← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း (၂၃၁) လူဆိုးဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခြင်း

ဤအခန်းတွင် ပါရှိသော အချို့စာသားများကို မစ္စတာလီဖုန်း၏ "ကိုရီးယားစစ်မြေပြင်မှ ပြတ်ပြတ်သားသားတိုက်ပွဲ" နိုဗယ်မှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။ တိုက်ဆိုင်မှုတစ်စုံတစ်ရာ ရှိခဲ့ပါက ယင်းမှာ တိုက်ဆိုင်မှုသက်သက်မဟုတ်ပါ။

...

"ငါ့ရဲ့ လေ့လာမှုနဲ့ တွေးဆချက်အရဆိုရင် အဲ့ဒီဒါရိုက်တာက နားကြပ်ထဲကနေတစ်ဆင့် အော်စကာကို 'အဆင်ပြေတယ်၊ ဆက်လုပ်ပါ' ဆိုတဲ့ စကားမျိုး လှမ်းပြောလိုက်တာ ဖြစ်နိုင်တယ်"

ဖုန်းပုကြွယ်က ရှောင်တန်နှင့် ပေါင်တရန်တို့ကို ပြောလိုက်သည်။

"ဒါဆို... ဒီအပိုင်းရဲ့ ခေါင်းစဉ်က 'ငါက စာရေးဆရာတစ်ယောက်ပါ၊ စိတ်ကြိုက်ဝေဖန်နိုင်ပါတယ်' ဆိုတာမျိုးလား"

ပေါင်တရန်က အစားအစာတစ်လုပ်ကို ပါးစပ်ထဲထည့်ရင်း မေးလိုက်သည်။

"ဟုတ်တယ်"

ဖုန်းပုကြွယ်က ပြန်ဖြေ၏။

"နောက်ထပ်ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ငါ တဖြည်းဖြည်းနဲ့ ပိုစိတ်လှုပ်ရှားလာပြီ..."

ရှောင်တန်က ဖြည့်စွက်ပြောဆိုလိုက်သည်။

ဖန်သားပြင်ထက်တွင် အော်စကာသည် ဖုန်းပုကြွယ်ပေးထားသော ခေါင်းစဉ်အပေါ် သာမန်ရိုးရိုးစကားအချို့ဖြင့် အပေါ်ယံမှတ်ချက်ပေးလိုက်ပြီးနောက်

“ကဲ... ဒါဆိုရင် ကျွန်တော်တို့ ဒီနေ့အပိုင်းရဲ့ ပထမဆုံးအဆင့်ကို စလိုက်ကြရအောင်... ‘ကလောင်သွေးကြစို့’ ဗျာ”

ထို့နောက် ပထမဆုံးအဆင့်၏ စည်းမျဉ်းစည်းကမ်းများက တီဗီဖန်သားပြင်ပေါ်တွင် ပေါ်ထွက်လာခဲ့ပြီး အော်စကာ၏ အလွန်မြန်ဆန်လှသော ဖတ်ကြားသံလည်း အတူတကွ ထွက်ပေါ်လာသည်။ ထိုအသံမှာ အပိုင်းများစွာ ကြိုတင်ရိုက်ကူးထားပြီး ပရိသတ်များ ကြည့်ရှုနိုင်ရန်အတွက် အကြိမ်ကြိမ် ပြန်လည်အသုံးပြုနေကျ အသံဖိုင် ဖြစ်ပုံရသည်။

“ဒီအဆင့်မှာတော့ သော့ချက်စာလုံးတစ်လုံးက ဖန်သားပြင်ပေါ်မှာ ကျပန်းပေါ်ထွက်လာမှာ ဖြစ်ပါတယ်၊ ကဲ... ဒီသော့ချက်စာလုံးက ဘာဖြစ်မလဲဆိုတာ ကြည့်ကြရအောင်လား...”

အော်စကာက ပြောလိုက်ရာ ကင်မရာအလင်းတန်းက ဖန်သားပြင်ဆီသို့ ဦးတည်သွားခဲ့ပြီး ထိုနေရာတွင် ‘ဖြစ်ရပ်’၊ ‘လူပုဂ္ဂိုလ်’၊ ‘တိရစ္ဆာန်’ နှင့် ‘ရှုခင်း’ စသည့် သော့ချက်စာလုံးပေါင်းများစွာ မရပ်မနား လှည့်ပတ်နေတော့သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မူ တင်းတောင်ဟူသော အသံတစ်ချက်နှင့်အတူ ‘လူပုဂ္ဂိုလ်’ ဟူသော စာလုံးက ဖန်သားပြင်ပေါ်တွင် နောက်ဆုံးကျန်ရစ်ခဲ့တော့သည်။

“ဆိုတော့ ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဝင် စာရေးဆရာတစ်ယောက်ချင်းစီဟာလည်း သော့ချက်စာလုံး နှစ်လုံးစီကို အသီးသီး လက်ခံရရှိကြမှာ ဖြစ်ပါတယ်၊ ဒါပေမဲ့ ဒီသော့ချက်စာလုံးနှစ်လုံးကတော့ သူတို့ စာရေးလို့ မပြီးမချင်း လျှို့ဝှက်ချက်အဖြစ် ရှိနေမှာဖြစ်ပြီး သူတို့ကိုယ်တိုင်သာ သိရှိနိုင်ကြမှာပါ”

အော်စကာက ထိုသို့ပြောဆိုနေစဉ် ဖုန်းပုကြွယ် ကျပန်းရရှိထားသော သော့ချက်စာလုံးနှစ်လုံးမှာ သူ့ရှေ့ရှိ ထိန်းချုပ်ခုံ ဖန်သားပြင်ပေါ်တွင် ပြသနေခဲ့ပြီ ဖြစ်သည်။

“စာရေးဆရာ ခုနစ်ယောက်ခင်ဗျာ... ခင်ဗျားတို့ရဲ့ ထိန်းချုပ်ခုံပေါ်က သော့ချက်စာလုံးနှစ်လုံးကို အခြေခံပြီး ‘လူပုဂ္ဂိုလ်’ တစ်ယောက်အကြောင်း ဖော်ပြတဲ့ စာပိုဒ်တစ်ခုကို ရေးသားဖို့အတွက် အချိန် ခုနစ်မိနစ် ရရှိမှာ ဖြစ်ပါတယ်၊ စာလုံးရေကန့်သတ်ချက်မရှိဘဲ အချိန်ပြည့်တာနဲ့ ရပ်နားရမှာပါ”

ထိုသို့ ပြောကြားပြီးနောက် အော်စကာက “ဒါဆိုရင်... ပထမဆုံးအဆင့်... စတင်ပါပြီ” ဟု ချက်ချင်း ဆက်လက်အော်ဟစ်လိုက်သည်။ သော့ချက်စာလုံးကို ကြေညာပြီးသွားပြီ ဖြစ်သဖြင့် သူက ပြိုင်ပွဲကို အလျင်အမြန် စတင်စေခဲ့ခြင်း ဖြစ်သည်။

“ဂုဏ်သရေရှိလူကြီးမင်းတို့ခင်ဗျာ... ကျွန်တော် ထပ်လောင်းပြီးအလေးအနက် ပြောကြားလိုတာကတော့ ဒီအစီအစဉ်ရဲ့ ဖန်တီးမှုအပိုင်းကဏ္ဍမှန်သမျှမှာ ထပ်ခါတလဲလဲ ပြန်လည်ရိုက်ကူးထားတာမျိုး လုံးဝရှိမှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဝင်တွေမှာ အချိန် ခုနစ်မိနစ်သာရှိပြီး အခွင့်အရေးကတော့ တစ်ခါတည်းသာ ဖြစ်ပါတယ်”

