အခန်း (၇၇၅-၇၇၆)
Vol. 56 Ch. 775-776
အပိုင်း ၇၇၅ - သစ္စာမှန်ခုနစ်ပါးကျင့်ကြံသူများနှင့် မြင့်မြတ်သောငှက်
အမျိုးသမီးလဲ့သည် ထိုရှေးဟောင်းမီးအိမ်ငယ်ကို ကောင်းကင်ထက်သို့ ပျံသန်းစေလိုက်ပြီးနောက် သူမ၏ ပါးစပ်အတွင်းကနေ စင်ကြယ်လှသော အဖြူရောင် စဦးမီးလျှံ တစ်စွန်းတစ်စကို မှုတ်ထုတ်၍ ထိုရှေးဟောင်းမီးအိမ်အား ချက်ချင်းပင် ထွန်းညှိလိုက်တော့သည်။ သည့်နောက်တွင်မူ သူမ၏ လက်နှစ်ဖက်ဖြင့် ကြာပန်းပုံသဏ္ဌာန် မန္တန်ချိပ်ဟန်တစ်ခုကို ဆန်းကြယ်စွာ ဖွဲ့စည်းလိုက်ရင်း နားလည်ရန် ခက်ခဲလှသော ရှေးဟောင်းဂါထာမန္တန်များကို တဖွဖွ ရွတ်ဆိုလိုက်ရာ သူမ၏ ခြေဖဝါးအောက်တွင် ဖြူဖွေးလှသော ကြာပန်းကြီးတစ်ပွင့် ချက်ချင်း ပေါ်ထွက်လာခဲ့ပြီး ဖြေးညင်းစွာ ဖူးပွင့်လာခဲ့ပေသည်။ သူမ၏ လှုပ်ရှားမှု ကိုယ်ဟန်တစ်ခုလုံးမှာ မယုံကြည်နိုင်လောက်အောင် နူးညံ့သိမ်မွေ့လွန်းလှသဖြင့် သေမျိုးလောကမှမဟုတ်သော နတ်သမီးတစ်ပါးအလား ကျက်သရေရှိလှပေသည်။
သူမ၏ ဂါထာမန္တန် ရွတ်ဆိုသံများအတွင်း၌မူ ဖော်ပြရန် ခက်ခဲလှသော ရှေးဟောင်းခေတ်ဦး အရှိန်အဝါများဖြင့် အပြည့်အဝ ဖုံးလွှမ်းနေခဲ့ပေသည်။ ထို့နောက်တွင် ဤကြေးဝါရောင်မီးအိမ်ငယ်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီးနောက် ၎င်း၏ အတွင်းကနေ ပုံရိပ်ယောင်များ ရုတ်တရက် ထိုးထွက်လာခဲ့ကြပြီး မူလမီးအိမ်နှင့် အတိအကျ တူညီလှသော မီးအိမ်ကိုယ်ပွား ရှစ်လုံးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားကြတော့သည်။ သည့်နောက်တွင်မူ ၎င်းတို့သည် မိမိတို့ဘာသာ မရပ်မနား လှည့်ပတ်စီးဆင်းသွားကြပြီးနောက် မတူညီသော စက်ဝိုင်းပုံစံ သုံးခုအဖြစ် ကွဲထွက်သွားကြကာ တစ်ခုနှင့်တစ်ခု အထပ်လိုက် ဝေ့ဝိုက်၍ ဖြေးညင်းစွာ လှည့်ပတ်နေကြတော့သည်။
အမျိုးသမီးလဲ့က လက်တောက်ထုတ်ကာ ထိုရှေးဟောင်း မီးအိမ်ငယ်များပေါ်သို့ မတူညီသော မန္တန်တံဆိပ်မျိုးစုံဖြင့် ပြင်းထန်စွာ ရိုက်ခတ်လိုက်တော့သည်။ မိုးပြာရောင် အလင်းတန်းများ စူးရှတောက်ပစွာ ဖြာထွက်လာခဲ့ပြီး ထိုမီးအိမ်ကိုးလုံးထံကနေ မီးလျှံကိုးခု တစ်ပြိုင်နက်တည်း ပျံသန်းထွက်လာခဲ့ကြကာ ၎င်းတို့၏ ဗဟိုချက်နေရာ၌ ချက်ချင်း လုံးထွေးယှက်လိမ်သွားကြပြီးနောက် လူဦးခေါင်းခန့် ကြီးမားလှသော မိုးပြာရောင် မီးလျှံလုံးကြီးတစ်ခုအဖြစ်သို့ သိပ်သည်းသွားကြတော့သည်။ သည့်နောက်တွင် ထိုအမျိုးသမီးသည် ယင်းမိုးပြာရောင် မီးလျှံကြီးဆီသို့ သူမ၏ သွေးအနှစ်သာရမြူခိုးများကို တစ်ချက် မှုတ်ထုတ်လိုက်ပြန်သည်။ ထိုမီးလျှံကြီးမှာ ၎င်းသွေးမြူများကို လောဘတကြီး ဝါးမြိုပစ်လိုက်ပြီးနောက် သည့်ထက်ပို၍ ပြင်းထန်စွာ တောက်လောင်လာခဲ့ပြီး ၎င်း၏ စွမ်းအားအရှိန်အဝါမှာလည်း ဆထက်တိုး၍ ကြီးမားလာ၏။
ခဏအကြာတွင် စူးရှလှသော အော်မြည်သံကြီး ဟိန်းထွက်သွားခဲ့ပြီးနောက် ထိုမီးလျှံကြီးအတွင်းကနေ တစ်ပေခန့် ရှည်လျားသော မိုးပြာရောင် ငှက်ငယ်တစ်ကောင် ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ ခမ်းနားထည်ဝါလှသော ဒေါင်းမင်းအသွင်ရှိသည့် ထိုငှက်ငယ်မှာမူ ရှည်လျားသော မိုးပြာရောင် အတောင်ပံများနှင့်အတူ ပတ္တပြားအလား နီရဲသော မျက်ဝန်းတစ်စုံကိုလည်း ပိုင်ဆိုင်ထားသည်။ ၎င်းသည် မောက်မာဝင့်ကြွားလှသော အမူအရာဖြင့် ဘေးပတ်ပတ်လည်သို့ ဝေ့ခတ်ကြည့်ရှုလိုက်ပြီးနောက် သူမ၏အောက်ခြေတွင်ရှိသော အမျိုးသမီးလဲ့ကို မြင်တွေ့လိုက်ရသည့်အခါ ၎င်း၏ လည်ပင်းကို အနည်းငယ် စောင်းငဲ့ကြည့်၍ ရှေးဟောင်းဘာသာစကားဖြင့် သူမအား လှမ်း၍ စကားဆိုလိုက်တော့သည်။
အမျိုးသမီးလဲ့သည် ထိုငှက်ငယ်ထံသို့ သုံးကြိမ်ဦးညွှတ်လိုက်ပြီး အသံပို့လွှတ်ခြင်း အတတ်ပညာဖြင့် လျှို့ဝှက်စွာ ပြန်ပြောသည်။။ ပိန်ခြောက်ခြောက်အဘိုးအိုက ဤသည်ကို မြင်ရသည့်အခါ မျက်မှောင်ကြုတ်လျက် လေးနက်သောအမူအရာဖြင့် စောင့်ကြည့်နေ၏။
မန္တန်စစ်သည်တော်လဲ့သည် ရှေးဟောင်းဂါထာမန္တန်များ ရွတ်ဆိုနေခြင်းကို ရပ်တန့်လိုက်ပြီးနောက် သူမ၏ လက်ဝါးကို လှန်လိုက်ရာ မွှေးပျံ့လှသော ပန်းရောင်ပုလဲလုံးတစ်လုံး သူမ၏လက်ထဲ၌ ပေါ်လာသည်။ ထိုမိုးပြာရောင်ဒေါင်းမင်းငှက်သည် ဤသည်ကို မြင်တွေ့လိုက်ရသည့်အခါ ၎င်း၏ မျက်ဝန်းများအတွင်း၌ ဝမ်းမြောက်သွားဟန် အပြည့်အဝ ပေါ်ထွက်လာခဲ့ပြီး မိုးပြာရောင် မြူခိုးထုကြီးတစ်ခုနှင့်အတူ ၎င်းပုလဲလုံးကို မိမိ၏ ပါးစပ်အတွင်းသို့ ချက်ချင်း စုပ်ယူဝါးမြိုပစ်လိုက်တော့သည်။
တစီစီမြည်ဟီးသံများနှင့်အတူ ထိုမိုးပြာရောင် ဒေါင်းမင်းကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် မိုးပြာရောင် မီးလျှံဝန်းကြီးတစ်ခု ချက်ချင်း ဖုံးလွှမ်းသွားသည်။ ၎င်း၏ ဘေးပတ်ပတ်လည်တွင် မိုးပြာရောင် မီးလျှံများ ပြင်းထန်စွာ လှည့်ပတ်စီးဆင်းလာတော့သည်။ လေထုကို ခွင်း၍ စူးရှလှသော အော်မြည်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် ၎င်းသည် ကြီးမားလှသော မီးလျှံငှက်ကြီးတစ်ကောင်အဖြစ်သို့ လျင်မြန်စွာ အသွင်ပြောင်းလဲသွားခဲ့ပြီး ၎င်း၏ အတောင်ပံများကို ဖြန့်ကားလိုက်ရာ မိုင်အနည်းငယ် (ငါးကီလိုမီတာ) ခန့် ကျယ်ပြောလှသော ကောင်းကင်ယံတစ်ခုလုံးကို အားကောင်းလှသောမီးဓာတ်စိတ်ဝိညာဉ်ချီများဖြင့် အပြည့်အဝ ဖုံးလွှမ်းပစ်လိုက်တော့သည်။ ထိုနေရာတစ်ဝိုက်တွင် မီးဓာတ်မှော်ပညာရပ်များကို အသုံးပြုနေကြသော ကျင့်ကြံသူများနှင့် မန္တန်စစ်သည်များ အားလုံးမှာမူ မိမိတို့၏ စွမ်းအားများ ရုတ်တရက် အားနည်း ဆုတ်ယုတ်သွားသကဲ့သို့ ခံစားလိုက်ကြရသဖြင့် အကြီးအကျယ် ထိတ်လန့်ကုန်ကြသည်။
လေထုထဲတွင်ရှိသော မီးဓာတ်စိတ်ဝိညာဉ်ချီများမှာမူ မြစ်ချောင်းများစွာ သမုဒ္ဒရာကြီးအတွင်းသို့ စုပြုံစီးဝင်သွားကြသည့်အလား ထိုမိုးပြာရောင်ငှက်ကြီး၏ ခန္ဓာကိုယ်အတွင်းသို့ အဆတ်မပြတ် သွန်းလောင်းဝင်ရောက်သွားကြတော့သည်။ ယင်းရလဒ်ကြောင့် ထိုငှက်ကြီး၏ ခန္ဓာကိုယ်မှာ ပိုမို၍ ကြီးမားပြန့်ကားလာခဲ့ပြီး သူ၏ ကိုယ်ပေါ်တွင် တောက်လောင်နေသော မိုးပြာရောင် မီးလျှံများမှာလည်း သည့်ထက်ပို၍ စူးရှတောက်ပလာခဲ့လေပြီ။
