← Chapters

အခန်း(၁၂၀၄-၁၂၀၆)

Vol. 81 Ch. 1204-1206

အခန်း(၁၂၀၄-၁၂၀၆)

Vol. 81 Ch. 1204-1206

အခန်း (၁၂၀၄) ကူးဖြတ်ခြင်းအဆင့်

ကူးဖြတ်ခြင်းအဆင့်စွမ်းအားကို သူရင်းနှီးပြီးဖြစ်သည်။ လေဟာနယ်သန့်စင်အဆင့်တွင် ထိုစွမ်းအားကို မကြာခဏခံစားဖူးသည်။ မှားစရာအ‌ကြောင်းမရှိ။

သူ့စွမ်းအင်ရောင်က သိပ်သည်းသည်။ ရုပ်ခန္ဓာက အံ့ဩစရာကောင်းလောက်အောင် ခိုင်ခံ့သည်။ အင်္ကျီလက်တစ်ဘက်ဝှေ့ယမ်းလိုက်ရုံဖြင့် တောင်ကုန်းတစ်ခုကို နှစ်ခြမ်းခွဲပစ်နိုင်သည်။ ရှေးဟောင်းခေတ်တွင်သူရှိခဲ့လျှင် ကြယ်ကမ္ဘာများကို လက်တစ်ချောင်းတည်းဖြင့် ချေမွနိုင်စွမ်းရှိလိမ့်မည်။

"နှလုံးစမ်းသပ်ချက် ဖြတ်သန်းရာကနေ ကူးဖြတ်ခြင်းအဆင့်ကို ဘယ်လိုတိုက်ရိုက်ရောက်နိုင်မှာလဲ"

သူ့ဘာသာရေရွတ်နေသည်။ ထို့နောက် ထိုသံသယကို ချက်ချင်းခေါင်းထဲမှထုတ်လိုက်သည်။ သူ့စိတ်နှလုံးဉာဏ်အလင်းကျင့်စဉ်ပညာသည် ပုံရိပ်ယောင်များကို ဖောက်ထွက်နိုင်သည်။ အဆင့်တူထဲတွင် ထိုထက်ပိုကောင်းသည့် ပညာမျိုးမရှိ။

မဖျက်ဆီးနိုင်သည့် ပုံရိပ်ယောင်နယ်မြေဟူ၍မရှိ။ ခုနက နှလုံးစမ်းသပ်ချက်တွင် ထိုပညာကို သူမေ့နေ၍သာ ကြန့်ကြာသွားခြင်းဖြစ်သည်။

"ဒုခေါင်းဆောင်၊ နင်အောင်မြင်သွားပြီပဲ။..အဲ..နင်က ကူးဖြတ်ခြင်းအဆင့်ကို ရောက်လာတာလား"

စမ်းသပ်ချက်ဖြတ်ကျော်ပြီးနောက် ယွမ်မုန်မုန်က ကောင်းကင်ဂိတ်တောင်ထိပ်သို့ အရင်ဆုံးရောက်လာသည်။ လုယန်ကိုကြည့်၍ သူအံ့အားသင့်သွားသည်။

လေဟာနယ်သန့်စင်အဆင့်ပြီးလျှင် စုစည်းခြင်းအင့်သာဖြစ်ရမည်။

"သူက ကူးဖြတ်ခြင်းအဆင့်ပဲ"

ချင်ဟဲလည်း အတော်အံ့အားသင့်သွားသည်။ အဆင့်ကျော်၍ တိုက်ခိုက်သည်ကိုသာကြားဖူးသည်။ အဆင့်ကျော်တက်သည်ဟု တစ်ခါမှမကြားဖူး။

"ကံကောင်းသွားတာပါ"

မည်သို့ဆိုစေ ထိုကိစ္စကို အရင်ဆုံးသိခဲ့သူက လုယန်သာဖြစ်သည်။

သူ့ကို လာရောက်ဂုဏ်ပြုကြသူအားလုံး မင်သက်မိနေကြသည်။ သမိုင်းဝင်ကောင်းကင်ဆင်းရဲ ဖြတ်ကျော်ခဲ့ရုံသာမက။ ကျင့်စဉ်အဆင့်ပါ ခုန်တက်သွားသည်။

ရှေးဟောင်းခေတ်မှစ၍ ယနေခေတ်ထိ ထိုအဖြစ်မျိုး ရှိဖူးသလော...

ယွမ်ကျိပင် တစ်ဆင့်ချင်းသာ ကျင့်ကြံခဲ့သည်။ အဆင့်ကျော်တက်သည့်အဖြစ်မျိုး မကြုံခဲ့။

"ဂုဏ်ယူပါတယ် ရှောင်လု။ ငါတို့အကြီးအကဲတွေထဲမှာ မင်းထက်ကျင့်စဉ်အဆင့်မြင့်တဲ့လူ သိပ်မရှိတော့ဘူး"

အကြီးအကဲများက ပြုံး၍ပြောသည်။ တစ်နေ့နေ့တွင် လုယန် သူတို့ထက်သာသွားမည်ကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။ မျှော်လင့်ထားသည့်ကိစ္စက နည်းနည်းစောလွန်းနေသည်သာရှိသည်။

သူတို့ အငြိမ်းစားယူဖို့ အချိန်ရောက်ပြီထင်သည်။

"ရှောင်လု နောက်ဆိုရင် ဒုတိယအကြီးအကဲရာထူးက မင်းအတွက်ပဲ"

"တတိယအကြီးအကဲရာထူးက..."

"စတုတ္ထအကြီးအကဲရာထူးကာ..."

"မဟာအကြီးအကဲရာထူးက..."

"မဟုတ်ဘူးလေ၊ နေပါဦး။ တစ်ခြားအကြီးအကဲတွေက ထားပါတော့။ မဟာအကြီးအကဲက ကျုပ်နဲ့ ကျင့်စဉ်အဆင့်အတူတူပဲမဟုတ်လား။ ဘာလို့ အငြိမ်းစားယူချင်တာလဲ"

လုယန် စိုးရိမ်လာသည်။ ဤအတိုင်းဆိုလျှင် အကြီးအကဲရှစ်ယောက်လုံးရာထူးကို သူယူရတော့မည်။

သူ့ဆရာဝစီပိတ်သာရှိလျှင်လည်း သူ့ကို ဂိုဏ်းချုပ်ရာထူး လွှဲပေးလောက်သည်။

"မင်းက တကယ်ထူးခြားတဲ့လုပါ ရှောင်လု"

စီနီယာဂိုဏ်းတပည့်များက ချီးကျူးသည်။

"အကိုလုလို ကျင့်စဉ်အဆင့်ကျော်တက်အောင် ကျုပ်ဘယ်လိုလုပ်ရမလဲ"

ထူးထူးခြားခြား ပျော်နေသူက ကုကျန်ယဲ့ဖြစ်သည်။ မိတ်ဆွေဟောင်းတစ်ယောက်ကို ပြန်တွေ့ရသကဲ့သို့ လုယန်ကို စိုက်ကြည့်နေသည်။

"ရွှမ်ယွမ်ဓားသခင်၊ ကြည့်ရတာ ကောင်းကင်လျှပ်စီးဖြတ်တုန်းက ခင်ဗျားရဲ့ အတိတ်ဘဝကျင့်စဉ်စွမ်းအားတစ်ချို့ ပြန်ရခဲ့ပုံပဲ။

အတိတ်ဘဝနဲ့လက်တွေ့ဘဝပေါင်းစပ်လိုက်လိုက်၊ ကျင့်စဉ်ခုန်တက်သွားတာဖြစ်မယ်။ ကျုပ်အထင်မမှားရင် ထာဝရနတ်မယ်လည်း ဒီလိုမျိုးပဲကြုံခဲ့လောက်တယ်။

လေဟာနယ်သန့်စင်အဆင့်ပြီးတာနဲ့ ကူးဖြတ်ခြင်းအဆင့်ကို တန်းရောက်ခဲ့တာဖြစ်မယ်"

လုယန် "..."

