← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၁၂၅

ဆောင်းဦးဝင်စ ကျေးလက်တောရွာ၏ ရာသီဥတုက အတော်လေး အေးစက်နေသည်။

ထျဲလန်ယန်သည် သူမ၏လက်များကို နွေးထွေးသွားစေရန် ပါးစပ်ဖြင့် လေမှုတ်လိုက်ပြီးနောက် ဝက်စာများကို ဆက်၍ စဉ်းနေတော့သည်။

သူမ စစ်တပ်စခန်းသို့ သွားရောက်ကာ စုန့်ပိုင်ယွမ်ကို လူနာသတင်းမေးခဲ့ပြီးနောက် ရင်ဘတ်ထဲက ကျည်ဆန်ထုတ်သည့် ခွဲစိတ်မှု အောင်မြင်စွာ ပြီးဆုံး၍ ဇာတိရပ်ရွာသို့ ပြန်လာခဲ့သည်မှာ တစ်လပင် ရှိခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သော တစ်လလုံးလုံးတွင် ထျဲလန်ယန်သည် ရွာသူရွာသားများ၏ ချီးမွမ်းဂုဏ်ပြုစကားများကို အမြဲမပြတ် ကြားနေခဲ့ရသည်။

ခွဲစိတ်မှုအပြီးတွင် စုန့်ပိုင်ယွမ်သည် ရာထူးတိုးမြှင့်ခြင်း ခံရကာ စစ်တပ်တစ်ခုလုံးတွင် အသက်အငယ်ဆုံး ဗိုလ်မှူးကြီးဖြစ်လာခဲ့သည်။

အသက် ၂၅ နှစ်အရွယ်နှင့် ဗိုလ်မှူးကြီး ဖြစ်လာသော စုန့်ပိုင်ယွမ်၏ အနာဂတ်မှာ အလွန်တောက်ပနေသည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။

ဗိုလ်မှူးကြီးရည်းစား ရထားသည့်အတွက် ထျဲလန်ယန် တစ်ယောက် ကံကောင်းလိုက်တာ၊ နောက်ကြရင် စည်းစိမ်တွေနဲ့ ကောင်းစားတော့မှာပဲဟု လူတိုင်းက ပြောနေကြသည်။

ထျဲလန်ယန်ကိုယ်တိုင်ကမူ ယင်းကို ထူးထူးခြားခြားကြီးဟု မထင်မှတ်မိပေ။

သူမ၏ နေရာလွတ်ထဲတွင် လိုလေသေးမရှိ အရာအားလုံး ရှိနေပြီးသား ဖြစ်သည့်အပြင် အကောင်းဆုံး အစားအစာနှင့် သောက်စရာများကိုလည်း ကာလရှည်ကြာကတည်းက စိတ်ကြိုက် သုံးဆောင်နိုင်စွမ်း ရှိနေခဲ့သောကြောင့် ဖြစ်သည်။

သို့သော်လည်း ဘေးလူများကတော့ သူမထက်ပင် စိတ်လှုပ်ရှားနေကြသည်။

သူမ၏ နောက်လိုက်ငယ်သားလေးဖြစ်သူ ဝမ်ကျွင်းကျွင်းသည် "ကျွန်တော်လည်း ဆက်ပြီး ပင်ပင်ပန်းပန်း မလုပ်ချင်တော့ဘူး၊ အားကိုးရမယ့် အသိုင်းအဝိုင်းကြီးကြီးမားမား တစ်ခုလောက် ရှာပြီး ကပ်ချင်တော့တယ်" ဟု နေ့တိုင်း သူမနားနား ကပ်၍ တတွတ်တွတ် ပြောနေတတ်သည်။

ထျဲလန်ယန် အကြံပြုလိုက်သည်။ "နင်က ရုပ်လေးဘာလေးလည်း သန့်ပါတယ်၊ လိင်ပြောင်းလဲမှု ခွဲစိတ်မှုသာ သွားလုပ်လိုက်ပါလား။ ဒါဆိုရင်တော့ သူဌေးသားတစ်ယောက်ယောက်ကို တကယ် ရှာတွေ့နိုင်မှာပါ။"

ဝမ်ကျွင်းကျွင်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ "အစ်မလန်ယန်၊ အဲဒါ လူပြောမယ့် စကားလား။ ယောက်ျားတစ်ယောက်ဆိုတာ ခေါင်းမော့၊ ရင်ကော့ပြီး နေရမှာလေ၊ ကျွန်တော်က ဘာလို့ မိန်းမ သွားလုပ်ရမှာလဲ။"

ထျဲလန်ယန်က သူ့ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ "ဪ၊ ဒါဆို နင်က ငါ့ကို အထင်သေးတာပေါ့ ဟုတ်လား။"

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျွန်တော် အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး၊ အထင်မလွဲပါနဲ့။"

ဝမ်ကျွင်းကျွင်းသည် ကလေးကစားစရာဗုံကဲ့သို့ ခေါင်းကို အဆက်မပြတ် ခါယမ်းရင်း ပြောလိုက်သည်။"ကျွန်တော်က ယောက်ျားစစ်စစ်ပဲ ဖြစ်ချင်လို့ပါ။"

ထျဲလန်ယန် ပြုံးရင်း ပြောလိုက်သည်။ "ဒါဆိုရင်လည်း နင် ထိုက်တန်အောင် ကြိုးစားပြီး အားကိုးရမယ့် မိန်းမကောင်းတစ်ယောက်ယောက်ကို ရှာပေါ့။"

ဝမ်ကျွင်းကျွင်းလို လူစားမျိုးကို ဘယ်လို မိန်းကလေးမျိုးကများ သဘောကျမလဲဆိုသည်ကို သူမ တကယ်ကို စိတ်ဝင်စားမိလှသည်။

စုန့်ပိုင်ယွမ်၏ မိခင် ဖြစ်သူ ဟဲချွန်းဟွာသည် သားကြီး ရာထူးတိုးသွားသည့်အတွက် အပျော်ဆုံး ဖြစ်နေရှာသည်။