မိုင်အနည်းငယ်အတွင်းရှိ ကျင့်ကြံသူအားလုံးမှာမူ မိမိတို့၏ လက်ထဲက တိုက်ကွက်များကို ချက်ချင်း ရပ်တန့်လိုက်ကြရပြီး ထိုမိုးပြာရောင် မီးလျှံငှက်ကြီးကို အံ့ဩမှင်တက်စွာဖြင့် ငေးမောကြည့်ရှုနေမိကြတော့သည်။ အနီးဝန်းကျင်ရှိ အပူချိန်မှာလည်း မျက်စိတစ်မှိတ်အတွင်းမှာပင် မယုံကြည်နိုင်လောက်အောင် မြင့်မားတက်လာခဲ့ပေပြီ။ သူတို့သည် မိမိတို့၏ မှော်ရတနာ အတားအဆီးများဖြင့် အကာအကွယ် ပြုလုပ်ထားကြသော်ငြားလည်း တကယ့် မီးဖိုကြီးတစ်ခု၏ ဘေးနားတွင် ရပ်နေရသကဲ့သို့ ပြင်းထန်လှသော အပူဒဏ်ကို ခံစားနေကြသည်။
သို့သော်လည်း မန္တန်စစ်သည်တော်များမှာမူ ဤသည်ကို မြင်တွေ့လိုက်ကြရသည့်အခါ ၎င်းတို့၏ မျက်နှာများထက်တွင် ကျေနပ်ဝမ်းမြောက်သွားသော အမူအရာများ အထင်အရှား ပေါ်ထွက်လာကြပေသည်။
"ဒါက မြင့်မြတ်သောငှက်ကြီးပဲ။ သူတော်စင်လဲ့က ဒီငှက်ကြီးကို ဆင့်ခေါ်လိုက်ပြီ"
"ဒီတိုက်ပွဲကတော့ ငါတို့အပိုင်ပဲ"
မန္တန်စစ်သည်အချို့က ဝမ်းသာအားရဖြစ်ကာ အသံစွာစွာနှင့် ထအော်ကုန်ကြသည်။ သိပ်မကြာခင်မှာ သူတို့သည် လွန်စွာ စိတ်လှုပ်ရှားတက်ကြွလာကြပြီးနောက် ကျင့်ကြံသူများရှိရာ အရပ်ဆီသို့ ရက်စက်ကြမ်းကြုတ်လှသော တိုက်ကွက်မျိုးစုံဖြင့် အသည်းအသန် စတင် ထိုးနှက်တိုက်ခိုက်ကြတော့သည်။
ပိန်ခြောက်ခြောက်အဘိုးအိုက မြင့်မြတ်သောငှက်ကြီး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မြင်တွေ့လိုက်ရသည့်အခါ သူ၏ မျက်နှာထက်တွင် မြင်တွေ့ရခဲလှသော အပြုံးတစ်ခု ဖြစ်ပေါ်လာပေသည်။ ယင်စစ်ထုတ်ခြင်းဂိုဏ်းမှ ဝတ်ရုံနက်အမျိုးသမီးမှာမူ ထိုမိုးပြာရောင် ဒေါင်းမင်းကြီးကို မြင်တွေ့လိုက်ရသည့်အခါ သူမ၏ မျက်နှာထက်တွင် ဆန်းကြယ်သော အမူအရာတစ်ခု လှစ်ခနဲ ဖြတ်ပြေးသွားခဲ့ပြီးနောက် ဆိုလိုက်သည်။
"နတ်အသွင်ပြောင်းလဲခြင်းအဆင့် ရှိတဲ့ မြင့်မြတ်သောငှက် တစ်ကောင်ကပဲ ဒီလိုမျိုး ကောင်းကင်နဲ့ မြေကြီးရဲ့ မီးဝိညာဉ်စွမ်းအားအားလုံးကို ခုလိုမျိုး စိတ်ကြိုက် ထိန်းချုပ်နိုင်စွမ်း ရှိတာလေ။ ဒါကြောင့်မို့လို့လည်း ဒီကြေးမီးအိမ်ဟာ ခင်ဗျားတို့ရဲ့ အဖိုးတန်ဆုံးသော လျှို့ဝှက်လက်နက် ဖြစ်နေတာ အံ့ဩစရာ မရှိတော့ပါဘူး။"
"ဒါပေမဲ့လည်း... ခင်ဗျားတို့ရဲ့ မြင့်မြတ်သောငှက်ဟာ မယုံကြည်နိုင်လောက်အောင် အစွမ်းထက်လှတယ် ဆိုပေမဲ့လည်း သူ စစထွက်ပေါ်လာတုန်းက စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့်ပဲ ရှိသေးတာလေ။ အခု ဒီမီးဓာတ်စိတ်ဝိညာဉ်ချီတွေအားလုံးကို စုပ်ယူပြီးတဲ့နောက်မှသာ စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့်ထိ မနည်း ချိုးဖျက်တက်လှမ်းနိုင်ခဲ့တာ။ ဒါက တကယ့် ခန္ဓာကိုယ်အစစ် မဟုတ်ဘဲ ကိုယ်ပွားတစ်ခုခုပဲ ဖြစ်ရမယ်။ မဟုတ်ရင်တော့ မောက်လန်မျိုးနွယ်စုဟာ ကောင်းကင်ပျံမျိုးနွယ်စုတွေရဲ့ တိုက်ခိုက်မှုအောက်မှာ ဒီလောက်အထိ နယ်မြေအမြောက်အမြား ဆုံးရှုံးခဲ့ရမှာ မဟုတ်ဘူး...။"
ပိန်ခြောက်ခြောက်အဘိုးအိုက ထိုဝတ်ရုံနက်အမျိုးသမီးကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာဖြင့်ပင် ပြန်လည် ပြောကြားလိုက်သည်။
"တာအိုရောင်းရင်းလုက ခုလောက်ထိ ထွင်းဖောက်မြင်နိုင်စွမ်း ရှိနေပါလား။ ခင်ဗျားက သာမန်လူတစ်ယောက် မဟုတ်ဘူးပဲ။ အခု ပေါ်လာတာက မြင့်မြတ်သောငှက်ကြီးရဲ့ ခန္ဓာကိုယ်အစစ် မဟုတ်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒါက ဘာမှ စိုးရိမ်စရာ မဟုတ်ပါဘူး။ သာမန် စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူတွေဆိုရင်တောင်မှ ၎င်းကို ယှဉ်နိုင်စွမ်း ရှိကြမှာ မဟုတ်ပါဘူး။"
ဝတ်ရုံနက်အမျိုးသမီးက ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေါ့... ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဝိညာဉ်စွမ်းအား အမြောက်အမြားကို ခုလိုမျိုး လွယ်လင့်တကူ စုပ်ယူနိုင်စွမ်း ရှိတာဟာ နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူတွေပဲ လုပ်ဆောင်နိုင်တာလေ။ ဒီစွမ်းရည်တစ်ခုတည်းနှင့်တင် ၎င်းကို ပြိုင်ဘက်ကင်း အနေအထားတစ်ခုဆီ ရောက်ရှိနေစေဖို့ လုံလောက်လှပါပြီ။"
ပိန်ခြောက်ခြောက်အဘိုးအိုက အသံတိတ်ရယ်မော၍သာ တုံ့ပြန်သည်။
ဝတ်စုံဖြူအဘိုးအိုကြီး ခုနစ်ဦးမှာမူ မိမိတို့၏ အဖိုးတန် ရှေးဟောင်းရတနာမျိုးစုံကို အသုံးပြု၍ မန္တန်စစ်သည်တော်များကို အသည်းအသန် နှိမ်နင်းနေကြစဉ်မှာပင် မိုးပြာရောင် နေဝန်းကြီးတစ်ခုအတွင်းကနေ ပေါ်ထွက်လာသော ထိုကြီးမားလှသောငှက်ကြီးကို ရုတ်တရက် မြင်တွေ့လိုက်ကြရသဖြင့် သူတို့အားလုံးမှာ မှင်တက်သွားကြသည်။
သူတို့အုပ်စုခေါင်းဆောင် မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအို၏အမူအရာမှာ သုန်မှုန်သွားလေ၏။ သူက ခပ်လောလော ပြောလာသည်။
"မကောင်းတော့ဘူး…အဲ့ဒီမိစ္ဆာသားရဲက သာမန်ကျင့်ကြံသူတွေ ခုခံတားဆီးနိုင်မယ့်အရာ မဟုတ်ဘူး။ ကျုပ်တို့ ဒီကောင့်ကို ဝင်ရောက် တားဆီးမှ ဖြစ်လိမ့်မယ်။"
အခြားအဘိုးအိုကြီးတစ်ဦးကမူ တက်ကြွလှသော လေသံဖြင့် ပြန်လည် ဆိုလိုက်သည်။
"ဒါဆိုရင် ကျုပ်တို့က ဘာကို စောင့်နေကြဦးမှာလဲ။ ကျုပ်တို့ရဲ့ သစ္စာခုနစ်ပါးရတနာတွေကို ထုတ်သုံးပြီး ၎င်းကို သုတ်သင်ကြတာပေါ့။ အဲ့ဒီမိစ္ဆာငှက်က ဒီကမ္ဘာလောကက အရာမဟုတ်ဘူး။ ဒီကောင့်ကို စိတ်ကြိုက်တိုက်ခိုက်ခွင့် ပေးလို့ မဖြစ်ဘူး။"
သူက စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် အဝါရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ထိုမိုးပြာရောင်နေဝန်းကြီးရှိရာ အရပ်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားတော့သည်။
အခြားသူများသည်လည်း ထိုသည်ကို မြင်တွေ့လိုက်ကြရသည့်အခါ မဆိုင်းမတွဘဲ သူ၏နောက်ကနေ ချက်ချင်း လိုက်ပါသွားကြတော့သည်။ သူတို့ကို ဦးဆောင်လာသော မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအိုက ချီတုံချတုံ ဖြစ်နေသေး၏။ သို့သော် သူလည်း သူတို့နောက်သို့ လိုက်ပါလာခဲ့သည်။
ထိုကျင့်ကြံသူ ခုနစ်ဦးမှာ မိုးပြာရောင် နေဝန်းကြီး၏ ဘေးနားသို့ ချဉ်းကပ်လာကြသည့် အချိန်တွင်မူ မောက်လန်တို့၏ အထွတ်အမြတ်သားရဲငှက်ကြီးမှာ အနီးဝန်းကျင်ရှိ မီးဓာတ်စိတ်ဝိညာဉ်ချီများကို စုပ်ယူခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
