← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အပိုင်း ၁၂၁

လူအားလုံး ထွက်ခွာသွားပြီးနောက်တွင်မှ ဟန်ရင်ရင်က အကြောင်းရင်းကို ရှင်းပြခဲ့သည်။

ထိုအခါမှ စွင်းထင်လည်း အနည်းငယ် ကြောက်လန့်သွားခဲ့သည်။ "ကျေးဇူးပါပဲ ရင်ရင်ရယ်... ငါ စကားအမှားတွေ ပြောမိတော့မလို့။"

ဟန်ရင်ရင် - "ရပါတယ်... နောက်ခါကြရင်တော့ ပိုပြီး သတိထားပေါ့။"

သူတို့နှစ်ဦးသည် ဆေးရုံသို့ အတူတူ သွားခဲ့ကြပြီး ဟန်ရင်ရင်က စုန့်ပိုင်ယွမ်၏ နေ့စဉ်လိုအပ်ချက်များကို လိုက်လံစောင့်ရှောက်ပေးခဲ့သည်။

သူမသည် ထုံးစံအတိုင်း ဝတ်စုံလဲကာ အထူးကြပ်မတ်ကုသဆောင်ထဲသို့ ဝင်ရောက်၍ စုန့်ပိုင်ယွမ်၏ ဆေးသွင်းပုလင်းကို လဲလှယ်ပေးခဲ့သည်။

ထိုစဉ် သူ၏ လက်ချောင်းလေးများ အနည်းငယ် လှုပ်ရှားသွားသည်ကို သူမ ရုတ်တရက် သတိပြုမိလိုက်သည်။

ဟန်ရင်ရင်၏ ရင်ခုန်သံများ မြန်ဆန်သွားပြီး ထိုလက်ကို မျက်စိမမှိတ်တမ်း စိုက်ကြည့်နေမိသော်လည်း အချိန်အတော်ကြာသည်အထိ မည်သည့်လှုပ်ရှားမှုမျှ ထပ်မံမတွေ့ရတော့ပေ။

သူမ မျက်စိမှားသွားခြင်း ဖြစ်နိုင်မလား။

ထိုအခိုက်တွင် ဟန်ရင်ရင်၏ အကြည့်က စုန့်ပိုင်ယွမ်၏ မျက်နှာပေါ်သို့ ရောက်ရှိသွားပြီး ချက်ချင်းပင် ရပ်တန့်သွားခဲ့သည်။

နေပါဦး…

တပ်ရင်းမှူးစုန့်၏ နှုတ်ခမ်းပေါ်တွင် စိုစွတ်နေသည့် အရိပ်အယောင်တစ်ခု တွေ့နေရပါလား။

ဟန်ရင်ရင် မျက်မှောင်ကြုတ်သွားမိသည်။

အခြားဂျူတီချိန်က သူနာပြုတစ်ယောက်ယောက်က လုပ်သွားတာများလား။

သို့သော် အခြားသူနာပြုများ လဲလှယ်ထွက်ခွာသွားသည်မှာ နှစ်နာရီခန့်ရှိပြီဖြစ်ရာ သူတို့ မဖြစ်နိုင်ပေ။

ထို့ကြောင့် ဤသည်မှာ အခြားတစ်ဦးဦး၏ လက်ချက်ပင် ဖြစ်ရမည်။

ဒါနဲ့ နေပါဦး... အစောတုန်းက ထျဲလန်ယန် ဆိုတဲ့ မိန်းကလေး လာကြည့်သွားတာပဲ။

ဟန်ရင်ရင်သည် လူနာလာရောက်ကြည့်ရှုသူများ စာရင်းကို အမြန်စစ်ဆေးလိုက်ရာ သေချာပေါက်ပင် သူမ၏ အမည်ကို တွေ့ရှိလိုက်ရတော့သည်။

ဟန်ရင်ရင်သည် အခန်းပြင်သို့ ဒေါသတကြီးဖြင့် ထွက်လာခဲ့ရာ ဘေးမှ စွင်းထင်က ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။ "ရင်ရင်... ဘာဖြစ်လို့လဲ၊ ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ။"

ဟန်ရင်ရင်က တည်ကြည်နက်ရှိုင်းသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။ "ငါနဲ့အတူ နိုင်ငံရေးမှူးဟွမ်ရဲ့ ရုံးခန်းကို လိုက်ခဲ့... နောက်မှ ငါ အကျိုးအကြောင်း ပြောပြမယ်။"

ထျဲလန်ယန်တစ်ယောက် တည်းခိုခန်းသို့ ရောက်ရှိပြီး မကြာမီမှာပင် စစ်သားတစ်ဦးက သူမအတွက် အစားအစာများ လာရောက်ပို့ဆောင်ပေးခဲ့သည်။

အလူမီနီယံ ထမင်းဘူး၏ အောက်ခြေတွင် ဖြူဖွေးအိစက်သော ထမင်းပူပူများကို အပြည့် ထည့်ထားပေးသည်။

ထမင်းပေါ်တွင်မူ ကြက်ဥကြော်တစ်လုံး၊ မုန်ညင်းချဉ်၊ အသားခြောက်နှင့် ဂေါ်ဖီထုပ်၊ ကြာဇံကြော်များကို ပုံပေးထားသည်။

အကျဉ်းချုပ်ရလျှင် ဟင်းလျာများမှာ စုံလင်လှပြီး ကြည့်ရသည်မှာ အလွန်ပင် သွားရည်ကျစရာ ကောင်းလှသည်။

