← Chapters

အခန်း (၇၇၁-၇၇၂)

Vol. 56 Ch. 771-772

အခန်း (၇၇၁-၇၇၂)

Vol. 56 Ch. 771-772

အပိုင်း ၇၇၁ - နယ်စပ်တိုက်ပွဲ (၅)

ကျင့်ကြံသူများဘက်မှ ချခင်းထားသော သက်တံရောင် အလင်းအရံအတားမှာမူ ရန်သူများ၏ ဝိညာဉ်မန္တန် ပညာရပ်များကို ခုခံတားဆီးရန်အတွက် အထူးတလည် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ပေသည်။ ထိုကဲ့သို့သော ပြင်းထန်လှသော ပူးပေါင်းတိုက်ကွက်များအောက်တွင် ထိုအလင်းအတားအဆီးကြီးမှာ နည်းနည်းလေးမျှ လှုပ်ခတ်သွားခြင်း မရှိပေ။ ထိုသို့ မြင်ရသောကြောင့် လုံဟန့်သည် စိတ်အေးသွား၏။

ထိုမန္တန်အစီအရင်ကို အသက်သွင်းလိုက်ကြသော ကျင့်ကြံသူ တစ်ထောင်ကျော်မှာမူ ကိုးပြည်ထောင်စုအဖွဲ့ကြီးအတွင်းမှ ထူးချွန်လှသော အထူးရွေးချယ်ခံ တပည့်များ ဖြစ်ကြပေသည်။ သူတို့၏ ဝိညာဉ်မန္တန် အစီအရင်ကို လျင်မြန်သွက်လက်စွာ ချခင်းနိုင်ခဲ့ကြပုံကို ကြည့်ခြင်းအားဖြင့် ဝေဝူယာက သူတို့ကို ချီးမွမ်းပြောဆိုခဲ့ခြင်းမှာ လွန်ကဲခြင်း မရှိကြောင်း သိသာလှသည်။

မိမိတို့ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုက မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိကြောင်း မြင်တွေ့လိုက်ရသည့်အခါ ပိန်ခြောက်ခြောက်အဘိုးအိုမှာ မျက်နှာပျက်သွားသည်။ သို့သော် သူက ထပ်မံ၍ ထိုးစစ်ဆင်ရန် ချက်ခြင်းအမိန့်ပေးလိုက်၏။

မန္တန်စစ်သည်တော်စစ်တပ်ကြီး၏မန္တန်စာသားများကြောင့် ထွက်ပေါ်လာသော အရာများမှာ အစောပိုင်းတုန်းကလို မီးလုံးကြီးများ၊ ရေခဲစူးချွန်ကြီးများ မဟုတ်ကြတော့။ ထိုအစား ကောင်းကင်ယံထက်တွင် မီးကျီးကန်းများ၊ ကြည်လင်ပြတ်သားလှသော ရေခဲစပါးအုံးမြွေကြီးများ၏ပုံသဏ္ဌာန်မှာ စတင် ဖွဲ့စည်းလာကြတော့သည်။ ထိုဖွဲ့စည်းပုံမှ ပို၍ရှုပ်ထွေးသွားသောကြောင့် တိုက်ခိုက်နိုင်ရန် အချိန်ပိုယူရမည် ဖြစ်၏။

ထိုအခိုက်အတန့်တွင် ကျင့်ကြံသူ စစ်တပ်ကြီးအတွင်း၌ လှုပ်ခတ်မှုအချို့ ဖြစ်ပေါ်လာသည်။ အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ကျင့်ကြံသူတပ်ခွဲတစ်ခုမှာ အလင်းအရံအတားအပြင်ဘက်သို့ ပျံသန်းထွက်လာကြသည်။ သူတို့သည် မိမိတို့၏ ခါးမှ ဝိညာဉ်သားရဲ သိုလှောင်အိတ်များကို တစ်ပြိုင်နက်တည်း မြှောက်တင်လိုက်ကြပြီး သက်တံကဲ့သို့ အရောင်စုံ လင်းလက်နေသော အလင်းတန်းများနှင့်အတူ မတူညီသော နတ်ဆိုးသားရဲကြီး ဒါဇင်ချီကို ချက်ချင်း လွှတ်ပေးလိုက်ကြတော့သည်။

ရှေ့ဆုံးမှ ဦးဆောင်လာသော သားရဲကြီး သုံးကောင်မှာမူ တကယ့်ကို ထူးခြားဆန်းပြားလှသော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည်။ ပထမတစ်ကောင်မှာ မြင်တွေ့ရခဲလှသည့် မြင်းနဂါး ဖြစ်၏။ ၎င်း၏ဦးခေါင်းထက်တွင် ဦးချိုတစ်ခု ရှိနေကာ ခန္ဓာကိုယ်ပေါ်တွင်မူ အဖြူရောင်အလင်းများ တဖျတ်ဖျတ် လက်နေသော ကြေးခွံများ ရှိနေသည်။ နောက်တစ်ကောင်မှာမူ ညှီစော်နံလှသော အနံ့အသက်များနှင့်အတူ စိမ်းဖန့်ဖန့် အမွေးအမှင်များ ရှိသည့် ခေါင်းနှစ်လုံးခြင်္သေ့မိစ္ဆာ ဖြစ်သည်။ ၎င်းတို့ထဲ၌ အကြောက်မက်ဖွယ်ကောင်းဆုံး သားရဲကြီးမှာမူ အနက်ရောင် အဆိပ်ဆူးကြီးတစ်ခုနှင့်အတူ သွေးနီရောင် သံချပ်ကာအခွံကြီး ပိုင်ဆိုင်ထားသည့် ဆယ့်ငါးမီတာခန့် ရှည်လျားသော အဆိပ်ပြင်းကင်းမြီးကောက်ကြီး ဖြစ်ပေသည်။

ဤနတ်ဆိုးသားရဲကြီးများမှာမူ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းအတွင်းမှ အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသော အင်အားစုများ ဖြစ်ကြပြီး ၎င်းတို့ကို အစွမ်းကုန် ပျိုးထောင်ခဲ့ရသည်။ ထိုသားရဲများကို လွှတ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ကြီးမားလှသော သံချပ်ကာ သားရဲကြီးများနှင့် အသွင်ပြောင်းလဲထားသော နတ်ဆိုးသားရဲကြီးများဆီသို့ လွှမ်းမိုးနိုင်စွမ်းအပြည့်ဖြင့် တဟုန်ထိုး ထိုးစစ်ဆင် တိုက်ခိုက်ကြတော့သည်။ သားရဲကြီးများမှာ တစ်ကောင်နှင့်တစ်ကောင် အပြန်အလှန် လုံးထွေးကာ ပြင်းထန်လှသော တိုက်ပွဲကြီးတစ်ခုအဖြစ် ရှုပ်ထွေးသွား၏။

အဓိကဝိညာဉ်သားရဲကြီးသုံးကောင်က မန္တန်စစ်သည်များဘက်မှ သံချပ်ကာဝတ်သားရဲကြီးများကို သူတင်ကိုယ်တင် ယှဉ်နိုင်ကြသည်။ သို့သော် ၎င်းတို့မှာ အရေအတွက်အားဖြင့် သာလွန်၏။ ၎င်းတို့သည် သေချာ လေ့ကျင့်ပေးထားခဲ့သော သားရဲကြီးများ ဖြစ်ကြသဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်လိုက်ကြခြင်းဖြင့် ထိုသံချပ်ကာသားရဲကြီးများ၏ ရှေ့ဆက် ထိုးစစ်ဆင်မှုကို ချက်ချင်း တားဆီးပေးလိုက်နိုင်ရုံတင်မကဘဲ တိုက်ပွဲအတွင်း၌ပါ အသာစီး ရရှိသွားကြတော့သည်။

ထိုနတ်ဆိုးသားရဲကြီးများကို လွှတ်ပေးပြီးသည်နှင့် တစ်ပြိုင်နက်တည်းမှာ ကျင့်ကြံသူ တစ်ထောင်ကျော်ခန့်မှာ ကောင်းကင်ယံထက်သို့ စတင် ပျံတက်လာကြသည်။ သူတို့ ပျံသန်းလာရင်းကနေ ဤကျင့်ကြံသူ တပ်ခွဲငါးခုလုံးမှာ မိမိတို့၏ မတူညီသော မှော်ပစ္စည်းမျိုးစုံကို အသုံးပြု၍ မန္တန်စစ်သည်တော် စစ်တပ်ကြီးဆီသို့ တရစပ် ထိုးနှက် တိုက်ခိုက်ကြတော့သည်။

မန္တန်စစ်သည်တော်များက လက်ရှိ ထုတ်ဖော်နေကြသော ဝိညာဉ်မန္တန် ပညာရပ်များမှာမူ စောစောကထက် ပို၍ရက်စက်ကြမ်းကြုတ်လှသည်။ သို့ဖြစ်၍ ကျင့်ကြံသူများအနေဖြင့် မန္တန်စစ်သည်တော်များက သူတို့၏ ပညာရပ်များကို အချောသတ် ဖွဲ့စည်းနိုင်သည်အထိ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြမည် မဟုတ်ဘဲ မှော်ပစ္စည်းမျိုးစုံဖြင့် တရစပ် ထိုးနှက် တိုက်ခိုက်လိုက်ကြခြင်းဖြင့် မောက်လန်များ၏ ကာကွယ်ရေး ဝိညာဉ်မန္တန်အစီအရင်ကို ဆက်တိုက် ဖျက်ဆီးပစ်နေသည်။

