← Chapters

အခန်း (၇၆၇-၇၆၈)

Vol. 56 Ch. 767-768

အခန်း (၇၆၇-၇၆၈)

Vol. 56 Ch. 767-768

အပိုင်း ၇၆၇ - နယ်စပ်တိုက်ပွဲ (၁)

တာအိုသခင်နေဝန်းရှင်က ဆက်လက် ရှင်းပြသည်။

"တကယ်လို့ ဒါဟာ သာမန် အတားအဆီးဖြိုခွင်းခြင်းပုတီးစေ့ဆိုရင်တော့ အဆင့်မြင့် အတားအဆီးတစ်ခုအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူး။ အစ်ကိုလုံ သိချင်မှ သိပါလိမ့်မယ်။ လောကထဲမှာ ပျံ့နှံ့နေတဲ့ အတားအဆီးဖြိုခွင်းခြင်းပုတီးစေ့တွေဟာ အချောမသတ်ရသေးတဲ့ ပစ္စည်းအဆင့်ပဲ ရှိတာပါ။ ပြီးပြည့်စုံတဲ့အဆင့် ပုတီးစေ့တွေ မဟုတ်နေဘူး။ စစ်မှန်တဲ့ အတားအဆီးဖြိုခွင်းခြင်းပုတီးစေ့တွေကို သန့်စင်ဖို့ဆိုရင် အဖိုးတန် အမယ်ပစ္စည်း အမြောက်အမြား လိုအပ်ရုံတင်မကဘဲ သန့်စင်ဖို့လည်း အလွန် ခက်ခဲလှပါတယ်။ ဒါကြောင့်မို့လို့ သူတို့ဟာ အဆင့်မြင့် အတားအဆီးတွေကို ဖြိုခွင်းတဲ့နေရာမှာ အံ့အားသင့်စရာကောင်းတဲ့ စွမ်းရည် ရှိကြတာပေါ့။ ကျုပ် တို့ဂိုဏ်းအနေနဲ့ ဒါကို ခဏခဏ အသုံးမပြုတာကြောင့် အများကြီး သန့်စင်မထားခဲ့ပါဘူး။ ဒါပေမဲ့ မနက်ဖြန် လောင်းကြေးတိုက်ပွဲတွေမှာ ပါဝင်မယ့် တာအိုရောင်းရင်းတွေအတွက် ကျုပ် တို့ဂိုဏ်းက အတားအဆီးဖြိုခွင်းခြင်းပုတီးစေ့ ဆယ်လုံးကို အားအင်စိုက်ထုတ်ပြီး စုဆောင်းပေးထားပါတယ်။ သူတို့ လက်ထဲမှာ ဒီပုတီးစေ့တွေ ရှိနေသရွေ့တော့ ရုတ်တရက် အသတ်မခံရဘူးဆိုရင် အလင်းအရံအတားကို ဖျက်ဆီးပြီး လွတ်မြောက်နိုင်ကြမှာပါ။ ဒါကြောင့် အသက်ဘေးဒုက္ခရောက်မှာကို တွေးပူ စိုးရိမ်နေစရာ မလိုပါဘူး"

မိစ္ဆာအိုကြီးဟီက တာအိုသခင်နေဝန်းရှင်ကို တစ်ချက်ငဲ့ကြည့်ကာ ထပ်လောင်းပြောဆိုလိုက်သည်။

"မနက်ဖြန်လောင်းကြေးတိုက်ပွဲကိစ္စမှာ တာအိုသခင်နေဝန်းရှင်က ဘာလို့ ခုလောက်ထိ အေးအေးဆေးဆေး ဖြစ်နေရသလဲဆိုတာ ကျုပ် တွေးနေမိတာ။ ကြည့်ရတာ သူ့ဆီမှာ လျှို့ဝှက်လက်နက်တစ်ခု ရှိနေလို့ကို။ ဒီအတားအဆီးဖြိုခွင်းခြင်းပုတီးစေ့တွေရှိရင်တော့ ရန်သူရဲ့ လှည့်ကွက်တွေကို ကျုပ်တို့ ကြောက်နေစရာ မလိုတော့ဘူး။

ဒါပေမဲ့ ပိုပြီး စိတ်ချရအောင်လို့ ကျုပ်တို့ မိစ္ဆာတာအိုရဲ့ နတ်ဆိုးကပ်ဘေးဂိုဏ်းက ဒီပွဲအတွက် သီးသန့် ဆေးလုံးတစ်မျိုး သန့်စင်ဖော်စပ်ပေးထားပါတယ်။ အဲ့ဒါကတော့ ဇီဝိတဆေးလုံးပဲ ဖြစ်ပါတယ်။ ဒီဆေးလုံးဟာ လူတစ်ဦးရဲ့ အခြေခံအနှစ်သာရကို လှုံ့ဆော်ပေးပြီး သူတို့ရဲ့ မှော်စွမ်းအား အများစုကို မျက်စိတစ်မှိတ်အတွင်း ပြန်လည် ပြည့်ဝလာစေတဲ့အပြင် သူတို့ရဲ့ ကျင့်ကြံမှုကိုလည်း အနည်းငယ် မြင့်တက်လာစေမှာပါ။ ဒါပေမဲ့ ဆေးအာနိသင် ကုန်ဆုံးသွားတာနဲ့ သူတို့ရဲ့ သက်စောင့်အားအင်တွေ များစွာ လျော့နည်းသွားပါလိမ့်မယ်။ ကျုပ် ဒီလောင်းကြေးတိုက်ပွဲမှာ ပါဝင်မဲ့ တာအိုရောင်းရင်းတွေကို တစ်ယောက် တစ်လုံးစီ ပေးနိုင်ပါတယ်။ တကယ်လို့ သူတို့အန္တရာယ်ကြီးကြီးမားမား ကြုံလာခဲ့ရင် ဒီဆေးလုံးကို သောက်သုံးပြီး အကျိုးရှိရှိ အသုံးပြုနိုင်မှာပါ"

"သိပ်ကောင်းတာပေါ့။ ဒီအရန်အစီအစဉ်နှစ်ခုနဲ့ဆိုရင်တော့ လောင်းကြေးတိုက်ပွဲ ကိစ္စအတွက် ကျုပ် အများကြီး ပိုပြီး စိတ်အေးသွားရပါပြီ"

လုံဟန့်က ပြုံးလျက် ဆိုလိုက်ပြီးနောက် စကားလမ်းကြောင်း လွှဲလိုက်သည်။

"ဒီလူတွေက မိစ္ဆာတာအို ပညာရပ်တွေကို ကျင့်ကြံထားကြတာဆိုတော့... လမ်းမှန်တာအိုက တာအိုရောင်းရင်းအချို့ကို သူတို့ကို ကိုင်တွယ်ခိုင်းလိုက်ရင် ပိုမကောင်းဘူးလား။ ဘာပဲဖြစ်ဖြစ် မဟာသစ္စာဂိုဏ်းဂိုဏ်းအပါအဝင် တခြားဂိုဏ်းအတော်များများမှာ မိစ္ဆာပညာရပ်တွေကို အထူးနှိမ်နင်းနိုင်တဲ့ ပညာရပ်တွေ အမြောက်အမြား ရှိကြတာပဲလေ။ သူတို့ဟာ ဒီအနက်ရောင် ဝတ်ရုံနဲ့လူတွေကို ရင်ဆိုင်ဖို့အတွက် အသင့်တော်ဆုံး ဖြစ်လိမ့်မယ်"

လုံဟန့်က တာအိုသခင်နေဝန်းရှင်ကို ကြည့်ကာ သူ၏ အဖြေကို စောင့်ဆိုင်းနေသည်။

တာအိုသခင်နေဝန်းရှင်က ပွင့်လင်းစွာပင် ပြန်လည် ဖြေကြားသည်။

"ဒါပေါ့... ဒီမိစ္ဆာကျင့်ကြံသူတွေကို ကျုပ်တို့ လမ်းမှန်တာအို မဟာမိတ်အဖွဲ့ကပဲ တာဝန်ယူ ကိုင်တွယ်ပါ့မယ်။ ဒါပေမဲ့ ခင်ဗျားတို့ဘက်ကတော့ မောက်လန် နတ်ဘုရားပညာရှိတွေကို ထိန်းချုပ်တဲ့နေရာမှာ ပိုပြီး အားစိုက်ပေးရပါလိမ့်မယ်"

"ဒါကတော့ ရှင်းပါတယ်။ မန္တန်စစ်သည်တော်တွေကိုတော့ ကျန်တဲ့ အင်အားကြီးသုံးခုက တာဝန်ယူပါ့မယ်။"

