အခန်း ၁၈၉
Vol. 19 Ch. 189
အခန်း ၁၈၉ - ကုန်ခမ်းသွားသော ဝိညာဉ်စွမ်းအား
တစ်စုံတစ်ဦး ဒဏ်ရာရကာ မြေပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ရသဖြင့် လေပြေတောင်ပံငှက်ဘုရင်သည် ထိုဂိုဏ်းသားရှိရာသို့ ချက်ချင်း ဦးတည်ကာ ပြေးဝင်လာခဲ့သည်။
ပုံမှန်အခြေအနေမျိုးတွင်မူ ချန်လော့သည် ထိုဂိုဏ်းသားကို တစ်ချက်ပင် လှည့်ကြည့်မည်မဟုတ်ပေ။ တစ်ဖက်လူ သေဆုံးသွားလျှင်ပင် သူ မျက်တောင်တစ်ချက် ခတ်လိမ့်မည်မဟုတ်ချေ။ သို့သော် ယခုမူ ချန်လော့အနေဖြင့် မသိကျိုးကျွံပြု၍ မရချေ။
မည်သို့ဆိုစေကာမူ သူသည် ချိုးယွီနင်နှင့် ကျန်ရှိနေသောသူများအပေါ် ကောင်းမွန်သော အထင်အမြင်တစ်ခု ချန်ရစ်ထားရန် လိုအပ်နေသေးသည်မဟုတ်လော။
ချန်လော့သည် ဓားရှည်ကို ချက်ချင်း တင်းတင်းဆုပ်ကိုင်ကာ ပြေးဝင်လာသော လေပြေတောင်ပံငှက်ဘုရင်ကို လှမ်း၍ ခုတ်ပစ်လိုက်သည်။
ချွမ်း..
ကျွိ…
ချန်လော့၏ ဓားချက်သည် လေပြေတောင်ပံငှက်ဘုရင်၏ ရင်ဘတ်တည့်တည့်သို့ ကွက်တိကျရောက်သွားခဲ့သည်။ သွေးများ ပန်းထွက်လာခဲ့ပြီး လေပြေတောင်ပံငှက်ဘုရင်သည် နာကျင်စွာဖြင့် အော်ဟစ်လေ၏။
ထိုအတောအတွင်း အခြားသူများသည်လည်း ရပ်ကြည့်မနေကြပေ။ သူတို့သည် လေပြေတောင်ပံငှက်ဘုရင်၏ လှုပ်ရှားမှုကို သတိပြုမိသည်နှင့်တစ်ပြိုင်နက် အလျင်အမြန် ပြေးဝင်လာခဲ့ကြသည်။ ယခုအခါ လေပြေတောင်ပံငှက်ဘုရင်သည် ချန်လော့၏ ဓားချက်ကြောင့် ဒဏ်ရာရရှိသွားပြီဖြစ်ရာ သူတို့အားလုံးကလည်း ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ အရယူလိုက်ကြသည်။
“ ဝါးလက်ဝါး”
“ပဒေသရာဇ် လှံသိုင်း”
“လေပြေ ဓားသိုင်း”
…
လူတိုင်း သူတို့၏ ပြင်းထန်သော သေစေနိုင်သည့် တိုက်ကွက်များကို ထုတ်ဖော်ကာ လေပြေတောင်ပံငှက်ဘုရင်ထံသို့ တရကြမ်း ပစ်လွှတ်လိုက်ကြသည်။
လေပြေတောင်ပံငှက်ဘုရင်တွင် ရှောင်တိမ်းရန် အခွင့်အရေးမရှိတော့သဖြင့် ကြောက်လန့်တကြားဖြင့် သူ၏ ကြီးမားလှသော အတောင်ပံများကို ရိုက်ခတ်ကာ ခန္ဓာကိုယ်ကို ကာကွယ်ရန် အကာအကွယ်ဒိုင်းတစ်ခု ဖန်တီးရုံသာ တတ်နိုင်ခဲ့သည်။
လေပြေတောင်ပံငှက်ဘုရင်သည် ထူးထူးခြားခြား စွမ်းအားကြီးမားလှသော မိစ္ဆာသားရဲတစ်ကောင် မဟုတ်သော်လည်း မည်သို့ပင်ဖြစ်စေ ရွှေမြုတေအဆင့် ဖြစ်နေဆဲပင်။ ၎င်း၏ ခုခံကာကွယ်မှုစွမ်းရည်မှာ အားနည်းသည်ဟု ဆိုနိုင်သော်လည်း ၊ သို့သော် အခြေခံတည်ဆောက်ခြင်း အဆင့်၏ တိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် လုံလောက်သည်ထက် ပိုသေးသည်။
သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ၎င်းသည် လူတစ်ယောက်နှစ်ယောက်မှ တိုက်ခိုက်လာခြင်း မဟုတ်ဘဲ အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်သို့ ရောက်ရှိနေကြသော ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ၏ ဆက်တိုက် တိုက်ခိုက်ခြင်းကို ခံနေရခြင်းပင် ဖြစ်သည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် လေပြေတောင်ပံငှက်ဘုရင်၏ အတောင်ပံများပေါ်ရှိ နက်မှောင်သော အမွှေးအတောင်များ အားလုံး ကြွေလွင့်သွားခဲ့ရပြီး အောက်ခြေရှိ ကြမ်းတမ်းသော အရေပြားများပင် ပေါ်ထွက်လာခဲ့သည်။
သို့သော် တစ်စက္ကန့်မျှအကြာမှာပင် ထိုအရေပြားများသည်လည်း ပြင်းထန်သော စွမ်းအားများကြောင့် သွေးချင်းချင်းနီသော အသားများအဖြစ်သို့ ကြေမွပျက်စီးသွားခဲ့ရတော့သည်။
ကျွိ…
လေပြေတောင်ပံငှက်ဘုရင်သည် ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သွေးသံရဲရဲဖြင့် ကြေမွနေသော အတောင်ပံများအကြားမှ သူ၏ခေါင်းကို အတင်းရုန်းထွက်လာခဲ့ရာ သူ၏ မျက်လုံးများမှာဖြင့် သွေးရောင်များဖြင့် လွှမ်းနေခဲ့သည်။
လေပြေတောင်ပံငှက်ဘုရင်သည် မျှော်လင့်ချက်မဲ့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီမှာ ထင်ရှားသည်။ ဤလူသားများသည် သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိသည်ကို သူ သိလိုက်သည်။
ထို့ကြောင့် အသတ်ခံရမည့်အတူတူ သေခါနီးအချိန်တွင် သူတို့ကို နောက်ဆုံးတစ်ကြိမ် ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
နောက်တစ်စက္ကန့်တွင် လေပြေတောင်ပံငှက်ဘုရင်သည် ဒဏ်ရာအပြင်းအထန် ရရှိထားသော်လည်း မယုံကြည်နိုင်လောက်အောင် မြန်ဆန်သော အရှိန်အဟုန်ဖြင့် ချန်လော့ထံသို့ တရကြမ်း ပြေးဝင်လာခဲ့ရာ ချန်လော့ပင် လန့်ဖျန့်သွားခဲ့ရသည်။
သေလုမြောပါး ဖြစ်နေသော လေပြေတောင်ပံငှက်ဘုရင်သည် ယခုကဲ့သို့ အံ့ဩစရာကောင်းသော စွမ်းအားမျိုး ထုတ်ဖော်နိုင်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။
ကံကောင်းထောက်မစွာဖြင့် ချန်လော့သည် ၎င်းကို ကြိုတင်ခန့်မှန်းထားပြီး ဖြစ်၍ ညာလက်ဖြင့် ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ဘယ်လက်ဖြင့် မရေမတွက်နိုင်သော လေဓားများစွာကို ဖန်တီးလိုက်သည်။ လေပြေတောင်ပံငှက်ဘုရင် ပြေးဝင်လာသည့် တဒင်္ဂအတွင်းမှာပင် ချန်လော့သည် ဘယ်လက်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ လေဓားများသည် လေပြေတောင်ပံငှက်ဘုရင်၏ မျက်လုံးများဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားခဲ့သည်။
ဝှစ်..