ထျဲလန်ယန်က ကျေးဇူးတင်စကား ပြောကြားပြီးနောက် အခန်းထဲ၌ အားရပါးရ စားသောက်လိုက်တော့သည်။

ထမင်းဘူးကို ကုန်အောင်စားပြီးနောက် သူမသည် မေရာလွတ်ထဲမှ အသားပေါက်စီအကြီး နှစ်လုံးကို ထပ်မံထုတ်ယူစားသုံးကာ လိမ္မော်ရည်တစ်ပုလင်းဖြင့် အဆုံးသတ်လိုက်သည်။

အဝစားသောက်ပြီးနောက် ထျဲလန်ယန်သည် အလူမီနီယံထမင်းဘူးကို ဆေးကြောရန်အတွက် တည်းခိုခန်း၏ သန့်ရှင်းရေးဆောင်သို့ ထွက်လာခဲ့သည်။

သူမ၏ အခန်းသို့အပြန်လမ်းတွင် သူမအား လာရောက်ရှာဖွေနေသော ဒေါက်တာဟဲနှင့် ဆုံတွေ့ခဲ့ရသည်။ "ဒေါက်တာဟဲ... ဘာကိစ္စရှိလို့လဲ။"

ထျဲလန်ယန် အနည်းငယ် အံ့ဩသွားမိသည်။

မတွေ့ဖြစ်သည်မှာ နာရီဝက်မျှသာ ရှိသေးရာ အဘယ်ကြောင့် ပြန်လည်ရောက်ရှိလာသနည်း။

"နိုင်ငံရေးမှူးဟွမ်က သမီးကို လာခဲ့ဖို့ ပြောခိုင်းလိုက်လို့ပါ၊ အသေးစိတ်ကိုတော့ အဒေါ်လည်း သေချာမသိဘူး။"

ဒေါက်တာဟဲက ပြောရင်း စကားစကို ချန်ထားခဲ့ကာ တစ်ခုခုကို သတိပေးချင်ပုံရသည်။ "ဒါပေမယ့်... သူနာပြုဆရာမ ဟန်ရင်ရင်ရဲ့ မျက်နှာက သိပ်မကောင်းတာ သတိထားမိတယ်၊ ဒါကြောင့် သမီး သတိထားသွားနော်။"

ထျဲလန်ယန် ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့ပါ... ကျေးဇူးတင်ပါတယ်။"

......

နိုင်ငံရေးမှူးဟွမ်၏ ရုံးခန်းအတွင်း၌။

ထျဲလန်ယန် ရောက်ရှိလာသည်ကို မြင်သောအခါ နိုင်ငံရေးမှူးဟွမ် ပြောလိုက်သည်။ "ရောက်လာပြီပဲ... ထိုင်ပါဦး၊ မေးစရာ ကိစ္စတချို့ ရှိလို့ပါ။"

အခန်းတွင်းရှိ လေထုမှာ အနည်းငယ် တင်းမာနေသည်ကို မြင်ရသဖြင့် ဒေါက်တာဟဲက ပြောလိုက်သည်။ "ဒါဆို ကျွန်မ အပြင် ခဏထွက်ပေးပါ့မယ်။"

နိုင်ငံရေးမှူးဟွမ် - "ဒေါက်တာဟဲ... မထွက်ပါနဲ့၊ ဒီမှာပဲနေပြီး ဘာတွေဖြစ်ပျက်နေလဲဆိုတာ အတူတူ နားထောင်ပေးပါဦး။"

ထို့နောက် ဟန်ရင်ရင်အား ကြည့်လိုက်သည်။ "သူနာပြုဆရာမဟန်... စောစောက ပြောခဲ့တာတွေကို ပြန်ပြောပြလိုက်ပါဦး။"

ဟန်ရင်ရင်သည် သူမ တွေ့ရှိခဲ့ရသမျှကို ဒေါက်တာဟဲနှင့် နိုင်ငံရေးမှူးဟွမ်တို့ရှေ့တွင် ဒေါသတကြီးဖြင့် ပြန်လည်တိုင်တန်းခဲ့သည်။

ထို့နောက် ထျဲလန်ယန်အား စိုက်ကြည့်လျက် ပြောလိုက်သည်။ "ရဲဘော်ထျဲ... နင် စောစောက တပ်ရင်းမှူးစုန့်ကို ခိုးပြီး ရေတိုက်ခဲ့တယ်မလား။"

ဒေါက်တာဟဲ - "ဒီကြားထဲမှာ တစ်ခုခု အထင်လွဲတာမျိုး ရှိနေလို့လား။"

ဟန်ရင်ရင် - "ဘာအထင်လွဲရမှာလဲ... ကျွန်မ သေချာပေါက် တပ်ရင်းမှူးစုန့်ရဲ့ နှုတ်ခမ်းပေါ်မှာ ရေစိုနေတာကို မြင်ခဲ့တာ။"

ထျဲလန်ယန် - "နင်က တော်တော်လေး မျက်စိရှင်တာပဲ။"

သူမ မထွက်ခွာမီ စုန့်ပိုင်ယွမ်၏ နှုတ်ခမ်းကို သေသေချာချာ သုတ်ပေးခဲ့ပါလျက်နှင့် ဤမိန်းကလေးက မည်သို့ သတိထားမိသွားသနည်းဟု တွေးမိသည်။

