အခန်း ၂၃၂
Vol. 24 Ch. 232
အခန်း (၂၃၂) ဇာတ်ကွက်တွေအားလုံး ငါ့ခေါင်းထဲမှာ ရှိတယ်
“အစ်ကိုကြွယ်... ဒီအပိုင်းကို တရားဝင်ထုတ်လွှင့်တဲ့အခါကျရင် ဖြတ်တောက်လိုက်မှာလား”
ရှောင်တန်က မေးလာ၏။
“ထုတ်လွှင့်မှုထဲကနေ ဖြတ်တောက်မယ် ဟုတ်လား၊ ငါက ပြန်ရေးရမှာမှ မဟုတ်တာ”
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်၏။
“ဒီလို ဖော်ပြချက်မျိုးက အထူးတလည် ချီးမွမ်းထားတာမျိုး ဒါမှမဟုတ် ပုတ်ခတ်စော်ကားထားတာမျိုးလည်း မဟုတ်ပါဘူး”
အစိုးရဝန်ထမ်း ပေါင်တရန်က ကြားဖြတ်၍ ထောက်ခံပြောဆိုလိုက်သည်။
“သေချာပေါက် စိစစ်ဖြတ်တောက်ဖို့ မလိုပါဘူး”
“ပြိုင်ပွဲအပြီး အင်တာဗျူးမှာ သူတို့က ငါ့ကို ဘာဖြစ်လို့ ဒီစာပိုဒ်ကို ရေးခဲ့တာလဲလို့ မေးကြတယ်”
ဖုန်းပုကြွယ်က ဆက်ပြော၏။
“ငါကလည်း သူတို့ကို ပြန်ပြီးမေးလိုက်တယ်... ငါကော ဘာလို့ မရေးနိုင်ရမှာလဲလို့ပေါ့”
“အိုး... ပြိုင်ပွဲအပြီးမှာ အင်တာဗျူးလည်း ရှိသေးတာလား”
ရှောင်တန်က မေးလိုက်သည်။
“အင်း... ပြိုင်ပွဲပြီးတာနဲ့ စာရေးဆရာတစ်ယောက်ချင်းစီက သီးခြားစီ အင်တာဗျူး ဖြေကြရတယ်၊ အင်တာဗျူးအတွင်းမှာ ဝန်ထမ်းတွေက အစီအစဉ်ရဲ့ မြင်ကွင်းအချို့ကို တိုက်ရိုက်ပြသပေးမှာဖြစ်ပြီး ဘေးကနေ မေးခွန်းတွေ မေးကြမှာပေါ့”
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်ရင်း “ဒီအင်တာဗျူးကို နောက်ဆုံးကျရင် အပိုင်းတွေ အများကြီးတည်းဖြတ်ပြီး အစီအစဉ် ထုတ်လွှင့်နေတုန်း ကြားညှပ်ပြသသွားမှာတဲ့၊ ဟို Reality Show တွေမှာ ခဏခဏပေါ်လာတတ်တဲ့ နောက်ခံစကားပြောသံတွေလိုမျိုးပေါ့”
“အိုး... ဒါဆိုရင် Reality Show တွေရဲ့ အလယ်မှာ ပေါ်ပေါ်လာတတ်တဲ့ အဲ့ဒီမှတ်ချက်စကားတွေကို ဒီလိုမျိုး ရိုက်ကူးထားတာပေါ့ ဟုတ်လား”
ရှောင်တန်က မေးမြန်းလိုက်၏။
“ဒါက သာမန်ဗဟုသုတပဲလေ”
ပေါင်တရန်က ဘေးမှနေ၍ ပြောဆိုလိုက်သည်။
ဖုန်းပုကြွယ်ကလည်း “ဒါဆိုရင် မင်းစိတ်ထဲမှာ အဲ့ဒီမြင်ကွင်းတွေကို ဘာအတွက်လို့ ထင်နေလို့လဲ...”
“အာ...”
ရှောင်တန်မှာ ပြောစရာစကားမဲ့ရသည်။
“ဒါပေမဲ့ အခု ငါတို့ကြည့်နေတဲ့ အကြမ်းဖျင်း ဖြတ်တောက်ထားတဲ့ ဗားရှင်းထဲမှာတော့ အဲ့ဒီမြင်ကွင်းတွေ မပါသေးဘူး”
ဖုန်းပုကြွယ်က ဆိုသည်။
“တရားဝင်ထုတ်လွှင့်မယ့် ဗားရှင်းကျမှပဲ ပါလာလိမ့်မယ်”
၎င်းတို့ စကားပြောဆိုနေကြစဉ် မြင်ကွင်းထဲရှိ အော်စကာသည် လူတိုင်း၏ အာရုံစိုက်မှုကို အခြားတစ်နေရာသို့ လွှဲပြောင်းပေးလိုက်ပြီးနောက် ပြောလိုက်သည်။
“ကောင်းပါပြီ... အခုဆိုရင်တော့ ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်ကို ရောက်ရှိလို့လာခဲ့ပါပြီ... မဲပေးရမယ့် အချိန်ပါပဲဗျာ”
ကင်မရာက ပြိုင်ပွဲဝင်များ ထိုင်နေရာနေရာ၏ ကျယ်ပြန့်သော မြင်ကွင်းဆီသို့ ကူးပြောင်းသွားခဲ့သည်။
အော်စကာက ဆက်လက်၍ “ဒီနေရာမှာ ရောက်ရှိနေကြတဲ့ ပရိသတ်ပေါင်း ခုနစ်ရာခင်ဗျာ... ခင်ဗျားတို့ရှေ့က ဖန်သားပြင်အသေးလေးတွေပေါ်မှာ အခုမဲပေးနိုင်ကြပါပြီ၊ ပရိသတ်တစ်ယောက်ချင်းစီမှာ ပထမဦးစားပေးမဲ တစ်မဲနဲ့ ဒုတိယဦးစားပေးမဲ တစ်မဲစီ ရှိကြပါတယ်၊ ဒီအဆင့်မှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တယ်လို့ ခင်ဗျားတို့ ထင်တဲ့ ပြိုင်ပွဲဝင်ကို ပထမဦးစားပေးမဲ ပေးပြီး ဒုတိယအကောင်းဆုံးလို့ ထင်မြင်တဲ့ ပြိုင်ပွဲဝင်ကိုတော့ ဒုတိယဦးစားပေးမဲ ပေးကြပါခင်ဗျာ”
သူက ရှင်းပြသည်။
“ပထမဦးစားပေးမဲရဲ့ ရမှတ်ညွှန်းကိန်းက ၁ ဖြစ်ပြီး ဒုတိယဦးစားပေးမဲရဲ့ ရမှတ်ညွှန်းကိန်းကတော့ ၀.၅ ဖြစ်ပါတယ်၊ တကယ်လို့ ရမှတ်တူနေခဲ့မယ်ဆိုရင်တော့ ပထမဦးစားပေးမဲ အရေအတွက် ပိုများပြားတဲ့လူက အနိုင်ရရှိမှာ ဖြစ်ပါတယ်၊ ပြီးတော့ မဲပေးဖို့အတွက် အချိန် နှစ်မိနစ် ရမှာဖြစ်ပြီး လူတစ်ယောက်တည်းကို မဲနှစ်မဲလုံး ပေးလို့ မရပါဘူး၊ ကဲ... မဲပေးခြင်း... စတင်ပါပြီ”
ချက်ချင်းဆိုသလိုပင် တင်းမာပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသော နောက်ခံတေးဂီတသံက တစ်ခန်းလုံးတွင် ပြည့်နှက်သွားခဲ့ပြီး ကင်မရာက စာရေးဆရာ ခုနစ်ယောက်လုံး၏ မျက်နှာကို တလှည့်စီ အနီးကပ်ရိုက်ပြနေခဲ့သည်။
အော်စကာသည်လည်း အငြိမ်မနေနေဘဲ စကားအချို့ ပြောဆိုရန် လိုအပ်ပေသည်။