မဟုတ်သေးဘူး။ ကူးဖြတ်ခြင်းအဆင့်ထိရောက်လာတာ ငါပျော်နေရမှာလေ။ မင်းချီးကျူးစကားကြားမှ ငါ့အပျော်တွေ ပျောက်သွားသလိုပဲ..

ဂုဏ်ပြုချီးကျူးကြသည့်စကားများက တစ်ယောက်နှင့်တစ်ယောက် ပုံစံကွဲသော်လည်း စိတ်ရင်းဖြင့် ချီးကျူးခြင်းဖြစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းသည် အချင်းချင်းဘယ်လောက် ရင်းနှီးကြောင်း သက်သေခံနေသည်။

အကြီးအကဲများနှင့် ကုကျန်ယဲ့စကားမှလွဲ၍ လုယန်က ချီးကျူးမှုအားလုံးကို ဂုဏ်ယူစွာလက်ခံသည်။

နေ့မှညသို့ ပြောင်းသွားသည်။ လာရောက်ဂုဏ်ပြုသူများ တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်သွားသည်။ တောင်ထိပ်တွင် လုယန်က လက်နှစ်ဘက်နောက်ပစ်၍ ကိုယ်တိုင်လိုက်ပို့နှုတ်ဆက်သည်။

ကူးဖြတ်ခြင်းအဆင့်သို့ ရောက်ပြီဖြစ်၍ သူ့လှုပ်ရှားမှုများက တာအိုနှင့် လိုက်လျောညီထွေရှိနေသည်။ အဆင့်အတန်းမြင့်သည့် လက္ခဏာကို ကိုယ်စားပြုသည်။

ကျင့်စဉ်အဆင့်ကြောင့်ဖြစ်လာသည့် ကိုယ့်ကိုယ်ကို ယုံကြည်မှုဖြစ်သည်။

"ရှောင်ယန်၊ နင်က ကူးဖြတ်ခြင်းအဆင့်ထိ တက်နိုင်ခဲ့တာပဲ။ မဆိုးဘူး။

အားလုံးထွက်သွားပြီးနောက် ကောင်းကင်ထဲတွင်ပုန်းနေသည့်နတ်မယ် ဆင်းလာသည်။

"ကူးဖြတ်ခြင်းအဆင့်။ အင်း အတော်ကောင်းတာပဲ"

ယွမ်ကျိလည်း ပေါလာသည်။

ထိုနှစ်ယောက် ဆက်တိုက်ပေါ်လာသဖြင့် လုယန်အံ့အားသင့်သွားသည်။

သူကောင်းကင်ဆင်းရဲမဖြတ်မီ နတ်မယ်က ကိစ္စတစ်ခုရှိသည်ဟု ပြောခဲ့သည်။ အမယွမ်ကို သွားတွေ့ခြင်းလော။

"အမယွမ်နဲ့နတ်မယ်၊ ဘာဖြစ်လို့ကျုပ်က ကူးဖြတ်ခြင်းအဆင့်ကို ရောက်လာတာလဲ"

"အင်း...လေဟာနယ်သန့်စင်အဆင့်မှာ ကူးဖြတ်ခြင်းအဆင့်ထိ စွမ်းအားတက်ခဲ့တာကြောင့်ဖြစ်မယ်။ နင်လည်းသိတာပဲ။ လေဟာနယ်သန့်စင်အဆင့်က နေစုစည်းခြင်းအဆင့်ကို တက်ဖို့ဆိုရင် နည်းလမ်းမျိုးစုံနဲ့ ကျင့်စဉ်တည်ငြိမ်အောင်လုပ်ရတယ်။

စုစည်းခြင်းအဆင့်ရဲ့ စွမ်းအားအနှစ်သာရကို နားလည်ရတယ်။ ဒါမှ အဆင့်တက်နိုင်တာ။ နင်က လေဟာနယ်အဆင့်မှာ ကူးဖြတ်ခြင်းအဆင့်ကို မကြာခဏရောက်တော့ အဲဒီ့စွမ်းအားနဲ့ ရင်းနှီးလာတယ်လေ။

ဒီတော့ နောက်ဆုံး ကူးဖြတ်ခြင်းအဆင့်မှာ စွမ်းအားတည်ငြိမ်သွားတဲ့သဘောပါပဲ။ မဆန်းပါဘူး"

"ကျွန်မလည်းနတ်မယ်လိုပဲ ယူဆပါတယ်"

ယွမ်ကျိက ခေါင်းငြိမ့်သည်။

"မုန်မုန်၊ ရှောင်လုရဲ့ကျင့်စဉ်တိုးနက်နှုန်းက အရမ်းမြန်တယ်။ အခုကူးဖြတ်ခြင်းအဆင့်ကို ရောက်လာပြီ။ နင်ကသူ့ထက် နောက်ကျကျန်ခဲ့လို့မဖြစ်ဘူး"

"ငါလည်း ကြိုးစားပြီး ကျင့်ကြံနေတာပါ။ အိမ်ကထွက်လာတုန်းက ကူးဖြတ်ခြင်းအခြေခံအဆင့်ပဲရှိတာလေ။ အခု အလတ်တန်းဆင့်ကို ရောက်နေပြီ"

"ပြောစမ်းပါဦး။ နင်ဘယ်လို ကျင့်ကြံခဲ့တာလဲ"

"စားတယ် သောက်တယ် ကစားတယ်။ ဘဝကို ပျော်ပျော်နေတယ်လေ။ ဒီနည်းလမ်းတွေအားလုံး ငါ့ခေါင်းဆောင်က သင်ပေးတာ"

"ဟုတ်တယ်၊ ဟုတ်တယ်။ ငါတို့ထာဝရမျိုးဆက်အားလုံး ဒီလိုပဲ ကျင့်ကြံကြတယ်"

နတ်မယ်က တ-ခေါင်းဆောင်အမြင်ကို ထောက်ခံပြီး အပြင်လောကအယူအဆများကို အတူဆန့်ကျင်သည်။

"...ဟုတ်ပါပြီ"

နတ်မယ်နှင့်ယွမ်မုန်မုန် အတူပူးပေါင်းထားသဖြင့် ယွမ်ကျိ ဘာမှမတတ်နိုင်တော့။ နှစ်ယောက်လုံးက ကြက်ခေါင်းဆိတ်မခံသူများဖြစ်သည်။

ယွမ်မုန်မုန်ကို ထာဝရမျိုးဆက်ထဲဝင်ခွင့်ပြုခဲ့သည်က မှားသွားသလားဟု သူတွေးမိလာသည်။

"ညီမမုန်မုန်ထက်သာဖို့တော့ မဖြစ်နိုင်သေးပါဘူး။ ညီမမုန်မုန်က ထာဝရအရိယဖလသန္ဓေရှိတဲ့ မသေမျိုးတစ်ဝက်ပဲလေ"

