အခန်း (၇၇၉-၇၈၀)
Vol. 56 Ch. 779-780
အပိုင်း ၇၇၉ - ရက်စက်သော တိုက်ခိုက်မှု
"နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီး"
ဝတ်ရုံနက်နှင့်အမျိုးသမီးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ မိမိ၏တိုက်ကွက်ကို ဟန့်တားခံလိုက်ရသည့်အတွက် ဒေါသတကြီးဖြင့် လက်တုံ့ပြန်ရန် ကြံရွယ်လိုက်စဉ်မှာပင် ဟန်လိ၏ ခန္ဓာကိုယ်မှ မိုးကြိုးလျှပ်စီးများ ပေါက်ကွဲထွက်လာပြီးနောက် သူမအား ဝန်းရံပိတ်ဆို့ရန် တဟုန်ထိုး တိုးဝင်လာနေသော လျှပ်စီးကွန်ရက်ကြီးကို ရုတ်တရက် မြင်လိုက်ရခြင်းပင်။ သူမ၏ မျက်နှာထက်တွင် ကြောက်လန့်တကြားဟန် ဖြစ်ပေါ်သွားပြီးနောက် သူမ၏ခန္ဓာကိုယ်ကို အနက်ရောင်မြူခိုးတစ်ခုအဖြစ် ပြောင်းလဲလျက် ထိုလျှပ်စီးတန်းများဘေးမှ လွတ်မြောက်နိုင်ရန် အသက်လု၍ အနောက်သို့ ဆုတ်ခွာသွားတော့သည်။
ဟန်လိကမူ စိတ်ခံစားချက် ကင်းမဲ့သော မျက်နှာပေးဖြင့် သူ၏ မိုးကြိုးမုန်တိုင်းတောင်ပံများကို ခါယမ်းကာ ခြေရာလက်ရာမကျန် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ထိုသည်ကို မြင်သည့်အခါ ဝတ်ရုံနက်နှင့် အမျိုးသမီးသည် ဟန်လိနှင့် ပတ်သက်ပြီး သူမ ကြားဖူးခဲ့သော ကောလဟလစကားများကို ချက်ချင်း သတိရမိသွားပြီး သူမ၏လက်များဖြင့် မန္တန်ချိပ်ဟန်တစ်ခုကို အလျင်အမြန် ဖန်တီးလိုက်၏။ ထို့နောက် သူမ၏မြူခိုးခန္ဓာကိုယ်မှာ ဝေဝါးသွားပြီး တစ်ခုနှင့်တစ်ခု ခွဲခြားရန်ခက်ခဲလှသော ပုံတူကိုယ်ပွား ရှစ်ခုအဖြစ်သို့ ပြောင်းလဲကာ ဘေးချင်းယှဉ်လျက် ရပ်နေကြတော့သည်။
ထိုကိုယ်ပွားတစ်ခုချင်းစီမှာ အစစ်အမှန်အတိုင်း ထင်ရရုံတင်မကဘဲ သူတို့ဘာသာ လှုပ်ရှားလျက် အဝါရောင်အလင်းတန်းများအဖြစ် အရပ်မျက်နှာအသီးသီးသို့ ခွဲထွက်ပြေးကြတော့သည်။ မည်သည့်အရာက အစစ်အမှန်ခန္ဓာကိုယ် ဖြစ်သည်ကိုမူ လုံးဝ ခွဲခြားနိုင်စွမ်း မရှိချေ။
ငွေရောင်အလင်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားပြီးနောက် ဟန်လိသည် ထိုအမျိုးသမီး အစောပိုင်းတုန်းက ရှိနှင့်ခဲ့သော နေရာတွင် ပြန်လည် ပေါ်လာခဲ့ပြီး သူ၏အနောက်တွင်မူ မိုးကြိုးသံကြီး ဟိန်းထွက်သွားတော့သည်။ သူက အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲပျံသန်းသွားကြသော အဝါရောင်အလင်းတန်းများကို တည်ငြိမ်စွာဖြင့် တစ်ချက် လှမ်းကြည့်လိုက်မိ၏။ သူ၏ မျက်နှာထက်တွင်မူ လှောင်ပြုံးတစ်ခုက မသိမသာ ရှိနေသည်။ သူ၏ မျက်လုံးများအတွင်းသို့ ဝိညာဉ်စွမ်းအားများ ပို့လွှတ်လိုက်သောအခါ သူ၏သူငယ်အိမ်အတွင်းမှ စူးရှသော မိုးပြာရောင်အလင်းတန်းများ ထိုးထွက်လာပြီး ကြည်လင်အမြင် ဝိညာဉ်မျက်စိကို အစွမ်းကုန် အသက်သွင်းလိုက်တော့သည်။
ဟန်လိက ခေါင်းမော့ကာ အဝေးသို့ သေသေချာချာ လှမ်းကြည့်လိုက်၏။ ထိုအဝါရောင်အလင်းတန်းများအတွင်းရှိ ပုံရိပ်အားလုံးမှာ မှိန်ဖျော့နေရုံတင်မကဘဲ ၎င်းတို့ထံမှ ထွက်ပေါ်နေသော စိတ်ဝိညာဉ်ချီမှာလည်း အလွန်ပင် ပါးလျလှသဖြင့် ၎င်းတို့အားလုံးမှာ အတုအယောင်များ ဖြစ်မှန်း သူ သိလိုက်ရတော့သည်။
ဟန်လိ၏ စိတ်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားပြီးနောက် သူသည် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အလျင်အမြန် စူးစမ်းကြည့်လိုက်ရာ မည်သူမျှ သတိမပြုမိနိုင်လောက်အောင် ပါးလွှာလှသော မြူခိုးအမျှင်တန်းတစ်ခုသည် သူ၏အနောက်ဘက်ကနေ တိတ်တဆိတ် ချဉ်းကပ်လာနေသည်ကို ရုတ်တရက် ရှာဖွေတွေ့ရှိလိုက်ရခြင်းပင်။
ထိုအမျိုးသမီးသည် သူ၏အာရုံကို လွှဲရန်အတွက် ပုံရိပ်ယောင်အတတ်ပညာတစ်ခုကို အသုံးပြုခဲ့ခြင်း ဖြစ်ပြီး သူမသည် ထွက်ပြေးရန် ကြံစည်နေမည့်အစား ဟန်လိ အာရုံလွတ်သွားမည့် ဤအခိုက်အတန့်ကို အခွင့်ကောင်းယူကာ အလစ်အငိုက် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဤအမျိုးသမီးကား အမှန်တကယ်ပင် ပါးနပ်လှသလို သတ္တိလည်း ရှိလှပေသည်။ သူ၏ ကြည်လင်အမြင် ဝိညာဉ်မျက်စိသာ ရှိမနေခဲ့ပါက သူသည် ၎င်း၏ပုန်းကွယ်မှုကို ထောက်လှမ်းမိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။ အမျိုးသမီး၏ ကိုယ်ယောင်ဖျောက်ခြင်းအတတ်ပညာမှာ ငွေရောင်လထက်ပင် နည်းနည်းလေးမျှ နိမ့်ကျမနေဘဲ သာမန်စိတ်ဝိညာဉ်အာရုံဖြင့်ဆိုလျှင် သူမ၏ သဲလွန်စကို ရှာဖွေတွေ့ရှိနိုင်ရန် မဖြစ်နိုင်လောက်ချေ။
ဟန်လိသည် ရင်ထဲ၌ ထိတ်လန့်သွားသော်လည်း စကားတစ်လုံးမျှ မဆိုဘဲ တိတ်တဆိတ်ပင် နောက်ပြန်လှည့်ကာ ဧရာမမျောက်ဝံကြီးရှိရာဘက်သို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။ သူသည် ထိုဝတ်ရုံနက်နှင့် အမျိုးသမီးကို ဆက်လက်လိုက်လံတိုက်ခိုက်ရန် ဆန္ဒမရှိတော့သည့်အလား။
ပါးလွှာလှသော မြူခိုးအမျှင်တန်းမှာ ဟန်လိနှင့် ကိုးကိုက်ခန့်အကွာအဝေးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ၎င်းသည် လေထဲတွင် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် အမျိုးသမီး၏ ခန္ဓာကိုယ်မှာ ရုတ်တရက် လှစ်ဟပေါ်လာတော့သည်။ သူမ၏လက်ထဲတွင်မူ တစ်လက်မခန့် ရှည်လျားသော အဝါရောင်မှော်ဓားငယ်တစ်လက် ရှိနေပြီး ၎င်းမှာ အလင်းများ လင်းလက်လျက်ရှိသည်။ သူမက ထိုဓားဖြင့် ဟန်လိ၏ နောက်ကျောကို ရက်စက်စွာ ခုတ်ပိုင်းရန် ဟန်ပြင်လိုက်၏။ ကြည့်ရသည်မှာ သူမသည် ဟန်လိ၏ နှလုံးကို တစ်ချက်တည်းနှင့် ပျက်စီးသွားအောင် တိုက်ခိုက်ရန် ပြင်ဆင်နေသည့်အလား။ အကယ်၍ ထိုတိုက်ခိုက်မှုသာ ထိမှန်ခဲ့ပါက သူ၏ အသွေးအသားခန္ဓာကိုယ်မှာ ချက်ချင်းပင် တစစီ ပျက်စီးသွားရမှာ သေချာလှပေသည်။
သို့သော်လည်း ထိုအမျိုးသမီးက တိုက်ခိုက်ရန် လက်ဆန့်ထုတ်လိုက်သည့် ထိုအခိုက်အတန့်မှာပင် ဟန်လိ၏ ပုံရိပ်မှာ ဝေဝါးသွားပြီး ချက်ချင်းပင် နောက်ပြန်လှည့်ကာ သူ၏မျက်လုံးများဖြင့် သူမကို တိတိကျကျ စိုက်ကြည့်လိုက်တော့သည်။ သူက ပါးစပ်ကို ဖွင့်လိုက်ပြီး ရွှေရောင်အလင်းတန်းတစ်ခုကို ထွေးထုတ်လိုက်၏။
"အား..."