“ပထမဆုံးအဆင့်ကတော့ အမြဲတမ်း ခန့်မှန်းရအခက်ဆုံးအရာ ဖြစ်လေ့ရှိပါတယ်၊ ဒီစင်မြင့်ထက်ကို ပထမဆုံးအကြိမ် တက်လှမ်းလာတဲ့ ပုကြွယ်ကလွဲလို့ ကျန်ရှိတဲ့ စာရေးဆရာ ခြောက်ယောက်စလုံးဟာ ဒီအဆင့်မှာ ပထမဆုကို အသီးသီး ဆွတ်ခူးဖူးခဲ့ကြတာချည်းပါပဲ”
သူ ခဏရပ်လိုက်သည်။
“လက်ရှိအချိန်အထိတော့ ဖန်ပိန့်တစ်ယောက်တည်းသာ လူသစ်ဘဝနဲ့ ပထမဆုံးအဆင့်မှာ အနိုင်ရဖူးတာ ဖြစ်ပါတယ်၊ ဒါပေမဲ့... အဲ့ဒါက ကျွန်တော်တို့ရဲ့ ပထမဆုံးအပိုင်း ဖြစ်ခဲ့တာမို့လို့ ပြိုင်ပွဲဝင် ခုနစ်ယောက်စလုံးက လူသစ်တွေ ဖြစ်နေခဲ့ကြလို့ပါ။
အဲ့ဒီနောက်ပိုင်းတော့ ပထမဆုံးအဆင့်မှာ လူသစ်တစ်ယောက်မှ အနိုင်မရဖူးတော့ပါဘူး၊ ဒီနေ့မှာကော ပုကြွယ်က ဒီထုံးစံကို ဖောက်ဖျက်ဖျက်ဆီးပစ်နိုင်မလားဆိုတာ ကျွန်တော် တကယ်ပဲ သိချင်မိပါတယ်ဗျာ...”
အချိန် နှစ်မိနစ်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး အော်စကာက အချိန်ကိုက် အော်ဟစ်လိုက်သည်။
“အချိန်ပြည့်ပါပြီ”
သူ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ရင်း “ကောင်းပါပြီ... ထုံးစံအတိုင်းပဲ ကျွန်တော်တို့ ဒီအဆင့်ရဲ့ ပထမ၊ ဒုတိယနဲ့ နောက်ဆုံးနေရာ ရရှိတဲ့သူတွေကို ကြေညာပေးသွားမှာ ဖြစ်ပါတယ်”
သူက ဆိုရင်း ဖန်သားပြင်ကြီးကို လှမ်းကြည့်လိုက်သည်။
“ကျွန်တော် အရင်ဆုံး ကြေညာပေးမှာကတော့... ဒုတိယနေရာ ရတဲ့သူပဲ ဖြစ်ပါတယ်...”
ကင်မရာများက မြင်ကွင်းမျိုးစုံသို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းနေပြီး အော်စကာကလည်း စကားလုံးများကို တမင်သက်သက် ဆွဲဆန့်ကာ ချဲ့ကားလှသော လေသံဖြင့် ပြောဆိုနေခဲ့သည်။ သူသည် ပရိသတ်များ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နေခြင်း ဖြစ်ပေသည်။
“သူကတော့...”
တေးဂီတသံက ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး စာရေးဆရာတစ်ဦး၏ ကလောင်အမည်က ဖန်သားပြင်ကြီးပေါ်တွင် ပေါ်ထွက်လာတော့သည်။
“ငါစင်ပေါ်ကို တက်ချင်တယ်”
ထို့နောက် ဖန်သားပြင်ပေါ်တွင် ထိုပြိုင်ပွဲဝင်၏ ထိုအချိန်က မျက်နှာအမူအရာ အပြောင်းအလဲများကို ချဲ့ကားလှသော ပြန်လည်အနှေးပြကွက်မြင်ကွင်းများအဖြစ် သုံးကြိမ်တိုင်တိုင် ဆက်တိုက် ပြသပေးခဲ့သည်။ သို့သော်လည်း ထိုလူသည် နေကာမျက်မှန်ကို ဝတ်ဆင်ထားပြီး သူ့အမှတ်အသား ဖြစ်သော သန့်ရှင်းရေးကြမ်းတိုက်ဖတ်ကဲ့သို့ ဆံပင်ပုံစံ ရှိနေဆဲဖြစ်ရာ သူ့မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့လျှင်ပင် ယင်းကို ခန့်မှန်းရ ခက်ခဲပေသည်။
နောက်ပိုင်းတွင်မူ ဒါရိုက်တာသည် ရည်ရွယ်ချက်ရှိရှိဖြင့် အခြားပြိုင်ပွဲဝင်များ၏ မျက်နှာအမူအရာများကို ဒုတိယဆု ကြေညာသည့်အချိန်တွင် တစ်ယောက်ချင်းစီ အလှည့်ကျ ပြသခဲ့လေသည်။ သေချာပေါက်ပင် လူတိုင်းမှာ အတော်လေး တည်ငြိမ်နေခဲ့ကြပြီး ယေဘုယျအားဖြင့် တစ်စက္ကန့်ခန့် တုံ့ဆိုင်းသွားခဲ့ကြသော်လည်း ချက်ချင်းပင် သက်တောင့်သက်သာရှိသော အပြုံးမျိုးကို ဆင်မြန်းလျက် ပရိသတ်များနှင့်အတူ လက်ခုပ်တီး အားပေးခဲ့ကြသည်။
ဖုန်းပုကြွယ် တစ်ယောက်သာလျှင် မည်သည့်ခံစားချက်မှ မရှိဘဲ ဗလာဖြစ်နေသော မျက်နှာအမူအရာဖြင့် ထိုအခြေအနေကို ဆက်လက်ကြည့်ရှုနေခဲ့ခြင်းဖြစ်သည်။ သူသည် မနက်ခင်းတွင် ရုံးဆင်းခါစဖြစ်ပြီး အိမ်ပြန်ဖို့အတွက်သာ ကြိုတင်မျှော်လင့်နေသော ရုံးဝန်ထမ်းတစ်ဦးနှင့် တူလှပေသည်။ အကယ်၍ လစာကြောင့်သာ မဟုတ်ပါက သူသည် ချက်ချင်း ထွက်ခွာသွားခဲ့ပြီး ဖြစ်ပေလိမ့်မည်။
“ဂုဏ်ယူပါတယ်... အစ်ကိုချန်”
အော်စကာက လှည့်မေးလိုက်သည်။
“ဘယ်လိုလဲခင်ဗျာ... ဒီအဆင့်အပေါ် ခင်ဗျား စိတ်ကျေနပ်မှု ရှိရဲ့လား”
“တကယ်တော့... ကျွန်တော်က စတုတ္ထ ဒါမှမဟုတ် ပဉ္စမနေရာလောက်ပဲ ရလိမ့်မယ်လို့ ထင်ထားခဲ့တာဗျ”
ထိုပြိုင်ပွဲဝင်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် ထိပ်ဆုံးသုံးယောက်ထဲမှာ ဘယ်သူတွေ ပါမလဲလို့ ထင်မိလဲနော်”
အော်စကာက အခြားသူများကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သော မေးခွန်းတစ်ခုကို ထပ်မံလွှင့်ပစ်လိုက်ပြန်သည်။
“ငါစင်ပေါ်ကို တက်ချင်တယ်” က ပွင့်ပွင့်လင်းလင်း ဖြေကြားလိုက်သည်။
“အင်း... ကျွန်တော့်ရဲ့ ထင်မြင်ချက်အရဆိုရင် အစ်ကိုဖန်၊ ရွှမ်ထျန်းနဲ့... ပုကြွယ်၊ သူတို့ရဲ့ လက်ရာတွေအားလုံးက ကျွန်တော့်ထက် ပိုကောင်းကြတယ်လို့ ထင်ပါတယ်”
“အိုး...”
