အခန်း ၁၉၀
Vol. 19 Ch. 190
အခန်း ၁၉၀ - အားကိုးရာမဲ့ခြင်းနှင့် နာကျည်းမှု
ချန်လော့၏ မိမိကိုယ်ကို အပြစ်တင်နေသော စကားများနှင့် နောင်တရနေသော အမူအရာကို မြင်တွေ့လိုက်ရပြီးနောက် မူလက သူ့ကို ဝင်ရောက်အပြစ်တင်ရန် ပြင်ဆင်နေသော လီချန်သည် မိမိ၏ အတွေးများအတွက် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရသည်။
ယခုအခါ အားလုံးက ချန်လော့ကို နားလည်မှုနှင့် မိမိကိုယ်ကို အပြစ်တင်စိတ်တို့ ရောပြွမ်းနေသော အကြည့်များဖြင့် ကြည့်လာကြသည်။
အမှန်အတိုင်း ပြောရလျှင် ချန်လော့ ရှောင်တိမ်းလိုက်သည်ကို မြင်လိုက်ရစဉ်က လူတိုင်း ဒေါသထွက်ခဲ့ကြသည်။ သို့သော် ယခုအခါ အမှန်တရားကို သိရှိသွားကြပြီဖြစ်၍ ချန်လော့ မည်သည့်အမှားမျှ မလုပ်ခဲ့ဟု အားလုံးက ယူဆကြသည်။
မိမိကိုယ်ကို တစ်ဖက်လူ၏ နေရာတွင် အစားထိုး တွေးတောကြည့်မည်ဆိုပါက အကယ်၍ သူတို့သာ ဝိညာဉ်စွမ်းအားများ ကုန်ခမ်းနေချိန်တွင် လေပြေတောင်ပံငှက်ဘုရင်၏ အရှေ့၌ ရှိနေမည်ဆိုပါက ၊ ထိုနေရာတွင် ဆက်လက် ရပ်နေဝံ့မည်လော။
ဖြစ်နိုင်သည်မှာ အချို့သောသူများက မတ်တတ်ရပ်၍ ရင်ဆိုင်ရဲကြသော်လည်း ၎င်းမှာ လူနည်းစု သို့မဟုတ် တစ်ယောက်၊ နှစ်ယောက်မျှသာ ဖြစ်ပေလိမ့်မည်။ လူအများစုမှာမူ ထိုသို့ စွန့်စားကြလိမ့်မည် မဟုတ်ချေ။
ကျင့်ကြံသူများအတွက်မူ ဝိညာဉ်စွမ်းအားသည် အရာရာပင် ဖြစ်သည်။ ၎င်းသည် ကျင့်ကြံဆင့်တိုးတက်ဖို့ရန် လိုအပ်သော အခြေခံစွမ်းအားဖြစ်ပြီး အမျိုးမျိုးသော တိုက်ကွက်များနှင့် အစွမ်းသတ္တိများကို ထုတ်ဖော်နိုင်သည့် မြစ်ဖျားခံရာလည်း ဖြစ်သည်။
ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားသော ကျင့်ကြံသူတစ်ဦးသည် သာမန်လူတစ်ယောက်နှင့် ဘာမျှ ကွာခြားခြင်း မရှိတော့ချေ။ သာမန်လူတစ်ယောက်အနေဖြင့် ရွှေမြုတေ နှောင်ပိုင်းအဆင့်ရှိသော မိစ္ဆာသားရဲတစ်ကောင်၏ ရှေ့မှောက်တွင် ဘာတတ်နိုင်မည်နည်း။
သေရမည့်အချိန်ကို စောင့်ဆိုင်းနေရုံမှတစ်ပါး အခြားမရှိတော့ချေ။ ထို့ကြောင့် ဘေးကင်းရာသို့ ရှောင်တိမ်းခြင်းသည် လူအများစုအတွက် ပထမဦးဆုံးနှင့် တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
“မင်း တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်”
ချိုးယွီနင်က ဘေးမှနေ၍ ဆိုလိုက်သည်။
“မင်းသာ မရှိရင် ဂျူနီယာညီလေး လျူချီက လေပြေတောင်ပံငှက်ဘုရင်ရဲ့ လက်ချက်နဲ့ သေဆုံးသွားလောက်ပြီ”
ချိုးယွီနင်၏ စကားကို ကြားသောအခါ အားလုံးက ခေါင်းညိတ်ကြပြီး သူ၏ စကားကို ထောက်ခံကြသည်။