ဝတ်ရုံနက်နှင့် အမျိုးသမီး၏ မျက်နှာမှာ သေလောက်အောင် ဖြူရော်သွားပြီး သူမသည် အသည်းအသန် ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ဤမျှ နီးကပ်သော အကွာအဝေးတွင် ဟန်လိ၏ တိုက်ခိုက်မှုဘေးမှ သူမအနေဖြင့် လုံးဝ လွတ်မြောက်နိုင်စွမ်း မရှိခဲ့ချေ။
ဗုန်းခနဲ မြည်ဟိန်းသံနှင့်အတူ ဟန်လိ၏ ပါးစပ်မှ ရွှေရောင်လျှပ်စီးတန်းတစ်ခု ပေါက်ကွဲထွက်သွားပြီး ထိုအမျိုးသမီး၏ ပုခုံးကို တည့်တည့်ကြီး ထိမှန်သွားတော့သည်။ လေထုထဲတွင်လည်း ချက်ချင်းပင် အသားလောင်ကျွမ်းသည့်အနံ့များဖြင့် ဖုံးလွှမ်းသွား၏။ အမျိုးသမီးမှာ နာကျင်စွာ အော်ဟစ်လိုက်ရပြီး ကောင်းကင်ယံကနေ မြေပြင်သို့ ပြိုလဲကျသွားတော့သည်။
ဟန်လိကမူ သူ၏ မိုးကြိုးမုန်တိုင်းတောင်ပံများကို ခါယမ်းလိုက်ရာ မိုးကြိုးသံကြီးတစ်ခုနှင့်အတူ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားပြန်သည်။ နောက်တစ်ခဏတွင် သူသည် ထိုအမျိုးသမီး၏အနောက်၌ ရုတ်တရက် ပြန်လည်ပေါ်လာခဲ့ပြီး သူ၏ လက်တစ်ဖက်တွင်မူ မိုးပြာရောင်မီးလျှံများက ခပ်ဖျော့ဖျော့ တောက်ပနေ၏။ သူက ထိုလက်ဖြင့် သူမ၏လည်ပင်းကို အသာအယာ ဖိနှိပ်ချလိုက်တော့သည်။
ဝှစ်ခနဲ မြည်သံနှင့်အတူ သိပ်သည်းလှသော မိုးပြာရောင် ရေခဲလွှာကြီးတစ်ခုသည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားပြီး သူမအား အအေးဓာတ်တစ်ခုကလွဲ၍ ကျန်ရှိသော အာရုံခံစားမှုအားလုံးကို ပြတ်တောက်သွားစေတော့သည်။ သည့်နောက်တွင်မူ သူမသည် ရေခဲတုံးကြီးတစ်ခုအလား ကောင်းကင်ယံကနေ ဆက်လက်ပြုတ်ကျနေသည်။
ဟန်လိကမူ ကောင်းကင်ယံတွင် မလှုပ်မယှက်ဘဲ ငြိမ်သက်စွာ ပျံဝဲနေရင်း သူ၏လက်ဝါးပေါ်တွင် မိုးကြိုးလျှပ်စီးတန်းများကို အသင့်ပြင်ဆင်လိုက်၏။ သူက ထိုလျှပ်စီးများကို ပစ်လွှတ်လိုက်ပြီးနောက် အေးခဲနေသော ထိုအမျိုးသမီးကို လျှပ်စီးကွန်ရက်အတွင်း၌ အမိအရ ဖမ်းဆုပ်ပိတ်လှောင်လိုက်တော့သည်။ ထို့နောက် သူ၏မျက်လုံးများအတွင်း၌ ရက်စက်လိုသော အကြည့်များ ဖြစ်ပေါ်လာခြင်းနှင့်အတူ လျှပ်စီးကွန်ရက်အတွင်းမှ ရွှေရောင်အလင်းတန်းများမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီး ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာကာ ထိုဝတ်ရုံနက်နှင့် အမျိုးသမီးမှာ မိုးပြာရောင်ရေခဲဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး သဲလွန်စမရှိ ပျောက်ကွယ်သွားလေတော့သည်။
ထိုလျှပ်စီးကွန်ရက်အတွင်း၌ ကျန်ရစ်ခဲ့သော တစ်ခုတည်းသော အရာမှာ ထိုအမျိုးသမီး၏ စဦးစိတ်ဝိညာဉ်သာ ဖြစ်ပေသည်။ ထိုစဦးစိတ်ဝိညာဉ်၏ မျက်နှာမှာ သေလောက်အောင် ဖြူရော်နေပြီး ၎င်းသည် နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးကို အလွန်အမင်း ကြောက်လန့်နေသည့်အလား တုန်ရင်နေ၏။
ဟန်လိက ၎င်းကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ထိုစဦးစိတ်ဝိညာဉ်ကိုပါ အပြီးသတ် ချေမှုန်းပစ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ၎င်းသည် ကြောက်လန့်တကြားဖြင့် စူးရှစွာ အော်ဟစ်လိုက်တော့သည်။
"နင် ငါ့ကို သတ်လို့မဖြစ်ဘူး။ ငါက ကျင်းအင်ပါယာ၊ ယင်စစ်ထုတ်ခြင်းဂိုဏ်းချုပ်ရဲ့ တာအိုလက်တွဲဖော်ပဲ။ နင်သာ ငါ့ကို သတ်ခဲ့ရင် ငါတို့ဂိုဏ်းက နင် သေတဲ့အခြေအနေအထိ အမဲလိုက်ပြီး ကလဲ့စားချေမှာ သေချာတယ်။"
"ယင်စစ်ထုတ်ခြင်းဂိုဏ်းချုပ်ရဲ့ တာအိုလက်တွဲဖော် ဟုတ်လား..."