အခြားသူများသည် တာအိုသခင်နေဝန်းရှင်က ကျင်းအင်ပါယာမှ မိစ္ဆာကျင့်ကြံသူများကို ကိုင်တွယ်ရန် သဘောတူလိုက်သည်ကို မြင်ရသဖြင့် များစွာ ဝမ်းမြောက်သွားကြသည်။ သူတို့သည် နေဝင်ရီတရောအချိန်အထိ ထိုအကြောင်းအရာကို အသေးစိတ် ဆွေးနွေးပြီးမှ စိတ်အေးနိုင်ကြတော့သည်။ အပေးအယူ ဆွေးနွေးမှုများ ပြီးဆုံးသွားသည့်နောက်တွင် အဖွဲ့အသီးသီးသည် မိမိတို့၏ ထပ်လောင်းပြင်ဆင်ချက်များကို စတင်လုပ်ဆောင်ကြသည်။

နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ကင်းလှည့်နေသော ကျင့်ကြံသူများသည် မောက်လန် စစ်စခန်းဘက်မှ တောက်ပသော အလင်းတန်းများကို မြင်တွေ့လိုက်ရပြီး ကမ္ဘာမြေကြီး တစ်ခုလုံး တုန်ခါသွားသည့် မြည်ဟိန်းသံများကို ကြားလိုက်ရသည်။ မန္တန်စစ်သည်တော်တပ်မဟာ အစုအဝေးကြီးများသည် သူတို့၏ မှော်လက်နက်များကို အသုံးပြုကာ စခန်းအတွင်းမှ တည်ငြိမ်စွာဖြင့် ပျံသန်းထွက်လာကြပြီး ကောင်းကင်ယံ၏ အလယ်ဗဟိုဆီသို့ ဦးတည် ပျံသန်းလာကြတော့သည်။

ထိုအခိုက်အတန့်တွင် ကင်းလှည့်ကျင့်ကြံသူများသည် အသံလွှင့် အဆောင်များကို အသုံးပြု၍ စခန်းဆီသို့ အလျင်အမြန် သတင်းပို့လိုက်ကြသည်။ ခဏအကြာတွင် ကောင်းကင်တောင်ပိုင်း စစ်စခန်းအတွင်းမှ ကျယ်လောင်သော ခေါင်းလောင်းသံများ ဆက်တိုက်ထွက်ပေါ်လာပြီး မျက်နှာချင်းဆိုင် အရပ်မှနေ၍ မရေမတွက်နိုင်သော အလင်းတန်းမျိုးစုံ ကောင်းကင်ယံထက်သို့ ပျံတက်လာကြတော့သည်။

ဤအခိုက်၌ အရောင်စုံ အလင်းတန်းများသည် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကြည်လင်သော ခေါင်းလောင်းသံများနှင့် ရှည်လျားသော လေချွန်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေသည်။ အခြားတစ်ဖက်မှ မန္တန်စစ်သည်တော်စစ်တပ်ကြီး၏ ရက်စက်ကြမ်းကြုတ်သော ထိုးစစ်ဆင်လာမှုကြောင့် ကောင်းကင်ယံထက်တွင် ကြီးမားလှသော လှိုင်းလုံးကြီးနှစ်ခု အချင်းချင်း တိုက်ခိုက်တော့မည့်အလား ထင်မှတ်ရပေသည်။ သို့သော် သူတို့သည် တစ်ဖက်နှင့်တစ်ဖက် ငါးလီခန့်အကွာ၊ အချင်းချင်း ရှင်းလင်းစွာ မြင်တွေ့နိုင်သော အကွာအဝေးသို့ ရောက်ရှိလာသည့်အခါ ဘက်နှစ်ဖက်လုံးမှာ ရုတ်တရက် ရပ်တန့်သွားကြပြီး အဝေးမှနေ၍ အပြန်အလှန် အကဲခတ် စောင့်ကြည့်နေကြတော့သည်။

မည်သည့် စစ်တပ်ကမှ နောက်ဆုတ်မည့်ဟန် မရှိဘဲ တစ်ဖက်လူကို လုံးဝ ချေမှုန်းပစ်ရန် ဆုံးဖြတ်ထားကြသည်။ တစ်ဖက်တွင်မူ မိမိတို့၏ ဘိုးဘေးဘီဘင်မှစ၍ ဤမြေပေါ်တွင် တစ်သက်လုံး နေထိုင်လာခဲ့ကြသည့် ဒေသခံများ ဖြစ်ကြသည်။ သူတို့၏ စိတ်ဓာတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ရန်သူများကို သူတို့၏ဇာတိမြေသို့ ကျူးကျော်ဝင်ရောက်ခွင့်ပြုရန် ဆန္ဒ လုံးဝမရှိကြပေ။ သို့သော် လေထုထဲတွင် သတ်ဖြတ်ချင်စိတ် အရှိန်အဝါများ ပြည့်နှက်နေသော်ငြားလည်း မည်သည့်ဘက်ကမှ စတင်လှုပ်ရှားခြင်း မရှိသေးပေ။

ထိုအခိုက်အတန့်တွင် ဟန်လိသည် ကျင့်ကြံသူ တစ်ထောင်ကျော်ခန့်ရှိသော တပ်ခွဲတစ်ခု၏ အထက်တွင် ရှိနေသည်။ သူက အဝေးမှ မန္တန်စစ်သည်တော် စစ်တပ်ကြီးကို လှမ်း၍ စောင့်ကြည့်နေသည်။ မျက်စိတစ်မှိတ်အတွင်း တောက်ပသော အလင်းတန်းများမှာ အဆုံးမရှိ ပြည့်နှက်နေခဲ့သည်။ အလင်းတန်း တစ်ခုချင်းစီတိုင်းတွင် မန္တန်စစ်သည်တော် ရာချီ စုဝေးနေကြပြီး ၎င်းအလင်းလှိုင်းကြီးမှာ ငါးလီကျော်အထိ ကျယ်ပြောလှသည်။

ဘက်နှစ်ဖက်လုံးသည် သူတို့၏ ပင်မအင်အားစုများကို ထုတ်သုံးထားကြကြောင်း သိသာလှသည်။ သူတို့၏ အရေအတွက်ကို တိတိကျကျ မရေတွက်နိုင်သော်လည်း အနည်းဆုံး ကျင့်ကြံသူ ခုနစ်သောင်းခန့် ရှိနေပေသည်။ ထို့အပြင် မြင်တွေ့ရခဲသော အဆင့်မြင့် ကျင့်ကြံသူများကိုလည်း ယခုအခါတွင် နေရာအနှံ့ မြင်တွေ့နေရပြီ ဖြစ်သည်။

သူတို့၏ အရေအတွက်မှာ များပြားလှသော်လည်း စစ်တပ်တစ်ခုချင်းစီကြားမှ ကွာခြားချက်များကိုမူ ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။ မောက်လန် မန္တန်စစ်သည်တော်များမှာ ဝတ်စုံမျိုးစုံကို ကွဲပြားစွာ ဝတ်ဆင်ထားကြသော်လည်း သူတို့၏ အဆင့်နိမ့် ကျင့်ကြံသူများတွင်မူ ရိုးစင်းသော မှော်လက်နက်များကိုသာ ပိုင်ဆိုင်ထားကြသည်။ သူတို့သည် ဆေးပန်းကန်လုံးများ၊ လက်သီးဆုပ်အရွယ်ရှိ ဝိညာဉ်ပုတီးစေ့များ သို့မဟုတ် အရောင်စုံအလင်းအလံများကိုသာ အသုံးပြုကြသည်။ ဓားအမျိုးအစား မှော်လက်နက်များကိုမူ အနည်းငယ်မျှသာ မြင်တွေ့ရသည်။

ကောင်းကင်တောင်ပိုင်း ကျင့်ကြံသူများဘက်တွင်မူ သူတို့၏ အဆင့်နိမ့် ကျင့်ကြံသူများမှာ မှော်လက်နက်မျိုးစုံကို ပိုင်ဆိုင်ထားကြပြီး ဓားအမျိုးအစား မှော်လက်နက်များမှာ အများစု ဖြစ်ကြသည်။ ထို့အပြင် ဤမှော်လက်နက် တစ်ခုချင်းစီတိုင်းမှာ အလင်းများ တဖျတ်ဖျတ် လက်နေပြီး အံ့အားသင့်ဖွယ်ကောင်းသော ဝိညာဉ်ချီ အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။ သူတို့၏ မှော်လက်နက်များမှာ မောက်လန်များထက် များစွာ သာလွန်ကောင်းမွန်ကြောင်း သိသာလှပေသည်။