၎င်း၏ခန္ဓာကိုယ်မှာ မီတာရှစ်ဆယ်ကျော်အထိပင် ကြီးမားပြန့်ကားလာခဲ့ပေပြီ။ ၎င်းသည် မိမိ၏ အောက်ခြေရှိ ကျင့်ကြံသူများကို ရက်စက်ကြမ်းကြုတ်လှသော အကြည့်များဖြင့် စိုက်ကြည့်လိုက်ပေသည်။ ၎င်း၏ မျက်ဝန်းများအတွင်း၌ ရက်စက်လိုသော အလင်းတန်းများ လင်းလက်သွားခြင်းနှင့်အတူ ၎င်း၏ အတောင်ပံများကို ဖြန့်ကားလိုက်ပြီးနောက် ထိုကျင့်ကြံသူ ခုနစ်ဦးရှိရာ အရပ်ဆီသို့ လက်သီးဆုပ်ခန့် ကြီးမားလှသော မိုးပြာရောင်မီးလျှံလုံး အမြောက်အမြားကို ဆက်တိုက် ပစ်လွှတ်လိုက်တော့သည်။
ထိုအဘိုးအိုကြီးခုနစ်ဦးမှာ မိမိတို့၏ တိုက်ကွက်များကို မထုတ်ဖော်ရသေးခင်မှာပင် အပူလှိုင်းလုံးကြီးတစ်ခု သူတို့ဆီသို့ တိုးဝင်လာတာ တွေ့ရသည်။ သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ချက်ချင်းပင် ခြောက်သွေ့သွားခဲ့ရရုံတင်မကဘဲ နှလုံးများပါ ပြင်းထန်စွာ တုန်ရင်သွားကြသည်။ မရပ်မနား တိုးဝင်လာနေသော ထိုမိုးပြာရောင် မီးလျှံလုံးကြီးများ၏ အောက်တွင် မျက်ခုံးရှည်နှင့် အဘိုးအိုကြီးသည် သူ၏သိုလှောင်အိတ်ကို တစ်ချက် ပုတ်လိုက်ပြီးနောက် ကြည်လင်ပြတ်သားသော ရေခဲပိုက်ကွန်တစ်ခုကို ထိုမီးလျှံလုံးများရှိရာ အရပ်ဆီသို့ ပစ်လွှတ်လိုက်တော့သည်။ ဖြူဖွေးသော အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားခြင်းနှင့်အတူ ထိုမီးလျှံလုံးများ အားလုံးမှာ ထိုပိုက်ကွန်၏ ဖမ်းဆုပ်ခြင်းကို အမိအရ ခံလိုက်ကြရသည်။
မျက်ခုံးရှည်နှင့်အဘိုးအိုကြီးမှာ ဤသည်ကို မြင်တွေ့လိုက်ရသည့်အခါ မသိမသာ ပြုံးလိုက်မိသော်လည်း သိပ်မကြာခင်မှာပင် သူ၏ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော ဖြစ်သွားရတော့သည်။ ထိုရေခဲပိုက်ကွန်ကြီးမှာ ခဏမျှသာ တောင့်ခံနိုင်ခဲ့ပြီးနောက် ၎င်း ဖမ်းဆုပ်ထားသော မိုးပြာရောင် မီးလျှံများ၏ ပြင်းပြလှသော အပူရှိန်ကြောင့် ချက်ချင်းပင် အရည်ပျော်ကာ ပျက်စီးသွားခဲ့ရသောကြောင့်ပင်။ ထိုအခိုက်အတန့်တွင် မီးလျှံလုံးများမှာ ပြင်းထန်လှသော မီးတောက် တိုင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ပြင်းထန်သော အရှိန်အဟုန်မျိုးဖြင့် ထိုကျင့်ကြံသူခုနစ်ဦးရှိရာ အရပ်ဆီသို့ တဟုန်ထိုး တိုးဝင်လာတော့သည်။
"သွားစမ်း"
သူတို့ကို ဦးဆောင်လာသော အဘိုးအိုကြီးသည် မိမိ၏ကိုယ်ပိုင် မှော်ရတနာဖြစ်သော နို့နှစ်ရောင် ရှေးဟောင်းကြေးမုံပြင်ကြီးတစ်ခုကို အလျင်အမြန် ထုတ်ဖော်လိုက်တော့သည်။ ၎င်းသည် လေထုထဲသို့ ပျံသန်းသွားခဲ့ပြီး တစ်ပတ် လှည့်ပတ်သွားခဲ့ပြီးနောက် ဖြူဖွေးလှသော အလင်းတံတိုင်းကြီးတစ်ခုကို ထုတ်လွှတ်လိုက်ကာ တိုးဝင်လာသော မိုးပြာရောင်မီးလျှံများကို အမိအရ ခုခံတားဆီးလိုက်တော့သည်။
သို့သော်လည်း အခြားသူများမှာမူ ထိုရေခဲပိုက်ကွန်ကြီး မျက်စိတစ်မှိတ်အတွင်း အရည်ပျော် ပျက်စီးသွားသည်ကို မြင်တွေ့လိုက်ကြရသဖြင့် သူတို့၏ ကျောရိုးထဲအထိ စိမ့်သွားမိလေပြီ။ သူတို့သည် သာမန်မှော်ရတနာများအနေဖြင့် ဤမိုးပြာရောင် မီးလျှံများကို ဘယ်လိုမှ တားဆီးနိုင်စွမ်း ရှိကြမှာ မဟုတ်ကြောင်း ကောင်းစွာ သဘောပေါက်လိုက်ပြီ။
"မြန်မြန်... မိစ္ဆာပယ်ဖျက်ခြင်းအစီအရင်ကို အသုံးပြုကြစို့။ အဲ့ဒီ မိစ္ဆာငှက်ကို ချိပ်ပိတ်ပစ်ကြစို့" ဟု ဦးဆောင်လာသော အဘိုးအိုကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပေသည်။ အခြား ကျင့်ကြံသူကြီးများမှာမူ ဤသည်ကို ကြားလိုက်ရသည့်အခါ မိမိတို့၏ အဖိုးတန် ရှေးဟောင်းရတနာမျိုးစုံကို ချက်ခြင်း ထုတ်ဖော်လိုက်ကြသည်။
တုတ်ကောက်နီ၊ အဝါရောင်လှံရှည်၊ အမိန့်ပေးတံဆိပ်ပြား၊ ဒယ်စောက်၊ ကျောက်စိမ်းယပ်တောင်နှင့် တော်ဝင်တောင်ဝှေးတို့မှာ တစ်ပြိုင်နက်တည်း ကောင်းကင်ထက်သို့ ပျံသန်းသွားခဲ့ကြပြီး ထိုကြီးမားလှသောငှက်ကြီး၏ ဘေးပတ်ပတ်လည်တွင် ဝိုင်းရံပိတ်ဆို့ကြသည်။ သည့်နောက်တွင်မူ ကြည်လင်လှသောမြည်ဟီးသံမျိုးစုံ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီးနောက် ထိုရှေးဟောင်း ကြေးမုံပြင်ကြီးမှာ သက်တံရောင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သက်တံရောင် အလင်းတံတိုင်းကြီးတစ်ခုကို ထုတ်လွှတ်လိုက်ကာ ထိုမိုးပြာရောင် မီးလျှံများကို ခုခံတားဆီးလိုက်ရုံတင်မကဘဲ ၎င်းငှက်ကြီးကိုပါ အတွင်း၌ ကောင်းစွာ ပိတ်လှောင်ပစ်လိုက်တော့သည်။
ထိုအခါ မိုးပြာရောင်ငှက်ကြီး၏ မျက်ဝန်းများအတွင်း၌ ပြင်းထန်လှသော ဒေါသအရှိန်အဝါများ ဖြစ်ပေါ်လာပေသည်။ ၎င်းသည် အောက်ခြေသို့ ရက်စက်စွာ ထိုးဆိတ်လိုက်ရာ ၎င်း၏ နှုတ်သီးထက်တွင် ထူထပ်လှသော မိုးပြာရောင် အလင်းတန်းများ ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။ နောက်တစ်စက္ကန့်တွင် ထိုအရပ်မြင့်မြင့်အဘိုးအိုကြီးသည် မိမိ၏အမိန့်ပေးတံဆိပ်ပြား မှော်ရတနာမှာ ပြင်းထန်စွာ တုန်ခါသွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ၎င်းရတနာမှာ ပြင်းထန်စွာ ရိုက်ခတ်ခြင်း ခံလိုက်ရပြီးနောက် သူရှိရာ အရပ်ဆီသို့ တဟုန်ထိုး ပြန်လည် လွင့်စင်လာတော့သည်။
သူသည် များစွာ ထိတ်လန့်တုန်လှုပ်သွားရသဖြင့် ထိုရတနာ၏ အရှိန်အဟုန်ကို ရပ်တန့်နိုင်ရန်အတွက် မန္တန်တံဆိပ်မျိုးစုံဖြင့် ၎င်းပေါ်သို့ ဆက်တိုက် ရိုက်ခတ်လိုက်သော်လည်း ၎င်းအမိန့်ပေးတံဆိပ်ပြားမှာမူ ခဏမျှသာ တုံ့ဆိုင်းသွားခဲ့သည်။ ၎င်းက ရက်စက်ကြမ်းကြုတ်လှသော အရှိန်အဟုန်မျိုးဖြင့် သည်အဘိုးအိုကြီးဆီသို့ ဆက်လက်၍ တိုးဝင်လာနေတုန်းပင်။ သို့သော် ၎င်းသည် အဘိုးအိုကြီးကို သွားရောက် ထိမှန်တော့မည့် အခိုက်အတန့်တွင်ပင် သူ၏ နောက်ကျောဘက်တွင် လူရိပ်တစ်ခု ဖြတ်ခနဲ ဝေဝါးပေါ်ထွက်လာခဲ့ပြီး သူ၏ ပခုံးနှစ်ဖက်ပေါ်သို့ လက်ဝါးတင်ကာ ပြင်းထန်လှသော စိတ်ဝိညာဉ်ချီ အမြောက်အမြားကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ အဆတ်မပြတ် သွန်းလောင်းပေးလိုက်တော့သည်။
"မြန်မြန်... မန္တန်အတတ်ပညာကို ထုတ်ဖော်စမ်း။ ကျုပ် ခင်ဗျားကို အင်အား ကူညီပေးမယ်။" ဟု ဦးဆောင်လာသောအဘိုးအိုကြီးက အေးစက်သော လေသံဖြင့် ဆိုလိုက်ရာ ထိုအရပ်မြင့်မြင့် အဘိုးအိုကြီးသည်လည်း ချက်ချင်းပင် စိတ်ဓာတ်များ ပြန်လည် တက်ကြွလာခဲ့သည်။ သူသည် အသက်တစ်ရှိုက်စာအတွင်းမှာပင် မန္တန်တံဆိပ်ငါးခုကို ဆက်တိုက် ထုတ်ဖော်လိုက်ပြီးနောက် ထိုအမိန့်ပေးတံဆိပ်ပြားကို မိမိနှင့် အနီးကပ်ဆုံး နေရာ၌ ကောင်းစွာ ရပ်တန့်စေနိုင်ခဲ့ပေသည်။ သူတို့နှစ်ဦးစလုံးမှာမူ ၎င်းရတနာကို ပြန်လည် ထိန်းချုပ်နိုင်စွမ်း ရှိသွားမှာ သက်ပြင်းချနိုင်တော့သည်။