ဟန်လိသည် ထိုစဦးစိတ်ဝိညာဉ်ကို ခဏမျှ အေးစက်စွာ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် သူ၏လျှပ်စီးကွန်ရက်ကို အားလျှော့ပေးလိုက်ပြီး တစ်ဖက်သို့ လှည့်ထွက်သွားတော့သည်။ ထိုအမျိုးသမီး၏ စဦးစိတ်ဝိညာဉ်မှာ ခဏမျှ မှင်သက်သွားပြီးနောက် ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်သွားရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရ၏။ သူမ၏ စိတ်ထဲတွင်မူ ဟန်လိအပေါ် မည်သို့ရက်ရက်စက်စက် ကလဲ့စားချေရမလဲဟူသော မကောင်းသော အကြံအစည်များဖြင့် ပြည့်နှက်နေတော့သည်။
သို့သော်လည်း သူမသည် ဟန်လိနှင့် ကိုးကိုက်ခန့် (မီတာ ၃၀) အကွာအဝေးသို့ ရောက်ရှိသွားသည့် ထိုအခိုက်အတန့်မှာပင် လျှပ်စီးကွန်ရက်မှာ ရုတ်တရက် ပြန်လည်တင်းကျပ်သွားပြီး ထိုစဦးစိတ်ဝိညာဉ်ကို အမိအရ ပြန်လည်ချည်နှောင်ပစ်လိုက်ပြန်သည်။ သည့်နောက်တွင် မိုးကြိုးသံကြီးတစ်ခု ဟိန်းထွက်သွားပြီး ထိုဝတ်ရုံနက်အမျိုးသမီး၏ စဦးစိတ်ဝိညာဉ်မှာ အစအနမကျန် ပြာအဖြစ် ပြောင်းလဲသွားလေတော့သည်။
"ငါက မင်းရဲ့ အသွေးအသားခန္ဓာကိုယ်ကိုတောင် ဖျက်ဆီးပစ်ခဲ့ပြီးပြီပဲ... မင်း ကလဲ့စားချေနိုင်မယ့် အခွင့်အရေးမျိုး ငါက ဘာလို့ ချန်ထားပေးရမှာလဲ"
ဟန်လိသည် မတတ်သာသည့်ဟန်ဖြင့် တကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိ၏။ ထို့နောက် သူ၏အာရုံကို ဧရာမမျောက်ဝံကြီးရှိရာဘက်သို့ ပြန်လှည့်လိုက်တော့သည်။
ဟန်လိက ထိုဝတ်ရုံနက်အမျိုးသမီးကို ရှင်းထုတ်ပစ်ခဲ့သော တိုက်ပွဲတစ်ခုလုံးမှာ အဆင့်ဆင့် ဖြစ်ပျက်ခဲ့သည်ဆိုသော်လည်း အမှန်တကယ်တွင်မူ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ထိုအမျိုးသမီး အသက်အန္တရာယ်နှင့် ကြုံတွေ့နေရသည့် အချိန်အတွင်းမှာပင် မောက်လန်မန္တန်စစ်သည် အဘိုးအိုသည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သူမကို ကူညီရန် အသည်းအသန် ပျံသန်းလာခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ၏အနီးနား၌ ထူးဆန်းသော ပန်းရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာပြီး ကြီးမားသော ပန်းရောင်မြူခိုးတိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲကာ ထိုမန္တန်စစ်သည်အိုကြီးကို တိုက်ရိုက် ဝါးမြိုပိတ်လှောင်ပစ်လိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီးများနှင့်အတူ ထိုမန္တန်စစ်သည်အိုကြီးသည် သူ၏စွမ်းရည်များကို အစွမ်းကုန်သုံးကာ ထိုပန်းရောင်မြူခိုးများကို ဖျက်ဆီးပစ်နိုင်ခဲ့သော်လည်း သူ၏မျက်နှာမှာမူ အလွန်ပင် ပြာနှမ်းနေခဲ့ပြီ ဖြစ်သည်။ သူက ဒေါသတကြီးဖြင့် ထိုပန်းရောင်မြူခိုးများကို စိုက်ကြည့်နေမိ၏။ ယင်စစ်ထုတ်ခြင်းဂိုဏ်းချုပ်က သူ၏တာအိုလက်တွဲဖော် အသတ်ခံလိုက်ရသည်ကို သိသွားခဲ့လျှင် သူ့အပေါ် မည်သို့ရက်စက်စွာ အပြစ်ပေးလေမည်လဲကို သူ စဉ်းစားမရ ဖြစ်နေတော့သည်။ သူသည် ဟန်လိနှင့် သူ့လမ်းကို ပိတ်ဆို့ခဲ့သောသူကို အံတင်းတင်းကြိတ်ကာ မကျေမနပ် စိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ထိုပန်းရောင်မြူခိုးတိမ်တိုက်ထဲမှ ချိုသာသော ရယ်မောသံအချို့ ထွက်ပေါ်လာပြီးနောက် ၎င်းမြူခိုးများမှာ လွင့်ပါးပျောက်ကွယ်သွားပြီး ချောမောလှပသော လူငယ်တစ်ဦး၏ အသွင်ဟန်ပန် ပေါ်လာသည်။ သူကား သဟဇာတအနှောင်အဖွဲ့ဂိုဏ်းမှ မိစ္ဆာအိုကြီးယွန်းဖန် ကလွဲ၍ အခြားမဟုတ်ချေ။
မိစ္ဆာအိုကြီးယွန်းဖန်က တဟားဟား ရယ်မောလိုက်ပြီး ဟန်လိကို တစ်ချက် လှမ်းကြည့်ကာ ဆိုလိုက်၏။
"တာအိုရောင်းရင်းဟန်... အခု ကျုပ် ခင်ဗျားကို ကူညီပေးခဲ့ပြီးပြီဆိုတော့ ကျုပ်တို့ကြားက အကြွေးကတော့ ကျေသွားပြီနော်"
ဝတ်ရုံနက်အမျိုးသမီးကို သတ်ဖြတ်ပြီးနောက် ပြန်လည်ပျံသန်းလာသော ဟန်လိက ပြန်ပြောလိုက်သည်။
"ကျုပ်က ခင်ဗျားကို အစီအရင်အတားအဆီးထဲကနေ ကယ်ထုတ်ပေးခဲ့တာဟာ တိုက်ဆိုင်မှုတစ်ခုပါပဲ။ ကျုပ်က ခင်ဗျားဆီကနေ ကျေးဇူးဆပ်တာကို မျှော်လင့်ခဲ့တာ မဟုတ်ပါဘူး။ ဒါထက် ပိုပြီးအရေးကြီးတာကတော့... ဒီမြင့်မြတ်တဲ့ငှက်ကြီးဟာ ကျုပ်တို့နှစ်ယောက်တည်းနဲ့ ရင်ဆိုင်နိုင်တဲ့ အရာမဟုတ်ဘူး၊ ဒါ့အပြင် သူ့ဘက်မှာလည်း မန္တန်စစ်သည်တွေ အများကြီး ရှိနေသေးတယ်..."
ထိုသို့ပြောပြီးနောက် ဟန်လိက ထိုမန္တန်စစ်သည်အိုကြီးကို ကျော်၍ အဝေးသို့ စိုက်ကြည့်လိုက်မိ၏။ ဧရာမမျောက်ဝံကြီး၏ သတ်ဖြတ်မှုများကို အစွမ်းကုန် တားဆီးရန် ကြိုးစားနေကြသော ဝတ်ရုံနက်မန္တန်စစ်သည်များအပြင် မိုးကုပ်စက်ဝိုင်းဆီကနေ မရေမတွက်နိုင်သော မန္တန်စစ်သည် တပ်မကြီးတစ်ခုမှာလည်း သူတို့ဆီသို့ အုံလိုက်ကျင်းလိုက် ပျံသန်းလာနေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ မိစ္ဆာအိုကြီးယွန်းဖန်မှာ မည်မျှပင် သတ္တိရှိသူ ဖြစ်ပါစေဦးတော့... ထိုကဲ့သို့ များပြားလှသော ရန်သူတပ်မကြီးကို မြင်လိုက်ရသည့်အခါ သူ၏မျက်နှာတွင် အံ့ဩထိတ်လန့်ဟန် အထင်အရှား ပေါ်လာတော့သည်။