ပိန်ခြောက်ခြောက် အဘိုးအို၏ မျက်နှာမှာ လုံးဝ အုံ့မှိုင်းသွားပြီး သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း ကောင်းကင်ယံထက်သို့ တက်ရောက်ကာ ကျင့်ကြံသူများနှင့် တိုက်ပွဲဝင်ရန်အတွက် မန္တန်စစ်သည်တော် အမြောက်အမြားကို ချက်ချင်း အမိန့်ပေးလိုက်တော့သည်။ ပြင်းထန်လှသော ဝိညာဉ်မန္တန် ပညာရပ်များ မှော်ပစ္စည်းများနှင့် ဂိုဏ်းစောင့်ရတနာမျိုးစုံ၏ အပြန်အလှန် ဆော်နှုတ်မှုကြီးတစ်ခု ကောင်းကင်ယံတစ်ခုလုံးတွင် ချက်ချင်း ပေါက်ကွဲထွက်လာတော့သည်။ ထိုထိပ်တိုက်တွေ့ဆုံမှုကြီးအတွင်း နှစ်ဖက်လုံးမှ ကာကွယ်ရေး မှော်ပစ္စည်း ရာချီ၍ ရန်သူ့တိုက်ကွက်များကြောင့် ပြိုလဲပျက်စီးသွားကြရပြီး သူတို့၏ ပိုင်ရှင်များမှာလည်း ကောင်းကင်ယံထက်ကနေ အောက်သို့ ချက်ချင်း ပြုတ်ကျသွားကြသဖြင့် လုံးဝ မျှော်လင့်ချက်မဲ့သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။

သို့သော် ဤကဲ့သို့ တားဆီးနှောက်ယှက်ခံလိုက်ရသော အချိန်အတောအတွင်းမှာပင် မန္တန်စစ်သည်တော် စစ်တပ်ကြီးသည် သူတို့၏ နောက်ထပ် ဝိညာဉ်မန္တန် ပညာရပ်ကြီးတစ်ခုကို အချောသတ် ပြင်ဆင်နိုင်ခဲ့ကြပြီ ဖြစ်သည်။ မီးကျီးကန်းများနှင့် ရေခဲစပါးအုံးမြွေကြီးများသည် အသက်ဝင်နေသည့်နှယ် ကျင့်ကြံသူစစ်တပ်ကြီးထံ ပြေးဝင်တိုက်ခိုက်လာ၏။

ထိုနည်းတူပင် မောက်လန်များက သူတို့၏ ဝိညာဉ်မန္တန် ပညာရပ်များကို ထုတ်ဖော်နေကြစဥ် အချိန်အတောအတွင်းမှာပင် ကျင့်ကြံသူများဘက်ကလည်း ကာကွယ်ရေး အစီအစဉ်များကို ကြိုတင် ပြင်ဆင်နိုင်ခဲ့ကြပြီ ဖြစ်သည်။ ထိုတိုက်ကွက်များ မကျရောက်လာမီမှာပင် မရေမတွက်နိုင်သော မှော်ရတနာများနှင့် မှော်ပစ္စည်းများ ကောင်းကင်ယံထက်သို့ ပျံသန်းထွက်လာကြပြီး ထိုတောကျီးကန်းများနှင့် ရေခဲစပါးအုံးမြွေကြီးများ၏ အများစုကို ချက်ချင်းပင် အပြတ်ရှင်းပစ်လိုက်ကြတော့သည်။ ကျန်ရှိနေသောတိုက်ကွက်အနည်းငယ်မှာမူ လုံဟန့်တို့၏ သက်တံရောင်အလင်းအရံအတားကြီးကို လာရောက်ထိမှန်သည်။ သိသိသာသာ ထိခိုက်မှု မဖြစ်သွားသော်လည်း ၎င်းအရံအတားကြီးမှာ မသိမသာ လှုပ်ခတ်သွား၏။

လုံဟန့်သည် ဤသည်ကို မြင်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည်။ ကြည့်ရတာ ကိုးပြည်ထောင်စုအဖွဲ့ကြီး၏ ကာကွယ်ရေး ဝိညာဉ်မန္တန် အစီအရင်ကြီးသည်ပင်လျှင် ရန်သူများ၏ ပိုမို ပြင်းထန်လှသော ဝိညာဉ်မန္တန်ပညာရပ်များကို လုံးဝဥဿုံ ခုခံတားဆီးနိုင်စွမ်း မရှိပုံရပေ။ သူက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီးနောက် သက်တံရောင်အလင်းအရံအတားကြီး၏ အောက်ဘက်ကနေ မန္တန်စစ်သည်တော်များ ရှိရာ အရပ်ဆီသို့ ဖြည်းဖြည်းချင်း ရှေ့တိုး ထိုးစစ်ဆင်ကြရန်အတွက် ကျင့်ကြံသူ စစ်တပ်ကြီးကို ချက်ချင်း အမိန့်ပေးလိုက်တော့သည်။

ထိုအခိုက်အတန့်တွင် ကျင့်ကြံသူ အမြောက်အမြားမှာ မိမိတို့ကိုယ်ကိုယ် ကာကွယ်ရန်အတွက် မိမိတို့၏ မှော်ပစ္စည်းများနှင့် ဂိုဏ်းစောင့်ရတနာမျိုးစုံကို စတင် ထုတ်ဖော်လိုက်ကြသည်။ သည့်နောက်တွင်မူ မန္တန်စာသားမျိုးစုံကို တညီတညွတ်တည်း ဆက်လက် ရွတ်ဆိုလိုက်ကြပြန်ရာ ထိုမှော်ပစ္စည်းများနှင့် ဂိုဏ်းစောင့်ရတနာများမှာ လင်းထင်းစွာ တောက်ပလာကြပြီး ထိုးစစ်ဆင် တိုက်ခိုက်ရန်အတွက် အသင့်အနေအထား ဖြစ်သွားကြတော့သည်။

ပိန်ခြောက်ခြောက် အဘိုးအို၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားခဲ့ပေသည်။ သူ ကောင်းစွာ နားလည်လိုက်သည်မှာ ကျင့်ကြံသူများဘက်က ဤမျှအထိ အန္တရာယ်ကို စွန့်စား၍ မိမိတို့၏ ရှေ့မှောက်ဆီသို့ အတင်းအကြပ် ချဉ်းကပ်လာကြခြင်းမှာ မိမိတို့၏ နောက်ထပ် ဝိညာဉ်မန္တန် ပညာရပ်ကြီးတစ်ခုကို ထပ်မံ ထုတ်ဖော်မည့် အရေးကို တားဆီးနှောက်ယှက်ရန်အတွက် ဖြစ်ပြီး သူတို့၏ အကြံအစည်မှာလည်း အောင်မြင်သွားခဲ့ပေပြီ။ ဤကဲ့သို့သော အလှည့်အပြောင်းများ ဖြစ်ပျက်သွားခဲ့ပြီ ဖြစ်ရာ သူကလည်း ကာကွယ်ရေး အလင်းအရံအတားအပြင်ဘက်သို့ ထွက်ခွာ၍ ရှေ့သို့ ဖြည်းဖြည်းချင်း ချီတက်ကြရန်အတွက် မန္တန်စစ်သည်တော် စစ်တပ်ကြီးကို ချက်ချင်း အမိန့်ပေးလိုက်တော့သည်။

နှစ်ဖက်အုပ်စုကြားမှ အကွာအဝေးမှာ လျင်မြန်စွာပင် ပိုမို နီးကပ်လာခဲ့ပေသည်။ စစ်တပ်ကြီး နှစ်ခုလုံးကြားတွင် ကိုက်သုံးရာခန့်သာ ကွာဝေးတော့သည့် အခါတွင်မူ သူတို့သည် မျက်နှာချင်းဆိုင်တွင် ရှိနေသော ရန်သူများ၏ မျက်နှာအမူအရာများကို ဝိုးတဝါး မြင်တွေ့နေကြရပြီ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဖြူဖွေးတောက်ပသော ကျောက်စိမ်းမန္တန်စာလိပ် ခုနစ်ချပ်မှာ ကျင့်ကြံသူများ၏ တန်းစီဇယားကြားထဲကနေ လက်ဦးမှု ယူ၍ အပြင်သို့ ပျံသန်းထွက်လာကြရာ ၎င်းစာလိပ်များမှာ ဖီးနစ်ဟိန်းသံဂိုဏ်းမှ လေးနက်သော မျက်နှာထားများနှင့် အဘိုးအို ခုနစ်ဦးက စေလွှတ်လိုက်ခြင်းပင် ဖြစ်သည်။ ထိုကျောက်စိမ်းမန္တန်စာလိပ်များ လွှတ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် သူတို့သည် ဖြူဖွေးသော အလင်းတန်းများအဖြစ် ပြောင်းလဲကာ မန္တန်စစ်သည်တော်များ၏ ရှေ့မှောက်ဆီသို့ တဟုန်ထိုး ပျံသန်းသွားကြပြီး သူတို့၏ အထက် ကိုက်တစ်ရာခန့်အကွာတွင် လှည့်ပတ်စီးဆင်းနေကြရင်း မိမိတို့၏ အစစ်အမှန်ပုံစံကို ဖော်ထုတ်ပြသလိုက်ကြတော့သည်။

