အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၁၂၃
တပ်ရင်းမှူးစုန့်ပိုင်ယွမ် သတိရလာသည့် သတင်းသည် တစ်တပ်လုံးသို့ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
မကြာမီမှာပင် အတွေ့အကြုံရှိဝါရင့်ဆရာဝန်ကြီး အများအပြားသည် သူ့အခြေအနေကို ဆွေးနွေးရန် စုရုံးရောက်ရှိလာကြတော့သည်။
"ဒါက တကယ့်ကို အံ့ဩစရာပဲ။ သူ့ရဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက် အားလုံးက ကျဆင်းနေခဲ့တာ၊ အခုကြတော့ သိသိသာသာ ပြန်ကောင်းလာနေပြီ။"
"အဓိက ပြဿနာက ရင်ဘတ်ထဲက ကျည်ဆန်ပဲ။ အရင်က သွေးတိတ်သွားတယ်ဆိုပေမယ့် ပတ်ပတ်လည်က ဒဏ်ရာတွေ အပြင်းအထန် ပိုးဝင်နေတာ။ ဒါပေမယ့် အခုတော့ အနာက ကျက်လာတဲ့ လက္ခဏာတွေ ပြနေပြီ။"
"ဒီကိစ္စကို အသေးစိတ် ဘယ်လိုမျိုး လုပ်လိုက်တာလဲ။ ဘယ်သူက ဘယ်လိုနည်းနဲ့ ကယ်တင်လိုက်တာလဲ။"
"ငါကြားတာတော့ သူ့ရဲ့ ဇာတိရွာက လာတဲ့ ချစ်သူမိန်းကလေးက ဘာဆေးမြီးတိုမှန်းမသိတဲ့ အပင်ကို သုံးပြီး တိုက်လိုက်တာတဲ့၊ တိုက်ဆိုင်ပြီး ပျောက်သွားတာနေမှာပါ။"
"ဘာလဲ။ တပ်ရင်းမှူးစုန့်ရဲ့ ချစ်သူ ဟုတ်လား။ တပ်ရင်းမှူးစုန့်ရဲ့ ချစ်သူက ဟိုသူနာပြုမလေး ဟန်ရင်ရင် မဟုတ်ဘူးလား။"
"မင်းရဲ့ သတင်းက နောက်ကျနေပြီ။ ငါကြားတာတော့ သူနာပြုဟန်နဲ့ တပ်ရင်းမှူးစုန့်က ဘာမှမပတ်သက်ဘူးတဲ့၊ အပြင်က ကောလာဟလတွေပဲ ရှိတာ။"
"ဪ... ဟုတ်လို့လား။ သူနာပြုဟန်က နေ့တိုင်း တပ်ရင်းမှူးစုန့်ကို မျက်စိမလွှဲတမ်း ကြည့်နေတာ မြင်တော့ ငါက တကယ်ပဲ တစ်ခုခု ရှိနေတယ် အောက်မေ့နေတာ။"
ထိုစကားများကို မနီးမဝေးမှ ကြားလိုက်ရသော ဟန်ရင်ရင်သည် ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်မိသည်။
စွင်းထင်က စိတ်ထဲကနေ ခိုးပြုံးနေသော်လည်း အပြင်၌မူ တမင်တကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ရင်ရင်၊ ဘာတွေဖြစ်ကုန်တာလဲ။ ဘာလို့ ဒီနှစ်ရက်အတွင်းမှာ လူတိုင်းက နင်နဲ့ တပ်ရင်းမှူးစုန့်အကြောင်းကို အကောင်းမပြောဘဲ အတင်းပြောနေကြတာလဲ။"
ဟန်ရင်ရင် အံကြိတ်လိုက်သည်။ "အားလုံးက အဲဒီထျဲလန်ယန်ကြောင့်ပဲ။ သူမက ဒီရက်ပိုင်းအတွင်းမှာ နာမည်ကြီးအောင် လုပ်ပြီး ကောင်းကွက်တွေအကုန်လုံးကို လုယူသွားတာ။"
စွင်းထင် သက်ပြင်းချလိုက်သည်။ "အင်းလေ... ငါတို့လည်း ဘာမှမတတ်နိုင်ဘူး။ အဓိကက တပ်ရင်းမှူးစုန့်က စကားမပြောနိုင်သေးတာပဲ။ အပြင်မှာ ဒီလိုတွေ ပြောနေကြတာဆိုတော့ သူလည်း ကြားရင် စိတ်ပူနေမှာပဲ။"
"ဟုတ်တယ်... မနေ့က ငါ သူ့ကို ဆေးပုလင်းလဲပေးတုန်းက သူ ငါ့ကို ပြုံးပြသေးတယ်။ သူ ငါ့ကို သဘောကျနေတာ သေချာတယ်။"
ဟန်ရင်ရင်က ရှက်သွေးဖြာဟန်ဖြင့် ခေါင်းငုံ့သွားသည်။
စွင်းထင် - ......
