အခန်း ၂၃၃
Vol. 24 Ch. 233
အခန်း (၂၃၃) စာရေးဖို့အချိန်ဆွဲတာက ပုံမှန်ပဲလေ
“ကတ်...”
ဒါရိုက်တာ၏ အော်ဟစ်သံက အော်စကာကို စိတ်သက်သာရာရစွာ သက်ပြင်းချစေနိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် မည်သို့ဆက်လက်လုပ်ဆောင်ရမည်မှန်း မသိတော့သောကြောင့် ဖြစ်၏။ အကယ်၍ သူတို့သာ ရပ်တန့်မပေးခဲ့ကြပါက ဆူပူဝေဖန်မှုများ စတင်ပြုလုပ်ရတော့မည် ဖြစ်သည်။
ထို့နောက် မြင်ကွင်းက မဲပေးခြင်းအဆင့်သို့ ကူးပြောင်းသွားလေသည်။
ရှောင်တန်က မေး၏။
“ဟင်... အလယ်မှာ ဘာတွေဖြစ်ပျက်သွားတာလဲ”
ဖုန်းပုကြွယ်က ပြန်ဖြေ၏။
“ဪ... အဲ့ဒီအပိုင်းမှာ ပြိုင်ပွဲဝင်တွေရဲ့ ပြိုင်ပွဲအပြီး အင်တာဗျူးတွေ အများကြီးပါလာမှာလေ၊ အခြေခံအားဖြင့်တော့ တခြားစာရေးဆရာတွေနဲ့ ငါကိုယ်တိုင်ရဲ့ ဇာတ်ကွက်ကျောရိုးအပေါ် အကဲဖြတ်ချက်တွေပေါ့၊ အဲ့ဒီနောက် အော်စကာက နောက်အပိုင်းမှာ ထည့်သွင်းဖို့အတွက် သီးခြားစကားပြောတစ်ခုကို ရိုက်ကူးမှာဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ပိုစိတ်ဝင်စားစရာကောင်းအောင် လုပ်မှာပေါ့”
“မင်းရဲ့ စကားပြောထဲမှာ ချို့ယွင်းချက်တွေ အရမ်းများနေလို့ နောက်ပြောမယ့် စကားလုံးတွေကို သေသေချာချာစဉ်းစားဖို့ လိုနေတာမျိုး မဟုတ်ဘူးလား...”
ပေါင်တရန်က ကြားဖြတ်မေးခွန်းထုတ်လိုက်သည်။
“ဖြစ်နိုင်ပါတယ်”
ဖုန်းပုကြွယ် ပုခုံးတွန့်လိုက်သည်။
“အိုး... ဟုတ်သားပဲ၊ ဒါရိုက်တာကလည်း အဲ့ဒီအချိန်တုန်းက ငါ့ကို အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အကြောင်းအရာတစ်ခု လာပြောသေးတယ်...”
...
