ကျင့်ကြံမှုအဆင့် တစ်ဟုန်ထိုး မြှင့်တင်ခြင်း
Vol. 005 Ch. 249
ဝမ်လင်းက ဆေးမီးဖိုကို ကြည့်၍ ယွင်ဖေးအကြောင်း တွေးလိုက်၏။ သူက သိုလှောင်အိတ် ထဲကနေ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။ သည်ကျောက်စိမ်းပြားက သူ ယွင်ဖေးထံမှ ရရှိခဲ့သော ကျောက်စိမ်းပြား ဖြစ်ပေ၏။
သူက ကျောက်စိမ်းပြားကို စားပွဲပေါ် တင်လိုက်ပြီး ပြောလိုက်သည်။
“ဒီကျောက်စိမ်းပြားက ဒီဆေးမီးဖိုကို ပိုင်ဆိုင်ခဲ့တဲ့ လူရဲ့ ကျောက်စိမ်းပြားပဲ။ ဒီနှစ်ခုကြား ဆက်နွှယ်တာ တစ်ခုခုရှိလား ကြည့်လိုက်ဦး ...”
လီမူဝမ်၏ လှပသော မျက်ဝန်းလေးက မြင့်တက်သွားသည်။ သူမက ကျောက်စိမ်းပြားကို ကောက်၍ စူးစမ်းလိုက်သည်။ ခဏအကြာမှာ သူမက မျက်မှောင်ကြုတ်မိ သွား၍ ခပ်တိုးတိုး ပြောလိုက်သည်။
“ချီဟောင်ကလန် ... ဒီဟာက ချီဟောင် ကလန်ကဟာ ဖြစ်လိမ့်မယ်။ ဒီကျောက်စိမ်းပြားထဲမှာ ရှိတဲ့ ဆေးနည်းက ချီဟောင်ကလန်က ဆေးနည်းဆိုတာ ရှင်းလင်းနေတယ်။ အစ်ကိုဝမ် ... ဒီဟာကို နင်က နတ်ဆိုးပင်လယ်ရဲ့ အတွင်းဘက်ကနေ ရလာတာမလား ...”
ဝမ်လင်းက ခေါင်းညိတ်ပြ လိုက်သည်။
လီမူဝမ်က သူမ အောက်နှုတ်ခမ်းလေးကို ကိုက်၍ ပြောလိုက်သည်။ ချီဟောင်ကလန် ... ချီဟောင်ကလန်ရဲ့ မူလရင်းမြစ်က အဆင့်လေး နိုင်ငံကပဲ။ ဒါပေမဲ့ သူတို့ ရန်သူကလန် တစ်ခုနဲ့ ပဍိပက္ခဖြစ်ပြီး နတ်ဆိုး ပင်လယ်ကို ရောက်လာတာပဲ။ နောက်တော့ သဲလွန်စမရှိ ပျောက်သွားခဲ့တယ်။ ချီဟောင်ကလန်က ဒီဆေးမီးဖိုကို ပိုင်ဆိုင်ခဲ့တာ ဆိုရင် ချိပ်ပိတ် ထားတဲ့ဟာက ပျက်ပြယ် နေလောက်ပြီ။ ဝမ်အာ ကတော့ ဒီချိပ်ပိတ်ထားတဲ့ ဟာက အလွယ်တကူ ဂရုမစိုက်ဘဲ ဖွင့်လို့မရနိုင်ဘူး ဆိုတာ သိတယ်။ ဒါကို ဖွင့်ဖို့ အစီအစဉ် အချို့နဲ့ အချိန်ကိုက် ဖြစ်ဖို့လည်း လိုတယ်။ အားနဲ့အတင်း ဖွင့်မယ်ဆိုရင် အထဲက ဆေးလုံးက ပျက်စီး သွားလိမ့်မယ်။ ဝမ်အာ အထင်ကတော့ ဒီဆေးက အခုထိ မပျက်စီးသေးဘူး။ ဒါပေမဲ့ မှန်ကန်စွာနဲ့ ချိပ်ပိတ် ထားတာကို ဖွင့်နိုင်မယ် ဆိုရင်တောင် ငါတို့က အချိန်အကြာကြီး ဆက်ချိပ်ပိတ် ထားမယ်ဆိုရင် ဆေးလုံးရဲ့ အာနိသင် အပြည့်အဝ ရချင်မှ ရတော့မယ် ...”