သူတို့သည် တစ်ခါ ကျုံ့သွားလိုက် တစ်ခါ ဖောင်းကားလာလိုက် ဖြစ်နေကြပြီးနောက် ကမ္ဘာမြေကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေမည့် မိုးကြိုးအက်ကွဲသံကြီးများကို ချက်ချင်း ထုတ်လွှတ်လိုက်ကြတော့သည်။ ထိုကျောက်စိမ်းမန္တန်စာလိပ် ခုနစ်ချပ်လုံးမှာ တစ်ခုပြီးတစ်ခု တစစီ ပြိုလဲပျက်စီးသွားကြပြီး စူးရှတောက်ပလှသော အဖြူရောင် လျှပ်စီးလုံးကြီးများအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။ သူတို့သည် ထိုနေရာ၌ပင် လွင့်မြောနေကြရင်း မျက်စိတစ်မှိတ်အတွင်းမှာပင် ကိုးပေလောက်အရွယ်အစားရှိသည့် နေမင်းငယ်များအလား အရှိန်အဟုန်ဖြင့် ပိုမို ကြီးမားလာကြတော့သည်။

မန္တန်စစ်သည်တော် အမြောက်အမြားမှာမူ ဤသည်ကို မြင်ရသည့်အခါ ကောင်းကင်ယံထက်သို့ မော့ကြည့်လိုက်မိကြပြီး ဘာလုပ်ရမှန်းမသိအောင် မှင်တက်သွားကြတော့သည်။

"မကောင်းတော့ဘူး။ ဒါက ရှေးဟောင်း မန္တန်စာလိပ်ပဲ။"

ပိန်ခြောက်ခြောက် အဘိုးအိုသည် ဤသည်ကို မြင်တွေ့လိုက်ရသည့်အခါ သူ၏ တည်ငြိမ်မှုကို လုံးဝ ဆုံးရှုံးသွားရုံတင်မကဘဲ ကြောက်လန့်တုန်လှုပ်မှုကြောင့် မျက်နှာတစ်ခုလုံး သေလောက်အောင် ဖြူဆုပ်သွားတော့သည်။ သူ မည်သို့မျှ တုန့်ပြန်နိုင်စွမ်းမရှိသေးခင်မှာပင် ထိုစူးရှတောက်ပနေသော နေမင်းကြီး ခုနစ်စင်းလုံးမှာ တစ်ခုပြီးတစ်ခု ဆက်တိုက် ပေါက်ကွဲသွားကြလေတော့သည်။

ပြင်းထန်လှသော လျှပ်စီးအဝန်းအဝိုင်းကြီးများမှာ မန္တန်စစ်သည်တော်များ၏ အထက်တွင် ချက်ချင်း ပေါက်ကွဲထွက်လာခဲ့ပြီး သူတို့ကို ကြီးမားလှသော လျှပ်စီးအရံအတား ခုနစ်ခုဖြင့် အပြည့်အဝ ဖုံးအုပ်ပစ်လိုက်တော့သည်။ အခြားသော ကျင့်ကြံသူများသည်လည်း ဤသည်ကို လှုပ်ရှားရန်အတွက် ချမှတ်ပေးလိုက်သော အချက်ပြလက္ခဏာတစ်ခုအဖြစ် မှတ်ယူလိုက်ကြပုံရပေသည်။ ကောင်းကင်ယံတစ်ခုလုံးတွင် ကွဲပြားသော အရောင်စုံ အလင်းတန်းမျိုးစုံ တဖျတ်ဖျတ် လင်းလက်သွားခြင်းနှင့်အတူ သူတို့သည်လည်း မိမိတို့၏ ကိုယ်ပိုင် မန္တန်စာလိပ်များကို ထိုတိုက်ပွဲကြီးအတွင်းသို့ အစွမ်းကုန် ပစ်လွှတ်လိုက်ကြတော့သည်။ ထိုအခိုက်အတန့်တွင်မူ ဖြူဖွေးတောက်ပသော အလင်းတန်းများကြားထဲကနေ ခပ်အုတ်အုတ် မိုးကြိုးခြိမ်းသံကြီးများ ဆက်တိုက် ထွက်ပေါ်လာခဲ့ပေသည်။

'အပြင်ဘက်မှာတော့ အတော်လေး ပွဲစည်နေတဲ့ပုံပဲ'

ဟန်လိသည် တစ်ကိုယ်တည်း ထိုသို့ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ သည်အခိုက်အတန့်တွင် သူက သူ၏ ရှေ့မှောက်တွင်ရှိသော သွေးနီရောင် အတားအဆီးကြီးကို လုံးဝ တည်ငြိမ်အေးချမ်းသော မျက်နှာထားဖြင့် စူးစိုက်ကြည့်လို့နေသည်။

ရန်သူတော် မောက်လန်များက သူတို့ကို ဤနေရာတွင် ပိတ်လှောင်ထားရန် ကြံစည်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရှိလိုက်ရသည့် အချိန်မှစ၍ ဟန်လိ၏ နှလုံးသားထဲတွင် ရှိနေသော စိုးရိမ်ပူပန်မှုများ အားလုံးမှာ သဲလွန်စမရှိ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းရန်သူတော်များမှာ ဤအတားအဆီးကြီးအပေါ်တွင် ရာနှုန်းပြည့် ယုံကြည်မှု ရှိနေကြပေလိမ့်မည်။ သို့သော် ထိုနည်းတူပင် ဟန်လိသည်လည်း သူ၏ အတားအဆီးမျိုးစုံကို ဖြိုခွဲဖျက်ဆီးပစ်နိုင်သော ကိုယ်ပိုင်စွမ်းရည်အပေါ်တွင် လုံးဝ ယုံကြည်မှု ရှိနေခဲ့သည်။ သို့သော်ငြားလည်း သူသည် မည်သည့် အချိန်တွင် ဤနေရာကနေ ပြန်လည် ထွက်ခွာသွားရမလဲဆိုသည်ကိုမူ သေချာဂရုစိုက်၍ ဆုံးဖြတ်ရပေလိမ့်မည်။

ဟန်လိသည် မိမိ၏စွမ်းအားကို အသုံးပြု၍ မောက်လန်များ၏ ကျူးကျော်မှုကို ဝင်ရောက် ကူညီ တားဆီးပေးရန် ဆန္ဒရှိနေသည်မှာ အမှန်ပင် ဖြစ်သော်လည်း သူသည် ဤမျှ ရှုပ်ထွေးလှသော စစ်ပွဲကြီး၏ အလယ်ဗဟို နေရာတွင် အဓိပ္ပာယ်မဲ့စွာဖြင့် အသက်စွန့်ရမည့် အမြတ်ထုတ်ခံရသော စတေးခံတစ်ဦးအဖြစ်နှင့်မူ လုံးဝ အဆုံးသတ်မခံချင်ပေ။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ ကျင့်ကြံသူ စစ်တပ်ကြီးများကြားမှ စစ်ပွဲကြီးတစ်ခုဖြစ်ပြီး ကျင့်ကြံသူချင်း တစ်ဦးနှင့်တစ်ဦး ရင်ဆိုင်ရသည့် သာမန်တိုက်ပွဲလေးတစ်ခု မဟုတ်ပေ။

အကယ်၍ သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် စဦးစိတ်ဝိညာဉ် အဆင့်ရှိ ကျင့်ကြံသူအမြောက်အမြား၏ သတိပြုမိခြင်းကို ခံလိုက်ရမည် သို့မဟုတ် မန္တန်စစ်သည်တော် ရာချီ၏ တစ်ပြိုင်နက်တည်း ပူးပေါင်း တိုက်ခိုက်ခြင်းနှင့် ကြုံတွေ့လိုက်ရမည်ဆိုပါက သူ၏ မိုးကြိုးလျှပ်စီး ရွှေ့လျားမှု ပညာရပ် ရှိနေခဲ့လျှင်ပင် အလွန်တရာ အန္တရာယ်များလှပေလိမ့်မည်။ သူ၏ အသက်ဘေးကင်းနိုင်ဖို့ရာအတွက် စစ်တပ်ကြီး နှစ်ခုလုံးကြားတွင် အပြန်အလှန် လုံးထွေးကာ တိုက်ခိုက်ကြမည့် အနီးကပ် တိုက်ပွဲကြီး စတင်လာပြီး အဆင့်မြင့် ကျင့်ကြံသူ အများစုမှာလည်း တစ်ဦးနှင့်တစ်ဦး အသည်းအသန် ရင်ဆိုင်နေကြရမည့် အချိန်ကျမှသာ သူ ပေါ်ထွက်သွားသည်က အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။

ဒါပေါ့... အကယ်၍ ဤသွေးစုပ်အတားအဆီးကြီး ပေါ်ထွက်မလာခဲ့ဘူးဆိုလျှင်တောင်မှ ဟန်လိတွင် စစ်ပွဲကြီး၏ အန္တရာယ်အရှိဆုံး အခိုက်အတန့်များအတွင်း၌ မြင်ကွင်းမှ ဖျတ်ခနဲ ပျောက်ကွယ်သွားနိုင်မည့် အခြားသော နည်းလမ်းမျိုးစုံလည်း ရှိနေသေးသည်သာ ဖြစ်ပေသည်။ အတားအဆီးကို ဖြတ်ကျော်၍ ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေမည့် မိုးကြိုးခြိမ်းသံများကို ခံစားမိလိုက်ရသည့်အတွက် ဤသည်မှာ အပြင်ဘက်တွင် အနီးကပ် တိုက်ပွဲကြီး ချက်ချင်း စတင်တော့မည့် လက္ခဏာတစ်ခု ဖြစ်ကြောင်း ဟန်လိ ကောင်းစွာ ရိပ်မိလိုက်သည်။ ထိုမျှ ကြောက်မက်ဖွယ်ကောင်းလှသော တိုက်ကွက်ကြီးကို မည်သည့်အရာက ဖြစ်တည်လာစေခဲ့မှန်း သူ သေချာ မသိသော်လည်း ၎င်းကို ဝင်ရောက် တောင့်ခံလိုက်ရသော ဘက်မှာမူ အကြီးအကျယ် ပျက်စီးပြိုလဲသွားရမှာကတော့ မြေကြီးလက်ခတ်မလွဲ သေချာလှပေသည်။