သူမ၏ သားကြီးက ထျဲလန်ယန်၏ နှလုံးသားကို နောက်ဆုံးတွင် အရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိလိုက်ရသောအခါ ပို၍ပင် ပျော်ရွှင်သွားခဲ့ရသည်။

မင်္ဂလာသတင်းများ ရှိနေသဖြင့် လူကလည်း စိတ်ရွှင်လန်းနေသည်။

ဟဲချွန်းဟွာသည် မကြာသေးမီက ရွာထဲတွင် လမ်းလျှောက်လျှင်ပင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခါးကော့ကာ လျှောက်နေပြီး ပါးစပ်ကလည်း အမြဲ ပြုံးစိစိ ဖြစ်နေတတ်သည်။

အကူအညီလိုသူ ရှိလျှင်လည်း လိုလိုလားလား ကူညီပေးတတ်သဖြင့် စကားပြောရ အလွန် လွယ်ကူနေသည်။

မည်မျှအထိလဲဆိုလျှင် ကာလရှည်ကြာကတည်းက အိုးအိမ်ခွဲကာ အဆက်အသွယ် ဖြတ်ထားခဲ့သော စုန့်မိသားစုကြီးက အိမ်တံခါးအထိ လာခေါက်သည့်တိုင် သူမသည် သူတို့ကို မောင်းထုတ်ရန်အတွက် မီးဖိုချောင်သုံး ဓားမကြီးကိုပင် ချက်ချင်း ထုတ်မလာခဲ့ပေ။

ဟဲချွန်းဟွာက အေးစက်စက်ဖြင့် မေးလိုက်သည်။ "နင်တို့ ငါ့အိမ်ကို ဘာလာလုပ်ကြတာလဲ။"

ဦးလေးစုန့်က အပြုံးတစ်ခု အတင်းလုပ်ယူရင်း ပြောလိုက်သည်။ "ခယ်မလေး... စိမ်းစိမ်းကားကား မလုပ်ပါနဲ့။ ငါတို့တွေအားလုံးက စုန့်မိသားစုဝင်တွေပဲဥစ္စာ။"

ဟဲချွန်းဟွာက တံထွေးထွေးလိုက်ပြီး ပြောသည်။ "အဲဒီစကားကို လာမပြောနဲ့။ ငါ ဗိုက်ကြီးတကားကားနဲ့ ဖြစ်နေတုန်းက နင်တို့ ငါ့ကို အိမ်ပေါ်ကနေ ဘယ်လို နှင်ချဖို့ ကြိုးစားခဲ့လဲဆိုတာ ငါ အခုထိ မှတ်မိသေးတယ်။"

လွန်ခဲ့သော ရှစ်နှစ်က ဟဲချွန်းဟွာသည် စုန့်ရွှယ်ကို ကိုယ်ဝန်ဆောင်ထားစဉ် ခင်ပွန်းဖြစ်သူမှာ မတော်တဆမှုတစ်ခုဖြင့် ကွယ်လွန်သွားခဲ့သည်။

ထိုစဉ်က စုန့်မိသားစုသည် သူမကို ကျိန်စာသင့်သူ၊ လာဘ်ပိတ်သူဟု ခေါ်ကာ အိမ်ပေါ်က ဆင်းခိုင်းပြီး မျက်နှာလွှဲခဲ့ကြသည်။

အကယ်၍ သူမသာ ထိုစဉ်က မီးဖိုချောင်သုံး ဓားမကြီးကို ကိုင်ကာ ရူးသွပ်သူကဲ့သို့ ရမ်းမခုတ်ခဲ့ပါက အိမ်ပေါ်က နှင်ချခြင်း ခံရလောက်ပြီ ဖြစ်သည်။

နောက်ပိုင်းတွင် မိခင်ဘက်က အသိုင်းအဝိုင်း၏ အကူအညီဖြင့် သူမသည် စုန့်မိသားစုနှင့် အိုးအိမ်ခွဲနိုင်ခဲ့သည်။

စုန့်ပိုင်ယွမ် စစ်တပ်မှ ပြန်လာပြီး ဤအကြောင်းကို သိရှိသွားသောအခါ ရွာသူရွာသားအားလုံး၏ ရှေ့မှောက်တွင် ထိုစုန့်မိသားစုနှင့် အဆက်အသွယ် လုံးဝ ဖြတ်တောက်ကြောင်း ကြေညာခဲ့သည်။

ထိုအချိန်မှစ၍ နှစ်ဖက်မိသားစုမှာ မပတ်သက်ကြတော့ပေ။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း စုန့်မိသားစုသည် ပြန်လည်သင့်မြတ်ရန် ဟဲချွန်းဟွာထံ ရံဖန်ရံခါ လာရောက်ခဲ့ဖူးသော်လည်း ဟဲချွန်းဟွာက လုံးဝ ငြင်းပယ်ခဲ့သည်။

သူတို့က အတင်းအကျပ် လာရှုပ်လျှင် ဟဲချွန်းဟွာက မီးဖိုချောင်ထဲမှ ဓားမကြီးကို ယူကာ လိုက်ခုတ်တတ်သဖြင့် "ဓားမဟဲ" ဟူသော သူမ၏ နာမည်ဆိုးမှာ ရွာထဲတွင် ကျော်ကြားလှပြီး လူတိုင်း ကြောက်ကြသည်။

ထို့ကြောင့် စုန့်မိသားစုမှာ မလာရဲသည်မှာ ကြာပြီဖြစ်သည်။

သို့သော် ယခုအခါ စုန့်ပိုင်ယွမ်တစ်ယောက် ဗိုလ်မှူးကြီး ဖြစ်သွားပြီဟူသော သတင်းကို ကြားရသောအခါ စုန့်မိသားစု၏ လောဘစိတ်များက ပြန်လည် နိုးထလာခဲ့ပြန်သည်။

ဦးလေးကြီးစုန့်တွင် စုန့်ရှောင်ကန်း အမည်ရှိသော အထက်တန်းပြုတ် သားတစ်ယောက် ရှိသည်။

သူက အလုပ်အကိုင် ရွေးလွန်းသဖြင့် ဘာအလုပ်မျှ မရှိဘဲ လေလွင့်နေကာ အသက် ၂၀ ကျော်သည်အထိ မိန်းမ မရသေးပေ။

