အခန်း ၁၂၉-၁၃၀
Vol. 13 Ch. 129-130
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၁၂၉
ရက်အနည်းငယ် ကြာပြီးနောက် ထျဲလန်ယန်နှင့် သူမ၏အဖွဲ့သည် ရထားပေါ်မှ ဆင်းခဲ့ကြသည်။
ရထားဘူတာရုံအပြင်ဘက်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ဝ၀တုတ်တုတ် ပုံရိပ်တစ်ခုက သူတို့ဆီသို့ လက်လှမ်းပြလျက် အပြေးအလွှား ရောက်ရှိလာတော့သည်။
"ဟေ့ မိန်းကလေး၊ ဟေ့ မိန်းကလေး။ ငါ ဒီမှာ။"
နှစ်နှစ်ကျော်ကြာသွားသည့်တိုင် နျိုတပင်းသည် ယခင်ကကဲ့သို့ပင် တက်ကြွထက်သန်နေဆဲ ဖြစ်သည်။
ထျဲလန်ယန်ကို မြင်သည်နှင့် သူသည် သူမ၏လက်ထဲမှ အိတ်များကို ချက်ချင်း ဆွဲယူလိုက်တော့သည်။
"လာလာ၊ ငါ့ကိုပေး၊ သယ်ပေးမယ်။ လမ်းခရီးက အဝေးကြီးဆိုတော့ မင်း ပင်ပန်းလာရောပေါ့၊ ငါပဲ သယ်ပါရစေ။"
ထျဲလန်ယန်က သူ့အား ဝမ်ကျွင်းကျွင်း၊ ဟဲချွန်းဟွာတို့ မိခင်နှင့် သမီးတို့နှင့် မိတ်ဆက်ပေးလိုက်သည်။ နျိုတပင်းက ပြုံးလျက် နှုတ်ဆက်ခဲ့သည်။ "မင်္ဂလာပါ၊ ကျွန်တော်က နျိုတပင်းပါ။ ရှောင်လန်ယန်ရဲ့ သူငယ်ချင်းအရင်းကြီးပေါ့။"
ဟဲချွန်းဟွာက ပြုံး၍ ခေါင်းညိတ်ပြသည်။ ဝမ်ကျွင်းကျွင်းကမူ ပင်ကိုယ်စရိုက်အရ ပွင့်လင်းသွက်လက်သူဖြစ်သဖြင့် နျိုတပင်း၏ ပခုံးကို ချက်ချင်း ဖက်လိုက်ရင်း စကားစမြည် ဆိုတော့သည်။ "အစ်ကိုကြီးတပင်း၊ ကျွန်တော်က တခြားမြို့ကလာတာ၊ ပေကျင်းကို ပထမဆုံး ရောက်ဖူးတာမို့လို့ နောက်ကြရင် အများကြီး အကူအညီတောင်းရဦးမှာ။"
နျိုတပင်းက သူ့ရင်ဘတ်ကို ပုတ်လျက် ပြောလိုက်သည်။ "ရတာပေါ့၊ ငါ့တာဝန်ထားလိုက်စမ်းပါ။ မင်းက ဒီမိန်းကလေးရဲ့ သူငယ်ချင်းဆိုတော့ ငါတို့ရဲ့ ညီအစ်ကိုပဲပေါ့။"
လည်လွန်းသော စုန့်ရွှယ်လေးကလည်း မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ပြောလိုက်သည်။"အစ်ကိုကြီးတပင်း၊ သမီး မုန့်အကောင်းစားတွေ စားချင်တယ်။"
အစ်မလန်ယန်က ပေကျင်းတွင် စားစရာ အကောင်းစားများစွာ ရှိကြောင်း ပြောဖူးသဖြင့် သူမ တွေးပြီး သွားရည်ကျနေခဲ့ခြင်း ဖြစ်သည်။ နျိုတပင်းက တဟားဟား ရယ်မောကာ ပြောလိုက်သည်။ "လာကြ၊ လာကြ၊ ငါ့အိမ်ကို အရင်သွားရအောင်။ ငါ့မိန်းမက မင်းတို့အတွက် စားစရာ အကောင်းစားတွေအများကြီး ချက်ပြုတ်ပြင်ဆင်ထားတယ်။"
ထျဲလန်ယန် - "ကျွန်မတို့ အိမ်ကို အရင်သွားပြီး အထုပ်အပိုးတွေ ချလိုက်ကြရအောင်၊ အဝတ်အစားတွေလည်း နေရာချရဦးမယ်။"
လွန်ခဲ့သော နှစ်နှစ်အတွင်း နျိုတပင်းသည် မှောင်ခိုဈေးကွက်တွင် နာမည်တစ်လုံး ရရှိခဲ့ပြီး ပိုက်ဆံများစွာ ရှာဖွေနိုင်ခဲ့သည်။