အော်စကာသည် ထိုခုနစ်မိနစ်အတွင်း ပရိသတ်များ ငြီးငွေ့မသွားစေရန်အတွက် သဘာဝကျစွာဖြင့် အချိန် နှစ်မိနစ် သို့မဟုတ် သုံးမိနစ်ခန့် စကားပြောဆိုနေရမည် ဖြစ်ပြီး နောက်ခံအသံပြုလုပ်ချက်များနှင့် ညှိနှိုင်းကာ တင်းမာသောအငွေ့အသက်ကို ဖန်တီးရမည် ဖြစ်သည်။ ကျန်မိနစ်များကိုမူ တီဗီတွင် ထုတ်လွှင့်ပြသမည် မဟုတ်ဘဲ ဖြတ်တောက်လိုက်မည် ဖြစ်ရာ ကြည့်ရှုသူများမှာ ထိုမျှအထိ အချိန်အကြာကြီး မစောင့်ဆိုင်းနိုင်ကြသဖြင့် ကြော်ငြာလေး ခေတ္တစောင့်ကြည့်ခြင်းက အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။

“လူအများစုရဲ့ စိတ်ထဲမှာတော့ စာရေးသားခြင်း အတတ်ပညာဟာ အတားအဆီးနည်းပါးတဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုလို့ ထင်မြင်နေကြတာကို ကျွန်တော် သိရှိရပါတယ်၊ ကွန်ပျူတာတစ်လုံးနဲ့ အင်တာနက်လိုင်း ရှိရုံနဲ့တင် ဘယ်သူမဆို စာရေးဆရာ ဖြစ်လာနိုင်တယ်လို့ ထင်နေကြပုံရပါတယ်”

အော်စကာက ဆက်လက်၍ “လက်ရှိအချိန်မှာလည်း ဝေါဟာရဘဏ်ကြီးတွေ၊ ကဗျာမျိုးစုံနဲ့ ကောက်နုတ်ချက်တွေပါဝင်တဲ့ စာစီစာကုံး ကိရိယာတွေနဲ့ စာရေးလက်ထောက်ဆော့ဖ်ဝဲတွေ အမြောက်အများရှိနေပြီး အချို့ဆော့ဖ်ဝဲတွေဆိုရင် ယုတ္တိဗေဒအရ ကိုက်ညီပြီး ရှည်လျားလှတဲ့ စာပိုဒ်တွေကို တိုက်ရိုက်ဖန်တီးပေးနိုင်စွမ်း ရှိနေကြတာကိုလည်း ကျွန်တော် သိရှိရပါတယ်။

ဒါပေမဲ့ ကျွန်တော့်နောက်က စာရေးဆရာ ခုနစ်ယောက်မှာတော့ ဘယ်လိုလက်ထောက်မျိုးမှ မရှိပါဘူး၊ သူတို့ဟာ ဘယ်လိုအချက်အလက်ကိုမှ ရှာဖွေဖို့အတွက် အင်တာနက် အသုံးပြုခွင့် မရှိကြပါဘူး၊ သူတို့ ရေးသားလိုက်တဲ့ စာလုံးတိုင်း၊ စာကြောင်းတိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင်ဦးနှောက်ထဲမှာတင် ရှာဖွေတည်ဆောက်ရတာ ဖြစ်ပါတယ်၊ ပြီးတော့ သူတို့မှာ အချိန် ခုနစ်မိနစ်ပဲ ရှိပါတယ်၊ ဒါက သူတို့ရဲ့ အသိပညာဗဟုသုတ သိုလှောင်မှု၊ ဖန်တီးနိုင်စွမ်းအာရုံနဲ့ စာအရေးအသား ကျွမ်းကျင်မှုတို့အပေါ် တိုက်ရိုက်အကျဆုံး စိန်ခေါ်မှုတစ်ခုဖြစ်တာ သေချာပါတယ်”

“တကယ့်စာရေးဆရာတွေက သာမန်လူတွေနဲ့ ဘာတွေကွာခြားလဲဆိုတာ စောင့်ကြည့်ကြရအောင်ဗျာ”

အော်စကာက ပြောဆိုရင်း အနီးကပ်ရိုက်ကူးရေး ကင်မရာသမားကို ခေါ်ဆောင်ကာ ပြိုင်ပွဲဝင်များ အနုပညာဖန်တီးနေစဉ်အတွင်း သူတို့၏ မျက်နှာအမူအရာများကို ရိုက်ကူးရန်အတွက် ပြိုင်ပွဲဝင်များ တည်းခိုရာနေရာသို့ လျှောက်သွားလိုက်သည်။

“ကျွန်တော် တစ်ခုရှင်းလင်းတင်ပြလိုတာကတော့ ဒီအစီအစဉ်ဟာ ထိန်းချုပ်ခုံပေါ်က လက်ရေးစနစ်နဲ့ အခြေခံအကျဆုံး ဖျင်ရင်(Pinyin) ရိုက်နှိပ်မှုစနစ်နှစ်မျိုးကိုပဲ အသုံးပြုခွင့်ပေးထားတာ ဖြစ်ပါတယ်၊ အကယ်၍ ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဝင်တွေ စာလုံးပေါင်း မှားခဲ့မယ်ဆိုရင်တောင် အဲ့ဒီစနစ်က အလိုအလျောက် ပြင်ဆင်ပေးမှာ မဟုတ်ပါဘူး၊ ဒါကြောင့်မို့လို့ ‘ငါက စာရေးဆရာ’ စင်မြင့်ထက်မှာတော့ စာရေးဆရာတစ်ယောက်ရဲ့ တရုတ်စာကျွမ်းကျင်မှုအဆင့်အတန်းဟာ ချက်ချင်းဆိုသလို မျက်ဝါးထင်ထင် ပေါ်ထွက်လာမှာ ဖြစ်ပါတယ်”

ထိုအချိန်တွင် ကင်မရာအကူးအပြောင်းတစ်ခု ပြုလုပ်ပြီးနောက် အော်စကာက ဆိုသည်။

“အခုဆိုရင် အချိန်မိနစ်နှစ်ဆယ်ပဲ ကျန်ပါတော့တယ်...”

ယင်းမှာ ကြော်ငြာအပြီး ပြန်လည်ထုတ်လွှင့်သည့် မြင်ကွင်း ဖြစ်ပုံရပြီး အစောပိုင်း တည်းဖြတ်မှုလည်း အတော်လေး ကောင်းမွန်လှသည်။

ချက်ချင်းဆိုသလိုပင် အနီးကပ်ရိုက်ကူးချက်မြင်ကွင်းများ ဆက်တိုက်ပေါ်ထွက်လာခဲ့ပြီး အစီအစဉ်မှူးက အချိန်ကို နောက်ပြန်ရေတွက်နေကာ ကင်မရာအလင်းတန်းက ပြိုင်ပွဲဝင် ခုနစ်ယောက်နှင့် ပရိသတ်များထံသို့ အဆက်မပြတ် ကူးပြောင်းနေလေသည်။ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်း၍ မြန်ဆန်လှသော နောက်ခံတေးဂီတလည်း ပူးတွဲထွက်ပေါ်နေခဲ့သည်။

“သုံး... နှစ်... တစ်... အချိန်ပြည့်ပြီ”

အော်စကာက သူ့ဝတ်စုံအိတ်ကပ်ထဲမှ လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူ၍ သူ့နဖူးပေါ်ရှိ မရှိသော ချွေးများကို သုတ်လိုက်သည်။

“ကဲ... ဒါဆိုရင် ကျွန်တော်တို့ စာရေးဆရာ ခုနစ်ယောက်ရဲ့ လက်ရာတွေကို တစ်ယောက်ချင်းစီ အလှည့်ကျ ဖွင့်လှစ်ကြည့်ရှုကြရအောင်လားဗျာ”