ဦးလေးကြီးစုန့် မိသားစုမှာ အလွန်ပူပန်နေကြသော်လည်း ကံဆိုးစွာဖြင့် သူတို့တွင် ပိုက်ဆံမရှိသဖြင့် မိန်းမယူရန် တောင်းရမ်းခ အများကြီး မပေးနိုင်ကြပေ။

မျှော်လင့်ထားသည့်အတိုင်းပင် စုန့်ပိုင်ယွမ် ရာထူးတိုး၍ လစာအများကြီးရကာ သူတို့မိသားစုတွင် စုဆောင်းငွေ အများကြီး ရှိမည်ဟု ကြားသိရသည်နှင့် စုန့်မိသားစုမှာ အပြေးအလွှား ရောက်လာကြခြင်း ဖြစ်သည်။

အဒေါ်ကြီးစုန့်က မချိုမချဉ် ပြုံးကာ ပြောလိုက်သည်။ "ယောက်မရယ်၊ အဲဒါတွေက လွန်ခဲ့တဲ့ နှစ်တွေအကြာကြီးက ကိစ္စတွေပဲ၊ အခု ပြန်ပြောနေလို့ မထူးပါဘူး။ အဲဒီတုန်းက ငါတို့တွေ မှားခဲ့တာ မှန်ပေမယ့် အဘိုးကြီးနဲ့ အဘွားကြီးက အတင်းခိုင်းလို့ လုပ်ရတာပါ။ အခုတော့ အဘိုးကြီးတို့လည်း မရှိတော့ဘူးပဲလေ၊ ငါတို့တွေရဲ့ ရန်ငြိုးတွေကို အဆုံးသတ်လိုက်ကြရအောင်။"

စုန့်မိသားစုမှ အဘိုးကြီးနဲ့ အဘွားကြီးမှာ လွန်ခဲ့သော နှစ်အနည်းငယ်က ရောဂါဝေဒနာဖြင့် တစ်ယောက်ပြီးတစ်ယောက် ကွယ်လွန်သွားခဲ့ကြရာ ရွာသားများက ဒါဟာ ဝဋ်လည်တာ ဟု ပြောစမှတ်ပြုခဲ့ကြသည်။

ဟဲချွန်းဟွာက မျက်စောင်းထိုးကြည့်လိုက်သည်။ "ဘာတွေ လာပြီး အဆုံးသတ်ရမှာလဲ။ အဲဒီတုန်းက နှစ်ဖက်မိသားစု အဆက်အသွယ်ဖြတ်တဲ့ ကတိစာချုပ်ကို လက်မှတ်ထိုးထားပြီးသား။ ငါတို့ဆီကနေ ပိုက်ဆံလာပြီး ညှစ်ဖို့ မကြံစမ်းနဲ့။"

ထိုစကားကို ကြားသောအခါ ဦးလေးကြီးစုန့်နှင့် အဒေါ်ကြီးစုန့်တို့၏ မျက်နှာများ ချက်ချင်း ပျက်သွားတော့သည်။

ဦးလေးကြီးစုန့် - "နင် ဘယ်လိုပဲ ငြင်းငြင်း၊ ပိုင်ယွမ်နဲ့ ရွှယ်ယက ငါတို့ စုန့်မိသားစုရဲ့ သွေးသားတွေပဲ။ နင့်လို မျိုးရိုးမတူတဲ့ အပြင်လူက ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။"

အဒေါ်ကြီးစုန့် - "ဟုတ်တယ်၊ အရိုးကျိုးပေမယ့် အကြောမပြတ်ဘူး ဆိုတာ ရှိသေးတယ်။ ဟဲချွန်းဟွာ၊ နင်က တကယ့်ကို အကျိုးအကြောင်းမသိတဲ့ မိန်းမပဲ။"

ဟဲချွန်းဟွာက လှောင်ပြုံးပြုံးလိုက်သည်။ "ဒါဆိုရင် နင်ကရော အပြင်လူမဟုတ်လို့လား။ ဒီမှာ ဘာလာပြီး အသံကောင်းဟစ်နေတာလဲ။ အခုချက်ချင်း လစ်လိုက်တော့။"

"ဒီမိန်းမကတော့... ငါ့အဖေနဲ့အမေကို ဒီလို စကားမျိုး ပြောရဲတယ်ပေါ့။ နင်တော့ သေချင်နေပြီနဲ့တူတယ်။"

ဘေးတွင် ရပ်နေသော စုန့်ရှောင်ကန်းသည် စိတ်တိုတတ်သူဖြစ်ရာ မိဘများ ရှုံးနိမ့်တော့မည်ကို မြင်လျှင် လက်သီးလက်မောင်းတန်းကာ ချက်ချင်းပင် ခြိမ်းခြောက်တော့သည်။

"နင်လို အမွေးမစုံသေးတဲ့ ကောင်ကများ ငါ့ကို လာပြီး ပြန်ပြောရဲတယ်ပေါ့။"

ဟဲချွန်းဟွာသည် ခါးထောက်ကာ အော်ဟစ်တော့သည်။ "နင်တို့လို အရှက်မရှိတဲ့ ကောင်တွေ၊ ငါ့အိမ်ကနေ အမြတ်ထုတ်ဖို့ ကြံနေတာ ငါမသိဘူးများ အောက်မေ့နေလား။ ဝေးသေးတယ်။"

တကယ် ကျေးဇူးမသိတဲ့ မိန်းမကြီးပဲ။

စုန့်ရှောင်ကန်းသည် ဒေါသအဟုန်ဖြင့် လက်သီးကို လွှဲကာ ထိုးပစ်လိုက်သည်။

ဟဲချွန်းဟွာသည် "လူသတ်နေပါတယ်" ဟု အော်ဟစ်ရင်း မီးဖိုချောင်ထဲသို့ ပြေးဝင်သွားရတော့သည်။