မကြာသေးမီကတင် ဟန်လိသည် လျှပ်စီးပုတီးစေ့နှစ်လုံး၏ စွမ်းအားကို အသုံးပြု၍ ထိုမန္တန်စစ်သည်များ၏ အစီအရင်အတားအဆီးကို ဖျက်ဆီးကာ မိစ္ဆာအိုကြီးယွန်းဖန်ကို အောင်မြင်စွာ ကယ်တင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဟန်လိသည် သူနှင့်အတူ လက်တွဲ၍ တိုက်ခိုက်ရန် ပြင်ဆင်နေဆဲမှာပင် ယင်စစ်ထုတ်ခြင်းဂိုဏ်းမှ ကျင့်ကြံသူများသည် ကြေးနီချပ်ဝတ်အလောင်းကောင် အမြောက်အမြားကို ရုတ်တရက် ထုတ်လွှတ်လိုက်ကြသည်ကို မြင်တွေ့ခဲ့ရသည်။ ထိုအခါမှ ဟန်လိသည် ငိုကြွေးဝိညာဉ်ပုလဲကို အပြည့်အဝ သန့်စင်မွန်းမံပြီးကတည်းက ၎င်း၏စွမ်းရည်များကို စမ်းသပ်ကြည့်လိုသဖြင့် သူ၏ငိုကြွေးဝိညာဉ်သားရဲကို ထုတ်သုံးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ပေါ်လာသည်နှင့်တစ်ပြိုင်နက် အလွန်ပင် စိတ်လှုပ်ရှားစွာဖြင့် တဝီဝီ မြည်ဟီးသံများ ထုတ်ဖော်ပြီး ပတ်ဝန်းကျင်ရှိ သန့်စင်ထားသော အလောင်းကောင်များကို အင်တိုက်အားတိုက် စတင်ဝါးမြိုတော့သည်။
သို့သော်လည်း ဟန်လိကို အံ့အားသင့်သွားစေသည့်အချက်မှာ သူ၏ငိုကြွေးဝိညာဉ်သားရဲသည် ကျင့်ကြံသူများ သန့်စင်ထားသော အလောင်းကောင်များကို ကိုင်တွယ်ရာတွင် ဤမျှအထိ ထိရောက်မှု ရှိနေခြင်းပင် ဖြစ်သည်။ ဟန်လိသည် ငိုကြွေးဝိညာဉ်သားရဲသည် နတ်ဆိုးများနှင့် တစ္ဆေဝိညာဉ်များကို ဝါးမြိုရာတွင် ဆရာတစ်ဆူ ဖြစ်မှန်း သိထားသည်။ သို့သော် ၎င်း၏ခန္ဓာကိုယ် ကြီးထွားလာမှုနှင့်အတူ ထူးဆန်းသော စွမ်းရည်များမှာလည်း ပိုမိုဆင့်ကဲတိုးတက်လာခဲ့ပုံ ရသည်။ ဤသည်မှာ သူ မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်သော ရလဒ်တစ်ခုပင်။
ယခုအခါ သူတို့၏ရှေ့တွင် များပြားလှသော မန္တန်စစ်သည် တပ်မကြီးကို ရင်ဆိုင်နေရပြီ ဖြစ်၍ ဟန်လိနှင့် မိစ္ဆာအိုကြီးယွန်းဖန်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ထွက်ပြေးရန် ဆုံးဖြတ်လိုက်ကြတော့သည်။ သို့သော်လည်း ငိုကြွေးဝိညာဉ်သားရဲမှာမူ ထိုအလောင်းကောင် တပ်မကြီးကြားထဲတွင် ရူးသွပ်စွာဖြင့် ဆက်လက်ဝါးမြိုနေဆဲ ဖြစ်သည်။ ဟန်လိသည် ၎င်းရတနာကို သည်အတိုင်း စွန့်လွှတ်ခဲ့ရန် လုံးဝ ဆန္ဒမရှိချေ။
ဟန်လိသည် ငိုကြွေးဝိညာဉ်ပုလဲကို အသုံးပြု၍ ၎င်းအား ဆုတ်ခွာရန် အမိန့်ပေးရန် ပြင်လိုက်စဉ်မှာပင် သူ၏အနောက်ကနေ ကျယ်လောင်သော ရယ်မောသံကြီးတစ်ခုကို ရုတ်တရက် ကြားလိုက်ရ၏။
"တာအိုရောင်းရင်းဟန်... စိုးရိမ်နေဖို့ မလိုပါဘူး။ ခင်ဗျားက ဒီနတ်သားရဲကြီးကို လွှတ်ပြီး အလောင်းကောင်တွေကို ရှင်းခိုင်းထားမှတော့ ကျုပ်တို့ကလည်း ဒီမန္တန်စစ်သည်တွေကို ကူညီကိုင်တွယ်ပေးပါ့မယ်"
ဟန်လိသည် လုံဟန့်၏ စကားသံကို ကြားလိုက်ရသည့်အခါ သူ၏နှလုံးသားမှာ လှုပ်ရှားသွားတော့သည်။ သူက ခပ်မြန်မြန် နောက်ပြန်လှည့်ကြည့်လိုက်ရာ ကိုးကိုက်ခန့် အကွာအဝေးဆီကနေ ကျင့်ကြံသူ အဖွဲ့တစ်ခုကို ဦးဆောင်ကာ ပျံသန်းလာနေသော လုံဟန့်ကို မြင်လိုက်ရသည်။
ဟန်လိမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားမိ၏။ မန္တန်စစ်သည်များက သူတို့ကို ချက်ခြင်း လာရောက်မတိုက်ခိုက်ဝံ့ဘဲ အဝေးကနေ သေချာစောင့်ကြည့်နေရခြင်းမှာ အခြားအကြောင်းကြောင့် မဟုတ်ဘဲ ကျင့်ကြံသူဘက်မှ စစ်ကူတပ်မကြီး ရောက်ရှိလာသည်ကို မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်ပေလိမ့်မည်။
လုံဟန့်သည် ဟန်လိ၏ နတ်ဆိုးအသွင်ပြောင်းလဲထားသော ခန္ဓာကိုယ်ကို မြင်လိုက်ရသည့်အခါ သူ၏မျက်နှာတွင် ခဏမျှ အံ့ဩသွားဟန် ပေါ်သော်လည်း ချက်ခြင်းပင် ဘာမှမမြင်ခဲ့သလို လျစ်လျူရှုထားလိုက်သည်။ ယခုအချိန်မှာ ထိုအကြောင်းအရာကို မေးမြန်းနေရမည့် အချိန်မဟုတ်ကြောင်း သူ ကောင်းစွာ သဘောပေါက်ထား၍ ဖြစ်သည်။
ကျင့်ကြံသူအားလုံးမှာ သူတို့၏မျက်နှာချင်းဆိုင်ရှိ မန္တန်စစ်သည်များကို သတိကြီးစွာဖြင့် စိုက်ကြည့်နေကြ၏။ စစ်မြေပြင်တစ်ခုလုံးမှာ ပြင်းထန်သော တိုက်ပွဲများကြောင့် အထိအခိုက်များစွာ ရှိခဲ့ပြီး ဖြစ်ရာ အခုအခါတွင်မူ အဆုံးအဖြတ်ပေးမည့် နောက်ဆုံးတိုက်ပွဲကြီးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
နှစ်ဖက်စလုံးတွင် အနိုင်ရမှု၊ ရှုံးနိမ့်မှုများနှင့်အတူ သေကြေပျက်စီးမှု အရေအတွက်မှာလည်း များပြားလှပေသည်။ သို့သော်လည်း ဤတိုက်ပွဲများမှာ သာမန်လက်ရည်စမ်းပွဲများ မဟုတ်ကြချေ။ ရှုံးနိမ့်သူအားလုံးမှာ အသက်ဆုံးရှုံးခဲ့ကြရပြီး အနိုင်ရရှိခဲ့သူများမှာလည်း ပင်ပန်းနွမ်းနယ်စွာဖြင့် တိုက်ပွဲကို ဆက်လက်ဆင်နွှဲနေကြရခြင်း ဖြစ်သည်။
လုံဟန့်သည် နောက်ထပ်တိုက်ပွဲတစ်ခုအတွက် သူ့ဇနီးနှင့်တိုက်ခိုက်နေသော ထျန်းကျုံးကို ထိန်းထားရန် အခြားသူများကို အမိန့်ပေးကာ ဇနီးဖြစ်သူဖန်းပင်းကို လွတ်မြောက်စေသည်။ သူတို့ဇနီးမောင်နှံနှစ်ဦး အတူရှိနေမှသာ သူတို့၏ အစစ်အမှန် စွမ်းပကားကို အစွမ်းကုန် ထုတ်သုံးနိုင်မည် မဟုတ်လား။ အခြေအနေက ဤအဆင့်သို့ ရောက်ရှိလာပြီ ဖြစ်၍ လုံဟန့်သည် ထိုပိန်ခြောက်ခြောက် မောက်လန်မန္တန်စစ်သည်အိုကြီးကို စကားတစ်လုံးမျှ ထပ်ဆိုမနေတော့ချေ။
လုံဟန့်က သူ၏လက်မောင်းကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။ သူသည်အခုချိန်ထိ အင်အားမပြုန်းတီးစေရန် တိတ်တဆိတ် ထိန်းရှိမ်းထားခဲ့သော ဂိုဏ်းသားများမှာ ထိပ်တန်းအဆင့် ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့သည် ၎င်းတို့၏ မှော်ရတနာများကို ချက်ခြင်း ဆင့်ခေါ်လိုက်ကြပြီးနောက် ခန္ဓာကိုယ်မှ စူးရှသော အလင်းတန်းများ ထွက်ပေါ်စေကာ ရက်စက်စွာဖြင့် ရှေ့သို့ တဟုန်ထိုး တိုးဝင်သွားကြတော့သည်။
သူတို့၏မျက်နှာချင်းဆိုင်ရှိ မန္တန်စစ်သည်များမှာလည်း သာမန်သူများမဟုတ်ကြသဖြင့် သူတို့၏ စိတ်ဝိညာဉ်ချီများကို အစွမ်းကုန် လည်ပတ်စေကာ တန်ပြန်တိုက်ခိုက်ကြတော့သည်။ ရုတ်ရုတ်သဲသဲဖြင့် နှစ်ဖက်တပ်မကြီး၏ နောက်ဆုံးအဆုံးအဖြတ် တိုက်ပွဲကြီးမှာ စတင်ရန် အဆင်သင့် ဖြစ်လို့နေပြီ။