ယခုအချိန်တွင် လေပြေတောင်ပံငှက်ဘုရင်သည် အတူတူ သေကျေပျက်စီးရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်နေခြင်း ဖြစ်သဖြင့် မည်သည့် ကာကွယ်မှုကိုမျှ မပြုလုပ်တော့ချေ။
ချန်လော့၏ လေဓားများသည် တစ်ဖက်လူ၏ မျက်လုံးများကို အလွယ်တကူပင် ဖောက်ထွင်းသွားခဲ့သော်လည်း လေပြေတောင်ပံငှက်ဘုရင်၏ ခြေလှမ်းများကိုမူ အနည်းငယ်မျှပင် တားဆီးနိုင်ခြင်း မရှိခဲ့ချေ။ အမှန်စင်စစ် ၎င်းသည် ပို၍ပင် မြန်ဆန်စွာ ပြေးဝင်လာခဲ့သေးသည်။
ချန်လော့သည်လည်း ဤလေပြေတောင်ပံငှက်ဘုရင်မှာ မိမိ၏ အကြံအစည်အတွက် အသုံးတော်ခံနိုင်မှန်း သိရှိသဖြင့် ဓားကောက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။
အကယ်၍ ဤငှက်ဘုရင်သာ အထွတ်အထိပ်အခြေအနေတွင် ရှိနေပါက ၊ ချန်လော့အနေဖြင့် ယှဉ်ပြိုင်နိုင်ရန် မလွယ်ကူလှပေ။ သို့သော် ယခုမူ တစ်ဖက်လူမှာ စွမ်းအားကုန်ခမ်းနေပြီး နောက်ဆုံးထွက်သက်မျှသာ ကျန်တော့သည့် အခြေအနေ ဖြစ်သည်။
ချန်လော့သည် ၎င်းကို သုတ်သင်နိုင်ရန် အကြွင်းမဲ့ ယုံကြည်မှု ရှိသော်လည်း လေပြေတောင်ပံငှက်ဘုရင်သည် သူ့ထံသို့ တဟုန်ထိုး ပြေးဝင်လာသည်ကို မြင်ပြီး ချန်လော့မှာ ရုတ်တရက် တွေဝေသွားခဲ့သည်။ ဤငှက်ဆိုးကြီးကို ရိုးရိုးရှင်းရှင်း သတ်ပစ်မည့်အစား တစ်စုံတစ်ခုအတွက် အသုံးချရန် လျှို့ဝှက်ကြံစည်လိုက်သည်။
ဤသို့ တွေးမိသည်နှင့် ချန်လော့သည် သူ၏ သိုလှောင်အိတ်ဆီသို့ လက်လှမ်းလိုက်ရာ ဆေးလုံးတစ်လုံး ချက်ချင်း ပေါ်ထွက်လာပြီး သူ၏ မျက်ဝန်းအစုံထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု ဖျက်ခနဲ့ ဝင်းလက်သွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် သူသည် ကိုယ်ဟန်ကို အလျင်အမြန် ပြောင်းလဲကာ ဘေးဘက်သို့ ဆတ်ခနဲ ရှောင်တိမ်းလိုက်သည်။
ချန်လော့သည် လွတ်အောင် ရှောင်တိမ်းလိုက်နိုင်သော်လည်း စောစောက ပေါင်တွင် ဒဏ်ရာရရှိထားသော ဂိုဏ်းသားမှာမူ မူလနေရာတွင်ပင် ကြောင်အမ်းအမ်းဖြင့် ရှိနေဆဲ ဖြစ်သည်။
ဤမြင်ကွင်းကြောင့် နေရာတွင် ရှိနေသူတိုင်း မျက်နှာပျက်သွားကြသည်။
“သူ့ကို အမြန်ဝိုင်းတားကြ”
ချိုးယွီနင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူတို့အားလုံးသည် အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်တွင် ရှိနေကြပြီး အသက်ကယ်မှော်ရတနာများ ပိုင်ဆိုင်ထားကြသည်မှာ မှန်သော်လည်း ၊ မည်သို့ပင်ဖြစ်စေ လေပြေတောင်ပံငှက်ဘုရင်သည် ရွှေမြုတေအဆင့် ဖြစ်သည်။
အကယ်၍ ရွှေမြုတေအဆင့် နောက်ဆုံးအဆင့်ရှိသော မိစ္ဆာသားရဲ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံရပါက အသက်ရှင်ကျန်ရစ်လျှင်ပင် ကိုယ်တစ်ပိုင်းသေဘဝသို့ ရောက်ရှိသွားပေလိမ့်မည်။