သူမ စောစောက ပေါ့ဆသွားခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ဓားမကြီးကိုသာ ကြိုကိုင်ထားပါက ဤကောင်များ ဤမျှအထိ ရမ်းကားရဲလိမ့်မည် မဟုတ်ပေ။

ထိုစဉ်မှာပင် ထျဲလန်ယန်နှင့် စုန့်ရွှယ်တို့ ရောက်ရှိလာကြသည်။

စောစောက စုန့်ရွှယ်သည် တောင်ခြေသို့ သွားကာ လတ်ဆတ်သော တောမှိုများကို ခူးဆွတ်ခဲ့ပြီး ထျဲလန်ယန်ထံသို့ အထူးတလည် လာရောက်ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ထျဲလန်ယန်သည် သူမနှင့် ခေတ္တစကားပြောဖြစ်ပြီးနောက် စုန့်မိခင်မှာ ခါးနာတတ်ပြီး ခြေထောက်ဒဏ်ရာကလည်း ခုမှ သက်သာကာစ ဖြစ်သဖြင့် ရေခပ်ရန် အဆင်ပြေမည်မဟုတ်ကြောင်း တွေးမိကာ ရေကူခပ်ပေးရန်အတွက် စုန့်ရွှယ်နှင့်အတူ လိုက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် အိမ်သို့ ရောက်သောအခါ ယခုကဲ့သို့ မြင်ကွင်းနှင့် ဆုံတွေ့လိုက်ရတော့သည်။

အနာဂတ် ယောက္ခမလောင်းကြီး အနိုင်ကျင့်ခံနေရတာပဲ။

ဒါဆိုရင်တော့ သူမဘက်က ကူညီရမည်။

ထျဲလန်ယန်သည် အပြေးအလွှား ရောက်ရှိသွားပြီး လက်သီးရွယ်နေသော စုန့်ရှောင်ကန်းကို လေထဲလွင့်သွားအောင် တစ်ချက်တည်းနှင့် ကန်ထုတ်ပစ်လိုက်သည်။

ထို့နောက် ဦးလေးကြီးစုန့်နှင့် အဒေါ်ကြီးစုန့်တို့ကိုပါ မြေပြင်ပေါ်သို့ အမြန် လှဲချပစ်လိုက်တော့သည်။

ခဏလေးအတွင်းမှာပင် ထိုမိသားစု သုံးယောက်လုံး မြေပြင်ပေါ်၌ လဲကျသွားကြရရှာသည်။

အခွင့်အရေး ရသွားသည်နှင့် စုန့်မိခင် ဟဲချွန်းဟွာသည် မီးဖိုချောင်ထဲမှ တံမြက်စည်းကို ဆွဲထုတ်ကာ ထိုသုံးယောက်အား အငြိုးအတေးဖြင့် တဖုန်းဖုန်း ရိုက်နှက်တော့သည်။

မိန်းကလေး စုန့်ရွှယ်ကလည်း အင်အားမနည်းစေရဘဲ နံရံထောင့်မှ တုတ်တစ်ချောင်းကို ကောက်ကိုင်ကာ ဝင်ရောက် အားဖြည့်ပေးတော့သည်။

ခဏလေးအတွင်းမှာပင် ဦးလေးကြီးစုန့် မိသားစုမှာ တုတ်ချက်၊ တံမြက်စည်းချက်များကြောင့် အော်ဟစ်ကာ တစ်အိမ်လုံး သူတို့၏ အော်သံများနှင့် ဆူညံသွားတော့သည်။ ဤဆူညံသံကြီးကြောင့် ပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများကလည်း ဘာဖြစ်လဲဆိုကာ အပြေးအလွှား လာရောက်ကြည့်ရှုကြသည်။

ဦးလေးကြီးစုန့် မိသားစု လာပြီး ပြဿနာရှာခြင်းဖြစ်ကြောင်း မြင်သောအခါ ရွာသားအားလုံးက ဝိုင်းပြောကြသည်။ "ရိုက်တာ တရားတယ်၊ ရိုက်ရုံတင်မကဘူး၊ နှင်ပါထုတ်ပစ်ရမယ်။"

နောက်ဆုံးတွင် ရွာလူကြီး ရောက်လာမှသာ ဤပြဿနာ ပြီးဆုံးသွားပြီး ဦးလေးကြီးစုန့် မိသားစုလည်း အရှက်ရကာ တိတ်တဆိတ် ထွက်ပြေးသွားကြရတော့သည်။

စုန့်မိခင်ထံမှ ယခင်က ဖြစ်ပျက်ခဲ့သမျှ ဇာတ်ကြောင်းအစအဆုံးကို ကြားသိရပြီးနောက် ထျဲလန်ယန်၏ မျက်ဝန်းများ အေးစက်မည်းမှောင်သွားခဲ့သည်။

ဤဦးလေးကြီးစုန့် မိသားစုသည် လူ့အသက်ကို နည်းနည်းမှ မစာနာဘဲ စုန့်မိခင်နှင့် စုန့်ရွှယ်တို့ကို သေလုနီးပါး ဖြစ်အောင် လုပ်ခဲ့ကြဖူးသည် မဟုတ်ပါလား။

သူမသည် လက်ရှိတွင် စုန့်ပိုင်ယွမ်နှင့် ချစ်သူဖြစ်နေပြီး နောင်တွင် လက်ထပ်ကြဦးမည် ဖြစ်ရာ စုန့်မိခင်နှင့် စုန့်ရွှယ်မှာ သူမ၏ မိသားစုဝင်များပင် ဖြစ်သည်။

မိမိ၏ မိသားစုဝင်များကို လာရောက် အနိုင်ကျင့်လျှင်တော့ သူမဘက်က လက်တုံ့ပြန်ရန်သာ ရှိသည်။

ထိုနေ့ညနေစောင်းတွင် ထျဲလန်ယန်သည် ဦးလေးကြီးစုန့်၏ အိမ်သို့ သွားရောက်ကာ နွေးထွေးစွာ နှုတ်ဆက်ခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့သည်။