အော်စကာ၏ တုံ့ပြန်မှုမှာ အမှန်တကယ် လျင်မြန်လှပေသည်။ သူက ‘ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ’ ဘက်သို့ ချက်ချင်းလှည့်သွား၏။
“ဟင်းသီးဟင်းရွက်... ခင်ဗျားကော ဘယ်လိုထင်လဲဗျာ”
“ကျွန်တော့်စိတ်ထဲမှာတော့... အင်း... ထိပ်ဆုံးက သုံးယောက်က အစ်ကိုဖန်၊ ရွှမ်ထျန်းနဲ့ အစ်ကိုချန်တို့ ဖြစ်သင့်ပါတယ်”
‘ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ’ က ပြန်ဖြေလိုက်ရင်း “ကျွန်တော်ကတော့ အောက်ဆုံးနားမှာပဲ ရှိနေလိမ့်မယ် ထင်တယ်” ဟု ဆိုလေသည်။
“ဒါကို အန်ကယ်ဆိုဒါက ဘယ်လိုထင်မလဲ”
မော့ပုရှန်က ‘ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ’ ကို လှမ်းပြောလိုက်သည်။
သူမ၏ လေသံနှင့် အမူအရာအရ သေချာပေါက် နောက်ပြောင်နေခြင်း ဖြစ်ပေသည်။ အော်စကာလည်း ရယ်မောလိုက်၏။
“ဆိုဒါရေ... မော့မော့က ဒီအဆင့်မှာ ခင်ဗျား သေချာပေါက် အောက်ဆုံးရောက်လိမ့်မယ်လို့ အရိပ်အမြွက် ပြောနေပုံရတယ်ဗျာ”
ဆိုဒါကလည်း ရယ်မောလိုက်ပြီး ပြော၏။
“ခင်ဗျား နောက်ထပ်ကြေညာမှာက နောက်ဆုံးနေရာ မဟုတ်လား”
အော်စကာက “အင်း... ဟုတ်ပါရဲ့ဗျာ”
သူက ဖန်သားပြင်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။
“ကဲ... ကြည့်ကြရအောင်လား၊ ပထမဆုံးအဆင့်ရဲ့... နောက်ဆုံးနေရာကတော့... ...”
ဆိုဒါသည် မည်သည့်အငြင်းပွားဖွယ်ရာမှ မရှိဘဲ သေချာပေါက် နောက်ဆုံးနေရာသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။ ဖုန်းပုကြွယ်၏ လက်ရာသည် အကဲဖြတ်ရန် ခက်ခဲသည်ဆိုသော်လည်း အနည်းဆုံးတော့ ရေးသားပြီးဆုံးခဲ့ပြီး အတော်လေးလည်း အမြောက်အများ ရေးသားနိုင်ခဲ့သည်။ သို့သော်လည်း ဆိုဒါ၏ ဆက်စပ်မှုမရှိသော စာကြောင်းအနည်းငယ်မှာမူ တစ်ဝက်တစ်ပျက်သာ ပြီးစီးခဲ့ခြင်းဖြစ်သည်။။
ဒါရိုက်တာ၏ လမ်းညွှန်ချက်မလိုဘဲ ကင်မရာသမားသည် အစောပိုင်းက ပြုလုပ်ခဲ့သောအရာကို ထပ်မံပြုလုပ်လိုက်ပြန်သည်...။
“ကောင်းပါပြီ... ကျွန်တော့်အထင်တော့... ဆိုဒါကလည်း ဒီရလဒ်ကို ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်ပုံရပါတယ်”
အော်စကာက ဆိုလေသည်။
ဆိုဒါကတော့ ခေါင်းညိတ်ပြလျက် ပြုံးရုံသာ ရှိနေခဲ့သည်။
“ဒါဆိုရင်... ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်ကို ရောက်ရှိလို့လာခဲ့ပါပြီ”
အော်စကာက ဖန်သားပြင်ဘက်သို့ ချက်ချင်း ပြန်လည်လှည့်လိုက်၏။
“ဒီနေ့ ပထမဆုံးအဆင့်ရဲ့ အနိုင်ရရှိသူက ဘယ်သူ ဖြစ်မလဲဗျာ၊ ကျွန်တော်တို့ ပြိုင်ပွဲဝင်တွေ အများဆုံး ထောက်ခံထားကြတဲ့ ဖန်ပိန့်နဲ့ ရွှမ်ထျန်းစုန့် ဖြစ်မလား၊ ဒါမှမဟုတ် ဒီစင်မြင့်ထက်ကို အသစ်တက်လှမ်းလာတဲ့ ပုကြွယ် ဖြစ်မလား၊ လူကြိုက်များတဲ့ ပြိုင်ပွဲဝင်တွေဖြစ်တဲ့ ဟင်းသီးဟင်းရွက် နဲ့ မော့မော့တို့မှာကော တကယ်ပဲ အခွင့်အရေး မရှိတော့ဘူးလား”
သူ့စကားများနှင့်အတူ ကင်မရာက ပြိုင်ပွဲဝင်များထံသို့ အစီအစဉ်အတိုင်း အာရုံစိုက်သွား၏။
“ရလဒ်ကတော့... ကြော်ငြာအပြီးမှာ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်...”