မနှစ်က နှစ်ကုန်ပိုင်းလောက်ကတည်းက သူသည် အဝင်ပေါက်တစ်ခုပါသော အိမ်ခြံဝင်းတစ်လုံးကို ဝယ်ယူထားခဲ့ပြီး ဖြစ်သည်။
ထိုအိမ်က အကျယ်အဝန်း ၁၃၀ စတုရန်းမီတာခန့်သာ ရှိသဖြင့် သိပ်မကြီးလှသော်လည်း ပင်မအိမ်ဆောင်၊ အရှေ့ဘက်အဆောင်နှင့် အနောက်ဘက်အဆောင် အပါအဝင် စုစုပေါင်း အခန်း ၈ ခန်း ရှိရာ သူတို့မိသားစု သုံးယောက် နေထိုင်ရန် လုံလောက်လှသည်။
အိမ်ခြံဝင်းကို ဝယ်ပြီးသည်နှင့် နျိုတပင်းသည် ဇနီးနှင့် သမီးလေးကို ခေါ်ကာ ချက်ချင်း ရွှေ့ပြောင်း နေထိုင်ခဲ့ကြသည်။
ထျဲလန်ယန်၏ အိမ်မှာမူ နှစ်လ သုံးလခန့် လွတ်နေခဲ့ရသည်။
သို့သော်လည်း အိမ်နှစ်လုံးမှာ သိပ်မဝေးလှပေ။
နျိုတပင်းသည် ရံဖန်ရံခါ ထျဲလန်ယန်၏ အိမ်သို့ သွားရောက် သန့်ရှင်းရေး လုပ်ပေးလေ့ရှိသဖြင့် အိမ်လေးမှာ အတော်အတန် သန့်ရှင်း သပ်ရပ်နေဆဲ ဖြစ်သည်။
ထျဲလန်ယန်၏ အိမ်ခြံဝင်းလေးထဲသို့ အားလုံး ရောက်ရှိသွားသောအခါ ဟဲချွန်းဟွာနှင့် စုန့်ရွှယ်တို့မှာ စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေခဲ့ကြသည်။
ဟဲချွန်းဟွာ - "လန်ယန်၊ နင့်အိမ်က တော်တော်ကျယ်တာပဲ၊ ဒါပေမယ့် နှမြောဖို့ကောင်းတာက..."
--နှမြောဖို့ကောင်းတာက အိမ်ကြီးက ခြောက်ကပ်လွန်းနေတာပဲ။
သူမသည် ထိုစကားကို ဆက်မပြောဘဲ မြိုသိပ်လိုက်မိသည်။
ထျဲလန်ယန်သည် မိဘမဲ့တစ်ဦးဖြစ်ပြီး မိဘနှစ်ပါးစလုံး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သူမ အရင်က ကြားဖူးထားသည်။
မိဘမဲ့ မိန်းကလေးငယ်တစ်ဦးအတွက် ဘဝက မည်မျှ ခက်ခဲလိမ့်မည်နည်းဟု စဉ်းစားကာ သူမ စိတ်မကောင်း ဖြစ်ခဲ့ရဖူးသည်။
ယခုကဲ့သို့ အိမ်ကြီးတစ်လုံးလုံး ခြောက်ကပ်နေသည်ကို မြင်ရသောအခါ ပို၍ပင် စိတ်မကောင်း ဖြစ်မိသွားရတော့သည်။
"နောက်ကြရင် ငါတို့တွေက မိသားစုတွေ ဖြစ်သွားကြပြီပဲ။ အဒေါ်က သမီးကို ကိုယ့်သမီးအရင်းလို စောင့်ရှောက်မှာမို့လို့ နောက်နောင် မပျင်းရတော့ဘူးနော်။"
ဟဲချွန်းဟွာက ထျဲလန်ယန်၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး မျက်ဝန်းထဲတွင် သနားဂရုဏာရိပ်များဖြင့် ပြောလိုက်သည်။
ထျဲလန်ယန်က ပြုံးလျက် သူမ၏လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်ပြီး ဘာမှမပြောခဲ့ပေ။
သူမသည် ယခုထက် ပိုခက်ခဲသော အခြေအနေများကိုပင် ဖြတ်ကျော်ခဲ့ဖူးသူဖြစ်ရာ ဤမျှလောက်မှာ သူမအတွက် စာမဖွဲ့လောက်ပေ။