ဝမ်လင်းက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြ လိုက်၏။
လီမူဝမ်က ဆုံးဖြတ်ချက် ချထားဟန်ဖြင့် ဆက်ပြောလိုက်သည်။
“အစ်ကိုဝမ် ... ဝမ်အာက တိမ်ကောင်းကင် ကလန်ရဲ့ စာကြည့်တိုက်ကို သွားပြီး ဒီချိပ်ပိတ် ထားတာကို ဖွင့်တဲ့ အချက်အလက် တစ်ခုခု ရှိမလား ကြည့်လိုက်မယ်။ ဒီဆေးလုံးက ကျင့်ကြံခြင်း အဆင့်ကို တိုးတက်စေတယ် ဆိုရင် အစ်ကို စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်ဖို့အတွက် အခွင့်အရေး တိုးပွားလာနိုင်တယ် ...”
လီမူဝမ်က ဆေးပုလင်း တော်တော်များများကို ထုတ်ယူလိုက်ပြီး ဝမ်လင်းလက်ထဲသို့ ထည့်လိုက်သည်။ သူမက ထိုဆေးများ အကြောင်းကို ပြောပြပြီးနောက် ဝမ်လင်းကလည်း ထွက်ခွာ လာခဲ့တော့သည်။
ဝမ်လင်းက လီမူဝမ်၏ ထွက်မသွား စေလိုသော အင်တင်တင် အကြည့်အောက်မှာပဲ တောင်ဘက်ခြံကနေ ထွက်လာခဲ့တော့သည်။ တကယ်တော့ ဝမ်လင်း၏ ကျင့်ကြံခြင်း အဆင့်က နိမ့်ကျလွန်း နေသေး၏။ သူက လီမူဝမ်နှင့် အချိန်အတော်ကြာ အတူရှိနေမည် ဆိုပါက လူအများ၏ အာရုံစိုက်ခြင်းကို ခံရပေလိမ့်မည်။
ထို့ကြောင့် ဝမ်လင်းက တောင်ဘက်ခြံမှ ထွက်လာ ခဲ့ပြီး သူ့အခန်းသို့ ပြန်၍ တံခါးပိတ် လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူနှင့်လီမုဝမ်က အချိန်းအချက် ပြုလုပ်ခဲ့ပြီး တစ်ယောက်နှင့် တစ်ယောက် အသံပြောင်း ကျောက်စိမ်းပြားကို အပြန်အလှန် ပေးထားခဲ့ကြပြီး ဖြစ်သည်။ သူမက ချိပ်ပိတ် ထားတာကို ဖွင့်နိုင်ခဲ့မည် ဆိုရင် ဆေးလုံးအား သူ့ကိုသာ ပေးပေလိမ့်မည်။
တစ်ချိန်တည်းမှာ လီမူဝမ် အတွက်လည်း လုံခြုံမှု ရှိစေ၏။ ဝမ်လင်းက မကောင်းဆိုးဝါး ရှုလီကောနှင့် ဒုတိယ မကောင်းဆိုးဝါးတို့ကို သူမအား ကာကွယ်ရန် အတွက် ထားခဲ့ပြီး ဖြစ်သည်။ သူတို့နှစ်ယောက် ပူးပေါင်း တိုက်ခိုက်လျှင် စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ တစ်ယောက်ကို အချိန် အနည်းငယ် ဟန့်တားနိုင်စွမ်း ရှိပေသည်။
ထိုအချိန်လေးက ဝမ်လင်း၏မူရင်းကိုယ် ထွက်ပေါ် လာနိုင်ရန် အတွက် လုံလောက်ပေသည်။ ထို့ပြင် ဝမ်လင်းက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲ ဝင်ရောက်နေသည့် အချိန်မှာတောင် သူ့မကောင်းဆိုးဝါး နှစ်ကောင်နှင့် ဆက်သွယ် နိုင်လေသည်။
ဝမ်လင်းက တောင်ဘက်ခြံဝင်း ထဲမှ ထွက်လာလိုက်သည့် အခိုက် နူးညံ့သော အသံတစ်ခုက မြူများကြားမှ ထွက်လာခဲ့၏။
“မင်းနာမည်က ဝမ်လင်းလား ...”