အားလုံးက လေပြေတောင်ပံငှက်ဘုရင်ထံသို့ ပြေးဝင်သွားကြသော်လည်း အဆုံးသတ်တွင်မူ သူတို့သည် မိနစ်အနည်းငယ်မျှ နောက်ကျသွားခဲ့ရသည်။ လေပြေတောင်ပံငှက်ဘုရင်သည် ထိုဂိုဏ်းသား၏ အရှေ့သို့ ချက်ချင်း ရောက်ရှိသွားပြီ ဖြစ်ရာ ထိုဂိုဏ်းသားမှာ ကြောက်လန့်တကြားဖြင့် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။
ထိုစဉ်မှာပင် အလင်းတန်းတစ်ခုက ရုတ်တရက် လျှပ်စီးကြောင်းအလား ဖြာထွက်လာခဲ့သည်။
“လျှပ်စီးအလင်းသတ်ကွက်”
အလင်းတန်းတစ်ခုသည် လေပြေတောင်ပံငှက်ဘုရင်ထံသို့ တည့်တည့် ပြေးဝင်သွားသည်ကို မြင်လိုက်ရသည်။
လေပြေတောင်ပံငှက်ဘုရင်သည် ထိုဂိုဏ်းသားကို တိုက်ခိုက်ရန် ပြင်နေဆဲအချိန်မှာပင် နောက်တစ်စက္ကန့်၌ ထိုအလင်းတန်းသည် ၎င်း၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားခဲ့လေ၏။
ထိုတဒင်္ဂအတွင်းမှာပင် လေပြေတောင်ပံငှက်ဘုရင်သည် မူလနေရာ၌ပင် တောင့်တင်းသွားခဲ့ရသည်။
ဝုန်း..
ပြင်းထန်သော အသံနှင့်အတူ လေပြေတောင်ပံငှက်ဘုရင်၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လေးလံစွာ လဲကျသွားခဲ့ပြီး အသက်ဓာတ် လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။
ထိုအရာကို မြင်လိုက်ရချိန်တွင် ချွေးများဖြင့်ရွှဲစိုနေသော ချန်လော့သည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိသည်။ စောစောက အလင်းတန်းမှ ထွက်ပေါ်လာသော စွမ်းအားမှာ နတ်ဝိညာဉ် အထွတ်အထိပ်အဆင့်တွင် ရှိပုံရသည်။
မည်သို့သော မိစ္ဆာသားရဲမျိုးပင်ဖြစ်ပါစေ သေဆုံးသွားရမည်မှာ အသေအချာပင်။
ဤအခြေအနေအရ လေပြေတောင်ပံငှက်ဘုရင်ကို မိမိဘာသာ မသတ်ပစ်ခဲ့ခြင်းက မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ပုံရသည်။ သို့မဟုတ်ပါက ချိုးယွီနင်တွင် ဤမျှ ကြီးမားသော စွမ်းအားမျိုး ရှိနေသည်ကို သူ သိရှိနိုင်မည် မဟုတ်ချေ။ သူ မသိရှိနိုင်သည့်အချက်မှာ ထို ‘လျှပ်စီးအလင်းသတ်ကွက်’ ဟု ခေါ်သော အရာသည် စုစုပေါင်း မည်မျှ ရှိနေသနည်းဟူသော အချက်ပင်။
လူတိုင်း ဒဏ်ရာရရှိထားသော ဂိုဏ်းသားထံသို့ အပြေးသွားကြပြီး အချို့က ဒဏ်ရာများကို ကုသပေးကြကာ အချို့က ဆေးလုံးများကို တိုက်ကျွေးကြသည်။ ဤလူများသည် အနည်းဆုံးတော့ အတော်လေး စည်းလုံးကြသည်ဟု ဆိုရမည်။
သို့သော် လီချန်ကမူ ချန်လော့ထံသို့ ဒေါသတကြီးဖြင့် လျှောက်လှမ်းလာခဲ့သည်။ သူသည် ထိုအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ပြီး ဖြစ်သည်။ အကယ်၍ ချန်လော့သာ အနောက်သို့ မဆုတ်ခွာခဲ့ပါက ထိုဂိုဏ်းသားသည် ယခုလို အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိသွားမည်မဟုတ်သလို ချိုးယွီနင်အနေဖြင့်လည်း လျှပ်စီးအလင်းသတ်ကွက်ကို အသုံးပြုရန် လိုအပ်မည်မဟုတ်ပေ။
