အခန်း (၇၇၃-၇၇၄)
Vol. 56 Ch. 773-774
အပိုင်း ၇၇၃ - နယ်စပ်တိုက်ပွဲ (၇)
ဟန်လိသည် မည်သည့်စိတ်ခံစားချက်မျှ မရှိသော မျက်နှာထားဖြင့် လက်ပင့်မြှောက်ကာ အင်္ကျီလက်အိုးအတွင်းမှ မိုးပြာရောင် အလင်းတန်းတစ်ခုကို ချက်ချင်း စေလွှတ်လိုက်တော့သည်။ ၎င်းအလင်းတန်းမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားလှသော ဒိုင်းကာကြီးတစ်ခုအဖြစ်သို့ ပြန့်ကားသွားပြီး တိုးဝင်လာသော ကျောက်သားအုတ်ခဲကြီး၏ ထိုးနှက်ချက်ကို အမိအရ ဝင်ရောက် ခုခံတားဆီးလိုက်လေတော့သည်။ ဘန်းခနဲ ပေါက်ကွဲသံကြီးနှင့်အတူ အဝါရောင် အလင်းတန်းများနှင့် မိုးပြာရောင် အလင်းတန်းများမှာ တစ်ခုနှင့်တစ်ခု လုံးထွေးယှက်လိမ်သွားကြပြီး ထိုကျောက်သားအုတ်ခဲကြီးနှင့် ဒိုင်းကာကြီးတို့မှာ လေထုထဲ၌ပင် တစ်ဖက်နှင့်တစ်ဖက် မလျှော့စတမ်း ထိပ်တိုက်တွေ့လေပြီ။
ထိုဒိုင်းကာကြီးမှာ မိမိရှိရာ အရပ်ဆီသို့ ပြန်လည် လွင့်စင်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ ဟန်လိသည် လုံးဝ တည်ငြိမ်အေးချမ်းစွာဖြင့် ၎င်းထံသို့ လက်တစ်ချက် ညွှန်လိုက်သည်။ မိုးပြာရောင် အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားခြင်းနှင့်အတူ ၎င်းသည် ရုတ်တရက် ငြိမ်သက်စွာ ရပ်တန့်သွားတော့သည်။ သည့်နောက်တွင်မူ ထိုကြီးမားလှသော ကျောက်သားအုတ်ခဲကြီးမှာ ဒိုင်းကာကြီးကို ဝေ့ဝိုက်၍ ပတ်ပျံလိုက်ပြီးနောက် ဟန်လိ၏ ကိုယ်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်လာသည်။
ဟန်လိသည် အေးစက်စွာဖြင့် ပြုံးလိုက်ပြီး ငွေရောင် အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားခြင်းနှင့်အတူ မြင်ကွင်းမှ တစ်ဖန် ပြန်လည် ပျောက်ကွယ်သွားပြန်သည်။ အဝါရောင် ဝတ်ရုံဝတ်အဘိုးအိုမှာမူ ဤသည်ကို မြင်ရသည့်အခါ များစွာ ထိတ်လန့်တုန်လှုပ်သွားရပြီး အခြား မည်သည်ကိုမျှ ထပ်မံ မတွေးတောနိုင်တော့ဘဲ ချက်ခြင်း လက်ပင့်မြှောက်ကာ ခရမ်းရောင် အလင်းတန်းတစ်ခုနှင့်အတူ သေးငယ်လှသော ခရမ်းရောင်အလင်းအလံငယ်တစ်ခုကို လက်ထဲသို့ ဆင့်ခေါ်လိုက်သည်။ ၎င်းအလံငယ်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ခရမ်းရောင် မိစ္ဆာတိမ်တိုက်ကြီးတစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဘေးကင်းစေရန် ဝန်းရံ ကာကွယ်ပေးသွား၏။
ထိုအခိုက်အတန့်တွင် ထိုအဘိုးအိုသည် သူ၏ ဘယ်ဘက်ခြမ်းမှ အက်ကွဲသံကြီးတစ်သံကို ကြားလိုက်ရ၏။ ထိုအသံနှင့်အတူ ဟန်လိ ပြန်ပေါ်လာခြင်းပင်။ ဟန်လိ၏ပုံရိပ် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် သူက ပါးစပ်ကို ဟကာ ထိုခရမ်းရောင် မိစ္ဆာတိမ်တိုက်ကြီးဆီသို့ ဓားပျံငယ်တစ်လက်ကို မှုတ်ထုတ်လိုက်တော့သည်။ နောက်တစ်စက္ကန့်တွင် ၎င်းဓားပျံငယ်၏ ကိုယ်ထည်ထက်ကနေ နက်မှောင်လှသော မိုးပြာရောင် မီးလျှံအလွှာတစ်ခု ပြင်းထန်စွာ ပေါက်ကွဲထွက်လာခဲ့ပေပြီ။
ထိုအဘိုးအိုသည် ဓားပျံငယ်၏ ထိပ်ဖျားထက်တွင် နတ်ဘုရားရေခဲမီးလျှံများ တောက်လောင်နေသည်ကို မြင်တွေ့လိုက်ရသည့်အခါ သူ့တည်ငြိမ်မှုအားလုံး ပျောက်ကွယ်သွား၏။ သူ့မျက်နှာထက်တွင်လည်း ထိတ်လန့်ကြောက်ရွှံ့ဟန် အထင်းသား ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်မှာ ကိုးပေခန့်အကွာအဝေးရှိသော နေရာဆီသို့ ချက်ချင်း ဝေဝါးပျောက်ကွယ်သွားခဲ့ပြီး ထိုဓားပျံငယ်၏ ဘေးအန္တရာယ်ကနေ အသည်းအသန် ရှောင်တိမ်းရန် ကြိုးစားလိုက်တော့သည်။
သို့သော် သူ လုံးဝ မျှော်လင့်မထားမိသည့်အရာတစ်ခု ဖြစ်လာခဲ့သည်။ အမျိုးသမီးတစ်ဦး၏ ပုံရိပ်မှာ သူ ရှောင်တိမ်းမည့် နေရာကို ကြိုတင် သိရှိနေခဲ့သည့်အလား သူ၏ နောက်ကျောဘက်တည့်တည့်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ သူမက လက်ကို မြှောက်တင်လိုက်ပြီး မိုးပြာရောင် အလင်းလုံးတစ်ခုကို စေလွှတ်လိုက်ရာ ၎င်းသည် လျှပ်စီးတန်းတစ်ခုအလား ထိုမန္တန်စစ်သည်တော်ကြီးထံသို့ ပြင်းထန်စွာ သွားရောက် ထိုးနှက် တိုက်ခိုက်လေတော့သည်။
ထိုအမျိုးသမီးမှာမူ တကယ့် တစ္ဆေသရဲတစ်ကောင်အလား မည်သည့် ခြေရာလက်ရာမျှ မချန်ဘဲ ရုတ်တရက် ပေါ်ထွက်လာခဲ့ခြင်းပင်။ ဤသည်မှာ ဟန်လိနှင့် ထိုအမျိုးသမီးတို့သည် ကြိုတင် တိုင်ပင်ထားခဲ့ကြသည့်အလား ရက်စက်ကြမ်းကြုတ်လှသော အသေတိုက်ကွက်တစ်ခုကို ချိန်သားကိုက်စွာ ထုတ်ဖော်လိုက်ကြခြင်း ဖြစ်၏။
ဤမျှအထိ လျင်မြန်ဆန်သွက်လှသော တိုက်ကွက်မျိုး ဖြစ်သော်ငြားလည်း ထိုအဘိုးအိုသည် မိမိ၏ စိတ်ဝိညာဉ်အာရုံအရ ဤဘေးအန္တရာယ် ကျရောက်လာသည်ကို ကြိုတင်၍ ရိပ်မိလိုက်ပေသည်။ သို့သော် သည်လောက် နီးကပ်လှသော အကွာအဝေးအတွင်းတွင်မူ သူ ရှောင်တိမ်းနိုင်စွမ်း လုံးဝ ရှိမနေခဲ့ဘဲ သူ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားအားလုံးကို ထိုခရမ်းရောင် မိစ္ဆာတိမ်တိုက်ကြီးအတွင်းသို့ အဆက်မပြတ် သွန်းလောင်းပေးလိုက်ခြင်းသာ ရှိတော့သည်။ ဘာပဲဖြစ်ဖြစ် သူသည် ဤခရမ်းရောင် မိစ္ဆာတိမ်တိုက်ကြီးအဖြစ် ပြောင်းလဲထားသော ဂိုဏ်းစောင့်ရတနာ၏ ကာကွယ်ရေးစွမ်းအားအပေါ်တွင် ယုံကြည်မှု အနည်းငယ် ရှိနေသေးသည်သာ။
ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေမည့် ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့ပြီးနောက် ရွှေရောင်အလင်းတန်းများနှင့် မိုးပြာရောင်အလင်းတန်းများမှာ စူးရှတောက်ပစွာ ဆက်တိုက် ဖြာထွက်လာတော့သည်။ ထိုထိပ်တိုက်တွေ့ဆုံမှုကြီးအတွင်း ခရမ်းရောင် မိစ္ဆာတိမ်တိုက်ကြီးမှာ ချက်ချင်းပင် တစစီ ပြိုလဲပျက်စီးသွားခဲ့ရပြီး ၎င်း၏ အတွင်း၌ရှိသော အဘိုးအိုမှာလည်း လုံးဝ စုတ်ပြတ်သတ်သွားရတော့သည်။ သူ၏ ခန္ဓာကိုယ် ထက်ဝက်ခန့်မှာ သဲလွန်စမရှိ ချက်ချင်း ပျောက်ကွယ်သွားခဲ့ရပြီး ကျန်ရှိနေသော ခန္ဓာကိုယ်ထက်ဝက်မှာလည်း မိုးပြာရောင် မီးလျှံများ၏ ရက်စက်စွာ ဝါးမြိုခြင်းကို ပြင်းထန်စွာ ခံနေရတော့သည်။