သူမသည် ထိုအိမ်ရှိ ပိုင်ဆိုင်မှု အဖိုးတန်ပစ္စည်းအားလုံးကို နေရာလွတ်ထဲသို့ သိမ်းယူပစ်လိုက်ရုံတင်မကဘဲ ထိုမိသားစု သုံးယောက်လုံးကို ဂုန်နီအိတ်ဖြင့် စွပ်ကာ အဝတ်လျှော်သကဲ့သို့ တုတ်ဖြင့် အားရပါးရ ရိုက်နှက်ပစ်ခဲ့သည်။

နောက်တစ်နေ့ နံနက်တွင် ဦးလေးကြီးစုန့် မိသားစု သုံးယောက် နိုးလာသောအခါ တစ်အိမ်လုံး ပြောင်သလင်းခါနေသည်ကို မြင်၍ အော်ဟစ်ငိုယိုကြတော့သည်။ "တောက်... ဘယ်သူလုပ်တာလဲ။ ငါတို့ ပစ္စည်းတွေအကုန်လုံးကို ဘယ်သူ ခိုးသွားတာလဲ။ အခု ငါတို့ ဘာလုပ်ကြမလဲ။"

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၁၂၆

ဦးလေးကြီးစုန့် မိသားစု အခိုးခံရကြောင်း ကြားသိရသောအခါ စုန့်မိခင် ဟဲချွန်းဟွာတစ်ယောက် ဝက်တစ်ကောင်လို အားရပါးရ ရယ်မောတော့သည်။ "ဟားဟားဟား၊ ခံရတာ နည်းတောင် နည်းသေးတယ်။ ငါပြောသားပဲ၊ သူတို့မိသားစုတစ်ခုလုံး ဝဋ်လည်ကြတော့မှာပါလို့။"

ယခင်က စုန့်မိသားစုထဲသို့ ချွေးမအဖြစ် ရောက်ရှိလာစဉ်က ယောက္ခမများ၏ ငြိုငြင်မှုကို ခံရရုံသာမက ဦးလေးကြီးတို့ မိသားစု၏ နှိပ်စက်ညှဉ်းပန်းမှုကိုပါ ခံခဲ့ရသဖြင့် သူမ အလွန် ဆင်းရဲဒုက္ခရောက်ခဲ့ရသည်။

အိုးအိမ်ခွဲပြီးနောက် ဘဝက ခက်ခဲသော်လည်း ယခင်ကထက်စာလျှင် ပို၍ အဆင်ပြေလာခဲ့သည်။

ယခုခေတ်တွင်မူ ဘဝက ပိုကောင်းမွန်လာပြီး ကြက်ဥနှင့် ဝက်သားများကို အလျှံပယ် စားနိုင်နေပြီဖြစ်ရာ တစ်ရွာလုံးတွင် သူတို့ကဲ့သို့ သက်တောင့်သက်သာ နေနိုင်သူ မရှိပေ။

ဟဲချွန်းဟွာသည် သူမ၏ လက်ရှိဘဝကို အလွန် ကျေနပ်နေမိသည်။

သူမသည် သမီးငယ် စုန့်ရွှယ်ကိုလည်း စာကြိုးစားရန် မကြာခဏ ဆုံးမတတ်သည်။ "ဒီကောင်မလေး၊ နင် တစ်နေ့ကုန် သစ်ပင်တက်ပြီး ငှက်သိုက်လိုက်နှိုက်နေတာကို ရပ်လိုက်တော့။ အတန်းထဲမှာ စာကို သေသေချာချာ ကြိုးစားသင်ယူစမ်း။"

"နင့်မှာ ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ အစ်ကိုတစ်ယောက် ရှိနေရုံနဲ့ ဘာမှပူစရာမလိုဘူးလို့ မထင်နဲ့။ ဘာမဆို ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတာ၊ သူများကို သွားပြီး အားမကိုးနဲ့"

စုန့်ရွှယ်ကမူ မိခင်ဖြစ်သူ၏ စကားများကို နားမဝင်ပါ။

တစ်ခါတရံ စာဖတ်ရလွန်း၍ စိတ်ညစ်လာလျှင် သူမသည် ထျဲလန်ယန်ထံသို့ သွားရောက်ကာ ညည်းတွားလေ့ရှိသည်။ "သမီးအမေကတော့ တကယ်ပါပဲ။ သမီးက အသက် ၈ နှစ်ပဲ ရှိသေးတဲ့ ကလေးပဲဥစ္စာ၊ အမြဲတမ်း စာပဲ ဖိလုပ်ခိုင်းနေတယ်။"

ဒါပေမယ့် သမီးက စာသင်ဖို့အတွက် မွေးဖွားလာတာ မဟုတ်ဘူးထင်တယ်။ အတန်းထဲရောက်ရင် အမြဲတမ်း ငိုက်နေပြီး စိတ်က လုံးဝ စုစည်းလို့မရဘူး။

ထျဲလန်ယန် သူမအား မေးလိုက်သည်။ "စာမသင်ချင်ရင် နင်က ဘာလုပ်ချင်လို့လဲ။"

စုန့်ရွှယ်က သွား ရှစ်ချောင်းလုံး ပေါ်အောင် ပြုံးပြရင်း ပြောလိုက်သည်။ "ဆော့ပဲ ဆော့ချင်တာပေါ့။ လွတ်လွတ်လပ်လပ် လျှောက်ပြေးရတာကို သဘောကျတယ်၊ တောင်ပေါ်မှာ တောဟင်းသီးဟင်းရွက်တွေ လိုက်တူးရတာနဲ့ ငှက်ဥတွေ လိုက်ကောက်ရတာကို ပိုကြိုက်တယ်။"

ထျဲလန်ယန်သည် တဟားဟား ရယ်မောကာ ခေါင်းခါလိုက်မိသည်။ ဤကလေးမလေး၏ အတွေးအခေါ်က တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှသည်။ "အခုက ငယ်သေးလို့ ဆော့လို့ရတာပေါ့၊ ကြီးလာရင်ရော ဒီလိုပဲ လုပ်နေဦးမှာလား။ ဘာပညာမှ မရှိရင် ဘယ်လိုလုပ်ပြီး အသက်မွေးဝမ်းကျောင်း ပြုမလဲ။"