ထိုသို့ တွေးမိပြီးနောက် ဟန်လိသည် သက်ပြင်းချလိုက်ရင်း ခေါင်းကို ညင်သာစွာ ယမ်းလိုက်ပြီး သွေးစုပ်အတားအဆီးကြီး၏ အခြားသော နယ်ပယ်အသီးသီးကို ဆက်လက်၍ သေချာစွာ စူးစမ်းကြည့်ရှုလိုက်တော့သည်။

ဤသွေးစုပ်အတားအဆီးကြီးမှာမူ တကယ့်ကို ထူးခြားဆန်းပြားလှပေသည်။ သူ၏ စိတ်ဝိညာဉ်အာရုံသည်ပင်လျှင် ၎င်းကို နည်းနည်းလေးမျှ ဖြတ်ကျော် ဝင်ရောက်နိုင်စွမ်း မရှိချေ။ ဤအတားအဆီးမှာ မိစ္ဆာတာအို ပညာရပ်တစ်ခု ဖြစ်ကြောင်း ရှင်းလင်းစွာ သိသာလှသော်လည်း သူ၏ နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးက ၎င်းအပေါ်တွင် မည်သည့် အကျိုးသက်ရောက်မှုမျှ ရှိမနေခဲ့ပေ။ ဤသည်ကပင် ဟန်လိ၏ စိတ်ဝင်စားမှုကို အကြီးအကျယ် ဆွဲဆောင်နေခဲ့ခြင်း ဖြစ်သည်။

သည့်မတိုင်ခင်ကလည်း ဟန်လိသည် သူ၏ ကြည်လင်အမြင်မျက်လုံးကို အသုံးပြု၍ ဤသွေးစုပ်အတားအဆီးကြီး၏ နယ်ပယ်မျိုးစုံကို သေချာစွာ စူးစမ်းကြည့်ရှုခဲ့ဖူးသော်လည်း သွေးနီရောင် အလွှာကြီးကလွဲလို့ အခြား မည်သည့်အရာကိုမျှ ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း မရှိခဲ့ပေ။ ဤသည်ကလည်း ဟန်လိကို နည်းနည်းလေးမျှ စိတ်ရှုပ်ထွေးသွားအောင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ဘဲ အပြင်ဘက်တွင် စစ်ပွဲကြီး ဖြစ်ပွားနေဆဲ ဖြစ်တာကြောင့် သူ့အနေဖြင့် ဤအတားအဆီးကို သေချာစွာ လေ့လာစူးစမ်းရန်အတွက် အချိန်များစွာ ရှိနေသေးသည်သာ ဖြစ်ပေသည်။

ဟန်လိသည် သူ၏ပါးစပ်ကို ဟကာ မိုးပြာရောင် ဓားပျံငယ်တစ်လက်ကို မှုတ်ထုတ်လိုက်သည်။ သူ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ ၎င်းကို ထိန်းချုပ်လိုက်ရာ ထိုဓားပျံငယ်မှာ တစ်ပေခန့် ရှည်လျားသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အတားအဆီး နံရံဆီသို့ ပြင်းထန်စွာ သွားရောက် ထိုးနှက် တိုက်ခိုက်လိုက်တော့သည်။

ခပ်အုတ်အုတ် မြည်သံတစ်ခုနှင့်အတူ အတားအဆီးကြီးမှာမူ နည်းနည်းလေးမျှ လှုပ်ခတ်သွားခြင်း မရှိဘဲ သူ၏ ဓားပျံငယ်မှာမူ ကိုးပေခန့် အဝေးသို့ ချက်ချင်း ပြန်လည် လွင့်စင်သွားခဲ့ရပေသည်။

ဟန်လိသည် ဤသည်ကို မြင်သော်လည်း အံ့ဩသွားခြင်း မရှိဘဲ သူ၏ ဓားပျံငယ်ကို ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် သူ၏ လက်ထဲသို့ လုံးဝနက်မှောင်နေသော ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ သူ၏ မှော်ရတနာဖြစ်သော တောင်စဉ်တစ်ထောင် ဖြစ်ပေသည်။

သူက ၎င်းကို လေထုထဲသို့ ပစ်လွှတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် မန္တန်ချိပ်ဟန်တစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်သည်။ အနက်ရောင်အလင်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားခြင်းနှင့်အတူ ပေကိုးဆယ်ကျော် မြင့်မားသော သေးငယ်သည့် တောင်ကုန်းကြီးတစ်ခု သူ၏ ရှေ့တွင် ပေါ်ထွက်လာခဲ့ပေပြီ။

သူ၏လက်ညှိုးဖြင့် တစ်ချက် ညွှန်ပြလိုက်သည်နှင့် ထိုတောင်ကုန်းကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီးနောက် အဝေးတွင်ရှိသော အတားအဆီးနံရံဆီသို့ ကြမ်းတမ်းစွာ သွားရောက် ရိုက်ခတ်မိတော့သည်။ ပြင်းထန်လှသော ပေါက်ကွဲသံကြီးများနှင့်အတူ အနက်ရောင်အလင်းများနှင့် သွေးနီရောင်အလင်းတန်းများမှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ရောထွေးယှက်လိမ်သွားသော်လည်း ထိုတောင်ကုန်းကြီးမှာ နောက်သို့ ပြန်လည် လွင့်စင်သွားခဲ့ရပြီး အတားအဆီးကြီးမှာမူ အနည်းငယ်မျှသာ ခပ်သဲ့သဲ့ တုန်ခါသွားစေခဲ့ပေသည်။

ဟန်လိ၏ မျက်နှာထက်တွင် အံ့အားသင့်တုန်လှုပ်ဟန် ခပ်ရေးရေး ပေါ်ထွက်လာခဲ့ပြီး သူက သူ့မေးစေ့ကို လက်တစ်ဖက်ဖြင့် ကိုင်လျက် ဤကိစ္စနှင့် ပတ်သက်ပြီး စိတ်ထဲ၌ အတွေးများစွာဖြင့် ခေတ္တမျှ ချင့်ချိန်တွေးဆနေမိသည်။ သိပ်မကြာခင်မှာပင် သူက ထိုတောင်ကြီးထံသို့ ထပ်မံလက်ညွှန်လိုက်ရာ ထိုမှော်ရတနာမှာ သွေးစုပ်အတားအဆီးကြီး၏ ဗဟိုချက်တည့်တည့်ဆီသို့ ချက်ချင်း ပျံသန်းသွားတော့သည်။ သည့်နောက်တွင်မူ မန္တန်စာသားအချို့ကို တီးတိုးရွတ်ဆိုလိုက်ခြင်းနှင့်အတူ ထိုတောင်ကြီးမှာ အနက်ရောင်အလင်းများ တလျှံလျှံ လင်းလက်လာခဲ့ပြီးနောက် အရှိန်အဟုန်ဖြင့် ပိုမို၍ ကြီးမားပြန့်ကားလာတော့သည်။

ခဏလေးအတွင်းမှာပင် ၎င်းသည် ပေခြောက်ရာကျော်အထိ မြင့်မားလာခဲ့ပြီး အတားအဆီးကြီး၏ အပေါ်နှင့် အောက်ခြေ နံရံများကို တင်းကြပ်စွာ သွားရောက် ဖိကပ်မိတော့သည်။ ၎င်းသည် ရပ်တန့်သွားမည့် အရိပ်အယောင် နည်းနည်းလေးမျှ ရှိမနေပေ။ ဟန်လိက သူ၏ လက်နှစ်ဖက်ကို မြှောက်တင်လိုက်ပြီး ထိုတောင်ကြီးထံသို့ ဝိညာဉ်မန္တန် အမှတ်အသားမျိုးစုံကို ဆက်တိုက် ရိုက်နှက်လိုက်ရာ ၎င်းကို လျင်မြန်စွာ ကြီးမားလာစေခဲ့သည်။ ပြင်းထန်လှသော မြည်ဟိန်းသံများနှင့်အတူ ထိုတောင်ကြီးမှာ ပေကိုးရာကျော်အထိ မြင့်မားလာခဲ့ပြီး အနက်ရောင်အလင်းများ လင်းထင်းစွာ တောက်ပနေသဖြင့် ၎င်းသည် ဤသွေးနီရောင် အရံအတားကြီးကို အားမာန်အပြည့်ဖြင့် ထောက်ကန်ပေးထားသော ကြီးမားလှသည့် ကျောက်တိုင်ကြီးတစ်ခုအလား ထင်မှတ်ရပေသည်။ သိပ်မကြာခင်မှာပင် ထိုတောင်ကြီးကြောင့် သွေးစုပ်အတားအဆီးကြီးမှာ အပြင်ဘက်သို့ မသိမသာ ဖောင်းကြွ ထွက်ပေါ်လာခဲ့ပြီးနောက် အရံအတားတစ်ခုလုံးလည်း ပြင်းထန်စွာ လှုပ်ခါယမ်းသွားစေခဲ့သည်။