ထိုအဘိုးအိုမှာ မိမိကိုယ်ကိုယ် ယုံကြည်မှု မရှိနိုင်တော့ပေ။ သူ အသေအလဲ ဒေါသထွက်သွား၏။ အလွန်တရာလည်း ကြောက်လန့်သွားခဲ့လေပြီ။ ဗုံးခနဲ မြည်သံတစ်ခုနှင့်အတူ သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် မီးလောင်တိုက်သွင်းခြင်း ခံလိုက်ရပြီးနောက် အားကောင်းလှသော အဝါရောင် အလင်းတန်းတစ်ခု ကောင်းကင်ယံထက်သို့ တဟုန်ထိုး ပျံသန်းသွားခဲ့ရာ ၎င်း၏ အတွင်း၌မူ ထိုအဘိုးအို၏ ရုပ်သွင်နှင့် အတိအကျတူညီသော လက်မခန့်အရွယ်အစားရှိသည့် စဦးစိတ်ဝိညာဉ်ကလေးငယ်တစ်ဦး ပေါ်ထွက်လာတာ မြင်ရသည်။
လက်ရှိ အခြေအနေမှာမူ မိမိအတွက် လုံးဝ အဆင်မပြေတော့ကြောင်း ကောင်းစွာ သိရှိသွားခဲ့ပြီ ဖြစ်၍ သူသည် သူ့ခန္ဓာကိုယ်ကို စွန့်လွှတ်ရန်အတွက် ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် စဦးစိတ်ဝိညာဉ်အသွင်ဖြင့် အပြင်သို့ ပျံသန်းထွက်ခွာကာ အသည်းအသန် ထွက်ပြေးရန် ကြိုးစားလိုက်တော့သည်။
သို့သော်ငြားလည်း ဟန်လိသည် ထိုသို့ဖြစ်လာမည်ကို ကြိုတင်တွက်ချက်ထားပြီး ဖြစ်၏။ ထိုအဘိုးအို၏ စဦးစိတ်ဝိညာဉ်မှာ ထွက်ပြေးရန် ကြိုးစားလိုက်သည့် အခိုက်အတန့်မှာပင် သူက ငွေရောင်အလင်းတန်းတစ်ခုနှင့်အတူ မြင်ကွင်းမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး ၎င်း၏ ထွက်ပြေးမည့် လမ်းကြောင်းကို အပြည့်အဝ ပိတ်ဆို့လိုက်တော့သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ မိုးကြိုးခြိမ်းသံများနှင့်အတူ ရွှေရောင် ပိုက်ကွန်ကြီးတစ်ခုသည် သူ၏ လက်ထဲကနေ ချက်ချင်း ပေါက်ကွဲထွက်လာတော့သည်။ ထိုအခိုက်အတန့်တွင်ပင် မိုးပြာရောင် မီးလျှံများ ဖုံးလွှမ်းနေသော ဓားပျံငယ်တစ်လက်မှာလည်း သူ၏ အင်္ကျီလက်အိုးအတွင်းမှ ချက်ချင်း ပျံသန်းထွက်သွားသည်။
ထိုစဦးစိတ်ဝိညာဉ်ကလေးမှာမူ မိမိ၏ ရှေ့မှောက်တည့်တည့်တွင် ဟန်လိကို မြင်တွေ့လိုက်ရသည့်အခါ သူ့မျက်နှာထက်တွင် အကြောက်တရား ကြီးစိုးသွားပြီး သူ၏ ပျာယာခတ်နေသော စိတ်အဟုန်နှင့်အတူ ပါးစပ်ကနေ လက်မခန့် အရွယ်အစားရှိသည့် စိမ်းဖန့်ဖန့် ကြွေပန်းကန်လုံး မှော်ရတနာတစ်ခုကို ချက်ချင်း မှုတ်ထုတ်လိုက်ပေသည်။ ထိုတောက်ပလင်းလက်နေသော ငွေရောင်ပန်းကန်လုံးကြီးက ရွှေရောင် ပိုက်ကွန်ကြီးကို ခုခံတားဆီးရန်အတွက် တဟုန်ထိုး ပြေးဝင်သွားခဲ့ပြီး ၎င်းတို့ တစ်ဦးနှင့်တစ်ဦး မထိတွေ့မိကြသေးမီမှာပင် ထိုအဘိုးအို၏ စဦးစိတ်ဝိညာဉ်ကလေးငယ်မှာမူ မန္တန်ချိပ်ဟန်တစ်ခု ထုတ်ဖော်ကာ ၎င်းမှော်ရတနာကို ချက်ချင်း ပေါက်ကွဲစေလိုက်တော့သည်။ ငွေရောင် အလင်းတန်းများ ပြင်းထန်စွာ ပေါက်ကွဲထွက်လာခဲ့ခြင်းနှင့်အတူ မရေမတွက်နိုင်သော မှော်ရတနာ အပိုင်းအစကလေးများမှာ ရွှေရောင် မိုးကြိုးပိုက်ကွန်ကြီးပေါ်သို့ တရစပ် ကျရောက်သွားသဖြင့် ၎င်းကို အနည်းငယ် လှုပ်ခါသွားစေသည်။
ထိုသို့သော သေးငယ်လှသည့်အခွင့်ကောင်းတစ်ခုကို အမိအရဖမ်းကာ စဦးစိတ်ဝိညာဉ်ကလေးငယ်သည် တည်နေရာရွှေ့ပြောင်းခြင်း လျှို့ဝှက်ပညာရပ်တစ်ခုကို လျင်မြန်စွာ အသုံးပြုလိုက်ပေသည်။ အဝါရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားခြင်းနှင့်အတူ ထိုစဦးစိတ်ဝိညာဉ်ကလေးငယ်သည် သဲလွန်စမရှိ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီးနောက် ကိုက်တစ်ရာခန့် ဝေးကွာသော နေရာတွင် ချက်ခြင်း ပြန်ပေါ်လာသည်။ သည့်နောက်တွင်မူ သူသည် စူးရှတောက်ပလှသော အဝါရောင်အလင်းတန်းကြီးတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံထက်ကနေ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ရွှေရောင် မိုးကြိုးပိုက်ကွန်ကြီးမှာမူ ခြေတစ်လှမ်း နောက်ကျသွားခဲ့ရသဖြင့် မိမိ၏သားကောင်ကို အမိမဖမ်းနိုင်တော့ဘဲ လွတ်မြောက်သွားစေသည်။ ဟန်လိသည် မျက်မှောင်ကြုတ်လိုက်မိပြီး ထိုစဦးစိတ်ဝိညာဉ်ကလေးငယ် ထွက်ပြေးသွားရာအရပ်ဆီသို့ လှမ်းကြည့်လိုက်၏။ သို့သော် သူ့၌ ၎င်းနောက်သို့ လိုက်လံမည့် ရည်ရွယ်ချက် ရှိမနေပေ။
"ဒီလောက်အထိ ပါးနပ်ပြီး ပြတ်သားတဲ့ ကျင့်ကြံသူမျိုးကို ကျင့်ကြံခြင်းလောကမှာ တွေ့ရခဲလှတယ်။ သူက သူ့အသက်ဘေးကနေ ကာကွယ်နိုင်ဖို့အတွက် ကိုယ်ပိုင်အသက်သွေး မှော်ရတနာကိုတောင် ဘာမှ တွေဝေမနေဘဲ ချက်ချင်း ဖျက်ဆီးပစ်ရဲတာပဲ..."
ဝတ်စုံဖြူအမျိုးသမီးတစ်ဦးသည် ထိုစကားသံနှင့်အတူပေါ်လာ၏။ သူမလက်ထဲ၌ စောစောက ထွက်ပြေးသွားသောအဘိုးအို၏သိုလှောင်အိတ်ကို ကိုင်ထားလျက် ရှိသည်။
ဟန်လိကမူ အလိုမကျစွာ ပြောလာ၏။
“သူ…ကံကောင်းသွားရုံပါ”
ဟန်လိသည် ငွေရောင်လထံသို့ တစ်ချက် လှမ်းကြည့်ရင်း ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် မင်းရဲ့ တည်နေရာရွှေ့ပြောင်းခြင်း ပညာရပ်ကတော့ အရင်ကထက် ပိုအစွမ်းထက်လာပုံပဲ။ မင်းက ဒီလောက်အထိ နီးကပ်လှသော အကွာအဝေးအတွင်းမှာတောင် မိမိကိုယ်ကိုယ် အပြည့်အဝ ဖုံးကွယ်ထားနိုင်စွမ်း ရှိနေပြီပဲ"
ငွေရောင်လက ညင်သာစွာ ပြုံး၍ ပြန်တုံ့ပြန်သည်။
“သူငယ်အိမ်လေးခုမြေခွေးမျိုးနွယ်စုဟာ ကိုယ်ယောင်ဖျောက်ပညာရပ်မှာ မွေးရာပါ ကျွမ်းကျင်ကြပြီး ကျမဟာလည်း မကြာသေးခင်က ကျင့်စဉ်ကျင့်ကြံရာမှာ အောင်မြင်မှုတချို့ ရခဲ့တာကြောင့် သခင်ကသာ သူတို့ကို အာရုံလွှဲထားပေးမယ်ဆို အလွယ်တကူ အလစ်တိုက်ခိုက်နေပါပြီ…”
"ကောင်းတယ်"
ဟန်လိက မထူးခြားနားသော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ငွေရောင်လမှာမူ သူ၏ လက်နက်ဝိညာဉ်ကလေးမျှသာ ဖြစ်သော်ငြားလည်း သူမသည် သူ၏ လျှို့ဝှက်ဆန်းကြယ်လှသော ပုလင်းငယ်ကလေး၏ လျှို့ဝှက်ချက်ကို သိရှိထားသော တစ်ခုတည်းသော သူလည်း ဖြစ်ပေသည်။ သို့သော်ငြားလည်း သူမ၏ခန္ဓာကိုယ်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်လှသော ပဟေဠိအလွှာတစ်ခု ဖုံးကွယ်နေခဲ့ကြောင်း သူ ခပ်သဲ့သဲ့ ခံစားမိနေခဲ့သည်။ ထိုခံစားချက် မည်သည့်အချိန်က ပေါ်လာခဲ့သလဲကိုတော့ သူ မသိပေ။