ဤစစ်တပ်ဆေးရုံတွင် တစ်နေ့လျှင် လူရာပေါင်းများစွာက ပြုံးပြနေကြတာပဲ၊ ထိုလူအကုန်လုံးက မိမိကို သဘောကျနေကြတယ်လို့ ဆိုလိုတာလား။
စွင်းထင်က စိတ်ထဲက ရယ်မောသော်လည်း နှုတ်ဆိတ်နေခဲ့သည်။
တစ်ခါတရံ ဟန်ရင်ရင်က လည်သလိုလိုနှင့် တကယ့်ကို အူတူတူအတတ ဖြစ်လွန်းလှသည်။
"ဒါနဲ့ နင့်အဖေကရော။ နင့်ကို မကူညီပေးဘူးလား။"
ဟန်ရင်ရင်က ထိုအကြောင်းကို ကြားသည်နှင့် စိတ်တိုသွားခဲ့သည်။ "ငါ့အဖေအကြောင်း လာမပြောနဲ့။ သူက တကယ့် လူအိုကြီးပဲ။ သူက ပြောတယ်... ဟိုဘက်က လူကြီးတွေချင်း သေသေချာချာ စီစဉ်ထားပြီးသားမို့ ငါ့ကို ကြားထဲက ဝင်မရှုပ်နဲ့တော့တဲ့။"
သူက ငါတို့လို လူငယ်တွေရဲ့ အချစ်ကို ကိုယ်တိုင်တိုက်ယူရမယ်ဆိုတာကို လုံးဝနားမလည်ဘူး။
ငါတော့ သူ့စကားကို နားထောင်မှာ မဟုတ်ဘူး။
"ဟုတ်တာပေါ့။"
စွင်းထင်၏ မျက်ဝန်းထဲတွင် လှောင်ပြုံးတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ "ဒါဆိုရင်လည်း နင် ပိုပြီး ကြိုးစားရမှာပေါ့။"
အဖေက နိုင်ငံရေးမှူးဖြစ်နေတာတောင် အသုံးမချတတ်ဘူး၊ တကယ့်ကို အသုံးမကျတဲ့လူပဲ။
ဟန်ရင်ရင်က ဘာလို့ ဒီလောက်တောင် ကံကောင်းတဲ့ အသိုင်းအဝိုင်းမှာ မွေးလာရတာလဲ။
.....
နှစ်ရက်ခန့် ကြာပြီးနောက်…
စုန့်ပိုင်ယွမ်၏ အခြေအနေမှာ တည်ငြိမ်သွားပြီဖြစ်၍ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အထူးကြပ်မတ်ကုသဆောင်မှ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ကြသည်။
အထက်လူကြီးများက သူ့ကို ကောင်းမွန်စွာ အနားယူနိုင်ရန်အတွက် သီးသန့်လူနာခန်းတစ်ခု စီစဉ်ပေးခဲ့သည်။
ဒေါက်တာဟဲ - "ငါတို့တွေ တိုင်ပင်ပြီးပြီ၊ မင်းရဲ့ရင်ဘတ်ထဲက ကျည်ဆန်ကိုတော့ လောလောဆယ် ထုတ်လို့မရသေးဘူး။ မင်း ခန္ဓာကိုယ် အားပြန်ပြည့်လာတဲ့အထိ စောင့်ကြည့်ပြီးမှ ဆက်လုပ်ကြတာပေါ့။"
"ဟုတ်ကဲ့..."
စုန့်ပိုင်ယွမ်က အက်ရှရှအသံဖြင့် ပြန်ဖြေလိုက်သည်။
သူ ယနေ့နံနက်တွင် သတိကောင်းကောင်းရလာပြီး စကားပြောနိုင်ပြီ ဖြစ်သော်လည်း နှမြောစရာကောင်းသည်မှာ ထျဲလန်ယန်က ဘေးတွင် ရှိမနေပေ။
သူ့မျက်လုံးများက ဘေးဘီသို့ ဝေ့ဝဲရှာဖွေနေသည်ကို မြင်သော် ဒေါက်တာဟဲက မေးလိုက်သည်။ "ရဲဘော်ထျဲကို ရှာနေတာလား။"
စုန့်ပိုင်ယွမ်က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ဖြေလိုက်သည်။ "ဟုတ်ပါတယ်။"
ဒေါက်တာဟဲ - "သူမ အပြင်ကို ထွက်သွားတယ်လေ၊ မင်းအတွက် ငှက်သွားဝယ်ပြီး ငှက်စွပ်ပြုတ် ချက်ပေးမလို့တဲ့။"
ငှက်သားစွပ်ပြုတ်က ဒဏ်ရာကျက်ဖို့အတွက် အလွန် အထောက်အကူပြုသည်မဟုတ်ပါလား။ ရဲဘော်ထျဲက တကယ့်ကို စိတ်ရောကိုယ်ပါ အပင်ပန်းခံပေးရှာသည်။
စုန့်ပိုင်ယွမ်၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု ဖြတ်သန်းသွားခဲ့သည်။ လန်ယန်က သူ့အပေါ် ဤမျှအထိ ဂရုစိုက်ပေးလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
ဒေါက်တာဟဲ - "ဒါဆိုရင်လည်း ခဏလောက် အနားယူလိုက်ဦး။ တစ်ခုခုလိုရင် လူနာခေါ်ဘဲလ်ကို တီးလိုက်နော်။"
စုန့်ပိုင်ယွမ် - "ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။"