လုယန်က ယွမ်မုန်မုန်ကိုယ်စားပြောသည်။ အမှန်တရားလည်းဖြစ်သည်။

ကူးဖြတ်ခြင်းဆင့်သို့ တန်းတက်နိုင်မည်ဟု လုယန်မမျှော်လင့်ခဲ့။ စုစည်းခြင်းအဆင့်ရောက်မှ ကိုယ်ပိုင်အရိယဖလတည်ဆောက်ဖို့ကိစ္စ ဖြေးဖြေးချင်းစဉ်းစားဖို့သာ တွေးခဲ့သည်။

ထို့နောက် အရိယဖလသန္ဓေတည်ဆောက်၍ မသေမျိုးတစ်ဝက်ဖြစ်အောင် ကြိုးစားမည်။

ယခု သူ့ကျင့်စဉ်တိုးတက်နျှုန်းက မြန်လွန်းနေသဖြင့် မူလအစီအစဉ် ပျက်သွားသည်။

"ဟုတ်တယ်။ အခုမင်းက ကူးဖြတ်ခြင်းအဆင့်ရောက်လာပြီဆိုတော့ ဘယ်လိုအရိယဖလသန္ဓေမျိုး တည်ဆောက်မလဲဆိုတာ မင်းစပြီးစဉ်းစားသင့်ပြီ"

လုယန်က တည်ငြိမ်စွာပြောသည်။ ကူးဖြတ်ခြင်းအဆင့်ကိုးဆယ်ရာနှုန်းလောက်က အရိယဖလသန္ဓေတည်ဆောက်ဖို့ကိစ္စ စိုးရိမ်ပူပန်ကြသည်။ သို့သော် လုယန်ပါရမီအရ ထိုကိစ္စတွင် အခက်အခဲမရှိနိုင်ဟု သူယုံကြည်သည်။

တည်ဆောက်မည့် အရိယဖလသန္ဓေအမျိုးအစားကိုသာ စဉ်းစားဖို့လိုသည်။

"ဒါက ရှင်းနေတာပဲလေ။ ထာဝရအရိယဖလသန္ဓေပဲ သူတည်ဆောက်မှာပေါ့"

ဤတစ်ကြိမ်တွင် နတ်မယ်စကားကို လုယန် ချက်ချင်းမငြင်း။ အရင်ကတည်းက တွေးမိခဲ့သည့် တစ်ခြားပြဿနာတစ်ခုကို သူအလေးအနက်စဉ်းစားနေသည်။

"အမယွမ်၊ ကျုပ်က အရိယဖလသန္ဓေကို မဖြစ်မနေတည်ဆောက်ဖို့ လိုလို့လား"

ယွမ်ကျိ အံ့အားသင့်သွားသည်။

"ဘာကိုပြောချင်တာလဲ"

"အမယွမ်မှာ အရိယဖလမရှိဘူးမဟုတ်လား"

ခိုင်မာသည့် သက်သေမရှိသော်လည်း လုယန် သူ့ခန့်မှန်းချက်သူ ယုံကြည်သည်။

အမယွမ်တွင် အရိယဖလမရှိ။ ဘယ်သူမှမသိသည့် တစ်ခြားတာအိုလမ်းကြောင်းတစ်ခုကို လျှောက်ခဲ့သည်။

သူလည်း ထိုလမ်းကြောင်းကို ရွေးချယ်ခွင့်ရှိရနိုင်သလော...

သူ့မေးခွန်းကြောင့် ချင်ဟဲနှင့် ယွမ်မုန်မုန် အံ့အားသင့်သွားသည်။

ယွမ်ကျိသည် ပြိုင်ဘက်ကင်းလောက်အောင် စွမ်းအားကြီးသည်။ အရိယဖလမရှိဘဲ နေမည်မဟုတ်။

"အဲ...ရှောင်ကျိ။ နင်ကမသေမျိုးမဟုတ်ဘူးလား"

အံ့ဩရိပ်မပေါ်သူဟူ၍ နတ်မယ်တစ်ယောက်သာရှိသည်။ ယွမ်ကျိတွင် အရိယမရှိကြောင်း သူသေချာသိသည်။

လုယန် ထိုမေးခွန်းမျိုး မေးလာမည်ထင်မထားသဖြင့် ယွမ်ကျိ အခက်တွေ့နေသည်။

အတော်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် ကျိတ်၍သက်ပြင်းချသည်။

"ရှောင်လု၊ ငါ့လမ်းစဉ်ကိုမလိုက်နဲ့။ ငါက လမ်းမှားကိုလျှောက်ခဲ့မိတာ"

************************************

အခန်း (၁၂၀၅) ယွမ်ကျိ၏ တာအိုလမ်းစဉ်

လုယန် ကျောက်ရုပ်လိုဖြစ်နေသည်. ကောင်းကင်လျှပ်စီးကို ရင်ဆိုင်စဉ်ကပင် သူထိုမျှမအံ့ဩခဲ့။

"အမယွမ်က ကောင်းကင်အင်ပါယာသခင်ကို ခြိမ်းခြောက်နိုင်တယ်။ အင်ပါယာဝူယောက်ကို အနိုင်ယူခဲ့တယ်။ ရှေးဟောင်းမသေမျိုးလေးယောက်ကို လွှမ်းမိုးနိုင်တယ်။ ပဲပြာအရှင်နဲ့ နတ်မယ်ကို နှိပ်ကွပ်နိုင်တယ်။

ဒါကို လမ်းစဉ်မှားတယ်လို့ ပြောနေတာလား"

ယွမ်ကျိ ခေါင်းငြိမ့်အတည်ပြုသည်။

"ဟေ့ ဟေ့ ဟေ့။ ငါက ရှောင်ယွမ်နဲ့ လက်ရည်တူပါ"

လုယန်၏နောက်ဆုံးမှတ်ချက်ကို နတ်မဘ်သိပ်သဘောမကျ။ အမှားကို ထောက်ပြသည်။

"ရှောင်ယန်၊ နင့်လမ်းစဉ်က အရိယဖလလမ်းစဉ်မဟုတ်ဘူးဆိုရင် နင့်ရဲ့ နောက်ဆုံးစွမ်းအားအဆင့်က လွှမ်းခြုံခြင်း၊ ဒါမှမဟုတ် လွန်မြောက်ခြင်းအဆင့်မဟုတ်လား"

ထိုအဆင့်ထိ နတ်မယ်ခွဲခြားသုံးသပ်နိုင်သဖြင့် ယွမ်ကျိအံ့အားသင့်သွားသည်။ အရိယဖလမ်းစဉ်း တည်ထောင်သူ ပီသသည်ဟု ပြောရမည်လားမသိတော့။

"ရှောင်ကျိ၊ တကယ်အဲလိုလား"

ယွမ်ကျိ ယခုလောက်အထိ ထုတ်ပြောဖို့ ရည်ရွယ်ချက်မရှိခဲ့။ ကိုယ်လမ်းစဉ်အမှားကို ကိုယ့်ဘာသာသိနေခြင်းက ပိုကောင်းသည်။ ဂုဏ်ယူရမည့် ကိစ္စမဟုတ်။

သို့သော် အရင်းနှီးဆုံးလူများက မေးလာသဖြင့် သူရှင်းပြရမည့် ဝတ္တရားရှိသည်။

"နတ်မယ်ပြောတာမှန်ပါတယ်။ ကျွန်မကျင့်စဉ်အဆင့်က အရိယဖလနဲ့ တိုင်းတာလို့မရဘူး။ နောက်တစ်ဆင့်တက်ရင် သဟဇာတအဆင့်ပဲ"

"သဟဇာတအဆင့်..."