ငွေရောင်လနှင့် စကားအနည်းငယ် ထပ်မံ ပြောဆိုလိုက်ပြီးနောက် ဟန်လိသည် ခေါင်းလှည့်ကာ စစ်ပွဲထံ သေချာလှမ်းကြည့်သည်။ သူ ပိုအာရုံစိုက်၍ သေချာကြည့်သည့် အခါကျမှသာ ဤရှုပ်ထွေးလှသော တိုက်ပွဲကြီးအတွင်းရှိ တကယ့် အခြေအနေမှန်ကို ဖြတ်ကျော် မြင်တွေ့နိုင်စွမ်း ရှိလာတော့သည်။
အမြင့်ဆုံးကောင်းကင်ယံတွင် စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့်ရှိသော ထိပ်တန်းကျင့်ကြံသူကြီး ခြောက်ဦးမှာ ပြင်းထန်စွာ တိုက်ပွဲဝင်နေကြသည်။ သူတို့ကို ဖယ်ထုတ်လိုက်မည်ဆိုလျှင် ဤစစ်ပွဲကြီးအတွင်း၌ ကဏ္ဌသုံးပိုင်းကွဲနေ၏။ ပထမတစ်ခုမှာ တိုက်ပွဲငယ်များ ဖြစ်ကြသည်။ ထိုတိုက်ပွဲများ၌ ကျင့်ကြံသူများနှင့်မန္တန်စစ်သည်များသည် လူဦးရေဆယ်ချီမှသည် ထောင်ချီထိ အုပ်စုအသီးသီးဖွဲ့ကာ အနီးကပ်တိုက်ခိုက်နေကြသည်။
ဤကျင့်ကြံသူများနှင့်မန္တန်စစ်သည်တော်တို့သည် မိမိတို့၏ သက်ဆိုင်ရာအဖွဲ့အသီးသီးအတွင်း၌ ပူးပေါင်း တိုက်ခိုက်ကြရာတွင် များစွာ ထူးချွန်ကြပေသည်။ ရလဒ်အနေဖြင့် သူတို့သည် အတူတကွ ပူးပေါင်းဆောင်ရွက်လိုက်ကြခြင်းဖြင့် တစ်ဦးတည်း ရှိနေချိန်ထက် သာ၍အစွမ်းထက်လာသည်။ နှစ်ဖက်စလုံးမှ တစ်ဦးကိုတစ်ဦး လွယ်လင့်တကူ သုတ်သင်ရှင်းလင်းနိုင်စွမ်း မရှိကြဘဲ လိပ်ခဲတည်းလည်းအခြေအနေတွင် ရှိနေ၏။
ထို့အပြင် လူအနည်းနှင့်အများကို ရင်ဆိုင်နေသော အဖွဲ့များလည်း ရှိကြ၏။ ၎င်းတို့ထဲမှ ကျင့်ကြံသူများနှင့်မန္တန်စစ်သည်တော်များမှာမူ ပိုမိုမြင့်မားသော ကျင့်ကြံမှုအဆင့်မျိုးကို ပိုင်ဆိုင်ထားကြသည်။ ဤတိုက်ပွဲများမှာမူ အဖွဲ့လိုက် တိုက်ပွဲများထက် များစွာ ပိုမို၍ အန္တရာယ်များလှသည်။ သတိလက်လွတ်၍ အမှားလေးတစ်ခု ပြုလုပ်မိသည်နှင့် မိမိ၏ ခန္ဓာကိုယ်ရော၊ကနဦးစိတ်ဝိညာဉ်ပါ အပြတ်ရှင်းခံရတာမျိုး ဖြစ်သွားနိုင်သည်။
နောက်ထပ်တိုက်ပွဲပုံစံတစ်ခုမှာ နက်နဲဆန်းပြားလှသော လျှို့ဝှက်ပညာရပ်များနှင့် ဂိုဏ်းစောင့်ရတနာမျိုးစုံကို အသုံးပြု၍ တစ်ဦးနှင့်တစ်ဦး ပြင်းထန်စွာ ထိပ်တိုက်ရင်ဆိုင်နေကြခြင်းပင်။
သူတို့ အားလုံးထဲတွင် အာရုံအဖမ်းစားနိုင်ဆုံး မြင်ကွင်းမှာမူ လေထုထဲတွင် လွင့်မြောနေရင်းကနေ စူးရှလှသော တစ္ဆေအော်ဟည်သံကြီးများကို အဆက်မပြတ် ထုတ်လွှတ်နေသည့် ကြီးမားလှသော အနက်ရောင်တစ္ဆေမြူခိုးကြီးတစ်ခုပင် ဖြစ်ပေသည်။ ၎င်းတစ္ဆေမြူခိုးကြီးအတွင်းသို့ ဖမ်းဆီးခြင်းကို ခံလိုက်ရသော မည်သည့် မန္တန်စစ်သည်တော်မဆို မျက်စိတစ်မှိတ်အတွင်းမှာပင် တကယ့် လူသေအလောင်းကြီးတစ်ခုအလား ကောင်းကင်ယံထက်ကနေ အောက်သို့ ချက်ချင်း ပြုတ်ကျသွားရတော့သည်။ ၎င်း ပေါ်ထွက်လာသည့် အရပ်ဒေသတိုင်း၌ ထိုအနီးနားတွင်ရှိသော မန္တန်စစ်သည်တော်များမှာမူ ကြောက်လန့်တုန်လှုပ်မှုမျိုးစုံဖြင့် အဝေးသို့ ချက်ချင်း ဖယ်ရှား ပျံသန်းကြရတော့သည်။
ထိုတစ္ဆေမြူခိုးကြီး၏ အနောက်ဘက်တွင် အကြောက်အလန့်ကင်းမဲ့လှသော မန္တန်စစ်သည်တော် အနည်းငယ် ရှိနေကြသည်။ သူတို့သည် လေဓာတ်နှင့်လျှပ်စီးဓာတ်စွမ်းအား ကိန်းအောင်းနေသော ဝိညာဉ်မန္တန်ပညာရပ်မျိုးစုံနှင့် မှော်ရတနာမျိုးစုံကို အသုံးပြု၍ ၎င်းတစ္ဆေမြူခိုးကြီးကို တရစပ် ထိုးနှက် တိုက်ခိုက်နေသည်။ သူတို့၏ တိုက်ကွက်တစ်ခုချင်းစီတိုင်းမှာမူ ထိုတစ္ဆေမြူခိုးကြီး၏ သေးငယ်သော အစိတ်အပိုင်းကလေးများကို ပြန့်ကြဲ ပျောက်ကွယ်သွားစေနိုင်ပုံရသည်။ သို့သော်ငြားလည်း ထိုတစ္ဆေမြူခိုးကြီးအတွင်း၌ ရှိနေသော ကျင့်ကြံသူများမှာလည်း မိမိတို့၏ မှော်အလံများကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ကြခြင်းဖြင့် ပိုမို၍ သိပ်သည်းလှသော တစ္ဆေမြူခိုးများကို ဆက်တိုက် ဆင့်ခေါ်နေဆဲပင်။ ဤသည်က မောက်လန်မန္တန်စစ်သည်တော်များအဖို့ ၎င်းကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမလဲ မသိတော့အောင် အကြပ်ရိုက်စေခဲ့ပေသည်။
အခြားသော စစ်တလင်းတစ်ခု၌ စဦးစိတ်ဝိညာဉ် အဆင့်ရှိ ကျင့်ကြံသူ ဒါဇင်ခန့်မှာ လက်ရှိတွင် ကိုက်သုံးရာခန့် မြင့်မားလှသော ကျောက်သားဘီလူးကြီးတစ်ကောင်ကို အပြင်းအထန် ဝိုင်းရံ တိုက်ခိုက်နေကြသည်။ ၎င်းဘီလူးကြီးမှာမူ သာမန်ကျောက်တုံးကျောက်စိုင်များနှင့်သာ ဖွဲ့စည်းထားခဲ့ပုံရသော်လည်း သူ၏ ခန္ဓာကိုယ်ကြီးမှာ အလွန်တရာ ကြီးမားလှရုံတင်မကဘဲ သူ လှုပ်ရှားလိုက်သည့် အခိုက်အတန့်တိုင်း၌လည်း သေးငယ်လှသော ကျောက်တုံးကျောက်စိုင် အမြောက်အမြား ကောင်းကင်ယံထက်ကနေ မိုးစက်များပမာ ဆက်တိုက် ကျရောက်လာစေနိုင်စွမ်း ရှိနေသည်။
ဤကျင့်ကြံသူများက မိမိတို့အစီအရင်များ၏ ကာကွယ်မှုအောက်တွင် ရှိနေခဲ့လျှင်ပင် ထိုကျောက်သား ဘီလူးကြီး၏ ပြင်းထန်လှသော တိုက်ကွက်များကို ဝင်ရောက် တောင့်ခံဝံ့ခြင်း မရှိကြပေ။ သည့်အပြင် ၎င်းဘီလူးကြီး၏ ဦးခေါင်းထက်တွင် ဖြစ်စေ၊ ပခုံးပေါ်တွင် ဖြစ်စေ မန္တန်စစ်သည်တော် အနည်းငယ် မတ်တပ်ရပ်နေကြပြီး သူတို့သည် မိမိတို့၏ ကိုယ်ပိုင် မှော်ရတနာမျိုးစုံကို အသုံးပြု၍ ၎င်းကျောက်သား ဘီလူးကြီး၏ တိုက်ကွက်များကို မြှင့်တင်နိုင်ရန် အစွမ်းကုန် ကူညီထောက်ပံ့နေကြသည်။
ထို့အပြင် ကျင့်ကြံသူအနည်းငယ်နှင့် မန္တန်စစ်သည်တော်အနည်းငယ်ကြားတွင်လည်း သာမန် ရှေးဟောင်းရတနာများထက် များစွာ ပိုမို၍ စွမ်းအားကြီးမားလှသော ခမ်းနားထည်ဝါသည့် မှော်ရတနာမျိုးစုံကို အသုံးပြု၍ အပြန်အလှန် ဆော်နေကြသည်။ ဤကဲ့သို့သော ဂိုဏ်းစောင့်ရတနာများနှင့် မျိုးနွယ်စုစောင့်ရတနာမျိုးစုံ၏ ပြင်းထန်လှသော စွမ်းအားကြီးများက ဟန်လိကို အမြင်ပိုကျယ်သွားစေသည်။
ဟန်လိသည် ထိုသွေးစုပ်အတားအဆီးကြီးထဲကနေ ပျံသန်းထွက်လာခဲ့သော်လည်း ခုလောက်ထိ ရှုပ်ထွေးလှသော စစ်ပွဲကြီးအတွင်း၌ မည်သည်ကိုမျှ ဝင်ရောက် မလုပ်ဆောင်သေးဘဲ အနီးနားတွင်ရှိသော တိုက်ပွဲများကိုသာ တည်ငြိမ်စွာသာ ဆက်လက် စောင့်ကြည့်နေမိသည်။ သူသည် လက်ရှိ ဖြစ်ပွားနေသော စစ်တလင်းများနှင့် တစ်မိုင်ခန့် ဝေးကွာသော နေရာတွင် ရှိနေခြင်းပင်။ သို့သော်ငြားလည်း မောက်လန်သူတော်စင် နှစ်ဦးမှာ ထိုတိုက်ပွဲကြီးအတွင်းကနေ ချက်ချင်း ရုန်းထွက်လာပြီးနောက် လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိသော အရှိန်အဟုန်မျိုးဖြင့် ဟန်လိရှိရာ အရပ်ဆီသို့ တဟုန်ထိုး ပျံသန်းလာကြတော့သည်။