ယင်းအဖြစ်အပျက်ကြောင့် အခြားသူများ၏စိတ်ထဲ၌ အကြောက်တရာများ ပြည့်နှက်သွား၏။ သူတို့သည် သည့်ထက်ပို၍ သတိထားလိုက်ကြရပြီး မိမိတို့၏ ရှေးဟောင်းရတနာများထံမှ စွမ်းအားမျိုးစုံကို အသည်းအသန် ထုတ်ဖော်လိုက်ကြတော့သည်။ အရောင်အသွေးစုံလင်လှသော အလင်းတန်းမျိုးစုံမှာ တစ်ခုနှင့်တစ်ခု လုံးထွေးယှက်လိမ်သွားကြပြီး ထိုငှက်ကြီး၏ အလင်းတန်းများ ဖုံးလွှမ်းနေသော နှုတ်သီးထက်က တိုက်ကွက်များကို ကောင်းကောင်း ခုခံနိုင်သွားသည်။
မလှမ်းမကမ်း အကွာအဝေးတွင်မူ မန္တန်စစ်သည်တော်လဲ့သည် ဤမြင်ကွင်းကို တစ်ချက် စောင်းငဲ့ကြည့်ရှုလိုက်ပြီးနောက် သူ၏ ခေါင်းကို ပြန်လှည့်ကာ ထိုရှေးဟောင်း မီးအိမ်ငယ်ကိုသာ ပြန်လည် စောင့်ကြည့်နေမိတော့သည်။ ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက်တွင်မူ သူမသည် မည်သည့်လှုပ်ရှားမှုကိုမှ ထပ်မံ၍ မပြုလုပ်တော့ဘဲ ငြိမ်သက်စွာသာ နေထိုင်လိုက်ပေသည်။ ထိုမီးအိမ်အတွင်းရှိ ဆီများ အပြည့်အဝ တောက်လောင်၍ မပြီးမချင်း သူမအနေဖြင့် ဤနေရာ၌သာ မလှုပ်မယှက် ဘေးကင်းစွာ စောင့်ကြပ်နေရမည် ဖြစ်ပြီး ထိုမြင့်မြတ်သောငှက်ကြီးကို တိုက်ခိုက်နေကြသော ကျင့်ကြံသူများကို သွားရောက် သုတ်သင်ရှင်းလင်းနိုင်စွမ်း ရှိမနေခဲ့ပေ။ အကယ်၍ ထိုမီးအိမ်ငယ်ကိုသာ ဒီအတိုင်း ပစ်ထားခဲ့မည်ဆိုလျှင် ကပ်ဘေးအန္တရာယ်ကြီးတစ်ခု ကျရောက်လာနိုင်သောကြောင့် ဖြစ်ပေသည်။
ပိန်ခြောက်ခြောက်မန္တန်စစ်သည်တော်အိုကြီးမှာမူ သည်ကျင့်ကြံသူအိုကြီးများက မြင့်မြတ်သောငှက်ကြီးကို ကောင်းစွာ ပိတ်လှောင်ထားနိုင်ကြသည်ကို မြင်တွေ့လိုက်ရသည့်အခါ အနည်းငယ် အံ့ဩသွားသော်လည်း သူ၏စိတ်ထဲ၌မူ များစွာ ဂရုစိုက်နေဟန် မပေါ်ပေ။
သူသည် နှစ်ပေါင်း သောင်းချီအောင် မိမိတို့မျိုးနွယ်စုက တရိုတသေ ကိုးကွယ်လာခဲ့ကြသော ငှက်နတ်ဘုရားကြီးနှင့် ပတ်သက်ပြီး နည်းနည်းလေးမျှ စိုးရိမ်ပူပန်ခြင်း ရှိမနေခဲ့ချေ။ ၎င်းသည် တိုက်ပွဲအတွင်း လုံးဝ အသာစီး ရရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။ ထိုရှေးဟောင်းရတနာခုနစ်ပါးမှာ မည်မျှပင် အစွမ်းထက်လှသည် ဖြစ်ပါစေဦးတော့ သည်မြင့်မြတ်သောငှက်ကြီး၏ ပြိုင်ဘက် ဖြစ်လာနိုင်စရာအကြောင်း လုံးဝ ရှိမနေခဲ့ချေ။ ထိုမီးအိမ်ဆီများ လောင်ကျွမ်း၍ မပြီးဆုံးမီမှာပင် ၎င်းသည် ထိုကျင့်ကြံသူ ခုနစ်ဦးကို သေချာပေါက် နှိမ်နင်းဖျက်ဆီးပစ်နိုင်လိမ့်မည်သာ။
ဤခုနစ်ဦးမှာ ကောင်းကင်တောင်ပိုင်းလောက၏ အစွမ်းထက်ဆုံးသော လျှို့ဝှက်သတ်ဖြတ်သူများ ဖြစ်ပေလိမ့်မည်။ ထိုသို့ တွေးတောမိလိုက်ပြီးနောက် ပိန်ခြောက်ခြောက်အဘိုးအိုက သူ၏ အကြည့်ကို လုံဟန်ရှိရာအရပ်ဆီသို့ လှမ်းကြည့်သည်။ သူသည် ကျင့်ကြံသူတစ်ထောင်ကျော်၏ရှေ့တွင် သုန်မှုန်စွာ ရပ်နေသော လုံ့ဟန့်ကို တွေ့လိုက်ရသည်။
'မောက်လန်မျိုးနွယ်စုတွေက ဒီလောက်အထိ အစွမ်းထက်လှတဲ့ မိစ္ဆာငှက်ကြီးတစ်ကောင်ကို ဆင့်ခေါ်နိုင်စွမ်း ရှိလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ဘူး။ ဒါက တကယ့်ကိုပင် ကိုင်တွယ်ရ ခက်ခဲလိမ့်မယ်။'
လုံဟန်သည် သုန်မှုန်သော မျက်နှာထားဖြင့် စိတ်ထဲကနေ တကိုယ်တည်း ရေရွတ်လိုက်မိသည်။ သည့်နောက်တွင်မူ သူက ကျယ်လောင်လှသောအသံဖြင့် အေးစက်စွာ အမိန့်ပေးလိုက်တော့သည်။ "မြန်မြန်... ဝိညာဉ်ရုပ်သွင်တွေကို စေလွှတ်ကြစို့။ သစ္စာခုနစ်ပါးကျင့်ကြံသူတွေ ငါတို့အတွက် ဖန်တီးပေးထားတဲ့ အခွင့်အရေးကို အမိအရ အသုံးချပြီး သူတို့ဆီကနေ ကြီးကြီးမားမား အမြတ်ထုတ်နိုင်အောင် လုပ်ကြစို့။
သူ အမိန့်ပေးလိုက်ပြီး မကြာမီမှာပင် နက်မှောင်သော အလင်းတန်းများ လင်းလက်နေသည့် ငှက်ဆိုးကြီး အနည်းငယ်မျှမှာ ကျင့်ကြံသူ စစ်တပ်ကြီးအတွင်းကနေ ကောင်းကင်ထက်သို့ ချက်ချင်း ပျံသန်းထွက်ခွာလာခဲ့ကြပေသည်။ ထို့အပြင် အချို့သော ကျင့်ကြံသူများမှာမူ မိမိတို့၏ သိုလှောင်အိတ်အတွင်းကနေ ဝိညာဉ်အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်ကြပြီးနောက် ရုပ်တုတစ်ခုပေါ်သို့ ပြင်းထန်စွာ ကပ်နှိပ်လိုက်ကြတော့သည်။ စိမ်းလန်းသော အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားခြင်းနှင့်အတူ ထိုဝိညာဉ်အဆောင်လက်ဖွဲ့မှာ ရုပ်တုအတွင်းသို့ လုံးဝ စိမ့်ဝင်ပျောက်ကွယ်သွားခဲ့ရပြီးနောက် ထိုကျင့်ကြံသူများမှာ မြေပြင်ထက်တွင် မလှုပ်မယှက်ဘဲ တရားထိုင်ရင်း ငြိမ်သက်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနက်မှောင်လှသော ငှက်ဆိုးကြီးများ၏ မျက်ဝန်းများအတွင်း၌ အရိုးထိအေးစိမ့်လှသော အပြာရောင် အလင်းတန်းများ ချက်ချင်း လင်းလက်လာခဲ့ကြပြီး ၎င်းတို့၏ ခြေသည်းလက်သည်းများကို အစွမ်းကုန် ဆန့်ထုတ်လိုက်ကြပြီးနောက် အောက်ခြေတွင်ရှိသော မန္တန်စစ်သည်တော်များရှိရာ အရပ်ဆီသို့ တဟုန်ထိုး ပျံသန်းဆင်းသက်သွားကြတော့သည်။ ထိုရုပ်တုပေါ်သို့ အဆောင်လက်ဖွဲ့ ကပ်နှိပ်လိုက်ကြသော ကျင့်ကြံသူများမှာမူ မိမိတို့၏ ခေါင်းများမှာ ဘေးတစ်ဖက်သို့ စောင်းငဲ့သွားခဲ့ကြပြီး တကယ့် အိပ်မောကျနေကြသည့်အလား ဖြစ်သွားကြရတော့သည်။
ပိန်ခြောက်ခြောက်အဘိုးကြီးမှာ ဤသည်ကို မြင်တွေ့လိုက်ရသည့်အခါ သူ၏ မျက်နှာထက်တွင် သရော်လိုသော အမူအရာတစ်ခု ချက်ချင်း ပေါ်ထွက်လာပေသည်။ သူသည် ဘေးနားတွင်ရှိသော ဝတ်ရုံနက်အမျိုးသမီးဘက်သို့ လှည့်ကာ ရိုသေလေးစားစွာဖြင့် ဆိုလိုက်သည်။
"အခုဆိုရင် အချိန်ကျလာခဲ့ပြီ ဖြစ်လို့ တာအိုရောင်းရင်းအနေနဲ့ သူတို့ကို သေတံတိုက်ကွက်တစ်ခု ထုတ်ဖော်ပေးဖို့ရာအတွက် မျှော်လင့်မိပါတယ်။ တာအိုရောင်းရင်းလု... ခင်ဗျားရဲ့ ကြေးနီချပ်ဝတ်အလောင်းကောင်တွေကို အမြန်ဆုံး စေလွှတ်လိုက်ပါတော့။ ကျုပ်တို့ အခုပဲ အောင်ပွဲကို အမိအရ ဆုပ်ကိုင်ကြတာပေါ့။"
ထိုအဘိုးအိုကြီး၏ မျက်နှာထက်တွင် ကျေနပ်အားရသွားသော အမူအရာများ အပြည့်အဝ ပေါ်ထွက်လို့နေသည်။
ဝတ်ရုံနက်အမျိုးသမီး၏ မျက်ဝန်းများအတွင်း၌မူ အလင်းတန်းတစ်ခု လှစ်ခနဲ ဖြတ်ပြေးသွားခဲ့ပြီးနောက် တည်ငြိမ်စွာ ပြန်တုံ့ပြန်သည်။