အားလုံးက သူ့ကို သနားကရုဏာသက်သော အကြည့်ဖြင့် ကြည့်နေကြသည်ကို မြင်သောအခါ ချန်လော့၏ စိတ်ထဲတွင် အတိုင်းထက်အလွန် ဝမ်းသာသွားသော်လည်း မျက်နှာပြင်ထက်တွင်မူ မည်သည့်အရိပ်အယောင်မျှမပြဘဲ နောင်တကြီးစွာ ရနေသည့်ပုံစံကိုသာ ဆက်လက် သရုပ်ဆောင်ထားးသည်။
မှန်၏။ ချန်လော့တစ်ယောက် ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားခြင်း မဟုတ်ချေ။ အမှန်စင်စစ် တိုက်ပွဲစတင်ချိန်မှ အဆုံးသတ်အထိ ချန်လော့သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအား ဆယ်ပုံတစ်ပုံမျှကိုပင် အသုံးမပြုခဲ့ချေ။ သူ ယခုကဲ့သို့ အားအင်ချိနဲ့နေသည့် ပုံစံမျိုး ဖြစ်နေရခြင်းမှာ စောစောက သူ တိတ်တဆိတ် သောက်သုံးခဲ့သော ဆေးလုံးကြောင့်သာ ဖြစ်သည်။
၎င်းမှာ အမှန်အားဖြင့် ဒဏ်ရာကုသပေးသည့် ဆေးလုံးမဟုတ်ဘဲ အဆိပ်ဆေးလုံးတစ်မျိုးသာ ဖြစ်၏။၎င်းသည် အဆိပ်ဆေးလုံး ဖြစ်သော်လည်း အသက်အန္တရာယ်အတွက် မစိုးရိမ်ရပေ။ ၎င်း၏ အာနိသင်မှာ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများကို အလွန်တိုတောင်းသော အချိန်ကာလအတွင်း ယာယီ ကုန်ခမ်းသွားစေခြင်းသာ ဖြစ်သည်။
ထို့ကြောင့်သာလျှင် ချန်လော့၏ ဝိညာဉ်စွမ်းအားများ ရုတ်တရက် ပျောက်ကွယ်သွားရခြင်း ဖြစ်သည်။
သို့သော်လည်း လီချန်သည် တော်တော်လေး အကျိုးအကြောင်း ဆင်ခြင်တတ်သူ ဖြစ်သည်။ ချန်လော့၏ ကယ်တင်ပေးသော လုပ်ရပ်ကြောင့် သူ၏ စိတ်ထဲတွင် အပြစ်မကင်းစိတ်များ ဖြစ်ပေါ်ခဲ့ရသော်လည်း ခဏမျှ စဉ်းစားပြီးနောက်တွင်မူ သံသယဖြစ်ဖွယ်ရာ အချက်အလက်အချို့ကို လျင်မြန်စွာ ရိပ်မိသွားခဲ့သည်။
ချန်လော့သည် အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်ပါလျက်နှင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအာသည် အဘယ်ကြောင့် နည်းပါးရသနည်း။
ဤသို့ တွေးမိသည်နှင့် လီချန်သည် မျက်မှောင်ကြုတ်လိုက်မိပြီး မိမိကိုယ်ကို လှည့်စားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ အပြစ်တင်လိုသော လေသံဖြင့် မေးမြန်းလိုက်သည်။
“မင်းက အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအားက ဒီလောက်ပဲ ရှိတာလား”
ထိုစကားကို ကြားလိုက်ရသည်နှင့် ချန်လော့၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သို့သော် ချန်လော့၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသော လီချန်က ထပ်မံ၍ ဇဝေဇဝါ ဖြစ်သွားခဲ့ရပြန်သည်။
အဘယ်ကြောင့်ဆိုသော် ချန်လော့၏ အမူအရာမှာ သူ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခံလိုက်ရသည့် ပုံစံမျိုး မဟုတ်ဘဲ တစ်စုံတစ်ဦးက သူ၏ နာကျင်စရာကောင်းသော အချက်ကို လာရောက်ထိခိုက်လိုက်သကဲ့သို့ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။