အော်စကာသည် ရွှမ်ထျန်းစုန့်၏ ထိန်းချုပ်ခုံဘေးသို့ လျှောက်သွားခဲ့သည်။

“ရွှမ်ထျန်းစုန့်ကတော့ ကျွန်တော်တို့ကို အမြဲတမ်း ထူးခြားတဲ့ တည်ငြိမ်အေးဆေးမှုမျိုးကို ပေးစွမ်းနိုင်ခဲ့တာဖြစ်ပြီး ဒီနေ့မှာလည်း ခြွင်းချက်မရှိပါဘူးခင်ဗျာ”

သူက ပြိုင်ပွဲဝင်ဘက်သို့ လှည့်၍ မေးမြန်းလိုက်သည်။

“ဒီတစ်ကြိမ် ခင်ဗျားမဲနှိုက်လို့ ရခဲ့တဲ့ သော့ချက်စာလုံးက အရမ်းရိုးရှင်းနေလို့လား”

ရွှမ်ထျန်းစုန့်က ထိန်းချုပ်ခုံတွင် တပ်ဆင်ထားသော မိုက်ကရိုဖုန်းနားသို့ ချဉ်းကပ်လိုက်သည်။

“တကယ်တော့... သော့ချက်စာလုံးက ဘာလဲဆိုတာက အရေးမကြီးပါဘူး၊ ပထမဆုံးအဆင့်ရဲ့ အခက်အခဲဆုံးအရာက အချိန်ပဲလို့ ကျွန်တော် အမြဲတမ်း ခံစားရတယ်”

အော်စကာက မေး၏။

“ဒါဆို ဘယ်လို သော့ချက်စာလုံးမျိုးကိုမဆို ခင်ဗျား ကိုင်တွယ်နိုင်စွမ်းရှိတယ်လို့ ကျွန်တော် နားလည်လို့ရမလား”

“မဟုတ်တာ... မဟုတ်ပါဘူး...”

ရွှမ်ထျန်းစုန့်က လက်ခါယမ်း၍ ရယ်မောလိုက်သည်။ ဤမေးခွန်းမှာ သူ့အဖို့ ဖြေကြားရန် ခက်ခဲပေသည်။ အကယ်၍ သူက ‘ဟုတ်ပါတယ်’ ဟု ဖြေကြားခဲ့ပါက အလွန်အမင်း ထောင်လွှားရာ ရောက်ပေလိမ့်မည်။

“ဒါဆိုရင် ရွှမ်ထျန်းစုန့်ရဲ့ သော့ချက်စာလုံးက ဘာလဲဆိုတာ ကြည့်လိုက်ကြရအောင်”

အော်စကာက ထပ်မမေးတော့ဘဲ အစီအစဉ်ကိုသာ ဆက်လက်လုပ်ဆောင်လိုက်သည်။

ထို့နောက် ဖန်သားပြင်ပေါ်တွင် ရွှမ်ထျန်းစုန့် မဲနှိုက်ရရှိထားသော သော့ချက်စာလုံးနှစ်လုံး ပေါ်ထွက်လာလေသည်။ ယင်းတို့မှာ ‘အထီးကျန်ခြင်း’ နှင့် ‘လွှမ်းမိုးခြင်း’ တို့ ဖြစ်ကြသည်။

အော်စကာက မှတ်ချက်ပေး၏။

“ရွှမ်ထျန်းအတွက်တော့ ဒီလိုမေးခွန်းမျိုးက အရမ်းလွယ်တဲ့အရာ ဖြစ်မှာပါနော်”

“အဆင်ပြေပါတယ်...”

ရွှမ်ထျန်းစုန့်၏ သဘောထားမှာ ပုံမှန်အတိုင်း နှိမ့်ချလျက် ရှိနေဆဲဖြစ်သည်။

“ဒါဆိုရင် ရွှမ်ထျန်းစုန့် ခုနစ်မိနစ်အတွင်း ဘာတွေရေးသားခဲ့လဲဆိုတာ ကြည့်ကြရအောင်ဗျာ”

အော်စကာ စကားပြောဆိုပြီးနောက် ရွှမ်ထျန်းစုန့် ရေးသားထားသော စာသားများက ဖန်သားပြင်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။

[ရုတ်တရက် တိမ်တိုက်များ၏ အစွန်းတွင် လူရိပ်တစ်ခု မားမားမတ်တပ်ရပ်နေခဲ့ပြီး ခါးအထိရှည်လျားသော အပြာရောင်ဆံပင်များ ရှိနေခဲ့သည်။ သူသည် ခန့်ညားထည်ဝါပြီး ဝတ်ရုံများလည်း ခမ်းနားကြီးကျယ်လှကာ ချောမွေ့သောမျက်နှာပေါ်တွင်လည်း အေးစက်သော မာနထောင်လွှားမှုအငွေ့အသက်အချို့ ရှိလို့နေ၏။ သို့သော်လည်း သူ့နောက်ကျောပုံသဏ္ဌာန်တွင်မူ စကားလုံးဖြင့် ဖော်ပြမရနိုင်သော အထီးကျန်ဆန်မှုမျိုး ရှိနေခဲ့ပြီး သူ့မျက်ဝန်းများအတွင်း၌လည်း အနက်အဓိပ္ပာယ်ကို ခန့်မှန်းရခက်သည့် ထူးခြားလှသည့် နက်ရှိုင်းမှုမျိုး ပေါ်ထွက်နေလေသည်။]

အော်စကာသည် ထိုစာသားကို ဖတ်ပြီးနောက် ပရိသတ်များ၏ လက်ခုပ်သံများ ငြိမ်သက်သွားခဲ့သည့်အခါမှ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ဟန်ပြုလျက် ဆိုသည်။

“ဟူး... ဒီစာသားက မရှည်လျားလှဘူးဆိုပေမယ့် စွမ်းအားကြီးပြီး အေးစက်လှတဲ့ သိုင်းမာစတာကြီးတစ်ယောက်က ကိုယ့်မျက်စိရှေ့မှာတင် တကယ်ပဲ မတ်တပ်ရပ်နေသလိုမျိုး ခံစားလိုက်ရတယ် မဟုတ်လား”

သူက စကားပြောရင်း နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်၍ ခေါင်းကိုစောင်းလျက် ဖုန်းပုကြွယ်ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။

“ဟေး... ပုကြွယ်၊ ခင်ဗျားက ဒီအစီအစဉ်မှာ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်တာဆိုတော့ ရွှမ်ထျန်းစုန့်ရဲ့ စာသားကို မြင်လိုက်ရတဲ့အခါ စိတ်ထဲမှာ ဖိအားတစ်ခုခု ခံစားလိုက်ရတာ ရှိလား”

ကင်မရာက ဖုန်းပုကြွယ်ထံသို့ ချက်ချင်းအာရုံစိုက်လာသဖြင့် သူက မျက်လုံးကို မှေးကျဉ်းလိုက်ပြီး “ကျွန်တော့မှာ ဖိအားတွေ အများကြီး ရှိတယ်...” ဟု ပြန်ဖြေလိုက်သည်။

“ဒါဆိုရင်... အကယ်၍ ခင်ဗျားသာ ရွှမ်ထျန်းစုန့်ရဲ့ သော့ချက်စာလုံးတွေကို အသုံးပြုမယ်ဆိုရင် ဒီထက်ပိုကောင်းတဲ့ စာသားမျိုး ရေးသားနိုင်စွမ်းရှိမယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရဲ့လားဗျာ”

အော်စကာက ဆက်လက်မေးမြန်းလိုက်သည်။ သူသည် အမှန်တကယ်ပင် မခေသော အစီအစဉ်မှူးတစ်ဦး ဖြစ်ပေရာ ယခုကဲ့သို့ အစီအစဉ်မျိုး၏ ဆွဲဆောင်မှုမှာ စာရေးဆရာအချင်းချင်းအကြား ပဋိပက္ခမဖြစ်ပွားစေဘဲ ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ နှိုင်းယှဉ်မှုများ ပြုလုပ်ပေးခြင်းအပေါ်တွင် မှီတည်နေသောကြောင့် ဖြစ်သည်။

“အင်း...”