အားလုံး ထျဲလန်ယန်၏ အိမ်တွင် ခေတ္တအနားယူကာ မျက်နှာသစ်ပြီးနောက် လက်ဆောင်ပစ္စည်းများကို ယူဆောင်လျက် နျိုတပင်း၏ အိမ်သို့ သွားရန် ပြင်ဆင်ကြသည်။
နျိုတပင်းက ချက်ချင်း တားမြစ်လိုက်သည်။ "ထမင်းလာစားတာပဲ၊ ဘာမှသယ်မလာပါနဲ့၊ မဟုတ်ရင် ကျွန်တော့်မိန်းမက ကျွန်တော့်ကို ထပ်ဆူနေဦးမယ်။"
ဟဲချွန်းဟွာ ရယ်မောလျက် ပြောလိုက်သည်။ "သူများအိမ်ကို ဒီတိုင်း သွားလည်ရတာ အလိုက်မသိရာ ရောက်တာပေါ့။ ရပါတယ်ကွယ်။"
လူကြီးဖြစ်သူက ပြောလာသဖြင့် နျိုတပင်းလည်း ဘာမှ ဆက်မပြောတော့ပေ။
မိနစ် ၃၀ ခန့် လမ်းလျှောက်ပြီးနောက် သူတို့သည် အပြာရောင်အုတ်ခဲများနှင့် အဖြူရောင်ကြွေပြားများဖြင့် ဆောက်လုပ်ထားသော ခြံဝင်းလေးကို မြင်တွေ့လိုက်ရသည်။ ခြံဝင်းတံတိုင်းတွင် နွယ်ပင်များ စိမ်းစိုဝေဆာစွာ နွယ်ယှက်နေကြပြီး ကြည့်ရသည်မှာ သက်ဝင်လှုပ်ရှားဖွယ် ကောင်းလှသည်။
ခြံဝင်းထဲတွင် ၀ဝတုတ်တုတ်နှင့် ချစ်စရာကောင်းသော ကလေးငယ်တစ်ဦးက လက်ထဲတွင် တုတ်တစ်ချောင်း ကိုင်ကာ ကြက်များကို ပျော်ရွှင်စွာ မောင်းနှင်နေသည်။
နျိုတပင်းကို မြင်သည်နှင့် ထိုကလေးငယ်သည် လက်နှစ်ဖက်ကို ဆန့်တန်းကာ ပြောလိုက်သည်။ "ဖေဖေ... ဖေဖေ... ချီ..."
နျိုတပင်း၏ မျက်နှာဝိုင်းဝိုင်းကြီးမှာ ချက်ချင်း ပြုံးပန်းပွင့်သွားပြီး ပြောခဲ့သည်။ "အို၊ ဖေဖေ့ အသည်းတုံးလေး၊ ဖေဖေ ချီမယ်နော်။"
အပြင်ဘက်မှ ဆူညံသံများကို ကြားရသဖြင့် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော ဝဝတုတ်တုတ် ဇနီးသည်မှာ အမြန်ထွက်လာခဲ့သည်။ "လန်ယန် ရောက်လာပြီပဲ။ လာလာ၊ အိမ်ထဲဝင်ထိုင်ကြပါဦး။ ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်။"
"မင်္ဂလာပါ အစ်မကြီး။"
ထျဲလန်ယန်က ပြုံး၍ နှုတ်ဆက်လိုက်သည်။
ဤသည်မှာ နျိုတပင်း၏ ဇနီးနှင့် သူမ ပထမဆုံးအကြိမ် ဆုံတွေ့ခြင်း ဖြစ်သည်။ ညင်သာသော မျက်နှာထားနှင့် ပြည့်ပြည့်ဖြိုးဖြိုး ခန္ဓာကိုယ်ရှိသဖြင့် ကြည့်ရသည်မှာ အလွန် ကံကောင်းပြီး သဘောကောင်းမည့်သူ ပုံစံမျိုး ဖြစ်သည်။
အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြကာ လက်ဆောင်များကို ကမ်းပေးကြသည်။
ဇနီးဖြစ်သူက အားနာသဖြင့် အနည်းငယ် ငြင်းဆန်သော်လည်း နောက်ဆုံးတွင် လက်ခံလိုက်ပြီး ခင်ပွန်းဖြစ်သူ နျိုတပင်းအား အပြစ်တင်သကဲ့သို့ စောင်းကြည့်လိုက်သည်။
နျိုတပင်းမှာ မိမိနှာခေါင်းကိုသာ ပွတ်ရင်း အားနာနေရှာသည်။ သူလည်း တားခဲ့ပါသော်လည်း မရခဲ့သည်ကိုး။