ဟန်လိက မိမိတို့နှင့် အဆင့်တူ မန္တန်စစ်သည်တော်တစ်ဦးကို မျက်စိတစ်မှိတ်အတွင်း ရက်စက်စွာ သတ်ဖြတ်ပစ်လိုက်သည်ကို မြင်တွေ့လိုက်ကြရသဖြင့် ထိုနှစ်ဦးလုံးမှာ ဟန်လိကို အနိုင်ရနိုင်၊ မနိုင်အပေါ် မသေချာကြတော့ပေ။ သို့သော်ငြားလည်း သူတို့သည် ဤစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူကို ဤနေရာတွင် လွတ်လပ်စွာ သောင်းကျန်းခွင့်ပြုထား၍ လုံးဝ မဖြစ်နိုင်ကြောင်း ကောင်းစွာ နားလည်ထားကြပေသည်။ မဟုတ်ပါက သူ့ကြောင့် သူတို့ဘက်၌ ထိခိုက်နစ်နာမှု များသွားနိုင်သည်။
"လာခဲ့"
ဟန်လိက ငွေရောင်လထံသို့ အေးစက်စွာဖြင့် အမိန့်ပေးလိုက်ပေသည်။ သည့်နောက်တွင်မူ သူသည် ထိုအနီးနားတွင်ရှိသော အခြားသွေးစုပ်အတားအဆီးကြီးတစ်ခုဆီသို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။
ငွေရောင်လသည် ဤသည်ကို မြင်ရသည့်အခါ သူမ၏မျက်နှာထက်တွင် ဆန်းကြယ်လှသော အပြုံးတစ်ခု ဖြစ်ပေါ်လာခြင်းနှင့်အတူ ဟန်လိနောက်သို့ ပျံသန်းလိုက်လာ၏။
သွေးကဲ့သို့ နီရဲနေသော အလင်းအရံအတားကြီး၏ အထက်ပိုင်းတွင် မိုးပြာရောင် အလင်းတန်းတစ်ခု ချက်ချင်း ပေါ်ထွက်လာခဲ့ပြီး သိပ်မကြာခင်မှာပင် လျှပ်စီးပုတီးစေ့တစ်ခု၏ ပြင်းထန်လှသော ထိုးနှက်ခြင်းကို ခံလိုက်ရတော့သည်။ သည့်နောက်တွင်မူ ဟန်လိသည် အခြား သွေးစုပ်အတားအဆီးကြီးတစ်ခု၏ ရှေ့မှောက်တွင် တစ်ဖန် ပြန်လည် ပျောက်ကွယ်သွားခဲ့ပြန်ပေသည်။ သူ့အကြံကား နောက်ထပ်မလှုပ်ရှားခင် ဤနေရာတွင် ပိတ်လှောင်ခြင်း ခံထားရသည့် အခြားသော စဦးစိတ်ဝိညာဉ် အဆင့်ရှိကျင့်ကြံသူများကို အရင်ဦးဆုံး ကယ်တင်ပေးရန်ပင်။
ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခု ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြီး ထိုသွေးစုပ်အတားအဆီးကြီး၏ အက်ကြောင်းရာကလေးကြားကနေ ရက်စက်ကြမ်းကြုတ်လှသော သွေးနီရောင် အလင်းတန်းတစ်ခု ချက်ချင်း ပျံသန်းထွက်လာခဲ့ပေပြီ။ သည့်နောက်တွင်မူ ကောင်းကင်ယံတစ်ခုလုံးတွင် ကျယ်လောင်စွာ ရယ်မောသံတစ်သံ မြည်ဟိန်းထွက်သွား၏။ ထိုလွတ်မြောက်လာခဲ့သော သူက
"ကျုပ် ဝိညာဉ်ကြွေအနေနဲ့…တာအိုရောင်းရင်းရဲ့ ကြီးမားလှတဲ့ ကူညီစောင့်ရှောက်ပေးမှုအတွက် အထူးကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့ ကြင်နာမှုကို စကားလုံးနဲ့တောင် ဖော်ပြလို့ မရနိုင်ပါဘူး" ဟု ပြောလာသည်။ အနှီသွေးနီရောင် အလင်းတန်းကြီး ပြန့်ကြဲ ပျောက်ကွယ်သွားခဲ့ပြီးနောက် မီးခိုးရောင်ဝတ်ရုံဝတ် ကျင့်ကြံသူကြီးတစ်ဦး၏ အစစ်အမှန်ပုံစံ ပေါ်ထွက်လာခဲ့ပေသည်။
'တာအိုသခင် ဝိညာဉ်ကြွေလား။'
ဟန်လိသည် မိမိ ပထမဆုံး ကယ်တင်ပေးလိုက်ရသော သူမှာ ဤပုဂ္ဂိုလ်ဖြစ်နေတာ မြင်တွေ့လိုက်ရသည့်အခါ စိတ်ထဲ၌ အနည်းငယ် အံ့အားသင့်သွားရသည်။
"တာအိုရောင်းရင်း... ကျုပ် အခြားသူတွေကို ကူညီ ကယ်တင်ပေးနေတဲ့ အချိန်အတောအတွင်းမှာ ကျုပ်နောက်ကို လိုက်နှောက်ယှက်နေတဲ့နှစ်ယောက်ကို ဟန့်တား ထားပေးပါဦး"
ဟန်လိသည် လျှို့ဝှက်အသံလွှင့်ပညာရပ်ကို အသုံးပြု၍ ထိုလူထံသို့ ချက်ခြင်း အသံပို့လွှတ်လိုက်၏။
"ဟားဟား…။ ဘယ်သူများလဲလို့… တကယ့်ကိုပင် တာအိုရောင်းရင်း ဟန်လိ ဖြစ်နေတာပဲကို။ ခင်ဗျားရဲ့ ကျေးဇူးကြွေးကို ကျုပ် မှတ်ထားပါမယ်။ စိတ်ချပါ…ကျုပ် အဲ့နှစ်ယောက်ကို ဟန့်တားထားလိုက်ပါမယ်"
ဝိညာဉ်ကြွေက သူ့ကို ကယ်တင်ပေးခဲ့သူမှာ ဟန်လိမှန်း သိသွားပြီးနောက် အံ့အားသင့်သွားသော်လည်း ဟန်လိ၏တောင်းဆိုမှုကို ချက်ခြင်း သဘောတူလိုက်သည်။
အဖြူရောင်အလင်းတန်းအသွင်ပြောင်းကာ ဝိညာဉ်ကြွေသည် ဟန်လိနောက်မှ တိုက်ခိုက်ရန် လိုက်လာကြသော မောက်လန်သူတော်စင်နှစ်ဦးထံ တဟုန်ထိုး ပျံသန်းသွားတော့သည်။
ဟန်လိသည် စိတ်ဝိညာဉ်အာရုံဖြင့် ဤသည်ကို မြင်တွေ့လိုက်ရသည့်အခါ စိတ်ထဲ၌ တိတ်တဆိတ် ပြုံးလိုက်မိရင်း အခြား သွေးစုပ်အတားအဆီးကြီးတစ်ခုဆီသို့ အရှိန်အဟုန်ဖြင့် ချက်ချင်း ပျံသန်းသွားတော့သည်။ သူ၏လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ နောက်ထပ် မိုးပြာရောင် အလင်းတန်းတစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာခဲ့ပြန်သည်။
သို့သော် ထိုအခိုက်အတန့်တွင် သူ မျှော်လင့်မထားခဲ့သော အလှည့်အပြောင်းကြီးတစ်ခု ရုတ်တရက် ဖြစ်ပွားလာတော့သည်။ ထိုသွေးစုပ်အတားအဆီးကြီး၏ ထိပ်ဖျားထက်တွင် မီးခိုးရောင် အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားခဲ့ပြီးနောက် ပန်းထိုးဝတ်ရုံဝတ် လူကြီးတစ်ဦး၏ပုံရိပ် ချက်ချင်း ပေါ်ထွက်လာခဲ့ပေပြီ။ သူက တိုးဝင်လာသော လျှပ်စီးပုတီးစေ့ကို လေးနက်တည်ငြိမ်သော မျက်နှာထားမျိုးဖြင့် စူးစိုက်ကြည့်ရှုနေ၏။
ဟန်လိမှာမူ ဤသည်ကို မြင်ရသည့်အခါ ကြီးစွာ ထိတ်လန့်တုန်လှုပ်သွားရတော့သည်။ သည်ပုဂ္ဂိုလ်မှာ မည်သည့် ခြေရာလက်ရာမျှ မချန်ဘဲ မိမိ၏ အာရုံခံစားမှုများကိုပါ လုံးဝ ကျော်ဖြတ်၍ ဤနေရာတွင် ဘယ်လိုလုပ် လျှို့ဝှက်စွာ ပုန်းကွယ်နေနိုင်ရပါသနည်း။ သူ့စိတ်ဝိညာဉ်အာရုံဖြင့် ထိုလူ့အပေါ် စူးစမ်းကြည့်လိုက်ချိန်၌ သူ၏ထိတ်လန့်မှုကို ဖုံးကွယ်မထားနိုင် ဖြစ်သွားရ၏။
အပိုင်း ၇၇၄ - နယ်စပ်တိုက်ပွဲ (၈)
ဟန်လိသည် သူ၏ စိတ်ဝိညာဉ်အာရုံကို ချက်ချင်း ဖြန့်ကျက်၍ အကဲခတ်ကြည့်လိုက်ရာ ထိုပန်းထိုးဝတ်ရုံဝတ်လူကြီးမှာ အံ့ဩဖွယ်ကောင်းလောက်အောင် စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံမှုမျိုးကို ပိုင်ဆိုင်ထားကြောင်း တွေ့ရှိလိုက်ရသည်။ သူသည် မောက်လန်တို့၏ သူတော်စင်ကြီးတစ်ဦး ဖြစ်နေသည်။ မောက်လန်မျိုးနွယ်စုတွင် သူတော်စင်ကြီး သုံးဦးသာ ရှိသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည် မဟုတ်ပါလား။ သို့ဆိုလျှင် ဤသူက မည်သူနည်း။