လီချန်၏ မေးခွန်းကြောင့် အားလုံး သတိဝင်လာကြပြီး ချန်လော့ထံသို့ လှမ်းကြည့်လိုက်ကြသည်။ အချို့က ချန်လော့၏ ဝိညာဉ်စွမ်းအားသည် အဘယ်ကြောင့် ဤမျှ နည်းပါးရသည်ကို ဇဝေဇဝါ ဖြစ်နေကြသည်။၎င်းမှာ သူတို့၏ ဝိညာဉ်စွမ်းအား ဆယ်ပုံတစ်ပုံပင် မရှိချေ။
အချို့ကမူ ချန်လော့တစ်ယောက် လိမ်ညာနေခြင်း ဖြစ်နိုင်သည်ဟု ယူဆနေကြသည်။
ချန်လော့သည် စက္ကန့်အနည်းငယ်မျှ နှုတ်ဆိတ်နေခဲ့ပြီးနောက် သူ၏ မျက်နှာတွင် အားကိုးရာမဲ့သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“အဆုံးသတ်မှာတော့... ဖော်ထုတ်ခံလိုက်ရတာပဲ”
ထိုစကားကို ကြားလိုက်ရသဖြင့် အားလုံး ခဏမျှ ကြောင်အမ်းသွားကြသည်။ သို့သော် မည်သူမျှ စကားမဆိုနိုင်ခင်မှာပင် ချန်လော့က ဆက်ပြောသည်။
“ငါက အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်မှာ ရှိနေတယ်ဆိုပေမဲ့ ငါ့ရဲ့ ပါရမီအရည်အချင်း က တကယ်တော့ အတော်လေး ညံ့ဖျင်းတယ်”
“ငါ နေ့တိုင်း ကျင့်ကြံပြီး အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်ကို ရောက်ရှိခဲ့တယ်ဆိုပေမဲ့ ငါ့ရဲ့ ပါရမီကြောင့် ငါ့ရဲ့ ဝိညာဉ်စွမ်းအားက အများကြီး တိုးတက်မလာနိုင်ခဲ့ဘူး”
“ငါ့ရဲ့ ဝိညာဉ်စွမ်းအားက သာမန်ကျင့်ကြံသူတစ်ဦးရဲ့ ထက်ဝက်တောင် မရှိဘူး။ ဖြစ်နိုင်တာက ငါးပုံတစ်ပုံတောင် ရှိမှာ မဟုတ်ဘူး”
ထိုသို့ပြောရင်းနှင့် ချန်လော့သည် အပြစ်မကင်းစိတ်များဖြင့် အားလုံးကို ဦးညွှတ် ဂါရဝပြုလိုက်သည်။
“အားလုံးပဲ ခွင့်လွှတ်ကြပါ... ငါ မင်းတို့ကို ဒုက္ခပေးမိသွားပြီ”
ချန်လော့သည် သူ၏ အသံအနိမ့်အမြင့်ကို တမင်တကာ ထိန်းချုပ်ထားသဖြင့် သူ၏ လေသံမှာ နားထောငိရသူအဖို့ အတော်လေး စိတ်မကောင်းဖြစ်စရာ ကောင်းလှသည်။ အားကိုးရာမဲ့ခြင်း၊ နာကျည်းမှု၊ အလျှော့ပေးလိုက်ရခြင်း စသည့် စိတ်ခံစားမှုများက သူ၏ စကားလုံးများအကြားတွင် ရောပြွမ်းနေသည်။
သူသည် မျက်ဝန်းအစုံမှ မျက်ရည်စများကိုပင် အတင်းညှစ်ထုတ်ကာ ဝမ်းနည်းပက်လက် သရုပ်ဆောင်နေပြီး နောက်ဆုံးစကားကို ဆိုလိုက်ချိန်တွင် အသံပင် တဆတ်ဆတ် တုန်ယင်နေခဲ့၏။
ဤမြင်ကွင်းကြောင့် ပိုင်ယီယီမှာ စိတ်မကောင်းဖြစ်ကာ ဆက်၍ ကြည့်မနေနိုင်တော့ဘဲ ချန်လော့ဘက်မှ အလျင်အမြန် ကာကွယ်ပြောဆိုပေးလေသည်။
“စီနီယာအစ်ကို ချန်လော့ ယွင်ထျန်းဂိုဏ်းကို စတင်အခြေချတုန်းက သူ့ရဲ့ ပါရမီအရည်အချင်းက အနိမ့်ဆုံး သာမန်အဆင့်ပဲ ရှိခဲ့တာပါ…”
ပိုင်ယီယီ၏ စကားအဆုံးတွင် လူတိုင်းက ချန်လော့ကို တစ်ဖန်ပြန်၍ စိုက်ကြည့်မိကြပြီး ရင်ထဲ၌ သနားစရာ ကရုဏာသက်မှုများ ဖြစ်ပေါ်လာကြသည်။