ယခုမြင်ကွင်းကိုလည်း ထပ်မံတည်းဖြတ်ထားခြင်း ဖြစ်ပြီး နောက်ထပ် မြင်ကွင်းတစ်ခုတွင်မူ အော်စကာသည် ဖန်သားပြင်ကြီးပေါ်က နာမည်ကို တိုက်ရိုက် ဖတ်ကြားလိုက်လေသည်။
“ပထမဆုံးအဆင့်ရဲ့ အနိုင်ရရှိသူကတော့... ဖန်ပိန့်ဖြစ်ပါတယ်ခင်ဗျာ”
ပရိသတ်များထံမှ အော်ဟစ်အားပေးသံများနှင့် လက်ခုပ်သံများ သောင်းသောင်းဖျဖျ ထွက်ပေါ်လာခဲ့သည်။
“ကျွန်တော် အပါအဝင် လူတိုင်းလည်း အစ်ကိုဖန်ရဲ့ လူပုဂ္ဂိုလ်အပေါ် ဖော်ပြချက်တွေအပေါ်မှာ အရမ်းစွဲလန်းနှစ်သက်သွားခဲ့ကြတယ်လို့ ထင်ပါတယ်ဗျာ”
အော်စကာက ပြောဆိုလိုက်ရာ ဖန်ပိန့်အစောပိုင်းက ရေးသားခဲ့သော ကဗျာက ဖန်သားပြင်ကြီးပေါ်တွင် ထပ်မံပေါ်ထွက်လာခဲ့သည်။
ထို့နောက်တွင်မူ ရုတ်ချည်း မြင်ကွင်းအကူးအပြောင်းတစ်ခု ဖြစ်ပွားခဲ့ပြီး အော်စကာ၏ တည်နေရာက ပြောင်းလဲသွားခဲ့သည်။ သူက ကျယ်လောင်စွာ ကြေညာလိုက်သည်။
“လူတိုင်းလည်း အကြာကြီးစောင့်ဆိုင်းနေခဲ့ကြရပြီလို့ ကျွန်တော် ယုံကြည်ပါတယ်၊ ကဲ... ကျွန်တော်တို့ ဒုတိယအချီကို ဆက်လက်တက်လှမ်းကြရအောင်လားဗျာ”
“ကြည့်လိုက်”
ဖုန်းပုကြွယ်က ရှောင်တန်နှင့် ပေါင်တရန်တို့ကို ပြောလိုက်သည်။
“အဲ့ဒါက ငါတို့ အင်မတန်ရှည်လျားတဲ့ အင်တာဗျူးကဏ္ဍထဲကို ဝင်ရောက်တော့မယ့် အပိုင်းပဲ၊ အဲ့ဒီအချိန်မှာ ငါတို့အနေနဲ့ ပထမအချီရလဒ်တွေအပေါ် ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီရဲ့ မှတ်ချက်တွေကို ထည့်ထားရမှာ”
ရှောင်တန်က “မင်းကော ပထမအချီမှာ အဆင့်ဘယ်လောက် ရခဲ့လဲ” ဟု မေးမြန်းလိုက်၏။
“မသိဘူး”
ဖုန်းပုကြွယ်က ဆို၏။
“ငါလည်း နောက်ပိုင်း သွားမမေးဖြစ်ဘူး”
“တိတ်တိတ်နေကြစမ်း၊ စည်းကမ်းချက်တွေကို ဖတ်ပါဦး”
ပေါင်တရန်က သူတို့ကို တိတ်တိတ်နေရန် လက်ဟန်ခြေဟန် ပြလိုက်သည်။
တီဗီဖန်သားပြင်ထက်တွင် ဒုတိယအချီအတွက် အသေးစိတ် စည်းမျဉ်းများ ပေါ်ထွက်လာခဲ့သည်။ ထို့နောက် အော်စကာက ပြောလိုက်သည်။
“ပထမအချီကတော့ ပြီးဆုံးသွားခဲ့ပါပြီ၊ လက်ရှိအချိန်မှာတော့ ဖန်ပိန့်က ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်၊ ကျွန်တော်ကတော့ သူတို့နောက်ကွယ်မှာ ကပ်လျက်ရှိနေပြီး ဆိုဒါကတော့ ယာယီအားဖြင့် နောက်ဆုံးနေရာမှာ ရှိနေပါတယ်၊ ဒုတိယအချီပြီးဆုံးသွားတဲ့အခါကျရင် အဆင့်သတ်မှတ်ချက်တွေထဲမှာ ဘယ်လိုမျိုး ထူးခြားတဲ့ ပြောင်းလဲမှုတွေ ပေါ်ထွက်လာဦးမလဲ”
အော်စကာသည် ဖုန်းပုကြွယ်ထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာခဲ့ရင်း မေးလိုက်သည်။
“ပုကြွယ်... တကယ်လို့ အခုကျွန်တော်က ခင်ဗျားကို ဒုတိယအချီရဲ့ ပုံစံဟာ ခင်ဗျားအတွက် အရမ်းအကျိုးရှိနိုင်လိမ့်မယ်လို့ ပြောခဲ့မယ်ဆိုရင် ခင်ဗျားယုံမလား”
“လက်ရှိ ခင်ဗျားရဲ့ အမူအရာက အလိမ်အညာပိရမစ်စီမံကိန်းတစ်ခုထဲက လမ်းလျှောက်ထွက်လာတဲ့ လူတစ်ယောက်နဲ့ တူနေတယ်... ဒါကြောင့်မို့လို့ ကျွန်တော့်ရဲ့ အစောပိုင်း ကောက်ချက်ချမှုအရဆိုရင်... ဒုတိယအချီရဲ့ အကြောင်းအရာဟာ ကျွန်တော့်အတွက် တကယ့်ကိုအကျိုးရှိစေမှာ သေချာပါတယ်”
ဖုန်းပုကြွယ်က မျက်လုံးကို မှေးကျဉ်းလိုက်ရင်း ပြန်ဖြေလိုက်လေသည်။
ပရိသတ်များထံမှ စစ်မှန်သော ရယ်မောသံများ ထွက်ပေါ်လာခဲ့သည်။ အော်စကာလည်း ကိုးရိုးကားရားဖြင့် ပြုံးလိုက်ရသည်။
“ပုကြွယ်က တကယ့်ကို စုံထောက်နိုဗယ်စာရေးဆရာတစ်ယောက်ဖြစ်တာ အသေအချာပါပဲ၊ ပြီးတော့ ဟာသဉာဏ်ကလည်း ရွှင်ပျလှပါတယ်”
ထိုသို့ဆိုရင်း လျင်မြန်စွာဖြင့် အစ်ကိုကြွယ်၏ ဘေးမှ နောက်သို့ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်ခွာလိုက်ပြီး ဖုန်းပုကြွယ်နှင့် စကားပြောဆိုမိခြင်းအပေါ် နောက်တစ်ကြိမ် နက်နက်နဲနဲ နောင်တရသွားရပြန်သည်။
“ဒုတိယအချီမှာတော့...”
အော်စကာက စကားဝိုင်းကို ပုံမှန်လမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ရင်း ကြေညာလိုက်သည်။
“ကျွန်တော်တို့ရဲ့ စာရေးဆရာခုနစ်ယောက် မြင်တွေ့ရမှာကတော့...”