"အစ်ကိုကျူး... အလောတကြီး မလုပ်ပါနဲ့ဦး။ ကျမတို့ နောက်ထပ် အချိန်အနည်းငယ်လောက် ထပ်ပြီး စောင့်ဆိုင်းကြရအောင်။ ကျမတို့ ဂိုဏ်းရဲ့ ကြေးနီချပ်ဝတ်အလောင်းကောင် အများစုက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံမှုမျိုးသာ ရှိကြတာလေ။ ကောင်းကင်တောင်ပိုင်းလောကက ကျင့်ကြံသူတွေ သူတို့ရဲ့ စွမ်းအားအားလုံး ကုန်ခမ်းသွားမယ့် အချိန်အထိသာ ကျုပ်တို့ ကောင်းကောင်း စောင့်ဆိုင်းနိုင်ခဲ့မည်ဆိုလျှင် ဒီအလောင်းကောင်တွေဟာ သူတို့ကို အလွယ်တကူပဲ အမြစ်ဖျက် သုတ်သင်ပြီး ရှင်းလင်းပစ်နိုင်ပါလိမ့်မယ်။"
သူသည် ဤသည်ကို ကြားလိုက်ရသည့်အခါ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ရပြီး ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက်မှ ခေါင်းညိတ်ပြလိုက်တော့သည်။
"အင်း…ကောင်းပါပြီ။ ခင်ဗျားက ဘက်က ဒီလိုအကျိုးအသင့်အကြောင်းသင့် ပြောလာမှတော့ နောက်ထပ် အချိန်နည်းနည်း ထပ်စောင့်ကြတာပေါ့…”
သူ့အနေဖြင့် သူမစကားမှာ အကျိုးအကြောင်းသင့်မှု ရှိနေသည်ဟု ခံစားမိ၍ ထိုသို့ လက်ခံလိုက်ခြင်းပင်။
အပိုင်း ၇၇၆ - ဝိညာဉ်ဖိနှိပ်ချုပ်ချယ်ခြင်းအဆောင်၏ စွမ်းပကား
ထိုအခိုက်အတန့်တွင် ဟန်လိသည် သူ၏ နှလုံးသားထဲ၌ အလွန်တရာ စိတ်ပျက်အားလျော့နေ၏။ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းတစ်ဝက်မှာ ကောင်းကင်ကျားနှစ်ကောင်၏ ပါးနပ်ညစ်ပတ်လှသော လှည့်ကွက်များကြောင့် ဖြစ်သည်။ ၎င်းတို့သည် သူ့ထံသို့ ကတ္တရာစေးကဲ့သို့ ကပ်ငြိနေကြသော်လည်း တစ်ဦးချင်းစီ အသေအကြေ ရင်ဆိုင်တိုက်ခိုက်ရန်ကိုမူ လုံးဝ မဝံ့ရဲကြချေ။ ၎င်းတို့သည် အကွာအဝေးတစ်ခုခြား၍ သူ့အား အဆက်မပြတ် နှောင့်ယှက်နေရုံမျှသာ ပြုလုပ်နေကြခြင်းပင်။
သည့်မတိုင်ခင် သူသည် တမင်သက်သက် ဟာကွက်တစ်ခု ချန်ထားခဲ့ပြီး ထိုသားရဲနှစ်ကောင်ထဲက တစ်ကောင်ကို သူ့အား ဝင်ရောက် တိုက်ခိုက်လာစေရန် ဖျားယောင်းခဲ့သေးသည်။ ဟန်လိသည် ထိုမိစ္ဆာသားရဲ၏ ခြေသည်းလက်သည်းတို့ကို တစ်ဝက်စီ ပြတ်တောက်သွားအောင် ခုတ်ပိုင်းပစ်နိုင်ခဲ့သော်လည်း ထိုအချိန်ကစ၍ မိစ္ဆာသားရဲနှစ်ကောင်လုံးမှာ အနီးကပ် တိုက်ခိုက်ခြင်းကို လုံးဝရှောင်လွှဲလိုက်ကြပြီး အဝေးတစ်နေရာကနေသာ အလင်းလုံးမျိုးစုံကို အသုံးပြု၍ သူ့အား ဆက်တိုက်တိုက်ခိုက်နေသည်။ ဟန်လိသည် မိမိ၏မိုးကြိုးမုန်တိုင်းတောင်ပံများကို အသုံးပြု၍ ၎င်းတို့၏ ပိတ်လှောင်မှုကနေ လွတ်မြောက်ရန် ကြိုးပမ်းလိုက်သည့် အခါတိုင်းတွင်လည်း ထိုမိစ္ဆာသားရဲများမှာ သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်လာနေနိုင်ပြီး သူ့ကို အတောမသပ် နှောက်ယှက်နေလေသည်။
သူ စိတ်ပျက်အားလျော့နေရသည့် အခြား အကြောင်းရင်းတစ်ခုမှာ မိုးပြာရောင် အလင်းကိုယ်ပွားကြီးကြောင့်ပင်။ ၎င်းသည် သန့်စင်လှသော သစ်သားဓာတ် စိတ်ဝိညာဉ်ချီများဖြင့်သာ သိပ်သည်းဖွဲ့စည်းထားခဲ့ပုံရပြီး ဝါးတိမ်အုပ်ဓားများဖြင့်ပင် ၎င်းကို ထိခိုက်ဒဏ်ရာရအောင် မလုပ်ဆောင်နိုင်ခဲ့ချေ။ သူ၏ ဓားချီစွမ်းအားမျိုးစုံမှာ ၎င်း၏ ခန္ဓာကိုယ်ပေါ်သို့ မည်မျှပင် ပြင်းထန်စွာ ရိုက်ခတ်သွားသည် ဖြစ်ပါစေဦးတော့ ၎င်းတို့သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြန့်ကျဲသွားခဲ့ရပြီး ကိုယ်ပွား၏ခန္ဓာကိုယ်နှင့် ပြန်လည်၍ တစ်သားတည်း ဖြစ်သွားရသောကြောင့် ဖြစ်သည်။
ထိုသို့ထူးဆန်းသည့်အခြေအနေမျိုးကို ဟန်လိအနေဖြင့် ခုမှ ပထမဆုံးကြုံဖူးခြင်း ဖြစ်၏။ သည်အဖြစ်က သူ့ကို အမြင်ကျယ်သွားစေသည်။
ဟန်လိသည် ဤသည်ကို မြင်တွေ့လိုက်ရသည့်အခါ သူ၏ နတ်ဘုရားရေခဲမီးတောက်ကို အသုံးပြု၍ ဝင်ရောက် တိုက်ခိုက်ပြန်သည်။ သို့သော် ထိုမိုးပြာရောင်ကိုယ်ပွားက ပါးစပ်ကို ဟလိုက်ပြီးနောက် အပြာရောင်ဖလားငယ်တစ်ခုကို ထွေးထုတ်လိုက်ကာ ယင်းရေခဲမီးတောက်များကို အမိအရ ဝါးမြိုစုပ်ယူပစ်လိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။ ထိုအချက်ကြောင့် ဟန်လိသည် ကျောရိုးထဲ၌ ထိတ်လန့်မှုကြောင့် စိမ့်ခနဲ့ ဖြစ်သွားရသည်။
ကံကောင်းထောက်မစွာဖြင့် သူသည် နတ်ဘုရားရေခဲမီးတောက်ကို မိမိ၏ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်အောင် ရှေးယခင်ကတည်းက သေချာသန့်စင်ထားခဲ့သောကြောင့် သူ့ဆန္ဒအတိုင်း ၎င်းကို ဖလားငယ်ထဲမှ ပြန်ဆင့်ခေါ်ကာ ခန္ဓာကိုယ်ထဲသို့ ပြန်သိမ်းဆည်းလိုက်နိုင်သည်။
သူ၏ခန္ဓာကိုယ်အတွင်း၌ သန့်စင်ထားသော ရေခဲမီးတောက် ပမာဏမှာ များပြားလှခြင်း မရှိသေးသဖြင့် ၎င်းထံကနေ အနည်းငယ်မျှ ဆုံးရှုံးသွားခဲ့မည်ဆိုလျှင်ပင် သူ၏ ကျင့်ကြံမှုအတွက် ထိခိုက်မှုကြီးမားသွားနိုင်လေ၏။
ယင်းအတွက်ကြောင့် ဟန်လိသည် သူ့ခရမ်းရောင်မီးတောက်ကိုပင် မထုတ်ဖော်ဝံ့တော့ပေ။ သူ၏အခြားရတနာဖြစ်သော တောင်စဉ်တစ်ထောင်ကိုလည်း အသုံးပြုသေး၏။ သို့သော် ရလဒ်က မသိသာသဖြင့် ၎င်းကို ပြန်သိမ်းဆည်းထားလိုက်ရ၏။
မိုးပြာရောင်ကိုယ်ပွားက သတ်ဖြတ်၍မရနိုင်သော အရာတစ်ခုတော့ မဟုတ်ပေ။ ဒဏ်ရာတစ်ခုစီ ရရှိသွားသည့် အခါတိုင်းတွင် ၎င်း၏ ခန္ဓာကိုယ်ပေါ်က အလင်းတန်းများမှာ မှိန်ဖျော့သွားခဲ့ရပြီး ၎င်း၏ ကိုယ်ဟန်မှာလည်း သိသိသာသာ ပုဝင်သွားခဲ့ရသည်။ သို့သော်လည်း ၎င်းသည် သူ အချိန်တိုအတွင်းမှာ အလွယ်တကူ နှိမ်နင်းဖျက်ဆီးပစ်နိုင်မည့် ရန်သူမျိုး မဟုတ်သည်မှာ အမှန်ပင်။ ကံကောင်းသည်မှာ ၎င်းထံ၌ ပြင်းထန်လှသောတိုက်ကွက်မျိုးစုံနှင့် အစွမ်းထက်လှသောမှော်ရတနာများ ရှိမနေခဲ့ခြင်းပင်။ ၎င်းသည် မိုးပြာရောင်ချီစွမ်းအင် အမျှင်တန်းများဖြင့်သာ သူ့အား ဆက်တိုက် တိုက်ခိုက်နိုင်စွမ်း ရှိသဖြင့် ဟန်လိအနေဖြင့် လွယ်လင့်တကူပင် ခုခံတားဆီးနိုင်ခဲ့သည်။ ကြည့်ရသည်မှာ ဤကိုယ်ပွား၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ သူ့အား ဤနေရာ၌ သေချာပိတ်လှောင်ထားရန်သာ ဖြစ်ပုံရသည်။
ဖုန်းပင်းမှာမူ စဦးစိတ်ဝိညာဉ်အလယ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသော်လည်း စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့်ရှိသော မန္တန်စစ်သည်တော်ကြီးနှင့် ရင်ဆိုင်တိုက်ခိုက်ရသည့် အခါတွင်မူ သူမ၏စွမ်းရည်မှာ လိုအပ်ချက်များစွာ ရှိနေဆဲပင်။ သူမသည် မိမိ၏တိုက်ကွက်မျိုးစုံနှင့် စွမ်းရည်များကို အစွမ်းကုန် ထုတ်ဖော်အသုံးပြုနေခဲ့သော်လည်း တိုက်ပွဲအတွင်း လုံးဝအရေးနိမ့်ကာ အားနည်းသော အနေအထားတစ်ခုဆီသို့ ရောက်ရှိနေသည်။