“လူတိုင်း ခဏအနားယူကြပါ၊ ကင်မရာသမားတွေ စက်ပစ္စည်းတွေကို ပြန်ညှိကြပါ၊ ငါတို့ ဆယ်မိနစ်ကြာရင် ပြန်စမယ်”
ဒါရိုက်တာက တည်ငြိမ်စွာဖြင့် သူ့မိုက်ကရိုဖုန်းထဲသို့ ညွှန်ကြားချက်အချို့ ပေးလိုက်ပြီးနောက် သူ့လက်ကို မြှောက်၍ လက်ဟန်ခြေဟန်ဖြင့် “ပုကြွယ်... ဒီကို ခဏလောက် လာခဲ့ပါဦး” ဟု ခေါ်လိုက်သည်။
ဖုန်းပုကြွယ်သည် ပြိုင်ပွဲဝင်များ ထိုင်ရာနေရာမှ ဆင်းလာပြီး ဒါရိုက်တာ ဖေးရန်ရှိရာသို့ လျှောက်လာခဲ့သည်။
“ဒါရိုက်တာဖေး... ခင်ဗျား ကျွန်တော့်ရဲ့ ညံ့ဖျင်းတဲ့ သဘောထားကို ကြေညာပြီး ပြိုင်ပွဲကနေ ထုတ်ပယ်တော့မလို့လား”
သူက မျက်နှာတစ်ခုလုံး ပီတိဖြစ်နေဟန်ဖြင့် မေးမြန်းလိုက်လေ၏။
“ငါ့အထင်တော့... ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် မင်းဒီနေ့ သေချာပေါက် ဆက်ရှိနေဦးမှာပါ”
ဖေးရန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ဒါက ကျွန်တော်တို့ သဘောတူထားတဲ့အတိုင်း မဟုတ်ဘူးလေ”
ဖုန်းပုကြွယ်က ချက်ချင်း ပြန်လည်ချေပလိုက်၏။
“ဘယ်သူက မင်းကို ဒီလောက်အထိ ထူးထူးခြားခြား စွမ်းဆောင်ခိုင်းလို့လဲ၊ မင်းလျှောက်လုပ်လိုက်ရုံနဲ့ ပြိုင်ပွဲကနေ ထုတ်ခံရလိမ့်မယ်လို့ ထင်နေတာလား”
ဖေးရန်က ပြောသည်။
“ပြိုင်ပွဲကနေ ထုတ်ခံရဖို့အတွက် အမှန်ကန်ဆုံးနည်းလမ်းကတော့ တတ်နိုင်သမျှ သာမန်ကာလျှံကာလောက်ပဲ စွမ်းဆောင်ပြရမှာလေ”
“ဒါဆိုရင် အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
ဖုန်းပုကြွယ်က မေးလိုက်သည်။
“အင်း... ခင်ဗျား နောက်ထပ်တစ်ပိုင်းလောက်တောင်မှ တကယ် ပြန်မလာချင်တော့ဘူးလား”
ဖေးရန်က မေးမြန်းလိုက်၏။
“ဟုတ်တယ်”
ဖုန်းပုကြွယ်က ပြတ်ပြတ်သားသားနှင့် စစ်မှန်လှသော လေသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“ကောင်းပြီလေ ဒါဆိုလည်း... နောက်ဆုံးအဆင့်မှာ နောက်ဆုံးရမှတ် စုစုပေါင်းကို တွက်တဲ့အခါကျရင် ငါ မင်းအတွက် နောက်ကွယ်ကနေ စီစဉ်မှုအချို့ ကူညီပေးနိုင်ပါတယ်”
ဖေးရန်က ဆိုသည်။
“ဒါပေမဲ့... ဒါနဲ့ပတ်သက်ပြီး...”
“ကျွန်တော် နားလည်ပါတယ်...”
“ဘာကို နားလည်တာလဲ”
“ပထမအချက်... နောက်ကွယ်က စီစဉ်မှုအကြောင်းကို လုံးဝမပြောရဘူး၊ ဒုတိယအချက်... နောက်ကွယ်က စီစဉ်မှုအကြောင်းကို လုံးဝမပြောရဘူး”
ဖုန်းပုကြွယ်က တည်ကြည်စွာဖြင့် ဆိုလိုက်သည်။
“တတိယအချက်... နောက်ကွယ်က စီစဉ်မှုအကြောင်းကို လုံးဝမပြောရဘူး”
သူက ထပ်လောင်းအလေးပေး ပြောဆိုလိုက်သည်။
ဖေးရန်က သူ့မျက်မှန်ကို ပင့်တင်လိုက်သည်။