ဝမ်လင်း ခြေလှမ်းများက ရပ်တန့်သွား၏။ သူက နောက်လှည့်ကြည့် လိုက်ရာ မြူများကြားမှ ထွက်လာသော သက်လတ်ပိုင်း လူကြီးကို တွေ့လိုက်ရသည်။ သူ့ပုံစံက အတော်လေး ကြည့်ကောင်းလို့ နေ၏။ သည်လူက အပြင်ကလန် အကြီးအကဲ၏သား စွန်ကျန်ဝေ ဖြစ်သည်။ ဝမ်လင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
“ဟုတ်ပါတယ် ...”
စွန်ကျန်ဝေ မျက်နှာပေါ်၌ ရင်းနှီးသော အပြုံးတစ်ခု ပေါ်လာခဲ့ပြီး သူက ရယ်မော ပြောဆိုလိုက်သည်။
“မင်းက မင်းဘိုးဘေးဆရာကို တွေ့ဖို့ လာခဲ့တာလား ...”
ဝမ်လင်းက စိတ်ထဲ၌ နှာခေါင်းရှုံ့ လိုက်သော်လည်း သူက တည်ငြိမ်စွာ ခေါင်းညိတ်ပြ လိုက်သည်။ စွန်ကျန်ဝေက ဝမ်လင်းကို ကြည့်ကာ ပြုံး၍ ပြောသည်။
“မင်းက ကြိုးစားတဲ့ လုံ့လရှိတဲ့ တစ်ယောက်ပဲ။ ဒါက ကောင်းတယ်။ မင်းက ဆေးဝါးပညာနဲ့ ပတ်သက်လို့ မေးစရာရှိရင် မင်းဘိုးဘေး ဆရာကို မေးလိုရသလို ကျင့်ကြံမှုနဲ့ ပတ်သက်လာရင် ငါ့ကိုလည်း မေးနိုင်တယ် ...”
ဝမ်လင်းက ပုံမှန်အတိုင်း တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“ဘာကိစ္စမှ မရှိဘူးဆိုရင် တပည့်က အခု ဆေးလုံးတွေသွား ဖော်စပ်ချင်ပါတယ် ...”
စွန်ကျန်ဝေက ဒေါသထွက် သွားသော်လည်း သူက အပြုံးတုကို လျင်မြန်စွာ ပြန်တပ်ဆင် လိုက်သည်။ သူက ဝမ်လင်းကို ကြည့်၍ သူ့ ဓားပျံကို ထုတ်ကာ ပြောလိုက်သည်။
“ဒီဓားပျံကို အစိမ်းရောင် လေဓားပျံလို့ ခေါ်တယ်။ ဒါကငါနဲ့မင်းနဲ့ တွေ့ဆုံရတဲ့ အတွက် မင်းအတွက် အမှတ်တရ လက်ဆောင်ပေါ့။ ရော့ ယူလိုက်ပါ ...” ထိုသို့ ပြောပြီးနောက် သူက လက်လှုပ်ယမ်း လိုက်ရာ ထိုဓားက ဝမ်လင်းထံသို့ ရောက်လာပြီး သူ့ရှေ့၌ မျောလွင့် နေတော့သည်။
ဝမ်လင်းက ထိုဓားပျံကို လက်ခံလိုက်ပြီး သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ကျေးဇူးတင်စကား ပြောလိုက်သည်။ ထို့နောက် သူက လှည့်ထွက် လာခဲ့တော့သည်။
စွန်ကျန်ဝေက ဝမ်လင်း ပျောက်ကွယ်သွားသည့် အချိန်ထိ အပြုံးတုကို တပ်ဆင်ထားသည်။ ထို့နောက် သူ့မျက်လုံးက ဖျတ်ခနဲ တောက်သွားပြီး သူက တွေးလိုက်သည်။
“ဒီ ခွေးကောင်က အခြေခံ တည်ဆောက်ခြင်း အဆင့်ပဲ ရှိသေးတယ်။ ဒီတော့ သူက လီမူဝမ်ကို ငါထိန်းချုပ်ဖို့ အတွက် အကောင်းဆုံး ပွန်းတစ်ကောင် ဖြစ်လာရလိမ့်မယ် ...”