မောက်လန်တို့ဘက်မှ စတုတ္ထမြောက်သူတော်စင်ကလည်း ဖန်းပင်းနှင့်တိုက်ခိုက်နေရင်း ဟန်လိထံသို့ တစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်နေသေး၏။ ယင်းကြောင့် ဟန်လိသည် စိတ်မအေးနိုင် ဖြစ်နေရသည်။
ထိုအခိုက်အတန့်တွင် သစ္စာခုနစ်ပါးကျင့်ကြံသူများသည် မောက်လန်တို့၏ အထွတ်အမြတ်ငှက်ကြီး၏ တိုက်ကွက်များကို မနည်း ခုခံတားဆီးနေကြရသည်။ ဟန်လိသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အလေးအနက် ဖြစ်သွားရသည်။ လက်ရှိ အခြေအနေတွင် သည်စစ်ပွဲ၌ အောင်မြင်နိုင်ရန် သူတို့အတွက် တစ်ခုတည်းသောမျှော်လင့်ချက်မှာ သွေးအရံအတားအတွင်း ပိတ်လှောင်ခြင်း ခံထားရသည့် ကျင့်ကြံသူများကို အမြန်ဆုံး သွားရောက် ကယ်တင်ပေးနိုင်ခြင်း ရှိ၊မရှိ ပေါ်၌သာ မူတည်တော့သည်။ မဟုတ်ပါက သူတို့သည် မိမိတို့၏ တိုက်ပွဲအရှိန်အဟုန်ကို ပြန်လည် ရရှိနိုင်စရာ အကြောင်း လုံးဝရှိတော့မှာ မဟုတ်ဘဲ ကြီးမားလှသော အရေးနိမ့်မှုကြီးနှင့်အတူ ဤနေရာကနေ အရှက်တကွဲ ဆုတ်ခွာသွားရုံသာ ရှိပေတော့မည်။
ခဏမျှ ချင့်ချိန်တွေးတောပြီးနောက် ဟန်လိသည် သူ၏ နှလုံးသားထဲ၌ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ပြီး ဤကဲ့သို့သော အခြေအနေဆိုးကြီး ဆက်လက် ဖြစ်ပွားနေသည်ကို လက်သင့်မခံနိုင်တော့ပါ။ သူသည် ချက်ချင်းပင် ပြင်းထန်လှသော ဓားအလင်းတန်း အမြောက်အမြားကို ဆက်တိုက်ပစ်လွှတ်လိုက်ပြီးနောက် ကောင်းကင်ကျားများကို ခဏမျှ ဝေးကွာသွားအောင် မောင်းထုတ်ပစ်လိုက်တော့သည်။ သည့်နောက်တွင်မူ သူက သိုလှောင်အိတ်ကို တစ်ချက်ပုတ်လိုက်ပြီး ဘေးပတ်ပတ်လည်တွင် အဆောင်စာသားအမြောက်အမြားဖြင့် တင်းကျပ်စွာ ချိပ်ပိတ်ထားသော သစ်သားသေတ္တာငယ်တစ်ခုကို ထုတ်ယူလိုက်တော့သည်။ မိုးပြာရောင် ကိုယ်ပွားသည် ဤသည်ကို မြင်တွေ့လိုက်ရသည့်အခါ သူသည် ကြီးစွာ ထိတ်လန့်တုန်လှုပ်သွားဟန်ဖြင့် အော်ဟစ်လိုက်ပြီးနောက် ဟန်လိရှိရာ အရပ်ဆီသို့ သစ်သားဓာတ် စိတ်ဝိညာဉ်ချီ အမျှင်တန်း အမြောက်အမြားဖြင့် အသည်းအသန် ဝင်ရောက် တိုက်ခိုက်လိုက်တော့သည်။
ဟန်လိ၏ ကိုယ်ဟန်မှာ ဖြတ်ခနဲ ဝေဝါးသွားခဲ့သည်။ သူ၏ လျင်မြန်လှသော အမိန့်ပေးမှုအောက်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးပေါ်၌ စူးရှလှသော ဓားအလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး ထိုတိုးဝင်လာသော စိတ်ဝိညာဉ်ချီ အမျှင်တန်းများကို မျက်စိတစ်မှိတ်အတွင်းမှာပင် အပိုင်းပိုင်း ပြတ်တောက်သွားအောင် ခုတ်ပိုင်းပစ်လိုက်တော့သည်။ သည့်နောက်တွင်မူ ထိုသစ်သားသေတ္တာငယ်ထံကနေ အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားခဲ့ပြီးနောက် ၎င်းပေါ်က ချိပ်ပိတ်အဆောင်များ အားလုံးမှာ ချက်ချင်းပင် ကွာကျသွားသည်။ ကြက်သွေးရောင် အလင်းတန်းတစ်ခု ထိုသေတ္တာအတွင်းကနေ ပျံသန်းထွက်ခွာလာခဲ့ပြီးနောက် ဟန်လိ၏ လက်ဖဝါးထက်တွင် တစ်ပတ် လှည့်ပတ်စီးဆင်းသွားခဲ့သည်။ ၎င်းမှာ ဝိညာဉ်ဖိနှိပ်ချုပ်ချယ်ခြင်းအဆောင်ပင်။
ဟန်လိသည် မဆိုင်းမတွဘဲ ထိုကြက်သွေးရောင်အဆောင်ကို မိမိ၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ချက် ကပ်နှိပ်လိုက်ရာ ၎င်းသည် ကြက်သွေးရောင် အလင်းတန်းတစ်ခုနှင့်အတူ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း စိမ့်ဝင်ပျောက်ကွယ်သွားတော့သည်။
ဟန်လိ၏မျက်နှာထက်တွင် မိုးပြာရောင် အလင်းတန်းများ ချက်ချင်း ဖုံးလွှမ်းသွားခဲ့ရပြီးနောက် သူက အသက်ဝဝရှိုက်သွင်းလိုက်ပြီး သူ့ရှေ့မှောက်၌ ရေနဂါးကြီးတစ်ကောင်၏ ဝိညာဉ်ရုပ်သွင်ကို ဆင့်ခေါ်လိုက်တော့သည်။ ၎င်းသည် မီတာသုံးဆယ်လောက်ထိ ကြီးမားလှပြီး တစ်ကိုယ်လုံး ကြက်သွေးရောင် အလင်းတန်းများဖြင့် ပြည့်နှက်လို့နေသည်။ ၎င်းသည် ရှေးယခင်က သူ မြင်တွေ့ခဲ့ဖူးသော အဆင့်ရှစ်အဆိပ်နဂါးရဲကြီး၏ ပုံသဏ္ဌာန်နှင့် အတိအကျ တူညီနေ၏။
ထိုရေနဂါးကြီးသည် ဟန်လိ၏ ဦးခေါင်းထက်တွင် ကောင်းစွာ ရစ်ခွေလှည့်ပတ်သွားခဲ့ပြီးနောက် ကောင်းကင်တစ်ခုလုံးကို တုန်ဟုန်သွားစေနိုင်စွမ်းရှိသော ဟိန်းဟောက်သံကြီးတစ်ခုကို ပြင်းထန်စွာ ထုတ်လွှတ်လိုက်တော့သည်။ ၎င်းအသံကြောင့် အနီးအနားရှိ ကျင့်ကြံသူအားလုံး၏ နှလုံးသားများမှာ ပြင်းထန်စွာ တုန်ရင်သွားကြရပြီး ထိုထိတ်လန့်တုန်လှုပ်မှုကြောင့် တိုက်ပွဲကြီးအတွင်းက တိုက်ကွက်မျိုးစုံမှာလည်း ခေတ္တမျှ ရပ်တန့်သွားရတော့သည်။ ထျန်းကျုံးသည် ဤသည်ကို မြင်တွေ့လိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏ မျက်နှာထက်တွင် လေးနက်သော အမူအရာတစ်ခု ချက်ချင်း ဖြစ်ပေါ်သွားသည်။ ဖုန်းပင်း၏ မျက်ဝန်းများအတွင်း၌မူ အလင်းတန်းများ တဖျတ်ဖျတ် လင်းလက်သွားခဲ့ရပြီး ၎င်းအဆောင်၏ စွမ်းဆောင်ရည်ကို မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်ရှုနေမိသည်။
ဟိန်းဟောက်သံကြီး ပြီးဆုံးသွားသည်နှင့် ထိုရေနဂါးကြီးသည် ကောင်းကင်ထက်သို့ ဝေ့ဝိုက်၍ တဟုန်ထိုး ပျံသန်းသွားခဲ့ပြီးနောက် ၎င်း၏ ကိုယ်ဟန်မှာ လျင်မြန်စွာ ကျုံ့ဝင်သွားခဲ့ရပြီး ဟန်လိ၏ ခန္ဓာကိုယ်အတွင်းသို့ သဲလွန်စမရှိ တစ်ချက်တည်းနှင့် စိမ့်ဝင်ပျောက်ကွယ်သွားတော့သည်။ ထိုအခိုက်အတန့်တွင် ဟန်လိသည် မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးအတွင်း၌ ပြင်းပြလှသော အပူလှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်ကို ချက်ချင်း ခံစားလိုက်ရပြီး ထိုရေနဂါးကြီး၏ ပုံသဏ္ဌာန်ငယ်တစ်ခုမှာလည်း သူ၏ နောက်ကျောပေါ်သို့ ကြက်သွေးရောင် အလင်းတန်းများနှင့်အတူ အမိအရ ကပ်နှိပ်ကာ တောက်ပလာတော့သည်။
ထိုအခိုက်၌ ဟန်လိ၏ ခန္ဓာကိုယ်ပေါ်တွင် ကြက်သွေးရောင် အလင်းတန်းများ ပြင်းထန်စွာ လှည့်ပတ်စီးဆင်းလာခဲ့ရပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် လက်သည်းခွံခန့် ကြီးမားလှသော ကြက်သွေးရောင် ကြေးခွံမျိုးစုံ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ကာ ၎င်းတို့ထံကနေ စူးရှသော အလင်းတန်းများ ဖြာထွက်နေခဲ့သည်။ သည့်နောက်တွင် သူ၏ ဦးခေါင်းထက်ကနေ ပြင်းထန်လှသော နာကျင်မှုလှိုင်းတစ်ခုနှင့်အတူ အဖိုးတန်လှပြီး တောက်ပနေသော ရေနဂါးဦးချိုတစ်ခု ချက်ချင်း ထိုးထွက်လာခဲ့ပြီး ၎င်းထံ၌ ထက်ရှလှသော အချွန်အတက် ဆယ်ခု ပါဝင်နေခဲ့သည်။
"ဒါက..."