ဒေါက်တာဟဲ ထွက်သွားပြီး မကြာမီမှာပင် ဟန်ရင်ရင်သည် ဆေးဗန်းကို ကိုင်ဆောင်ကာ အခန်းထဲသို့ ဝင်လာခဲ့သည်။
"တပ်ရင်းမှူးစုန့်... ဆေးသောက်ရမယ့်အချိန် ရောက်ပြီနော်။"
သူမက ပြောရင်းဆိုရင်း ဆေးလုံးများကို ထုတ်ကာ ရေတစ်ခွက် ငှဲ့၍ ကမ်းပေးလိုက်သည်။
စုန့်ပိုင်ယွမ်က "ကျေးဇူးပါ" ဟု ပြောလိုက်ရာ ဟန်ရင်ရင်၏ မျက်ဝန်းများ ချက်ချင်း တောက်ပသွားပြီး "အိုး... တပ်ရင်းမှူး စကားပြောနိုင်ပြီပဲ၊ တကယ့်ကို ဝမ်းသာစရာပဲ။"
စုန့်ပိုင်ယွမ်က သူမကို ယဉ်ကျေးစွာဖြင့် တစ်ချက် ပြုံးပြလိုက်သည်။
ဟန်ရင်ရင်မှာမူ ရင်ထဲ၌ ခံစားချက်များ ပြင်းထန်သွားပြီး အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားတော့သည်။
သူမ သိတာပေါ့... သူမရဲ့ ဆွဲဆောင်မှုက ဘယ်လောက်အထိ ပြင်းထန်လဲဆိုတာ၊ တပ်ရင်းမှူးစုန့်လည်း သူမကို သဘောကျနေတာပဲ။
ဟွန်း... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ ဟိုတောသူမကို အမြန်ဆုံး မောင်းထုတ်ပစ်ရမယ်။
ဟန်ရင်ရင်က စိတ်ထဲက ကြံစည်ရင်း ချက်ချင်းပင် ပြစ်တင်ပြောဆိုတော့သည်။
"တပ်ရင်းမှူးစုန့်၊ အခု တပ်ရင်းမှူးရဲ့ အခြေအနေက တည်ငြိမ်သွားပြီဆိုတော့ ကျွန်မ ပြောစရာတစ်ခု ရှိတယ်၊ ကြားရင် ဒေါသ မထွက်ပါနဲ့နော်။"
စုန့်ပိုင်ယွမ် ခေတ္တမျှ မှင်တက်သွားစဉ် ဟန်ရင်ရင်က ဆက်ပြောလိုက်သည်။ "တပ်ရင်းမှူး သတိမေ့နေတုန်းက ကိုယ့်ကိုယ်ကိုယ် တပ်ရင်းမှူးရဲ့ ချစ်သူပါဆိုပြီး မိန်းကလေးတစ်ယောက် ရောက်လာခဲ့သေးတယ်။"
"သူမက တကယ့်ကို ရိုင်းစိုင်းတာ၊ စည်းကမ်းလည်း တစ်စက်မှမရှိဘူး၊ ပြီးတော့ တပ်ရင်းမှူးကို ဘာဆေးတွေမှန်းမသိ ခိုးပြီး လျှောက်တိုက်နေသေးတယ်..."
"နေဦး။"
စုန့်ပိုင်ယွမ်က သူမ၏စကားကို ဖြတ်ပြောလိုက်သည်။ "မင်းပြောနေတဲ့လူက ရဲဘော်ထျဲလန်ယန်ကို ပြောတာလား။"
ဟန်ရင်ရင် ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ပါတယ် သူမပဲ။ တပ်ရင်းမှူးလည်း သူမကို သိပ်သိမှာမဟုတ်ပါဘူး၊ တပ်ရင်းမှူးရဲ့အမေက တောရွာထဲကနေ ရှာပေးလိုက်တဲ့လူမို့လို့ပါ။"
စုန့်ပိုင်ယွမ်၏ မျက်နှာက ချက်ချင်းပင် အေးစက်သွားခဲ့သည်။ "ငါ သူမကို မသိဘူးလို့ ဘယ်သူပြောလဲ။ ငါတို့တွေ သိလာတာ ကြာလှပြီ။ ပြီးတော့... သူနာပြုဟန်၊ ထျဲလန်ယန်က ငါ့ရဲ့ ချစ်သူပဲ။ ငါ့ရှေ့မှာ သူမအကြောင်းကို မကောင်းပြောတာမျိုး ငါ လုံးဝ သဘောမကျဘူး။ အခု ချက်ချင်း တောင်းပန်လိုက်ပါ။"
"ဘာ... ဘာပြောလိုက်တယ်။"
ဟန်ရင်ရင်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ "တပ်ရင်းမှူး အခု ဘာပြောလိုက်တာလဲ။"
စုန့်ပိုင်ယွမ်က တကယ်ပဲ ထျဲလန်ယန်နဲ့ တွဲနေတာလား။
ဒါဆို သူမကရော။
သူမက ဘာကောင်မမို့လို့လဲ။
"ဘာလဲ၊ နင် နားပင်းနေတာလား။"
ထျဲလန်ယန်သည် အစားအစာထည့်ထားသော အပူခံဘူးကို ကိုင်လျက် အခန်းထဲသို့ အေးစက်သော မျက်နှာထားဖြင့် ဝင်လာခဲ့သည်။ "နင် အပြင်မှာ နင့်ကိုယ်နင် စုန့်ပိုင်ယွမ်ရဲ့ ချစ်သူပါဆိုပြီး လျှောက်ပြောနေတာ မဟုတ်လား။"
"ငါပြောတာ ဘာဖြစ်လဲ။"