ကောင်းကင်တောင်ပိုင်း ကျင့်ကြံသူများမှာ အသုံးအဆောင် ပစ္စည်းများ ပိုမို ကောင်းမွန်ကြသော်လည်း မန္တန်စစ်သည်တော်များမှာမူ စည်းကမ်း ပိုမို သေဝပ်ကြသည်။ သူတို့သည် လေထဲတွင် ပျံသန်းနေကြစဥ်မှာပင် လျှို့ဝှက်ဆန်းကြယ်သော အစီအစဉ်အတိုင်း တည်ငြိမ်စွာ နေရာယူထားကြသည်။ သူတို့အားလုံးမှာ တိတ်ဆိတ်နေကြပြီး ရန်လိုသောအကြည့်များဖြင့် ရန်သူများကို စိုက်ကြည့်နေကြသည်။

ဆန့်ကျင်ဘက်အနေဖြင့် ကျင့်ကြံသူများမှာမူ သူတို့၏ အစီအစဉ်ကို မနည်း ထိန်းသိမ်းထားရပြီး ပရမ်းပတာ ဖြစ်နေကြသည်။ သူတို့တွင် လုံလောက်သော လေ့ကျင့်မှု မရှိခဲ့ကြကြောင်း သိသာလှပေသည်။ သူတို့သည် အချင်းချင်း တီးတိုးပြောဆိုနေကြရုံတင်မကဘဲ ရံဖန်ရံခါတွင် သူတို့၏ စစ်ပုံစံစီတန်းခြင်းမှ ထွက်ခွာ၍ အခြားအရာများကို လုပ်ဆောင်နေကြသေးသည်။ အဆင့်မြင့် ကျင့်ကြံသူများမှာ သူတို့၏ တပ်ဖွဲ့ဝင်များကို မနည်း ဆူပူမောင်းထုတ်နေရသဖြင့် တပ်မှူးကြီးများမှာ အတော်လေး စိတ်အနှောက်အယှက် ဖြစ်နေကြရသည်။

ဟန်လိသည် ဤသည်ကို မြင်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည်။ ဤသည်မှာ အံ့ဩစရာ မဟုတ်ပေ။ လအနည်းငယ်အတွင်းမှာပင် အခုကဲ့သို့ စည်းကမ်းမရှိသော ကျင့်ကြံသူများကို မည်သို့လျှင် စနစ်တကျ လေ့ကျင့်ပေးနိုင်ပါမည်နည်း။

နှိုင်းယှဉ်ကြည့်ရလျှင် မောက်လန် မျိုးနွယ်စုများသည် အခြားသော လူမျိုးစုများနှင့် ခဏခဏ စစ်ဖြစ်နေကြသူများ ဖြစ်သည်။ ရလဒ်အနေဖြင့် သူတို့သည် စစ်တပ်အစီအစဉ်အတိုင်း တန်းစီရခြင်းတွင် အသားကျနေကြပြီး အမြဲတမ်း လေ့ကျင့်နေခဲ့ကြသူများ ဖြစ်သည်။

ဤပြဿနာကို အဆင့်မြင့်ကျင့်ကြံသူများ သိရှိကြသော်လည်း သူတို့ မည်သို့မျှ မတတ်နိုင်ကြပေ။ ကံကောင်းသည်မှာ ဤသည်မှာ သေမျိုးစစ်တပ်များကဲ့သို့ အဆုံးအဖြတ်ပေးမည့် အဓိကအချက်တစ်ခု မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် သည်ပြဿနာများကို လျစ်လျူရှုထားကြသည်။

ဟန်လိသည် ထိုအကြောင်းကို တွေးတောရင်း မောက်လန် စစ်တပ်ကြီးကို စူးစမ်းကြည့်လိုက်သည်။ သူတို့ထံတွင် အာရုံစူးစိုက်မှု အရှိဆုံးအရာမှာ မန္တန်စစ်သည်တော်များ မဟုတ်ဘဲ သူတို့၏ စစ်ပုံစံစီတန်းမှုကြားတွင် ရှိနေသော ဒါဇင်ချီသည့် ကြီးမားလှသော သားရဲကြီးများပင်။ သူတို့သည် ကျင့်ကြံသူများကြားတွင် တောင်ကုန်းငယ်များသဖွယ် တည်ရှိနေကြသည်။ ကိုးပြည်ထောင်စုအဖွဲ့မှ ကျင့်ကြံသူ အတော်များများမှာ ထိုသားရဲကြီးများ၏ ရက်စက်ကြမ်းကြုတ်မှုကို ကိုယ်တိုင် မြင်တွေ့ဖူးကြသဖြင့် သူတို့ကို ကြောက်လန့်စိုးရိမ်သော အကြည့်များဖြင့် လှမ်းကြည့်နေကြသည်။

ဟန်လိသည် ခေါင်းကို မော့ကြည့်လိုက်ရာ ကောင်းကင်ယံမှာ အနက်ရောင် တိမ်တိုက်များ ကင်းစင်ပြီး ကြည်လင်နေသည်ကို တွေ့ရသည်။ ထို့နောက် သူက ပရမ်းပတာ ဖြစ်နေသော ကျင့်ကြံသူများကို ငုံ့ကြည့်ကာ သက်ပြင်းချလျက် ခေါင်းယမ်းလိုက်မိသည်။ ထို့နောက် သူက ခေါင်းကို အသာလှည့်၍ သူ၏ လက်ဝါးထဲရှိ ပစ္စည်းနှစ်ခုကို လှမ်းကြည့်လိုက်သည်။ ၎င်းတို့မှာ လက်မအရွယ်ခန့်ရှိ အနက်ရောင် ဝိညာဉ်အလုံးလေးတစ်လုံးနှင့် စူးရှပြီး အနံ့များ ထွက်ပေါ်နေသည့် ဆေးလုံးတစ်လုံးပင် ဖြစ်သည်။

ဤပစ္စည်းနှစ်ခုကို လွန်ခဲ့သည့်နေ့က တာအိုရောင်းရင်းနေဝန်းရှင်က သူ့ထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ဟန်လိကို ၎င်းတို့၏ အသုံးဝင်ပုံကို ရှင်းပြခဲ့ပြီး လောင်းကြေးတိုက်ပွဲတွင် ပါဝင်မည့် ကျင့်ကြံသူတိုင်းကို ဤပစ္စည်းများ ပေးအပ်ထားကြောင်း ပြောခဲ့သည်။ သူသည် ၎င်းတို့ကို အံ့ဩစွာဖြင့် လက်ခံခဲ့သည်။ ကြည့်ရသည်မှာ ဤစစ်ပွဲတွင် အနိုင်ရရှိရန်အတွက် ကြီးမြတ်သော ကျင့်ကြံသူသုံးဦးမှာ သူတို့ ဖုံးကွယ်ထားခဲ့သော ရတနာများကို အစွမ်းကုန် ထုတ်သုံးနေကြပြီ ဖြစ်သည်။

သို့သော် ကြီးမြတ်သော ကျင့်ကြံသူ သုံးဦးတည်းသာ သူတို့၏ အရန်အင်အားများကို ထုတ်သုံးနေကြခြင်း မဟုတ်ပေ။ ဟန်လိသည် အောက်ဘက်ရှိ ဘေးချင်းကပ် တပ်ခွဲတစ်ခုဆီသို့ မသိမသာ လှမ်းကြည့်လိုက်မိသည်။ သူတို့တွင် လူဦးရေ တစ်ထောင်ခန့် ရှိပြီး အနီရောင်နှင့် အစိမ်းရောင် ဝတ်စုံများကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူ ဆယ့်ခြောက်ဦး ရှိနေသည်။ သူတို့သည် ကြီးမားလှသော အလောင်းအခေါင်းတွဲ နှစ်ခုကို ဘေးချင်းယှဉ်လျက် အတူတကွ သယ်ဆောင်လာကြပြီး တစ်ခုမှာ အနက်ရောင်ဖြစ်ကာ အခြားတစ်ခုမှာမူ အဖြူရောင် ဖြစ်သည်။ ၎င်းတို့အပေါ်တွင် အရောင်စုံ အဆောင်စာသား ဒါဇင်ချီ၍ ဖုံးအုပ်ထားသည်။

ဟန်လိသည် ဤကျင့်ကြံသူများကို အလွယ်တကူ မှတ်မိပေသည်။ သူတို့သည် ထိပ်တန်း မိစ္ဆာတာအို ဂိုဏ်းတစ်ခုဖြစ်သော သဟဇာတအနှောင်အဖွဲ့ဂိုဏ်း၏ တပည့်များ ဖြစ်ကြသည်။ ထိုအချက်က ဟန်လိကို ထိုအလောင်းအခေါင်းတွဲများအပေါ် အတော်လေး စိတ်ဝင်စားမှု ဖြစ်ပေါ်စေခဲ့သည်။ ကံဆိုးသည်မှာ ထိုအလောင်းအခေါင်းတွဲပေါ်ရှိ ပြင်းထန်လှသော အတားအဆီးများကြောင့် သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် အထဲသို့ နက်နက်ရှိုင်းရှိုင်း မထောက်လှမ်းနိုင်ခဲ့ခြင်းပင်။