ဟန်လိသည် စိတ်ထဲ၌ တုန်လှုပ်နေခြင်းကနေ ပြန်လည် မတည်ငြိမ်နိုင်သေးမီမှာပင် ထိုပန်းထိုးဝတ်ရုံဝတ် လူကြီးက ပြင်းထန်လှသော လျှပ်စီးပုတီးစေ့ တိုးဝင်လာရာ လမ်းကြောင်းဆီသို့ သူ၏လက်ကို ဆန့်ထုတ်၍ လေထုကို အတင်းအကြပ် ဖမ်းဆုပ်လိုက်တော့သည်။
ဟန်လိသည် အခြေအနေကို ကြည့်ကာ များစွာ စိုးရိမ်ပူပန်သွားရသဖြင့် ထိုလျှပ်စီးပုတီးစေ့ကို လမ်းကြောင်းပြောင်းလဲရန်အတွက် မဆိုင်းမတွဘဲ ခပ်မြန်မြန် လက်ညွန်လိုက်သော်လည်း နောက်ကျသွားခဲ့ချေပြီ။ ကြီးမားလှသော မိုးပြာရောင် လက်ဝါးကြီးက လေထုထဲ၌ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး လွှမ်းမိုးချုပ်ကနိုင်နိုင်သော စွမ်းအားမျိုးဖြင့် ၎င်းပုတီးစေ့ကို အမိအရ ဖမ်းဆုပ်ကာ နေရာတွင် ရပ်တန့်သွားစေ၏။ ပုတီးစေ့မှာ ရှေ့သို့ ဆက်တိုးနိုင်စွမ်း မဲ့သွားတော့၏။
ဟန်လိသည် မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏ လက်နှစ်ဖက်ဖြင့် မန္တန်ချိပ်ဟန်တစ်ခုကို လျင်မြန်စွာ ဖြစ်ပေါ်စေကာ ထိုလျှပ်စီးပုတီးစေ့၏ အတားအဆီးများကို ချက်ချင်းပင် ဖောက်ခွဲပစ်လိုက်သည်။ ရွှေရောင်အလင်းတန်းများနှင့် မိုးပြာရောင်အလင်းတန်းများမှာ ထိုကြီးမားလှသော လက်ဝါးကြီးအတွင်းကနေ ပြင်းထန်စွာ ပေါက်ကွဲထွက်လာခဲ့ပြီးနောက် ၎င်းပုတီးစေ့ရော၊ ထိုလက်ဝါးကြီးပါ သဲလွန်စမရှိ တစ်ပြိုင်နက်တည်း ကွယ်ပျောက်သွားတော့သည်။
ထိုပန်းထိုးဝတ်ရုံဝတ်လူကြီးမှာမူ ဤသည်ကို မြင်ရသည့်အခါ အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်သော်လည်း မိုးပြာရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားခြင်းနှင့်အတူ သူ၏ မျက်နှာထားမှာ ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်သွားသည်။ ဟန်လိမှာမူ မူလနေရာ၌ပင် ရှိနေဆဲဖြစ်ကာ စကားတစ်လုံးမျှ မဆိုဘဲ သူ့ကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။
ထိုပန်းထိုးဝတ်ရုံဝတ် လူကြီးကလည်း ဟန်လိကို သေသေချာချာ စူးစမ်းကြည့်ရှုလိုက်ပြီးနောက် မေးလိုက်သည်။
"မင်းက ရွှေရောင်လျှပ်စီးဝါးကို ကိုင်ဆောင်ထားတဲ့ ကျင့်ကြံသူ ဟန်လိ ဆိုတာလား..."
ဟန်လိသည် ထိုသူ၏ မေးခွန်းကို ပြန်လည်ဖြေကြားခြင်းမပြုဘဲ ဆန့်ကျင်ဘက်အနေဖြင့်သာ ပြန်လည် မေးခွန်းထုတ်လိုက်၏။
"မောက်လန်မျိုးနွယ်စုမှာ သူတော်စင်ကြီး သုံးဦးပဲ ရှိရမှာလေ။ ခင်ဗျားက ဘယ်သူလဲ..."
ထိုပန်းထိုးဝတ်ရုံဝတ် လူကြီးက မထူးခြားနားသော လေသံဖြင့် အေးဆေးစွာ ဆိုလိုက်သည်။ "ကောင်းတယ်။ မင်းက ကျုပ်ကို သူတော်စင်ကြီးတစ်ဦးမှန်း သိနေတာတောင်မှ အခုလိုမျိုး တည်တည်ငြိမ်ငြိမ် ရှိနေနိုင်တာကို ကြည့်ရင် မင်းဟာ သူတော်စင်ကျုံး ပြောပြခဲ့တဲ့သူ ဖြစ်ရမယ်။ ကျုပ်ရဲ့ နာမည်က ထျန်းကျုံး... မောက်လန်ရဲ့ စတုတ္ထမြောက် သူတော်စင်ကြီးပဲ"
"မောက်လန်ရဲ့ စတုတ္ထမြောက် သူတော်စင် ဟုတ်လား။ ဒါက ကျုပ်အတွက်တော့ ပထမဆုံးအကြိမ် ကြားဖူးတာပဲ။ ဒါပေမဲ့လည်း ခင်ဗျား ခုနက ထုတ်ဖော်လိုက်တဲ့ လက်ဝါးချက်က ကျုပ်ရဲ့ လျှပ်စီးပုတီးစေ့ကို လုံးလုံးလျာလျာ ခုခံတားဆီးနိုင်စွမ်း ရှိမနေခဲ့ပုံရတယ်။ ကြည့်ရတာ ခင်ဗျားက စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့်ကို ဝင်ရောက်နိုင်ခဲ့တာ သိပ်မကြာသေးပုံပဲ။ ခင်ဗျားရဲ့ ကျင့်ကြံမှုကိုတောင် သေချာ တည်ငြိမ်အောင် မလုပ်ရသေးဘူး မဟုတ်လား..."
ဟန်လိသည် မည်သည့် ကြောက်ရွံ့ခြင်းမျှမရှိဘဲ လွတ်လပ်စွာပင် ဆိုလိုက်ရင်း ထျန်းကျုံးကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူက သူ၏ ခန္ဓာကိုယ်အရှေ့၌ ရှိနေသော မိုးပြာရောင် ဓားအလင်းတန်းမျိုးစုံကို အသာအယာ ညွှန်ပြလိုက်ရာ ၎င်းတို့မှာ တစ်နေရာတည်း၌ အတူတကွ စုစည်းသွားကြပြီးနောက် သူ့ကို ဘေးကင်းစွာ ကာကွယ်ပေးမည့် မိုးပြာရောင် အလင်းတံတိုင်းကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်။
"ကျုပ် စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့တာ နှစ်အနည်းငယ်ပဲ ရှိသေးတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ မင်းက ကျုပ်ကို ယှဉ်နိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား။ မင်းရဲ့ မောက်မာမှုကတော့ တကယ့်ကို အတိုင်းထက်အလွန် ပါပဲလား..."
ထျန်းကျုံးသည် အေးစက်စွာဖြင့် လှောင်ပြုံး ပြုံးလိုက်ပေသည်။
"တကယ်လို့ သူ တစ်ယောက်တည်းသာဆိုရင်တော့ ရှင် ပြောတာ ဟုတ်ကောင်းဟုတ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ကျမပါ ဒီမှာ ရှိနေတယ်လေ"
အမျိုးသမီးတစ်ဦး၏အသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သိပ်မကြာခင်မှာပင် ဟန်လိသည် ဤအသံပိုင်ရှင်ကို သိရှိသွားသဖြင့် ဝမ်းသာသွားမိသည်။
"နင်က ဘယ်သူလဲ"
ထိုမန္တန်စစ်သည်တော်ကြီးမှာမူ များစွာ အံ့ဩထိတ်လန့်သွားရပြီး သူ၏ မျက်လုံးများအတွင်း၌ ခက်ထန်သော အကြည့်တစ်ချက် ချက်ချင်း ဖြတ်ပြေးသွားသည်။
"ကျမ…ရှင့်ကို မတွေ့မိတာ နှစ်ပေါင်းတစ်ရာလောက် ရှိရောပေါ့။ ဒါပေမဲ့ ရောင်းရင်းထျန်းက စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ ရှင်က ကျမကို တကယ့်ကိုပင် အံ့အားသင့်သွားစေတာပဲ။ ကဲပါလေ…ရှင့် စွမ်းရည် ဘယ်လောက်ထိ တိုးတက်လာလဲဆိုတာ ပြလိုက်စမ်းပါ..."
ထိုသို့ ပြောပြီးပြီးချင်းမှာပင် အဖြူရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားခဲ့ပြီးနောက် ဝတ်ရုံနီ ဝတ်ဆင်ထားသော မိန်းမလှတစ်ဦး လေထုထဲ၌ ပေါ်လာခဲ့သည်။ သူမက ပေါ်လာသည်နှင့် ထျန်းကျုံးကို အေးတိအေးစက် ကြည့်၏။
သူမကို မြင်လိုက်ရသည့်အခါ ထျန်းကျုံး၏ မျက်နှာအမူအရာမှာ မသိမသာ လှုပ်ရှားသွားခဲ့ရပြီး ဆိုလိုက်သည်။
"ဪ…ဘယ်သူများလဲလို့ အမျိုးသမီးဖန်း ဖြစ်နေတာကိုး။ ဒါပေမဲ့ မင်းက ဒီနေရာကို တစ်ယောက်တည်း လာခဲ့တာဆိုတော့ လုံဟန့် တစုံတခု ဖြစ်သွားမှာကို နည်းနည်းလေးတောင် မစိုးရိမ်ဘူးလား။ မင်းနဲ့ မင်းရဲ့ ခင်ပွန်းက အမြဲတမ်း ပူးတွဲ တိုက်ခိုက်လေ့ ရှိကြတာ မဟုတ်လား..."