ဝမ်လင်းက သူနေထိုင်သော ခြံသို့ ပြန်လျှောက် လာခဲ့သည်။ သူက သူ့အခန်းထဲသို့ ရောက်သည်နှင့် သူက အတားအဆီး တစ်ခုကို ဓားပျံပေါ်၌ ထားလိုက်သည်။
ဓားပျံက အေးစက်သော အလင်းတစ်ချက် တောက်ပသွားသည်။ ဝမ်လင်းက စွန်ကျန်ဝေ သူကို့ အခုလို ဓားပျံပေး လိုက်ခြင်းက သူ့ကို ထောက်လှမ်းရန် ဖြစ်ကြောင်း ခန့်မှန်းမိခဲ့သည်။
ဝမ်လင်းက နှာခေါင်းရှုံ့ လိုက်၏။ သူ့အတားအဆီးက ဓားပျံ၏အကျိုး သက်ရောက်မှုကို ဖယ်ရှားပစ်သည့် အပြင် စွန်ကျန်ဝလည်း ထိုအဖြစ်ကို မရိပ်မိနိုင်ပေ။
သူက ဓားပျံကို ဘေးသို့ လွှင့်ပစ်လိုက်ပြီး ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ ဝင်ရောက်လိုက်သည်။ ဝမ်လင်းက သူ့၌ အချိန်အနည်းငယ်သာ ကျန်တော့ကြောင်း သိ၏။ သူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲမှာ ဆိုလျှင် အချိန်နှစ်နှစ်ခန့် ရနိုင်သေးသည်။ တကယ့်ကို အချိန်အများကြီး မကျန်တော့ပေ။
ဝမ်လင်းက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲ၌ ခြေချိတ်၍ ထိုင်လိုက်ကာ သူ့ရှေ့တွင်လည်း ဆေးပုလင်း ဆယ်လုံး ရှိနေခဲ့၏။ ထိုဆေးလုံးများက လီမူဝမ် နှစ် (၂၀၀) အတွင်း ပြုလုပ်ခဲ့သော အကောင်းဆုံး ဆေးလုံးများ ဖြစ်သည်။ သည်ဆေးလုံးများက သူ့အတွက် သင့်တော်၍ သူ့ကို အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်နိုင်သည့် အခွင့်အရေးများအောင် ပြုလုပ်ပေး နိုင်ပေသည်။
ဝမ်လင်းက လီမူဝမ်၏ ညွှန်ကြားချက် အတိုင်း လိုက်နာလိုက်၏။ သူက သူလိုသော ဆေးလုံးများကို ညာဘက်ကနေ ဘယ်ဘက် အစဉ်အတိုင်း စီစဉ်ထားလေ၏။ သူက ဆေးပုလင်း တစ်လုံးကို ဖွင်လိုက်ရာ ဆေးနံ့ပြင်းပြင်း ထွက်လာခဲ့၏။ ထိုပုလင်းထဲ၌ လိုင်ချီးသီး အရွယ်ခန့် ရှိသော ဆေး (၁၀)လုံးဆုံး ရှိ၏။ ထိုဆေးလုံးများကို ချီကျို ဆေးလုံးဟုခေါ်၏။ သည်ဆေးလုံးက အဆင့်(၂) စိတ်ဝိညာဉ် ဆေးလုံးဖြစ်သည်။ သည်ဆေးလုံးက လူတစ်ယောက်၏ စိတ်ဝိညာဉ် စွမ်းအင်များကို အထောက်အပံ့ ပေးသည်သာမက သွေးကြောများကိုလည်း ကျယ်ပြန့်အောင် ကူညီပေး၏။ သည်ဆေးလုံးက ရှာပါး၍ အခြေခံ တည်ဆောက်ခြင်း ဆေးလုံထက်ပင် သာလွန်လေ၏။
သည်ဆေးလုံးကို ပြုလုပ်ရာတွင် အသုံးပြုသော အရာများက ရှားပါးခြင်းက သွေးကြောများ ကျယ်ပြန့်မှုကို ဖြစ်စေ၏။ တိမ်ကောင်းကင် ကလန်တွင် သွေးကြောများ ကျယ်ပြန့်စေသော ဆေးလုံး အများကြီး မရှိပေ။ ရှိသည့် ဆေးလုံးများကလည်း အဆင့်လေး ဆေးလုံးများသာ ဖြစ်ကြ၏။ အဆင့်နှစ် ဆေးလုံးက သွေးကြောများကို တိုးတက်စေသည်မှာ သာ၍သာ၍ ရှားလှလေသည်။