ထိုစကားလုံးကို လုယန် ယခုမှကြားဖူးသည်။

"ဒီအဆင့်က ကောင်းကင်ကို စိတ်နှလုံးနဲ့ အစားထိုးတာပါ"

ယွမ်ကျိအမူအရာက နားလည်ရခက်သည်။

"ခန္ဓာကိုယ်ကို တာအိုနဲ့တစ်သားတည်း ပေါင်းစပ်တယ်။ ကောင်းကင်ကို စိတ်နှလုံးနဲ့အစားထိုးတယ်။ နားထောင်ရတာတော့ ကောင်းသလိုပဲ။ ဒါပေမယ့် ကောင်းကင်ဆိုတာ ရက်စက်တယ်။

သဟဇာတအဆင့်ရောက်ရင် ငါက အဓိပဓိကောင်းကင်ဖြစ်လာမယ်။ ကိုယ်ပိုင်ဆန္ဒတွေ အာရုံထွေပြားတာတွေ မရှိတော့ဘူး။ ဆန္ဒတွေအားလုံး ပျောက်ဆုံးသွားမယ်။

အဲဒီ့အချိန်ကျရင် မင်းတို့အားလုံးက ငါ့အတွက် ဘာမှမဟုတ်တော့ဘူး။ ကောင်းကင်အောက်မှာရှိတဲ့ အနန္တဖြစ်တည်မှုတွေထဲက အမှုန်အမွှားလေးတွေပဲ"

လုယန် ငေးကြောင်သွားသည်။

"ဒါ..ဒါဆို..ဒါက လူလို့တောင် သတ်မှတ်နိုင်သေးလို့လား"

ပြောလိုက်ပြီးမှ ကိုယ့်ပါးကိုယ် ဖြတ်ရိုက်ချင်စိတ်ပေါက်သွားသည်။

ယွမ်ကျိ မချိပြုံးပြုံးသည်။

"ဒါပေါ့။ လူမဟုတ်တော့ဘူး။ ငါပြောတယ်မဟုတ်လား။ သဟဇာတအဆင့်ရောက်ရင် ငါကကောင်းကင်ဖြစ်လာမှာလေ။ ကောင်းကင်ဆိုတာ လူဘယ်ဖြစ်နိုင်မှာလဲ"

"နင်ဘာလို့ ဒီလမ်းကြောင်းကို ရွေးခဲ့တာလဲ"

နတ်မယ် စပ်စုလိုက်သည်။ အရိယဖလလမ်းစဉ်သည် ကောင်းသည်မဟုတ်လော...ယွမ်ကျိပါရမီနှင့်ဆိုလျှင် သူနှင့်တန်းတူ စွမ်းအားရှင်မျိုး ဖြစ်လာနိုင်သည်။

ယွမ်ကျိက အားလုံးကို စားပွဲတွင်ထိုင်ဖို့ ဖိတ်ခေါ်၍ ဉာဏ်အလင်းလက်ဖက်ရည်တစ်ခွက်စီ ငှဲ့ပေးသည်။

အကြောင်းရင်းကို သူရှင်းပြသည်။

"အစက ကျွန်မလည်း အရိယဖလလမ်းစဉ်ကို လိုက်ချင်ခဲ့ပါတယ်။ ကူးဖြတ်ခြင်းအဆင့်ရောက်တော့ နောက်တစ်ဆင့် အရိယဖလသန္ဓေတည်ဆောက်ဖို့ ဖြစ်လာတယ်။

အဲဒီတုန်းက ကျွန်မနဲ့သိတဲ့ မသေမျိုးတစ်ဝက်အဆင့် တစ်ယောက်မှမရှိဘူး။ ပင်လယ်တာအိုသခင်အကြောင်းတောင် ဘိုးဘေးဆရာဆီကတစ်ဆင့်ပဲ လေ့လာခဲ့ရတာ။

အဲဒီ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ပင်လယ်တာအိုသခင်ကလည်း တံခါးပိတ်ကျင့်စဉ်ဝင်နေတယ်။ အကြံဉာဏ်တောင်းရမယ့်လူ တစ်ယောက်မှမရှိဘူး။

ဘိုးဘေး တံခါးပိတ်ကျင့်ရာက ထွက်မလာခင် ကိုယ့်ဘာသာကြိုပြီးသုံးသပ်ကြည့်မယ်လို့ တွေးခဲ့တယ်။ သူထွက်လာမှ နားမလည်တာတွေ မေးမယ်ပေါ့။ အဲလိုဆိုရင် လေ့လာရတာ ပိုလွယ်ကူသွားမယ်လေ။

ဒါပေမယ့် ပင်လယ်တာအိုသခင်က ကျင့်စဉ်ဝင်တာ အကြာကြီးပဲ။ တော်တော်နဲ့ ထွက်မလာဘူး"

"သူကျင့်စဉ်ဝင်တာ ဘယ်လောက်ကြာလဲ"

နတ်မယ်က စကားဖြတ်မေးသည်။

"...အဲဒါက အရေးမကြီးပါဘူး။ ဘိုးဘေး ကျင့်စဉ်ဝင်နေတုန်းမှာ လမ်းကြောင်းအသစ်တစ်ခု စဉ်းစားမိတယ်။ ဒါပေမယ့် အဲဒီ့တုန်းက ကိုယ့်ကိုယ်ကို သတိမထားမိသေးဘူး။

ဘိုးဘေးထွက်လာတော့ လက်ရည်ယှဉ်ကြည့်ဖို့ တောင်းဆိုလိုက်တယ်။ သူ့ကို အပြတ်အသတ်နိုင်ခဲ့တယ်။ အဲဒီ့အချိန်ကျမှ ဒီလမ်းစဉ်ဟာ အရိယဖလလမ်းစဉ်မဟုတ်မှန်း နားလည်လာတာ"

"..."

ပင်လယ်တာအိုသခင် အတော်ကံဆိုးသည်ဟု လုယန်တွေးမိသည်။ အချိန်ကြာမြင့်စွာ ပင်ပင်ပန်းပန်း တံခါးပိတ်ကျင့်ရာမှ ထွက်လာလာချင်း အမယွမ်က တာအိုလမ်းစဉ်စမ်းသပ်ပြီး အပြတ်အနိုင်ယူခဲ့သည်။

တာအိုသခင် တံခါးပိတ်ကျင့်စဉ်က ဘာတွေများတိုးတက်ခဲ့သည်မသိ။

ထို့နောက်ပိုင်း သူကျင့်စဉ်ဆက်ဝင်သည်မှာ မဆန်းလှ။ ဘယ်သူမဆို စိတ်ဓာတ်ကျပေလိမ့်မည်။

"ကျွန်မလမ်းစဉ်က အရိယဖလလမ်းစဉ်နဲ့ သဘောတရားချင်းမတူဘူး။ အစက ဒီလမ်းစဉ်ကို ဘာမှပြဿနာမရှိဘူးလို့ ထင်ခဲ့တာ။ အရိယဖလဆိုတာ ရှေ့မျိုးဆက်တွေ တီထွင်ခဲ့တာ။

ရှေးလူတွေက လမ်းစဉ်တစ်ခု တီထွင်နိုင်ရင် ကျွန်မလည်းတီထွင်နိုင်ရမယ်။ ဘယ်လိုလမ်းစဉ်ဖြစ်ဖြစ် စွမ်းအားပိုကြီးလာရင် အဆင်ပြေတယ်လို့ပဲ တွေးခဲ့တာ။

နောက်ပိုင်းတော့ ဒီလမ်းစဉ်အတိုင်း ကျင့်ကြံရင်း လမ်းစဉ်အဆုံးကိုရောက်လာတယ်။ အဲဒါကို 'သဟဇာတ'လို့ နာမည်သတ်မှတ်ခဲ့တယ်။