သုံးစက္ကန့်ခန့် တွေးတောပြီးနောက် ဖုန်းပုကြွယ်က “ပြိုင်ဘက်ကင်းတဲ့ ပုံရိပ်တစ်ခု၊ ပြတ်သားတဲ့ မျက်နှာအမူအရာနဲ့ အဲ့ဒီလူက ပျံဝဲဝင်ရောက်လာခဲ့ပြီး ချက်ချင်းပဲ... ‘ငါ့ရဲ့ စစ်အာဏာစွမ်းအားက တစ်ကမ္ဘာလုံးကို လင်းထိန်စေရမယ်’ လို့ ပြောလိုက်တယ်” ဟု ရေရွတ်လိုက်သည်။

“ဟေး... ငါက မင်းကို ဒီထက်ပိုကောင်းအောင် ရေးနိုင်တဲ့ ယုံကြည်မှုရှိလားလို့ပဲ မေးတာလေ၊ မင်းအနေနဲ့ နှိမ့်နှိမ့်ချချနဲ့ ‘မရှိပါဘူး’ လို့ပဲ ပြောလိုက်ရင် ရပြီပဲဥစ္စာ၊ ဘယ်သူက မင်းကို အခြားဗားရှင်းတစ်ခုနဲ့ ရွတ်ဆိုပြခိုင်းလို့လဲ၊ ဒါနဲ့... ဒီစကားစုက တော်တော်လေး ရင်းနှီးနေသလိုပဲ၊ ယဲ့ရှီပင်းချွမ် မဟုတ်လား၊ သေချာပေါက် အဲ့ဒါပဲ ဖြစ်ရမယ်”

အော်စကာသည် စိတ်ထဲမှ အကြီးအကျယ် ညည်းတွားလိုက်မိပြီး ရှေ့ဆုံးတန်းတွင် စောင့်ကြည့်နေသော ဒါရိုက်တာကို ချက်ချင်း လှမ်းကြည့်လိုက်သော်လည်း ဒါရိုက်တာက နားကြပ်ထဲမှနေ၍ “ဆက်လုပ်ပါ” ဟုသာ တိုတိုတုတ်တုတ် ပြောကြားခဲ့သည်။

“ဟား... ဟားဟား... ပုကြွယ်ရဲ့ တုံ့ပြန်မှုက တကယ့်ကို လျင်မြန်လှပါတယ်”

အော်စကာက ဆိုလိုက်သော်လည်း သူ့အတွင်းစိတ်ထဲတွင်မူ ‘ငါ နောက်တစ်ခါကျရင် မင်းကို ဒီလိုမေးခွန်းမျိုး ဘယ်တော့မှ ထပ်မမေးတော့ဘူး’ ဟု ကျိန်ဆဲလိုက်သည်။

“ကဲ... ရွှမ်ထျန်းရေ၊ ခင်ဗျားကော ဘယ်လိုထင်လဲ၊ ပုကြွယ်ရဲ့ ဗားရှင်းက ဘယ်လိုလဲဗျာ”

အော်စကာက ထိုအာလူးပူပူကို ရွှမ်ထျန်းစုန့်ထံသို့ ပစ်ပေးလိုက်သည်။

“အာ... မဆိုးပါဘူး၊ ဟားဟား...”

ရွှမ်ထျန်းစုန့်၏ တုံ့ပြန်မှုမှာ ပုံမှန်အတိုင်း တည်ငြိမ်လျက် ရှိနေခဲ့သည်။

“ကောင်းပါပြီ၊ ဒါဆိုရင် နောက်ထပ် ပြိုင်ပွဲဝင်ဖြစ်တဲ့ အစ်ကိုဖန်ရဲ့ သော့ချက်စာလုံးတွေကို ကြည့်လိုက်ကြရအောင်”

အော်စကာသည် ဒုတိယမြောက် ပြိုင်ပွဲဝင်၏ ထိန်းချုပ်ခုံဘေးသို့ လျှောက်လှမ်းသွားခဲ့သည်။

ဖန်ပိန့်၏ သော့ချက်စာလုံးများမှာ ‘ကံကြမ္မာဆိုး’ နှင့် ‘ပညာရှိ’ တို့ ဖြစ်ကြသည်။

အော်စကာက ပြောလိုက်သည်။

“ကောင်းပါပြီ၊ ကျွန်တော် ဒီမေးခွန်းကို ထပ်ပြီး မေးရဦးမှာပဲ၊ အစ်ကိုဖန်... ဒီနေ့မေးခွန်းက ခက်ခဲမှု ရှိရဲ့လားဗျာ”

“ခက်ခဲတယ်...”

ပရိသတ်များထံမှ ရယ်မောသံများ ထွက်ပေါ်လာခဲ့ရာ အော်စကာက ပြုံးလျက် ပြောလိုက်သည်။

“ကျွန်တော်တို့ အစီအစဉ်ရဲ့ ပြိုင်ပွဲဝင်အားလုံးက အရမ်းကို နှိမ့်ချတတ်ကြတာပဲ၊ သူတို့တွေက ဘယ်တော့မှ ခက်ခဲမှုမရှိဘူးလို့ မပြောကြဘူးနော်”

ထို့နောက် ဖန်ပိန့်ရေးသားထားသော အကြောင်းအရာများက ဖန်သားပြင်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။

[နဂါးပျံဟာ ချောက်နက်ထဲမှ ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာမြေကြီးကို တုန်လှုပ်စေခဲ့တယ်၊ သုံးပြည်ထောင်စစ်ပွဲက လုံကျုံးမှာ ကွဲပြားသွားခဲ့တယ်၊ ကြီးမားလှသော သူ့ရည်မှန်းချက်တွေ မအောင်မြင်သေးဘဲ သက်တမ်းမစေ့မီ သေဆုံးသွားခဲ့ခြင်းက သူရဲကောင်းများကို ထာဝရ ဝမ်းနည်းပူဆွေးစေခဲ့ရတော့တယ်]

အော်စကာ ထိုကဗျာကို ဖတ်ကြားပြီးနောက် ပရိသတ်များက ချက်ချင်းပင် လက်ခုပ်သံများဖြင့် သောင်းသောင်းဖျဖျ တုံ့ပြန်လိုက်ကြသည်။ ထို့နောက် သူက ဆို၏။

“သုံးပြည်ထောင်ခေတ်က ချောင်ကျိ ဟာ ခြေလှမ်းခုနစ်လှမ်းအတွင်း ကဗျာတစ်ပုဒ်ကို စပ်ဆိုနိုင်စွမ်း ရှိတာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အစ်ကိုဖန်ကလည်း မဆိုးလှပါဘူးဗျာ၊ သူက သော့ချက်စာလုံး သုံးလုံးအပေါ် အခြေခံပြီး ခုနစ်မိနစ်အတွင်း ကဗျာတစ်ပုဒ် ရေးသားနိုင်ခဲ့ပါတယ်”