သူက လက်ညှိုးထိုးပြသည်။
“ဒါက စာပိုဒ်တစ်ပိုဒ် ဖြစ်ပါတယ်”
ဖန်သားပြင်ပေါ်တွင် ကောက်နုတ်ချက်အတိုတစ်ခု ပေါ်ထွက်လာလေသည်။
[တင်းယီသည် သာမန်မိသားစုမှ ဆင်းသက်လာသော ရိုးရိုးရုံးဝန်ထမ်းလေးတစ်ဦး ဖြစ်သည်။ ဆွေမျိုးတစ်ဦးက အပြင်းအထန် ဖျားနာနေခဲ့သဖြင့် ဆေးကုသစရိတ်အတွက် ငွေကြေးအမြောက်အများကို အရေးတကြီး လိုအပ်လျက်ရှိနေ၏။ တစ်နေ့တွင်မူ တင်းယီသည် ရတနာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ဆုံး၌ သူ့ဆွေမျိုးကို ကယ်တင်နိုင်ခဲ့လေသည်]
အော်စကာက ထိုစာသားကို လှမ်းကြည့်လိုက်ပြီး “စာရေးဆရာများခင်ဗျာ... ဒီစာသားအပေါ် အခြေခံပြီး ဒါကို အတော်လေးပြည့်စုံတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာစေဖို့အတွက် ဇာတ်ကွက်ကျောရိုးတစ်ခု ဖန်တီးပေးကြပါခင်ဗျာ”
သူ့အကြည့်က ပြိုင်ပွဲဝင်များ ထိုင်ရာနေရာသို့ ဦးတည်သွားခဲ့သည်။
“အချိန်ကန့်သတ်ချက်ကတော့ ဆယ်မိနစ်ပါ၊ ကဲ... စတင်ပါပြီ”
သူက ‘စတင်ပါပြီ’ ဟု ပြောလိုက်သော်လည်း ပြိုင်ပွဲဝင် ခုနစ်ယောက်လုံးသည် တစ်ယောက်မှ လှုပ်ရှားခြင်းမရှိကြဘဲ အသီးသီး စိတ်ကူးပုံဖော်ခြင်းတွင်သာ နက်နက်နဲနဲ နစ်မြောနေခဲ့ကြသည်။
“တကယ်လို့ စာရေးဟန်ဟာ အလှကုန်ပစ္စည်းတွေလိုမျိုး ဖြစ်မယ်ဆိုရင် စိတ်ကူးဖန်တီးနိုင်စွမ်းကတော့ နိုဗယ်တစ်ပုဒ်ရဲ့ အနှစ်သာရ ဖြစ်တာကြောင့် နှစ်မျိုးလုံးက စာဖတ်သူတွေကို ဆွဲဆောင်နိုင်စွမ်း ရှိကြပါတယ်”
အော်စကာက ကင်မရာဘက်သို့ လှည့်၍ ဆက်လက်ဖတ်ရှုလိုက်သည်။
“ဒီအဆင့်ရဲ့ အကဲဖြတ်စံနှုန်းကတော့ ဇာတ်ကွက်ရဲ့ ဆွဲဆောင်မှု ဖြစ်ပါတယ်၊ ပြိုင်ပွဲဝင်တွေက နောက်ဆုံးမှာ သူတို့ရဲ့ စိတ်ကူးတွေကို နှုတ်မှုဗေဒအရ ဖော်ပြကြရမှာ ဖြစ်ပါတယ်၊ တစ်နည်းအားဖြင့် ပြောရရင် ဒီအချီဟာ စာရေးဟန်နဲ့ လုံးဝမသက်ဆိုင်ဘဲ စိတ်ကူးဖန်တီးနိုင်စွမ်း သက်သက်အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်”
သူ ခဏရပ်နားလိုက်ပြီး ဆက်ပြော၏။
“ကျွန်တော့်ရဲ့ ကိုယ်ပိုင်ထင်မြင်ချက်အရဆိုရင်... လျှို့ဝှက်ဆန်းကြယ် စာရေးဆရာတစ်ယောက်အနေနဲ့ ဖုန်းပုကြွယ်ဟာ ဒီလိုမျိုး တိုတောင်းတဲ့ဇာတ်လမ်းတိုတွေကို ကိုင်တွယ်တဲ့အခါမှာ ကျွန်တော်တို့ကို အံ့အားသင့်စေမယ့်အရာတွေ သေချာပေါက် ပေးစွမ်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်”
ကင်မရာက ဖုန်းပုကြွယ်ထံသို့ ချက်ချင်းအာရုံစိုက်သွားခဲ့ရာ သူ့အကြည့်သည် ဗလာဖြစ်နေပြီး ကျောက်ဆင်းတုတော်တစ်ဆူကဲ့သို့ ငြိမ်သက်နေလေသည်။ သူသည် အတွေးနက်နေခြင်းလား သို့မဟုတ် ငေးမှိုင်နေခြင်းလား ခန့်မှန်းရခက်ခဲလှသည်။
“မော့ပုရှန်နဲ့ ဟင်းသီးဟင်းရွက်တို့ကလည်း ဒီလိုအဆင့်မှာ ထူးခြားပြောင်မြောက်စွာ စွမ်းဆောင်နိုင်လေ့ ရှိကြပါတယ်”
အော်စကာက ထပ်လောင်းပြောဆိုလိုက်သည်။
“ဒီနေ့မှာကော ဘယ်လိုရလဒ်မျိုး ပေါ်ထွက်လာဦးမလဲဆိုတာ ကျွန်တော်သိချင်နေမိပါပြီဗျာ”
သူက ဆက်လက်၍ “အွန်လိုင်း မဲရလဒ်တွေအရဆိုရင် ‘ပြောင်မြောက်သောကလောင်စွမ်း’ ကဏ္ဍဟာ ပရိသတ်တွေ အမျှော်လင့်ဆုံးအရာ ဖြစ်ပါတယ်၊ အပိုင်းတိုင်းမှာ ကျွန်တော်တို့ရဲ့ စာရေးဆရာ ခုနစ်ယောက်ဟာ ပရိသတ်တွေအတွက် အရမ်းကောင်းမွန်တဲ့ ဇာတ်လမ်းခုနစ်ပုဒ်ကို ယူဆောင်လာပေးလေ့ရှိကြတာဖြစ်ပြီး တချို့ကဆန်းကြယ်ပြီး တချို့က ခြောက်ခြားစရာကောင်းပါတယ်၊ တချို့ကတော့ နက်နက်နဲနဲ ရှိပြီး တချို့ကတော့ လျှို့ဝှက်ဆန်းကြယ်တွေ ပါဝင်နေတတ်ပါတယ်၊ သူတို့ရဲ့ ထူးခြားချက်တွေက မတူညီကြဘူးဆိုပေမယ့် ဇာတ်လမ်းတိုင်းဟာလည်း အလွန်အမင်း ဆွဲဆောင်မှုရှိနေတာကတော့ အမှန်ပါပဲ...”
သူသည် အချိန်အတော်ကြာအောင် စကားများ လျှောက်ပြောနေခဲ့ပြီး နောက်ဆုံး၌ ကြော်ငြာဝင်ရမည့် အချိန်သို့ ရောက်ရှိလာတော့သည်။ ယခုဗားရှင်းတွင် ကြော်ငြာများ ပါဝင်မနေသဖြင့် ရှောင်တန်နှင့် ပေါင်တရန်တို့သည် ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရသော ကြေညာချက်ကို ချက်ချင်း မြင်တွေ့လိုက်ရသည်။
ယခုတစ်ကြိမ် ကြေညာချက်အစီအစဉ်မှာ တစ်ကနေ ခုနစ်အထိ အစဉ်လိုက် မဟုတ်ဘဲ ကျပန်းမဲနှိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် နံပါတ်ခြောက်နှင့် နံပါတ်ခုနစ် ပြိုင်ပွဲဝင်များသည် စိတ်အေးလက်အေး တွေးတောနေခွင့် မရှိကြဘဲ ပထမဆုံးရွေးချယ်ခံရခြင်းမှ လွတ်ကင်းစေရန် သူတို့၏ စိတ်ကူးများကို ဆယ်မိနစ်အတွင်း ပြီးဆုံးအောင် ဖန်တီးထားကြရမည် ဖြစ်သည်။
“ဒါဆိုရင် ပထမဆုံး ကြေညာရမယ့် ပြိုင်ပွဲဝင်ကတော့...”
