဆက်ဆံရေး အလွန်ကောင်းမွန်သူ ဖြစ်သည်။
သို့သော်လည်း မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ ချန်လော့ကို သူ ကြည့်လိုက်တိုင်း စိတ်ထဲတွင် မတင်မကျနှင့် စိုးရိမ်စိတ်တစ်ခုကို မဖြစ်မနေ ခံစားမိသည်။
ဤအခြေအနေအားလုံးသည် တစ်စုံတစ်ခု လွဲမှားနေသည်ဟု သူ၏ စိတ်ထဲတွင် ထင်မြင်နေမိသည်။
“တို့တွေ ရှဲ့ဖုန်းတောင်ကြား ထဲကို ဆက်သွားကြစို့၊ မကြာခင် ရောက်တော့မှာပါ”
အားလုံးက ခေါင်းညိတ်ကြပြီး ရှဲ့ဖုန်းတောင်ကြား အတွင်းပိုင်းသို့ ဦးတည် လျှောက်လှမ်းခဲ့ကြသည်။
ချန်လော့၏ ဘေးတွင် လမ်းလျှောက်နေသော ပိုင်ယီယီမှာ သိသိသာသာပင် ပိုမိုတက်ကြွ လန်းဆန်းနေသည်။
ထိုအရာကို မြင်တော့ ချန်လော့သည် ပြုံးပြလိုက်သည်။ ထိုအပြုံးမှာ အစစ်အမှန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပိုင်ယီယီသည် သူ့အပေါ် တွင် စိတ်ကူးရှိနေဆဲဖြစ်ကြောင်း ချန်လော့ သိရှိထားပြီး သူမကို အသုံးချကာ သူလိုချင်သော သတင်းအချက်အလက်များစွာကို နိုက်ယူနိုင်ပေတော့မည်။
“ငါတို့ ရှဲ့ဖုန်းတောင်ကြားကို ဘာသွားလုပ်မလို့လဲ”
ချန်လော့က ပိုင်ယီယီကို မေးလိုက်သည်။
“ရှဲ့ဖုန်းတောင်ကြားမှာ လေငြိမ်ပုလဲ ရှိတယ်၊ စီနီယာအစ်ကို ကျန်းချွမ်ရှန်းက ရွှေမြုတေအဆင့် ကို တက်လှမ်းဖို့အတွက် အဲဒီပုလဲကို လိုအပ်နေတာ”
ထိုစကားကို ကြားသောအခါ ချန်လော့သည် ထိုထွားကြိုင်းသော အမျိုးသားတစ်ယောက်ထံသို့ အကြည့်ရောက်သွားသည်။
၎င်းသည် ချန်လော့ကို ရိုးသားဖြူစင်စွာ ပြုံးပြလေ၏။ ကျန်းချွမ်ရှန်း ပေးစွမ်းသော ပထမဆုံး အထင်အမြင်မှာ သူသည် ပွင့်လင်းရိုးသားပြီး မည်သည့် မကောင်းသော အကြံအစည်မျှ မရှိသည့် လူမျိုး ဖြစ်သည်။
ယခင်က ချန်လော့တစ်ယောက် ဖြောင့်မတ်သောတာအိုကို ဝေဖန်စဥ်က သူနှင့် ချန်လော့အကြား စကားအနည်းငယ် အခြေအတင် ဖြစ်ခဲ့ဖူးသည်။ သို့သော်လည်း ယခု ချန်လော့ အဖွဲ့ထဲသို့ ဝင်လာသည့်အခါတွင်မူ သူသည် မနှစ်မြို့သည့် အရိပ်အယောင်မျှပင် မပြသည့်အပြင် ချန်လော့ ပါဝင်လာခြင်းအပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည့်ဟန်ဖြင့် ပြုံးပြခဲ့သေးသည်။
ချန်လော့က ကျန်းချွမ်ရှန်းကို ပြုံး၍ ပြန်လည်နှုတ်ဆက်လိုက်ပြီးနောက် အတွေးကမ္ဘာထဲသို့ နစ်မြုပ်သွားတော့သည်။
သူ ချိုးယွီနင်ကို သတ်ဖြတ်လိုပါက အရာရာကို သေသေချာချာ စီမံကိန်းချရမည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုများလည်း ပြုလုပ်ထားရပေမည်။
ချိုးယွီနင်တွင် မည်သည့် မှော်ရတနာများ ရှိနေသနည်း။ သူတို့၏ တိကျသော အစီအစဥ်များနှင့် သွားမည့်လမ်းကြောင်းများက အဘယ်နည်း။
သူတို့တစ်ဦးချင်းစီ၏ အားနည်းချက်များကိုလည်း သိရှိထားရပေမည်။ ဤအရာအားလုံးကို အသေအချာ သိရှိမှသာလျှင် ပြီးပြည့်စုံသော လုပ်ကြံမှုအစီအစဥ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ပြီး လူသတ်ပြီးနောက် ဘေးကင်းကင်းဖြင့် ပြန်လည်ဆုတ်ခွာနိုင်မည် ဖြစ်သည်။