စုန့်ရွှယ် ခေါင်းလေးစောင်းကာ ပြောလိုက်သည်။"သမီးအမေက သမီးကို တစ်သက်လုံး မကျွေးမွေးနိုင်ဘူးလားဟင်။"

ထျဲလန်ယန် - "နင့်အမေက တစ်သက်လုံး ပင်ပင်ပန်းပန်း လုပ်ခဲ့ရတာလေ၊ အသက်ကြီးတဲ့အထိ နင့်အနာဂတ်အတွက် စိတ်ပူနေရအောင် လုပ်ချင်တာလား။"

စုန့်ရွှယ် - "ဒါဆိုရင် အစ်ကိုကြီးနဲ့ အစ်မလန်ယန်တို့ကရော။"

ထျဲလန်ယန် - "ငါတို့လည်း နောက်ကြရင် ကိုယ့်မိသားစုနဲ့ကိုယ် ဖြစ်သွားမှာ၊ နင့်ကို အမြဲတမ်း အချိန်ပြည့် စောင့်ရှောက်မပေးနိုင်ဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မှ ဖြစ်မှာ။"

ဤစကားများက စုန့်မိခင် ပြောခဲ့သည်များနှင့် ထပ်တူပင် ဖြစ်နေသည်။

စုန့်ရွှယ်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ကုတ်လိုက်သည်။ "အသက်ကြီးလာတာက တကယ် စိတ်ရှုပ်ဖို့ကောင်းတာပဲ၊ သမီး အသက်မကြီးချင်တော့ဘူး။"

ထျဲလန်ယန်က ပြုံးလျက် သူမ၏ခေါင်းကို အသာအယာ ပုတ်ပေးလိုက်သည်။ "ရပါတယ်... ဖြည်းဖြည်းပေါ့၊ အချိန်တန်ရင် နားလည်လာလိမ့်မယ်။"

နောက်တစ်နေ့တွင် စုန့်ရွှယ်သည် ပျော်ရွှင်သော မျက်နှာလေးဖြင့် အပြေးအလွှား ပြန်လည်ရောက်ရှိလာပြန်သည်။ "အစ်မလန်ယန်၊ သမီး နည်းလမ်း ရှာတွေ့ပြီ။"

ထျဲလန်ယန် ပြုံးလိုက်သည်။ "ဘာနည်းလမ်းလဲ။"

စုန့်ရွှယ်က ထောင့်တစ်နေရာသို့ လက်လှမ်းပြလိုက်သည်။ "ကောတန်း၊ အမြန်လာခဲ့။"

ခဏအကြာတွင် တောက်ပသော အပြာရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး အပြာရောင် အထည်အိတ်အသေးလေးကို လွယ်ထားသည့် ရှက်နေသော ကောင်လေးတစ်ယောက် ထွက်လာခဲ့သည်။

"အစ်မလန်ယန်၊ ဒါက ကောတန်း တဲ့။ သမီး အရင်က ပြောဖူးတယ်မလား၊ သူက သမီးရဲ့ ရည်းစားလေ၊ ဟိဟိ။"

ကလေးမလေး စုန့်ရွှယ်သည် ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ခေါင်းကို မော့ကာ မိတ်ဆက်ပေးရှာသည်။

ထျဲလန်ယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားရသည်။

ခွေးဥ(ကောတန်း) တဲ့လား။

တကယ့်ကို အသက်ရှည်အောင် အလွယ်တကူ ပေးထားတဲ့ နာမည်ပဲ။

ရွှယ်ယလေးကတော့ တကယ့်ကို အရွယ်နဲ့မလိုက်အောင် ထက်မြက်လှသည်၊ ဤမျှ အသက်ငယ်ငယ်လေးနှင့် ရည်းစားပင် ရှိနေပြီဖြစ်သည်။

ထျဲလန်ယန် - "ငါ သူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး။ နင်လည်း သူ့ကို တစ်ခါမှ ခေါ်မလာဖူးဘူးလေ။"

"သူက အရမ်း အလုပ်များတယ်လေ။ သူ့အဖေက လက်သမားမို့လို့ သူ့ကို အမြဲတမ်း အပြင်ခေါ်သွားပြီး အလုပ်လုပ်ခိုင်းတာ။"

စုန့်ရွှယ်က ထျဲလန်ယန်နှင့် ကောတန်းအား မိတ်ဆက်ပေးရာ ကောတန်းလေးမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့သည်။ "မင်္ဂလာပါ၊ အစ်မကြီး။"

ကောင်လေးက ကြည့်ရသည်မှာ လိမ္မာယဉ်ကျေးပြီး သန့်သန့်ပြန့်ပြန့် ရှိလှသည်။

ထျဲလန်ယန်က ပြုံးလိုက်ရင်း အိတ်ကပ်ထဲမှ ယုန်ဖြူနို့ခဲသကြားလုံးနှစ်လုံးကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။ "မင်္ဂလာပါ ကောတန်းလေးရေ၊ တွေ့ရတာ ဝမ်းသာပါတယ်။ ဒါက မင်းအတွက် လက်ဆောင်ပါ။"

ကောတန်းက ချက်ချင်း မယူဘဲ စုန့်ရွှယ်၏ မျက်နှာကို လှမ်းကြည့်သည်။

စုန့်ရွှယ် - "အစ်မလန်ယန် ပေးတာပဲ၊ ယူလိုက်ပါ၊ ရတယ်။"

"ကျေးဇူးတင်ပါတယ် အစ်မကြီး။"

ကျေးဇူးတင်စကား ဆိုပြီးနောက် ကောတန်းလေးသည် သကြားလုံး နှစ်လုံးကို ယူကာ စုန့်ရွှယ်ထံသို့ ကမ်းပေးလိုက်သည်။ "ရှောင်ရွှယ်... ရော့၊ ဒါ နင့်အတွက်။"

စုန့်ရွှယ် - "ငါ တစ်လုံးပဲ စားမယ်၊ ကျန်တဲ့တစ်လုံးကို နင် စား။"

ကောတန်းလေးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ရှောင်ရွှယ်... နင်က ငါ့အပေါ် တကယ် ကောင်းတာပဲ။"

စုန့်ရွှယ်က ခေါင်းလေးကို ခါလိုက်သည်။ "ဒါပေါ့၊ နင်က ငါ့ရည်းစားပဲဥစ္စာ၊ ငါက နင့်အပေါ် ကောင်းရမှာပေါ့။"

ထျဲလန်ယန် - ......