"ပူပန်နေဖို့ မလိုပါဘူး။ ကျမရဲ့ ခင်ပွန်းကိုတော့ ကျင့်ကြံသူ တစ်ထောင်ကျော်က ဘေးကင်းစွာ ကာကွယ်ပေးထားကြပါတယ်။ ရှင်တို့လို သူတော်စင်တွေ ကိုယ်တိုင်ကိုယ်ကျ သွားရောက် တိုက်ခိုက်မယ်ဆိုရင်တောင်မှ သူ့ကို ထိခိုက်အောင် လုပ်နိုင်စွမ်း ရှိကြမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျမက စတုတ္ထမြောက် သူတော်စင်ကြီးရဲ့ စွမ်းရည်တွေကို စမ်းသပ်ကြည့်ဖို့အတွက် ဒီကို ရောက်လာခဲ့တာပါ။ တာအိုရောင်းရင်းဟန်... ရှင့်အနေနဲ့ အခြားသူတွေကို ကူညီ ကယ်တင်ပေးဖို့အတွက် ခုချက်ချင်း ထွက်သွားနိုင်ပါပြီ..."
သူမက ထိုသို့ ပြောဆိုပြီးသည်နှင့် သူမ၏ လက်မောင်းကို ပင့်မြှောက်ကာ လက်ချောင်းများကို ဆန့်ထုတ်လိုက်ရာ ကြည်လင်ပြတ်သားသော မီးလျှံပုလင်းငယ်တစ်ခု သူမ၏ လက်ဖဝါးထက်တွင် ပေါ်လာတော့သည်။ သူမက မည်သည့် မှော်ပညာရပ်ကိုမျှ စတင်ထုတ်ဖော်ခြင်း မပြုရသေးမီမှာပင် ထိုပုလင်းငယ်ထံကနေ နီရဲသော အလင်းတန်းများ ပြင်းထန်စွာ တောက်ပလာခဲ့ပြီး ၎င်း၏ အတွင်း၌မူ တောက်လောင်နေသော မီးလျှံများ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့ပေပြီ။
"မီးဝိညာဉ်ပုလင်း ပါလား"
ထျန်းကျုံး၏ မျက်နှာထက်တွင် လေးနက်သော အမူအရာတစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။ ဟန်လိကမူ သူမ၏ စကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် မိုးပြာရောင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ထိုနေရာကနေ တဟုန်ထိုး ပျံသန်းထွက်ခွာသွားတော့သည်။
ထျန်းကျုံး၏ မျက်နှာမှာ ပိုမို၍ သုန်မှုန်သွားခဲ့ရပြီး သူ၏ ဝိညာဉ်သားရဲအိတ်ကို လေထုထဲသို့ အလျင်အမြန် ပစ်တင်လိုက်တော့သည်။ သက်တံရောင် အလင်းတန်းများ ဖြတ်ခနဲ လင်းလက်သွားခြင်းနှင့်အတူ ထိုအိတ်အတွင်းကနေ ပုံသဏ္ဌာန် အတိအကျ တူညီလှသော အတောင်ပံပါ သားရဲ နှစ်ကောင် ချက်ချင်း ထွက်ပေါ်လာသည်။ ၎င်းတို့မှာ မိုးပြာရောင် လင်းယုန်ငှက်၏ ခန္ဓာကိုယ်နှင့် ကျားရဲတစ်ကောင်၏ ဦးခေါင်းမျိုးကို ပိုင်ဆိုင်ထားကြပေသည်။
"ကောင်းကင်ကျားတွေ ပါလား"
ဟန်လိသည် ထိုသားရဲများ ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ သူ၏ နှလုံးသားထဲ၌ များစွာ ထိတ်လန့်တုန်လှုပ်သွားရပြီး ၎င်းတို့၏ အမည်ကို အလိုလို ရေရွတ်လိုက်မိ၏။ ၎င်းမှာ မောက်လန်လွင်ပြင်အတွင်း၌သာ တည်ရှိတတ်ပြီး အလွန်တရာ မြင်တွေ့ရခဲလှသော ပျံသန်းနိုင်သည့် သားရဲမျိုး ဖြစ်ပေသည်။ ၎င်းတို့သည် လေဓာတ်နှင့်မြေဓာတ် လျှို့ဝှက်မှော်ပညာရပ်မျိုးစုံကို အသုံးပြုနိုင်စွမ်း ရှိကြသဖြင့် ရင်ဆိုင်ရတာ အလွန်ခက်၏။ ထိုသားရဲ နှစ်ကောင်လုံးမှာ အမြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် မျှသာ ရှိကြသည်။ သို့သော် ၎င်းတို့ကို လုံးဝ လျှော့တွက်၍ မရသည်မှာ အမှန်ပင်။
ထိုအခိုက်အတန့်တွင်ပင် ထိုကောင်းကင်ကျားနှစ်ကောင်မှာ ဟိန်းဟောက်လိုက်ကြပြီးနောက် ၎င်းတို့၏ အတောင်ပံများကို ဖြန့်ကားလိုက်ကြပေသည်။ မိုးပြာရောင် အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားခြင်းနှင့်အတူ ၎င်းတို့မှာ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကြပြီး ဟန်လိ၏ ဘေးနားတွင် ပြန်လည် ပေါ်ထွက်လာကာ သူ့အား မိမိတို့၏ သားကောင်တစ်ခုအလား ရက်စက်စွာ စိုက်ကြည့်နေကြတော့သည်။
ထိုအခိုက်၌ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဖုံးလွှမ်းနေသော အလင်းတန်းများမှာ ကွယ်ပျောက်သွားခဲ့ရပြီး သူသည် ရုတ်တရက် ငြိမ်သက်စွာ ရပ်တန့်သွားရတော့သည်။
'တည်နေရာရွှေ့ပြောင်းခြင်း ပညာရပ်ပဲ'
ဟန်လိသည် စိတ်ထဲကနေ တိတ်တဆိတ် ဆဲရေးလိုက်မိသည်။ သူသည် တည်နေရာရွှေ့ပြောင်းခြင်း ပညာရပ်ကို အသုံးပြုနိုင်စွမ်းရှိသော မိစ္ဆာသားရဲများအကြောင်းကို ရှေးယခင်ကတည်းက ကြားဖူးခဲ့ဖူးသော်လည်း လက်တွေ့တွင်မူ ထိုသတင်းစကားက အမှန်တကယ် ဖြစ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။ ဤသားရဲနှစ်ကောင်၏ ပိတ်လှောင်မှုကနေ လွယ်လင့်တကူ ဖောက်ထွက်နိုင်ဖို့ရာမှာ မဖြစ်နိုင်တော့ချေ။
ထျန်းကျုံးသည် ထိုမိစ္ဆာသားရဲ နှစ်ကောင်ကို စေလွှတ်လိုက်ရုံမျှဖြင့် ရပ်တန့်မနေခဲ့ပေ။ သူ၏ ကိုယ်ဟန် ဝေဝါးသွားခဲ့ပြီးနောက် သူနှင့်ပုံသဏ္ဌာန်နအတိအကျ တူညီသော ကိုယ်ပွားတစ်ခုကို ချက်ချင်း ဖန်တီးလိုက်သည်။ ၎င်းသည် တကယ့် သက်ရှိထင်ရှား လူသားတစ်ယောက်အလား လှုပ်ရှားလာခဲ့သည်။ မူလခန္ဓာကိုယ်နှင့် တစ်ခုတည်းသော ကွာခြားချက်မှာ သည်ကိုယ်ပွားကို မိုးပြာအလင်းက ဖုံးလွှမ်းထားပြီး ပုံရိပ်ယောင်တစ်ခုအလား ထင်ရစေခြင်းသာ။
"ပြင်ပကိုယ်ပွားပညာရပ် ပါလား"
အမျိုးသမီးဖန်းသည် များစွာ ထိတ်လန့်တုန်လှုပ်သွားရပြီး သူမ၏ မျက်နှာထက်တွင် ဆန်းကြယ်သော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။ တစ်ဖက်လူက ပြင်ပကိုယ်ပွားပညာရပ်ကို အသုံးပြုနိုင်စွမ်း ရှိနေခြင်းမှာ အံ့ဩစရာ မဟုတ်သော်လည်း ဤမျှအထိ ထူးဆန်းလှသော ကိုယ်ပွားမျိုးကိုမူ သူမ တစ်ခါမျှ မြင်တွေ့ဖူးခြင်း မရှိခဲ့ချေ။
ထိုမိုးပြာရောင် အလင်းကိုယ်ပွားမှာမူ အမျိုးသမီးဖန်း၏ မည်သည့် ဟန့်တားနှောင့်ယှက်မှုမျှမရှိဘဲ ဟန်လိရှိရာ အရပ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ လက်ရှိအခြေအနေတွင် သူမသည် ထျန်းကျုံးကို ရင်ဆိုင်ရန်အတွက်သာ အာရုံစိုက်နေရသောကြောင့် ဖြစ်ပေသည်။ ထျန်းကျုံးသည် သူ၏ ပါးစပ်ကနေ တောက်ပလင်းလက်နေသော သက်တံရောင် စက်ဝန်းတစ်ခုကို မှုတ်ထုတ်လိုက်ပြီးနောက် ဆိုလိုက်သည်။
"ကျုပ်အနေနဲ့ ခင်ဗျားတို့ နှစ်ယောက်လုံးရဲ့ စွမ်းရည်တွေကို ကောင်းကောင်း စမ်းသပ်ကြည့်ရတာပေါ့..." ထိုသို့ ပြောဆိုပြီးသည်နှင့် သူက ထိုသက်တံရောင် စက်ဝန်းကို ညွှန်ပြလိုက်ရာ ၎င်းသည် သက်တံရောင် မြူခိုးထုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အမျိုးသမီးဖန်းဆီသို့ ပျံသန်းသွားတော့သည်။