“မဟုတ်ပါဘူး... မဟုတ်ပါဘူး... တကယ်တော့ နောက်ဆုံးစာကြောင်းနှစ်ကြောင်းက တုဖူရဲ့ ဝန်ကြီးချုပ်ရှု ကဗျာထဲကပါ၊ မူရင်းကတော့ ‘သူ့ရဲ့ စစ်ချီမှုက မအောင်မြင်သေးခင် သူ သေဆုံးသွားခဲ့ရတာက သူရဲကောင်းတွေကို မျက်ရည်ကျစေခဲ့တယ်’ ဆိုတာပါ”

ဖန်ပိန့်က မိုက်ကရိုဖုန်းထဲသို့ ပြောဆိုလိုက်သည်။

“ကျွန်တော်က ဒါကို အကြောင်းပြချက်တစ်ခုအနေနဲ့ အသုံးချလိုက်ရုံသက်သက်ပါပဲ”

“အစ်ကိုဖန်... ခင်ဗျားက ဒီလောက်အထိ နှိမ့်ချနေဦးမယ်ဆိုရင် တခြားပြိုင်ပွဲဝင်တွေ စိတ်မသက်မသာ ဖြစ်ကုန်ကြလိမ့်မယ်နော်”

အော်စကာက ရယ်မောလိုက်ရာ ပရိသတ်များလည်း အတူတကွ ရယ်မောလိုက်ကြသည်။

“ဒီလိုနေရာမျိုးမှာဆိုရင်တော့ သူတို့က ပတ်ဝန်းကျင်ကို ပိုပြီးသက်ဝင်လှုပ်ရှားစေဖို့အတွက် နောက်ပိုင်းတည်းဖြတ်မှုမှာ ရယ်စရာကောင်းတဲ့ အသံပြုလုပ်ချက်အချို့ကို သေချာပေါက် ထည့်သွင်းကြလိမ့်မယ်”

ဖုန်းပုကြွယ်က ရှင်းပြသည့်လေသံဖြင့် ထပ်လောင်းပြောဆိုလိုက်သည်။

“တကယ်ပဲ... ပထမဆုံးအဆင့်က အဲ့ဒီလောက်အထိ ခက်ခဲလို့လား”

ရှောင်တန်က အစားအစာတစ်လုပ်ကို ပါးစပ်ထဲသို့ ထည့်ဝါးရင်း မေးလိုက်သည်။

“တကယ်လို့ မင်းငါ့ကို သော့ချက်စာလုံး သုံးလုံးအပေါ် အခြေခံပြီး ခုနစ်မိနစ်အတွင်း ရေးခိုင်းမယ်ဆိုရင် ငါကတော့ သာမန်စကားပြေနဲ့ စာကြောင်းတစ်ကြောင်း ဒါမှမဟုတ် နှစ်ကြောင်းလောက်ပဲ ရေးနိုင်လိမ့်မယ်”

“အင်း... အဲ့ဒီနောက်ပိုင်း ငါလည်း ပြန်တွေးကြည့်မိပါတယ်၊ ယေဘုယျအားဖြင့် ပြောရရင် စည်းမျဉ်းစည်းကမ်းတွေကို ကောင်းကောင်းသိထားပြီး အခြေအနေအပေါ် မူတည်ပြီး ချက်ချင်းဖန်တီးနိုင်စွမ်းရှိတဲ့ ဝါရင့်ပြိုင်ပွဲဝင်တွေတောင်မှ စိတ်ကူးထဲမှာပုံဖော်ဖို့အတွက် အနည်းဆုံး တစ်မိနစ် ဒါမှမဟုတ် နှစ်မိနစ်လောက် အချိန်လိုလိမ့်မယ်၊ ဒါကြောင့်မို့လို့ ကျန်တဲ့ ငါးမိနစ်အတွင်းမှာ အဲ့ဒီရိုက်နှိပ်မှုစနစ်ကို အသုံးပြုပြီး သူတို့ ရေးနိုင်တာက စာလုံးရေ နှစ်ရာ ဒါမှမဟုတ် သုံးရာလောက်ပဲ ရှိနိုင်လိမ့်မယ်”

ဖုန်းပုကြွယ်က ဆက်လက်၍ “ဒါကြောင့်မို့လို့ မင်းတို့ မြင်ရတဲ့အတိုင်း လူတိုင်းရဲ့ စာသားတွေက သိပ်မရှည်ကြတာပဲ၊ ရွှမ်ထျန်းစုန့်က စာလုံးရေ ရှစ်ဆယ်အောက်ပဲ သုံးခဲ့တာဖြစ်ပြီး ဖန်ပိန်ကတော့ စာလုံးရေ နှစ်ဆယ့်ရှစ်လုံးပဲ ရေးခဲ့တာ၊ ဒါက သူတို့တွေဟာ စည်းမျဉ်းတွေကို အရမ်းကျွမ်းကျင်ထားပြီး ဒီအဆင့်မှာ ရမှတ်တွေအများကြီး ဘယ်လိုယူရမလဲဆိုတာ သိထားကြောင်း ဖော်ပြနေတာပဲ၊ စာလုံးရေ တစ်ရာအတွင်းမှာပဲ တိုတိုတုတ်တုတ်နဲ့ ကဗျာဆန်တဲ့နည်းစနစ်တွေကို အသုံးပြုလိုက်တာက ပရိသတ်တွေရဲ့ စိတ်ထဲမှာ ဖျောက်ဖျက်မရနိုင်တဲ့ အထင်အမြင်မျိုး ချန်ထားရစ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ”

“အိုး... ငါ နားလည်ပြီ”

ရှောင်တန်က မေးလိုက်သည်။

“ဒါနဲ့... အစ်ကိုကြွယ်၊ မင်းကော စာလုံးရေ ဘယ်လောက်အထိ ရေးခဲ့လဲ”

“သုံးရာကျော်လောက်ပါပဲ”

“ဖူး...”

ရှောင်တန်နှင့် ပေါင်တရန်တို့သည် ပါးစပ်ထဲရှိ အစားအစာများကို ချက်ချင်း ထွေးထုတ်လိုက်ကြသည်။

“မင်းတို့ ဘာလုပ်နေကြတာလဲ၊ ဒါက ဘယ်လိုအမူအရာမျိုးလဲ၊ ကိုယ့်အိမ်မဟုတ်ဘူးဆိုပြီး ပစ္စည်းတွေကို အဲ့ဒီလိုမျိုး ထွေးထုတ်ပစ်လို့ရမလား”

ဖုန်းပုကြွယ်က မကျေမနပ် ပြောဆိုလိုက်သည်။

ထိုအချိန်တွင် ဖန်သားပြင်ထက်ရှိ အော်စကာသည် ပြိုင်ပွဲဝင် နံပါတ်သုံးနှင့် နံပါတ်လေးတို့၏ စာသားများကို ဖွင့်လှစ်ပြသပြီးသွားပြီ ဖြစ်သဖြင့် ပဉ္စမမြောက် ပြိုင်ပွဲဝင်ထံသို့ ရောက်ရှိလာလေသည်။

ပြိုင်ပွဲဝင် ‘ဟင်းသီးဟင်းရွက်နှင့်သစ်သီး’ မဲနှိုက်ရရှိထားသော သော့ချက်စာလုံးနှစ်လုံးမှာ အတော်လေး ခက်ခဲလှသည်။ ယင်းတို့မှာ ‘သားရဲ’ နှင့် ‘ပြောင်းလဲခြင်း’ တို့ ဖြစ်ကြသည်။ သူသည် စာလုံးရေ တစ်ရာကျော် ရေးသားခဲ့ပြီး ဆောင်းပါးမှာလည်း အကြောင်းအရာနှင့် ကိုက်ညီမှုရှိသော်လည်း ရှေ့က ပြိုင်ပွဲဝင်နှစ်ယောက်နှင့် နှိုင်းယှဉ်ပါက အနည်းငယ် အားနည်းနေခဲ့သည်။