"ထိုင်ကြပါဦး။ နောက်ထပ် ဟင်းနှစ်ပွဲပဲ ကျန်တော့တယ်။ ရေငတ်ပြေအောင် အအေးလေးတွေ အရင်သောက်ကြပါဦး။"
တပင်း၏ ဇနီးက နျိုတပင်းအား အအေးများ သွားယူခိုင်းသဖြင့် သူလည်း အမြန် သွားယူပေးရှာသည်။
စားပွဲပေါ်တွင် ပူပူနွေးနွေး ဟင်းလျာ ခြောက်မျိုးကို အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်ရာ ကြည့်ရသည်မှာ အလွန် သွားရည်ကျစရာ ကောင်းလှသည်။
ဟဲချွန်းဟွာက အားနာစွာဖြင့် ပြောလိုက်သည်။ "ဟင်းတွေက အများကြီးပဲ၊ အားနာစရာကြီးကွယ်။"
နျိုတပင်း - "ဘာမှ အားနာစရာမလိုပါဘူး အဒေါ်။ အဒေါ်က ကျွန်တော်နဲ့ ရှောင်လန်ယန်တို့ရဲ့ ပတ်သက်မှုကို မသိသေးလို့ပါ။ သူမသာ မရှိရင် ကျွန်တော် အခုလို အဆင်ပြေနေမှာ မဟုတ်ပါဘူး။"
တစ်နည်းအားဖြင့်ဆိုသော် ထျဲလန်ယန်သည် သူ၏ ကျေးဇူးရှင် ဖြစ်သည်။ သူမသည် အိမ်ငှားခကို ထက်ဝက် လျှော့ပေးခဲ့ရုံမက အားပေးစာများ ရေးသားပေးပို့ခဲ့ပြီး မှောင်ခိုဈေးကွက် စီးပွားရေး တိုးချဲ့နိုင်ရန် ပိုက်ဆံများပါ ထုတ်ချေးပေးခဲ့ဖူးသည်။
သူသည် ၎င်းတို့အတွက် အမြဲတမ်း ကျေးဇူးတင်လျက် ရှိနေခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ထျဲလန်ယန်သာ မရှိခဲ့ပါက သူသည် မိသားစု၏ ဖိနှိပ်မှုကို ခံနေရဆဲဖြစ်သော သနားစရာ ကောင်လေးတစ်ဦးအဖြစ်သာ ရှိနေဦးမည်ဖြစ်ပြီး ယခုကဲ့သို့ ပျော်ရွှင်စရာ ဘဝမျိုးကို ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
နျိုတပင်း၏ ဇနီး နောက်ဆုံးဟင်းပွဲကို သယ်ဆောင်လာချိန်မှာပင် စုန့်ပိုင်ယွမ်တစ်ယောက် အပြေးအလွှား ရောက်ရှိလာခဲ့သည်။
လွန်ခဲ့သော ရက်ပိုင်းက စစ်တပ်ထဲတွင် ကိစ္စအချို့ ရှိနေသဖြင့် သူ အလွန် အလုပ်ရှုပ်နေခဲ့ရပြီး ဘူတာရုံသို့ လာမကြိုနိုင်ခဲ့ခြင်း ဖြစ်သည်။
နျိုတပင်း၏ လိပ်စာကိုမူ ထျဲလန်ယန် မထွက်ခွာမီကတည်းက သူ့အား ပေးထားခဲ့ဖူးသည်။
"အို... ဒါက မင်းရဲ့ ချစ်သူပေါ့လေ။ တကယ့်ကို ခံ့ညားပြီး နှစ်ယောက်သားက အရမ်း လိုက်ဖက်တာပဲ။"
နျိုတပင်း၏ မျက်ဝန်းများ ဝမ်းသာအားရ တောက်ပသွားသည်။
ဤသူက ဗိုလ်မှူးကြီးတစ်ဦး မဟုတ်ပါလား။
ဤမိန်းကလေးကတော့ တကယ့်ကို မခေလှပေ။
"ကဲ... လူလည်း စုံပြီဆိုတော့ အားလုံးပဲ စားကြရအောင်။"
နျိုတပင်း၏ ဇနီးသည် ကလေးကို ပွေ့ချီထားရင်း အားလုံးကို ထမင်းစားရန် ဖိတ်ခေါ်လိုက်သည်။
နျိုတပင်းက ဇနီးဖြစ်သူထံမှ ကလေးကို ချက်ချင်း လွှဲပြောင်းပွေ့ချီလိုက်သည်။ "မိန်းမ၊ မင်း အရင်စားလိုက်ဦး။ ဟင်းတွေချက်ရတာ ပင်ပန်းနေရောပေါ့။ ကလေးကို ကိုယ်ပဲ ခဏထိန်းထားပေးမယ်။"