မောက်လန်မန္တန်စစ်သည်များဘက်တွင် စဦးစိတ်ဝိညာဉ် နောက်ပိုင်းအဆင့်ရှိသော မန္တန်စစ်သည်တစ်ဦး ထပ်မံ ပါဝင်နေသော်လည်း ကျင့်ကြံသူဘက်တွင် မိစ္ဆာအိုကြီးယွန်းဖန်အပြင် အခြားသော စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့် ကျင့်ကြံသူ လေးဦး ရှိနေသဖြင့် ၎င်းတို့အားလုံး ပူးပေါင်းလိုက်ပါက ထိုမန္တန်စစ်သည်ကို အေးဆေး ထိန်းချုပ်ထားနိုင်စွမ်း ရှိပေသည်။ ဟန်လိသည် ထိုမန္တန်စစ်သည်အိုကြီးကို ကူညီရန် ရောက်လာကြသော မန္တန်စစ်သည်များကို ရှင်းထုတ်ပစ်ရန် ပြင်ဆင်လိုက်စဉ်မှာပင် သူ၏အကြည့်က ကောင်းကင်ယံရှိ မြင့်မြတ်သောငှက်ကြီး ထံသို့ ကျရောက်သွားသည့်အခါ သူ၏ မျက်နှာအမူအရာမှာ ကြီးစွာ ပြောင်းလဲသွားလေတော့သည်။
အပိုင်း ၇၈၀ - သွေးတစ္ဆေ နှင့်ကျောက်ဘီလူးကြီး
သစ္စာခုနစ်ပါးကျင့်ကြံသူများနှင့် ယင်ယန်မိစ္ဆာအလောင်းကောင်အတွဲတို့သည် မောက်လန်မြင့်မြတ်သောငှက်ကို ကြံ့ကြံ့ခံ တောင့်ခံထားနိုင်ကြသော်လည်း အချိန်အနည်းငယ် ကုန်လွန်ပြီးနောက်တွင်မူ သူတို့သည် အရေးနိမ့်သည့် အခြေအနေသို့ လျင်မြန်စွာ ဆိုက်ရောက်လာကြတော့သည်။
အလောင်းကောင်မိစ္ဆာနှစ်ဦးမှာ သူတို့ကိုယ်သူတို့ အတော်အတန် ကောင်းမွန်စွာ ကာကွယ်ထားနိုင်ကြပြီး မိုးပြာရောင်မီးလျှံများကို ခုခံတွန်းလှန်ရန်အတွက် ယင်လေပြင်းများနှင့်မရဏချီများကို ထုတ်လွှတ်နေကြ၏။ သို့သော်လည်း သစ္စာခုနစ်ပါး ကျင့်ကြံသူများမှာမူ ယခုအခါတွင် မှော်စွမ်းအားများ ကုန်ခမ်းလာနေပြီဖြစ်၍ ဆက်လက်တောင့်ခံနိုင်စွမ်း မရှိကြတော့ချေ။
အထူးသဖြင့် အလွန်အမင်း အင်အားပြုန်းတီးနေသော အဘိုးအိုနှစ်ဦး ရှိနေပြီး တစ်ဦးမှာ စိတ်ဝိညာဉ်အလင်းများ မှိန်ဖျော့နေသည့် မျက်နှာနီနီနှင့် အဘိုးအိုဖြစ်ကာ အခြားတစ်ဦးမှာမူ သူ၏နှာခေါင်းနှင့် ပါးစပ်ပတ်လည်တွင် အဖြူရောင်ချီစွမ်းအင်များ သိသိသာသာ ဝေဝါးနေသည့် မျက်နှာဖြူလျော်လျော်နှင့် အဘိုးအိုပင်။ ထိုနှစ်ဦးစလုံးမှာ လျှို့ဝှက်ကျင့်စဉ်များကို အသုံးပြု၍ သူတို့၏ ခန္ဓာကိုယ်အကန့်အသတ်ကို အတင်းအကျပ် ကျော်လွန်ကာ တောင့်ခံနေကြရခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။
ဟန်လိသည် မျက်မှောင်ကြုတ်လိုက်ပြီး အနီးနားရှိ သေဆုံးသွားသော ကျင့်ကြံသူအချို့ကို တစ်ချက် လှမ်းကြည့်လိုက်မိ၏။ သည့်နောက်တွင် ရှေးဟောင်းမီးအိမ်များအနီး၌ စောင့်ကြပ်နေသော မန္တန်စစ်သည်တော်အမျိုးသမီးလဲ့ ထံသို့ အကြည့်ကို ရွှေ့လိုက်တော့သည်။
"ငိုကြွေးဝိညာဉ်သားရဲကို သေချာစောင့်ကြည့်ထားပါ၊ ဘာအန္တရာယ်မှ မဖြစ်စေနဲ့။ အကယ်၍ ၎င်းသာ အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ ကြုံလာရရင် ချက်ချင်း ပြန်ရုတ်သိမ်းလိုက်။ ကျုပ်ကတော့ ဒီရှေးဟောင်းမီးအိမ်တွေကို သွားပြီး အမြစ်ဖြတ်ချေမှုန်းပစ်မယ်။"
ဟန်လိသည် မကြားတကြား လေသံဖြင့် တိုးတိုးလေး ဆိုလိုက်ပြီး သူ၏အနောက်ဘက်သို့ ငိုကြွေးဝိညာဉ်ပုလဲကို ပစ်လွှတ်လိုက်တော့သည်။ မှိန်ဖျော့သော အဖြူရောင်အလင်းတစ်ချက် လင်းလက်သွားပြီးနောက်တွင် ထိုပုလဲမှာ မြင်ကွင်းမှ ချက်ချင်း ပျောက်ကွယ်သွားတော့၏။
"ဟုတ်ကဲ့ပါ သခင်... ကျေးဇူးပြုပြီး သတိထားပါဦး။ ဒီဒေါင်းငှက်ကြီးရဲ့ စွမ်းရည်တွေက တကယ်ကို ကြောက်စရာကောင်းလောက်အောင် ပြင်းထန်လှပါတယ်။"
ငွေရောင်လ၏ စိုးရိမ်ပူပန်နေသော အသံသည် သူ၏အနောက်ဘက်ဆီမှ ထွက်ပေါ်လာ၏။ ဟန်လိက တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး အနီးနားရှိ မည်သူကမျှ သူ့ကို သတိမပြုမိကြတော့သည်ကို မြင်သောအခါ သူ၏ပုံရိပ်မှာ ဝေဝါးသွားပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသည်။
ဟန်လိသည် မိမိကိုယ်ကိုယ် ဖုံးကွယ်ထားရန်အတွက် အမည်မဲ့ချီထိန်းချုပ်ခြင်း ကျင့်စဉ်ကို အသုံးပြုထားခြင်း ဖြစ်သည်။ သို့သော်လည်း ဟန်လိ၏ ကိုယ်ယောင်ဖျောက်ခြင်း အတတ်ပညာအများစုမှာ ငွေရောင်လ၏ ကိုယ်ယောင်ဖျောက်ပညာရပ်များနှင့် ယှဉ်လျှင် များစွာနိမ့်ကျနေဦးမည် ဖြစ်သော်ငြားလည်း ဤအမည်မဲ့ကျင့်စဉ်မှာမူ သူမ၏ကျင့်စဉ်များကိုပင် ရင်ပေါင်တန်းနိုင်စွမ်း ရှိပေသည်။
ဟန်လိသည် ဤကျင့်စဉ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိထားပြီး ဖြစ်၏။ သူသည် မိမိ၏ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်ချီများကို လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ဆောင်နိုင်ရုံသာမက ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါ အငွေ့အသက်များကိုပါ အတင်းအကျပ် ဖုံးကွယ်ထားနိုင်စွမ်း ရှိပေသည်။ ယခုအခါတွင်မူ သူသည် အမျိုးသမီးလဲ့ ထံမှသာမက မခန့်မှန်းနိုင်လောက်အောင် နက်နဲလှသော မောက်လန်မြင့်မြတ်သောငှက်ကြီးထံမှပါ သဲလွန်စမရှိအောင် မိမိကိုယ်ကိုယ် ဖုံးကွယ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
အဝေးတစ်နေရာတွင်မူ အမျိုးသမီးလဲ့သည် ကျင့်ကြံသူများက ပိန်ခြောက်ခြောက်အဘိုးအိုနှင့် လုံးထွေးတိုက်ခိုက်နေကြသည်ကို မြင်ရသည့်အခါ သူမ၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု မသိမသာ ဖြစ်ပေါ်လာတော့သည်။ သူမသည် ရှေးဟောင်းမီးအိမ်များကို ဆက်လက်စောင့်ကြပ်နေဆဲ ဖြစ်သော်လည်း ထိုငှက်ကြီးထံသို့ မျက်နှာမူကာ ရှေးဟောင်းဘာသာစကားတစ်ခုဖြင့် တစ်ခုခုကို အသည်းအသန် တောင်းဆိုလိုက်၏။