သူတို့အားလုံးသည် မိမိတို့ဂိုဏ်းတွင် မျက်နှာဖုံး တိုက်ရိုက်တပည့်များဖြစ်ကာ အပြောမခံရလောက်အောင် ပါရမီထူးချွန်သူများ ဖြစ်ကြသော်လည်း 'အနိမ့်ဆုံးပါရမီ' ဟူသော စကားလုံး၏ ခါးသီးမှုကိုမူ ကောင်းကောင်း နားလည်ကြသည်။
ကျင့်ကြံခြင်းလောကတွင် ထိုကဲ့သို့သော အောက်ခြေကျလွန်းသည့် ပါရမီရှင်များ၏ ဝေဒနာကို ဖော်ပြသည့် ရှေးဟောင်းစကားပုံတစ်ခု ရှိပေသည်။
“ဝိညာဉ်စွမ်းအား စုဆောင်းရန် သုံးနှစ်၊ အထွတ်အထိပ်သို့ ရောက်ရန် ဆယ်နှစ်၊ အခြေခံအုတ်မြစ် တည်ဆောက်ရန်မူ နှစ်ပေါင်း ရာချီ ကြာမြင့်လေ၏…”
ဆိုလိုသည်မှာ အနိမ့်ဆုံး ပါရမီအရည်အချင်းရှိသော ကျင့်ကြံသူများသည် သုံးနှစ်အတွင်း ဝိညာဉ်စွမ်းအား စုဆောင်းခြင်း လုပ်ငန်းစဉ်ကို ပြီးမြောက်ရန်နှင့် ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိရန်ပင် လွန်စွာ ခက်ခဲလှသည်။
သူတို့သည် ဆယ်နှစ်အတွင်း ဝိညာဉ်စွမ်းအား၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်ရန်ပင် မသေချာသလို၊ အကယ်၍ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိလိုပါက နှစ်ပေါင်း ရာချီ ကြာမြင့်လျှင်ပင် အောင်မြင်နိုင်ရန် မသေချာပေ။
ချန်လော့သည် မိမိကိုယ်ပိုင် ကြိုးစားအားထုတ်မှုနှင့် ပြတ်သားသော စိတ်ဓာတ်တို့ဖြင့် အနိမ့်ဆုံး ပါရမီအရည်အချင်းအဆင့်မှနေ၍ အခြေခံတည်ဆောက်ခြင်းအဆင့်၏ ထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ တကယ့်ကို အံ့ဩချီးကျူးစရာ ကောင်းလှသည်။
သို့သော် ဤကဲ့သို့ ကြံ့ကြံ့ခံပြီး အလျှော့မပေးတတ်သော လူတစ်ယောက်သည် ယခုလို မေးမြန်းခံရသည့်အခါ မျက်ရည်များပင် ကျလာခဲ့ရချေပြီ။
မည်သူမဆို ဤမြင်ကွင်းကို ကြည့်ပြီး စိတ်မကောင်းဖြစ်သွားကြမည်မှာ အမှန်ပင် ဖြစ်သည်။
“အစ်ကို ချန်လော့ကို အပြစ်မတင်ကြပါနဲ့... ဒါ အားလုံး ငါ့အပြစ်တွေပါ…”
ထိုအချိန်တွင် လေပြေတောင်ပံငှက်ဘုရင်၏ လက်ချက်ဖြင့် သေလုမြောပါး ဖြစ်ခဲ့ရသော လျူချီက အားတင်း၍ စကားဆိုလာသည်။
“အကယ်၍ အစ်ကို ချန်လော့သာ အရင်က ငါ့ကို နှစ်ကြိမ်တိုင်တိုင် မကယ်တင်ခဲ့ဘူးဆိုရင် ငါ အခုချိန်မှာ သေလူ ဖြစ်နေလောက်ပါပြီ၊ ဒီနေ့မှာ တစ်စုံတစ်ဦးက အပြစ်ရှိတယ်ဆိုရင် အဲဒါ ငါပဲ ၊ ငါက သိပ်ပြီး အားနည်းလွန်းလို့ အားလုံးကို ဒီလိုမျိုး ဒုက္ခပေးမိသွားတာပါ…”
လျူချီသည် ပုံကြီးချဲ့ပြောနေခြင်း မဟုတ်ပေ။ ချန်လော့သည် သူ့ကို နှစ်ကြိမ်တိုင်တိုင် အမှန်တကယ် ကူညီပေးခဲ့ခြင်း ဖြစ်သည်။ ပထမအကြိမ်တွင် သူ ရှေ့သို့ မိုက်မိုက်ကန်းကန်း တိုးဝင်သွားခြင်းကို တားဆီးပေးခဲ့သည်။