"အင်း..." နျိုတပင်း၏ ဇနီးသည် ရင်ထဲတွင် နွေးထွေးသွားရသည်။
၎င်းကို မြင်သောအခါ ဟဲချွန်းဟွာသည် သားဖြစ်သူဘက်သို့ လှည့်ကာ လေသံတိုးတိုးဖြင့် တတွတ်တုတ်ပြောတော့သည်။ "သား၊ မြင်တယ်မလား။ နောက်ကြရင် မင်းရဲ့မိန်းမအပေါ်ကိုလည်း အခု အစ်ကိုကြီးတပင်းလုပ်သလိုမျိုး ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်နော်။ သူ့ဆီကနေ အတုယူပြီး သေချာလေ့လာထားစမ်း။"
စုန့်ပိုင်ယွမ်က ခေါင်းညိတ် ထောက်ခံလိုက်ပြီး ထျဲလန်ယန်ဘက်သို့ လှည့်ကြည့်လျက် ပြောလိုက်သည်။ "ကျွန်တော် အကောင်းဆုံး လုပ်မှာပါ။"
ထျဲလန်ယန်တစ်ယောက် ချက်ချင်းပင် မျက်နှာတစ်ခုလုံး နီမြန်းသွားရတော့သည်။
မဟုတ်သေးပါဘူး... ရှင်က ကျွန်မကို ဘာလို့ အဲဒီလိုကြီး လှမ်းကြည့်နေရတာလဲ။
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၁၃၀
ထမင်းစားသောက်ပြီးနောက် ဝမ်ကျွင်းကျွင်းက ပထမဆုံး ထွက်ခွာသွားခဲ့သည်။
သူ၏ဦးလေးဖြစ်သူက ပေကျင်းတွင် နေထိုင်သဖြင့် ကျောင်းမဖွင့်မီ ရက်အနည်းငယ်အလိုတွင် ဦးလေးဖြစ်သူအိမ်၌ ခေတ္တတည်းခိုနေထိုင်ပြီး ကျောင်းဖွင့်ပါက ကျောင်းအဆောင်၌ ပြောင်းရွှေ့နေထိုင်မည် ဖြစ်သည်။
"ကျွန်တော် သွားပြီနော် အစ်မလန်ယန်။ နောက်ကြရင် အစ်မတို့ကျောင်းဆီကို ကျွန်တော် လာလည်ပါ့မယ်။" ဝမ်ကျွင်းကျွင်းသည် ပျော်ရွှင်မြူးတူးစွာဖြင့် ထွက်ခွာသွားတော့သည်။
စုန့်ပိုင်ယွမ်သည်လည်း ဟဲချွန်းဟွာနှင့် စုန့်ရွှယ်တို့ကို ခေါ်ဆောင်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သူသည် ဗိုလ်မှူးကြီးတစ်ဦးဖြစ်သဖြင့် စစ်တပ်ဝင်းအတွင်း၌ အခန်းနှစ်ခန်းပါသော ခြံဝင်းတစ်လုံး ချီးမြှင့်ခံထားရသည်။ သို့သော်လည်း သူသည် မိခင်နှင့် ညီမဖြစ်သူကို ထိုစစ်တပ်အိမ်ရာတွင် ပေးမနေရန် ဆုံးဖြတ်ထားသည်။ ထို့အစား စစ်စခန်းနှင့်မလှမ်းမကမ်းရှိ အပြင်ဘက် ဘန်ဂလိုအိမ်လေးတစ်လုံးကို သူတို့နေထိုင်ရန် ငှားရမ်းပေးခဲ့သည်။
"အမေ၊ စစ်တပ်ကချပေးတဲ့အိမ်ကိုတော့ ကျွန်တော် မင်္ဂလာဆောင်ရင် သုံးဖို့ စိတ်ကူးထားလို့ပါ။" စုန့်ပိုင်ယွမ်က ဟဲချွန်းဟွာအား ဤသို့ ပွင့်ပွင့်လင်းလင်း ရှင်းပြလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ဟဲချွန်းဟွာမှာ မျက်လုံးလေးတွေ မှိတ်သွားသည်အထိ ပြုံးပန်းပွင့်သွားရတော့သည်။