မိုးပြာရောင် မီးလျှံငှက်ကြီးသည် ဤသည်ကို ကြားလိုက်ရသည့်အခါ တိုက်ခိုက်ခြင်းကို အာရုံစိုက်နေရာကနေ ခေတ္တရပ်တန့်သွားပြီး ပိန်ခြောက်ခြောက်အဘိုးအို၏ တိုက်ပွဲရှိရာဘက်သို့ လှည့်ကြည့်လိုက်မိ၏။ သူ၏မျက်လုံးများအတွင်း၌ အထင်သေးလှောင်ပြောင်လိုသော အကြည့်များ ဖြတ်ပြေးသွားပြီးနောက် ချက်ခြင်းခေါင်းလှည့်ကာ ကောင်းကင်ယံထံသို့ မိုးပြာရောင် မီးလုံးအမြောက်အမြားကို ပစ်လွှတ်လိုက်တော့သည်။ ထိုတိုက်ကွက်ကြောင့် သစ္စာခုနစ်ပါး ကျင့်ကြံသူများမှာ အဝေးသို့ လွင့်စင်သွားကြရပြီး ဇဝေဇဝါ ဖြစ်ကျန်ခဲ့ကြတော့၏။ သည့်နောက်တွင်မူ ၎င်းငှက်ကြီးသည် စူးရှကျယ်လောင်စွာ မြည်ဟီးလျက် သူ၏ အတောင်ပံများကို ဖြန့်ကားကာ ကောင်းကင်ယံသို့ တဟုန်ထိုး ပျံသန်းတက်သွားတော့သည်။
၎င်းသည် လေထဲတွင် တပတ် ပတ်၍ ပျံသန်းပြီးနောက် ပိန်ခြောက်ခြောက်အဘိုးအို၏ တိုက်ပွဲရှိရာ အရပ်မျက်နှာဘက်သို့ ဦးတည်လိုက်၏။ သည့်နောက်တွင် သူ၏အတောင်ပံများကို ခါယမ်းလိုက်ရာ သူ၏ခန္ဓာကိုယ်မှ မိုးပြာရောင် ငှက်မွှေးအမြောက်အမြားမှာ ကောင်းကင်ယံကနေ မြေပြင်သို့ အုန်းအုန်းကျွတ်ကျွတ် ကျဆင်းလာတော့သည်။ ထိုငှက်မွှေးတစ်ခုချင်းစီမှာ အလင်းတန်းများ လင်းလက်သွားခြင်းနှင့်အတူ တစ်ပေခန့် အရွယ်အစားရှိသော မိုးပြာရောင် မီးငှက်ငယ်လေးများအဖြစ်သို့ ချက်ချင်း အသွင်ပြောင်းလဲသွားကြ၏။ မည်သည့်အမိန့်ပေးမှုမျှ မလိုအပ်ဘဲ ထိုရာနှင့်ချီသော မီးငှက်ငယ်လေးများသည် စူးစူးဝါးဝါး မြည်ဟီးသံပေးလျက် အတောင်ပံများကို ဖြန့်ကားကာ ယင်းတိုက်ပွဲရှိရာဘက်သို့ တစ်ဟုန်ထိုး တိုးဝင်တိုက်ခိုက်ကြတော့သည်။
မန္တန်စစ်သည်တော်အမျိုးသမီးလဲ့သည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါမှ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။ ဤအတုအယောင် မီးငှက်ငယ်လေးများ၏ စွမ်းအားနှင့်ဆိုလျှင် သူတို့ အောင်ပွဲရရှိရန်မှာ အချိန်တစ်ခုသာ လိုအပ်တော့မည် မဟုတ်ပါလား။
ထိုအခိုက်အတန့်တွင် စစ်မြေပြင်၏ ဗဟိုချက်ဆီမှ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်ကို သူမ ရုတ်တရက် ကြားလိုက်ရ၏။ အမျိုးသမီးလဲ့သည် ထိုအသံထွက်ပေါ်ရာ အရပ်မျက်နှာဘက်သို့ အံ့ဩမှင်သက်စွာဖြင့် လှမ်းကြည့်လိုက်မိသည်။ အမျိုးသမီးလဲ့ ထံသို့ တိတ်တဆိတ် သတိထားကာ ချဉ်းကပ်လာနေသော ဟန်လိသည်လည်း ထိုပေါက်ကွဲသံကြီးကြောင့် စိတ်ထဲမှ အံ့ဩသွားမိရ၏။
စစ်မြေပြင်၏ ဗဟိုချက်တည့်တည့်တွင်မူ အဆုံးအဖြတ်ပေးမည့် အရေးကြီးဆုံး တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေခြင်းပင်။ တစ္ဆေဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းသားဆယ်ယောက်ကျော်၏ စုပေါင်းအားထုတ်မှုကြောင့် ဖြစ်ပေါ်နေသော ဝိညာဉ်တစ်သောင်းအစီအရင်၏ မြူခိုးတိမ်တိုက်ကြီးသည် နောက်ဆုံးတွင် လှုပ်ရှားမှု ကင်းမဲ့သွားပြီး လေထဲ၌ ငြိမ်သက်စွာ မျောလွင့်နေခဲ့ပြီ ဖြစ်သည်။ ၎င်းကို ပိတ်ဆို့ဟန့်တားထားသည်မှာ မောက်လန်ပညာရှိ အချို့က စီမံဖန်တီးထားသော အတုအယောင် ဝိညာဉ်သားရဲ တပ်မကြီးနှင့် ကျောက်ဘီလူးကြီးပင် ဖြစ်၏။
မောက်လန်ပညာရှိများ၏ အမိန့်ပေးမှုအောက်တွင် ထိုကျောက်ဘီလူးကြီးသည် မိမိအား တိုက်ခိုက်နေသော ကောင်းကင်တောင်ပိုင်း ကျင့်ကြံသူများကို အောင်မြင်စွာ နှိမ်နင်းပြီးနောက် ဝိညာဉ်တစ်သောင်းအစီအရင်ကို ပိတ်ဆို့ရန် ရှေ့သို့ လှမ်းတက်လာခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းက ထွက်ပေါ်ခဲ့သော ပေါက်ကွဲသံကြီးမှာမူ ထိုကျောက်ဘီလူးကြီးက သူ၏ ကြီးမားလှသော လက်ဝါးကြီးဖြင့် မိစ္ဆာမြူခိုးတိမ်တိုက်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည့် အသံပင် ဖြစ်လေသည်။
သူ၏လက်ဝါးကြီး မြေပြင်သို့ မကျရောက်မီမှာပင် သူ၏လက်မှ မရေမတွက်နိုင်သော ကျောက်တုံးကြီးများစွာ ကောင်းကင်ကနေ ပြိုကျလာခဲ့ပြီ ဖြစ်သည်။ တစ္ဆေဝိညာဉ်ဂိုဏ်း တပည့်များသည် သူတို့၏ ဝိညာဉ်တစ်သောင်းအစီအရင်အပေါ် မည်မျှယုံကြည်မှု ရှိစေဦးတော့ ထိုတိုက်ကွက်ကိုမူ ဗြောင်ကျကျ ရင်ဆိုင်ဝံ့ခြင်း မရှိကြချေ။ စူးရှသော လေတိုးသံတစ်ခုနှင့်အတူ မိစ္ဆာမြူခိုးကြီးသည် ဘေးသို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး မီတာရာချီ အကွာအဝေးသို့ ရောက်မှသာ ပြန်လည်ရပ်တန့်သွားတော့သည်။
ကောင်းကင်တောင်ပိုင်းနှင့် မောက်လန် တိုက်ခိုက်ရေးသမားများမှာ ဤသည်ကို မြင်လိုက်ရသည့်အခါ တိုက်ပွဲသည် အဆုံးအဖြတ်ပေးမည့် အရေးကြီးဆုံး အခိုက်အတန့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း အသီးသီး သဘောပေါက်လိုက်ကြတော့သည်။ ရလဒ်အနေဖြင့် ဤအစီအရင်ကို တာဝန်ယူကိုင်တွယ်နေသော တစ္ဆေဝိညာဉ်ဂိုဏ်း အကြီးအကဲသည် မည်မျှပင် ပေးဆပ်ရပါစေဦးတော့... အစီအရင်၏ ပွဲသိမ်းသတ်ဖြတ်ခြင်း နည်းဗျူဟာကို အသုံးပြုရန် ဆုံးဖြတ်ချက် ချက်ချင်း ချလိုက်သည်။