ဟန်ရင်ရင်က အံကြိတ်လျက် ထျဲလန်ယန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "တပ်ရင်းမှူးစုန့်က အစက ငါ့ကို လက်ခံဖို့ လုပ်ထားတာ။ ကြားထဲကနေ နင် ဝင်ရှုပ်လိုက်လို့ ဖြစ်ရတာ။"
ထျဲလန်ယန်က လှည့်၍ စုန့်ပိုင်ယွမ်ကို မဲ့ပြုံးလေးဖြင့် စိုက်ကြည့်လိုက်သည်။ "စုန့်ပိုင်ယွမ်၊ ရှင်နဲ့ ဒီသူနာပြုမလေးကြားမှာ တကယ်ပဲ တစ်ခုခု ရှိခဲ့တာလား။"
ထျဲလန်ယန်၏ အမူအရာကို မြင်သောအခါ စုန့်ပိုင်ယွမ် တစ်ကိုယ်လုံး ပျာယာခတ်သွားပြီး ချက်ချင်းပင် ကပျာကယာ ရှင်းပြတော့သည်။ "ကိုယ် သူနာပြုဟန်နဲ့ စကားတောင် ကောင်းကောင်း မပြောဖူးပါဘူး၊ ဘယ်လိုလုပ် ပတ်သက်မှု ရှိရမှာလဲ။ လန်ယန်၊ သူမရဲ့ လျှောက်ပြောနေတဲ့ စကားတွေကို လုံးဝမယုံနဲ့နော်။"
ပြောဆိုပြီးနောက် သူသည် ဟန်ရင်ရင်ကို အေးစက်စက် အကြည့်ဖြင့် လှည့်ကြည့်ကာ ပြောလိုက်သည်။ "သူနာပြုဟန်၊ စကားကို ဆင်ခြင်ပြောပါ။ မဟုတ်ရင် မင်းရဲ့ ဒီလို အတင်းအဖျင်း လျှောက်ပြောတတ်တဲ့ အပြုအမူကို မင်းရဲ့ အထက်လူကြီးဆီ တိုင်ရလိမ့်မယ်။"
"ဘာ။ တပ်ရင်းမှူးက ကျွန်မကို တိုင်မလို့လား။"
စုန့်ပိုင်ယွမ်၏ စူးရှသောအကြည့်ကြောင့် ဟန်ရင်ရင် ကျောချမ်းသွားရသော်လည်း မကျေမနပ်ဖြင့် ပြောလိုက်သည်။ "အရင်တုန်းက ကျွန်မ ပေးတဲ့ ပဝါကိုလည်း တပ်ရင်းမှူး လက်ခံခဲ့တယ်၊ ပေးတဲ့ အစားအစာတွေကိုလည်း စားခဲ့ပြီးတော့ အခုကြမှ ကျွန်မကို အပြစ်တင်နေတာလား။"
စုန့်ပိုင်ယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ "ငါ ဘယ်တုန်းက မင်းပေးတဲ့ ပဝါနဲ့ အစားအစာကို လက်ခံခဲ့လို့လဲ။ ငါကိုယ်တိုင်တောင် ဘာလို့ မသိရတာလဲ။"
ဟန်ရင်ရင်က နှုတ်ခမ်းကို ကိုက်လိုက်သည်။ "တပ်ရင်းမှူးက အခုထိ ဝန်မခံသေးဘူးပေါ့။ လွန်ခဲ့တဲ့ နှစ်လတုန်းက ကျွန်မ တပ်ရင်းမှူးရဲ့ အခန်းပြတင်းပေါက်မှာ တင်ထားခဲ့တာလေ။ မေ့သွားပြီလား။"
စုန့်ပိုင်ယွမ် ဆက်၍ မျက်မှောင်ကြုတ်လိုက်သည်။ "လွန်ခဲ့တဲ့ နှစ်လက ငါ တပ်ထဲမှာ မရှိဘူး။ တခြားနေရာကို မစ်ရှင်နဲ့ သွားနေတာမို့လို့ လဝက်လောက် ပျောက်နေခဲ့တာ။ မင်း ထားခဲ့တဲ့ ပစ္စည်းတွေကတော့ သန့်ရှင်းရေးဝန်ထမ်းတွေ အမှိုက်အဖြစ် လာသိမ်းသွားတာပဲ ဖြစ်လိမ့်မယ်။"
စုန့်ပိုင်ယွမ်၏ မစ်ရှင်များသည် အမြဲတမ်း ရုတ်တရက် ပေါ်ပေါက်တတ်ပြီး တပ်တွင် မရှိတတ်သဖြင့် ဟန်ရင်ရင်က မသိခဲ့ပေ။
အဓိကပြဿနာမှာ သူမကိုယ်တိုင်ကလည်း ရှက်တတ်သဖြင့် နာမည်မရေးဘဲ ခိုးချထားခဲ့ရာ သန့်ရှင်းရေးသမားများက အမှိုက်ထင်ပြီး လွှင့်ပစ်လိုက်ခြင်း ဖြစ်သည်။
မိမိကိုယ်တိုင် ပင်ပင်ပန်းပန်း ချည်ထိုးခဲ့ရသော ပဝါလေးမှာ အမှိုက်ပုံးထဲသို့ ရောက်သွားခဲ့ပြီဟူသော အသိကြောင့် ဟန်ရင်ရင် ခံစားချက်ပေါင်းစုံဖြင့် ဆို့နင့်သွားရသည်။
"ဒါဆို ဒီတစ်ခေါက် မစ်ရှင်မသွားခင်တုန်းက တပ်ရင်းမှူး ကျွန်မဆီ လာပြီး ပြောစရာရှိတယ်ဆိုတာကရော၊ ကျွန်မကို ဖွင့်ပြောဖို့ မဟုတ်ဘူးလား။"
စုန့်ပိုင်ယွမ် - "အဲဒါက မင်းရဲ့အဖေ နိုင်ငံရေးမှူးဟန်ဆီကို အကြောင်းကြားစာ တစ်စောင် ပါးခိုင်းမလို့ပါ။ ဒါပေမယ့် ငါ စကားတောင် ဆုံးအောင် မပြောရသေးဘူး၊ မင်းက ရှက်ပြာပြာနဲ့ ထွက်ပြေးသွားတာလေ..."
ဟန်ရင်ရင် - ......