ဤသားအူတူတူလေးမှာ ရည်းစားရသွားကတည်းက အမေဖြစ်သူကို မေ့လျော့နေသော်လည်း သူမအနေဖြင့် လုံးဝ မနာလိုမဖြစ်မိပေ။ အဘယ်ကြောင့်ဆိုသော် ထျဲလန်ယန်ကဲ့သို့ ထူးချွန်ထက်မြက်လွန်းသော ချွေးမလောင်းလေးကို ရရှိထားရသဖြင့် သူမမှာ ညတိုင်း အိပ်မက်မက်ရင်း တဟီးဟီးနှင့် ရယ်မောကာ နိုးထချင်စိတ်ပင် ပေါက်နေရသောကြောင့် ဖြစ်သည်။
"အေးပါ၊ အေးပါ။ အရေးကြီးတာက သူမကို အမြန်ဆုံး အိမ်ထောင်ပြုဖို့ပဲ။"
နေရာအသစ်သို့ ရောက်သည်နှင့် ဟဲချွန်းဟွာသည် စုန့်ပိုင်ယွမ်အား ချက်ချင်း မောင်းထုတ်တော့သည်။ "နင်တို့နှစ်ယောက် မတွေ့ရတာလည်း ကြာပြီပဲ၊ သွားစရာရှိတာ အမြန်သွားတော့။"
စုန့်ပိုင်ယွမ် - "ဟုတ်ကဲ့ပါ။"
သူမနှင့် မတွေ့ရသည်မှာ လဝက်နီးပါး ရှိနေပြီဟု သူ ထျဲလန်ယန်အား ပြောခဲ့ဖူးသည်။
နောက်ဆုံးအကြိမ် တွေ့ဆုံစဉ်ကပင် သူသည် နှစ်ရက်ခန့်သာ နေပြီး ပြန်လည်ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။
သူမ ပေကျင်းသို့ ရောက်လာသော်လည်း စားသောက်ဆိုင်တွင် လူများပြားလွန်းသဖြင့် သူတို့နှစ်ဦး ကောင်းကောင်း စကားမပြောနိုင်ခဲ့ကြပေ။ ယခုမူ သူသည် သူမနှင့်အတူ အချိန်ကို ကောင်းမွန်စွာ ကုန်ဆုံးခွင့် ရရှိခဲ့ပြီ ဖြစ်သည်။
စုန့်ပိုင်ယွမ်သည် အိမ်သို့ အမြန်ပြန်ချင်စိတ်များ ပြင်းပြနေသဖြင့် သူ၏ ဂျစ်ကားကြီးကို ပုံမှန်ထက် ပိုမိုမြန်ဆန်သော နှုန်းဖြင့် မောင်းနှင်ခဲ့တော့သည်။
......
အခြားတစ်ဖက်တွင်မူ။
ထျဲလန်ယန်သည် အသုံးအဆောင်ပစ္စည်းများကို နေရာချပြီးစီးသွားသဖြင့် သခွားသီးစိတ်လေးများကို မျက်နှာပေါ်တင်ကာ ပေါင်းတင်နေစဉ်မှာပင် စုန့်ပိုင်ယွမ် ရောက်ရှိလာခဲ့သည်။
မျက်နှာပေါ်တွင် ကပ်နေသော သခွားသီးဖတ်များကို မြင်သောအခါ စုန့်ပိုင်ယွမ်မှာ အံ့အားသင့်သွားခဲ့သည်။ "မင်း မျက်နှာပေါ်ကို ဘာလို့ သခွားသီးတွေ ကပ်ထားတာလဲ။ မျက်နှာမှာ ဒဏ်ရာရထားလို့လား။"
ထျဲလန်ယန်သည် အပန်းဖြေကုလားထိုင်ပေါ်တွင် ပျင်းရိသော အနေအထားဖြင့် အေးအေးလူလူ လှဲလျောင်းနေရင်း ပြောလိုက်သည်။ "မဟုတ်ပါဘူး၊ ဒီရက်ပိုင်း ခရီးသွားရတာ များလို့ မျက်နှာ အရေပြားက ခြောက်သွေ့နေလို့လေ၊ ဒါကြောင့် အစိုဓာတ်ထိန်းပေးရုံတင်ပါ။"
"အင်..." စုန့်ပိုင်ယွမ်သည် နားလည်သလိုလိုနှင့် ခေါင်းညိတ်ရှာသည်။
ထျဲလန်ယန်က သူ့အား လှမ်းကြည့်လိုက်ရာ မကြာသေးမီက စစ်တပ်တာဝန်များကြောင့် သူ အသားအတော်လေး ညိုသွားသည်ကို သတိပြုမိသွားသည်။ "ကျွန်မဆီမှာ သခွားသီးတွေ အပိုကျန်သေးတယ်၊ ရှင့်ကိုပါ တစ်ခါတည်း ပေါင်းတင်ပေးရမလား။"
"မလိုပါဘူး..."