အကယ်၍ သူသာ ရှေ့သို့ ဆက်သွားခဲ့ပါက နောက်တစ်စက္ကန့်တွင် လေပြေတောင်ပံငှက်ဘုရင်၏ ဖမ်းဆီးခြင်းကို ခံရမည်မှာ ဧကန်မလွဲပင်။ ဒုတိယအကြိမ်မှာမူ သူသည် လေပြေတောင်ပံငှက်ဘုရင်၏ အတောင်ပံများဖြင့် ရိုက်ခတ်ခံရချိန်တွင် ချန်လော့က သူ့ကို လာရောက် ကူညီပေးခဲ့ခြင်း ဖြစ်သည်။
တစ်စုံတစ်ဦးက သင့်ကို တတိယအကြိမ် မကူညီနိုင်ခဲ့ခြင်းအတွက် ထိုသူ့ကို ကရုဏာတရားကင်းမဲ့သူ သို့မဟုတ် မတရားသူဟု စွပ်စွဲရန်မှာ မဖြစ်ချေ။
“လီချန်... မင်းမှာ ဘာမှလုပ်စရာမရှိရင် လျူချီကို သွားပြီး စောင့်ရှောက်ပေးလိုက်ပါ”
ချိုးယွီနင်က မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။ သူသည် ပုံမှန်အားဖြင့် စိတ်သဘောထား အလွန်ကောင်းမွန်သူ ဖြစ်သော်လည်း ယခုအခါ လီချန်၏ အပြုအမူကြောင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။
ထိုအရာကို မြင်တော့ လီချန် သည် သက်ပြင်းချလိုက်မိသည်။ အခြားသူများကို ထည့်မပြောခင် သူကိုယ်တိုင်ပင် မိမိကိုယ်ကို အပြစ်ရှိသည်ဟု အတိုင်းအတာတစ်ခုအထိ ခံစားမိသည်။
အကယ်၍ သူသာ ချန်လော့၏ ပါရမီအရည်အချင်းသည် အနိမ့်ဆုံးအဆင့်တွင် ရှိနေသည်ကို ကြိုတင်သိရှိခဲ့ပါက ဤအရာများနှင့် ပတ်သက်၍ မည်သည့်မေးခွန်းမျှ မေးမြန်းလိမ့်မည် မဟုတ်ချေ။ သူသည် သန်းခေါင်ယံအချိန်တွင် အိပ်ရာမှနိုးလာပါက မိမိကိုယ်ကို ပါးနှစ်ချက်ခန့် ရိုက်ပစ်ချင်စိတ် ပေါက်နေမိသည်။
ချန်လော့သည် မည်သည့်စကားမျှ မဆိုဘဲ ဤအခြေအနေအားလုံးကို စောင့်ကြည့်နေခဲ့ပြီး မိမိကိုယ်ပိုင် ဝမ်းနည်းမှုများအကြားတွင် နစ်မြုပ်နေသည့်ဟန် ပြုလုပ်ထားဆဲ ဖြစ်သည်။ သို့သော်လည်း လူအများက သူ့ကို ကြည့်သည့် အကြည့်များမှာမူ အတော်လေး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် သူတို့မျက်စိထဲ၌ ချန်လော့၏ ပုံရိပ်မှာ ကြီးမားစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မူလက သူတို့သည် ချန်လော့ကို ဖြောင့်မတ်သောတာအို၏ မတရားမှုကို ခံခဲ့ရသော သာမန်ကျင့်ကြံသူတစ်ဦးအဖြစ်သာ ထင်မြင်ခဲ့ကြသည်။
သို့သော် ယခုမူ သူတို့၏ မျက်ဝန်းထဲတွင် ချန်လော့သည် သာမန်ကျင့်ကြံသူတစ်ဦး မဟုတ်တော့ဘဲ မိမိ၏ ကံကြမ္မာကို အရှုံးမပေးဘဲ ပိုမိုမြင့်မားသော နေရာသို့ ရောက်ရှိရန် အစွမ်းကုန် ကြိုးစားအားထုတ်နေသည့် စစ်မှန်သော ရဲရင့်သူတစ်ဦးပင်။
သူသည် အနိမ့်ဆုံး ပါရမီအရည်အချင်းအဆင့်မှ စတင်ကာ အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန်အတွက် အမျိုးမျိုးသော အခက်အခဲများနှင့် ဆင်းရဲဒုက္ခများစွာကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည် မဟုတ်လော။