မော့ပုရှန်၏ သော့ချက်စာလုံးများမှာ ‘ဇွဲလုံ့လ’ နှင့် ‘စွမ်းအား’ တို့ ဖြစ်ကြသည်။ သူမ၏ စာရေးဟန်မှာ ပုံစံမျိုးစုံ ပြောင်းလဲနိုင်စွမ်း ရှိသဖြင့် မည်သည့်သော့ချက်စာလုံးမဆို သူမအဖို့ ခက်ခဲမှု ရှိလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း အချိန်တိုအတွင်း ရေးသားနိုင်စွမ်းရှိသော သူမ၏ စာပေစွမ်းရည်မှာ လက်ရှိရောက်ရှိနေသော အခြားအွန်လိုင်းစာရေးဆရာများနှင့် နှိုင်းယှဉ်ပါက သိသိသာသာ အားနည်းနေလေသည်။ နောက်ဆုံး၌ သူမသည် စာလုံးရေ ငါးဆယ်ကျော်သာ ရေးသားနိုင်ခဲ့ပြီး စာသားက ကောင်းမွန်သော်လည်း အကြောင်းအရာများမှာမူ သော့ချက်စာလုံးနှစ်လုံး၏ အဓိပ္ပာယ်ကို ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်ခြင်း မရှိခဲ့ချေ။

“နံပါတ်ငါး၊ ငါစင်ပေါ်ကို တက်ချင်တယ်”

သူ မဲနှိုက်ရရှိထားသော သော့ချက်စာလုံးများမှာ ‘ခြောက်ခြားမှု’ နှင့် ‘အလှအပ’ တို့ ဖြစ်ကြသည်။ သူ၏ စွမ်းဆောင်ရည်မှာ အတော်လေး ကောင်းမွန်လှသည်။ သူသည် လက်ရေးစနစ်ဖြင့် အကြောင်းအရာ အမြောက်အများကို ရေးသားနိုင်ခဲ့ခြင်းဖြစ်သည်။

[ဝေဝါးနေသော သူမ၏ မျက်ဝန်းများအတွင်း တောက်ပသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး မူလက ဖြူဖျော့နေခဲ့သော သူမ၏ လက်ချောင်းများသည်လည်း အလောင်းတစ်လောင်းကဲ့သို့ ဝါကျင့်ကျင့် ဖြစ်လို့နေသည်။ သူမနဖူးပြင်ပေါ်ရှိ သွေးကြောများသည် အလွန်အမင်း သိမ်မွေ့သော စိတ်ခံစားချက်အပြောင်းအလဲများနှင့်အတူ လှိုင်းတံပိုးများကဲ့သို့ ရုတ်ချည်းမြင့်တက်လာပြီး ချက်ချင်း ပြန်လည်ကျဆင်းသွားခဲ့သည်။ သူမသည် ဆွဲဆောင်မှုရှိပြီး လှပနေဆဲ ဖြစ်သော်လည်း ယခုတွင်တော့ အသက်ရှူသံများ ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့ပြီဖြစ်ကာ အေးစက်စက်အလောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲတော့မည် ဖြစ်သည်။]

“အံ့မခန်း ဖော်ပြချက်ပါပဲခင်ဗျာ”

အော်စကာက ဆိုလိုက်ပြီးနောက် ဆိုဒါဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။

“သည်းထိတ်ရင်ဖို ခြောက်ခြားစာပေမှာ ဆရာတစ်ပါးဖြစ်တဲ့ အစ်ကိုချန်သာ ဒီအပိုင်းကို ရေးသားမယ်ဆိုရင် ဘယ်လိုစာရေးဟန်မျိုး ဖြစ်လာမလဲဆိုတာ ကျွန်တော် တကယ်ကို သိချင်မိပါတယ်ဗျာ”

“အစ်ကိုချန်က သေချာပေါက် ပိုကောင်းအောင် ရေးနိုင်မှာပါ”

ဆိုဒါက ဘေးမှနေ၍ ရယ်မောလိုက်သည်။

ပြိုင်ပွဲဝင် ငါစင်ပေါ်ကို တက်ချင်တယ်က ပြန်ဖြေ၏။

“ဆိုဒါက ကျွန်တော်အပေါ် ယဉ်ကျေးပြနေရုံ သက်သက်ပါဗျာ၊ တကယ်တော့ သူက ကျွန်တော့်ကို အထင်သေးနေတာ ဖြစ်မယ်ဗျ”

ပရိသတ်များထံမှ ရယ်မောသံများ ထွက်ပေါ်လာခဲ့ပြီးနောက် အော်စကာသည် ဆိုဒါ၏ အနီးသို့ ရောက်ရှိလာခဲ့သည်။

“ကောင်းပါပြီ၊ ဒါဆိုရင် ဆိုဒါက ဘယ်လိုသော့ချက်စာလုံးတွေကို ရရှိထားလဲဆိုတာ ကြည့်ကြရအောင်လားဗျာ”

ဖန်သားပြင်ပေါ်တွင် ပြသလာသော သော့ချက်စာလုံးများမှာ ‘ဘာသာရေး’ နှင့် ‘မိစ္ဆာဝိညာဉ်’ တို့ ဖြစ်ကြသည်။

ထိုစာလုံးနှစ်လုံး ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ပရိသတ်များအကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ဒါရိုက်တာကလည်း အသိစိတ်ရှိရှိဖြင့် ကင်မရာကို အခြားပြိုင်ပွဲဝင်များ၏ မျက်နှာထံသို့ တစ်ယောက်ချင်းစီ အလှည့်ကျ ကူးပြောင်းစေခဲ့သည်။ သေချာပေါက်ပင် ထိုစာလုံးနှစ်လုံးကို ရရှိခြင်းက ဆိုဒါအတွက် အလွန်အမင်း အကျိုးရှိလှသည်။ အဘယ်ကြောင့်ဆိုသော် ယင်းမှာ သူ အထူးပြုကျွမ်းကျင်လှသော သဘာဝလွန်အမျိုးအစား ဖြစ်သောကြောင့် ဖြစ်သည်။

သို့သော်လည်း သူရေးသားထားသော စာသားများမှာ လူတိုင်း မျှော်လင့်မထားသောအရာ ဖြစ်နေခဲ့သည်။

[အမှောင်ထုနဲ့ ခြောက်ခြားဖွယ်ဟင်းလင်းပြင်သခင်ကြီးခင်ဗျာ... ကျွန်ုပ်တို့ရဲ့ စားသောက်ပွဲဆီသို့ ကြွလှမ်းလာပါရန် ဆင့်ခေါ်ပါတယ်၊ ကျွန်ုပ်၏ သေးသိမ်လှပြီး ကြေကွဲဝမ်းနည်းဖွယ်ကောင်းသော စိတ်ဝိညာဉ်ကို နတ်ဘုရား၏စွမ်းအားတော်ထံသို့ ယဇ်ကောင်အဖြစ် ပူဇော်ပသပါ၏...]