ထိုအခါ အမျိုးသမီးဖန်းက သူမ ဆင့်ခေါ်ထားသော မီးဝိညာဉ်ပုလင်းပေါ်သို့ မန္တန်တံဆိပ်တစ်ခုဖြင့် ပြင်းထန်စွာ ရိုက်ခတ်လိုက်၏။ ထိုပုလင်းငယ်မှာ ခဏမျှ တုန်ခါသွားခဲ့ပြီးနောက် အတွင်းကနေ နီရဲသော အလင်းတန်းများ ပြင်းထန်စွာ တောက်ပလာခဲ့ပြီး မရေမတွက်နိုင်သော မီးလျှံအမျှင်တန်းများကို ဆက်တိုက် ထုတ်လွှတ်လိုက်တော့သည်။ ဤမီးလျှံများမှာမူ သာမန်အတိုင်း မဟုတ်ဘဲ တကယ့် သက်ရှိထင်ရှား သတ္တဝါများအလား လှုပ်ရှားနေကြပေသည်။ ထိုမီးလျှံများမှာ ခဏချင်းအတွင်းမှာပင် တဟုန်ထိုး လှည့်ပတ်သွားကြပြီးနောက် ကြီးမားလှသော ကြက်သွေးရောင် မြွေနဂါးကြီး အများအပြားအဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့ပြီး ထိုသက်တံရောင် မြူခိုးထုကြီးကို ခုခံတားဆီးရန်အတွက် တဟုန်ထိုး ပြေးဝင်သွားကြသည်။
ထိုအခိုက်တွင် အနီးအနားကနေ ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်ကို ကြားသိလိုက်ရသဖြင့် ဟန်လိသည် လှည့်ကြည့်ရန် မလိုအပ်ဘဲနှင့်ပင် ထျန်းကျုံးနှင့် အမျိုးသမီးဖန်းတို့ တိုက်ပွဲစတင်နေကြပြီ ဖြစ်ကြောင်း ကောင်းကောင်း သိလိုက်သည်။ လက်ရှိတွင် သူသည် မိမိအား ရက်စက်စွာ စိုက်ကြည့်နေကြသော ကောင်းကင်ကျားနှစ်ကောင်နှင့် ထိုမိုးပြာရောင် အလင်းကိုယ်ပွားတို့ကိုသာ အပြည့်အဝ အာရုံစိုက်ရမည် ဖြစ်သည်။ သို့ဖြစ်၍ သူသည် အခြားကျင့်ကြံသူများကို ကူညီ ကယ်တင်ပေးနိုင်စွမ်း မရှိတော့ပေ။
သူ၏နောက်ကျောဘက်တွင် ကျော်ကြားလှသော ထိပ်တန်းကျင့်ကြံသူကြီး နှစ်ဦး တိုက်ပွဲဝင်နေကြသဖြင့် ဤစစ်တလင်း၏ နေရာဆီသို့ မည်သူမျှ ထပ်မံ၍ အာရုံစိုက်နိုင်ကြလိမ့်မည် မဟုတ်ချေ။ ထိုသို့ တွေးတောမိလိုက်ပြီးနောက် သူက ငွေလမင်းထံသို့ လျှို့ဝှက်စွာဖြင့် လျှပ်စီးပုတီးစေ့ အချို့ကို လွှဲပြောင်းပေးအပ်လိုက်ပြီး သူမအား အခြားကျင့်ကြံသူများကို တိတ်တဆိတ် သွားရောက် ကယ်တင်ပေးရန်အတွက် အခွင့်အရေး ရှာဖွေခိုင်းလိုက်သော်လည်း လက်ရှိတွင်မူ မည်သည့် အခွင့်အရေးမှ ရှိမနေခဲ့ပေ။ သူသည် မိမိ၏ ရှေ့မှောက်တွင်ရှိသော ပြိုင်ဘက် သုံးဦးကို အရင်ဦးဆုံး သုတ်သင်ရှင်းလင်းပြီးမှသာလျှင် ကျန်ရှိသော အရေးကိစ္စများကို ဆက်တွေးနိုင်မည် ဖြစ်သည်။
ထိုအတွေးနှင့်အတူ ဟန်လိသည် သူ၏ ခါးဆီသို့ လက်လှမ်းလိုက်ပြီး မိမိ၏ ဝိညာဉ်သားရဲအိတ်ကို ချက်ချင်း ဖွင့်လှစ်လိုက်ရာ တောက်ပလင်းလက်နေသော ရွှေဝါးမြိုခြင်းပိုးတောင်မာအုပ်ကြီး ထွက်ပေါ်လာခဲ့ပြီး သူ၏ ဦးခေါင်းထက်တွင် လည်ပတ်နေသော တိမ်တိုက်ကြီးတစ်ခုအဖြစ် ချက်ချင်း ဖွဲ့စည်းသွားသည်။
ဟန်လိသည် မန္တန်ချိပ်ဟန်တစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ထိုပိုးတောင်မာအုပ်ကြီးအတွင်းသို့ ချက်ချင်း ဝင်ရောက်ကာ ကိုယ်ရောင်ဖျောက်လိုက်သည်။ သည့်နောက်တွင်မူ ကျယ်လောင်လှသော တဝီဝီ မြည်ဟီးသံကြီးများနှင့်အတူ ၎င်း၏ အတွင်းကနေ မိုးပြာရောင် အလင်းတန်းများ ဆက်တိုက် ဖြာထွက်လာခဲ့ပြီး ထိုရွှေရောင်တိမ်တိုက်ကြီးကို အပိုင်းသုံးပိုင်းအဖြစ် ခွဲထုတ်လိုက်ကာ ရန်သူ သုံးဦးရှိရာ အရပ်ဆီသို့ တပြိုင်နက်တည်း တဟုန်ထိုး စေလွှတ်လိုက်တော့သည်။
"ရွှေဝါးမြိုခြင်းပိုးတောင်မာတွေပါလား။ အကယ်၍ ၎င်းတို့သာ အပြည့်အဝ ကြီးထွားပြီးသား အဆင့်ဆိုရင်တော့ ကျုပ်အနေနဲ့ အနည်းငယ် ကြောက်ရွံ့မိနိုင်သေးတာပေါ့..."
ထိုမိုးပြာရောင်အလင်းကိုယ်ပွားမှာမူ အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ရင်း ထျန်းကျုံးနှင့် အတိအကျတူညီသော လေသံဖြင့် ဆိုလိုက်သည်။ ကောင်းကင်ကျားနှစ်ကောင်က ရွှေဝါးမြိုခြင်းပိုးတောင်မာများကို မြင်တွေ့သည့်အခါ ၎င်းတို့၏ အတောင်ပံများကို အလျင်အမြန် ဖြန့်ကားလိုက်ကြပြီးနောက် ကိုက်ခုနစ်ဆယ်မျှ ဝေးကွာသော နေရာဆီသို့ ချက်ချင်း နောက်ဆုတ်သွားကြသည်။ ၎င်းတို့၏မျက်နှာထက်၌ ကြောက်လန့်မှုကို အထင်းသား မြင်ရလေ၏။
ထိုအခိုက်အတန့်တွင် ထိုမိုးပြာရောင် အလင်းကိုယ်ပွားသည် ပါးစပ်ကို ဟလိုက်ပြီး ထိုရွှေဝါးမြိုခြင်းပိုးတောင်မာအုပ် အသီးသီးဆီသို့ ပန်းကန်လုံးခန့် သိပ်သည်းလှသော အလင်းတန်း သုံးခုကို ချက်ချင်း မှုတ်ထုတ်လိုက်တော့သည်။ ထိုသို့ အလင်းတန်းများကို ထုတ်လွှတ်လိုက်သည့် အခါတိုင်းတွင်လည်း ထိုမိုးပြာရောင် အလင်းကိုယ်ပွား၏ ရုပ်သွင်မှာ မသိမသာ မှိန်ဖျော့သွားရုံတင်မကဘဲ သူ၏ အရပ်အမောင်းမှာလည်း လက်မအနည်းငယ်မျှ ပိုမို၍ ပုဝင်သွားခဲ့ရသည်။
ထိုအလင်းတန်းသုံးခုမှာ မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှပြီး ထိုပိုးတောင်မာအုပ် တစ်ခုချင်းစီကို တိတိကျကျ သွားရောက် ထိမှန်သွားတော့သည်။ မိုးပြာရောင် အလင်းတန်းများ ဖြတ်ခနဲ လက်သွားသည့် အခါတိုင်းတွင် သုံးမီတာခန့် ကျယ်ပြောလှသော မိုးပြာရောင် အလင်းလုံးကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး ထိုပိုးတောင်မာအုပ်သုံးစုလုံးကို အမိအရ ဝန်းရံ ကာကွယ်ကာ ပိတ်လှောင်လိုက်တော့သည်။
ဟန်လိသည် များစွာ ထိတ်လန့်တုန်လှုပ်သွားရပြီး ထိုပိုးတောင်မာအုပ်သုံးစုလုံးကို ထိုအတားအဆီး နံရံများကို အစွမ်းကုန် ဝါးမြိုဖျက်ဆီးပစ်ရန်အတွက် လက်ညွှန်ကာ ချက်ချင်း အမိန့်ပေးသည်။။ သို့သော် ခဏအကြာတွင် ဟန်လိ၏ မျက်နှာအမူအရာမှာ များစွာ ရုပ်ဆိုးသွားလေ၏။ ထိုအတားအဆီး အလင်းလုံးကြီးမှာမူ မယုံကြည်နိုင်လောက်အောင် ခိုင်ခံ့လွန်းလှသဖြင့် ရွှေဝါးမြိုခြင်းပိုးတောင်မာများ အနေဖြင့် ၎င်းကို ဖျက်ဆီးရန်အတွက် အချိန်များစွာ ယူရလိမ့်မည်။ ထိုမိုးပြာရောင် အလင်းအတားအဆီးသုံးခုလုံးမှာ သန့်စင်လှသော မြေဓာတ် (ဝါ) သစ်သားဓာတ် စိတ်ဝိညာဉ်ချီများဖြင့်သာ သိပ်သည်း ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သဖြင့် ရွှေဝါးမြိုခြင်းပိုးတောင်မာများကို အချိန်တစ်ခုအထိ ကောင်းစွာ ပိတ်လှောင်ထားနိုင်စွမ်း ရှိနေသည်။