အော်စကာက ဖန်သားပြင်ကြီးဆီသို့ လက်ညှိုးထိုးပြလိုက်ရာ ထိုနေရာတွင် ကြီးမားလှသော အာရပ်ဂဏန်း ၁ မှ ၇ အထိ အဆက်မပြတ် လှည့်ပတ်နေခဲ့ပြီး နောက်ဆုံး၌ ‘၄’ ဂဏန်းတွင် ရပ်တန့်သွား၏။
“မော့မော့ရေ... ကျေးဇူးပြုပြီး စတင်ပေးပါဦးခင်ဗျာ”
အော်စကာက စကားအပိုများ ပြောမနေတော့ဘဲ ဆိုလိုက်သည်။
ပြိုင်ပွဲဝင်များရှေ့ရှိ ထိန်းချုပ်ခုံမှာ ယခုအချီတွင် လွတ်လပ်စွာ ရေးသားနိုင်သောပုံစံ ဖြစ်ပေသည်။ ပြိုင်ပွဲဝင်များအနေဖြင့် စာသားများကို ရေးသားနိုင်ရုံတင်မကဘဲ ဇာတ်ကောင် ဆက်ဆံရေးများ၊ မြေပုံများ သို့မဟုတ် ပစ္စည်းကိရိယာများ စသည့် အကြမ်းဖျင်း ပုံကြမ်းများကိုလည်း ရေးဆွဲနိုင်စွမ်း ရှိကြသည်။ သူတို့ နှုတ်မှုဗေဒအရ ဖတ်ကြားနေစဉ်အတွင်း သူတို့၏ ပုံကြမ်းများကို ကိုးကားနိုင်ပြီး အတွေးအမြင်များကို စနစ်တကျ စီစဉ်နိုင်ကြမည် ဖြစ်သည်။မှန်ပေသည် သူတို့သည် ထိန်းချုပ်ခုံပေါ်တွင် စာစီစာကုံးတစ်ခုကဲ့သို့ ဇာတ်လမ်းတိုတစ်ခုကို တိုက်ရိုက်ရေးသားနိုင်ပြီး ယင်းကို အသံကျယ်ကျယ်ဖြင့် ဖတ်ကြားရုံဖြင့်လည်း ရနိုင်ပေသည်။ ဇာတ်ကွက်ကျောရိုးများတွင် သတ်မှတ်ထားသော ပုံစံမျိုး မရှိသဖြင့် မည်သည့်ပုံစံမဆို ရရှိနိုင်ပေသည်။
မော့ပုရှန်၏ ဇာတ်လမ်းထဲတွင်မူ တင်းယီသည် အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပြီး ငယ်စဉ်ကတည်းကပင် ဂီတပညာကို အိပ်မက်မက်ခဲ့သူ ဖြစ်သော်လည်း နောက်ဆုံး၌ သာမန်ဘဝတစ်ခုတွင်သာ အခြေချနေထိုင်ခဲ့ရသူ ဖြစ်သည်။ သူမ၏ သတို့သားလောင်းက ပြင်းထန်စွာ ဖျားနာသွားခဲ့သည့်အချိန်တွင် ယင်းက သူမဘဝကို ပြောင်းလဲစေခဲ့သည်။ နောက်ပိုင်းတွင်မူ သူမသည် ကြားရသူတိုင်းကို မျက်ရည်ကျစေနိုင်သော မှော်ပုလွေတစ်ချောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ နောက်ဆုံး၌ သူမသည် သူမ၏ သတို့သားလောင်းကို ကယ်တင်နိုင်ခဲ့ရုံတင်မကဘဲ သူမ၏ အိပ်မက်များကိုလည်း ပြန်လည်အသက်သွင်းနိုင်ခဲ့လေသည်။
သူမ၏ ဇာတ်လမ်းသည် တိုတောင်းပြီး သုံးမိနစ်အတွင်းမှာပင် ဖတ်ကြားပြီးဆုံးခဲ့သည်။ စိတ်လှုပ်ရှားဖွယ်ကောင်းသော နောက်ခံတေးဂီတသံနှင့်အတူ ပရိသတ်အချို့လည်း ထိုအခွင့်အရေးကို အသုံးချကာ စိတ်ခံစားချက်များကို ဖော်ထုတ်လျက် မျက်ရည်များ ကျဆင်းခဲ့ကြသည်။ ကင်မရာသမားသည်လည်း ထိုမြင်ကွင်းများကို သဘာဝကျကျပင် ရိုက်ကူးခဲ့ပြီး သူတို့တစ်ယောက်ချင်းစီကို စက္ကန့်အနည်းငယ်ခန့် အနီးကပ် ပြသလိုက်လေသည်။
“ဟုတ်ပါတယ်... မော့မော့က ကျွန်တော်တို့အတွက် နောက်ထပ် အရမ်းကောင်းမွန်လှတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ယူဆောင်ပေးခဲ့ပြန်ပါပြီ၊ အပေါ်ယံကြည့်ရင်တော့ တည်ငြိမ်နေသလိုမျိုး ရှိပေမယ့် အတွင်းစိတ်ကို နွေးထွေးစေတဲ့ စွမ်းအားမျိုး ရှိနေပါတယ်၊ ဇာတ်လမ်းတစ်ပုဒ်ရဲ့ ဇာတ်ကွက်ဟာ ချဲ့ကားထားတဲ့ ဇာတ်ကောင်တွေ ဒါမှမဟုတ် ပြင်းထန်တဲ့ ပဋိပက္ခတွေ မရှိခဲ့ရင်တောင်မှ ဆွဲဆောင်နိုင်စွမ်းရှိကြောင်းကို သူက နောက်တစ်ကြိမ် သက်သေပြလိုက်တာပါပဲ၊ စစ်မှန်တဲ့ စိတ်ခံစားချက် ရှိနေသရွေ့တော့ ဇာတ်လမ်းမှာ စိတ်ဝိညာဉ်ရှိနေမှာ ဖြစ်ပါတယ်”
အော်စကာက ကဗျာတစ်ပုဒ်ကို ရွတ်ဆိုနေသည့်အလား မှတ်ချက်စကားများကို ဖတ်ကြားလိုက်သည်။ ထို့နောက်တွင်မူ သူက နောက်ထပ် ပြိုင်ပွဲဝင်တစ်ဦးကို စတင်ဖွင့်လှစ်တော့သည်။
ယခုအချီတွင်မူ စာရေးဆရာအများစုသည် သူတို့၏ ဇာတ်လမ်းများကို သူတို့ အထူးပြုကျွမ်းကျင်သော နယ်ပယ်များဆီသို့သာ ဦးတည်စေခဲ့ခြင်းဖြစ်သည်။ ပြောင်မြောက်သော ကလောင်စွမ်းကဏ္ဍတွင် ပေးထားသော ခေါင်းစဉ်များမှာ အမြဲတမ်း ပွင့်လင်းမြင်သာမှု ရှိပေသည်။ တင်းယီ၏ လိင်အမျိုးအစား၊ အသက်အရွယ်၊ ဆွေမျိုးများနှင့် သူငယ်ချင်းများ၏ အထောက်အထားများနှင့် ဖျားနာမှုများ၊ ရတနာ၏ ရည်ရွယ်ချက်နှင့် မူလအစ စသည်ဖြင့်... ဇာတ်လမ်းကို တိုးတက်ပြောင်းလဲစေမည့် နည်းလမ်းပေါင်း မြောက်များစွာ ရှိနေ၏။ လွတ်လပ်မှုအဆင့် မြင့်မားခြင်းက စာရေးဆရာများ ဖန်တီးရန်အတွက် အလွန်အဆင်ပြေစေခဲ့သည်။ အကယ်၍ သူတို့ ဆန္ဒရှိကြပါက ရိုက်ကူးရေး မလုပ်မီကတည်းက ကောင်းမွန်သော ဇာတ်ကွက်ကျောရိုးအချို့ကို ကြိုတင်ပြင်ဆင်ထားနိုင်ပြီး ယခုနေရာတွင် အံဝင်ခွင်ကျ ဖြစ်အောင် ထည့်သွင်းလိုက်ရုံမျှသာ ဖြစ်သည်။