သို့သော်လည်း ချန်လော့သည် ဤမေးခွန်းများကို ချက်ချင်းမေးရန် မလောခဲ့ချေ။ သူသည် ယခုမှ အဖွဲ့ထဲသို့ ဝင်ရောက်လာခြင်းဖြစ်ရာ ဤမေးခွန်းများကို ချက်ချင်း မေးမြန်းပါက သံသယဖြစ်စရာ ကောင်းပေတော့မည်။
ချန်လော့၏ အမြင်တွင် လုပ်ကြံမှုတစ်ခု၌ အရေးကြီးဆုံးအချက်မှာ စိတ်ရှည်သည်းခံခြင်း ဖြစ်သည်။ သူတို့အဖွဲ့အတွင်းသို့ တဖြည်းဖြည်းချင်း ဝင်ရောက်ပြီးနောက် အမျိုးမျိုးသော လှည့်ပတ်မေးမြန်းမှုများမှတစ်ဆင့် မိမိ လိုချင်သော အချက်အလက်များကို ရယူရမည် ဖြစ်သည်။
ဤနည်းဖြင့် မိမိ၏ စစ်မှန်သော ရည်ရွယ်ချက်ကို ဖုံးကွယ်ထားရင်း လိုအပ်သော သတင်းအချက်အလက်များကို ရရှိနိုင်မည် ဖြစ်သည်။
ထို့ကြောင့် တစ်နေ့ခင်းလုံးတွင် ချန်လော့သည် စကားအရာ၌ နှုတ်ဆိတ်နေခဲ့ပြီး ပိုင်ယီယီက ရံဖန်ရံခါ မေးမြန်းသည်များကိုသာ ဝတ်ကျေတမ်းကျေ ပြန်ဖြေခဲ့သည်။ သူသည် စိတ်အလိုမကျဖြစ်ကာ စိတ်ဓာတ်ကျနေသူတစ်ဦးအလား ဟန်ဆောင်နေခြင်း ဖြစ်သည်။
မကြာမီ ထိုလူစုသည် ရှဲ့ဖုန်းတောင်ကြား၏ အနက်ရှိုင်းဆုံး နယ်မြေသို့ ရောက်ရှိလာကြသည်။ ရှဲ့ဖုန်းတောင်ကြား၏ ဗဟိုချက် လေထဲတွင် ဖြူစင်သန့်ရှင်းသော ပုလဲတစ်လုံးက အလိုအလျောက် မျောလွင့်နေ၏။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဟာလာဟင်းလင်းဖြစ်ကာ ထူးဆန်းဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသည့် နယ်မြေတစ်ခု ဖြစ်နေသည်။
ချန်လော့သည် ဤမြင်ကွင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူ ရေးရေးမျှ ခံစားမိနေသောကြောင့် ဖြစ်သည်။
“အဲဒါ လေငြိမ်ပုလဲပဲ”
တစ်စုံတစ်ဦးက လောဘတကြီး အော်ဟစ်လိုက်ပြီး ပုလဲရှိရာသို့ ဇွတ်အတင်း ပြေးထွက်သွားသည်။
ထိုအရာကို မြင်သည်နှင့် ချန်လော့သည် ဆတ်ခနဲ လှုပ်ရှားကာ ထိုလူကို လှမ်းဆွဲ၍ မြေပြင်ပေါ်သို့ ဆွဲလှဲ ဖိချလိုက်တော့သည်။
ထိုလူသည် အခြေအနေကို သတိမမူမိခင်မှာပင် ကောင်းကင်ထက်မှ နက်မှောင်သော အရိပ်မည်းကြီးတစ်ခုက လျှပ်စီးလက်သကဲ့သို့ အရှိန်အဟုန်ဖြင့် ထိုးစိုက်ဆင်းလာခဲ့သည်။
ချန်လော့သည် မျက်တောင်တစ်ခတ်မျှပင် တွေဝေမနေဘဲ သူ၏ ဓားရှည်ကို ဆွဲထုတ်ကာ အားကုန်လွှဲ၍ ချက်ချင်းပင် ခုတ်ပိုင်းလိုက်တော့သည်။
ဝှစ်…
ထိုနက်မှောင်သော အရိပ်၏ ခန္ဓာကိုယ်ထက်တွင် သွေးချင်းချင်းနီသော ဓားဒဏ်ရာတစ်ခု ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် လူတိုင်းက တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည့်အလား မိမိတို့၏ ကာကွယ်ရေးလက်နက်များကို ချက်ချင်း ဆွဲထုတ်လိုက်ကြသည်။
ချန်လော့၏ ဓားချက်ကြောင့် ထိုအရိပ်မည်းကြီးသည် နောက်သို့ အရှိန်ဖြင့် ဆုတ်ခွာသွားပြီးမှ ငြိမ်သက်စွာ ပြန်လည်ရပ်တန့်သွားသည်။
ထိုအချိန်ကျမှသာ လူတိုင်း ၎င်း၏ ရုပ်သွင်ကို အထင်အရှား မြင်တွေ့လိုက်ရတော့သည်။ ၎င်းမှာ ထွားကျိုင်းလှသော သားရဲငှက်ဆိုးကြီးတစ်ကောင် ဖြစ်ပြီး လင်းတနှင့် ခုနစ်ပုံခန့် သဏ္ဍာန်တူကာ ကတုံးခေါင်းနှင့် တစ်ကိုယ်လုံး နက်မှောက်သော အမွှေးများဖြင့် ဖုံးလွှမ်းလျက် ရှိသည်။