ထိုအလောင်းအခေါင်းတွဲနှစ်ခုအပြင် ကျင့်ကြံသူများကြားတွင် အခြား အာရုံစိုက်ဖွယ် ထူးခြားသော ပစ္စည်းအချို့လည်း ရှိနေသေးသည်။ လမ်းမှန်တာအို ဂိုဏ်းတစ်ခုသည် မီတာနှစ်ဆယ်ခန့် မြင့်မားသော ကြေးဝါစင်မြင့်တစ်ခုကို သယ်ဆောင်လာပြီး ၎င်း၏ အထက်တွင် မီတာသုံးမီတာခန့် ကျယ်ပြောသည့် ကြီးမားသော မောင်းကြီးတစ်ခု ရှိနေသည်။ မောင်း၏ မျက်နှာပြင်ပေါ်တွင် ရွှေရောင်အလင်းများ တဖျတ်ဖျတ် လက်နေပြီး ရံဖန်ရံခါတွင် အဖြူရောင် အဆောင်စာသားများ လေထဲတွင် ဝဲပျံနေတတ်သည်။ ၎င်း၏ ဘေးတွင် အပေါ်ပိုင်း အဝတ်ဗလာနှင့်လူသန်ကြီးတစ်ဦးမှာ တင်ပျဉ်ခွေထိုင်လျက် မျက်လုံးမှိတ်ထားသည်။

အဝေးက တပ်ခွဲတစ်ခုကြားတွင်မူ ပျံသန်းရေး ရထားလုံး အနည်းငယ်က ဆွဲလာသည့် ဆယ်မီတာခန့် မြင့်မားသော အနက်ရောင် ရုပ်တုများစွာ ရှိနေသည်။ သူတို့သည် ရှေးဟောင်းကာလက ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများ၏ ပုံသဏ္ဌာန်အတိုင်း အသက်ဝင်လှစွာ ထွင်းထုထားခြင်း ဖြစ်သည်။ ၎င်းတို့ကို မည်သည့်နေရာတွင် အသုံးပြုမည်ကိုမူ မသိရသေးပေ။ ကျင့်ကြံသူ တပ်ခွဲတိုင်းတွင် ထူးဆန်းသော ပစ္စည်းတစ်ခုစီ ရှိနေကြပုံရသည်။

ဟန်လိသည် ဤသည်ကို မြင်ရသည့်အခါမှ ပို၍ စိတ်အေးသွားရတော့သည်။ ဂိုဏ်းအသီးသီးသည် ဤတိုက်ပွဲမှာ အလွန်တရာ အရေးကြီးကြောင်း သိရှိကြသဖြင့် မိမိတို့၏ ဂိုဏ်းစောင့်ရတနာများကို အစွမ်းကုန် ထုတ်သုံးလာခဲ့ကြပြီ မဟုတ်ပါလား။ ရလဒ်အနေဖြင့် အနိုင်ရရှိရန် အခွင့်အရေးမှာ များစွာ ပိုမို ကြီးမားသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ဤရတနာများအပြင် သူတို့၏ သိုလှောင်အိတ်များအတွင်း၌လည်း မရေမတွက်နိုင်အောင် များပြားလှသော စွမ်းအားကြီး ပစ္စည်းများကို ဖုံးကွယ်ထားကြဦးမည်သာ။

မန္တန်စစ်သည်တော် စစ်တပ်ကြီးဘက်တွင်မူ ထိုသားရဲကြီးများမှလွဲ၍ တခြား ထင်သာမြင်သာရှိသော အရာများကို မတွေ့ရပေ။ သို့သော် ဟန်လိသည် စိတ်ထဲ၌ မသက်မသာ ဖြစ်နေဆဲပင်။ မန္တန်စစ်သည်တော်များတွင် လျှို့ဝှက်အကြံအစည်များ ရှိနေမှာ သေချာလှပြီး ၎င်းတို့မှာ လျှို့ဝှက်စွာ ပုန်းကွယ်နေကြသဖြင့် အလွန် အန္တရာယ်များလှပေသည်။ ဤတိုက်ပွဲတွင် မည်သူက အနိုင်ရရှိမည် ဖြစ်ကြောင်း ပြောဆိုရန်မှာ အမှန်တကယ် ခက်ခဲလှပေသည်။

ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် မန္တန်စစ်သည်တော် စစ်တပ်ကြီးမှာ နောက်ဆုံး၌ အလုံးစုံ စုဝေးမိသွားကြပြီ ဖြစ်သည်။ ထို့နောက်တွင် လူနည်းစုမှလွဲ၍ စစ်တပ်ကြီး နှစ်ခုလုံးမှာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။

မန္တန်စစ်သည်တော်စစ်တပ်ကြီးကြားမှ အားပေးအော်ဟစ်သံများ ထွက်ပေါ်လာပြီး လူသုံးဦးမှာ ပျံသန်းထွက်လာကြသည်။ ထိုသူတို့မှာ နတ်ဘုရားပညာရှိ သုံးဦးဖြစ်သည့် ပိန်ခြောက်ခြောက် အဘိုးအို၊ လူပုလေးနှင့် ပညာရှိအသွင်လူကြီးတို့ ဖြစ်ကြသည်။ ကျင့်ကြံသူများဘက်ကလည်း အလင်းတန်း သုံးခု ပျံသန်းထွက်လာ၏။ သူတို့မှာ တာအိုသခင်နေဝန်းရှင်၊ ဝေဝူယာနှင့် မိစ္ဆာအိုကြီးဟီတို့ပင်။ သူတို့ တစ်ဦးစီသည် ဆယ်မိုင်လောက် အကွာအဝေးစီခြား၍ ရပ်တန့်လိုက်ကြသည်။

ကျုံးအမည်ရှိ ပညာရှိအသွင်နှင့်လူကြီးသည် ကျင့်ကြံသူများကို လှမ်းကြည့်လိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။

"ခင်ဗျားတို့ဘက်က သဘောတူညီချက်တစ်ခု လုပ်ဖို့ အချိန်ရှိပါသေးတယ်။ ကောင်းကင်တောင်ပိုင်းကသာ နယ်မြေတစ်ဝက်ကို ကျမတို့ မောက်လန် မျိုးနွယ်စုတွေဆီ လွှဲပေးမယ်ဆိုရင် ကျမတို့ စစ်ပွဲကို ရပ်တန့်ပြီး မိတ်ဆွေတွေ ဖြစ်လာနိုင်ပါတယ်။ မဟုတ်ရင်တော့ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ရဲ့ ကောင်းကင်တောင်ပိုင်း ကျင့်ကြံခြင်းလောကဟာ အကြီးအကဲအင်အားစုအများအပြား ဆုံးရှုံးသွားရပါလိမ့်မယ်"

ဝေဝူယာက ခေါင်းမော့ကာ မာမာတင်းတင်း ပြန်တုံ့ပြန်သည်။

"တကယ့် ဟာသပဲ။ ကျုပ်တို့ဘက်က အင်အားစုတွေ ဆုံးရှုံးရမယ်ဆိုတာထက် ခင်ဗျားတို့သာ ဒီစစ်ပွဲမှာ ရှုံးနိမ့်သွားမယ်ဆိုရင်တော့ ခင်ဗျားတို့ မျိုးနွယ်စုတစ်ခုလုံး မျိုးတုံးသွားရလိမ့်လို့ သတိပေးလိုက်ချင်သေးတယ်”

အပိုင်း ၇၆၈- နယ်စပ်တိုက်ပွဲ (၂)

ပိန်ခြောက်ခြောက်အဘိုးအိုက တည့်တိုးပင် ပြောလာသည်။

"ဒီထက်ပိုပြီး ပြောနေဖို့လည်း အကြောင်းမရှိတော့ဘူး။ ဆွေးနွေးရမဲ့ အချိန်အခါလည်း မဟုတ်နေဘူး။ အခုချိန်မှာ သေရေးရှင်ရေး တိုက်ပွဲတစ်ခုပဲ ရှိတော့တယ်။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင် လောင်းကြေးတိုက်ပွဲတွေကို အရင်ဆုံး လုပ်ဆောင်ကြတာပေါ့။ ကျုပ်တို့လူတွေကို စေလွှတ်ပြီး အတားအဆီးတွေကို ပြင်ဆင်ခိုင်းလိုက်မယ်။ ဒီလောင်းကြေးတိုက်ပွဲတွေရဲ့ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ပြီးဆုံးသွားတာနဲ့ ကျုပ်တို့ စစ်ပွဲကို ချက်ချင်း စတင်မယ်"

အခုလိုအခြေအနေထိ ရောက်လာပြီးမှ ကြီးမြတ်သောကျင့်ကြံသူသုံးဦးကို အရှုံးပေးခိုင်းရန် အကြံသည် အိပ်မက်သက်သက်သာ ဖြစ်ကြောင်း သူ ကောင်းစွာ နားလည်သွားခဲ့ပြီ ဖြစ်သည်။

မိစ္ဆာအိုကြီးဟီက ထိုအဘိုးအိုကို စိုက်ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။

"ဒါပေါ့... လောင်းကြေးတိုက်ပွဲတွေ လုပ်ဖို့ကို ကျုပ်တို့ သဘောတူပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ကတိပေးထားတဲ့ သုံ့ပန်းတွေကရော ဘယ်မှာလဲ။ ကျုပ် ဘယ်သူ့ကိုမှ မမြင်ရသေးဘူး။ ဟားဟား..."