ဟန်လိသည် ဤသည်ကို မြင်ရသည့်အခါမှ စိတ်ထဲ၌ ကျေနပ်သွားကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများကို အစွမ်းကုန် လည်ပတ်စေလိုက်တော့သည်။ သူက ထိုတောင်ကြီးထံသို့ ကွဲပြားသော ဝိညာဉ်မန္တန် အမှတ်အသားမျိုးစုံကို မဆတ်မနား ဆက်လက်၍ ရိုက်နှက်လိုက်ရာ ၎င်းသည် တရွေ့ရွေ့ဖြင့် ပိုမို ကြီးမားလာခဲ့ပြီး သွေးစုပ်အတားအဆီးကြီးကို ပုံသဏ္ဌာန် ပျက်ယွင်းသွားစေသည်။ သို့သော်ငြား ၎င်းမှာ ထို့ထက်ပို၍ ပြန့်ကားမလာနိုင်တော့ဘဲ လုံးဝ တားဆီးခြင်း ခံလိုက်ရတော့သည်။

ဟန်လိသည် မိမိ ထုတ်ဖော်ထားသော လက်ချိပ်ဟန်များကို ချက်ချင်း ရပ်တန့်လိုက်ပြီး မျက်လုံးများကို မှေးစင်းလျက် သွေးစုပ်အတားအဆီးကြီး၏ အထက်ပိုင်းဆီသို့ စူးစိုက်ကြည့်ရှုသည်။ ကြည့်ရတာ တောင်စဉ်တစ်ထောင်မှော်ရတနာကို အသုံးပြုပြီး ဤအတားအဆီးကို ဖြိုခွဲဖျက်ဆီးပစ်မည့် သူ၏ အစီအစဉ်မှာမူ အလုပ်မဖြစ်ပုံပင်။ ဤအနေအထားအရ သည်အတားအဆီးကို ချိုးဖျက်ပစ်နိုင်ရန်အတွက် နတ်ဘုရားရေခဲမီးလျှံများနှင့် အထွတ်အထိပ်ခရမ်းရောင်မီးလျှံများကို ထုတ်သုံး၍ ထပ်မံ ကြိုးစားကြည့်ရပေတော့မည်။

အပိုင်း ၇၇၂ - နယ်စပ်တိုက်ပွဲ (၆)

ဟန်လိက ၎င်းတောင်ကြီးထံ လက်ညွှန်လိုက်၏။ ထိုအခါ ၎င်းသည် ဖြတ်ခနဲအတွင်း လက်မအနည်းငယ်အရွယ်အစားသို့ ပြန်ပြောင်းလဲကာ သူ့အင်္ကျီလက်အိုးထဲ ဝင်ရောက်သွားလေ၏။ သို့သော် အတားအဆီးကြီးမှာမူ အံ့အားသင့်ဖွယ်ကောင်းသော ကြံ့ခိုင်မှုမျိုးဖြင့် သိပ်မကြာခင်မှာပင် သူ၏ မူလပုံသဏ္ဌာန်အတိုင်း ချက်ချင်း ပြန်လည် တည်ဆောက်သွားခဲ့ပေသည်။

သူသည် ခန္ဓာကိုယ်ကို လှည့်လိုက်ပြီးနောက် လက်ညှိုးကို ဆန့်ထုတ်လိုက်သည်။ တဖြတ်ဖြတ် လက်လာမှုများနှင့်အတူ ပဲစေ့အရွယ်အစားခန့်ရှိသော ခပ်ဖျော့ဖျော့ မိုးပြာရောင် မီးလျှံလုံးကလေးတစ်ခု သူ၏ လက်ချောင်းထိပ်ပေါ်တွင် ပေါ်ထွက်လာခဲ့ပေပြီ။ သည့်နောက်တွင်မူ ဟန်လိက "သွား" ဟု မာန်သွင်းအော်ဟစ်လိုက်ရာ ထိုမီးလုံးကလေးမှာ အဝေးတွင်ရှိသော အတားအဆီးနံရံဆီသို့ တဟုန်ထိုး ထိုးနှက် တိုက်ခိုက်လေတော့သည်။

ခပ်အုတ်အုတ် မြည်သံတစ်ခုနှင့်အတူ ထိုမိုးပြာရောင် မီးလျှံများမှာ ပေါက်ကွဲထွက်သွားပြီးနောက် အတားအဆီးကြီး၏ အတွင်းဘက် အလွှာတစ်ခုလုံးကို ဖုံးလွှမ်းသွားစေသည့် မိုးပြာရောင် ရေခဲပြင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသဖြင့် ၎င်း၏ အတွင်းပိုင်း နယ်ပယ်တစ်ခုလုံးမှာ ဆိုးဝါးပြင်းထန်လှသည့် ဆောင်းရာသီအလား ချက်ချင်း ပြောင်းလဲသွားတော့သည်။ ၎င်းသည် လုံးဝ အေးစိမ့်လှသဖြင့် လူတစ်ဦးအနေဖြင့် လေတစ်ချက် ရှုထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုထွက်လာသော အသက်ရှူသံများမှာ နှင်းခဲများအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားနိုင်လောက်သည်။

စူးရှတောက်ပလှသော မိုးပြာရောင် ရေခဲပြင်ကြီးက သွေးစုပ်အတားအဆီးကြီး၏ အတွင်းဘက် အလွှာတစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်ရာ ဟန်လိသည် သူ၏ လက်ဝါးကို ၎င်းအပေါ်သို့ အရှိန်အဟုန်ဖြင့် ဖိချလိုက်ပြီး ထိုသိပ်သည်းလှသော ရေခဲပြင်ကြီးကို မိမိ၏ မိုးပြာရောင် ဓားချီများဖြင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ ရလဒ်အနေဖြင့် သူ၏ လက်ဝါးပတ်ပတ်လည်တွင်ရှိသော ရေခဲပြင်ကြီးမှာ တစစီ ပြိုလဲပျက်စီးသွားခဲ့ရပြီး ကြည်လင်ပြတ်သားလှသော ရေခဲစအစအနကလေးများအဖြစ် လေထုထဲတွင် ရစ်ဝဲလွင့်မြောနေကြတော့သည်။

ဟန်လိ၏ မျက်နှာအမူအရာမှာမူ လုံးဝ ခက်ထန် တင်းမာသွားတော့သည်။ သူ ရိုက်နှက်လိုက်သော ရေခဲပြင်နေရာ၌ မည်သည့် အထိအခိုက်မျှ ရှိမနေဘဲ ခုထက်ထိ သွေးကဲ့သို့ နီရဲနေသောကြောင့်ပင်။ ဤအတားအဆီးကြီးမှာ အမှန်တကယ် အေးခဲသွားခဲ့ခြင်း မရှိဘဲ ၎င်း၏ မျက်နှာပြင်ပေါ်တွင် နှင်းခဲအလွှာတစ်ခု ဖုံးလွှမ်းသွားခြင်းမျှသာ ဖြစ်ပေသည်။ သွေးချီ အရှိန်အဝါများမှာမူ ၎င်း၏ ဗဟိုချက်တည့်တည့်တွင် ခုထက်ထိ ပြင်းထန်စွာ လှည့်ပတ် စီးဆင်းနေဆဲပင် ဖြစ်သည်။

ဟန်လိသည် ခေတ္တမျှ ချင့်ချိန်တွေးဆနေပြီးနောက် လက်ဝှေ့ရမ်းလိုက်ရာ သူ့လက်ဝါးပေါ်၌ ခရမ်းရောင် မိစ္ဆာမီးတောက်များ ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။ သည့်နောက် သူက ၎င်းကို သွေးစုပ်အတားအဆီးကြီးပေါ်သို့ တိုက်ရိုက် ဖိချပစ်သည်။ နတ်ဘုရားရေခဲမီးလျှံများနှင့် အထွတ်အထိပ်ခရမ်းရောင်မီးလျှံများကြားမှ စွမ်းအား ကွာခြားချက်မှာ ထင်ရှားလှပေသည်။ ထိုခရမ်းရောင်မီးလျှံများမှာ အတားအဆီး နံရံနှင့် ထိတွေ့မိသွားသည်နှင့်တစ်ပြိုင်နက် အရံအတားကြီးထံကနေ ပေါက်ကွဲထွက်လာသော သွေးမြူလှိုင်းများမှာ ချက်ချင်းပင် ခဲသွားကြပြီး စူးရှတောက်ပလှသော ခရမ်းရောင် အလင်းတန်းများအဖြစ် ပြင်းထန်စွာ ဖြာထွက်လာတော့သည်။

သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခြင်းနှင့်အတူ သူက ဤခရမ်းရောင်မီးလျှံများကို သတိကြီးစွာဖြင့် ထိန်းချုပ်လိုက်ပြီး သူတို့၏ စွမ်းအားအားလုံးကို အတားအဆီးကြီး၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုတည်းပေါ်သို့သာ အပြည့်အဝ စူးစိုက်စေလိုက်သည်။ သည့်နောက်တွင်မူ သူ၏ ပါးစပ်ကို ဟလိုက်ပြီး ရွှေရောင် လျှပ်စီးတန်းတစ်ခုကို မှုတ်ထုတ်လိုက်ရာ သူ့ပါးစပ်ထံမှ ပေါက်ကွဲသံတစ်သံ ဟိန်းထွက်လာ၏။

ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားခြင်းနှင့်အတူ ထိုလျှပ်စီးတန်းမှာ အတားအဆီးကြီးပေါ်သို့ ကြမ်းတမ်းစွာ ကျရောက်သွားသဖြင့် သေးငယ်လှသော အက်ကြောင်းရာကလေးများစွာ ကျန်ရစ်ခဲ့ပေသည်။ သို့သော်ငြားလည်း သိပ်မကြာခင်မှာပင် အတားအဆီးကြီးမှာ ပြင်းထန်စွာ လှုပ်ခါသွားခဲ့ပြီးနောက် ချက်ခြင်း ပြန်ပြုပြင်သွားသည်။

ဟန်လိမှာမူ ဤသည်ကို မြင်ရသည့်အခါ ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ဤသွေးစုပ်အတားအဆီးကြီးမှာ တစ္ဆေတာအိုပညာရပ်များနှင့် ဆင်တူလှသည်။ ၎င်း၌ ၎င်းဘာသာ ချက်ချင်း ပြန်လည် ပြုပြင်နိုင်စွမ်းပင် ရှိနေ၏။ မောက်လန်များအနေဖြင့် ဤအစီအရင်အတားအဆီးအပေါ်တွင် အဘယ်ကြောင့် ဤမျှအထိ ယုံကြည်မှု ပြင်းထန်နေကြရသလဲဆိုသည်မှာ အံ့ဩစရာ မရှိတော့ပေ။ ခရမ်းရောင်မီးလျှံများကပင်လျှင် ၎င်းကို ထိခိုက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။ တကယ့်ကို ဤအစီအရင်အတားအဆီးကြီးမှာ စဦးစိတ်ဝိညာဉ်အဆင့်ရှိ ကျင့်ကြံသူများကို ပိတ်လှောင်ထားနိုင်စွမ်း ရှိသည်ထက်ပင် သာလွန်သည်ဟု ဆိုနိုင်သည်။

သူ့စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်မှုကို အနည်းငယ် ခံစားလိုက်ရသော်လည်း ဟန်လိက သူ၏ သိုလှောင်အိတ်ကို ချက်ချင်း ထိပုတ်လိုက်ရင်း လက်ထဲသို့ လက်မခန့် အရွယ်အစားရှိသော မိုးပြာရောင် ပုတီးစေ့လေးတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ သူ အသစ်စက်စက် ဖန်တီးထားခဲ့သော လျှပ်စီးပုတီးစေ့များထဲမှ တစ်ခုပင်။ ၎င်းကို သူ အချောသတ် သန့်စင်ပြီးကတည်းက ခုထက်ထိ စမ်းသပ်ကြည့်ရှုရန် အခွင့်အရေး မရှိခဲ့သေးချေ။

အဆက်မပြတ် ထွက်ပေါ်နေသော မိုးကြိုးခြိမ်းသံများကလွဲလို့ အပြင်ဘက်တွင် တိုက်ပွဲကြီး မည်သို့ ဖြစ်ပွားနေသလဲဆိုသည်ကို အာရုံခံနိုင်စွမ်းမရှိသဖြင့် ဟန်လိသည် ဤစစ်ပွဲကြီးမှာ စတင်ခါစ အဆင့်သာ ရှိသေးတာကြောင့် မိမိ၏ ရှေ့မှောက်တွင် ကြီးမားလှသော အတားအဆီးများစွာ ကျိန်းသေပေါက် စောင့်ကြိုနေလိမ့်မည်ဟု ယုံကြည်ထားပေသည်။ သည့်အပြင် ဖြစ်နိုင်ချေတစ်ခုလည်း ရှိသေး၏။ အကယ်၍ သူသည် ဤအတားအဆီးကြီးထဲကနေ ရုန်းထွက်ရန်အတွက် နှေးကွေးလွန်းနေခဲ့မည်ဆိုပါက ကျင့်ကြံသူ စစ်တပ်ကြီးမှာလည်း စစ်ရှုံးသွားခဲ့တာမျိုး၊ မိမိကိုယ်တိုင်လည်း မောက်လန်စစ်အင်အားစု၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံရတာမျိုးပင်။ သူ မည်မျှပင် ထူးချွန်ထက်မြက်နေပါစေဦးတော့ ဤကဲ့သို့သော အခြေအနေမျိုးကနေ ဘယ်လိုနည်းနှင့်မျှ လွတ်မြောက်နိုင်စွမ်း ရှိမှာ မဟုတ်ပေ။

ထိုသို့ တွေးမိပြီးနောက် သူ၏ စိတ်ဆန္ဒအတိုင်း ထိုလျှပ်စီးပုတီးစေ့ကို သူ၏လက်ဝါးထဲတွင် အရှိန်အဟုန်ဖြင့် လှည့်ပတ် စီးဆင်းစေလိုက်ရာ ၎င်းသည် လင်းထင်းစွာ တောက်ပလာခဲ့ပြီး သွေးစုပ်အတားအဆီးကြီးဆီသို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။

တော်လဲသံတစ်သံနှင့်အတူ ဦးခေါင်းအရွယ်အစားခန့်ရှိသော ရွှေရောင်နှင့်မိုးပြာရောင် ရောယှက်နေသည့် အလင်းလုံးကြီးတစ်ခုမှာ အတားအဆီးကြီး၏ အမိုးဆီသို့ ပြင်းထန်စွာ သွားရောက် ထိုးနှက်မိသဖြင့် အရံအတားကြီးတစ်ခုလုံးကို အပြင်းအထန် လှုပ်ခါသွားစေခဲ့သည်။ ဟန်လိ၏ မျက်နှာထက်တွင် အံ့အားသင့်တုန်လှုပ်ဟန် ခပ်ရေးရေး ပေါ်ထွက်လာခဲ့ပေသည်။ ဤလျှပ်စီးပုတီးစေ့၏ စွမ်းအားမှာ သူ မျှော်မှန်းထားခဲ့သည်ထက် များစွာ သာလွန်နေ၏။

ထိုအတွေး သူ၏ စိတ်ထဲ၌ ပေါ်ထွက်လာသည့် အခိုက်အတန့်မှာပင် သူ့မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကနေ မိုးပြာရောင် အလင်းတန်းများ လင်းထင်းစွာ ဖြာထွက်လာခြင်းနှင့်အတူ ကောင်းကင်ယံထက်သို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။ ဤ လျှပ်စီးပုတီးစေ့တိုက်ကွက်က သွေးစုပ်အတားအဆီးကြီးပေါ်တွင် အပေါက်ငယ်တစ်ခုကို လွယ်လင့်တကူ ဖြစ်ပေါ်စေခဲ့သဖြင့် ဟန်လိသည်လည်း တောင်တောင်အီအီတွေးမနေတော့ဘဲ ၎င်းထံ ပြေးဝင်သွားသည်။

ထိုအပေါက်ကလေးမှာ လျင်မြန်စွာပင် ပြန်လည် ကျုံ့ဝင်သွားသော်လည်း ဟန်လိမှာမူ အချိန်မီ အပြင်သို့ ဘေးကင်းစွာ လွတ်မြောက်နိုင်ခဲ့ပေပြီ။ သူ ကျေနပ်သွား၏။ ခရမ်းရောင် မီးလျှံများနှင့် မိုးပြာရောင်မီးလျှံများဖြင့် ဖန်တီးထားခဲ့သော ဤလျှပ်စီးပုတီးစေ့က သူ့ကို အံ့အားသင့်စေခဲ့လေပြီ။ ၎င်းက ဤမျှအထိ ခိုင်ခံ့လှသော အတားအဆီးကြီးကို အေးဆေးစွာ ဖြိုခွဲပစ်နိုင်ခဲ့သည် မဟုတ်လား။ အကယ်၍ ဤလျှပ်စီးပုတီးစေ့ကသာ အလုပ်မဖြစ်ခဲ့ဘူးဆိုလျှင် သူ့၌ ရွှေဝါးမြိုခြင်းပိုးတောင်မာများ သို့မဟုတ် သွေးမိစ္ဆာဓားတို့ကို ထုတ်သုံးရန်ကလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။ ရွှေဝါးမြိုခြင်း ပိုးတောင်မာများ မဝါးမြို၊ မဖျက်စီးနိုင်သည့်အရာဟူ၍ မရှိသော်ငြား ဤအတားအဆီးကြီးကို စားသုံးပစ်ရန်အတွက် အချိန်များစွာ ပိုမို ကုန်ဆုံးစေလိမ့်မည်။ သွေးမိစ္ဆာဓားနှင့် ပတ်သက်၍တော့ ၎င်းကို ထုတ်သုံးလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ဟန်လိအနေဖြင့် အလွယ်တကူ လက်မခံနိုင်ချေ။

လျှပ်စီးပုတီးစေ့က သွေးစုပ်အတားအဆီးကြီးကို ဤမျှအထိ လွယ်ကူစွာ ဖြိုခွဲပစ်နိုင်ခဲ့ခြင်းမှာ တကယ့်ကိုပင် ရှားပါးလှသော အလှည့်အပြောင်းတစ်ခု ဖြစ်ပေသည်။ ကြည့်ရတာ ခရမ်းရောင်မီးလျှံများမှာမူ ရိုးရှင်းသော မီးတောက်များကဲ့သို့ စစ်မှန်သော မီးဓာတ်စွမ်းအားမျိုး မဟုတ်ဘဲ ရေခဲဓာတ်စွမ်းအားများ ကိန်းအောင်းနေသောကြောင့် ဤအတားအဆီးကို ထိခိုက်အောင် မလုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပုံရသည်။