ထျဲလန်ယန်၏ အေးဆေးတည်ငြိမ်လွန်းသော အပြောကြောင့် ဟန်ရင်ရင် ပို၍ ဒေါသထွက်သွားခဲ့ရသည်။ "ဒါဆို နင် ဝန်ခံတာပေါ့။ နင် ဘယ်လိုတောင် ဒီလိုအလုပ်မျိုး လုပ်ရဲတာလဲ... နင့်ကြောင့် တပ်ရင်းမှူးစုန့် အသက်အန္တရာယ် စိုးရိမ်ရတော့မလို့ပဲ။ သတိမေ့မြောနေတဲ့ လူနာတစ်ယောက်ကို တိုက်ရိုက် ရေမတိုက်ရဘူးဆိုတာ နင်မသိဘူးလား။ တကယ်လို့ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ပြီး အသက်ရှူကျပ်သွားရင် ဘယ်လိုလုပ်မလဲ။"

ထျဲလန်ယန် -"အန္တရာယ်မရှိပါဘူး... ငါ တော်တော်ကို သတိထားပြီး လုပ်ခဲ့တာပါ။"

သူမသည် စိတ်ဝိညာဉ်စမ်းရေကို သူ၏နှုတ်ခမ်းထဲသို့ လက်ချောင်းထိပ်လေးများဖြင့် တစ်စက်ချင်းစီ အစက်ချကျွေးခဲ့ခြင်း ဖြစ်ရာ အသက်ရှူကျပ်စရာ အကြောင်း လုံးဝမရှိပေ။

"နင် ဘယ်လောက်ပဲ သတိထားထား... ဒါက အမှားတစ်ခုပဲ။ နင်က တပ်ရင်းမှူးစုန့်ရဲ့ အသက်နဲ့ စနောက်ရဲတယ်ပေါ့။"

ဟန်ရင်ရင် ဒေါသတကြီး အော်ဟစ်တော့သည်။

ဤတောသူမ ထျဲလန်ယန်သည် တကယ့်ကို အဆိုးအကောင်း မသိတတ်သူပင် ဖြစ်သည်။

အကယ်၍ စုန့်ပိုင်ယွမ်သာ တစ်ခုခုဖြစ်သွားပါက သူမအနေဖြင့် ဤမိန်းကလေးကို လုံးဝ ခွင့်လွှတ်မည်မဟုတ်ပေ။

ထျဲလန်ယန်က တည်ငြိမ်မြဲ တည်ငြိမ်လျက် ပြောလိုက်သည်။ "ငါက စုန့်ပိုင်ယွမ်ရဲ့ ချစ်သူဖြစ်တဲ့အတွက် သူ့ကို ဒုက္ခရောက်အောင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။"

စမ်းရေသည် စွမ်းအားကြီးမားလှသဖြင့် သူ၏ဒဏ်ရာများကို သေချာပေါက် သက်သာစေမည်ဖြစ်ရာ သူ ဘယ်အချိန်တွင် နိုးလာမည်ကိုသာ စောင့်ကြည့်ရန် လိုအပ်ပေသည်။

"နင်က စုန့်ပိုင်ယွမ်ရဲ့ ချစ်သူ ဟုတ်လား..."

ဟန်ရင်ရင်တစ်ယောက် ရယ်ရခက် ငိုရခက် ဖြစ်သွားကာ လှောင်ရယ်လိုက်သည်။ "နင်က စုန့်ရဲ့အမေက တောရွာထဲကနေ ရမ်းသမ်းခေါ်လာတဲ့ သူတစ်ယောက်သက်သက်ပဲဟာကို... တပ်ရင်းမှူးစုန့် ကိုယ်တိုင်ကတောင် နင့်ကို အသိအမှတ်ပြုထားတာ မဟုတ်ဘူး၊ နင်က ဘာကောင်မမို့လို့လဲ။"

"ဟုတ်တယ်... ငါတို့ ရင်ရင်နဲ့ တပ်ရင်းမှူးစုန့်ကမှ အချင်းချင်း ချစ်ကြတဲ့ စုံတွဲအစစ်အမှန်၊ နင်က ကြားထဲက လာပြီး နေရာလုဖို့ မကြိုးစားနဲ့။"

စောစောကတည်းက အသံတိတ်နေသော စွင်းထင်သည်လည်း ချက်ချင်းပင် ကြားထဲက ဝင်၍ ဟောက်တော့သည်။

"အချင်းချင်း ချစ်ကြတယ် ဟုတ်လား... စုန့်ပိုင်ယွမ်က နင့်ကို။"

ထျဲလန်ယန်၏ အေးစက်တည်ငြိမ်သော မျက်နှာထားမှာ ဤတစ်ကြိမ်တွင်မူ အနည်းငယ် ပြောင်းလဲသွားခဲ့ရသည်။

စောစောတုန်းက စစ်တပ်အခြေစိုက်စခန်းအဝင်ဝတွင် စွင်းထင်သည် စုန့်ပိုင်ယွမ်၏ ချစ်သူမှာ အခြားတစ်ယောက်ဖြစ်သည်ဟု အော်ဟစ်ခဲ့သည်။

ထိုစဉ်တုန်းက သူမက စုန့်ပိုင်ယွမ်ကို တွေ့ချင်ဇောဖြင့် လောနေခဲ့သဖြင့် ထိုကိစ္စကို အသေအချာ သိပ်မတွေးတောမိခဲ့ပေ။

အခု ပြန်စဉ်းစားကြည့်လိုက်တော့မှ စွင်းထင် ပြောနေတဲ့လူက ဟန်ရင်ရင် ဖြစ်နေတာပါလား။

"ဘာလဲ... နင်က မယုံဘူးလား။"

ဟန်ရင်ရင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။ "တပ်ရင်းမှူးစုန့် နိုးလာတဲ့အခါ သူကိုယ်တိုင် ဒါကို ဝန်ခံလိမ့်မယ်။"