အဘိုးအိုသည် ထိုစကားကို ကြားသည့်အခါ ခဏ စဉ်းစားဟန်ပြု၏။ ထို့နောက် သူ့ နောက်ရှိ တစ်စုံတစ်ဦးထံသို့ အသံလွှင့်ကာ မှာကြားလိုက်သည်။ ရုတ်တရက်ပင် မန္တန်စစ်သည်တော် တပ်ခွဲတစ်ခုမှာ လှုပ်ရှားသွားပြီး သူတို့၏ တန်းစီဇယားကြားထဲမှ လက်နက်မဲ့နေသော ကျင့်ကြံသူ တစ်ထောင်ကျော်ကို ဖော်ထုတ်ပြသလိုက်သည်။

ထိုကျင့်ကြံသူများကို စစ်တပ်၏ ရှေ့ဆုံးသို့ ခေါ်ဆောင်လာခဲ့ရာ သူတို့ တစ်ဦးချင်းစီတွင် ကွဲပြားသော မျက်နှာအမူအရာများ ရှိနေကြသည်။ အချို့ဆိုလျှင် ဒေါသကြောင့် မျက်နှာများ နီမြန်းနေပြီး မန္တန်စစ်သည်တော်များကို စူးစိုက်ကြည့်နေကြသည်။ ထိုအခါ ကျင့်ကြံသူများဘက်တွင် အုတ်အော်သောင်းနင်း ဖြစ်သွားစေတော့သည်။ အချို့သော ကျင့်ကြံသူများသည် သုံ့ပန်းများထဲမှ မိမိတို့၏ ဂိုဏ်းတူ ကျင့်ကြံသူအချို့ကို တွေ့ကြသည်။

တာအိုသခင်နေဝန်းရှင်နှင့် အခြားသူများသည် ဤသည်ကို မြင်ရသည့်အခါ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခေါင်းညိတ်ပြလိုက်ကြသည်။

မောက်လန်နတ်ဘုရားသူတော်စင်များထဲမှ လူပုလေးမှာ စိတ်မရှည် ဖြစ်လာကာ...

"အခု ဘာဖြစ်နေတာလဲ။ ခင်ဗျားတို့ သူတို့ကို မြင်ရပြီဆိုတော့ စိတ်အေးသွားသင့်ပြီ။ လောင်းကြေးတိုက်ပွဲတွေကို မြန်မြန် စတင်ကြစို့" ဟု အော်ပြောလိုက်သည်။

ဝေဝူယာက ရုတ်တရက် မေးမြန်းလိုက်သည်။

"ဂုဏ်သရေရှိလှတဲ့ နတ်ဘုရားသူတော်စင်က ဘာလို့ ခုလောက်အထိ အလောတကြီး ဖြစ်နေရတာလဲ။ ခင်ဗျားတို့ ဒီလောင်းကြေးတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ခုကို ကြံစည်ထားလို့များလား။"

လူပုလေး၏ မျက်နှာပေါ်တွင် ဒေါသရိပ် ထွက်ပေါ်လာ၏။ သူက ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် ဆိုလာသည်။

"ခင်ဗျားတို့က ဒီလောင်းကြေးတိုက်ပွဲကို မတိုက်ဝံ့ဘူးဆိုရင်လည်း ကျုပ်တို့ ဒီကျင့်ကြံသူတွေကို အလံတိုင်တွေပေါ်မှာ ချိတ်ဆွဲထားပြီးမှ တိုက်ပွဲကို စတင်လိုက်မယ်။ အဲ့ဒီလို ဖြစ်သွားတာကို ခင်ဗျားတို့ သဘောကျရဲ့လား။"

ဝေဝူယာ၏ မျက်လုံးထဲမှ အေးစက်စက် အလင်းတန်းတစ်ခု ဝင့်ခနဲ ဖြစ်သွားပြီး သူက လေးနက်သော မျက်နှာထားဖြင့်...

"ခင်ဗျားတို့ ကျုပ်တို့ကို ချိန်းခြောက်နေတာလား" ဟု မေးလိုက်သည်။

ထိုအခိုက်အတန့်တွင် ပိန်ခြောက်ခြောက်အဘိုးအိုက ပြန်ပြော၏။

"ဒါက ချိန်းခြောက်တာ လုံးဝ မဟုတ်ပါဘူး။ အကယ်၍ ခင်ဗျားတို့က လောင်းကြေးတိုက်ပွဲတွေ လုပ်ဖို့ ဆန္ဒမရှိဘူးဆိုရင်လည်း ကျမတို့အတွက် ဒီသုံ့ပန်းတွေကို ချိတ်ဆွဲပြီး စစ်တပ်ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ဖို့ကလွဲလို့ တခြား အသုံးမဝင်တော့ဘူးလေ”

သူ့လေသံက အမှန်အကန် ရက်စက်မည့်ပုံပင်။

တာအိုသခင်နေဝန်းရှင်သည် ထိုစကားကို ကြားရသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။

"ဒါပေမဲ့ ကျုပ်တို့က လောင်းကြေးတိုက်ပွဲ လုပ်ဖို့ သဘောတူမယ်ဆိုရင် ခင်ဗျားတို့ဘက်က သုံ့ပန်းတွေကို အရင်ဆုံး လွှတ်ပေးရလိမ့်မယ်”

လူပုလေးက တည့်တိုးပင် စကားဖြင့် ပြန်ပက်လိုက်သည်။

"လွှတ်ပေးရမယ် ဟုတ်လား။ ကျုပ်တို့က အဲ့ဒီလို မိုက်မဲတဲ့ ကိစ္စမျိုးကို လုပ်လိမ့်မယ်လို့ ခင်ဗျားတို့ တကယ် တွေးနေတာလား။"

"ဒါပေမဲ့ ကျုပ်တို့ကလည်း ခင်ဗျားတို့ကို မယုံကြည်ဘူးလေ။ ခင်ဗျားတို့ ကတိမတည်ဘူးဆိုရင် ကျုပ်တို့ ဘာလုပ်ရမလဲ။"

ဝေဝူယာက တည်ငြိမ်စွာ မေးလိုက်သည်။

"အဲ့ဒီလို ဖြစ်နေရင်တောင်မှ ကျုပ်တို့..."

လူပုလေး စကားပြော၍ မပြီးခင်မှာပင် ပိန်ခြောက်ခြောက် အဘိုးအို၏ မျက်လုံးထဲမှ ရက်စက်သော အလင်းတန်းတစ်ခု ဝင့်ခနဲ ဖြစ်သွားပြီး သူ၏ စကားကို ကြားဖြတ်လိုက်သည်။

"ဒီလို အသုံးမဝင်တဲ့ စကားတွေကို တော်လိုက်ကြစို့။ ကျုပ်တို့ လောင်းကြေးတိုက်ပွဲ မစခင်မှာ သုံ့ပန်းတွေရဲ့ တစ်ဝက်ကို အရင်ဆုံး လွှတ်ပေးမယ်။ ကျန်ရှိနေတဲ့ သုံ့ပန်းတွေကိုတော့ ပွဲတွေပြီးဆုံးသွားတဲ့အခါ လွှဲပေးမယ်။ ခင်ဗျားတို့ဘက်က ဒါကို ကန့်ကွက်စရာ မရှိဘူးမလား။ အကယ်၍ ဒါကိုမှ အဆင်မပြေဘူးဆိုရင်လည်း ကျုပ်တို့ တိုက်ပွဲကိုပဲ တိုက်ရိုက် စတင်လိုက်ကြတာပေါ့"

တာအိုသခင်နေဝန်းရှင်သည် သူ၏ဘေးနားတွင် ရှိနေသော အခြားနှစ်ဦးထံသို့ အသံလွှင့်ကာ တိုင်ပင်လိုက်ပြီးနောက် ပြတ်သားသော လေသံဖြင့် ဆိုလိုက်သည်။

"ကောင်းပြီ... အဲ့ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ လူတစ်ဝက်ကို အရင်ဆုံး လွှတ်ပေးလိုက်ပါ ကျုပ်တို့ဘက်ကလည်း အတားအဆီးတွေကို စတင် ပြင်ဆင်လိုက်ပါ့မယ်"