သို့သော် ဟန်လိသည် အတားအဆီးအပြင်ဘက်သို့ ပျံသန်းထွက်လာခဲ့စဥ် မည်သို့မည်ပုံ ဖြစ်ပျက်နေလဲဆိုတာ သေသေချာချာ မမြင်တွေ့ရသေးမီမှာပင် အံ့ဩတိတ်လန့်စရာကောင်းလှသော အော်သံဟစ်သံများကို အရင်ဦးစွာ ကြားလိုက်ရသည်။ သည့်နောက်တွင်မူ သူ၏ ဘေးပတ်ပတ်လည်တစ်ခုလုံး၌ ပြင်းထန်လှသော ပေါက်ကွဲသံကြီးများ၊ မြည်ဟိန်းသံများနှင့် ဒေါသတကြီး မာန်သွင်းဟစ်ကြွေးသံမျိုးစုံ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

ဟန်လိသည် အံ့ဩတုန်လှုပ်မှုများနှင့်အတူ ထိုမြင်ကွင်းကို အလျင်အမြန် ကြည့်ရှုလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏ ဘေးပတ်ပတ်လည်၌ မန္တန်စစ်သည်တော် ဆယ်ဦးက ဝန်းရံထားကြသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့၏ ကျင့်ကြံမှုအဆင့်များမှာမူ မြင့်မားလှခြင်း မရှိကြောင်း သူ ချက်ချင်း မြင်တွေ့လိုက်ရသည်။

သူတို့ထဲတွင် အမြုတေဖွဲ့စည်းခြင်း အဆင့်ရှိ မန္တန်စစ်သည်တော် နှစ်ဦးသာ ပါဝင်ပြီး ကျန်ရှိသော သူများမှာမူ အခြေခံတည်ဆောက်ခြင်း အဆင့်မျှသာ ဖြစ်ကြသည်။ ထိုသူတို့၏ လက်ထဲတွင် အစီအရင် အလံများကို ကိုင်ဆောင်ထားကြပြီး ဝိညာဉ်မန္တန် ပညာရပ်ကြီးတစ်ခုဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းပင်။ ဟန်လိက အတားအဆီးထဲကနေ ထွက်လာလာချင်း သူတို့ရှေ့မှောက်သို့ တန်းရောက်သွားခြင်း ဖြစ်၏။

ဟန်လိသည် သူတို့ကို လုံးဝ လစ်လျူရှုထားလိုက်ပြီး ထိုအစား ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို သေသေချာချာ စူးစမ်းကြည့်ရှုလိုက်သည်။ သူ၏ အသက်ရှူသံများပင် လုံးဝ အေးစိမ့်သွားသလို ခံစားလိုက်ရ၏။ သူ၏ ဘေးပတ်ပတ်လည်ရှိ ကောင်းကင်ယံထက်တွင် ဖြစ်စေ၊ မြေပြင်ပေါ်တွင် ဖြစ်စေ မရေမတွက်နိုင်သော ဝိညာဉ်အလင်းတန်းမျိုးစုံနှင့် ဂိုဏ်းစောင့်ရတနာ အရှိန်အဝါများဖြင့် ပြည့်နှက်နေရုံတင်မကဘဲ သူနှင့်အနီးမှာကော၊ အဝေးမှာကော ပြင်းထန်လှသော ပေါက်ကွဲသံကြီးများ တရစပ် ပဲ့တင်ထပ်နေတော့သည်။

နှစ်ဖက်အုပ်စုများဖြစ်သော ကျင့်ကြံသူများနှင့်မန္တန်စစ်သည်များမှာ အရေအတွက်မျိုးစုံဖြင့် အဖွဲ့အသီးသီး ခွဲထုတ်လိုက်ကြပြီးနောက် ပြင်းထန်လှသော အနီးကပ် တိုက်ပွဲကြီးအတွင်းသို့ အပြည့်အဝ သက်ဆင်းသွားခဲ့ကြပြီ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဟန်လိအနေဖြင့် မည်သည့်ဘက်က စစ်နိုင်နေသလဲဆိုသည်ကို သေသေချာချာ မြင်တွေ့နိုင်စွမ်း မရှိသေးပေ။ ထို့ကြောင့် သူ့အကြည့်က မန္တန်စစ်သည်တော်များဆီသို့ ပြန်ကျရောက်လာ၏။ သူ့အကြည့်က အေးစက်လှ၏။

ဤမန္တန်စစ်သည်တော်များမှာမူ ဟန်လိက ၎င်းသွေးစုပ်အတားအဆီးကြီးထဲကနေ ပျံသန်းထွက်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

"မကောင်းတော့ဘူး။ သူက စဦးစိတ်ဝိညာဉ် အဆင့်ရှိ ကျင့်ကြံသူပဲ။ နတ်ဘုရားပညာရှိတွေဆီ မြန်မြန်အကြောင်းကြားကြစို့"

အမြုတေဖွဲ့စည်းခြင်း အဆင့်ရှိ ကျင့်ကြံသူတစ်ဦးမှာ အရင်ဆုံး သတိပြန်လာ၏။

အခြားသော မန္တန်စစ်သည်တော်များမှာမူ သူ၏ အော်ဟစ်သံကို ကြားသိလိုက်ရသည့် အခါကျမှသာ မိမိတို့၏ ထိတ်လန့်တုန်လှုပ်မှုများထဲကနေ ချက်ချင်း သတိပြန်ဝင်လာကြတော့သည်။

နောက်ထပ်အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦးကလည်း အစိမ်းရောင်ဆေဘာဓားတစ်လက်ကို ထုတ်ယူကာ ဟန်လိကို ချက်ခြင်းတိုက်ခိုက်သည်။ အခြားမန္တန်စစ်သည်များမှာလည်း သတိဝင်လာကြပေပြီ။ အခြေခံတည်ဆောက်ခြင်းအဆင့်မန္တန်စစ်သည်များက မိမိတို့၏လက်ထဲမှ အစီအရင်အလံများကို ချက်ချင်း မြှောက်တင်လိုက်ကြပြီးနောက် မန္တန်စာသားမျိုးစုံကို တီးတိုးရွတ်ဆိုလိုက်ကြသည်။ အလံထိပ်ဖျားများဆီကနေ မတူညီသော အလင်းတန်းများ ဒါဇင်ချီ၍ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့ပြီး ဟန်လိ၏ ဘေးပတ်ပတ်လည်တွင် မီးပင်လယ်ကြိးတစ်ခုကို ဖွဲ့စည်းသွားစေသည်။

"အံမယ်"

ဟန်လိသည် ဤမန္တန်စစ်သည်တော်များမှာ အသက်ဘေးကနေ ထွက်ပြေးလွတ်မြောက်အောင် အရင်မကြိုးစားကြဘဲ မိမိကို ဤနေရာတွင် ပိတ်လှောင်ထားရန်အတွက် လက်ဦးမှု ယူ၍ အတင်းအကြပ် ကြိုးစားလာကြသည့်အပေါ် အံ့ဩသွားရပေသည်။ သို့သော်ငြားလည်း သူ၏ မျက်နှာထက်တွင်မူ ရက်စက်ကြမ်းကြုတ်လှသော လူသတ်ချင်စိတ် အရှိန်အဝါများ ချက်ချင်း ထွက်ပေါ်လာခဲ့လေပြီ။ သူ့အင်္ကျီလက်အိုးအတွင်းမှ မိုးပြာရောင်ဝါးတိမ်အုပ်ဓားများ ဒါဇင်ချီ၍ ချက်ချင်း ပျံသန်းထွက်လာတော့သည်။ ဟန်လိက မန္တန်ချိပ်ဟန်များ ထုတ်ဖော်လိုက်၏။ ထိုအခါ ဓားများသည် ပုံတူပွားသွားကာ သိပ်သည်းလှသော ဓားအလင်းအကာတစ်ခု ချက်ခြင်း ပေါ်လာသည်။ သူ့ပတ်ပတ်လည်၌ ကြောက်မက်ဖွယ်ဖိအားနှင့် ပြည့်နေသော ဓားချီများ ပြည့်နှက်သွားလေ၏။

အမြုတေဖွဲ့စည်းခြင်း အဆင့်ရှိ ကျင့်ကြံသူနှစ်ဦးမှာ ဤသည်ကို မြင်သည့်အခါ ကြောက်ရွှံ့သွား၏။ သို့သော် သူတို့က ဂရုမစိုက်။ သူတို့လက်အောက်မှလူများကို မှော်ရတနာများသုံးကာ ဆက်လက်တိုက်ခိုက်ရန်သာ အမိန့်ထပ်ပေးသည်။

ဟန်လိက အေးစက်စွာ ပြုံး၏။ သူ့လက်နှစ်ချောင်းကို အသာအယာ တောက်ထုတ်ကာ ဓားအလင်းတန်းများ ထုတ်ဖော်၍ တိုးဝင်လာသော ဓားသွား၊လှံသွားများကို တားဆီးပစ်သည်။ ချက်ခြင်းပင် ထိုမှော်ရတနာနှစ်ခုမှာ ဓားအလင်းများ၏ ဖိနှိပ်ခြင်းကို ခံရ၏။ ၎င်းတို့၏ ဝိညာဉ်အလင်းမှာလည်း လျော့ကျသွားသည်။ သူ၏ ဘေးပတ်ပတ်လည်တွင် ပြင်းထန်စွာ လှည့်ပတ်နေသည့် မီးပင်လယ်ကြီးမှာမူ သူ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော ဓားအလင်းများက ၎င်းတို့ နီးကပ်လာသည့် အခိုက်အတန့်တိုင်း၌ ချက်ချင်းပင် ပြန့်ကြဲ ပျောက်ကွယ်သွားစေသည်။