ဟန်လိသည် မိမိ၏ ခန္ဓာကိုယ်ပေါ်ကနေ ထွက်ပေါ်လာသော မယုံကြည်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည့် စိတ်ဝိညာဉ်ချီ စွမ်းအားများကို ခံစားလိုက်ရသည့်အခါ သူကိုယ်တိုင်ပင်လျှင် များစွာ အံ့အားသင့်သွားမိ၏။
သည်ဝိညာဉ်ဖိနှိပ်ချုပ်ချယ်ခြင်းအဆောင်၏ မှတ်တမ်းများအတွင်း၌ ၎င်း၏ စွမ်းဆောင်ရည်အချို့ကို ဖော်ပြထားခဲ့ဖူးသည် မဟုတ်ပါလား။ ၎င်းသည် မိစ္ဆာသားရဲဝိညာဉ်၏ ကျင့်ကြံမှုကို အပြည့်အဝ သန့်စင်မွန်းမံနိုင်စွမ်းရှိပြီး ၎င်းကို မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်စေကာ မိမိ၏ ကျင့်ကြံမှုအဆင့်ကို ဆထက်တိုး၍ ကြီးမားလာအောင် လုပ်ဆောင်ပေးနိုင်စွမ်း ရှိသည်။ သို့သော်လည်း ၎င်းကို အသုံးပြုသူ၏ ခန္ဓာကိုယ်တစ်ဝက်ကို မိစ္ဆာသားရဲတစ်ကောင်အလား အသွင်ပြောင်းလဲသွားလိမ့်မည်ဟူ၍မူ လုံးဝ ဖော်ပြထားခဲ့ခြင်း မရှိခဲ့ချေ။
ဒါမဲ့လည်း ဤကဲ့သို့သော မိစ္ဆာသားရဲအသွင်ပြောင်းလဲခြင်းမှာမူ ပုံမှန်ဝိညာဉ်ပေါင်းစပ်ခြင်း အတတ်ပညာရပ်များနှင့် ယှဉ်လျှင် များစွာ အားနည်းလွန်းလှသည်။ အနည်းဆုံးတော့ သူ၏ ပါးစပ်အတွင်းကနေ သားရဲစွယ်ကြီးများ ထွက်ပေါ်လာခြင်း မရှိခဲ့သလို ရေနဂါးအမြီးတစ်ခုလည်း ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤသည်မှာ မန်ဟုဇီ၏ ကောင်းကင်တောင့်ခံ မိစ္ဆာပညာရပ်နှင့် အတော်လေး ဆင်တူလှသည်။ ဟန်လိသည် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် သူ၏ ဦးခေါင်းထက်က ဦးချိုကို လက်ဝါးဖြင့် အသာအယာ ပွတ်သပ်လိုက်မိသော်လည်း စကားတစ်လုံးမျှမူ ထပ်မံ၍ မဆိုတော့ချေ။
ရှင်းလင်းစွာပင် ဟန်လိအနေဖြင့် ဤအဆောင်ကို ဖန်တီးခဲ့သော ဘိုးဘေးကြီးသည် ဝိညာဉ်ပေါင်းစပ်ခြင်း အတတ်ပညာရပ်များ၏ ဆိုးဝါးလှသော အားနည်းချက်များကို ပြုပြင်နိုင်ရန်အတွက် ဤအဆောင်ကို ဖန်တီးခဲ့ခြင်းဖြစ်မှန်း သိရှိထားခြင်း မရှိခဲ့ချေ။ ဤအဆောင်ကို အသုံးပြုသူသည် မိမိ၏ မူလအသိစိတ်ကို ကောင်းစွာ ထိန်းသိမ်းထားနိုင်ရုံသာမကဘဲ မိမိ၏ အသက်ဓာတ်နှင့် သက်တမ်းကိုလည်း ထိခိုက်ပျက်စီးသွားစေခြင်း မရှိနိုင်တော့ချေ။ ၎င်း၏ တစ်ခုတည်းသော အားနည်းချက်မှာမူ ၎င်းကို သန့်စင်မွန်းမံရန်အတွက် မယုံကြည်နိုင်လောက်အောင် ခက်ခဲလွန်းလှခြင်းပင် ဖြစ်သည်။
ဤကမ္ဘာရှိ ကျင့်ကြံသူ အများစုမှာမူ အဆင့်ရှစ် မိစ္ဆာသားရဲတစ်ကောင်ကို မြင်တွေ့နိုင်ဖို့ရန်အတွက်ပင် အခွင့်အရေး ရှိမနေခဲ့ကြရာ အဆင့်ရှစ်သားရဲမိစ္ဆာဝိညာဉ်တစ်ခုကို ရရှိရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်တော့ချေ။ ထို့အပြင် ၎င်း ပေါ်ထွက်လာသော သားရဲမိစ္ဆာဝိညာဉ်ကိုလည်း စနစ်တကျ သေချာစွာ သန့်စင်မွန်းမံရမည် ဖြစ်ပြီး မဟုတ်ပါက မိမိ၏ ခန္ဓာကိုယ်ကို ပြန်လည်၍ ဘေးဒုက္ခ ဖြစ်ပေါ်စေနိုင်သောကြောင့် ဖြစ်သည်။
အဆင့်နိမ့်မိစ္ဆာဝိညာဉ်များကိုလည်း ဤ ဝိညာဉ်ဖိနှိပ်ချုပ်ချယ်ခြင်းအဆောင်အတွင်းသို့ ထည့်သွင်း၍ သန့်စင်နိုင်စွမ်း ရှိသော်လည်း ၎င်းတို့၏ မိစ္ဆာချီစွမ်းအားများမှာမူ သန့်စင်မှု လုံးဝ ရှိမနေခဲ့ကြချေ။ ၎င်းကို အဆောင်အဖြစ် ပြောင်းလဲလိုက်သည့် အခါတွင်လည်း ဝိညာဉ်ပေါင်းစပ်ခြင်း အတတ်ပညာရပ်များကဲ့သို့ ဆိုးဝါးလှသော အကျိုးဆက်မျိုးစုံကို ခံစားရမည် ဖြစ်သဖြင့် အဆင့်ရှစ်နှင့် ၎င်းထက် မြင့်မားသော မိစ္ဆာဝိညာဉ်များကိုသာ အသုံးပြု၍ ဤအဆောင်ကို သန့်စင်ရမည်ဟု အထူးတလည် သတ်မှတ်ထားခဲ့ခြင်းပင်။
ဟန်လိသည် အနည်းငယ် အံ့ဩသွားခဲ့ရသော်လည်း သူ၏ ကျင့်ကြံမှုအဆင့်မှာမူ မျက်စိတစ်မှိတ်အတွင်းမှာပင် စဦးစိတ်ဝိညာဉ် အစောပိုင်းအဆင့်၏ အထွတ်အထိပ်သို့ ရုတ်တရက် တက်လှမ်းသွားခဲ့ပြီ ဖြစ်ကြောင်း ကောင်းစွာ ခံစားလိုက်ရသည်။ ဤအဆောင်၏ စွမ်းဆောင်ရည်မှာ တကယ့်ကိုပင် အကျိုးသက်ရောက်မှု ရှိလှသည်။ ထို့အပြင် ထိုကောင်းကင်ကျားနှစ်ကောင်မှာ ဟန်လိ၏ ခန္ဓာကိုယ်ပေါ်ကနေ ထွက်ပေါ်လာသော ရေနဂါးကြီးတစ်ကောင်၏ အရှိန်အဝါများကြောင့် စိုးရိမ်ထိတ်လန့်မှုကို အနည်းငယ် ခံစားလိုက်ကြရသည်။ သို့သော်လည်း ထိုမိုးပြာရောင် ကိုယ်ပွားက ၎င်းတို့အား ကျယ်လောင်စွာ အော်ဟစ်လိုက်သည့် အခါတွင်မူ ထိုကောင်းကင်ကျား နှစ်ကောင်လုံးမှာ သူတို့၏ တည်ငြိမ်မှုကို ပြန်လည် ရရှိသွားကြတော့သည်။
ဟန်လိသည် အေးစက်စွာဖြင့် တစ်ချက် ပြုံးလိုက်မိပြီး သူ၏ မိုးကြိုးမုန်တိုင်းတောင်ပံများကို ဖြန့်ကားလိုက်ရာ မိုးခြိမ်းသံကြီးတစ်ခုနှင့်အတူ ကိုက်တစ်ရာ့တစ်ဆယ်ခန့် ဝေးကွာသော နေရာဆီသို့ ချက်ချင်း ရွှေ့ပြောင်းသွားတော့သည်။ ထိုကောင်းကင်ကျား နှစ်ကောင်မှာမူ ဤသည်ကို မြင်တွေ့လိုက်ရသည့်အခါ မိုးပြာရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သူ၏နောက်သို့ အသည်းအသန် လိုက်လံ လာခဲ့ကြပြီးနောက် ဟန်လိ၏ ဘေးနားသို့ ချက်ချင်း ချဉ်းကပ်လာခဲ့ကြကာ ၎င်းတို့၏ ပါးစပ်အတွင်းကနေ အလင်းလုံး အမြောက်အမြားကို ဆက်တိုက် ထွေးထုတ်လိုက်ကြတော့သည်။
သူ၏ မျက်ဝန်းများအတွင်း၌ အေးစက်လှသော အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားခဲ့ရပြီး သူ၏ အတောင်ပံများထံကနေ မိုးခြိမ်းသံကြီးတစ်ခု ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။ သူသည် မူလနေရာကနေ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီးနောက် ထိုမိစ္ဆာသားရဲ၏ နောက်ကျောဘက်တွင် ဖြတ်ခနဲ ပြန်လည် ပေါ်ထွက်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် အခြား မိစ္ဆာသားရဲတစ်ကောင်မှာမူ အလင်းလုံး အမြောက်အမြားကို ဆက်တိုက် ပစ်လွှတ်လိုက်သည်။ ၎င်း၏ ရည်ရွယ်ချက်မှာမူ ဟန်လိကို သည်တိုက်ကွက်များအား ခုခံတားဆီးစေရန် အတင်းအကြပ် လုပ်ဆောင်ခြင်းဖြင့် မိမိ၏ အဖော်ဖြစ်သူအား ဘေးကင်းစွာ လွတ်မြောက်သွားနိုင်မည့် အခွင့်အရေးတစ်ခု ပေးအပ်ရန် ဖြစ်သည်။
သို့သော်လည်း သူ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာခဲ့ပြီ ဖြစ်သဖြင့် ဟန်လိသည် ဓားအလင်းတန်းများကို အသုံးပြု၍ ခုခံတားဆီးရန် မလိုအပ်တော့ဟု ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကြက်သွေးရောင်နှင့် မိုးပြာရောင် အလင်းတန်းများ ပြင်းထန်စွာ တောက်ပလာခဲ့ရပြီးနောက် သူသည် မိမိ၏ ကိုယ်ပိုင်စိတ်ဝိညာဉ်ချီ စွမ်းအားများကိုသာ အသုံးပြု၍ ထိုတိုက်ကွက်များကို ကိုယ်တိုင် ခုခံတားဆီးရန် စွန့်စားလိုက်တော့သည်။ သည့်နောက်တွင်မူ သူ၏ ကိုယ်ဟန် ဝေဝါးသွားခဲ့ပြီးနောက် သူ၏ လက်မောင်းကို ဆန့်ထုတ်လိုက်ကာ မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှသော အရှိန်အဟုန်မျိုးဖြင့် မိုးပြာရောင် ဓားချက်တစ်ခုကို ထုတ်ဖော်ကာ ရက်စက်စွာ ခုတ်ပိုင်းပစ်လိုက်တော့သည်။