ဤအခြေအနေများမှာ ရန်သူ့ဘက်က အလိုက်လျောနိုင်ဆုံး အတိုင်းအတာ ဖြစ်ပေသည်။ အကယ်၍ ဆွေးနွေးမှုကြီး လုံးဝ ပြိုလဲသွားခဲ့မည်ဆိုလျှင် ကျန်ရှိနေသော ကျင့်ကြံသူများကို ကယ်တင်နိုင်မည့် နည်းလမ်း ရှိတော့မည် မဟုတ်ပေ။

ကိစ္စရပ်များ ပြီးဆုံးသွားသည့်နောက်တွင် ထိုလူခြောက်ဦးမှာ မိမိတို့၏ စစ်စခန်း အသီးသီးသို့ ပြန်လည် ရောက်ရှိသွားကြပြီး ပြင်ဆင်ချက်များ ပြုလုပ်ကြတော့သည်။

ဟန်လိသည် ကျင့်ကြံသူများ၏ တပ်ခွဲတစ်ခုအတွင်း၌ ရှိနေသော သူ၏ မူလပုန်းကွယ်ရာ နေရာမှ စောစီးစွာကတည်းက ထွက်ခွာခဲ့ပြီး ဖြစ်သည်။ တိုက်ပွဲမစတင်မီမှာပင် ရန်သူ့ဘက်မှ အဆင့်မြင့် ကျင့်ကြံသူများ၏ သတိပြုမိခြင်းကို ခံရရန် သူ ဆန္ဒမရှိပေ။ သို့သော် စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူများကြားမှ စကားပြောဆိုသံများကိုမူ ဟန်လိသည် သူ၏စွမ်းအားကြီးမားလှသော စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ တိတ်တဆိတ် ချောင်းမြောင်း နားထောင်နိုင်ခဲ့ပေသည်။

သူ၏မျက်နှာတွင် ခပ်ရေးရေး အပြုံးလေးတစ်ခု ရှိနေ၏။ မန္တန်စစ်သည်တော်များက သုံ့ပန်းကျင့်ကြံသူများအပေါ်ရှိ အတားအဆီးများ၏တစ်ဝက်ကို လွှတ်ပေးလိုက်သည်ကို မြင်တွေ့လိုက်ရသည်။ ထိုသူများအားလုံးမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက် ကောင်းကင်တောင်ပိုင်း ကျင့်ကြံသူများရှိရာ အရပ်သို့ ပျံသန်းလာကြတော့သည်။

သေချာပါသည်။ တာအိုသခင်နေဝန်းရှင်က ဤသည်ကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်၏။ ကျင့်ကြံသူများမှာ ကောင်းကင်တောင်ပိုင်း စစ်တပ်ကြီးဆီသို့ မရောက်ရှိမီမှာပင် ကျင့်ကြံသူ ရာချီရှိသော အဖွဲ့တစ်ခုမှာ လမ်းခုလတ်သို့ သွားရောက် ကြိုဆိုလိုက်ကြသည်။ လွတ်မြောက်လာသော ကျင့်ကြံသူများကို သေချာစွာ စစ်ဆေးကြည့်ရှုပြီးနောက် သူတို့ကြားတွင် ရန်သူ့သူလျှိုများ ပါဝင်ခြင်း မရှိကြောင်းနှင့် သူတို့၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့် လှည့်ကွက်များမှ မရှိကြောင်း အတည်ပြုပြီးမှသာလျှင် သူတို့ကို ကျင့်ကြံသူများ၏ တန်းစီဇယားအတွင်းသို့ ဝင်ရောက်ခွင့် ပြုလိုက်တော့သည်။

မျိုးရိုးပိအမည်ရှိ လူပုလေးက ထိုအဖြစ်ကို အဝေးမှ စောင့်ကြည့်နေပြီး မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

"အဲ့ဒီ ကောင်းကင်တောင်ပိုင်းက ကောင်တွေဟာ အတော်လေးကို သတိကြီးကြတာပဲ။ ကံကောင်းလို့ ကျမတို့ သူတို့အပေါ်မှာ နှလုံးသွေ့ခြောက်ခြင်းဆေးလုံးတွေကို ကြိုတင်ပြီး အသုံးမပြုခဲ့မိတာ။ အဲ့လိုသာ သုံးခဲ့မိရင်တော့ ကိုင်တွယ်ရတာ အတော်လေး ဒုက္ခများသွားလိမ့်မယ်"

မျိုးရိုးကျုံးအမည်ရှိ ပညာရှိဟန်နှင့် လူကြီးက ပြောလာ၏။

"သံသယ ဖြစ်စရာ မလိုပါဘူး။ ကောင်းကင်တောင်ပိုင်းရဲ့ ကြီးမြတ်တဲ့ ကျင့်ကြံသူ သုံးဦးဟာ လွယ်လွယ်နဲ့ ကိုင်တွယ်လို့ ရတဲ့သူတွေမှ မဟုတ်တာ။ ဒီလို အောက်တန်းကျတဲ့ လှည့်ကွက်လေးတွေက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ တည့်ရင်ဆိုင်တာပဲ ကောင်းတယ်။။ ကျုပ်တို့ ဒီကျင့်ကြံသူတွေကို ဉာဏ်များဖို့ ကြိုးစားနေမယ်ဆိုရင်တော့ အဆုံးသတ်မှာ ကျုပ်တို့ကိုယ်တိုင်ပဲ ဒုက္ခရောက်ကြရလိမ့်မယ်"

ပိန်ခြောက်ခြောက်အဘိုးအိုသည် သူ့လူထံမှ ဤစကားကို ကြား၏။ သို့သော် သူ့အမူအရာ၌ မည်သည့်ပြောင်းလဲမှုမျှ မရှိနေပေ။ သူက သူ၏ ကျဲပါးနေသောမုတ်ဆိတ်မွေးကို ညင်သာစွာ ပွတ်သပ်ရင်း မျက်နှာချင်းဆိုင်ရှိ ကျင့်ကြံသူစစ်တပ်ကြီးကိုသာ စူးစိုက်ကြည့်နေတော့သည်။

ဟန်လိသည် အဝေးမှ စောင့်ကြည့်နေစဥ် ကျင့်ကြံသူများနှင့် မန္တန်စစ်သည်တော်များ အုပ်စုတစ်ခုစီမှာ မိမိတို့၏ အင်အားစု အသီးသီးမှ ထွက်ခွာလာကြပြီး စစ်တပ်ကြီးနှစ်ခုကြားမှ အလယ်ဗဟို နေရာဆီသို့ ဦးတည် ပျံသန်းလာကြသည်။ သူတို့သည် ဆယ်ဦးစီ အဖွဲ့ခွဲလိုက်ကြပြီး ဝိညာဉ်မန္တန် အစီအရင်များကို စတင် ဖွဲ့စည်းကြတော့သည်။

ဤသူများအားလုံးမှာ မန္တန်စစ်သည်တော်များနှင့် ကျင့်ကြံသူများထဲမှ မန္တန်အစီအရင် ဆရာသခင်များ ဖြစ်ကြသည်။ သူတို့သည် စွမ်းအားကြီးမားလှသော အတားအဆီးများကို ချခင်းရန် လိုအပ်သော်လည်း မည်သည့် လှည့်ကွက်များကိုမျှ ဖုံးကွယ်ထား၍ မရနိုင်ပေ။ ဘာပဲဖြစ်ဖြစ် သူတို့ အားလုံးမှာ မန္တန်အစီအရင်တာအိုတွင် နက်နဲလှသော ဗဟုသုတများ ပိုင်ဆိုင်ထားကြသူများ ဖြစ်သဖြင့် အချင်းချင်းကြားတွင် ဘာကိုမှ ဖုံးကွယ်ထားနိုင်စွမ်း မရှိကြပေ။

ပုံမှန်အားဖြင့် ဤမျှ အဆင့်မြင့်လှသော အတားအဆီးများကို ချခင်းခြင်းက အချိန်များစွာ ကုန်ဆုံးစေမည် ဖြစ်သည်။ ဒါပေမဲ့ အခုလိုမျိုး မန္တန်အစီအရင် ဆရာသခင် အမြောက်အမြား တစ်ပြိုင်နက်တည်း ပူးပေါင်းဆောင်ရွက်ကြပြီး အဖိုးတန် အမယ်ပစ္စည်းများနှင့် ကြိုတင် ပြင်ဆင်ထားခဲ့သော အစီအရင် အလံများနှင့် အစီအရင်ပြားများကို အစွမ်းကုန် ထုတ်သုံးလိုက်ကြသဖြင့် မိုင်ဝက်ခန့်အတွင်းမှာပင် အဖြူရောင်အလင်းများ လင်းထင်းနေသည့် သေးငယ်သော ဝိညာဉ်မန္တန် အစီအရင် ဆယ်ခုကို တစ်ခါတည်း ပြီးဆုံးအောင် ဖွဲ့စည်းနိုင်ခဲ့ပေသည်။ ထိုအစီအရင်များ စတင်အသက်ဝင်လာသည်နှင့်တစ်ပြိုင်နက် သူတို့သည် အချင်းချင်းကြားတွင် မီတာနှစ်ရာ့ငါးဆယ်ခန့် ကျယ်ပြောလှသော အဖြူရောင် အလင်းအရံအတား ဆယ်ခုကို ဖြစ်တည်လာစေတော့သည်။