သူမမှာ ကလေးနှစ်ယောက်ဆီကနေ ခွေးစာ အကျွေးခံလိုက်ရသည်။

သို့သော်လည်း သူတို့လေးတွေ၏ ငယ်သူငယ်ချင်း သံယောဇဉ်က တကယ်ကို ချစ်စရာ ကောင်းလှသည်ဟု ဆိုရပေမည်။

ထျဲလန်ယန် - "စောစောက နည်းလမ်း ရှာတွေ့ပြီဆို၊ ငါ့ကိုလည်း မပြောရသေးဘူးလေ။"

ဤအကြောင်းကို ပြောသောအခါ စုန့်ရွှယ် ချက်ချင်း စိတ်လှုပ်ရှားသွားသည်။ "ဟုတ်သားပဲ၊ ကောတန်းက စာအရမ်းတော်တာလေ၊ အဲတော့ သူက သမီးအတွက် ကိုယ်စား စာသင်ပေးလို့ ရတယ်။"

ထျဲလန်ယန် - "ဘာလဲ။ သူက နင့်ကို စာပြန်ပြပေးရမှာ မဟုတ်ဘူးလား။"

စုန့်ရွှယ် ခေါင်းခါလိုက်သည်။ "သမီးက အရမ်းတုံးတာလေ၊ သူ စာပြပေးရင်တောင် သမီးက တတ်မှာ မဟုတ်ဘူး။ ဒါကြောင့် သူပဲ သမီးအတွက် ကိုယ်စား စာကြိုးစားပြီး နောက်ကြရင် အောင်မြင်လာတဲ့အခါ သမီးကို ရှာကျွေးလိမ့်မယ်၊ ဒါဆိုရင် သမီးလည်း မိသားစုကို အားကိုးစရာ မလိုတော့ဘူးပေါ့၊ ဟီးဟီးဟီး~"

ထျဲလန်ယန် - ......

ဤကလေးမလေးသည် ဤကဲ့သို့သော အတွေးမျိုးကို ဘယ်ကနေ ရလာပါလိမ့်။

ဒါက တကယ်ကို... ခေတ်ရှေ့ပြေးလွန်းလှသည်။

အသက် ၈ နှစ်အရွယ်နှင့်တင် ကြိုးစားမှုကို စွန့်လွှတ်ပြီး သူတစ်ပါးအပေါ် မှီခိုဖို့ပဲ တွေးနေပြီလား။

"မဟုတ်သေးပါဘူး... ယောက်ျားတွေဆိုတာ အားကိုးလို့ မရဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး ကိုယ်တိုင် ကြိုးစားမှဖြစ်မှာ။"

ထျဲလန်ယန် စကားပင် မဆုံးသေးခင်မှာပင် ကောတန်းလေးသည် ရင်ကိုကော့ကာ မျက်နှာလေး နီမြန်းလျက် ပြောသည်။ "အစ်မကြီး၊ ကျွန်တော့်ကို အားကိုးလို့ ရပါတယ်၊ ကျွန်တော် ရှောင်ရွှယ်အပေါ် အမြဲတမ်း ကောင်းပေးမှာပါ။"

ထျဲလန်ယန် - ......

ထျဲလန်ယန် တစ်ယောက် ဘာပြောရမှန်းမသိအောင် ဆွံ့အသွားရသည်။

ဤကလေးနှစ်ယောက်က ငယ်လွန်းသေးသဖြင့် သူတို့၏ အချစ်ရေးမှာ အိမ်ဆောက်တမ်း ကစားနေကြသလိုပင် ဖြစ်နေသည်။

နက်နဲသော အမှန်တရားများကို နားလည်နိုင်စွမ်း မရှိသေးသဖြင့် သဘာဝအတိုင်းသာ လွှတ်ထားလိုက်တော့သည်။

သို့သော်လည်း သူမ သတိပေးလိုသည်မှာ တစ်ခုရှိသည်။ "စုန့်ရွှယ်၊ ဘာပဲဖြစ်ဖြစ် နင့်မှာ ကိုယ်ပိုင်အတတ်ပညာတစ်ခုခုတော့ ရှိရမယ်၊ ဒါမှ နောက်ကြရင် အသက်မွေးဝမ်းကျောင်း ပြုနိုင်မှာ။"

စုန့်ရွှယ်က နားလည်သလိုလို နားမလည်သလိုလိုပင်။ "ဒါဆိုရင် သမီးမှာ ပိုက်ဆံရှာနိုင်တဲ့ အရည်အချင်း ရှိရမယ်လို့ ဆိုလိုတာလား။"

ထျဲလန်ယန်၏ မျက်ဝန်းထဲတွင် ချီးမွမ်းရိပ်များ ဖြတ်ပြေးသွားခဲ့သည်။ "မှန်တယ်၊ ဒါပေမယ့် နင်က ငယ်သေးတော့ စာသင်တာဟာ အခုလောလောဆယ် အကောင်းဆုံး ထွက်ပေါက်ပဲ။"

စုန့်ရွှယ်သည် သူမ၏ တောက်ပသော မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း စိတ်မပါလက်မပါဖြင့် ပြောလိုက်သည်။ "သိပါပြီ။"

အမှန်မှာ သူမသည် စာသင်ခြင်းကို အရေးကြီးသည်ဟု လုံးဝမထင်ပေ။ ပိုက်ဆံရှာရန် နည်းလမ်းများစွာ ရှိသည်မဟုတ်ပါလား။

ယခင်က မိခင်ဖြစ်သူနှင့်အတူ မှောင်ခိုဈေးသို့ တစ်ခေါက် ရောက်ဖူးခဲ့ရာ ထိုနေရာတွင် ပစ္စည်းမျိုးစုံ ရောင်းချနေကြပြီး ဈေးနှုန်းများမှာလည်း အလွန်ကြီးမားသည်။