မကြာမီမှာပင် ပြိုင်ပွဲဝင်အားလုံး ပြီးဆုံးသွားခဲ့ကြသည်။ အခြေအနေအရ ကြည့်ရမည်ဆိုလျှင် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သူမှာ ဆိုဒါဖြစ်ပုံရသည်။ သည်းထိတ်ရင်ဖိုဆရာကြီးသည် အမှန်တကယ်ပင် အထင်ကြီးစရာကောင်းလှသဖြင့် ဆယ်မိနစ်အတွင်း ရှုပ်ထွေးဆန်းကြယ်ပြီး လျှို့ဝှက်ချက်များ ပါဝင်သော ဇာတ်ကွက်တစ်ခုကို စဉ်းစားနိုင်ခဲ့ပြီး ခေါင်းစဉ်နှင့်လည်း အံဝင်ခွင်ကျ ဖြစ်စေခဲ့သည်။
နောက်ဆုံးတွင်မူ ဖုန်းပုကြွယ်၏ အလှည့်ဖြစ်သည်။
အကြောင်းရင်းတချို့ကြောင့်... ဇာတ်ကွက်ကျောရိုးများကို ကျပန်းမဲနှိုက်၍ ကြေညာခဲ့ခြင်း ဖြစ်သော်လည်း ဖုန်းပုကြွယ်မှာ နောက်ဆုံးမှ ပေါ်ထွက်လာခဲ့သူ ဖြစ်နေခဲ့သည်။
ယေဘုယျအားဖြင့် ဒုတိယအချီတွင် မိမိ၏ ဇာတ်ကွက်ကျောရိုးကို နောက်ဆုံးမှ ကြေညာရသော စာရေးဆရာသည် အကျိုးကျေးဇူး ရှိလှသည်။ ပြိုင်ပွဲဝင်များအနေဖြင့် ဆယ်မိနစ်အတွင်း မိမိတို့၏ အကြောင်းအရာများကို စဉ်းစားပြီးဆုံးထားကြရမည် ဖြစ်ပြီး အခြားသူများ စတင်ကြေညာသည့် အချိန်မှစ၍ ဖန်သားပြင်ကို ထိတွေ့ခွင့်မရှိကြတော့သော်လည်း သူတို့သည် ထိုပိုလျှံနေသော အချိန်များကို အသုံးချကာ မိမိတို့၏ စိတ်ထဲတွင် ဇာတ်ကွက်ကို ပြန်လည်ပြင်ဆင်ပြီး ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်စွမ်း ရှိကြသောကြောင့် ဖြစ်သည်။
လက်ရှိအချိန်တွင် ပရိသတ်များလည်း ဖုန်းပုကြွယ်၏ စွမ်းဆောင်ရည်ကို မျှော်လင့်စောင့်စားနေကြပြီ ဖြစ်သည်။ အကြောင်းရင်း သုံးချက် ရှိပေသည်။ ပထမအချက်မှာ အော်စကာက မသိနားမလည်ဘဲ လျှို့ဝှက်ဆန်းကြယ် စာရေးဆရာများနှင့်ပတ်သက်၍ မှတ်ချက်အချို့ ကြိုပေးထားခဲ့ခြင်းကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ ဖုန်းပုကြွယ်က နောက်ဆုံးမှ ပေါ်ထွက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ တတိယအချက်မှာမူ ပထမအချီတွင် သူ၏ ထူးဆန်းသောစွမ်းဆောင်ရည်က လူတိုင်း၏ စိတ်ထဲတွင် အခုချိန်ထိ လတ်လတ်ဆတ်ဆတ် ကျန်ရှိနေသေးခြင်းကြောင့် ဖြစ်ပေသည်။...
“အင်း...”
ဖုန်းပုကြွယ်က လက်ပိုက်လိုက်ရင်း စိုးရိမ်ပူပန်နေဟန် ရှိသည်။
အော်စကာက သူ့ဘေးသို့ လျှောက်လာခဲ့ပြီး သူ့ဖန်သားပြင်ကို လှမ်းကြည့်လိုက်ရာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားခဲ့မိပြီး စိတ်ထဲမှ တွေးလိုက်မိသည်။
‘ဒါက လုံးဝဗလာကြီး ဖြစ်နေတာမဟုတ်လား၊ အခြားပြိုင်ပွဲဝင်တွေက အနည်းဆုံးတော့ ဖန်သားပြင်ရဲ့ တစ်ဝက်လောက်ကို ဖြည့်ထားကြတာလေ၊ မင်းက ဘာတွေဖြစ်နေတာလဲ၊ ဒီအဆင့်မှာ ဘယ်သူမှ စာရွက်အလွတ်ကြီး အပ်ခဲ့တာမျိုး တစ်ခါမှ မရှိဖူးဘူးနော်၊ ပထမအချီတုန်းက အသက်သုံးဆယ့်သုံးနှစ်မတိုင်ခင် ဗိုလ်ချုပ်ကင်ရဲ့ အတ္ထုပ္ပတ္တိကို ချက်ချင်း ရေးနိုင်ခဲ့တဲ့လူက အခုကျတော့ စာလုံးတစ်လုံးတောင် မညှစ်ထုတ်နိုင်တော့ဘူးလား၊ ဒါက ဘာသဘောလဲ’
“အာ... ပြိုင်ပွဲဝင် ပုကြွယ်ခင်ဗျာ၊ ခင်ဗျားအလှည့် ရောက်ပါပြီ”
အော်စကာက ပြောဆိုရင်း စိတ်ထဲမှနေ၍ တဖက်လူက အရှုံးပေးလိမ့်မည်ဟု ကြိုတင်ပြင်ဆင်ထားလိုက်မိသည်။
မျှော်လင့်မထားသည်က ဖုန်းပုကြွယ်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး မိုက်ကရိုဖုန်းနားသို့ ချဉ်းကပ်ကာ ထိန်းချုပ်ခုံ ဖန်သားပြင်ကိုပင် လှည့်မကြည့်တော့ဘဲ အလွန်အမင်း လျင်မြန်လှသော လေသံဖြင့် စတင်ပြောဆိုလိုက်တော့သည်။
“တိင်းယီ၊ အသက်သုံးဆယ်၊ လူပျိုကြီး၊ သာမန်ရုံးဝန်ထမ်းတစ်ဦးဖြစ်ပြီး အောက်ခြေအဆင့်မှာ အလုပ်လုပ်ကိုင်နေရတဲ့ ရုံးဝန်ထမ်းအများစုလိုပဲ အလောင်းကောင်ဘဝမျိုးနဲ့ ရှင်သန်နေထိုင်သူ ဖြစ်တယ်။ တစ်နေ့မှာတော့ သူ့ဝမ်းကွဲအစ်ကိုရဲ့ သားရဲ့ အတန်းဖော်ရဲ့ ဦးလေးဖြစ်သူဟာ ရုတ်တရက်ကြီး ကုသမရနိုင်တဲ့ ကျွမ်းနေတဲ့ရောဂါဝေဒနာ ခံစားနေရတာကို စစ်ဆေးတွေ့ရှိခဲ့ပြီး ရှင်သန်ခွင့်ရဖို့အတွက် ကုသမှုခံယူဖို့ ကမ္ဘာမြေဆီသို့ စေလွှတ်ရတော့မှာ ဖြစ်ပါတယ်”