ဤမန္တန်အစီအရင်ဆရာသခင်များသည် အတားအဆီးများကို သေချာစွာ ပြန်လည် စစ်ဆေးကြည့်ရှုပြီးနောက် မည်သည့် ပြဿနာမှ မရှိကြောင်း မြင်မှသာလျှင် မိမိတို့နေရာသို့ ပြန်လည် ထွက်ခွာသွားကြတော့သည်။ ထို့နောက်တွင်မူ သူတို့၏ နေရာတွင် အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ မန္တန်စစ်သည်တော်များနှင့် ကျင့်ကြံသူ ဆယ်ဦးစီဖြင့် အစားထိုးလိုက်ကြသည်။ သူတို့သည် အလင်းအရံအတားများဆီသို့ ပျံသန်းလာကြပြီး တစ်ခုချင်းစီတိုင်းကို ကျင့်ကြံသူတစ်ဦးနှင့် မန္တန်စစ်သည်တော်တစ်ဦးစီက ထပ်ကြပ်မကွာ စောင့်ကြပ်နေကြသဖြင့် မည်သည့် လှည့်ကွက်မှ ပြုလုပ်၍ မရနိုင်တော့ပေ။

ကောင်းကင်တောင်ပိုင်း ကျင့်ကြံသူများထဲမှ တစ်ဦးမှာမူ တိုက်တိုက်ဆိုင်ဆိုင်ပင် မျောလွင့်တိမ်တိုက်ဂိုဏ်းမှ ကျင့်ကြံသူစုန် ဖြစ်နေခဲ့သည်။ သူမသည် ဒုတိယမြောက် မန္တန်အစီအရင် အလင်းအရံအတားကို စောင့်ကြပ်ရန် တာဝန်ပေးအပ်ခြင်း ခံရပုံပင်။ ဟန်လိသည် သူမ ပေါ်လာသည်ကို မြင်ရသည့်အတွက် နည်းနည်းလေးမျှ အံ့ဩသွားခြင်း မရှိပေ။

ဟန်လိသည် ဤလောင်းကြေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲတော့မည် ဖြစ်ရာ သူ၏ ဘေးတွင် မိမိ၏ ဂိုဏ်းတူ တပည့်တစ်ဦးက စောင့်ကြပ်ပေးနေခြင်းကသာ အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။ အကယ်၍ ရန်သူတော် ဂိုဏ်းတစ်ခုခုမှ တပည့်တစ်ဦးက စောင့်ကြပ်နေမည်ဆိုလျှင် အန္တရာယ်နှင့် ကြုံလာရသည့်အခါ သူ့အတွက် နောက်ကျောလုံရလိမ့်မည် မဟုတ်ပေ။

ဟန်လိသည် ဤသို့ တာဝန်ယူပေးရန် ကျင့်ကြံသူစုန်ထံသို့ ကိုယ်တိုင် သွားရောက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ သူမသည် မျောလွင့်တိမ်တိုက်ဂိုဏ်းအတွင်း သူနှင့် အရင်းနှီးဆုံး ကျင့်ကြံသူတစ်ဦး မဟုတ်ပါလော။

ဝိညာဉ်မန္တန်အစီအရင်များ အားလုံးပြီးဆုံးသွားသည့်နောက်တွင်မူ တိုက်ခိုက်မည့်သူများ ပေါ်ထွက်လာမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် မောက်လန် စစ်တပ်ကြီးအတွင်းမှ အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူ ဆယ်ဦး ပျံသန်းထွက်လာကြရာ သူတို့ တစ်ဦးချင်းစီ၏ခန္ဓာကိုယ်မှ ရက်စက်ကြမ်းကြုတ်လှသော မိစ္ဆာအရှိန်အဝါများ တလျှံလျှံ ထွက်ပေါ်နေသည်။

"မိစ္ဆာကျင့်ကြံသူတွေပဲ"

ဟန်လိ၏ မျက်လုံးသူငယ်အိမ်မှာ ကျုံ့သွားပြီးနောက် သူသည် အခြားသော စဦးစိတ်ဝိညာဉ်အဆင့်ရှိ ဝါရင့်ကျင့်ကြံသူကိုးဦးနှင့်အတူ ကောင်းကင်ယံထက်သို့ ချက်ချင်း ပျံတက်ကာ အလယ်ဗဟိုရှိ ဝိညာဉ်မန္တန် အစီအရင်များရှိရာ အရပ်သို့ ဦးတည် လိုက်ပါလာတော့သည်။ သူတို့ကြားတွင် တာအိုရသေ့ဝိညာဉ်ကြွေ၊ မိစ္ဆာအိုကြီးယွန်းဖန်နှင့် မျိုးရိုးပိုင်အမည်ရှိ အမျိုးသမီးတို့လည်း ပါဝင်ကြသည်။ ထိုသူတို့ကိုတော့ သူ သိထားပြီး ဖြစ်၏။ အခြားသူများကိုမူ သူ မသိပေ။ သူတို့သည် ဝိညာဉ်မန္တန်အစီအရင်များ၏ ရှေ့သို့ ရောက်ရှိလာသည့်အခါတွင်မူ ရပ်တန့်လိုက်ကြသည်။

ဟန်လိသည် ဝိညာဉ်မန္တန် အစီအရင်၏ အထက်သို့ ရောက်ရှိလာသည့်အခါ အောက်ဘက်ရှိ ကျင့်ကြံသူစုန်ထံသို့ ခေါင်းညိတ်ပြလိုက်ပြီးနောက် မျက်နှာချင်းဆိုင်ရှိ အနက်ရောင်ဝတ်ရုံနှင့်လူကို တည်ငြိမ်စွာဖြင့် ရင်ဆိုင်လိုက်တော့သည်။

'အတော်လေး ထူးဆန်းတာပဲ။ ဘာကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်ထဲက မိစ္ဆာချီတွေဟာ ခုလောက်အထိ ရူးသွပ်စွာ လှုပ်ရှားနေရတာလဲ။ သူတို့က ကျုပ်တို့လိုပဲ ဇီဝိတဆေးလုံးလိုမျိုး စွမ်းအားကြီးမားတဲ့ ဆေးလုံးတစ်မျိုးမျိုးကို သောက်သုံးထားကြလို့လား။'

ဟန်လိသည် အတွေးများနေသော်လည်း သူ၏မျက်နှာတွင်မူ မည်သည့် ခံစားချက်ကိုမျှ မပြဘဲ တည်ငြိမ်စွာ ရှိနေခဲ့သည်။

အနက်ရောင်ဝတ်ရုံနှင့်လူမှာ သာမန်အတိုင်းပင် ထင်မှတ်ရသော်လည်း သူ၏ မျက်လုံးများထဲမှ အေးစက်စက် စိမ်းဖန်ဖန် အလင်းတန်းများ တဖျတ်ဖျတ်လက်လျက် ဟန်လိကို စူးစိုက်ကြည့်နေသည်။ ဟန်လိသည် သူ၏ မျက်နှာကို ရှင်းလင်းစွာ မမြင်ရသော်လည်း ထိုသူမှာ စဦးစိတ်ဝိညာဉ် အစောပိုင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး စဦးစိတ်ဝိညာဉ် အလယ်အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည့် ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သိနေသည်။

ထို့နောက် ဟန်လိသည် အခြားသော အနက်ရောင်ဝတ်ရုံနှင့် မိစ္ဆာကျင့်ကြံသူများထံသို့ ဖြန့်ကျက်ကြည့်ရှု၏။ ထိုသူတို့သည်လည်း သူ ရင်ဆိုင်ရမည့် ပြိုင်ဘက်နှင့် အလားတူပင် ဖြစ်ကြပြီး ကွာခြားချက်အနည်းငယ်မျှသာ ရှိကြသည်။