လမ်းဆုံးပန်းတိုင်ကို မြင်နေရတော့ ရှေ့ဆက်သွားတယ်။ လမ်းစဉ်အဆုံးဟုတ်မဟုတ် အတည်ပြုဖို့ ဆက်ပြီးစမ်းသပ်ကြည့်ခဲ့တယ်။ ဒီနေ့မြင်နေရတဲ့ ရွှေသန္ဓေကြယ်တွေဟာ အဲဒီ့စမ်းသပ်မှုရဲ့ ရလာဒ်ပဲ။

အဲဒီ့ထဲက စမ်းသပ်မှုတစ်ခုမှာ 'သဟဇာတအဆင့်'ရဲ့ ပြဿနာတွေကို နားလည်လာတယ်။ ဒီလမ်းစဉ်ဟာ နောက်ဆုံးမှာ လူသားအဖြစ်ကို ဆုံးရှုံးပြီး ကောင်းကင်ဖြစ်လာမယ့် လမ်းစဉ်ပဲ။ မလျှောက်သင့်တဲ့ လမ်စဉ်ပေါ့။

ကံကောင်းချင်တော့ အဲဒါက ပထမအဆင့်စမ်းသပ်မှုဖြစ်လို့ သဟဇာတစွမ်းရည်က လွှမ်းမိုးမှုအားနည်းသေးတယ်။ ‌ကောင်းကင်အစစ်ဖြစ်မသွားအောင် ရုန်းထွက်နိုင်ခဲ့တယ်။ဒါပေမယ့် အဲလိုရုန်းထွက်ခဲ့တော့ ဒုတိယအဆင့်ကို ဆက်ပြီးစမ်းသပ်လို့မရတော့ဘူး"

ယွမ်ကျိက လုယန်ကို လှည့်ကြည့်သည်။

"ဒါကြောင့် ဒါက လမ်းစဉ်အမှားလို့ ငါပြောခဲ့တာ။ ငါ့လို လိုက်မလုပ်သင့်ဘူး ရှောင်လု"

လုယန် ခေါင်းငြိမ့်သည်။ မှန်သည်။ အမယွမ်ကို အတုခိုးပြီးလိုက်လုပ်လျှင် သူလည်း သဟဇတအဆင့်ဖြင့် အဆုံးသတ်ရမည်။ ခံစားချက်မဲ့သည့် ကောင်းကင်ဖြစ်လာမည်။ သူလိုချင်သည့် ရလာဒ်မျိုးမဟုတ်။

...မဟုတ်သေး။ ဘာကြောင့် ထိုသို့တွေးနေသည်မသိ။ ထိုအတွေးက သဟာဇာတအဆင့်ရောက်အောင် သူကျင့်ကြံနိုင်စွမ်းရှိသလိုလို ဖြစ်နေသည်။

သူ့ကိုယ်သူ အမြဲတမ်း ထိုသို့ယုံကြည်မှုရှိခဲ့သလော...

နတ်မယ်ပြောခဲ့သည့်စကားကို ရုတ်တရက် သူပြန်သတိရလာသည်။

"စုစည်းခြင်းအဆင့်ရောက်ရင် ပြိုင်ဘက်ကင်းမူလဝိူညာဉ်က နင်နဲ့ပေါင်းစပ်သွားမယ်။ အဲဒီ့အချိန်ကျရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာလိမ့်မယ်"

လုယန် ကိုယ်ခန္ဓာကိုယ် လျှို့ဝှက်စစ်ဆေးကြည့်သည်။ ပြိုင်ဘက်ကင်းမူလဝိညာဉ်ကိုရှာသည်။ လုံးဝမတွေ့။

သောက်လခွမ်း...ကူးဖြတ်ခြင်းအဆင့်ဆိုတော့ ဒါက ငါနဲ့တစ်သားတည်းဖြစ်သွားပြီပေါ့..

........

ကူးဖြတ်ခြင်းအဆင့်သို့ လုယန်ရောက်သွားခြင်းသည့် ထူးခြားဖြစ်ရပ်ဖြစ်သည်။ ကျင့်ကြံသူလစဉ်သတင်းစာကို အစောင့်ရေများစွာ ပိုထုတ်ရသည်။

ကွမ်းရှန်ဟိုင်နှင့် ထိန်းချုပ်သူသခင်တို့ အချိပိုဆင်းကြရသည်။

သိပ်မကြာမီ ထိုသတင်းက ကျင့်ကြံသူလောကတစ်ခုလုံးသို့ ပျံ့နှံ့ပြီး အုတ်အော်သောင်းနင်းဖြစ်သွားသည်။

ပြီးခဲ့သည့်တစ်ကြိမ်က ယန်ခုန်တုန်လို ကျင့်စဉ်အဆင့်တစ်ဆင့်မြင့်သူကို လုယန်စိန်ခေါ်ခဲ့သည်။ သာမန်လူများအတွက် သိပ်မထူးဆန်းလှဟု မြင်ကြသည်။ ဤတစ်ကြိမ်တွင် သာမန်လူများပင် အံ့အားသင့်ကြရသည်။

ဝိုင်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ လှေပျံနှင့် မြို့တ်ောလမ်းများ။ နေရာတိုင်းတွင် လုယန်အကြောင်း ‌ပြောဆိုနေကြသည်။

"ဘုရားရေ၊ မယုံနိုင်စရာပဲ။ လျှပ်စီးတစ်ရာခြောက်ဆယ့်နှစ်ချက်တဲ့။ ပါရမီရှင်လုကလွဲရင် ဒါကို ဘယ်သူခံနိုင်မှာလဲ"

"ဒါကြောင့်လည်း ကူးဖြတ်ခြင်းအဆင့်ကို သူချက်ချင်းတန်းရောက်သွားတာဖြစ်မယ်။

"အခြေတည်အဆင့်နဲ့ ဝိညာဉ်ပြောင်းအဆင့်တွေကို အနိုင်ယူတယ်လို့ကြားကတည်းက သူထူခြားမှန်း ငါသိတယ်။ မင်းတို့ကဒါကို သတင်းမှားလို့ ပြောကြတယ်လေ။ ဒါပေမယ့် ဒီသတင်းက တာအိုလမ်းစဉ်ဂိုဏ်းကလာတာပါ။ ဘယ်လိုလုပ်မှားနိုင်မှာလဲ"

.