ဒါဆို နောက်ဆုံးတော့ ဒါတွေအကုန်လုံးက သူမတစ်ယောက်တည်း စိတ်ကူးယဉ်နေခဲ့တာပေါ့လေ။
သူမသည် မကျေနပ်နိုင်သေးဘဲ နောက်ဆုံးအကြိမ်အဖြစ် ထပ်မံ ကြိုးစားကြည့်ချင်သေးသည်။
"တပ်ရင်းမှူးစုန့်၊ အရင်ကဟာတွေက အထင်လွဲတာပဲ ထားပါတော့။ အခု ကျွန်မ တပ်ရင်းမှူးကို အတည်ပြောမယ်၊ ကျွန်မ တပ်ရင်းမှူးကို တကယ် သဘောကျတယ်။ ကျွန်မကို ပြန်ပြီး စဉ်းစားပေးလို့ မရဘူးလား။"
ခေတ်မီမိန်းကလေးတစ်ယောက်အနေဖြင့် အချစ်ကို ရဲရဲဝံ့ဝံ့ တိုက်ယူရမည် မဟုတ်ပါလား။
သူမကဲ့သို့ အရာရာ ပြည့်စုံသော မိန်းကလေးကို မည်သူမဆို ရွေးချယ်ကြမည် ဖြစ်သည်။
"မရဘူး။"
စုန့်ပိုင်ယွမ်က ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်တော့သည်။
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၁၂၄
စုန့်ပိုင်ယွမ်၏ ပြတ်သားလှသော ငြင်းပယ်မှုက ဟန်ရင်ရင်၏ စိတ်ဓာတ်ကို လုံးဝ ပျက်စီးသွားစေခဲ့သည်။
"ဘာလို့လဲ။ ကျွန်မက ဒီမိန်းမထက် ဘာတွေ နိမ့်ကျနေလို့လဲ။"
ဟန်ရင်ရင် တကယ်ကို နားမလည်နိုင် ဖြစ်ရသည်။ သူမတွင် အားကိုးရမည့် နောက်ခံအသိုင်းအဝိုင်းကောင်း ရှိသည်၊ ရုပ်ရည်ကလည်း လှပသည်၊ သူမနောက်၌ တကောက်ကောက်လိုက်နေကြသော ယောက်ျားများလည်း အများကြီးရှိသည်။ အဲဒါတောင် စုန့်ပိုင်ယွမ်က ဘာဖြစ်လို့ သူမကို မရွေးချယ်ရတာလဲ။
"တပ်ရင်းမှူးစုန့်၊ ကျေးဇူးပြုပြီး ကျွန်မကို အခွင့်အရေးတစ်ခုလောက် ပေးပါ၊ တပ်ရင်းမှူး စိတ်ပျက်ရမှာ မဟုတ်ဘူးလို့ ကျွန်မ ကတိပေးပါတယ်။"
ငယ်စဉ်ကတည်းက လိုချင်တာမှန်သမျှ အလိုလိုက်ခံခဲ့ရသော ဟန်ရင်ရင်သည် သူမ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ခေါင်းငုံ့ကာ တောင်းပန်ရှာသည်။
သူမအနေဖြင့် ဤမျှအထိ နှိမ့်ချပြလိုက်လျှင် စုန့်ပိုင်ယွမ် စဉ်းစားပေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း သူမကို စောင့်ကြိုနေသည်မှာ ထျဲလန်ယန်၏ ပြင်းထန်လှသော ပါးရိုက်ချက်တစ်ချက်သာ ဖြစ်သည်။
ဖြန်း။
ပါးရိုက်ချက်က သူမ၏မျက်နှာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး ပါးပြင်တစ်ဖက်လုံး ချက်ချင်းပင် ထုံကျင်သွားတော့သည်။
ထျဲလန်ယန် - "ဟန်ရင်ရင်၊ နင်က ငါ့မျက်စိရှေ့တင် ငါ့ကောင်လေးကို အရှက်မရှိ လုဖို့ ကြိုးစားနေတာပဲ။ ငါ့ကို လုံးဝ ထည့်မတွက်ထားဘူးပေါ့ ဟုတ်လား။"
ဟန်ရင်ရင်သည် သူမ၏ပါးကို အုပ်လျက် နာကျည်းသော မျက်လုံးများဖြင့် စိုက်ကြည့်ခဲ့သည်။ "တောသူမ၊ နင်က ငါ့ကို ရိုက်ရဲတယ်ပေါ့။ ငါ နင့်ကို ဘယ်တော့မှ အလွတ်မပေးဘူး။"
ထျဲလန်ယန်က နှာခေါင်းရှုံ့ကာ ရှေ့သို့တစ်လှမ်းတိုးပြီး အရှိန်ဖြင့် နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်ပြန်သည်။ "အလွတ်မပေးဘူး ဟုတ်လား။ ချစ်သူရှိနေတဲ့ လူတစ်ယောက်ကို သူ့မျက်စိရှေ့တင် လာပြီး ကပ်ချွဲနေတဲ့ နင့်လောက် ဘယ်သူက အရှက်မရှိမှာလဲ။ ဒီအကြောင်း အပြင်ကို ပျံ့သွားရင် နင် လူတောတိုးရဲဦးမလား။ ပြီးတော့ နင့်အဖေသာ သိသွားရင် ဘယ်လိုဖြစ်သွားမလဲ။"
ဟန်ရင်ရင် ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။ "နင်… နင် လုပ်ရဲလား။"
ဖခင်ဖြစ်သူက သူမကို မည်မျှပင် အလိုလိုက်ပါစေ၊ ထိုအကာအကွယ်ကို အထင်ကြီးပြီး စိတ်ချလက်ချ ရှိမနေသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအလိုလိုက်မှုမျိုးမှာ စည်းကမ်းနှင့် မူဝါဒပိုင်းဆိုင်ရာ ပြဿနာများကို မထိခိုက်သေး၍သာ ဖြစ်သည်။