တိမ်ကောင်းကင် ကလန်ထဲတွင် သည်ချီကျို ဆေးလုံးများက အလုံးနှစ်ဆယ် ခန့်သာရှိ၏။ ထို ရှိသည့်ဆေး အကုန်လုံးကိုလည်း လီမူဝမ်က ဖော်စပ်ထားခြင်း ဖြစ်လေ၏။
ဝမ်လင်းက ဆေးလုံး တစ်လုံးကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက စတင် လေ့ကျင့်တော့သည်။ စိတ်ဝိညာဉ် စွမ်းအင်များက သူ့ကိုယ်ထဲ၌ မျောလွင့်နေပြီး သူက အခြေခံ တည်ဆောက်ခြင်း ဆေးလုံးနှင့် အခုဆေးလုံးတို့ကြား ကွာခြားချက်ကို သတိပြုမိလိုက်၏။ ချီကျိုဆေးလုံးက အခြေခံ တည်ဆောက်ခြင်း ဆေးလုံးထက် စိတ်ဝိညာဉ် စွမ်းအင် နှစ်ဆ များလေသည်။
စိတ်ဝိညာဉ်စွမ်းအင် အမြောက်အမြားက ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရား ကျင့်စဉ်ကြောင့် တဖြည်းဖြည်း တည်ငြိမ်လာခဲ့၏။ အချိန်အနည်းငယ် ကြာမြင့်ပြီးနောက် ဝမ်လင်းက နောက်တစ်လုံးကို ထပ်မျိုချ လိုက်ပြန်သည်။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာခြင်းနှင့် အတူ ဝမ်လင်း၏ ကျင့်ကြံခြင်း အဆင့်ကလည်း အခြေခံ တည်ဆောက်ခြင်း နောက်ဆုံး အဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ချီကျို ဆေးလုံးများလည်း ကုန်ဆုံးခဲ့ပြီ ဖြစ်သည်။
ကျင့်ကြံခြင်း လမ်းစဉ်၌ ဆေးလုံး အနည်းငယ်သာ အသုံးပြုလေ့ ရှိ၏။ အခုလို အချိန်တိုအတွင်း ဆေးလုံးအများကြီး သုံးစွဲနိုင်ခြင်း မရှိကြပေ။ ပထမဦးဆုံး အနေနှင့် ဆေးအာနိသင်ကို စုပ်ယူနိုင်မှုက ပြဿနာကြီး တစ်ခုဖြစ်သည်။ စုပ်ယူရသော အချိန်ကတော့ ဆေးလုံးပေါ်၌ မူတည်လေ၏။ သို့သော် ဆေးလုံးထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များကို လုံးဝ အလေ့အလွင့် မရှိအောင် စုပ်ယူနိုင်ဖို့က အနည်းဆုံး ရက်အနည်းငယ် ကြာတတ်သည်သာ ဖြစ်သည်။
ဆေးလုံးထဲရှိ ပါဝင်ပစ္စည်းများ ရှားပါးလေလေ ကျင့်ကြံသူများက ပို၍ မဖြုန်းတီး လိုချင်ကြပေ။ ထို့ကြောင့် သူတို့က စိတ်ဝိညာဉ် စွမ်းအင်များကို တက်နိုင်သမျှ ခပ်များများ စုပ်ယူလို ကြသည်။ သို့သော် ကျင့်ကြံသူ တစ်ယောက်က စိတ်ဝိညာဉ်စွမ်းအင် အမြောက်အမြားကို တစ်ပြိုင်နက်တည်း စုပ်ယူပါက ထိုလူ၏ခန္ဓာကိုယ်ထဲသို့ မကောင်းဆိုးဝါး ဝင်ရောက် လာနိုင်ချေကို တိုးမြှင့် ပေးလေသည်။ ထို့ပြင် အချိန်တိုအတွင်း ဆေးလုံး အများကြီးကို သုံးစွဲခြင်းက အချိန်တို အတွင်း ကျင့်ကြံမှုအဆင့်ကို တိုးမြင့်ပေး နိုင်သော်လည်း ခန္ဓာကိုယ်ကို အန္တရာယ် ဖြစ်စေနိုင်၏။ ထိုသို့ ပြုလုပ်ခြင်းက အနာဂတ် ကျင့်ကြံမှုကိုပါ ရပ်တန့်သွား စေနိုင်သော အကျိုး သက်ရောက်မှုလည်း ရှိလေသည်။