ထို လျှပ်စီးအလင်းသတ်ကွက်ဆိုသည်မှာ ချိုးယွီနင်၏ ဖခင်ဖြစ်သူ ဓားသူတော်စင် ချိုးဖုန်းလီက သားဖြစ်သူအတွက် အထူးပြုလုပ်ပေးထားခြင်း ဖြစ်သည်။ ၎င်းမှာ အနည်းငယ်မျှသာ ရှိပြီး ၊ ၎င်းတို့ တစ်ခုချင်းစီသည် နတ်ဝိညာဉ်အဆင့်ရှိသော မိစ္ဆာသားရဲတစ်ကောင်ကို သတ်ဖြတ်နိုင်သည့် စွမ်းအားမျိုး ရှိသည်။
သို့သော် ယခုမူ သေလုမြောပါး ဖြစ်နေသော ရွှေမြုတေ နှောင်းပိုင်းအဆင့်ရှိ မိစ္ဆာသားရဲအပေါ်တွင် အသုံးပြုလိုက်ရသဖြင့် ဖြုန်းတီးရာကျလွန်းသည်။ သို့သော် ချန်လော့ကို ပြောဆိုရန်ဟန်ပြင်လိုက်သော လီချန်မှာ ချန်လော့၏ ပုံစံကို မြင်ပြီး ဆွံ့အသွားခဲ့ရသည်။
ချန်လော့သည် ခေါင်းတစ်ခုလုံး ချွေးများဖြင့် ရွှဲစိုနေကာ အတော်လေး အားနည်းနေသည့်ဟန်ဖြင့် ထိုနေရာတွင် ရပ်နေပြီး ၊ မျက်နှာတွင် နောင်တနှင့် အပြစ်မကင်းစိတ်များ ပြည့်နှက်နေသည်။
ချန်လော့၏ အားနည်းနေသော အမူအရာကို မြင်လိုက်ရသဖြင့် လီချန်၏ ဒေါသများမှာ အတော်လေး လျော့ပါးသွားခဲ့ရပြီး သံသယဖြင့် မေးမြန်းလိုက်တော့သည်။
“မင်း ဘာဖြစ်တာလဲ”
ချန်လော့က လီချန်ကို ကြည့်ကာ ဆိုသည်။
“ဘာမှမဖြစ်ပါဘူး... ငါ့ရဲ့ ဝိညာဉ်စွမ်းအားတွေ ကုန်ခမ်းသွားလို့ပါ”
ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည့်ဟန်ဖြင့် သူ၏ မျက်နှာတွင် အပြစ်မကင်းစိတ်များ ထပ်မံ ဖြစ်ပေါ်လာဟန်ဖြင့်။
“ငါ တောင်းပန်ပါတယ်... ငါသာ ရုတ်တရက်ကြီး မရှောင်လိုက်ရင် ငါ့ရဲ့ သူငယ်ချင်းက လေပြေတောင်ပံငှက်ဘုရင်ရဲ့ တိုက်ခိုက်မှုကို ဒီလိုမျိုး တိုက်ရိုက် ခံရမှာ မဟုတ်ဘူး၊ အဲဒီ လျှပ်စီးအလင်းသတ်ကွက်ဆိုတာ အလွန်တန်ဖိုးကြီးမှာ သေချာတယ်”
“ငါ့ရဲ့ ပေါ့ဆမှုကြောင့် မင်းတို့ တန်ဖိုးရှိတဲ့ သတ်ကွက်တစ်ခုကို အလဟဿ ဖြုန်းတီးလိုက်ရပြီ”
ချန်လော့၏ အသံမှာ အလွန်ကျယ်လောင်ခြင်း သို့မဟုတ် တိုးညှင်းခြင်း မရှိသော်လည်း ဤနေရာတွင် ရှိနေသူ အားလုံးမှာ အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူများ ဖြစ်ကြသဖြင့် အကြားအာရုံ အလွန်ကောင်းမွန်ကြရာ ချန်လော့၏ စကားကို ကောင်းစွာ ကြားလိုက်ရသည်။
ချန်လော့၏ အမူအရာကို ကြည့်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအား လှိုင်းတံပိုးများကို အာရုံခံကြည့်လိုက်ရာ ၊ သူ၏ ခန္ဓာကိုယ်တွင် ဝိညာဉ်စွမ်းအား အနည်းငယ်မျှသာ ကျန်ရှိတော့သည်မှာ တွေ့ရှိခဲ့ရသည်။ ချန်လော့တွင် ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားခြင်းမှာ အမှန်ပင် ဖြစ်သည်။