ကျောက်ဘီလူးကြီးက ထိုမိစ္ဆာမြူခိုးနောက်သို့ ထပ်မံလိုက်လံ တိုက်ခိုက်ခြင်း မပြုနိုင်မီမှာပင် မိစ္ဆာမြူခိုးအတွင်းရှိ ကျင့်ကြံသူများထံမှ အက်ရှရှ မိစ္ဆာမန္တန်ရွတ်ဆိုသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။ မြူခိုးများအတွင်းမှ တစ္ဆေဝိညာဉ်များ၏ စူးစူးဝါးဝါး ငိုကြွေးမြည်တမ်းသံများ ထွက်ပေါ်လာခြင်းနှင့်အတူ သွေးနီရောင် အလင်းတိုင်ကြီးတစ်ခုသည် ကောင်းကင်ယံသို့ တဟုန်ထိုး ထိုးတက်သွားပြီး ဆန်းကြယ်လှသော ထိုအနက်ရောင် မိစ္ဆာမြူခိုးကြီးသည်လည်း ထိုအလင်းတန်း၏ အရောင်ဆိုးခြင်းကို ခံလိုက်ရသည့်အလား မန္တန်ရွတ်ဆိုသံများနှင့်အတူ သွေးနီရောင်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။
ကျောက်ဘီလူးကြီး၏ ပုခုံးနှစ်ဖက်ပေါ်တွင် မတ်တပ်ရပ်နေကြသော မောက်လန်ပညာရှိ နှစ်ဦးသည် ဤသည်ကို မြင်လိုက်ရသည့်အခါ မျက်စိမျက်နှာ ပျက်သွားကြ၏။ ခဏအကြာတွင် မန္တန်ရွတ်ဆိုသံများမှာ ရုတ်တရက် ရပ်တန့်သွားပြီး သွေးနီရောင်မြူခိုးကြီးမှာ ပြင်းထန်စွာ လှည့်ပတ်လာကာ ၎င်းအတွင်းမှ အရောင်အသွေးစုံလင်သော အလင်းတန်းဆယ်ခုကျော်သည် ၎င်းတို့၏ အမြန်ဆုံးနှုန်းဖြင့် အပြင်သို့ အသည်းအသန် ပျံသန်းထွက်ပြေးကြသည်။ ၎င်းအလင်းတန်းများကား တစ္ဆေဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူများ ကလွဲ၍ အခြားမဟုတ်ကြချေ။
မောက်လန်ပညာရှိနှစ်ဦးမှာ ဤမြင်ကွင်းကို အကြောင်သားကြည့်ရင်း ကျန်ခဲ့သည်။
ထိုအခိုက်အတန့်တွင် သွေးနီရောင်မြူခိုးကြီးမှာ တစ္ဆေဝိညာဉ်ဂိုဏ်း ကျင့်ကြံသူများ၏ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီးနောက် အသက်ဝင်လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။ အရွယ်အစားမျိုးစုံရှိသော သွေးနီရောင် အသားမျှင်တန်းကြီး အမြောက်အမြားမှာ မြူခိုးများအတွင်းမှ တဖြည်းဖြည်း ထိုးထွက်လာပြီး ရူးသွပ်စွာဖြင့် ဝှေ့ယမ်းလှုပ်ရှားနေကြသလို မြူခိုးကြီး၏ ဗဟိုချက်မှာလည်း လျင်မြန်စွာ ကျုံ့ဝင်လာနေခဲ့ပြီ ဖြစ်သည်။
အစီအရင်ကို တာဝန်ခံထားသော တစ္ဆေဝိညာဉ်ဂိုဏ်း အကြီးအကဲသည် မီတာနှစ်ဆယ်လောက် အကွာအဝေးသို့ ပျံသန်းရောက်ရှိသွားပြီးမှ အနောက်သို့ ပြန်လှည့်ကြည့်လိုက်၏။ သူက ထိုသွေးနီရောင်မြူခိုးကြီးကို စိုက်ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်မိသည်မှာ 'မန္တန်စစ်သည်တွေရဲ့ အသက်သွေးအနှစ်သာရ အမြောက်အမြားနဲ့ ငါတို့ကိုယ်တိုင် ပေးဆပ်ခဲ့ရတဲ့ သွေးယဇ်ပူဇော်မှုတွေရဲ့ စွမ်းအားကြောင့် ဒီတစ်ကြိမ်မှာတော့ သေချာပေါက် အောင်မြင်ရမယ်' ဟူ၍ပင်။
တစ္ဆေဝိညာဉ်ဂိုဏ်း အကြီးအကဲသည် စိုးရိမ်ပူပန်စွာဖြင့် စောင့်ကြည့်နေစဉ်မှာပင် ထိုသွေးနီရောင်မြူခိုးကြီးမှာ ၎င်း၏ မူလအရွယ်အစား ထက်ဝက်ကျော်ခန့်အထိ ကျုံ့ဝင်သွားပြီးနောက် ပြင်းထန်စွာ တွန့်လိမ်လှုပ်ရှားလာသည်။ ကျောက်ဘီလူးကြီးကို ထိန်းချုပ်နေသော မောက်လန်ပညာရှိ နှစ်ဦးသည် ဤသည်ကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် ကျောက်ဘီလူးကြီးကို ၎င်းအပေါ်သို့ ရက်စက်စွာ နင်းခြေပစ်ရန် အမိန့်ပေးလိုက်တော့သည်။
ရုတ်တရက်ဆိုသလို ထိုညီညာသော မြေပြင်ကြီးတစ်ခုလုံးမှာ ဆိုးယုတ်လှသော အဝါရောင် ယင်လေပြင်းများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး လူတစ်ယောက်၏ ရိုးတွင်းခြင်ဆီအထိ အေးစိမ့်သွားစေတော့သည်။ ကျောက်ဘီလူးကြီးပင်လျှင် ဤမျှပြင်းထန်လှသော ဖိအားကြောင့် ခဏတာမျှ ရပ်တန့်သွားခဲ့ရ၏။
မောက်လန်မန္တန်စစ်သည်များ ပတ်ဝန်းကျင်ကို ပြန်လည်ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း ရှိလာသည့် အချိန်တွင်မူ သူတို့သည် အံ့ဩထိတ်လန့်စရာကောင်းစွာဖြင့် ထိုသွေးနီရောင်မြူခိုးကြီးကို အဝါရောင် ယင်လေပြင်းများက ဝန်းရံပိတ်ဆို့ထားပြီး ဖြစ်သည်ကို ရှာဖွေတွေ့ရှိလိုက်ရခြင်းပင်။ သို့သော်လည်း ဤအခိုက်အတန့်မှာပင် ထိုအဝါရောင် ယင်လေပြင်းများမှာ အတွင်းမှ သွေးနီရောင်ပုံရိပ်ကြီးတစ်ခု၏ ရက်စက်စွာ တွန်းထုတ်မှုကြောင့် ဘေးသို့ ပြန့်ကျဲလွင့်ပါးသွားရတော့သည်။
မောက်လန်ပညာရှိ နှစ်ဦးသည် ထိုပုံရိပ်ကြီး၏ ပုံပန်းသွင်ပြင်ကို မြင်လိုက်ရသည့်အခါ သူတို့၏ အသက်ရှုသံများပင် အေးခဲသွားသကဲ့သို့ ခံစားလိုက်ရ၏။ ၎င်းကား မီတာသုံးဆယ်မျှ မြင့်မားသည့် သွေးတစ္ဆေကြီးတစ်ကောင် ဖြစ်နေသည်။
၎င်း၏ မိစ္ဆာဦးခေါင်းကြီးပေါ်တွင် ဦးချိုနှစ်ခုရှိပြီး စူးရှပြောင်လက်နေသော အစွယ်ကြီးနှစ်ချောင်းမှာလည်း ထက်ရှလွန်းမည်။ ၎င်း၏ ဦးခေါင်းအနောက်တွင်မူ မြင်းမြီးကဲ့သို့သော ဆံနွယ်စကြီးတစ်ခု ရှိနေ၏။ သူ၏ လက်မောင်းကြီးများမှာ ကျောက်သားဖြင့် ထုဆစ်ထားသည့်အလား ထင်ရပြီး ဓားမြှောင်ကဲ့သို့ ထက်မြက်လှသော လက်သည်းများနှင့်အတူ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဖောက်ထွင်းမြင်နိုင်သော ကြေးခွံအလွှာတစ်ခု ဖုံးအုပ်ထားသကဲ့သို့ ရှိနေသည်။
ဤသွေးတစ္ဆေကြီးများမှာ သာမန်အားဖြင့် အလွန်ပင် ကြီးမားလှသည်ဟု ဆိုနိုင်သော်လည်း ထိုကျောက်ဘီလူးကြီးနှင့် နှိုင်းယှဉ်လျှင်မူ အဆပေါင်းများစွာ သေးငယ်နေဦးမည် ဖြစ်သည်။ သို့သော်လည်း ထိုတစ္ဆေကြီးမှာ နည်းနည်းလေးမျှ ကြောက်လန့်ဟန်မပြဘဲ သူ၏ အေးစက်စူးရှသော မျက်လုံးများဖြင့် ဘီလူးကြီးကို စိုက်ကြည့်ကာ ကျယ်လောင်စွာ မာန်သွင်းအော်ဟစ်လိုက်တော့သည်။
၎င်းသည် ဦးခေါင်းကို ငုံ့လိုက်ပြီး ခန္ဓာကိုယ်ကို မြားတစ်စင်းအလား ကျောက်ဘီလူးကြီး၏ ခြေထောက်အောက်ခြေဆီသို့ ကြမ်းကြုတ်စွာ တိုးဝင်သွားသည်။ သူ၏ထက်ရှလှသော လက်သည်းများကို ဆန့်ထုတ်ကာ ကုတ်ဆွဲလိုက်ရာ ထိုဘီလူးကြီး၏ ကျောက်သားခန္ဓာကိုယ်၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုမှာ ချက်ချင်းပင် ပြိုကျပျက်စီးသွားရသည်။