သူမ ကြီးလာလျှင် ထိုမှောင်ခိုဈေးထဲသို့ ဝင်ရောက်ကာ ပိုက်ဆံအများကြီး ရှာမည်ဟု တွေးထားသည်။

ထိုနေ့မှစ၍ စုန့်ရွှယ်လေးတွင် ဘဝရည်မှန်းချက်အသစ်တစ်ခု ရှိလာခဲ့သည်၊ ၎င်းမှာ ပိုက်ဆံရှာရန် ဖြစ်သည်။

ပိုက်ဆံအများကြီး ရှိမှသာ သူမကို မည်သူကမျှ လာရောက် ဆူပူနိုင်တော့မည် မဟုတ်ပေ။

ထျဲလန်ယန်သည် စုန့်ရွှယ်၏ ကြီးမားသော ရည်မှန်းချက်များကို မသိဘဲ ထိုအချိန်တွင် ပေကျင်းမှ ရောက်ရှိလာသော စာတစ်စောင်ကို ဖတ်ရှုနေခဲ့သည်။

ယင်းမှာ နျိုတပင်းဆီမှ ထပ်မံပေးပို့လာသော စာ ဖြစ်သည်။

သူက သတင်းကောင်းတစ်ခု ပါးလာခဲ့သည်၊ ၎င်းမှာ သူ့ဇနီးသည် ချစ်စရာကောင်းသော သမီးမိန်းကလေးတစ်ဦးကို မွေးဖွားခဲ့ပြီ ဖြစ်ကြောင်းပင် ဖြစ်သည်။

နျိုတပင်းသည် အလွန်ဝမ်းသာနေပြီး ထျဲလန်ယန်ပါ ပျော်ရွှင်မှုတွင် ပါဝင်နိုင်စေရန် မင်္ဂလာသကြားလုံးအချို့ကိုပါ ထည့်သွင်းပေးပို့လာခဲ့သည်။

ထျဲလန်ယန်ကလည်း စာပြန်ရာတွင် ကျေးဇူးတင်စကား ဆိုလိုက်ပြီး နျိုတပင်း၏ ဇနီးအတွက် အရသာရှိသော မုန့်သေတ္တာနှစ်လုံးကို လက်ဆောင်အဖြစ် ပြန်လည် ပေးပို့လိုက်သည်။

ထိုအလုပ်များ ပြီးစီးသွားပြီးနောက် ထျဲလန်ယန်သည် စာဖတ်ခန်းထဲတွင် ထိုင်ကာ ဝတ္ထုတစ်ပုဒ်ကို စတင် ရေးသားတော့သည်။

မှန်ပါသည်၊ အချိန်အတန်ကြာ စဉ်းစားသုံးသပ်ပြီးနောက် ထျဲလန်ယန်သည် ဝတ္ထုများ ရေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဒါဟာ သူမ၏ အမြဲတမ်း အိမ်မက်တစ်ခု ဖြစ်ခဲ့ပြီး ယခုအခါတွင်မူ လက်တွေ့အကောင်အထည်ဖော်ရန် အချိန်တန်ပြီ ဖြစ်သည်။

ထျဲလန်ယန်သည် သူမနှင့် စုန့်ပိုင်ယွမ်တို့၏ ပတ်သက်မှု ဇာတ်ကြောင်းကို အခြေခံ၍ စစ်တပ်အသိုင်းအဝိုင်း နောက်ခံ အိမ်ထောင်ရေးဝတ္ထု တစ်ပုဒ်ကို ရေးသားရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

သူတို့ကြားတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများစွာမှာ စာရေးရန်အတွက် စိတ်ကူးစိတ်သန်းများစွာကို ပေးစွမ်းနိုင်သဖြင့် သူမသည် စတင်၍ တစိုက်မတ်မတ် ရေးသားတော့သည်။

ထျဲလန်ယန်သည် ယခင်ကလည်း "ပုံပြင်ကလပ်" မဂ္ဂဇင်းသို့ စာမူအချို့ ပေးပို့ဖူးပြီး အားလုံး ပုံနှိပ်ဖော်ပြခြင်း ခံရသည့်အပြင် စာမူခများလည်း ရရှိခဲ့ဖူးသည်။

စာပို့သမား လာတိုင်းလည်း သူမအား စာရေးဆရာမကြီး ဟု လေးစားစွာ ခေါ်ဝေါ်လေ့ရှိသည်။

ယခုအခါတွင်မူ ပညာတတ်လူငယ်ဝင်းသာမက တစ်ရွာလုံးကပါ သူမ စာရေးနေခြင်းကို သိရှိသွားကြပြီး လူတိုင်းက သူမကို အလွန် လေးစား အားကျနေကြသည်။

ယခင်က ဟဲချွန်းဟွာနှင့် စကားများဖူးသော ရွာထဲမှ အဘွားကြီးအချို့မှာ မနာလိုဝန်တိုစိတ်များပင် ဖြစ်ပေါ်လာရသည်။

"ဟဲချွန်းဟွာကတော့ တကယ့်ကို ကံကောင်းလွန်းတာပဲ။ သားဖြစ်သူကလည်း ဗိုလ်မှူးကြီး၊ အနာဂတ် ချွေးမလောင်းကလည်း နာမည်ကြီး စာရေးဆရာမ ဖြစ်နေပြီ။ တကယ်ပဲ အားကျဖို့ကောင်းလိုက်တာ။"

"ဟုတ်ပါ့ဟယ်၊ ငါတို့တွေတစ်သက်လုံး ပင်ပင်ပန်းပန်း လုပ်ခဲ့ရပေမယ့် သူမလောက် ကံမကောင်းခဲ့ဘူး။ သူမကတော့ အရာအားလုံးကို ပိုင်ဆိုင်ထားနိုင်ပြီပဲ။"

ဟဲချွန်းဟွာ - "ငါက ကံကောင်းတာပဲဥစ္စာ၊ နင်တို့အားလုံး မနာလိုဖြစ်နေလိုက်ကြစမ်း။"

All Chapters