ထို့ပြင် ဖခင်ဖြစ်သူက သူမအား မရှုပ်ရန် သတိပေးထားပြီးသား မဟုတ်ပါလား။
အကယ်၍ သူမ ဤကဲ့သို့ စုန့်ပိုင်ယွမ်ကို ဇွတ်အတင်း လိုက်ပတ်သက်နေသည်ကို သိသွားပါက ဖခင်ဖြစ်သူ ဒေါသအိုးပေါက်ကွဲမည်မှာ သေချာသည်။
ဟန်ရင်ရင် - "ဘယ်သူ့ကိုမှ သွားမပြောနဲ့ ကြားလား။ နင့်ကို ဘယ်သူ့ကိုမှ မပြောဖို့ ငါ အမိန့်ပေးတယ်။"
ထျဲလန်ယန် ရယ်မောလိုက်သည်။ "ရယ်စရာကောင်းလိုက်တာ။ နင်က ဘာကောင်မမို့လို့ ငါ့ကို လာပြီး အမိန့်ပေးနေရတာလဲ။ ငါကတော့ တမင်တကာကို လိုက်ပြောဦးမှာ။"
"နင်... နင်... ကောင်းပြီလေ။"
ဟန်ရင်ရင်တစ်ယောက် ဒေါသလည်းထွက်၊ စိုးရိမ်စိတ်လည်း ကြီးနေရှာသည်။
ထိုစဉ်မှာပင် လူနာခန်းအလှည့်ကျစစ်ရန် ရောက်လာသော ဒေါက်တာဟဲသည် အခန်းထဲမှ ဆူညံသံများကို ကြားရသဖြင့် မကျေမနပ်ဖြစ်သွားခဲ့သည်။ "သူနာပြုဟန်၊ တပ်ရင်းမှူးစုန့်က ခုမှ နိုးလာတာ။ လူနာခန်းထဲမှာ လာပြီး ပြဿနာမရှာစမ်းနဲ့။ အခုချက်ချင်း အပြင်ထွက်သွား။"
ဟန်ရင်ရင်သည် အငြိုးအတေး အပြည့်ရှိသော မျက်နှာဖြင့် အခန်းထဲမှ ထွက်ခွာသွားရတော့သည်။
ဒေါက်တာဟဲက စုန့်ပိုင်ယွမ်၏ အခြေအနေကို စစ်ဆေးပြီးနောက် တိုးတက်မှု အားကောင်းသည်ကို မြင်၍ ပြောလိုက်သည်။ "ကောင်းပြီ၊ ဒီအတိုင်းဆိုရင်တော့ နောက်ထပ် လဝက်လောက် အနားယူပြီးရင် ရင်ဘတ်ထဲက ကျည်ဆန်ကို ထုတ်ဖို့ ခွဲစိတ်မှုကို ပြုလုပ်လို့ရပါပြီ။"
စုန့်ပိုင်ယွမ် ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် ဒေါက်တာဟဲ။"
လူတိုင်း ထွက်သွားပြီးနောက် ထျဲလန်ယန်သည် ဓာတ်ဘူးထဲမှ ငှက်စွပ်ပြုတ်တစ်ခွက်ကို ငှဲ့ယူလိုက်သည်။
ဇွန်းဖြင့် အနည်းငယ် ခပ်ယူကာ အအေးခံပြီးနောက် ထျဲလန်ယန်က ထိုစွပ်ပြုတ်ခွက်ကို ဘေးနားရှိ စားပွဲပေါ်သို့ တင်ထားလိုက်သည်။
စုန့်ပိုင်ယွမ်၏ မျက်တောင်များ လှုပ်ခတ်သွားသည်။ "ဘာဖြစ်လို့လဲ၊ အဲဒါ ကိုယ့်ကို တိုက်မလို့ မဟုတ်ဘူးလား။"
ထျဲလန်ယန် - "သောက်ချင်ရင် ရှင့်ဘာသာရှင် ထယူသောက်ပေါ့။"
စုန့်ပိုင်ယွမ် - ......
သူသည် လက်ရှိတွင် ကုတင်ပေါ်မှာ လဲနေရပြီး လှုပ်ရှား၍ မရသေးသဖြင့် တခြားသူ တိုက်ကျွေးမှသာ စားနိုင်မည် ဖြစ်သည်။
ကြည့်ရတာ ဤမိန်းကလေးမှာ သူ့ကို စိတ်ကောက်နေပြီ ထင်ပါသည်။
"စိတ်မဆိုးပါနဲ့ လန်ယန်... ကိုယ့်ဘက်က သေသေချာချာ မကိုင်တွယ်နိုင်ခဲ့လို့ပါ။"
မည်သို့ပင်ဖြစ်စေ၊ ဒါက သူ့အပြစ်သာ ဖြစ်သည်။ အကယ်၍ သူသာ သူနာပြုဟန်၏ ရည်ရွယ်ချက်ကို အစောတည်းက ရိပ်မိပြီး ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပါက ယခုကဲ့သို့ ပြဿနာမျိုး ပေါ်ပေါက်လာလိမ့်မည် မဟုတ်ပေ။
ထျဲလန်ယန်သည် တကယ်တော့ ထိုမျှအထိ ဒေါသထွက်မနေပါ။
သူမက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ရုံသာ ရှိသည်။
သူမဘက်က ဤမျှအထိ လူမသိသူမသိ အေးဆေးနေပါသော်လည်း သူမဆီသို့ ပြဿနာများက ဇွတ်အတင်း တိုးဝင်လာနေသဖြင့် တကယ်ပဲ ပြောစရာစကား ပျောက်ဆုံးရသည်။
စုန့်ပိုင်ယွမ်က သနားစဖွယ် မျက်နှာလေးဖြင့် ကြည့်နေသည်ကို မြင်သောအခါ သူမ၏နှလုံးသားက ပျော့သွားရပြန်သည်။
ထားလိုက်ပါတော့၊ ကြုံလာသမျှ ပြဿနာကိုပဲ ရင်ဆိုင်ရုံရှိတာပေါ့။
"ရပြီ၊ စွပ်ပြုတ်လေး သောက်လိုက်ဦး။"
ထျဲလန်ယန်က ငှက်စွပ်ပြုတ်ခွက်ကို ပြန်လည်မယူကာ ဇွန်းဖြင့် တစ်ဇွန်းခပ်၍ တိုက်ကျွေးလိုက်သည်။