အော်စကာသည် ထိုစာသားကို ဖတ်ရှုပြီးနောက် တစ်ဝက်တစ်ပျက် နောက်ပြောင်သည့်လေသံဖြင့် ပြောလိုက်သည်။

“ဆိုဒါ... ဒီမြှုပ်ကွက်စာသားတွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေက ဘယ်နားမှာလဲဗျာ”

“ဟားဟား... ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မှာ အချိန်မရှိတော့လို့ ဒီလောက်ပဲ ရေးနိုင်ခဲ့တာပါ”

ဆိုဒါသည် ရိုးသားသော လူတစ်ဦး ဖြစ်ပေသည်။

အော်စကာက မေး၏။

“ခင်ဗျား စိတ်ကူးပုံဖော်ဖို့အတွက် အချိန်အများကြီး ကုန်ဆုံးသွားခဲ့လို့လား”

“မဟုတ်ပါဘူး၊ ကျွန်တော်က ‘ရရှိခံစားခြင်း’ (享) ဆိုတဲ့ စာလုံးကို ဖျင်ယင်စနစ်နဲ့ ရှာဖွေဖို့အတွက် အချိန် သုံးမိနစ်လောက် ဖြုန်းတီးလိုက်မိလို့ပဲ၊ အဲ့ဒီစာလုံးကို ရှာမတွေ့တာနဲ့ လက်ရေးစနစ်ကို ပြောင်းလဲလိုက်ရတာ ဖြစ်လို့ အချိန်ပြည့်သွားခဲ့ရတာပါ”

ဆိုဒါက ပြန်ဖြေလိုက်သည်။

အော်စကာက ပခုံးတွန့်ပြလိုက်ပြီး ကင်မရာဘက်သို့ လှည့်ကာ မတတ်သာသော မျက်နှာအမူအရာတစ်ခု ဖန်တီးလိုက်ရာ ပရိသတ်များထံမှ ရယ်မောသံများ ထွက်ပေါ်လာလေသည်။

“ဆိုဒါ... ခင်ဗျားကို ကျွန်တော်တို့ ဘာပြောရဦးမလဲဗျာ”

အော်စကာက ရယ်မောလိုက်သည်။

ဆိုဒါကတော့ ရိုးသားစွာဖြင့် ပြုံးနေရုံသာ ရှိတော့သည်။ ယင်းမှာ သူ့ကိုယ်ပိုင်စရိုက် ဖြစ်သည်။ သူသည် အတော်လေး အေးဆေးတည်ငြိမ်သူ ဖြစ်ပြီး ပြိုင်ပွဲအတွက် အကောင်းဆုံး စိတ်နေသဘောထား ရှိသူဟုလည်း ပြောနိုင်ပေသည်။

“ဒါဆိုရင်... နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ လူသစ်လေးကို ကြည့်ကြရအောင်လားဗျာ”

အော်စကာသည် နောက်ဆုံး၌ ဖုန်းပုကြွယ်၏ ထိန်းချုပ်ခုံဘေးသို့ ရောက်ရှိလာတော့သည်။

“ပုကြွယ်... စီနီယာ ခြောက်ယောက်ရဲ့ စွမ်းဆောင်ရည်တွေကို ကြည့်ရှုပြီးတဲ့နောက် အခု ခင်ဗျား စိတ်လှုပ်ရှားပြီလားဗျာ”

“အင်း... ဘယ်လိုပြောရမလဲ၊ ကျွန်တော်က သတ်မှတ်ထားတဲ့ အကြောင်းအရာတစ်ခုအပေါ် အခြေခံပြီး စာရေးသားတဲ့နေရာမှာ သိပ်မကျွမ်းကျင်ပါဘူးလေ...”

ဖုန်းပုကြွယ်က ပြန်လည်ဖြေကြားလိုက်သည်။

“အိုး... ခင်ဗျားကော ဆိုဒါလိုမျိုး စာရေးလို့ မပြီးခဲ့တာလား”

အော်စကာက မေးမြန်းလိုက်သည်။

“မဟုတ်ပါဘူး... မဟုတ်ပါဘူး...”

ဖုန်းပုကြွယ်က ဆိုသည်။

“ကျွန်တော်က စာရေးတာ နည်းနည်း လွန်သွားတယ်လို့ ထင်လို့ပါ...”

“ခင်ဗျားက ဒီလိုပြောလေလေ ကျွန်တော်တို့က ပိုစိတ်လှုပ်ရှားလာလေလေဖြစ်ပြီး ပိုပြီး မျှော်လင့်စောင့်စားမိလေလေပါပဲနော်”

အော်စကာက ပြောဆိုရင်း ဖန်သားပြင်ကြီးဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

“လာပါ... ရရှိထားတဲ့ သော့ချက်စာလုံးနှစ်လုံးက ဘာဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်...”

ဖန်သားပြင်ပေါ်တွင် ‘စစ်ပွဲ’ နှင့် ‘သူရဲကောင်း’ ဟူသော စာလုံးများ ပေါ်ထွက်လာခဲ့သည်။

အခြားစာရေးဆရာများနှင့် ပရိသတ်များ၏ တုံ့ပြန်မှုများအရ ယခုအကြောင်းအရာမှာ သေချာပေါက် အလွန်အမင်း ရိုးရှင်းလှသော ခေါင်းစဉ်တစ်ခု ဖြစ်ပေသည်။

“လက်ရှိအချိန်မှာ လူတိုင်းလည်း ကျွန်တော့်လိုမျိုး ခံစားနေရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ယွဲ့ဖေး ၊ ကွမ်းယု၊ ကျန်းဇီကျုံး ... အနည်းဆုံးတော့ နာမည်ပေါင်း ဆယ်ခုလောက်က ကျွန်တော်တို့ ခေါင်းထဲကို ချက်ချင်းဖြတ်ပြေးသွားခဲ့ကြမှာ အသေအချာပါပဲ၊ ရှေးခေတ်ကဖြစ်စေ၊ ခေတ်သစ်ကဖြစ်စေ၊ တရုတ်ပြည်ကဖြစ်စေ၊ ပြည်ပကဖြစ်စေ ဖော်ပြစရာ လူပုဂ္ဂိုလ်တွေ အများကြီးရှိနေတာပဲ မဟုတ်လားဗျာ”

အော်စကာက ကင်မရာဘက်သို့ လှည့်ရင်း ပြောလိုက်သည်။

“ဒါပေမယ့်လည်း အစောပိုင်းအပိုင်းတွေအရဆိုရင် ခေါင်းစဉ်တစ်ခုဟာ ပိုရိုးရှင်းနေလေလေ ကိုင်တွယ်ရ ပိုခက်ခဲလေလေဖြစ်တာကို တွေ့နိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ထူးခြားပြောင်မြောက်တဲ့ လက်ရာမျိုးကို ရေးသားဖို့ ခက်ခဲတာကြောင့် ဖြစ်ပါတယ်၊ ပြိုင်ပွဲဝင် အမြောက်အများ သော့ချက်စာလုံးတွေက အရမ်းလွယ်ကူလွန်းတာကြောင့်မို့လို့ပဲ ရမှတ်တွေအများကြီး မရရှိခဲ့ကြတာ ဖြစ်ပါတယ်”

ကင်မရာကို ဖုန်းပုကြွယ်ထံသို့ အာရုံစိုက်စေလိုက်သည်။

“ဒါဆိုရင်... ပုကြွယ်က ‘စစ်ပွဲ’ နဲ့ ‘သူရဲကောင်း’ ဆိုတဲ့ စာလုံးတွေအပေါ် အခြေခံပြီး ဘယ်လိုလူပုဂ္ဂိုလ်မျိုးကို ဖော်ပြသွားမလဲဆိုတာ ကြည့်ကြရအောင်လားဗျာ...”

သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အစ်ကိုကြွယ်ရေးသားထားသော စာသားများက ဖန်သားပြင်ကြီးပေါ်တွင် ပေါ်ထွက်လာတော့သည်။

[၁၉၄၅ ခုနှစ်၏ နွေရာသီကာလတွင် တရုတ်-ကိုရီးယား နယ်စပ်ရှိ ထူထပ်လှသော တောအုပ်အတွင်း၌ ခန့်ညားထည်ဝါသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သူ၏ ပြောက်ကျားစစ်သည်တော်များကို သေချာစွာ စစ်ဆေးကြည့်ရှုနေခဲ့သည်။ သူ၏ မိခင်နိုင်ငံတော်ကြီးမှာ ကျူးကျော်သူများ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်မှာ ၃၅ နှစ်ပင် ရှိခဲ့ပြီဖြစ်သည်။ မိခင်နိုင်ငံတော်ကြီး၏ ခန္ဓာကိုယ်မှာ ရန်သူ့လက်တွင်းသို့ ကျရောက်နေခဲ့ပြီ ဖြစ်သော်ငြား ယင်း၏ စိတ်ဝိညာဉ်မှာမူ သေဆုံးသွားခြင်းမရှိခဲ့ချေ။ ထူးခြားပြောင်မြောက်လှသော သားကောင်းရတနာများသည် ယခုချိန်ထိ ဆက်လက်တိုက်ပွဲဝင်နေကြဆဲ ဖြစ်သည်။ သူသည် ဆင်းရဲနွမ်းပါးသော်လည်း အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်သော လယ်သူရင်းငှားမိသားစုတစ်ခုတွင် မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး ငယ်စဉ်ကတည်းကပင် ပြင်းထန်သော မျိုးချစ်စိတ်ဓာတ်ပညာရေးကို လက်ခံရရှိခဲ့သည်။ အသက် ၁၄ နှစ်အရွယ်တွင် သူသည် မိခင်နိုင်ငံတော်ကြီး လွတ်လပ်ရေးမရမချင်း အိမ်သို့ ဘယ်တော့မှ ပြန်မလာတော့ဟု သစ္စာဆိုခဲ့သည်။ အသက် ၈ နှစ်အရွယ်တွင် သူသည် ကိုရီးယားတော်လှန်ရေးတပ်မတော်ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အရွယ်မရောက်မီမှာပင် သူသည် လက်နက်စွဲကိုင်ခဲ့ပြီး တရုတ်-ကိုရီးယား နယ်စပ်ဒေသ၏ ဆီးနှင်းဖုံးလွှမ်းနေသော တောင်တန်းများနှင့် ထူထပ်လှသော တောအုပ်များအတွင်း၌ ဂျပန်ကျူးကျော်သူများ၏ လက်ရွေးစင်စစ်တပ်ဖြစ်သော ကွမ်တုံးစစ်တပ်ကို အသက်သေခံ၍ ခုခံတိုက်ခိုက်ခဲ့သည်။

သူနှင့် သူ၏ကိုရီးယားကွန်မြူနစ် ရဲဘော်များသည် မိခင်နိုင်ငံတော်ကြီး၏ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရာတွင် အပြတ်သားဆုံး၊ အရဲရင့်ဆုံးနှင့် ကြေကွဲဖွယ်အကောင်းဆုံး အနစ်နာခံခဲ့ကြသူများ ဖြစ်ကြသည်။ ထိုအချိန်တွင် သူတို့သည် ပင်ပန်းဆင်းရဲလှသော ပြောက်ကျားစစ်ပွဲကို ဆင်နွှဲခဲ့သည်မှာ ၁၅ နှစ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။ သူသည် ကောင်လေးတစ်ယောက် ဘဝမှနေ၍ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအဖြစ်သို့ ကြီးပြင်းလာခဲ့ရပြီး သွေးချောင်းစီးတိုက်ပွဲများမှတစ်ဆင့် မြောက်ကိုရီးယားကွန်မြူနစ်များ၏ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့လေသည်။

သူသည် အခြားသူမဟုတ်ဘဲ မြောက်ကိုရီးယားပြည်သူများက ‘ဟန်ဘာ’ (ကိုရီးယားဘာသာဖြင့် ‘ကြယ်တစ်ပွင့်’ ဟု အဓိပ္ပာယ်ရသည်) ဟု လေးစားကြည်ညိုကြသော ကင်အီဆွန်းပင် ဖြစ်တော့သည်။]

အော်စကာသည် စာသားကို ဖတ်ကြားနေရင်း တစ်ဝက်ခန့်တွင် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားခဲ့သော်လည်း စာလုံးရေသုံးရာကျော်ရှိသော ထိုရှည်လျားလှသည့် စာသားကို တည်ငြိမ်သော လေသံဖြင့် အတင်းအကျပ် ပြီးဆုံးဖတ်လိုက်ရသည်။

ပရိသတ်အားလုံး လုံးဝငြိမ်ကျသွားခဲ့ပြီး ဒါရိုက်တာပင်လျှင် ဆွံ့အသွားခဲ့ရကာ ပရိသတ်များ၏ တုံ့ပြန်မှုကို မည်သို့ရိုက်ကူးရမည်မှန်း မသိတော့ချေ။

“ဘယ်သူက ဒီကလေးကို ဖိတ်ခေါ်လိုက်တာလဲ... ဘယ်သူလဲ။ ဘယ်သူလဲဟင်။”

အော်စကာ၏ ပြစ်တင်ဝေဖန်လိုသော စိတ်အာရုံမှာ အပြည့်အဝ တောက်လောင်သွားခဲ့ပြီ ဖြစ်သော်လည်း သူသည် စိတ်ထဲမှနေ၍သာ အော်ဟစ်နိုင်တော့သည်။

“စစ်ပွဲ၊ သူရဲကောင်း၊ လူပုဂ္ဂိုလ်... မင်းအနေနဲ့ ဒီသော့ချက်စာလုံးတွေကို မြင်တွေ့လိုက်ရချိန်မှာ ဦးနှောက်ထဲမှာ ပထမဆုံး ပေါ်လာတဲ့လူက ဗိုလ်ချုပ်ကင် ဖြစ်နေရတာလား၊ ဒါက တကယ့်ကို အဓိပ္ပာယ်မရှိလွန်းရာ ရောက်တယ်လေ၊ မင်းက တမင်သက်သက် ရွဲ့ပြောနေတာမလား၊ သေချာပေါက် အဲ့ဒီလိုပဲ ဖြစ်ရမယ်၊ လူတိုင်းလိုမျိုး စာလုံးနည်းနည်းလောက်ပဲ ရေးလိုက်ရင် သေသွားမှာမို့လို့လား၊ လူပုဂ္ဂိုလ်ရဲ့ နာမည်ကို အတိအကျ ဖော်ပြရုံတင်မကဘဲ အချိန်နဲ့ နေရာကိုပါ ပူးတွဲထည့်ထားသေးတယ်... ဒါက ဘာသဘောလဲ၊ မင်းက ဒါကို အတ္ထုပ္ပတ္တိအကျဉ်းတစ်ခုလို့ ထင်နေတာလား”

အော်စကာက ဒါရိုက်တာထံသို့ သံသယဖြစ်ဖွယ် အကြည့်တစ်ချက် ထပ်မံပို့သလိုက်ရာ သူ့အမူအရာက ‘ကျွန်တော်တို့ လက်ရှိရိုက်ကူးရေးကို ခဏနားထားလိုက်ရအောင်၊ ဆရာ့အနေနဲ့ အဲ့ဒီကလေးဆီ သွားပြီး နှလုံးသားချင်းစကား သွားပြောလိုက်ပါဦး’ ဟု ဆိုနေသည့်အလား ရှိနေလေသည်။

မျှော်လင့်မထားသည်က သူ့နားကြပ်ထဲမှနေ၍ အခြားအသံတစ်ခု ထွက်ပေါ်လာခြင်းဖြစ်သည်။

“ရှောင်လီ (ဒါရိုက်တာ)... ပရိသတ်တွေကို လက်ခုပ်တီးဖို့အတွက် ညွှန်ကြားလိုက်ပါ၊ အော်စကာ... မင်း ဆက်လုပ်ပါ”

All Chapters