ထျဲလန်ယန်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။ "ဒါဆိုလည်း သူနိုးလာတဲ့အထိ စောင့်ကြည့်ကြတာပေါ့။"

သူမ စုန့်ပိုင်ယွမ်ကို အပြည့်အဝ ယုံကြည်သည်... သူသည် သူမအပေါ် ဘယ်သောအခါမျှ သစ္စာဖောက်မည့်သူ မဟုတ်ပေ။

"စကားလမ်းကြောင်း လွှဲဖို့မကြိုးစားနဲ့။ ငါတို့ပြောနေတာက နင် တပ်ရင်းမှူးစုန့်ကို ခိုးပြီး ရေတိုက်တဲ့ကိစ္စပဲ။"

ထိုသို့ပြောရင်း နိုင်ငံရေးမှူးဟွမ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "နိုင်ငံရေးမှူးဟွမ်၊ ကျွန်မထင်တာတော့ ဒီထျဲလန်ယန်က မရိုးသားတဲ့ ရည်ရွယ်ချက် ရှိနေပုံပဲ။ တကယ်လို့ သူမက ရန်သူက စေလွှတ်လိုက်တဲ့သူဖြစ်ပြီး တပ်ရင်းမှူးစုန့်ကို တစ်ခုခုလုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ... သူမကို ဒီစခန်းကနေ အမြန်ဆုံး မောင်းထုတ်လိုက်တာ ပိုကောင်းပါလိမ့်မယ်။"

အဘယ်ကြောင့်ဆိုသော် ထျဲလန်ယန်ကို မြင်ရသည်မှာ သူမ၏ စိတ်ထဲတွင် စိုးရိမ်စိတ်များကို လှုံ့ဆော်နေသောကြောင့် ဖြစ်သည်။

ဤမိန်းကလေးသည် မျက်မှန်တပ်ကာ ပဝါဖြင့် မျက်နှာကို ဖုံးအုပ်ထားသော်လည်း သူမထံမှ ထွက်ပေါ်နေသော ဆွဲဆောင်မှုရှိသည့် ပင်ကိုယ်စရိုက်ကိုမူ ဖုံးကွယ်ထား၍မရပေ။

စွင်းထင်ပြောသကဲ့သို့ ရိုင်းစိုင်းသော တောသူမတစ်ဦးနှင့် လုံးဝ မတူညီနေခြင်းက သူမကို စိုးရိမ်စေသည်။

နိုင်ငံရေးမှူးဟွမ်သည် စားပွဲတွင် ထိုင်လျက် အကြောင်းအရာ အားလုံးကို အကြမ်းဖျင်း နားထောင်ပြီးဖြစ်သည်။

သူသည် အမှားအမှန်ကို ချင့်ချိန်တတ်သော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သဖြင့် စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက် မချတတ်ပေ။

သူသည် ဟန်ရင်ရင်၏ စကားကို မတုံ့ပြန်ဘဲ ထျဲလန်ယန်အား တိုက်ရိုက်မေးမြန်းလိုက်သည်။ "အထူးကြပ်မတ်ဆောင်ထဲကို ဘာပစ္စည်းမှ ယူဆောင်ခွင့်မရှိဘူးလို့ ငါမှတ်မိထားတယ်... သမီးက ဘယ်လိုလုပ်ပြီး အထဲကို ရေယူသွားနိုင်တာလဲ။"

ဤသည်မှာ အလွန် ထက်မြက်ပြီး ထိရောက်သော မေးခွန်းဖြစ်သည်။

ထိုနေရာသို့ လိုက်ပါပို့ဆောင်ပေးခဲ့သော ဒေါက်တာဟဲတွင်လည်း တာဝန်ရှိနေသဖြင့် ဒေါက်တာဟဲမှာ အားနာသွားကာ အလျင်အမြန် တောင်းပန်လိုက်သည်။ "တောင်းပန်ပါတယ် နိုင်ငံရေးမှူးဟွမ်... ကျွန်မဘက်က သေသေချာချာ မစစ်ဆေးမိလိုက်လို့ ထင်ပါတယ်။"

ထျဲလန်ယန် - "ဒေါက်တာဟဲနဲ့ မဆိုင်ပါဘူး... ကျွန်မက ဝါးကျည်တောက်အသေးလေးထဲမှာ ဆေးဘက်ဝင် အပင်ရည်အချို့ကို ထည့်ပြီး အင်္ကျီလက်အောက်မှာ ဝှက်ယူသွားခဲ့တာပါ။"

နိုင်ငံရေးမှူးဟွမ် - "ဆေးဘက်ဝင် အပင်ရည် ဟုတ်လား။"

ထျဲလန်ယန် - "ဟုတ်ပါတယ်... ကျွန်မ အရင်က တောရွာမှာတုန်းက ဆေးကျမ်းတစ်အုပ် ဖတ်ဖူးပြီး အသက်ကယ်ကုထုံးအချို့ကို မှတ်သားထားဖူးလို့ပါ။"

နိုင်ငံရေးမှူးဟွမ်နှင့် ဒေါက်တာဟဲတို့ ဤစကားအပေါ် မည်သို့တုံ့ပြန်ရမည်ကို မစဉ်းစားရသေးမီမှာပင် ဟန်ရင်ရင် ချက်ချင်း ပေါက်ကွဲသွားတော့သည်။ "ဒါဆို နင် တိုက်ခဲ့တာက ရေမဟုတ်ဘဲ လျှောက်စပ်ထားတဲ့ တောဆေးရည်တွေပေါ့။ နင် ဘယ်လိုတောင် လုပ်ရဲရတာလဲ... တကယ်လို့ နင့်ကြောင့် တပ်ရင်းမှူးစုန့်ရဲ့ ဒဏ်ရာတွေ ပိုဆိုးသွားရင် နင်နဲ့ငါ အသေအကြေပဲနော်။"