မဟာရှားနန်းတော် တားမြစ်နယ်မြေတွင် လယ်ထွန်နေသည့် ကျန်းပင်ကန်း လုယန်အဆင့်တက်သည့်သတင်းကြားပြီးနောက် ဝမ်းနည်းပက်လက် သူ့ပေါင်သူရိုက်သည်။ ထိုပါရမီရှင်မျိုးသည် မသေမျိုးဖြစ်ဖို့ ကံပါလာသည်။ စောစောစီးစီးပင် မသေမျိုးအဆင့်တက်လောက်သည်။

သူခန့်မှန်းထားသလိုပင် မဟာကပ်တွင် လုယန်နေရာရဖို့က သေချာနေသည်။

"အစကတည်းက ကြိုသိခဲ့ရင် ယွမ်ကျိကို ငါကြောက်ခဲ့မှာမဟုတ်ဘူး။ ဒီကောင်လေးကို ကျန်းမိသားစုထဲက မိန်းကလေးတစ်ယောက်နဲ့ အတင်းလက်ထပ်ပေးခဲ့မှာ။ အနည်းဆုံးတော့ တာအိုလမ်းစဉ်ဂိုဏ်းကို မင်းသမီးတစ်ချို့ပို့ပြီး ဒီကောင်လေးနဲ့ စေ့စပ်ကြောင်းလမ်းခဲ့မှာပဲ"

မုန်ကျင်းကျိုးအကြောင်း တွေးမိချိန်တွင် ကျန်းပင်ကန်း ပို၍မခံချိမခံသာဖြစ်လာသည်။

"မုန်ကျင်းဇီမျိုးဆက်တွေက ဘာလို့ဒီလောက်တိုးတက်လာတာလဲ"

တွေးလေလေ ကိုယ့်မျိုးဆက်သစ်များကို စိတ်ပျက်လာလေဖြစ်သည်။ ပေါက်ပြားကိုပစ်ချ၍ အိပ်နေသည့် အင်ပါယာရှားကို ကုတင်ပေါ်မှကန်နှိုးသည်။

"မင်းက ဝိညာဉ်ပြောင်းအဆင့်ပဲ။ မင်းဘာလို့အိပ်နေတာလဲ။ အခုချက်ချင်းထပြီး ကျင့်ကြံစမ်း။ လောင်လုကိုကြည့်လိုက်။ အသက်ငယ်ပေမယ့် ကူးဖြတ်ခြင်းအဆင့်ကို ရောက်နေပြီ"

"အဲ..."

အင်ပါယာရှား အိပ်ချင်မူးတူးဖြင့် နိုးလာသည်။ အခုချိန်မှ စကြိုးစားလည်း နောက်ကျနေပြီမဟုတ်လော...

လုယန် သတင်းကြောင့် အပျော်ဆုံးလူက အလောင်းထိန်းဂိုဏ်းချုပ် လွီပါချန်းဖြစ်သည်။

သူ့အော်ဟစ်ရယ်မောသံကု ဂိုဏ်းတစ်ခုလုံး ပဲ့တင်ထပ်နေသည်။

"ဟားဟားဟား၊ ကူးဖြတ်ခြင်းအဆင့်အောက်မှာ နံပတ်တစ်ဆိုတဲ့ ငါ့နာမည်က ဆက်ပြီးတည်မြဲနေမှာကွ"

**********************************

အခန်း (၁၂၀၆) ဆရာတွေ့သူ

"အမယွမ်ရဲ့လမ်းစဉ်က မလျှောက်သင့်ဘူးဆိုတော့ အရိယဖလသန္ဓေပဲ ငါတည်ဆောက်ရတော့မှာပေါ့"

လုယန်စဉ်းစားနေသည်။ ကူးဖြတ်ခြင်းအဆင့်သို့ရောက်ခဲ့သည်မှာ ရက်ပေါင်းများစွာကြာပြီဖြစ်သည်။ ကျင့်စဉ်အဆင့်တည်ငြိမ်ပြီးနောက် နောက်ခြေလှမ်းအတွက် လုယန်စစဉ်းစားသည်။

"သဟဇာတအဆင့်ရောက်ပြီးရင် အမယွမ်ရဲ့ လူသားစိတ်ကို ထိန်းသိမ်းဖို့ နည်းလမ်းတစ်ခုခုရှိမလား"

သူသက်ပြင်းချသည်။ အမယွမ်အဆင့်တက်ပြီးချိန် လူသားအဖြစ်ဆက်နေနိုင်လျှင် အကောင်းဆုံးရလာဒ်ဖြစ်လာမည်။

သို့သော် သူထိုမေးခွန်းမေးချိန်တွင် အမယွမ်က ရှင်းရှင်းလင်းလင်းမဖြေခဲ့။

"နတ်မယ်၊ အရိယဖလသန္ဓေကို ဘယ်လိုတည်ဆောက်ရတာလဲ"

အရိယဖလလမ်းစဉ်တည်ထောင်သူကို တိုက်ရိုက်မေးလိုက်သည်။ နတ်မယ်က ကုတင်ပေါ်တွင် ခေါင်းအုံးဖက်၍ လှဲနေရာမှ ထထိုင်သည်။ ခေါင်းအုံးကို နံရံတွင်ကပ်၍ ကျောမှီလိုက်သည်။

"ရိုးရိုးလေးပါ။ ဘယ်အရိယဖလသန္ဓေမျိုး နင်လိုချင်သလဲ စဉ်းစားပေါ့။ အရိယဖလမှာ 'ကံကြမ္မာဆက်'အရိယဖလနဲ့ 'ကံကြမ္မာဖျက်'အရိယဖလဆိုပြီး ခွဲခြားနိုင်တယ်။

ငါ့ရဲ့ ထာဝရအရိယဖလနဲ့ မုန်ကျင်းဇီရဲ့ ငှားယူခြင်းအရိယဖလက ကံကြမ္မာဆက်အမျိုးအစားပဲ။ ကျန်တဲ့လူတွေရဲ့ အရိယဖလက ဒုတိယအမျိုးအစားမှာ အကျုံးဝင်တယ်။

ငါတို့အရိယဖလ၍ အမြင့်ဆုံးအဆင့်က လွှမ်းခြုံခြင်းအဆင့်ပဲ။ ဒုတိယအမျိုးအစားရဲ့ အမြင့်ဆုံးအဆင့်က လွန်မြောက်ခြင်းအဆင့်ပေါ့။

ဘယ်အရိယဖလမျိုးတည်ဆောက်တာပဲဖြစ်ဖြစ် နည်းလမ်းက တစ်မျိုးပဲရှိတယ်။...နားလည်နိုင်စွမ်းပဲ။

အချိန်မသေမျိုးက သက်တမ်းအရှည်ဆုံး လောကသစ်ပင်က မွေးလာတာဖြစ်လို့ အချိန်အရိယဖလကို တည်ဆောက်နိုင်ခဲ့တယ်။ အချိန်နဲ့ပတ်သက်တဲ့ မှော်ပညာတွေမှာ ပင်ကိုယ်ပါရမီပါတယ်။

ကိုးဆမသေမျိုးက ယင်နဲ့ယန်ကို သဘောကျတယ်။ ယင်ယန်အရိယဖလကို ဖန်တီးဖို့ ယင်ယန်ဓာတ်နဲ့ ပတ်သက်တဲ့အရာတွေကို အများကြီးစောင့်ကြည့်လေ့လာခဲ့တယ်။ အဲလိုနဲ့ ယင်ယန်နိယာမတွေကို သူနားလည်ခဲ့တယ်။

နတ်ဆိုးမျိုးနွယ်က အားအကြီးဆုံးရှင်သန်မှုသဘောတရားနဲ့ သဘာဝရွေးချယ်မှုကို ယုံကြည်ကြတယ်။ ဒါကြောင့် ရှောင်လင်း၊ လျန်ယိနဲ့ ချီလင်တို့က ဒီလိုအရိယဖလမျိုးဖန်တီးနိုင်တာ။

ယင်ထန်က သူ့အဆင့်အတန်းကို ကောင်းကင်လျှပ်စီးက အလင်းပြပြီး လျှပ်စီးကိုရင်ဆိုင်ဖို့ သူမွေးလာတယ်လို့ ယုံကြည်တယ်။ ဒါကြောင့် လျှပ်စီးအမျိုးမျိုးလေ့လာပြီး လျှပ်စီးအရိယဖလတည်ဆောက်ခဲ့တယ်။