မောက်လန်ပညာရှိနှစ်ဦးမှာ ဤသည်ကို ဆက်လက်ခွင့်မပြုနိုင်တော့ဘဲ ချက်ချင်းပင် ကျောက်ဘီလူးကြီးကို လက်သီးဆုပ်စေကာ လျှပ်စီးကဲ့သို့ မြန်ဆန်လှသော အရှိန်ဖြင့် ထိုးနှက်တိုက်ခိုက်သည်။ သွေးတစ္ဆေကြီးမှာ မီတာသုံးဆယ်အကွာအဝေးသို့ လွင့်စင်သွားရသည်။ ထိုတိုက်ကွက်ကြောင့် ၎င်းတစ္ဆေကြီး၏ ဦးခေါင်းထက်ဝက်ခန့်မှာ ပြိုကျပျက်စီးသွားခဲ့ရသော်လည်း သူသည် ဘာမျှမဖြစ်ခဲ့သည့်အလား ချက်ချင်း ပြန်လည်ထရပ်နိုင်ခဲ့၏။ သည့်နောက်တွင် သွေးနီရောင်အလင်းတစ်ချက် လင်းလက်သွားခြင်းနှင့်အတူ ပျက်စီးသွားသော ဦးခေါင်းမှာ နဂိုအတိုင်း ပြန်လည်ကောင်းမွန်လာပြီး ကျောက်ဘီလူးကြီးထံသို့ နောက်တစ်ကြိမ် တဟုန်ထိုး တိုးဝင်တိုက်ခိုက်ပြန်တော့သည်။
မောက်လန်ပညာရှိနှစ်ဦးမှာ လန့်လည်းလန့်၊ ဒေါသပုန်လည်း ထသွားကြ၏။ သူတို့က အတုအယောင် ဝိညာဉ်သားရဲများကိုပါ ဝင်ရောက်တိုက်ခိုက်ရန် အမိန့်ပေးလိုက်ကြသလို သူတို့၏ ကိုယ်ပိုင်မှော်ရတနာများကိုပါ ထုတ်လွှတ်၍ ဘီလူးကြီးကို ကူညီပေးကြတော့သည်။ ထိုမိစ္ဆာမြူခိုးကြီးအတွင်းမှ ထွက်ပြေးသွားကြသော တစ္ဆေဝိညာဉ်ဂိုဏ်း ကျင့်ကြံသူများသည်လည်း ချက်ချင်းပင် နောက်ပြန်လှည့်လာကြပြီး တိုက်ပွဲတွင် ဝင်ရောက်ဆင်နွှဲကြတော့၏။ စစ်မြေပြင်တစ်ခုလုံးတွင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေခြင်းနှင့်အတူ သွေးနီရောင် အလင်းတန်းများမှာလည်း တဖျတ်ဖျတ် လင်းလက်နေတော့သည်။
မန္တန်စစ်သည်တော်အမျိုးသမီးလဲ့သည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်မိပြီး တိုက်ပွဲကို တိတ်ဆိတ်စွာဖြင့်သာ ဆက်လက်စောင့်ကြည့်နေမိ၏။ သူမသည် မောက်လန်ပညာရှိတစ်ဦးအနေဖြင့် ထိုကျောက်ဘီလူးကြီး၏ စွမ်းပကားကို ကောင်းစွာသိထားသဖြင့် ကောင်းကင်တောင်ပိုင်းကျင့်ကြံသူများက ၎င်းကို ရင်ပေါင်တန်းနိုင်စွမ်း ရှိနေသည်ကို မြင်ရသည့်အခါ အနည်းငယ် အံ့အားသင့်မိရသည်။ သို့သော်လည်း သူမသည် သည်ကိစ္စအပေါ် အလွန်အမင်း စိုးရိမ်ပူပန်နေခြင်း မရှိချေ။ ထိုကျောက်ဘီလူးကြီးသာ ခဏတဖြုတ် ဆက်လက်တောင့်ခံထားနိုင်ပါက သူမအနေဖြင့် မောက်လန်မြင့်မြတ်သောငှက်ကြီးကို လှမ်းခေါ်၍ သူတို့ကို အမြစ်ဖြတ်ချေမှုန်းခိုင်းကာ တိုက်ပွဲကို အဆုံးအဖြတ် ပေးနိုင်မည် မဟုတ်လား။ ထိုသို့တွေးပြီးနောက် သူမသည် မနီးမဝေးရှိ ထိုငှက်ကြီးထံသို့ လှမ်းကြည့်လိုက်မိသည်။
မောက်လန်မြင့်မြတ်သောငှက်ကြီးသည်လည်း ဤသည်မှာ စစ်မြေပြင်၏ အဆုံးအဖြတ်ပေးမည့် အခိုက်အတန့် ဖြစ်ကြောင်း သိရှိနေသည့်အလား သူ၏ မီးဓာတ်ဝိညာဉ်ချီ စွမ်းအားအားလုံးကို အစွမ်းကုန် ထုတ်သုံးလိုက်ရာ မီတာရာချီ အကွာအဝေးရှိ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မိုးပြာရောင် မီးလျှံပင်လယ်ကြီးတစ်ခုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူ၏ အတောင်ပံများကို ခါယမ်းလိုက်ခြင်းနှင့်အတူ သူသည် သစ္စာခုနစ်ပါးကျင့်ကြံသူအဘိုးအိုခုနစ်ဦးနှင့် ယင်ယန်မိစ္ဆာအလောင်းကောင်အတွဲတို့ကို တစ်ဦးနှင့်တစ်ဦး ခွဲထုတ်ပစ်လိုက်တော့၏။
အောက်ဘက်ရှိ မီးလျှံပင်လယ်ကြီးမှာ နှစ်ခြမ်းကွဲသွားပြီး ထိုမိစ္ဆာနှစ်ဦးကို တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်ပြတ်တောက်သွားအောင် လုပ်ဆောင်ပစ်လိုက်သည်။ ထိုမိစ္ဆာနှစ်ဦး၏ စွမ်းအားများ အားနည်းသွားသည့် အချိန်တွင်မူ ၎င်းငှက်ကြီးသည် သူ၏တိုက်ကွက်အများစုကို သစ္စာခုနစ်ပါး ကျင့်ကြံသူများထံသို့သာ အဓိက အာရုံစိုက်၍ တိုက်ခိုက်တော့သည်။ ဆက်လက်တောင့်ခံနိုင်စွမ်း မရှိကြတော့သဖြင့် ထိုအဘိုးအိုခုနစ်ဦးမှာ မကြာမီမှာပင် အသက်အန္တရာယ်နှင့် ကြုံတွေ့လာရတော့၏။
မန္တန်စစ်သည်တော်အမျိုးသမီးလဲ့သည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါတွင်တော့ ကျေနပ်သွားသည်။ သူမသည် အနောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ မီးအိမ်များအတွင်း၌ ဆီများ ထက်ဝက်ခန့် ကျန်ရှိနေသေးသည်ကို မြင်ရသဖြင့် သူမ၏ စိတ်နှလုံးမှာ ပိုမိုခိုင်မာကာ တည်ငြိမ်သွားရ၏။
ရုတ်တရက်ဆိုသလို ထိုအမျိုးသမီးသည် မျက်ခုံးပင့်လိုက်မိပြီး သူမ၏ မျက်လုံးများမှာ မှေးကျဉ်းသွားတော့သည်။ သူမသည် လျင်မြန်လှသော အရှိန်ဖြင့် မီးအိမ်များထဲမှ မီးပွားတစ်ခုကို ဆင့်ခေါ်လိုက်ပြီး သူမ၏လက်ကို ဝှေ့ယမ်းကာ ၎င်းကို မြင်ကွင်းမှ ပျောက်ကွယ်သွားစေလိုက်၏။ မီတာရာချီအကွာအဝေးရှိ အရပ်မျက်နှာတစ်ခုတွင် မိုးပြာရောင်အလင်းတစ်ချက် ဖြတ်ခနဲ လင်းလက်သွားပြီးနောက်တွင်မူ ထိတ်လန့်တကြား အော်ဟစ်သံတစ်ခု ထွက်ပေါ်လာတော့သည်။ ပုံရိပ်တစ်ခု ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် မိုးပြာရောင်အလင်းတန်းများ တဖျတ်ဖျတ် လင်းလက်နေခြင်းနှင့်အတူ မီးလျှံအလွှာတစ်ခုက သူ့အား အပြည့်အဝ ဖုံးလွှမ်းသွား၏။
သည့်နောက်တွင်မူ မန္တန်စစ်သည်တော်အမျိုးသမီးလဲ့သည် သူမ၏လက်ဖြင့် မန္တန်ချိပ်ဟန်တစ်ခုကို ချက်ချင်း ဖန်တီးလိုက်ရာ ထိုမိုးပြာရောင် အလင်းအတားအဆီး ပတ်ပတ်လည်ရှိ မီးလျှံများမှာ ပြင်းထန်စွာ ပေါက်ကွဲတောက်လောင်သွားတော့သည်။ သနားစဖွယ်ကောင်းလှသော အော်ဟစ်သံကြီးတစ်ခုနှင့်အတူ ထိုမီးလျှံများမှာ ထိုပုံရိပ်ကို မျက်စိတစ်မှိတ်အတွင်းမှာပင် ပြာအဖြစ်သို့ ရက်စက်စွာ ပြောင်းလဲပစ်လိုက်လေတော့သည်။