စွင်းထင်ကလည်း ဘေးမှနေ၍ ပြောခဲ့သည်။ "တချို့လူတွေကတော့ တကယ်ပဲ သေတွင်းထဲ သက်သက်တိုးနေတာပဲ... စစ်တပ်ထဲအထိ လာပြီး ပြဿနာရှာရဲတယ်။"

နိုင်ငံရေးမှူးဟွမ်နှင့် ဒေါက်တာဟဲတို့၏ မျက်နှာများမှာလည်း တည်တံ့လေးနက်သွားကြသည်။

ထိုအခြေအနေ တင်းမာနေဆဲ အခိုက်အတန့်မှာပင် အခန်းပြင်ပမှနေ၍ အလွန် ဝမ်းသာပီတိဖြစ်နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။ "နိုင်ငံရေးမှူးဟွမ်ရှင့်... ဆေးရုံကနေ အခုပဲ ဖုန်းဆက်လာပါတယ်၊ တပ်ရင်းမှူးစုန့် သတိပြန်လည်လာပါပြီတဲ့။"

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၁၂၂

ရုံးခန်းအတွင်းရှိ လူတိုင်းမှာ အံ့ဩလွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။

နိုင်ငံရေးမှူးဟွမ်သည် အထူးပင် စိတ်လှုပ်ရှားသွားခဲ့သည်။ "မြန်မြန်... ငါတို့ သွားကြည့်ကြစို့။"

လူတိုင်းလည်း ချက်ချင်းပင် ဆေးရုံရှိရာဘက်သို့ တူညီစွာ ထွက်ခွာခဲ့ကြတော့သည်။

လမ်းခရီးတွင် အနောက်ကနေ ကပ်လိုက်လာကြသော ဟန်ရင်ရင်နှင့် စွန်းထင်တို့သည် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ကြသည်။

စွင်းထင်က အသံကိုနှိမ့်၍ တိုးတိုးလေးပြောလိုက်သည်။ "ရင်ရင်... ကြည့်ရတာ အဲဒီတောသူမရဲ့ ဆေးမြီးတိုက တကယ်ပဲ အစွမ်းထက်ပုံရတယ်။ တပ်ရင်းမှူးစုန့် တကယ်ပဲ နိုးလာပြီ။"

ဟန်ရင်ရင်က နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးလိုက်သည်။ "ဒါက တိုက်ဆိုင်မှုသက်သက်ပဲ နေမှာပါ။ ဆရာဝန်ကြီးတွေအများကြီးတောင် ဘာမှမတတ်နိုင်တာကို... ဆေးပညာလည်း ဘာမှမသိတဲ့ တောသူမတစ်ယောက်က တစ်ချက်နှစ်ချက် ကုလိုက်လို့ ပျောက်သွားတယ်ဆိုတာ နင်ရောဖြစ်နိုင်တယ် ထင်လို့လား။"

"ဒါလည်း ဟုတ်တာပဲ၊ ဒါပေမယ့် ဒါက အတော်လေး တိုက်ဆိုင်လွန်းတယ်။ နိုင်ငံရေးမှူးဟွမ်ကတော့ ကောင်းကွက်တွေအားလုံးကို အဲဒီတောသူမအပေါ် ပုံချပေးလိုက်တော့မှာ သေချာတယ်။"

စွင်းထင်၏ မျက်လုံးများက အကြံအဖန်များဖြင့် ဝေ့ဝဲသွားကာ တမင်တကာ သွေးထိုးမြှောက်ပင့်ပေးလိုက်သည်။ "ရင်ရင်ရယ်... နင်က တပ်ရင်းမှူးစုန့်ကို ဒီလောက်အချိန်အကြာကြီး ပြုစုစောင့်ရှောက်ပေးခဲ့တာ။ ကျေးဇူးမတင်ရင်တောင် လုပ်အားခတော့ ရသင့်တာပေါ့။ အခုလို ဘာမှပြန်မရဘဲ နေရတာကတော့ တကယ်ကို မတရားဘူး။"

ဟန်ရင်ရင်၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။ "မဖြစ်ဘူး... ငါ ဒီအကြောင်းကို ငါ့အဖေနဲ့ သွားပြောရမယ်။"

စွင်းထင် - "ကောင်းပြီ ရင်ရင်... နင် အရင်သွားလိုက်တော့။ ငါ ဆေးရုံကိုသွားပြီး အခြေအနေကို နင့်အတွက် စောင့်ကြည့်ပေးထားမယ်။"

ဟန်ရင်ရင် - "ကျေးဇူးပဲ စွင်းထင်ရယ်။ နောက်မှ ငါ နင့်ကို မုန့်လိုက်ကျွေးမယ်။"

စွင်းထင် ရယ်မောလိုက်သည်။ "ရပါတယ် အားနာစရာမလိုပါဘူး၊ ငါတို့တွေက မိသားစုတွေလိုပဲဥစ္စာ။"

သို့သော် လူတိုင်း ထွက်သွားသည်နှင့် တစ်ပြိုင်နက် စွင်းထင်၏ မျက်နှာက ချက်ချင်း ညိုမည်းသွားခဲ့သည်။ "တောက်... ထမင်းတစ်နပ်တည်းနဲ့ လာပြီး မျက်နှာလုပ်နေတယ်။ အဖေက နိုင်ငံရေးမှူးဖြစ်နေရုံနဲ့ ဘာများထူးဆန်းသွားလို့လဲ၊ ဘာတွေများ ဒီလောက် ကောင်းနေလို့လဲ။"