စုန့်ပိုင်ယွမ်က ချက်ချင်းပင် လိမ္မာယဉ်ကျေးစွာ ပါးစပ်ဟ၍ သောက်လိုက်သည်။ "တကယ် အရသာရှိတာပဲ။ လန်ယန် ချက်တာကို ပထမဆုံးအကြိမ် စားဖူးတာ။"
ထျဲလန်ယန် ရယ်မောလိုက်သည်။ "ဒါပေါ့၊ ကျွန်မရဲ့ လက်ရာက အကောင်းဆုံးပဲလေ။"
သူမ၏ ဟင်းချက်လက်ရာက အစောတည်းက ကောင်းမွန်ပြီးသား ဖြစ်သည့်အပြင် စွပ်ပြုတ်ထဲသို့ စိတ်ဝိညာဉ်စမ်းရေ အနည်းငယ် ထည့်သွင်းထားသဖြင့် ပိုအရသာရှိနေခြင်း ဖြစ်သည်။
ဗိုက်ဆာနေသော စုန့်ပိုင်ယွမ်သည် တစ်ဆက်တည်းမှာပင် နှစ်ပန်းကန်အပြည့် သောက်သုံးလိုက်တော့သည်။
ထျဲလန်ယန်က ဆက်၍ မတိုက်တော့ပေ။ "ရှင် ခုမှ နိုးလာတာမို့လို့ တစ်ခါတည်း အများကြီး စားရင် အစာမကြေဘဲ ခန္ဓာကိုယ် ထိခိုက်လိမ့်မယ်။"
စုန့်ပိုင်ယွမ်၏ ရင်ထဲတွင် နွေးထွေးသွားခဲ့သည်။ "အင်းပါ။"
ထျဲလန်ယန်က ဓာတ်ဘူးကို ပြန်သိမ်းလိုက်သည်။ "ဒါဆိုရင်လည်း အနားယူလိုက်ဦး။ ညကြရင် ကျွန်မ ထပ်လာခဲ့မယ်။"
စုန့်ပိုင်ယွမ်က နူးညံ့စွာ ပြုံးပြလိုက်သည်။ "ကောင်းပါပြီ။"
ဆေးရုံမှ ထွက်လာပြီးနောက် ထျဲလန်ယန်သည် နိုင်ငံရေးမှူးဟွမ်၏ ရုံးခန်းသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။ ဆေးရုံတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်အားလုံးကို နိုင်ငံရေးမှူးဟွမ်အား အသေးစိတ် ပြောပြပြီးနောက် သူမက စကားစလိုက်သည်။
"သူနာပြုဟန်က နိုင်ငံရေးမှူးဟန်ဆီကို သွားပြီး ပြဿနာရှာမှာ စိုးရိမ်လို့၊ ဒါကြောင့် ကျွန်မ လူကြီးမင်းဟွမ်ကို ကြိုတင်ပြီး လာအကြောင်းကြားတာပါ။"
နိုင်ငံရေးမှူးဟွမ်က ပြုံးလိုက်သည်။ "မင်းက တကယ့်ကို လည်တဲ့ မိန်းကလေးပဲ။"
အကယ်၍ သူမက နိုင်ငံရေးမှူးဟန်ကို တကယ်စိုးရိမ်ပါက နိုင်ငံရေးမှူးဟန်ထံသို့ တိုက်ရိုက်သွားရမည်ဖြစ်ပြီး မိမိထံ လာစရာအကြောင်းမရှိပေ။
ဤမိန်းကလေးက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လာခြင်း ဖြစ်သည်။
သူမ၏ ရည်ရွယ်ချက်မှာ မိမိမှတစ်ဆင့် နိုင်ငံရေးမှူးဟန်အား စကားပါးခိုင်းပြီး ပြဿနာကို အေးအေးဆေးဆေး ဖြေရှင်းလိုခြင်းသာ ဖြစ်သည်။
"ကောင်းပါပြီ၊ ခဏနေရင် ငါ နိုင်ငံရေးမှူးဟန်ဆီကို သွားပြီး လက်ဖက်ရည်သောက်ရင်း စကားပြောလိုက်မယ်။"
ဤနေရာတွင် နိုင်ငံရေးမှူးဟွမ်က ထပ်ဖြည့်ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ အဘိုးကြီးဟန်က စည်းကမ်းရှိပြီး ကျိုးကြောင်းဆင်ခြင်တတ်တဲ့လူမို့လို့ ကိစ္စအဝဝကို တရားမျှတစွာပဲ ဖြေရှင်းပါလိမ့်မယ်။"
ထိုစကားကို ကြားရသောအခါ ထျဲလန်ယန်လည်း စိတ်အေးသွားရတော့သည်။
ဘာပဲဖြစ်ဖြစ် စုန့်ပိုင်ယွမ်သည် စစ်တပ်ထဲတွင် ဆက်လက်တာဝန်ထမ်းဆောင်ရဦးမည်ဖြစ်ရာ အထက်လူကြီးများကို အဆင်မပြေဖြစ်အောင် မလုပ်မိခြင်းက အကောင်းဆုံး ဖြစ်သည်။
အထက်လူကြီးများက ကြားဝင်ဖြေရှင်းပေးခြင်းက အရာရာကို ပိုချောမွေ့စေသည်မဟုတ်ပါလား။
နိုင်ငံရေးမှူးဟန်သည် မိမိ၏သမီးကို အလွန်အလိုလိုက်သည်ဆိုသော်လည်း စစ်သားဟောင်းတစ်ဦးဖြစ်သည့်အားလျော်စွာ စည်းကမ်းနှင့် ကိုယ်ကျင့်တရားကို အလွန်တန်ဖိုးထားသူ ဖြစ်သည်။
နိုင်ငံရေးမှူးဟွမ်ထံမှ သမီးဖြစ်သူ၏ လုပ်ရပ်များကို ကြားသိရသောအခါ သူ အလွန် အရှက်ရသွားပြီး ဟန်ရင်ရင်အား ချက်ချင်း ခေါ်ယူရန် အမိန့်ပေးလိုက်တော့သည်။