အနှီကောင်းကင်ကျားသည် ကြီးစွာ ထိတ်လန့်တုန်လှုပ်သွားရသဖြင့် သူ၏ တည်နေရာရွှေ့ပြောင်းခြင်း ပညာရပ်ကိုပင် အချိန်မီ ထုတ်ဖော်နိုင်ခြင်း မရှိတော့ဘဲ မိမိ၏အဝါရောင် အမြုတေကိုသာ ပါးစပ်ကနေ အလျင်အမြန် ထွေးထုတ်လိုက်ကာ သည်တိုက်ကွဲကို တားဆီးရန် ကြိုးပမ်းလိုက်ရုံမျှ တတ်နိုင်တော့သည်။ မိုးပြာရောင်ကိုယ်ပွားသည် ဤသည်ကို မြင်တွေ့လိုက်ရသည့်အခါ သူသည်လည်း များစွာ ထိတ်လန့်သွားခဲ့ရသဖြင့် ရှေ့သို့ အသည်းအသန် ပျံသန်းလာခဲ့ပြီး သူ၏ လက်မောင်းနှစ်ဖက်ကို ဖြန့်ကားလိုက်ကာ ထူထပ်လှသော မိုးပြာရောင် အမျှင်တန်း အမြောက်အမြားကို ဟန်လိရှိရာ အရပ်ဆီသို့ ဆက်တိုက် ပစ်လွှတ်လိုက်တော့သည်။
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးများ ဆက်တိုက် ထွက်ပေါ်လာခဲ့ရပြီးနောက် ထိုအလင်းလုံးများမှာ ဟန်လိ၏ ခန္ဓာကိုယ်နှင့် ရိုက်ခတ်သွားခဲ့ကြပြီး ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့ကြသော်လည်း သူ၏ ခန္ဓာကိုယ်ကို အနည်းငယ်မျှ လှုပ်ခါသွားစေသည်။ သူသည် မည်သည့် ထိခိုက်ဒဏ်ရာကိုမှ အနည်းငယ်မျှ ခံစားလိုက်ရခြင်း မရှိခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ အစွမ်းကုန် ထုတ်ဖော်လိုက်သော ဓားတိုက်ကွက်မှာမူ မိစ္ဆာအမြုတေကိုသာ အပိုင်းနှစ်ပိုင်းအဖြစ် ခုတ်ပိုင်းပစ်နိုင်ခဲ့ရုံတင်မကဘဲ ထိုကောင်းကင်ကျားကိုပါ တစ်ပါးတည်း အပိုင်းပိုင်း ပြတ်တောက်သွားအောင် ရက်စက်စွာ ခုတ်ပိုင်းပစ်လိုက်တော့သည်။ တည်နေရာရွှေ့ပြောင်းခြင်း ပညာရပ် ထုတ်ဖော်ရန် အခွင့်အရေး မရလျှင် ၎င်းသားရဲမှာ ဟန်လိ၏ ပြိုင်ဘက် ဖြစ်လာနိုင်စရာ အကြောင်း လုံးဝ ရှိမနေခဲ့ချေ။
ထိုအခိုက်အတန့်တွင် မိုးပြာရောင် ကိုယ်ပွား၏ တိုက်ကွက်များမှာ ဟန်လိ၏ ခန္ဓာကိုယ်ကို ကောင်းစွာ ရစ်ပတ်သွားခဲ့ပြီ ဖြစ်သော်လည်း သူ၏ ကိုယ်ပေါ်ကနေ ကြက်သွေးရောင် အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားခဲ့ရပြီးနောက် ထိုမိုးပြာရောင်အမျှင်တန်းများကို မည်းနက်သွားအောင် ပြောင်းလဲပစ်လိုက်ပြီး ချက်ချင်းပင် ကွယ်ပျောက်သွားစေတော့သည်။
"ဒါက ရေနဂါးရဲ့ အဆိပ်ပဲ"
ဟန်လိသည် သူ၏ နှလုံးသားထဲ၌ များစွာ ကျေနပ်ဝမ်းမြောက်သွားရသည်။ သူသည် မည်သည့် မန္တန်အတတ်ပညာကိုမှ ထုတ်ဖော်ခြင်း မပြုရသေးဘဲ မိမိ၏ ကိုယ်ပိုင် စိတ်ဝိညာဉ်ချီ အလင်းတန်းများဖြင့်သာ ထိုမိုးပြာရောင်အမျှင်တန်းများကို လွယ်လင့်တကူပင် အရည်ပျော် ပျက်စီးသွားစေနိုင်ခဲ့သောကြောင့် ဖြစ်သည်။ မိုးပြာရောင်ကိုယ်ပွားသည် ဤသည်ကို မြင်တွေ့လိုက်ရသည့်အခါ သူ၏ မျက်နှာထက်တွင် ကြောက်လန့်တုန်လှုပ်နေသော အမူအရာတစ်ခု အထင်အရှား ပေါ်ထွက်လာတော့သည်။
ဝမ်းနည်းကြေကွဲဖွယ်ကောင်းလှသော အော်မြည်သံကြီးတစ်ခု လေထုထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ ကျန်ရှိနေသော ကောင်းကင်ကျားမှာ မိမိ၏ အဖော်ဖြစ်သူ သတ်ဖြတ်ခြင်း ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသည့်အခါ သူ၏ နှလုံးသားထဲ၌ ပြင်းထန်လှသော ဒေါသအရှိန်အဝါများ ဖြစ်ပေါ်လာတော့သည်။ မိုးပြာရောင် အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားခြင်းနှင့်အတူ ၎င်းသည် ဟန်လိ၏ ဘေးနားသို့ တိုက်ရိုက် တည်နေရာရွှေ့ပြောင်းလာခဲ့ပြီးနောက် ၎င်း၏ ပြင်းထန်လှသော ဒေါသကြောင့် အသိစိတ်များ လုံးဝ ပျောက်ကွယ်သွားခဲ့ရသည့်အလား တစ်ပေခန့် ရှည်လျားပြီး အလင်းတန်းများ ဖုံးလွှမ်းနေသော ခြေသည်းလက်သည်းများဖြင့် သူ့အား ခပ်ကြမ်းကြမ်း ဝင်ရောက်တိုက်ခိုက်လာသည်။
ဟန်လိသည် မည်သည့် ခံစားချက်မျှမရှိသော မျက်နှာထားမျိုးဖြင့်သာ ရှိနေခဲ့ပြီး ကြေးခွံများ ဖုံးလွှမ်းနေသော သူ၏ လက်သည်းများကို အသာအယာ မြှောက်လိုက်သည်။ ကြက်သွေးရောင် အလင်းတန်းမျိုးစုံမှာ သူ၏ ဘေးပတ်ပတ်လည်တွင် ပြင်းထန်စွာ တောက်ပလာခဲ့ရပြီးနောက် ထိုကောင်းကင်ကျား၏ ခြေသည်းလက်သည်း တိုက်ကွက်ကို အမိအရ ဆီးကြို တိုက်ခိုက်လိုက်တော့သည်။
ဒုန်းခနဲ မြည်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့ရပြီး ဟန်လိ၏ လက်သည်းတိုက်ကွက်မှာ ထိုကောင်းကင်ကျား၏ ရိုက်ခတ်မှုကို လွယ်လင့်တကူပင် ရိုက်ထုတ်ပစ်နိုင်ခဲ့ရုံတင်မကဘဲ သူ၏ ကိုယ်ဟန် ဝေဝါးသွားခဲ့ရပြီးနောက် အခြားလက်မောင်းတစ်ခုကို အသုံးပြု၍ ကောင်းကင်ကျား၏ ခန္ဓာကိုယ်အတွင်းသို့ အလွယ်တကူပင် ထိုးစိုက်ဝင်ရောက်သွားစေခဲ့သည်။ သူသည် ၎င်း၏ ခန္ဓာကိုယ်အတွင်းက အဝါရောင် မိစ္ဆာအမြုတေကို သူ၏ လက်သည်းများဖြင့် အမိအရ ထုတ်ယူပစ်လိုက်ရာ ကောင်းကင်ကျား၏အလောင်းခန္ဓာမှာ မြေပေါ်သို့ ပြုတ်ကျသွားတော့၏။
ဝိညာဉ်ဖိနှိပ်ချုပ်ချယ်ခြင်းအဆောင်၏ ကူညီပေးမှုကြောင့် သူ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာခဲ့ရပြီးနောက် ဟန်လိသည် ထိုမိစ္ဆာသားရဲ နှစ်ကောင်လုံးကို အချိန်တိုလေးအတွင်းမှာ ဆက်တိုက် သုတ်သင်ရှင်းလင်းပစ်နိုင်ခဲ့ခြင်းပင်။ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းပကားကြောင့် မိုးပြာရောင်ကိုယ်ပွားမှာ ရှေ့ဆက်၍ တိုက်ခိုက်ရန် ချီတုံချတုံ ဖြစ်သွားခဲ့ရပြီး ဟန်လိကို ဆက်လက်၍ ပိတ်လှောင်ထားရန် မဝံ့ရဲတော့ချေ။ သည့်နောက်တွင်မူ သူ၏ ကိုယ်ဟန် ဝေဝါးသွားခဲ့ပြီးနောက် ဟန်လိသည် မိုးပြာရောင် ကိုယ်ပွားရှိရာသို့ အေးတိအေးစက် လှမ်းကြည့်သည်။
ဤသို့ ဖြစ်ပျက်သွားခဲ့ရသည်များကိုမူ ထျန်းကျုံးသည် ကောင်းစွာ မြင်တွေ့လိုက်ရပြီ ဖြစ်သဖြင့် သူ၏ နှလုံးသားထဲ၌ ပြင်းထန်လှသော ဒေါသများနှင့်အတူ ကြီးစွာ ထိတ်လန့်တုန်လှုပ်သွားရတော့သည်။ သူသည် မိမိ၏ သက်တံစက်ဝန်းမှော်ရတနာကို အမိန့်ပေးလိုက်ပြီး အမျိုးသမီးဖန်းကို ပြင်းထန်စွာ ဆက်လက် တိုက်ခိုက်စေလိုက်ပြီးနောက် သူကိုယ်တိုင်မှာမူ တိုက်ပွဲနေရာကနေ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး ဟန်လိရှိရာ အရပ်ဆီသို့ တဟုန်ထိုး ပျံသန်းဝင်ရောက်လာသည်။ သို့သော်လည်း ၎င်းသည် လှုပ်ရှားလိုက်ရုံမျှ ရှိသေး ခပ်အုတ်အုတ် ပေါက်ကွဲသံကြီးတစ်ခု အနီးအနားကနေ ထွက်ပေါ်လာခဲ့ရပြီးနောက် ထိုနေရာတွင်ရှိသော သွေးအတားအဆီးကြီးမှာ ရုတ်တရက်ကြီး ပေါက်ကွဲပျက်စီးသွားခဲ့ရပြီး ၎င်း၏ အတွင်းကနေ ရေခဲမြူခိုးထုကြီးတစ်ခု အရူးအမူး တိုးဝင်ထွက်ပေါ်လာခဲ့သည်။ ငွေရောင်အလင်းတန်းတစ်ခုမှာ ထိုမြူခိုးများအတွင်းကနေ ပျံသန်းထွက်ခွာလာခဲ့ပြီးနောက် လေထုထဲတွင် တစ်ပတ် လှည့်ပတ်စီးဆင်းသွားခဲ့ပြီးမှ ဟန်လိ၏ ဘေးနားတွင် လာရောက် ရပ်တန့်သည်။