ဟန်ရင်ရင်သည် ဖခင်ဖြစ်သူ နိုင်ငံရေးမှူးဟန်၏ ရုံးခန်းသို့ ရောက်ရှိလာပြီး တံခါးကို နှစ်ချက်ခေါက်ကာ တွန်းဖွင့်၍ အထဲသို့ တိုက်ရိုက် ဝင်သွားခဲ့သည်။

"အဖေ၊ ဒီတစ်ခါတော့ အဖေ သမီးဘက်ကနေ မဖြစ်မနေ မတရားတာကို ရှင်းပေးရမယ်။"

ဟန်ရင်ရင်က နှုတ်ခမ်းကို စူထားရင်း မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

နိုင်ငံရေးမှူးဟန်သည် မက်ခွက်ကို ကိုင်လျက် သတင်းစာဖတ်နေရင်း သမီးဖြစ်သူ၏ စကားကြောင့် ခွက်ကို အသာချကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။ ဘာလို့ ဒီလောက်တောင် မျက်နှာစူပုပ်နေရတာလဲ။"

ဟန်ရင်ရင်က သူမ၏ဖခင်၏ ကျောဘက်သို့ လျှောက်သွားကာ ပခုံးကို အသာအယာ နှိပ်နယ်ပေးရင်း ရင်ဖွင့်တိုင်တန်းတော့သည်။

"တပ်ရင်းမှူးစုန့်ရဲ့ ဇာတိရွာက လူတစ်ယောက် ရောက်လာတယ် မဟုတ်လား။ အသက်ငယ်ငယ် မိန်းကလေးတစ်ယောက်လေ။"

"သူမက ရောက်လာကတည်းက အရမ်း စောင့်ကြွားစောင့်ကြွား လုပ်နေတာ။ အခု သတိမေ့မြောနေတဲ့ တပ်ရင်းမှူးစုန့်ကိုလည်း ဘာဆေးတွေမှန်းမသိ ခိုးပြီး တိုက်ကျွေးနေသေးတယ်။ သမီးက အပြစ်ပြောတော့လည်း... သူမကပဲ တပ်ရင်းမှူးစုန့်ကို ကယ်တင်နေတာပါဆိုပြီး ပြန်ပြီး ငြင်းနေသေးတယ် အဖေရဲ့။"

နိုင်ငံရေးမှူးဟန်က မျက်ခုံးပင့်လိုက်သည်။ "ဒီလိုကိစ္စမျိုး ရှိတာလား။ နိုင်ငံရေးမှူးဟွမ်ကတော့ ငါ့ကို ဘာမှ မပြောပါလား။"

"နိုင်ငံရေးမှူးဟွမ်က အစက ကြားဝင်တားဆီးဖို့ လုပ်တာပါ၊ ဒါပေမယ့် ဘာဖြစ်သွားလဲသိလား။ တပ်ရင်းမှူးစုန့်က ရုတ်တရက် နိုးလာတယ်လေ။"

ဟန်ရင်ရင်က မကျေမနပ်ဖြင့် ဆက်ပြောသည်။ "ဒါက အဲဒီမိန်းမရဲ့ အစွမ်းအစ မဟုတ်နေရင်တောင်... နိုင်ငံရေးမှူးဟွမ်ကတော့ ကောင်းကွက်အကုန်လုံးကို သူမအပေါ်ပဲ ပုံချပေးတော့မှာ။ ဒါက သမီးအတွက် တကယ် မတရားဘူး။"

နိုင်ငံရေးမှူးဟန်က ခပ်ဖွဖွ ရယ်မောလိုက်သည်။ "ဒါက နင်နဲ့ ဘာဆိုင်လို့လဲ။ နင်က ဘာကိစ္စ ကြားထဲက သွားပြီး ရှုပ်နေရတာလဲ။"

ဟန်ရင်ရင် စူပုပ်သွားခဲ့သည်။ "သမီးက ဘာလို့ ရှုပ်ရမှာလဲ။ ဒီအတောအတွင်း တပ်ရင်းမှူးစုန့်ကို အမြဲတမ်း ပြုစုပေးခဲ့တာ သမီးပဲလေ။ သမီးကသာ အချီးကျူးခံရသင့်ဆုံးသူ ဖြစ်သင့်တာ မဟုတ်ဘူးလား။"

နိုင်ငံရေးမှူးဟန်က သမီးဖြစ်သူကို တစ်ချက်ကြည့်လိုက်သည်။ "လူနာကို ပြုစုစောင့်ရှောက်တာက နင့်ရဲ့ တာဝန်ပဲလေ၊ အဲဒါက ဘာလို့ သူရဲကောင်းဖြစ်စရာ အကြောင်း ရှိရမှာလဲ။"

ဟန်ရင်ရင်သည် မကျေမနပ်ဖြင့် ခြေဆောင့်လိုက်သည်။ "အဖေ၊ အဲဒီမိန်းမက ဘယ်သူလဲဆိုတာ အဖေ သိလား။ သူမက သူမကိုယ်သူမ တပ်ရင်းမှူးစုန့်ရဲ့ ချစ်သူပါလို့ ပြောနေတာ။"

"အိုး..."