“ဒါက လေပြေတောင်ပံငှက်ဘုရင်ပဲ ၊ သူ့ရဲ့ ကျင့်ကြံမှုက ရွှေမြုတေ နှောင်းပိုင်းအဆင့် ကို ရောက်နေပြီ... အားလုံး သတိထားကြ”
ချိုးယွီနင်က ကျယ်လောင်သော အသံဖြင့် ဟစ်အော်သတိပေးကာ ရှေ့ဆုံးမှနေ၍ အလျင်အမြန် စတင်တိုးဝင် တိုက်ခိုက်လိုက်သည်။
ထိုအရာကို မြင်သည်နှင့် အခြားသူများကလည်း ဇောအဟုန်ဖြင့် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါ တိုက်ခိုက်ကြတော့သည်။
ချန်လော့သည်လည်း တုံ့ဆိုင်းခြင်းမရှိ ဓားရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ရှေ့သို့ ပြေးဝင်ခဲ့သည်။
လေပြေတောင်ပံငှက်ဘုရင်သည် ရွှေမြုတေအဆင့်ရှိသော မိစ္ဆာသားရဲ တစ်ကောင် ဖြစ်သော်လည်း လူ ၁၃ ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အခါ အင်အားချင်း မမျှတလှချေ။
တိုက်ပွဲအချို့အပြီးတွင် လေပြေတောင်ပံငှက်ဘုရင်၏ ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများစွာ ဖြစ်လာခဲ့သည်။ ချန်လော့နှင့် ကျန်သူများကို ကြည့်လိုက်မည်ဆိုပါက မည်သူမျှ ဒဏ်ရာမရရှိခဲ့သည်ကို မြင်ရပေလိမ့်မည်။
ချိုးယွီနင်နှင့် အခြားသူများသည် တိုက်ခိုက်မှုအရှိန်အဟုန်ကို အလွန်ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်ကြပြီး အထူးလေ့ကျင့်ထားသည့်အတိုင်း သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ အပြစ်ဆိုဖွယ်ရာ မရှိချေ။
ချန်လော့လည်း ထိုမြင်ကွင်းကြောင့် အနည်းငယ် အံ့ဩသွားမိသည်။ ဤလူများ၏ ပူးပေါင်းအင်အားမှာ နတ်ဝိညာဉ် ကနဦးအဆင့်ရှိ ကျင့်ကြံသူတစ်ဦး၏ စွမ်းအားနှင့်ပင် နှိုင်းယှဉ်နိုင်ပြီး မိစ္ဆာသားရဲကို အသာစီးဖြင့် တိုက်ခိုက်နိုင်ကြသည်။
ကံကောင်း၍သာ သူသည် ထိပ်တိုက်ရင်ဆိုင်ခြင်းထက် လုပ်ကြံမှုလမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ဤလူများသာ အင်အားချင်း ပူးပေါင်းလိုက်လျှင် ချန်လော့တွင် မည်သည့် အခွင့်အရေးမျှ ရှိတော့မည်မဟုတ်ဘဲ ရက်ရက်စက်စက် အသတ်ခံရပေလိမ့်မည်။
ကျွိ…
လေပြေတောင်ပံငှက်ဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် သူ၏ အတောင်ပံများကို ရုတ်တရက် ခါထုတ်လိုက်ရာ နက်မှောင်သော အမွှေးအတောင် ဒါဇင်ပေါင်းများစွာက မြှားများကဲ့သို့ ၎င်းတို့ထံ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့သည်။
ထိုအရာကို မြင်သည်နှင့် ချန်လော့၏ အကြည့်များက စူးရှသွားပြီး သူ၏ ဓားဖြင့် ပြင်းထန်စွာ ကာကွယ်ခုခံလိုက်သည်။
ဝှစ်…
ဓားသွားသည် ထိုအတောင်ပံမြှားများကို တည်ငြိမ်စွာ ကာကွယ်လိုက်နိုင်ပြီး အတောင်ပံများသည် ချန်လော့၏ ဓားသွားနောက်သို့ လွင့်စင်သွားခဲ့သည်။
သို့သော်လည်း ချန်လော့ဘေးတွင် ရပ်နေသော ဂိုဏ်းသားမှာမူ ထိုမျှ ကံမကောင်းလှပေ။ နက်မှောင်သော အတောင်ပံတစ်ချောင်းက သူ၏ ပေါင်ပေါ်သို့ တိုက်ရိုက် စိုက်ဝင်သွားခဲ့သည်။
“အား...”
နာကျင်စွာ အော်ဟစ်သံနှင့်အတူ ထိုဂိုဏ်းသားသည် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။