မိုးပြာရောင် ကိုယ်ပွား၏ အစွမ်းထက်လှသော ပိတ်လှောင်ခြင်း စွမ်းရည်များနှင့် ကောင်းကင်ကျားများ၏ တည်နေရာရွှေ့ပြောင်းခြင်း ပညာရပ်များ ပူးပေါင်းလိုက်ကြသည့်အခါ ဟန်လိသည် ဤတိုက်ပွဲမှာ ကိုင်တွယ်ဖြေရှင်းရန် များစွာ ခက်ခဲလိမ့်မည် ဖြစ်ကြောင်း ရေးတေးတေး ရိပ်မိလိုက်ပေသည်။ ကြည့်ရတာ စတုတ္ထမြောက် သူတော်စင်ကြီးသည် မိမိအား ကိုင်တွယ်ဖြေရှင်းရန်အတွက် သေချာ ကြိုတင်ပြင်ဆင်ခဲ့ပုံပင်။ ဟန်လိ စဉ်းစားတွေးတောနေစဉ်မှာပင် သူ၏နှလုံးသားထဲ၌ စိုးရိမ်ထိတ်လန့်မှုများ အတိုင်းထက်အလွန် ဖြစ်ပေါ်လာ၏။
သူ၏ ခန့်မှန်းချက်များမှာမူ အမှန်တရားနှင့် များစွာ ဝေးကွာမနေခဲ့ပေ။ မောက်လန်မျိုးနွယ်စု၏ အဆင့်မြင့် ပုဂ္ဂိုလ်များ အရေးကိစ္စများကို ဆွေးနွေးတိုင်ပင်ခဲ့ကြစဉ်က ၎င်းတို့သည် ဟန်လိကို သတ်ဖြတ်ရန် တာဝန်အားလုံးကို ထျန်းကျုံးထံသို့ အပ်နှံထားခဲ့ကြခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် သူတော်စင်ကြီးကျုံးနှင့် အခြားသူများမှာ သူ၏လက်ထဲသို့ ကောင်းကင်ကျားများကိုပါ လွှဲပြောင်းပေးအပ်ခဲ့ကြရုံတင်မကဘဲ ဟန်လိကို ကောင်းစွာ နှိမ်နင်းနိုင်မည့် အခြားသော အဖိုးတန်ရတနာမျိုးစုံကိုပါ ပေးအပ်ထားခဲ့ကြခြင်းပင် ဖြစ်ပေသည်။
တိုက်ပွဲစတင်ခဲ့စဉ်ကမူ မောက်လန်မျိုးနွယ်စုဝင်များမှာ ဟန်လိသည် ဤလောင်းကြေးထပ်ပွဲကြီးအတွင်းသို့ ဝင်ရောက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။ ထို့ကြောင့်ပင် သူတော်စင်ထျန်းကျုံးသည် ဤအရေးကိစ္စကို သူ၏ စိတ်ထဲကနေ ခေတ္တမျှ မေ့လျော့ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဟန်လိ တစ်ဖန် ပြန်လည် ပေါ်ထွက်လာခဲ့ပြီးနောက် မန္တန်စစ်သည် အုပ်စုအမြောက်အမြားနှင့် သူတော်စင်တစ်ဦး၏ ခန္ဓာကိုယ်ကိုပါ ဖျက်ဆီးပစ်လိုက်သည်ကို မြင်တွေ့လိုက်ရသည့်အခါ ထျန်းကျုံးသည် ဟန်လိကို ချက်ချင်း အပြည့်အဝ အာရုံစိုက်မိသွားခဲ့ခြင်းပင်။
သူသည် ပိတ်လှောင်ခြင်း ခံထားရသည့် အခြားကျင့်ကြံသူများကို သွားရောက် ကယ်တင်ခြင်းကနေ တားဆီးခြင်း ခံရသည်ဖြစ်စေ သို့မဟုတ် ယင်စစ်ထုတ်ခြင်းဂိုဏ်း၏ အလဲအလှယ် ကတိကဝတ်ကို ဖြည့်ဆည်းရန်အတွက် သတ်ဖြတ်ခြင်းကို ခံရသည်ဖြစ်စေ ဟန်လိအနေဖြင့်မူ တိုက်ခိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ လုံးဝ ရှိမနေခဲ့ပေ။ သို့သော် လုံဟန့်သည် ဟန်လိ လွတ်မြောက်သွားသည်ကို သတိပြုမိလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ ဇနီးဖြစ်သူ ဖုန်းပင်းကို သူ့အား ဝင်ရောက်ကူညီရန်အတွက် အန္တရာယ်များသည့်ကြားကနေ စေလွှတ်လိုက်လိမ့်မည်ဟူ၍ သူ့အနေဖြင့် မထင်ထားမိပေ။
အကယ်၍ ဟန်လိသည် ထိုပိတ်လှောင်ခြင်း ခံထားရသည့် ကျင့်ကြံသူများကို တကယ်တမ်း ကယ်တင်ပေးနိုင်ခဲ့မည်ဆိုလျှင် ဤစစ်ပွဲကြီး၏ အလှည့်အပြောင်းမှာ ကောင်းကင်တောင်ပိုင်းလောကဘက်သို့ လုံးဝ အသာစီး ရသွားနိုင်မည် မဟုတ်လား။
ရွှေဝါးမြိုခြင်းပိုးတောင်မာများမှာမူ ထိုအတားအဆီးအတွင်းကနေ လွတ်မြောက်နိုင်ခြင်း မရှိသေးသည်ကို မြင်ရသည့်အခါ ဟန်လိသည် စိတ်ပျက်လာမိသည်။ သူ အခြားတစ်စုံတစ်ခုကိုမျှ ထပ်မံ၍ မလုပ်ဆောင်နိုင်သေးမီမှာပင် ထိုကောင်းကင်ကျားနှစ်ကောင်မှာ ရွှေဝါးမြိုခြင်းပိုးတောင်မာများ ပိတ်လှောင်ခြင်း ခံလိုက်ရသည်ကို မြင်တွေ့လိုက်ကြရသဖြင့် ၎င်းတို့၏ သတ္တိများ ပြန်လည် ရရှိလာခဲ့ကြပေပြီ။ မိုးပြာရောင် အလင်းတန်းများ ဆက်တိုက် ဖြတ်ခနဲ လက်သွားခြင်းနှင့်အတူ ထိုမိစ္ဆာသားရဲနှစ်ကောင်သည် မြင်ကွင်းမှ ပျောက်ကွယ်သွား၏။
ဟန်လိက အေးစက်စက် ပြုံး၏။ သူ့လက်ကို ဝှေ့ရမ်းကာ သူ့ရှေ့သို့ အပြာရောင်ဒိုင်းတစ်ခုကို ဆင့်ခေါ်သည်။ တစ်ချိန်တည်းမှာ သူ့ရှေ့ရှိ ဓားအုပ်ထံသို့ လက်ညွှန်၏။ ၎င်းဓားများထံမှ ဓားချီများ မြင့်တက်လာပြီး ဟန်လိဘေးပတ်ပတ်လည်တွင် အရံအတားတစ်ခု ဖြစ်စေသည်။
သိပ်မကြာခင်မှာပင် ဟန်လိ၏ ဘေးနားတွင် မိုးပြာရောင် အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားခဲ့ပြီးနောက် ကောင်းကင်ကျားနှစ်ကောင် ပြန်လည် ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့က ပါးစပ်ကို ဟလိုက်ကြပြီး စူးရှတောက်ပလှသော အလင်းလုံးတစ်ခုစီကို ဟန်လိထံသို့ ဆက်တိုက် မှုတ်ထုတ်သည်။ ဟန်လိသည် ဤတိုက်ကွက်ကို မြင်တွေ့လိုက်ရသည့်အခါ လေးနက်သော အမူအရာမျိုးဖြင့် သူ၏ ဓားအလင်းတန်းများကို အပိုင်းနှစ်ပိုင်းအဖြစ် ခွဲထုတ်လိုက်ပြီးနောက် ထိုတိုးဝင်လာသော အလင်းလုံးများကို ဆီးကြို တိုက်ခိုက်စေလိုက်သည်။ ခပ်အုတ်အုတ် ပေါက်ကွဲသံ နှစ်သံ ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး ထိုဓားအလင်းတန်းများမှာ ထိုအလင်းလုံးများကို လွယ်လင့်တကူပင် ချေမှုန်းဖျက်ဆီးပစ်လိုက်တော့သည်။ သည့်နောက်တွင်မူ ၎င်းတို့သည် ထိုမိစ္ဆာသားရဲ နှစ်ကောင်ရှိရာ အရပ်ဆီသို့ တဟုန်ထိုး ဝါးမြိုရန် တိုးဝင်သွားကြပေသည်။ ကောင်းကင်ကျားများသည် ဤမြင်ကွင်းကို တွေ့သည့်အခါ ပါးနပ်စွာဖြင့် အဝေးတစ်နေရာဆီသို့ ချက်ချင်းပင် တည်နေရာရွှေ့ပြောင်းခြင်း ပညာရပ်ကို အသုံးပြုကာ ရှောင်တိမ်းသွားကြတော့သည်။
ဟန်လိ ဒေါသပုန်ထသွား၏။ ဓားအလင်းတန်းများကို ၎င်းတို့နောက်သို့ လိုက်လံတိုက်ခိုက်ရန် အမိန့်ပေးဖို့ ဟန်ပြင်သည်။ ထိုစဉ် မိုးပြာရောင်ကိုယ်ပွားက ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လာ၏။
ဟန်လိနှင့် သည်ကိုယ်ပွားတို့မှာ ဆက်လက်တိုက်ခိုက်နေကြစဉ် လုံဟန့်နှင့် မောက်လန်တို့ဘက်မှ ပိန်ခြောက်ခြောက်အဘိုးအိုတို့ နှစ်ယောက်စလုံးသည် တစ်ဖက်နှင့်တစ်ဖက် အသေတိုက်ကွက်များ ထုတ်ဖော်ရန် အမိန့်ပေးလိုက်ကြပြီ ဖြစ်သည်။ လုံဟန့်နောက်မှ စဦးစိတ်ဝိညာဉ်အဆင့်ရှိသော ဆံဖြူအဘိုးအိုခုနစ်ဦးသည် တည်ငြိမ်စွာ ပျံသန်းထွက်လာ၏။ သူတို့လက်ထဲ၌လည်း ရှေးဟောင်းရတနာတစ်ခုစီကို ကိုင်ဆောင်ထားကြသည်။ မန္တန်စစ်သည်များဘက်မှလည်း စဦးစိတ်ဝိညာဉ်အဆင့်ရှိ အုပ်စုတစ်စု ပျံသန်းထွက်လာကြသည်။ ထိုသူများထဲ၌ အမျိုးသမီးလဲ့လည်း ပါဝင်သည်။ ပိန်ခြောက်ခြောက်အဘိုးအို၏ အချက်ပြမှုအောက်တွင် သူမက သိုလှောင်အိတ်ထဲမှ ကြေးမီးအိမ်တစ်ခုကို ထုတ်ယူလိုက်သည်။