နင်က ထာဝရအရိယဖလအကြောင်း အဆင့်မြင့်မြင့်နားလည်ထားလို့ ထာဝရအရိယဖလသန္ဓေတည်ဆောက်ဖို့ ငါနင့်ကိုအကြံပြုခဲ့တာပါ။

ဒီတော့ နင်ဘယ်လိုအရိယဖလမျိုး လိုချင်လဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။ ဒီထက်တိကျအောင်ပြောရရင် ဒီအရိယဖလကနဲ့ နင်ဘာလုပ်ချင်လဲဆိုတာပဲ။ ဘယ်အရိယဖလမျိုးမဆို မှန်ကန်တဲ့နည်းလမ်းတွေ့ရင် ဖန်တီးနိုင်ခြေရှိတယ်"

"ဒါဆို...အင်း...လောင်မုန်က ဟာရမ်အရိယဖလတည်ဆောက်ချင်တယ်ဆိုရင်ရော ရလား"

"ဒါလည်း ရနိုင်တာပဲ။ အရိယဖလဆိုတာ စည်းမျဉ်းတစ်ခုကျွမ်းကျင်တာမျိုး ဒါမှမဟုတ် စည်းမျဉ်းတစ်ခု ထပ်ဖြည့်တာမျိုးပဲ။ ဟာရမ်အရိယဖလတည်ဆောက်ပြီးတာနဲ့ 'အားလုံးက သူ့ကိုကြိုက်တယ်'ဆိုတဲ့ လောကစည်းမျဉ်းပေါ်လာမယ်။

ကြိုက်တယ်ဆိုတာက ကျားမမရွေးဘူး။ မျိုးနွယ်မရွေးဘူး။ အားလုံးက သူ့ကိုအရူးအမူစွဲလမ်းလာမှာ။ သူ့ကိုအပြိုင်လုကြမှာ။ သူသွားလေရာမှာ ပျားအုံကို တုတ်နဲ့ထိုးသလိုဖြစ်မှာ"

"ဒီအကြောင်း ထာလိုက်ပါ‌တော့"

လုယန် ခေါင်းခါလိုက်သည်။ ဟာရမ်အရိယဖလသည် စိတ်ကူးကောင်းမဟုတ်လောက်။

အရိယဖလတည်ဆောက်ဖို့ စဉ်းစားနေစဉ် အပြင်ဘက်မှ ထူးဆန်းသည့် စကားသံတစ်ခုကြားရသည်။

"ရှောင်ယန်က ကူးဖြတ်ခြင်းအဆင့်ရောက်သွားပြီလို့ကြားတယ်။ အဲတာ တကယ်ပဲလား"

ခဏတွေးနေပြီးနောက် တာအိုရှင်ဝစီပိတ်၏အသံဖြစ်ကြောင်း လုယန်မှတ်မိသွားသည်။

လှိုဏ်ဂူအပြင်သို့ထွက်ချိန်တွင် ဝစီပိတ်နှင့် မျက်နှာချင်းဆိုင်ရပ်နေသည့် ယွမ်မုန်မုန်ကို တွေ့ရသည်။ ချင်ဟဲကလည်း ယဲ့ဇီကျင်းနှင့် ရင်ဆိုင်နေသည်။ သူ့အကိုနှင့်သူ့ဆရာ အတူပြန်လာခြင်းဖြစ်မည်။

"မကောင်းတဲ့လူယုတ်မာ။ နင်ဒီကို ဘာလာလုပ်တာလဲ"

ယွမ်မုန်မုန်က ဝစီပိတ်ကို သတိဖြင့်ကြည့်နေသည်။ ထိုလူသည် ပြဿနာကောင်ဖြစ်သည်။ တစ်ချိန်က ရှောင်ကျိကို သူတို့လျှို့ဝှက်မြေမှ ပြန်ပေးဆွဲသွားခဲ့ဖူးသည်။

ယဲ့ဇီကျင်းက ဆရာအပေါ် အတော်လေးစားသည်။ အခြေအနေက အရေးကြီးကြောင်း သူသိသည်။ သူ့ဆရာ ယွမ်မုန်မုန်နှင့် အချေအတင်ဖြစ်နေသဖြင့် သူလည်း ချင်ဟဲကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့သည်။

သူ့ဆရာ အထိမနာစေဖို့ နှစ်ယောက်တစ်တွဲအခြေအနေ ဖန်တီးသည်။

သို့သော် ဘာကြောင့်မှန်းမသိ။ ချင်ဟဲနှင့် မျက်လုံးချင်းဆုံချိန်တွင် သူနည်းနည်းလိပ်ပြာမလုံသလို ခံစားရသည်။

"ဒီလူက ဘယ်သူလဲ"

ဝစီပိတ်က မုတ်ဆိတ်မွှေးကိုသပ်၍ စိုက်ကြည့်သည်။

"ငါက ကောင်းကင်ဂိတ်တောင်ထိပ်သခင်ပါ။ အခုထူးဆန်းနေတာက မင်းပဲ"

သူပြန်မလာဖြစ်သည့် ဆယ်နှစ်ကျော်အချိန်လေးအတွင်း ‌ကောင်ကင်ဂိတ်တောင်ထိပ်တွင်ထူးထူးဆန်းဆန်း အဆောက်အဦးများ ပေါ်လာသည်။ ပဲဝါဘုံကျောင်းဆိုသည်က ဘာမှန်းမသိ။

"ဪ...ဟုတ်သားပဲ။ ရှင်က ဂိုဏ်းချုပ်ပဲ"

ယွမ်မုန်မုန် ဝစီပိတ်၏သရုပ်မှန်ကို ပြန်သတိရလာသည်။ ရှောင်ကျိကိုသာ တောင်ထိပ်သခင်ဟု သူစိတ်ထဲ အမြဲတမ်း အလိုလိုတွေးမိနေသည်။

"ဒါဆို ဝိညာဉ်ကျောက်ပေးရမလား။ ကျွန်မဒီနှစ်ပိုင်းတွေ ဒီမှာအခမဲ့နေမိသလို ဖြစ်သွားတယ်"

သူ့လက်ထဲတွင်ရှိသည် ဝိညာဉ်ကျောက်ပမာဏကို စိတ်မှန်းဖြင့်တွက်ကြည့်သည်။ မလုံလောက်လျှင် သူ့နေထိုင်စရိတ်အတွက် ရှောင်ကျိကို ကြိုတင်အကူအညီ‌တောင်းရမည်။

နေထိုင်စရိတ်ပေးပြီးလျှင် ထိုလူယုတ်မာကို သူဆက်၍ဆဲဆိုကြိမ်းမောင်းနိုင်သည်။

"ဆရာနဲ့အကိုနှစ်ကို ဂါရဝပြုပါတယ်"

"တကယ်ကူးဖြတ်ခြင်းအဆင့်ရောက်နေပြီပဲ။ မင်းဆရာကိုတောင်မီလာတော့မယ်"

လုယန်ကိုကြည့်၍ ဝစီပိတ် သဘောကျသွားပြီး တဟားဟားရယ်နေသည်။ ထက်မြက်သည့်တပည့်ကို အထပ်ထပ်ချီးကျူးသည်။

"ဒီအဆင့်ထိ ကျင့်ကြံနိုင်ပြီဆိုတော့ မင်းကို ငါသင်ပေးစရာဘာမှမရှိတော့ပါဘး။ ရှေ့ဆက်ရမယ့်လမ်းကို မင်းဘာသာပဲလျှောက်ရတော့မယ်"