ဟန်လိသည် စိတ်ထဲ၌ သတိထားမှု မြင့်တက်လာသည်။ ဤလောင်းကြေးတိုက်ပွဲတွင် တစ်စုံတစ်ခု မှားယွင်းနေတာ သေချာသည်။ ရန်သူ့ဘက်တွင် စဦးစိတ်ဝိညာဉ်အလယ်အဆင့် ကျင့်ကြံသူ တစ်ဦးတလေမျှ ပါဝင်ခြင်း မရှိချေ။ သို့ပေမည့် ဤသည်က သူ့အတွက်တော့ ပြဿနာ မဟုတ်လေပေ။ ရန်သူက မိစ္ဆာတာအိုပညာရပ်များကို အသုံးပြုလာသရွေ့တော့ သူသည် နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးကို အသုံးပြု၍ သူတို့ကို မျက်စိတစ်မှိတ်အတွင်း ချက်ချင်းပင် အပြတ်ရှင်းပစ်နိုင်သည် မဟုတ်ပါလား။ သူတို့၏ မည်သည့်လှည့်ကွက်မျှ သူ့အပေါ်တွင် အသုံးဝင်မှာ မဟုတ်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဟန်လိသည် ဆုံးဖြတ်ချက် ချက်ချင်း ချလိုက်ပြီးနောက် သူ့စိတ်ထဲတွင် သတ်ဖြတ်ချင်စိတ် အရှိန်အဝါများ ပြင်းထန်စွာ ဖြစ်ပေါ်လာတော့သည်။

ထိုအခိုက်အတန့်တွင် အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူသည် သူ၏ ခါးမှ သိုလှောင်အိတ်တစ်ခုကို ထုတ်ယူလိုက်ပြီးနောက် ခံစားချက်ကင်းမဲ့စွာဖြင့် ဟန်လိကို လှမ်းကြည့်လိုက်သည်။ ဟန်လိကမူ ပြုံးလိုက်ပြီးနောက် တိုက်ပွဲအတွက် လောင်းကြေးအဖြစ် အမယ်ပစ္စည်းများ ပြည့်နှက်နေသည့် သိုလှောင်အိတ်တစ်ခုကို ထုတ်ယူလိုက်တော့သည်။

ဤသိုလှောင်အိတ်အတွင်းရှိ အမယ်ပစ္စည်းများမှာ ကောင်းကင်တောင်ပိုင်း၏ အင်အားကြီးလေးခုမှ စုပေါင်း ထုတ်ပေးထားခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့မှာ အလွန်တရာ တန်ဖိုးကြီးမားလှသဖြင့် ဟန်လိကိုယ်တိုင်ပင်လျှင် ထိုအင်အားစုများ၏ ကြွယ်ဝမှုအပေါ် မနာလိုဖြစ်မိရသည်။

အနက်ရောင်ဝတ်ရုံနှင့်လူက သူ၏လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်၏။ သူ့ထံမှ သိုလှောင်အိတ်မှာ ဟန်လိထံသို့ ပျံသန်းရောက်ရှိလာသည်။ ဟန်လိကလည်း သူ၏ သိုလှောင်အိတ်ကို ထိုနည်းတူပင် ပြန်လည်ပစ်ပေးကာ သိုလှောင်အိတ်ချင်း လဲလှယ်ကြသည်။

အနက်ရောင်ဝတ်ရုံနှင့်လူ၏ သိုလှောင်အိတ်အတွင်း၌ အမယ်ပစ္စည်း အမျိုးအစား အမြောက်အမြား ရှိမနေသော်လည်း ၎င်းတို့၏ တန်ဖိုးမှာမူ သူ့ထံ၌ ရှိနေသော ပစ္စည်းများထက် များစွာ ပိုမို မြင့်မားလှပေသည်။ ရှေးဟောင်း မှတ်တမ်းများအရ ဤပစ္စည်းများထဲတွင် မည်သည့် ပြဿနာမျှ ရှိမနေကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။

ဟန်လိက ခေါင်းညိတ်ပြလိုက်ပြီးနောက် ထိုသိုလှောင်အိတ်ကို သူ၏ခါးတွင် ချိတ်ဆွဲလိုက်၏။ အနက်ရောင်ဝတ်ရုံနှင့်လူကလည်း ဟန်လိကဲ့သို့ပင် သိုလှောင်အိတ်ကို သူ့ခါး၌ ချိတ်ဆွဲသည်။

ဤသို့ သိုလှောင်အိတ်ချင်း လဲလှယ်ပြီးတာ မြင်သည့်အခါ အစီအရင်ကို စောင့်ကြပ်နေသော ကျင့်ကြံသူစုန်နှင့်မန္တန်စစ်သည်တော်တို့သည် မန္တန်စာသားများကို ကိုယ်စီ တီးတိုးရွတ်ဆိုလိုက်ကြပြီး လက်ချိပ်ဟန်များ ဖြစ်ပေါ်စေကြသည်။ ကွဲပြားသော အစီအရင်မန္တန်များမှာ အစီအရင်ထံသို့ သွားရောက် ထိမှန်သွားပြီး ၎င်းကို စတင်အသက်ဝင်လာစေတော့သည်။

ဟန်လိနှင့် အနက်ရောင် ဝတ်ရုံကျင့်ကြံသူတို့ နှစ်ဦးလုံးမှာ လျင်မြန်စွာ လှုပ်ရှားလိုက်ကြသဖြင့် သူတို့၏ ခန္ဓာကိုယ်များမှာ ဝေဝါးသွားပြီး အောက်ဘက်ရှိ ဝိညာဉ်မန္တန် အစီအရင်၏ ရှေ့တွင် တစ်ပြိုင်နက်တည်း ပြန်လည် ပေါ်ထွက်လာကြသည်။ ဤသည်မှာ သူတို့ နှစ်ဦးလုံးကို အချင်းချင်း အနည်းငယ် အံ့ဩသွားစေခဲ့သည်။

ထိုအခိုက်အတန့်တွင် သူတို့၏ ပတ်ပတ်လည်၌ နို့နှစ်ရောင် အလင်းအရံအတားတစ်ခု ပေါ်ထွက်လာပြီး သူတို့ကို ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ် ပြတ်ကာ အစီအရင်အတွင်း၌ ပိတ်မိသွားစေသည်။ အခြားသောကျင့်ကြံသူများနှင့် အနက်ရောင်ဝတ်ရုံနှင့်လူများသည်လည်း အလင်းအရံအတားများအတွင်းသို့ အသီးသီး ဝင်ရောက်သွားကြပြီ ဖြစ်သည်။ ဤအခိုက်အတန့်တွင် စစ်တပ်ကြီး နှစ်ခုလုံးကြားတွင် လုံးဝ ငြိမ်သက်သွားတော့သည်။ သူတို့ အားလုံးမှာ စိုးရိမ်ပူပန်မှုများဖြင့် အသက်ကိုပင် ဝဝမရှူဝံ့ကြဘဲ အလင်းအရံအတားကို ဖြတ်ကျော်၍ ဝိုးတဝါး မြင်တွေ့နေရသော လူပုံရိပ် နှစ်ဆယ်ကိုသာ စူးစိုက်ကြည့်နေကြတော့သည်။

အလင်းအရံအတားအတွင်းသို့ ရောက်ရှိသွားပြီးနောက်တွင်မူ ဟန်လိသည် အခြားအရာများကို ထပ်မံ၍ အာရုံစိုက်မနေတော့ပေ။ သူက သူ၏မျက်နှာချင်းဆိုင်တွင် ရှိနေသော အနက်ရောင်ဝတ်ရုံနှင့် မိစ္ဆာကျင့်ကြံသူကိုသာ မဆုတ်မနစ် စိုက်ကြည့်ရင်း မလှုပ်မယှက် ရှိနေခဲ့သည်။ သို့သော် သူ၏ ပတ်ပတ်လည်တွင်မူ မိုးပြာရောင်အလင်းများ စတင်လှည့်ပတ်လာခဲ့ပြီး သူ၏ ဓားပျံများမှာလည်း အချိန်မရွေး ပျံသန်းထွက်တော့မည့်အလား တုန်ခါနေကြပြီ ဖြစ်သည်။

ဒါပေါ့... သူ၏ မိစ္ဆာကျင့်ကြံသူများကို နှိမ်နင်းရာတွင် အသုံးပြုမည့် အပြင်းထန်ဆုံး ရာထူးလက်နက်မှာ ဒျန်ထျန်အတွင်း၌ သိပ်သည်းဖွဲ့စည်းထားခဲ့သော လက်သီးဆုပ်အရွယ်ရှိ ရွှေရောင် အလင်းလုံးပင်။ ဟန်လိသည် သူ၏ပြိုင်ဘက်ကို ကြည့်ကာ ခပ်တိုးတိုး ရယ်မောလျက် လေးစားသမှုအရ နှုတ်ဆက်ဟန်ပြုပြီးနောက် ကမ္ဘာမြေ တုန်လှုပ်သွားစေမည့် တိုက်ခိုက်မှုကြီးတစ်ခုကို စတင်လိုက်တော့သည်။

All Chapters