နိုင်ငံရေးမှူးဟန်သည် အနည်းငယ် အံ့ဩသွားပုံရသည်။ "နင်ပဲ အရင်က ပြောတော့ ရှောင်စုန့်နဲ့ နင်နဲ့က အပြန်အလှန် သဘောကျနေကြတာဆို။ အခုကြမှ ဘာလို့ ရုတ်တရက် တခြားချစ်သူတစ်ယောက် ပေါ်လာရတာလဲ။"

ဟန်ရင်ရင် - "သမီးက ဘယ်လိုလုပ် သိမှာလဲ။ အဲဒါ တပ်ရင်းမှူးစုန့်တောင် သိပါ့မလား မသေချာဘူး၊ အဒေါ်စုန့်ဘက်က စီစဉ်ပေးလိုက်တာ နေမှာပါ။"

နိုင်ငံရေးမှူးဟန်က မျက်မှောင်ကြုတ်လိုက်သည်။ "ဘာပဲဖြစ်ဖြစ် သူတို့ဘက်က လူကြီးတွေက သေသေချာချာ နေရာချပေးထားပြီးသားပဲ။ နင်လည်း ကောလာဟလတွေ မထွက်အောင် ရှောင်စုန့်ရှိတဲ့နေရာကို နောက်ခါ သွားမရှုပ်နဲ့တော့။"

"အဖေကလည်း... ဘာလို့ သူစိမ်းတွေဘက်ကပဲ ပါနေရတာလဲ။"

ဟန်ရင်ရင် ပျာယာခတ်သွားခဲ့သည်။ "သမီးက အဖေ့ဆီ လာတာက သမီးဘက်ကနေ မတရားတာကို ရင်ဆိုင်ပေးဖို့ လာတာပါ၊ တပ်ရင်းမှူးစုန့်ကို တခြားလူလက်ထဲ ဒီအတိုင်း ထိုးအပ်လိုက်ဖို့ မဟုတ်ဘူး။"

"အဓိပ္ပာယ်မရှိတာ။"

နိုင်ငံရေးမှူးဟန်က မက်ခွက်ကို စားပွဲပေါ်သို့ ဒုန်းခနဲ ဆောင့်ချလိုက်ရင်း ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

"နင်က မိန်းကလေးတစ်ယောက်လေ... ဘာမို့လို့ ယောက်ျားတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဇွတ်လိုက်ပြောနေရတာလဲ။ ရှောင်စုန့်က နင့်ကို ဘာကတိမှလည်း ပေးထားတာ မဟုတ်ဘူး၊ အပြင်လူတွေရှေ့မှာ ငါ့မျက်နှာကို လာပြီး အရှက်မခွဲစမ်းနဲ့။"

အကယ်၍ စုန့်ပိုင်ယွမ်သည် မိမိ၏သမီးကို တကယ်သဘောကျပါက ယခုအချိန်အထိ ဆွဲထားစရာအကြောင်းမရှိဘဲ လွန်ခဲ့သောအချိန်ကတည်းက ဖွင့်ပြောခဲ့မည်သာ ဖြစ်သည်။

သမီးဖြစ်သူက အရင်ကတည်းက ဤအကြောင်းကို အမြဲလာပြောသော်လည်း သူမ စိတ်ထိခိုက်မည်စိုး၍ သူက မသိချင်ယောင်ဆောင် ပေးထားခဲ့ခြင်း ဖြစ်သည်။

ယခုမူ စုန့်ပိုင်ယွမ်တွင် ချစ်သူအစစ်အမှန် ရှိနေပြီဖြစ်ရာ ကြားထဲကနေ အကျင့်စာရိတ္တ ပျက်ပြားမည့် အပြုအမူမျိုး လုံးဝ မလုပ်ဆောင်သင့်ပေ။

"နင် နောက်ပိုင်း အေးအေးဆေးဆေး နေစမ်း။ ထပ်ပြီး ပြဿနာရှာနေဦးမယ်ဆိုရင် ငါ နင့်ကို စစ်တပ်ဆေးရုံကနေ တခြားနေရာကို ပြောင်းပစ်မယ်။"

ဖခင်ဖြစ်သူ၏ ပြတ်သားသော သတိပေးချက်ကြောင့် ဟန်ရင်ရင် ချက်ချင်းပင် ထိတ်လန့်သွားရသည်။

"အဖေ၊ သမီးက ဒီကိုရောက်ဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ၊ ကျေးဇူးပြုပြီး သမီးကို မောင်းမထုတ်ပါနဲ့၊ မဟုတ်ရင် လူတွေ လှောင်ကြလို့ သေရလိမ့်မယ်။"

နိုင်ငံရေးမှူးဟန် - "ဒါဆိုရင်လည်း ငါ့စကားကို နားထောင်ပြီး ငြိမ်ငြိမ်နေတော့။"

"ဟုတ်ကဲ့..."

ဟန်ရင်ရင်သည် စိတ်ပျက်လက်ပျက်ဖြင့် အခန်းထဲမှ ထွက်လာခဲ့ရသည်။

အစက ဖခင်ဖြစ်သူကို အားကိုးပြီး ပြဿနာရှာရန် ကြံရွယ်ခဲ့သော်လည်း အားပေးမှုမရသည့်အပြင် အဆူပါ ခံခဲ့ရသဖြင့် အလွန် စိတ်တိုသွားရရှာသည်။

.....