ဟန်လိသည် ဤမန္တန်စစ်သည်တော်များနှင့် အချိန်ကုန်ခံ၍ ကစားနေရန် စိတ်ကူးမရှိသဖြင့် သူ့ထံ၌ နောက်ထပ် ညှာတာနေမည့် အရိပ်အယောင် နည်းနည်းလေးမျှ ရှိမနေခဲ့ပေ။ သူ့အမိန့်အတိုင်း ဓားအလင်းများ ရာချီကွဲထွက်၍ အနီးနားရှိ မန္တန်စစ်သည်တိုင်းပေါ်သို့ အဆက်မပြတ် ထိုးနှက်တိုက်ခိုက်ပစ်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ မန္တန်စစ်သည်တော်များမှာမူ ဤတိုက်ကွက်ကို တားဆီးရန်အတွက် မိမိတို့၏ လက်ထဲမှ အစီအရင် အလံများကို ကမန်းကတမ်း မြှောက်တင်လိုက်ကြသော်လည်း ခုခံနိုင်စွမ်း မဲ့ရသည်ပင်။ အမြုတေဖွဲ့စည်းခြင်းအဆင့် မန္တန်စစ်သည်တော်များမှာမူ ဤဓားအလင်းတန်းများ မိမိတို့ထံသို့ ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရသည့်အခါ မျက်နှာတစ်ခုလုံး သွေးရောင်ကင်းမဲ့သွားသည့်နှယ် ဖြူဆုပ်သွားတော့သည်။ သူတို့တွင် ဤမျှ ပြင်းထန်လှသော တိုက်ကွက်ကြီးကို ဝင်ရောက် တောင့်ခံဝံ့သည့် သတ္တိမျိုး သို့မဟုတ် မိုက်ရူးရဲဆန်မှုမျိုး လုံးဝ ရှိမနေကြသဖြင့် အလင်းတန်းများအဖြစ် ပြောင်းလဲကာ အဝေးသို့ အသည်းအသန် ထွက်ပြေးကြတော့သည်။

ဟန်လိသည် ဤသည်ကို မြင်ရသည့်အခါ သူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ခနဲ ပေါ်ထွက်လာခဲ့ပေသည်။ မန္တန်ချိပ်ဟန်များကို လျင်မြန်စွာ ဖန်တီးလိုက်ခြင်းနှင့်အတူ ကြီးမားလှသော ဓားအလင်းစုကြီးနှစ်ခုက ထိုနှစ်ယောက်နောက်သို့ ချက်ချင်း လိုက်လံ တိုက်ခိုက်လေတော့သည်။ စူးရှလှသောမြည်ဟိန်းသံများနှင့်အတူ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ပူးပေါင်းလိုက်ကြခြင်းဖြင့် ပိုမို၍ အရှိန်အဟုန် မြင့်မားလာကြတော့သည်။

ထိုမောက်လန်မန္တန်စစ်သည်တော်နှစ်ဦးမှာ ကိုက်ငါးဆယ်ခန့်မျှ အရောက်တွင် ဓားအလင်း အရံအတားကြီးမှာ သူတို့ကို အပြည့်အဝ သိုင်းခြုံပစ်လိုက်ပြီ ဖြစ်သည်။ သူတို့၏ အသက်ဘေးကနေ ကာကွယ်ရန်အတွက် လျှို့ဝှက်ပညာရပ်များ ထုတ်သုံးကာ နည်းလမ်းမျိုးစုံဖြင့် အစွမ်းကုန် ကြိုးစားကြသည်။ သို့သော် ထိုမိုးပြာရောင်အလင်းတန်းကြီးမှာ သူတို့ကို ကာကွယ်ထားသော အရာအားလုံးကို ချက်ချင်း ဖျက်ဆီးပစ်လိုက်တော့သည်။ အော်ဟစ်ညည်းတွားသံပင် မပြုလုပ်နိုင်ကြတော့ဘဲ ထိုဓားအလင်းတန်းကြီးမှာ သူတို့၏ ခန္ဓာကိုယ်များကို တစစီ ဖြစ်သွားစေ၏။ သူတို့၏ကနဦးစိတ်ဝိညာဉ်ပင် မကျန်ခဲ့တော့ပေ။

ဟန်လိက သူတို့ကို အေးဆေးစွာဖြင့် သတ်ဖြတ်ပစ်လိုက်သည့် ထိုအခိုက်အတန့်မှာပင် သူ၏ အထက် ကောင်းကင်ယံဆီကနေ ရက်စက်ကြမ်းကြုတ်လှသော မာန်သွင်းအော်ဟစ်သံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။ ထိုမာန်သွင်းသံနှင့် တစ်ဆက်တည်းမှာ စူးရှတောက်ပလှသော အဝါရောင်အလင်းတန်းကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီးနောက် သူ၏ ရှေ့မှောက်ဆီသို့ အရှိန်အဟုန်ဖြင့် တဟုန်ထိုး သက်ဆင်းလာတော့သည်။ ထိုအခါ ဟန်လိ၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး သူက သူ့မိုးကြိုးလျှပ်စီးတောင်ပံကို ချက်ခြင်း ဖြန့်ကားကာ ငွေရောင်အလင်းတန်းအသွင်ပြောင်း၍ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

ထိုအဝါရောင် အလင်းတန်းကြီးအတွင်းမှ ပုံရိပ်မှာမူ ဤသည်ကို မြင်ရသည့်အခါ သူ၏ အရှိန်ကို အဆက်မပြတ် လျှော့ချလိုက်ရင်း တုံ့ဆိုင်းစွာဖြင့် ရပ်တန့်လိုက်ရတော့သည်။ သည့်နောက်တွင်မူ အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦး၏ အစစ်အမှန်ပုံစံ ပေါ်ထွက်လာခဲ့သည်။ သူ၏ မျက်နှာထက်တွင် ပြင်းထန်လှသော ဒေါသအရှိန်အဝါများ ပေါ်ထွက်လို့နေ၏။ တစ်ချိန်တည်းမှာ အံ့အားသင့်နေသည့်အမူအရာကိုလည်း သူ့မျက်နှာပေါ်တွင် မြင်နေရသည်။

ထိုသူမှာ ကောင်းကင်တောင်ပိုင်းမှ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူနှင့် တိုက်ခိုက်နေသော မောက်လန်သူတော်စင်ပင်။ ထိုသို့တိုက်ခိုက်နေစဉ် သူ့မျိုးနွယ်ဝင်ထံမှ အသံလွှင့်အဆောင်တစ်ခုကို ရုတ်တရက် လက်ခံရရှိခဲ့၍ တိုက်ခိုက်နေရင်းကနေ သည်နေရာသို့ တဟုန်ထိုး ပျံသန်းရောက်ရှိလာတာ ဖြစ်သည်။ အကြောင်းကား ဟန်လိလက်ချက်ဖြင့် သေသွားခဲ့သော အမြုတေဖွဲ့စည်းခြင်းအဆင့်မန္တန်စစ်သည်နှစ်ယောက်ထဲမှတစ်ယောက်သည် သူ့တူအရင်း ဖြစ်သလို သူ ပြုစုပျိုးထောင်ပေးခဲ့သော တပည့်ဆိုလည်း ဟုတ်နေသောကြောင့်ပင်။

သို့သော်ငြားလည်း ဟန်လိမှာမူ ထိုသူ၏မြင်ကွင်းထဲကနေ လျင်မြန်စွာပင် ဝင်ရောက် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဤမျှအထိ ရက်စက်ကြမ်းကြုတ်လှသော မြင်ကွင်းကြောင့် စိုးရိမ်ထိတ်လန့်သွားရခြင်းနှင့်အတူ သူက သေလောက်အောင် မုန်းတီးနေသော စိတ်ကို အတင်းအကြပ် ဖိနှိပ်လိုက်ရင်း သူ၏ စိတ်ဝိညာဉ်အာရုံကို ဘေးပတ်ပတ်လည်သို့ ချက်ချင်း ဖြန့်ကျက်ကာ စူးစမ်းကြည့်ရှုလိုက်သည်။

နောက်တစ်စက္ကန့်တွင်မူ သူ၏ နောက်ဘက်ကောင်းကင်ယံ၌ ငွေရောင် အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားခဲ့ပြီးနောက် ဟန်လိ၏ပုံရိပ်မှာ တစ်ဖန် ပြန်လည် ပေါ်ထွက်လာခဲ့လေပြီ။

"သေစမ်း"

ထိုအဘိုးအိုသည် အန္တရာယ်အာရုံခံစားမှုအရ ၎င်း၏ တည်ရှိမှုကို သိရှိလိုက်ရသည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်ကို အလျင်အမြန် လှည့်လိုက်ပြီးနောက် လက်ပင့်ကာ လေးထောင့်စတုရန်းပုံစံ မှော်ရတနာတစ်ခုကို ဟန်လိထံသို့ ချက်ချင်း ပစ်လွှတ်လိုက်တော့သည်။ ၎င်းသည် ပျံသန်းလာရင်းကနေ အဝါရောင် အလင်းတန်းများ လင်းထင်းစွာ တောက်ပလာခဲ့ပြီးနောက် ပေတစ်ရာ့နှစ်ဆယ်ကျော်ခန့် ကြီးမားလှသော ကျောက်သားအုတ်ခဲကြီးတစ်ခုအဖြစ်သို့ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားသည်။ ၎င်းက လေထုကို ထိုးခွင်းကာ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ကို ဆောင်ကျဉ်းလာ၏။

All Chapters