“နေပါဦး... ကမ္ဘာမြေဆီကို စေလွှတ်မယ် ဟုတ်လား... ဒါက လူသားတွေရဲ့ ဇာတ်လမ်းကော ဟုတ်သေးရဲ့လား၊ ကြယ်တာရာတွေကြား ခရီးသွားနိုင်စွမ်းရှိတဲ့ ဂြိုဟ်သားတွေက ဆေးဝါးကုသမှု စွမ်းရည်အပိုင်းမှာ လူသားတွေကို ရှုံးနိမ့်နေတာလား၊ ပြီးတော့ သူ့ဝမ်းကွဲအစ်ကိုရဲ့ သားရဲ့ အတန်းဖော်ရဲ့ ဦးလေးက တင်းယီနဲ့ ဘာပတ်သက်မှု ရှိလို့လဲ၊ သူ့ကို ဒီအတိုင်း သေခွင့်ပြုလိုက်ရင် ရပြီလေ အိုကေလား”
အော်စကာသည် စိတ်ထဲမှနေ၍ မကျေမနပ် ရေရွတ်လိုက်မိခြင်းကို မထိန်းချုပ်နိုင်တော့ဘဲ သူ့အမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားတော့သည်။
ဖုန်းပုကြွယ်က သူ၏ဖတ်ကြားမှုကို ဆက်လက်လုပ်ဆောင်၏။
“ဒါပေမဲ့ ကမ္ဘာမြေကို သွားဖို့အတွက်ကတော့ ငွေကြေးအများကြီး လိုအပ်တာဖြစ်ပြီး ဒါက သူဖြစ်စေ၊ သူ့ဝမ်းကွဲမိသားစုဖြစ်စေ ဒါမှမဟုတ် သူ့ဝမ်းကွဲရဲ့ သားရဲ့ အတန်းဖော်မိသားစုဖြစ်စေ တတ်နိုင်စွမ်းရှိတဲ့ ပမာဏထက် ကျော်လွန်နေခဲ့တယ်၊ အဲ့ဒီအချိန်မှာပဲ တိင်းယီက မှော်ကချေသည်ဖိနပ်တစ်စုံကို ရှာတွေ့ခဲ့တယ်၊ ဒီရတနာက သူ့ရင်ထဲမှာ အချိန်အကြာကြီး အိပ်မော်ကျနေခဲ့တဲ့ အတိတ်က မှတ်ဉာဏ်တွေကို ပြန်လည်နိုးထစေခဲ့တယ်၊ သူ အချိန်အကြာကြီး ပျောက်ဆုံးနေခဲ့တဲ့ တရားမျှတမှုစိတ်ဓာတ်နဲ့ တာဝန်သိစိတ်တွေက သူ့ဦးနှောက်ထဲကို ပြန်လည်ရောက်ရှိလာတော့တယ်၊ တကယ်တော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က တင်းယီရဲ့ အထောက်အထားကတော့... စကြဝဠာလူငယ်စွမ်းအားရှင်မဟာမိတ်အဖွဲ့ထဲက စွမ်းအားရှင် ‘ဘရိတ်ဒန်ဆာ’ ဖြစ်တယ်”
“ဘရိတ်ဒန်ဆာ ဘာဖြစ်တယ်၊ ဘာဘရိတ်ဒန်ဆာလဲ၊ ဘာဘရိတ်ဒန်ဆာလဲ၊ ကျေးဇူးပြုပြီး သူ့ကို စင်ပေါ်ကနေ တစ်ယောက်ယောက် ကန်ချပေးကြပါဦး”
အော်စကာမှာ အမှန်တကယ်ပင် ရူးသွပ်မတတ် ဖြစ်သွားရတော့သည်။
“တင်းယီက အရင်ဆုံး ကမ္ဘာမြေပေါ်က သူတို့ရဲ့ ဂြိုဟ်သားကိုလိုနီစခန်းဖြစ်တဲ့ အိန္ဒိယနိုင်ငံကို ဆက်သွယ်လိုက်တယ်”
ဖုန်းပုကြွယ်က ထပ်လောင်းပြောဆိုလိုက်သည်။
“ဒါဆိုရင် အားစန်းက ကမ္ဘာမြေက လူမဟုတ်ဘူးပေါ့၊ ဒါက ဒီလိုသတ်မှတ်ချက် ရှိနေတာလား”
“သူ့ရဲ့ မိတ်ဆွေဟောင်းဖြစ်တဲ့ တက်ပ်ဒန်ဆာက ကမ္ဘာမြေပေါ်မှာ နေထိုင်တာပါ”
“ဒီလိုမျိုး နာမည်ရှိတဲ့ လူငယ်စွမ်းအားရှင်တစ်ယောက်ဟာ... သူ ငယ်ငယ်တုန်းက စကြဝဠာရဲ့ မကောင်းဆိုးဝါးအင်အားစုတွေကို ဘယ်လိုမျိုး ခုခံတိုက်ခိုက်ခဲ့တာလဲ”
“အဲ့ဒီနောက်မှာတော့ သူတို့ဟာ သူတို့ရဲ့ စွမ်းအားတွေကို အောင်မြင်စွာအသုံးချပြီး တင်းယီရဲ့ ဝမ်းကွဲအစ်ကိုရဲ့ သားရဲ့ အတန်းဖော်ရဲ့ ဦးလေးကို ကမ္ဘာမြေပြင်ပြင်ပဆီကို တရားမဝင် ခိုးထုတ်ဖို့အတွက် ကူညီပေးခဲ့ကြတယ်”
“ငါ့ဖင်ကို စွမ်းအားရှင်၊ ငါဖင်ကြီး တရားမျှတမှု၊ ပိုက်ဆံမရှိတာနဲ့ပဲ ကြယ်တာရာတွေကြား တရားမဝင်မှောင်ခိုကူးတာကို အသုံးချလိုက်တယ်ပေါ့၊ ဒါတွေအားလုံးရဲ့ ရည်ရွယ်ချက်က ဘာလဲ”
“နောက်ဆုံးမှာတော့ တင်းယီရဲ့ ဝမ်းကွဲအစ်ကိုရဲ့ သားရဲ့ အတန်းဖော်ရဲ့ ဦးလေးဟာ ပြည်တွင်းက စစ်ဘက်ဆိုင်ရာ ဆရာဝန်ကြီးတစ်ယောက်ရဲ့ စနစ်တကျကုသမှုကို ခံယူခဲ့ရပြီး ပြန်လည်ကျန်းမာလာခဲ့တယ်”
ဖုန်းပုကြွယ်က နိဂုံးချုပ်လိုက်ရင်း “ပြီးတော့ တင်းယီရဲ့ ဇာတ်လမ်းက အခုမှ စတာ... ပြန်လည်နိုးထလာခဲ့ပြီးနောက် သူက စကြဝဠာလူကြီးစွမ်းအားရှင်မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ဘရိတ်ဒန်ဆာဆိုတဲ့ နာမည်က လူတွေရဲ့ အမြင်ထဲမှာ ပြန်လည်ပေါ်ထွက်လာခဲ့သလို ဂလက်ဆီအတွင်းမှာ ကြာမြင့်စွာ အိပ်မောကျနေခဲ့တဲ့ မိစ္ဆာအင်အားစုတွေကလည်း ပြန်လည်လှုပ်ရှားလာခဲ့ကြတော့တယ်...”
သူသည် ထိုနေရာတွင် ချက်ချင်း ရပ်နားလိုက်လေသည်။ မည်သည့်အကြောင်းကြောင့်ရယ်မသိ... သူ့ဇာတ်လမ်းကို နားထောင်နေကြသော ပရိသတ်အားလုံးသည် ထူးဆန်းပြီး စိတ်မသက်မသာ ဖြစ်ဖွယ်ကောင်းသော မျှော်လင့်ချက်မျိုးကို ခံစားလိုက်ကြရပြီး သူ ဆက်ပြောရန်အတွက်ကိုသာ တောင့်တမိနေကြတော့သည်။