တစ်ဖက်တွင်မူ... စစ်တပ်ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်အတွင်း၌ ဖြစ်သည်။

"မင်းကောင်စုတ်လေး... နောက်ဆုံးတော့ နိုးလာပြီပေါ့။ မင်းသာ နိုးမလာရင် မင်းရဲ့ မိသားစုကို ငါ ဘယ်လိုမျက်နှာနဲ့ သွားရှင်းပြရမလဲ မသိတော့ဘူး။"

ပုံမှန်အားဖြင့် တည်ငြိမ်လှသော နိုင်ငံရေးမှူးဟွမ်သည် မျက်ဝန်းများ နီမြန်းလျက် အပြစ်တင်စကား ဆိုနေသော်လည်း မျက်နှာတွင်မူ ဝမ်းသာအားရ ပြုံးရွှင်နေခဲ့သည်။

အသက်ရှူစက် တပ်ဆင်ထားသော စုန့်ပိုင်ယွမ်သည် နှုတ်ခမ်းဖျားတွင် အားနည်းသော အပြုံးလေးတစ်ခု ဆင်မြန်းထားရှာသည်။

သူ စကားမပြောနိုင်သော်လည်း သူ၏မျက်ဝန်းများမှတစ်ဆင့် 'ကျွန်တော် အဆင်ပြေပါတယ်' ဟူသော အဓိပ္ပာယ်ကို နိုင်ငံရေးမှူးဟွမ် ဖတ်မိနိုင်သည်။

နိုင်ငံရေးမှူးဟွမ် စိတ်မကောင်းဖြစ်ရသည်။

ဤကောင်လေးမှာ အမြဲတမ်း လူကို စိတ်ပူအောင် လုပ်လွန်းလှသည်။

"ကောင်းပြီ ငါ မင်းကို စကားတွေအများကြီး ပြောမနေတော့ပါဘူး။ မင်း အခု အတွေ့ချင်နေဆုံး လူတစ်ယောက်ကို သွားခေါ်ပေးမယ်။"

စုန့်ပိုင်ယွမ်သည် မျက်တောင်ခတ်လျက် နိုင်ငံရေးမှူးဟွမ် ဘာကိုဆိုလိုမှန်း နားမလည်နိုင် ဖြစ်နေသည်။

သူ အတော်လေး ပင်ပန်းနေသဖြင့် မျက်လုံးမှိတ်ကာ ခဏမျှ နားချင်မိသည်။

သို့သော် ထိုစဉ်မှာပင် သူ၏နားထဲသို့ အလွန်ရင်းနှီးလှသော အသံလေးတစ်ခု တိုးဝင်လာခဲ့သည်။

"စုန့်ပိုင်ယွမ်... ကျွန်မ ရောက်လာတာနဲ့ ရှင်က ချက်ချင်း ပြန်အိပ်ဖို့ လုပ်နေတာပဲ။ ကျွန်မကို တကယ်ပဲ မတွေ့ချင်ဘူးလား။"

စုန့်ပိုင်ယွမ်၏ မျက်ခွံများ တုန်ရီသွားကာ အံ့ဩတုန်လှုပ်စွာဖြင့် မျက်လုံးကို ချက်ချင်း ဖွင့်ကြည့်လိုက်ရာ ပြုံးယောင်သန်းနေသော မျက်ဝန်းအစုံနှင့် ဆုံတွေ့လိုက်ရတော့သည်။

ထျဲလန်ယန် - "ဟင်၊ ကျွန်မကို မမှတ်မိတော့ဘူးလား။ ဘာလို့ ကျွန်မကို ဒီလောက်တောင် စိုက်ကြည့်နေရတာလဲ။"

စုန့်ပိုင်ယွမ်သည် နှုတ်ခမ်းကို လှုပ်ရှားကာ စကားပြောရန် ကြိုးစားရှာသည်။

ထျဲလန်ယန်က ချက်ချင်းပင် တားဆီးလိုက်သည်။ "စကားမပြောနဲ့ဦး။ ရှင် အခုလေးတင် သတိရလာတာမို့လို့ အားမရှိသေးဘူး။ ရှင့်ခန္ဓာကိုယ်က အရမ်း အားနည်းနေတုန်းပဲ။"

စုန့်ပိုင်ယွမ်သည် မျက်တောင်ခတ်ပြလိုက်ပြီး သူ၏ မျက်ဝန်းအစုံတွင်မူ နူးညံ့သိမ်မွေ့မှုများနှင့် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေခဲ့သည်။

သူသည် သူမကို နောက်ထပ် ဘယ်တော့မှ တွေ့ခွင့်ရတော့မည် မဟုတ်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

မျက်လုံးဖွင့်လိုက်သည်နှင့် သူမ၏မျက်နှာကို ချက်ချင်း မြင်တွေ့လိုက်ရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့မိပေ။

သူ တကယ်ပဲ ကံကောင်းလွန်းလှသည်…

ထျဲလန်ယန် - "စုန့်ပိုင်ယွမ်... အမြန်ဆုံး နေကောင်းလာအောင် လုပ်ပါ။ ကျွန်မ ငှက်ဥစားချင်တယ်။ ကျွန်မတို့တွေ ရွာကို ပြန်ရောက်တဲ့အခါကြရင် ကျွန်မအတွက် ငှက်ဥ သွားရှာပေးရမယ်နော်။"

စုန့်ပိုင်ယွမ်က ပြုံးလျက် ခေါင်းညိတ်ပြရှာသည်။

အကယ်၍သာ တတ်နိုင်မည်ဆိုပါက သူသည် သူမ၏ တစ်ဘဝစာလုံးအတွက် ငှက်ဥများကို လိုက်လံရှာဖွေပေးချင်မိသည်။

ငှက်ကလေးများ - မဟုတ်သေးပါဘူး၊ နင်တို့ကလည်း အားနာတတ်လိုက်တာ။ နင်တို့က ဥတွေအကုန်လုံး လာယူသွားရင် ငါတို့က ဘာလုပ်ရမှာလဲ။

All Chapters