စုန့်ပိုင်ယွမ်သည် မသိစိတ်အရ ငြင်းဆန်ရန် ပြင်လိုက်သော်လည်း နှုတ်မှထွက်လာသော စကားလုံးမှာမူ "အဆင်ပြေပါတယ်" ဟု ပြောင်းလဲသွားခဲ့ရသည်။
"ဒါဆို ခဏစောင့်ဦး။"
ထျဲလန်ယန်က မျက်တောင်လေးခတ်ကာ မီးဖိုချောင်ထဲသို့ ပြေးဝင်သွားတော့သည်။ သူမ ပြန်ထွက်လာသောအခါ လက်ထဲတွင် သခွားသီးစိတ်များ အပြည့်ပါသော ပန်းကန်ပြားလေးတစ်ခု ပါလာခဲ့သည်။
ထိုမိန်းကလေးသည် သူမ၏ ဖြူဖွေးနုနယ်သော လက်ညှိုးလေးဖြင့် ညွှန်ပြကာ ပြောလိုက်သည်။ "ဒီကုလားထိုင်ပေါ်မှာ လှဲလိုက်၊ ကျွန်မ လုပ်ပေးမယ်။"
"ကောင်းပါပြီ။" စုန့်ပိုင်ယွမ်သည် ကလေးတစ်ယောက်ကဲ့သို့ နာခံစွာဖြင့် ကုလားထိုင်ပေါ်တွင် လှဲချလိုက်သည်။
သူ လှဲလိုက်ပြီး စက္ကန့်အနည်းငယ်အကြာတွင်ပင် လှပလွန်းသော မျက်နှာလေးတစ်ခုက သူ့ထံသို့ တဖြည်းဖြည်း တိုးကပ်လာခဲ့သည်။ စုန့်ပိုင်ယွမ်သည် တံတွေးကို အသာမြိုချလိုက်မိပြီး ရုတ်တရက် ရင်ခုန်စိတ်လှုပ်ရှားလာရတော့သည်။
အေးမြလှသော သခွားသီးစိတ်လေးများက မျက်နှာပေါ်သို့ ကျရောက်လာသည်။
စုန့်ပိုင်ယွမ်၏ နှာခေါင်းဝတွင် သူမထံမှ ရရှိသော သင်းပျံ့ပျံ့ရနံ့လေးများက ဖုံးလွှမ်းသွားခဲ့ရသည်။
ထျဲလန်ယန်နှင့် ဆုံတွေ့ခဲ့သည်မှာ ဤမျှ ကြာမြင့်ခဲ့ပြီး ချစ်သူများ ဖြစ်ခဲ့ကြသည့်တိုင် သူတို့နှစ်ဦး ယခုကဲ့သို့ နီးနီးကပ်ကပ် ရှိခဲ့ဖူးသည်က အလွန် ရှားပါးလှသည်။
"ဟင်၊ ရှင့်နားရွက်တွေက ဘာလို့ ဒီလောက်တောင် နီရဲနေရတာလဲ။" သူမ စကားပင် မဆုံးသေးခင်မှာတင် နူးညံ့လှသော လက်ကလေးတစ်ဖက်က သူ့နားရွက်ကို လှမ်း၍ ထိတွေ့လိုက်သည်။
စုန့်ပိုင်ယွမ်၏ အသက်ရှူသံများ တန့်သွားရပြီး သူ၏လက်ဖဝါးကြီးများမှာလည်း မသိစိတ်အရ တင်းတင်းဆုပ်မိသွားသည်။ "နည်းနည်း ပူလို့ပါ၊ မကိုင်ပါနဲ့။"
သူ စကားပြောလိုက်ချိန်တွင် အသံမှာ အနည်းငယ် ဝင်သွားခဲ့သည်။
ထျဲလန်ယန်ကမူ မကြားချင်ယောင်ဆောင်ကာ ပြုံးလျက် ထပ်မံ ထိတွေ့နေပြီး နားရွက်လေးကိုပါ အသာအယာ ဖျစ်ညှစ်ကစားနေပြန်သည်။
စုန့်ပိုင်ယွမ်၏ စူးရှသော အကြည့်များနှင့် အသက်ရှူသံများက ပိုမြန်ဆန်လာခဲ့သည်။ "လန်ယန်..."