ထိုအချိန်တွင် ဟန်ရင်ရင်သည် အပြင်သို့ ထွက်သွားပြီး ထျဲလန်ယန်အား ပညာပေးရန်အတွက် လူမိုက်အချို့ကို တိတ်တဆိတ် ငှားရမ်းရန် ကြံစည်နေဆဲ ရှိသေးသည်။
နိုင်ငံရေးမှူးဟန်၏ လူများက အနောက်ကနေ ထက်ကြပ်မကွာလိုက်လံ ဖမ်းဆီးခဲ့သဖြင့် သူမကို လက်ပူးလက်ကျပ် မိသွားခဲ့တော့သည်။
ဤအကြောင်းကို သိရှိသွားသောအခါ နိုင်ငံရေးမှူးဟန်သည် အလွန်အမင်း ဒေါသထွက်ကာ ဟန်ရင်ရင်အား ဆူပူကြိမ်းမောင်းပြီး ပါးတစ်ချက် ပြင်းထန်စွာ ရိုက်လိုက်သည်။ "နင်လို အသုံးမကျတဲ့ သမီးမိုက်... စစ်တပ်ထဲကနေ ချက်ချင်းထွက်သွားစမ်း။ စစ်တပ်က နင်လို စိတ်ပုပ်စိတ်ယုတ် မိန်းမမျိုးကို လုံးဝ အလိုမရှိဘူး။"
နိုင်ငံရေးမှူးဟန်သည် ပြောလျှင်ပြောသည့်အတိုင်း လုပ်ဆောင်သူ ဖြစ်သည်။
ဟန်ရင်ရင်က မျက်ရည်စက်လက်ဖြင့် မည်မျှပင် တောင်းပန်သော်လည်း နောက်ဆုံးတွင်မူ သူမအား စစ်တပ်ဆေးရုံမှ ထုတ်ပယ်ကာ အလွန်ဝေးလံခေါင်ဖျားပြီး ဖွံ့ဖြိုးမှုမရှိသော နယ်မြို့လေးတစ်မြို့သို့ ပြောင်းရွှေ့ပစ်လိုက်တော့သည်။
ထို့အပြင် နိုင်ငံရေးမှူးဟန်သည် သမီးဖြစ်သူ၏ ပတ်ဝန်းကျင်ရှိ သူငယ်ချင်းများကိုပါ စုံစမ်းစစ်ဆေးခိုင်းခဲ့သည်။
ထိုအခါတွင် စွင်းထင် အမည်ရှိသော သူနာပြုမလေးသည် အမြဲတမ်း ကြားထဲကနေ သွေးထိုးမြှောက်ပင့်ပေးတတ်ပြီး ဟန်ရင်ရင်အား ပြဿနာရှာရန် ဆော်ဩလေ့ရှိကြောင်း အမှန်တရား ပေါ်ပေါက်သွားခဲ့သည်။
ထို့ကြောင့် နိုင်ငံရေးမှူးဟန်သည် စစ်တပ်ဆေးရုံသို့ တိုက်ရိုက်အကြောင်းကြားကာ စွင်းထင်ကိုလည်း အလုပ်မှ ထုတ်ပယ်ပစ်လိုက်တော့သည်။
ထျဲလန်ယန်သည် ဒေါက်တာဟဲထံမှ ဤသတင်းကို ကြားရသောအခါ စိတ်ထဲကနေ ခပ်ဖွဖွ ရယ်မောလိုက်မိသည်။
ဤသည်က အသိုင်းအဝိုင်း နောက်ခံ ရှိခြင်းနှင့် မရှိခြင်း၏ ကွာခြားချက်ပင် ဖြစ်သည်။
အကယ်၍ စွင်းထင်တွင်သာ နိုင်ငံရေးမှူးအဖေတစ်ယောက် ရှိပါက အလုပ်ပြုတ်မည့်အဆင့်ထိ ဖြစ်လာလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဟန်ရင်ရင်နှင့် စွင်းထင်တို့သည် သူမအပေါ် တကယ့်အန္တရာယ်ကြီးကြီးမားမား ပေးနိုင်ခဲ့ခြင်း မရှိဘဲ ကလေးကလား ပြဿနာရှာရုံသာ ဖြစ်သဖြင့် သူမအနေဖြင့်လည်း အပြစ်မရှိသူများကို လိုက်လံ သတ်ဖြတ်နေမည့်အစား ဤမျှဖြင့်ပင် ကျေနပ်ကာ လက်လွှတ်ပေးလိုက်တော့သည်။
သို့သော်လည်း ထျဲလန်ယန်၏ ရင်ထဲတွင် အနည်းငယ်တော့ မကျေမနပ် ဖြစ်မိသေးသည်။
စုန့်ပိုင်ယွမ်က ရုပ်ရည်လည်းချောမောပြီး အရည်အချင်းလည်း ရှိသဖြင့် တပ်ထဲတွင် ရှိစဉ်ကတည်းက လူကြီးများက သမီးပေးစားချင်နေကြခြင်း ဖြစ်သည်။
ယခုအခါတွင်လည်း သူက အရေးကြီးသော မစ်ရှင်တစ်ခုကို အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့သဖြင့် အထက်လူကြီးများက ရာထူးတိုးမြှင့်ပေးကြဦးမည် ဖြစ်ရာ နောင်တွင် ပို၍ နာမည်ကြီးလာပြီး မိန်းကလေးများစွာ၏ ဝိုင်းဝန်းခြင်းကို ခံရဦးမည်။
ထျဲလန်ယန်က သူမ၏ စိုးရိမ်စိတ်များကို စုန့်ပိုင်ယွမ်အား ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။
စုန့်ပိုင်ယွမ်က သူမကို ကြည်လင်ပြတ်သားသော မျက်ဝန်းအစုံဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ ကိုယ် လန်ယန်အပေါ် ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အသက်နဲ့ ရင်းပြီး ကျိန်ဆိုရဲပါတယ်၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိသလိုမျိုး လန်ယန်အပေါ်မှာလည်း ထာဝရ သစ္စာရှိနေမှာပါ။"