သို့သော် ထိုထို ပြဿနာများက ဝမ်လင်းအတွက်တော့ မည်သို့မျှ ပြဿနာ မရှိလှပေ။ ပထမအနေဖြင့် သူက ရှေးဟောင်း နတ်ဘုရား ကျင့်စဉ်ဖြင့် ဆေးလုံးထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များကို လျင်မြန်စွာ စုပ်ယူနိုင်သည်။ ထို့ပြင် သူ့အနာဂတ် ကျင့်ကြံမှု အတွက် ဆိုလျှင်လည်း သည်ခန္ဓာကိုယ်က သူ့ကိုယ်ပွား တစ်ခုသာ ဖြစ်ပြီး မူရင်းကိုယ် မဟုတ်ပေ။ တကယ်တမ်း ဆိုလျှင် သူ့အခု ကိုယ်ပွားက မူရင်းကိုယ် အတွက် စူပါဆေးဝါး တစ်ခုဟု ပြော၍ ရပေသည်။ ဝမ်လင်း၏ မူရင်းခန္ဓာကိုယ်က စဦးစိတ်ဝိညာဉ် အဆင့်ကို ချိုးဖျက်ရန် အတွက် အခု သူ့ကိုယ်ပွားကို ဆေးအဖြစ် ကူညီပေးစေမည် ဖြစ်သည်။
ချီကျိုဆေးလုံးများကို အသုံးပြုပြီးနောက် ဝမ်လင်းက ဒုတိယ ဆေးပုလင်းကို ထုတ်လိုက်၏။ သူက သူ့ကိုယ်ပွားမှာ အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်ရန် မည်မျှ ခက်ခဲလိမ့်မည်ကို သေချာ မသိပေ။ နောက်ဆုံးတော့ သူက လီမူဝမ်ထံမှ ရခဲ့သော ဆေးလုံးများကို အစဉ်လိုက် သောက်ပြီးနောက်မှာ အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်ရှိ ခဲ့တော့သည်။
လီမူဝမ်က ထိုဆေးနာမည်ကို ပြောပြခဲ့ခြင်း မရှိပေ။ သို့သော် ဝမ်လင်းက သည်ဆေးကို သိ၏။ အခုဆေးပုလင်းထဲ၌ ခရမ်းရောင် ဆေးလုံး (၅)လုံးရှိနေသည်။ ဝမ်လင်းက ထိုဆေးများကို ထျန်လီ ဆေးလုံးများကြောင်း သိလိုက်သည်။
ကြည့်ရသည်မှာ လီမူဝမ်က ထိုဆေးများ အတွက် နှစ်ပေါင်း ၂၀၀ ကျော်အတွင်း သွေး၊ ချွေးများစွာ အသုံးပြုခဲ့ ရပေသည်။ တကယ်တော့ ထိုအရာက အမှန်ပင်။ ထျန်လီ ဆေးလုံးက အဆင့်သုံး ဆေးလုံးဖြစ်၍ ပါဝင်ပစ္စည်းများ ကလည်း ဟိုဖန်နိုင်ငံ ပျောက်ကွယ်မှုနှင့် အတူ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ အခု သူမက တိမ်ကောင်းကင် ကလန်သို့ ရောက်လာခဲ့ပြီး သူမ၏ အကြီးအကဲ အဆင့်အတန်းကို အသုံးပြု၍ ပါဝင်သော ဆေးအမယ်များကို ပိုရအောင် ပြုလုပ်၍ ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် တိမ်ကောင်းကင် ကလန်မှာလည်း သည်ဆေးအတွက် လိုအပ်သော ဆေးအမယ်များ ပေါကြွယ်စွာ မရှိလှပေ။ သည်ဆေးလုံး ငါးလုံးရရန် အတွက် ကလန်၌ ရှိသော အရင်းအမြစ် ဆေးအမယ်များ အားလုံး အသုံးပြုခဲ့ ရပေသည်။
တကယ်တော့ လီမူဝမ်က ထိုဆေးများကို တိမ်ကောင်းကင် ကလန်၏ အရင်းအမြစ်များဖြင့် ပြုလုပ်ထားခဲ့ပြီး ဝမ်လင်းကို ပေးခဲ့ခြင်း ဖြစ်သည်။ ထို့အတွက် ဝမ်လင်း၏ ကျင့်ကြံခြင်းအဆင့် တိုးတက်ရန် အတွက် ကုန်ကျစရိတ်ကို တိမ်ကောင်းကင် ကလန်မှ ကြီးစွာကျခံရသည် ဟူ၍ ပြောလို့ ရပေသည်။
***