ယဲ့ဇီကျင်းကလည်း ပြုံးရွှင်သည့်မျက်နှာဖြင့် လုယန်လက်မောင်းကိုပုတ်သည်။

"ညီလေး၊ မင်းက နာမည်ကြီးအောင်လုပ်နိုင်ခဲ့ပြီပဲ။ အပြင်ခဏထွက်ရုံနဲ့ အများကြီးစွမ်းဆောင်နိုင်ခဲ့တယ်။ ငါတို့အပြန်လမ်းမှာ ဆရာ့ရဲ့အသိအကျွမ်းတွေ အတော်များများတွေ့တယ်။

သူတို့က ဆရာ့ကိုသတ်ဖို့ ရည်ရွယ်ထားကြတာ။ ဒါပေမယ့် ဆရာက မင်းကိုတွေ့ဖို့ပြန်လာတယ်ဆိုတာကြားတော့ သူတို့ကပြောတယ်။ မင်းကိုတွေ့ပြီး ပြန်လာမှ သူတို့ကိစ္စကို ဆက်လုပ်မယ်တဲ့"

ထိုကိစ္စသည် ဂုဏ်ယူစရာဟု လုယန်မခံစားရ။

"ဆရာ"

ဝစီပိတ်ပြန်လာကြောင်းကြားသဖြင့် ယွမ်ကျိနှင့် ကန်ထန်လည်း ရောက်လာသည်။

ဝစီပိတ်က အပြုံးမျက်နှာဖြင့် အားလုံးကိုပြောသည်။

"ကောင်းတယ်ကွာ။ ငါတို့ဆရာတပည့်တွေ အခုအားလုံးလူစုံတက်စုံဖြစ်သွားပြီ။ ဒီနေ့ စားပွဲသောက်ပွဲကျင်းပကြတာပေါ့"

လုယန် ဝစီပိတ်ကို တအံ့တဩကြည့်သည်။

ကျုပ်တို့လူမစုံတာက ဆရာနဲ့ အကိုနှစ်ကြောင့်ပဲမဟုတ်လား။ အမြဲတမ်း အပြင်လောကမှာ ပြေးလွှားနေလို့လေ...

မည်သို့ဆိုစေ ဆရာက ဆရာသာဖြစ်သည်။ အရှက်မရှိမျက်နှာပြောင်သည့်နေရာတွင် သူ့ဆရာကို လုယန်လုံးဝမမီသေး။

ဝစီပိတ်၏အားလုံး စုစည်းမိသဖြင့် ယွမ်မုန်မုန်က ချင်ဟဲနှင့်အတူ စားဖိုမှူးတာဝန်ကိုယူသည်။ လုယန်က ကူညီပေးသည်။ ပတ်ဝန်းကျင်သာယာသွားအောင် ယဲ့ဇီကျင်းက မှော်အဆောင်များကို မီးရှူးမီးပန်းအဖြစ်ပြောင်းသည်။

ကန်ထန်က ဗျတ်စောင်းတီးသည်။ ယွမ်ကျိက ကောင်းကင်မှကြယ်များကို နေရာရွှေ့သင့်မရွှေ့သင့် စဉ်းစားနေသည်။ သို့သော် အရမ်းထင်သာမြင်သာဖြစ်လွန်းမည်ဟု ယူဆသဖြင့် ထိုစိတ်ကူးကို စွန့်လွှတ်လိုက်သည်။

"ဒီမိန်းကလေးရဲ့လက်ရာတွေက တကယ်ကောင်းတာပဲ"

ယွမ်မုန်မုန်၏ အစားအသောက်များကို မြည်းကြည့်ပြီးနောက် ဝစီပိတ် တအံ့တဩဖြစ်သွားသည်။

"နတ်ဆိုးမြို့တော်ကို ငါဖြတ်လာတော့ နတ်ဆိုးအင်ပါယာက သူ့နန်းတော်မှာ ညစာစားဖို့ဖိတ်ခေါ်တယ်။ အဲဒီကစားဖိုမှူးက မင်းနဲ့အရည်အချင်းအတူတူလောက်ပဲ။ နတ်ဆိုးအင်ပါယာက ငါ့နဲ့တွေ့ရတာကို အရမ်းဝမ်းသာနေလို့ ငါတောင်နည်းနည်းအနေခက်သွားတယ်"

...ဒါဆို ရှောင်ကျူးက ဆရာ့ကိုလည်း ညစာဖိတ်ကျွေးခဲ့တယ်ပေါ့...

လုယန် တွေးနေသည်။ ကျူးထန်က ထိုအကြောင်း သူ့ကိုမပြောခဲ့သည်။

ကျူးထန်ချဉ်းကပ်ပုံက အတော်ပါးနပ်သည်။ ပေါ်တင် နာမည်ကောင်းမယူ။ သို့သော် နောက်ဆုံးတွင် သူ့လုပ်ရပ်များ သက်ဆိုင်သူတို့နားထဲသို့ အလိုလိုရောက်သွားအောင်လုပ်သည်။

ထိုအကြောင်းတွေးရင်း အစားအသောက်ကို နောက်တစ်ကြိမ် ကိုက်ဝါးလိုက်သည်။ ပထမဆုံးအကြိမ်စားဖူးခြင်းမဟုတ်သော်လည်း သူအံ့ဩနေရဆဲဖြစ်သည်။

ညီမမုန်မုန်၏လက်ရာက တကယ်အရသာရှိသည်။ နတ်မယ်ထက် အဆပေါင်းများစွာသာလွန်သည်။

"ကျူးထန် နင့်အပေါ်စိတ်အားထက်သန်တာက ရှောင်ယန်ကြောင့်ပါ။ သက်ဝင်လှုပ်ရှားနေသည့် ပတ်ဝန်းကျင်ကြောင့် နတ်မယ်လည်း လုယန်ကိုယ်ထဲမှ အလိုလိုထွက်လာမိသည်။

"မင်း...မင်းကဘယ်သူလဲ"

သူ့တပည့်ကိုယ်ထဲမှ လူတစ်ယောက် ရုတ်တရက် ထွက်လာသဖြင့် ဝစီပိတ် အတော်လန့်သွားသည်။

ချင်ဟဲက စားနေသည့်အစာကို အမြန်မျိုချပြီး ထမင်းစားတူကိုချ၍ ကိုယ်ဟန်ပြင်လိုက်သည်။ ဘေးပတ်လည်တွင် ကြာပွင့်များကျလာသည်။ မီးပန်းများဖြန့်ထွက်သွားသည်။ နတ်မယ်အကြောင်း တရားဝင်မိတ်ဆက်ပေးသည်။

"မြင့်မြတ်တဲ့ဒီအရှင်မက ရှေးဟောင်းမသေမျိုးငါးယောက်ရဲ့ခေါင်းဆောင်၊ ရှေ‌ဟောင်းအလှပိုင်ရှင်ဆယ်ယောက်ရဲ့ နံပတ်တစ်၊ ကြီးမြတ်တဲ့ဉာဏ်ပညာအလင်းရထားပြီး ကောင်းကင်အောက်က အဓိပဓိမသေမျိုး ထာဝရနတ်မယ်ပါ"

"ကလောက်"

ဝစီပိတ်၏တူနှစ်ချောင်း မြေပြင်သို့ကျသွားသည်။

သူ့ကိုယ်ထဲတွင် မသေမျိုးတစ်ယောက်ရှိသည်ဟု လုယန်ပြောခဲ့သည်ကို သူမှတ်မိနေသည်။ ထိုစကားသည် စိတ်ကူးယဉ်သက်သက်မဟုတ်ကြောင်း ယခုမှ သူသိသည်။

*****************************

All Chapters