"ဘာဖြစ်လို့လဲ။ ရှင်က မကြိုက်လို့လား။" ထျဲလန်ယန်က နောက်ပြောင်ကျီစယ်သော မျက်နှာထားဖြင့် မျက်စိတစ်ဖက် မှိတ်ပြလိုက်ရာ သူမ၏ နီရဲသော နှုတ်ခမ်းအစုံမှာ တစ်ဖက်လူအား ပြစ်မှုတစ်ခုခု ကျူးလွန်မိစေရန် ဆွဲဆောင်နေသကဲ့သို့ပင် ရှိနေတော့သည်။
စုန့်ပိုင်ယွမ်သည် မိမိကိုယ်ကိုယ် ဆက်မထိန်းချုပ်နိုင်တော့ပေ။
သူသည် သူမကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး နမ်းရှိုက်လိုက်တော့သည်။
ထျဲလန်ယန် ပြုံးမိသွားသည်၊ ဤတုံးအအ လူကြီးကတော့ နောက်ဆုံးတော့ အကွက်မြင်သွားခဲ့ပြီပဲ။
ယခုလူကြီး၏ နမ်းရှိုက်မှု စွမ်းရည်မှာ အတော်လေး ညံ့ဖျင်းလှသော်လည်း ခံစားချက်ကတော့ အတော်လေး ကောင်းမွန်လှသည်။
ပူပူနွေးနွေးနှင့် စေးကပ်ကပ် ခံစားချက်မျိုးပင် ဖြစ်သည်။
ထျဲလန်ယန် အနမ်းများကို ဆက်လက် တုံ့ပြန်နေစဉ် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားသည်။
သူမ၏ ပါးစပ်ထဲတွင် ဘာဖြစ်လို့ သခွားသီးအရသာကြီး ရနေရတာလဲ။
သူမ စုန့်ပိုင်ယွမ်အား အသာတွန်းထုတ်လိုက်သောအခါမှ သူ၏မျက်နှာပေါ်ရှိ သခွားသီးဖတ်အများစုမှာ အောက်သို့ ပြုတ်ကျကုန်ပြီး အချို့မှာမူ ပါးစပ်ထဲသို့ပင် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာပေါ်တွင်လည်း ထို့အတူပင် ဖြစ်သည်။
"ခဏနေဦး၊ မျက်နှာက သခွားသီးတွေကို အရင်ဖယ်ပါရစေဦး။"
"မလိုပါဘူး။"
စုန့်ပိုင်ယွမ်က သူမကို ရင်ခွင်ထဲသို့ ထပ်မံ ဆွဲပွေ့လိုက်ပြန်သည်။ "ဘာပဲဖြစ်ဖြစ် သခွားသီးက စားလို့ရတာပဲဥစ္စာ၊ အတူတူစားတော့ ပိုတောင် အရသာရှိသေးတယ်။"
ထျဲလန်ယန် - …
ဘာဖြစ်လို့ ဒီစကားက နည်းနည်း ရူးကြောင်ကြောင်နိုင်သလိုမျိုး ဖြစ်နေရတာလဲ။
အပြင်ဘက်တွင်မူ နေရောင်ခြည်သည် တောက်ပစွာ လင်းထိန်နေပြီး နွေဦးလေညင်းလေးက နွေးထွေးစွာ တိုက်ခတ်နေခဲ့သည်။
အခန်းတွင်း၌မူ ဆွဲဆောင်မှုရှိသော သာယာကြည်နူးဖွယ် အရိပ်အယောင်များဖြင့် ဖုံးလွှမ်းလျက် ရှိနေတော့သည်။
ထျဲလန်ယန်သည် ဤအခိုက်အတန့်တွင် အတိုင်းမသိ ပျော်ရွှင်အေးချမ်းမှုကို ခံစားလိုက်ရသည်။