“ငါက တကယ်ကြီး ‘Fight Club’ ဟာသတွေကို သဘောကျမယ့် လူတစ်ယောက်နဲ့ တူနေလို့လား”
“သေချာပေါက် တူတာပေါ့”
ဖုန်းပုကြွယ်က ပြန်ဖြေ၏။
ဖေးရန်က ခေါင်းညိတ်လိုက်သည်။
“အိုကေ ကောင်းပါပြီ... ငါတို့တွေ ဒီလောက်တောင် သဟဇာတဖြစ်နေကြတာပဲ၊ မင်းအနေနဲ့ ဒါကို လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်”
“သေချာပေါက်ပါပဲ”
ဖုန်းပုကြွယ်က ထပ်လောင်းပြောဆိုလိုက်သည်။
“အိုး... ပြီးတော့ မင်းကို ကြိုပြောပြထားဖို့ လိုတဲ့ တခြားအကြောင်းအရာတစ်ခုလည်း ရှိသေးတယ်”
ဖေးရန်က ဆိုသည်။
“လွတ်လွတ်လပ်လပ် ပြောပါ”
“ငါ့ရဲ့ အာရုံအရ ဒီအပိုင်းရဲ့ ကြည့်ရှုနှုန်းက တော်တော်လေး ကောင်းလိမ့်မယ်၊ ပြီးတော့ မင်းရဲ့ ထုံးစံမဟုတ်တဲ့ အပြုအမူတွေက သေချာပေါက် ပရိသတ်အရေအတွက်တချို့ကို ဆွဲဆောင်နိုင်လိမ့်မယ်”
ဖေးရန်က ဆိုသည်။
“ဒါကြောင့်မို့လို့ ဇွန်လကုန်မှာ ကျင်းပမယ့် ဒီရာသီရဲ့ ပြိုင်ပွဲမပြီးဆုံးခင်မှာ မင်းအနေနဲ့ ပြန်ရောက်လာခြင်းပြိုင်ပွဲကို သေချာပေါက် တက်ရဖို့ ရှိလိမ့်မယ်”
“ဟင်...”
ဖုန်းပုကြွယ်က ဆိုသည်။
“ဒါက ဒီလောက်တောင် ရှုပ်ထွေးတာလား”
“ပြန်ရောက်လာခြင်းပြိုင်ပွဲဝင်စာရင်းက အွန်လိုင်းမဲပေးမှုရဲ့ အမြင့်ဆုံး အဆင့်ခုနစ်နေရာ ဖြစ်လိမ့်မယ်၊ အစီအစဉ်မှာ ပါဝင်ဖူးပြီး ထုတ်ပယ်ခံခဲ့ရတဲ့ ပြိုင်ပွဲဝင်အားလုံးက မဲပေးရမယ့် စာရင်းထဲမှာ ပါဝင်နေရမှာ ၊ ဒီမဲပေးမှုက ပွင့်လင်းမြင်သာမှုရှိတာမို့လို့ မင်းသာ ရွေးချယ်ခံရမယ်ဆိုရင် ငါလည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး”
ဖေးရန်က ပြန်ဖြေလိုက်သည်။
“ဒီအတိုင်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်လိုက်ရုံပဲလေ... ဥပမာအားဖြင့်... ပုကြွယ်က ကျန်းမာရေးမကောင်းတာကြောင့် ပြန်ရောက်လာခြင်းပြိုင်ပွဲကို မတက်ရောက်နိုင်တော့တဲ့အတွက် မဲအဆင့်ရှစ်နေရာမှာ ရှိနေတဲ့လူကို ခေတ္တဖိတ်ခေါ်ပြီး သူ့နေရာမှာ အစားထိုးလိုက်ပါတယ်တို့ ဘာတို့ပေါ့”
ဖုန်းပုကြွယ်က ဆိုသည်။
“မင်းက ဒါကို မူလတန်းကျောင်းသားတစ်ယောက် အတန်းပြေးတာနဲ့ တူတယ်လို့ ထင်နေတာလား”
ဖေးရန်က “ပြီးတော့ ကျန်းမာရေးမကောင်းဘူး ဆိုတာကလည်း...”
“ယုံကြည်လောက်စရာ မရှိသေးဘူး ဟုတ်လား... ဒါဆိုရင် ပိုတိတိကျကျ ပြောလိုက်မယ်၊ ကာလသားရောဂါ ဆိုရင်ကော ဘယ်လိုလဲ”
“မင်းငါပြောချင်တဲ့ အဓိကအချက်ကို နားလည်မှုလွဲနေပုံရတယ်...”
“စိတ်မပူပါနဲ့၊ ဒါက တကယ့်ကို ပြည့်စုံဆီလျော်တဲ့ ဆင်ခြေတစ်ခုပဲ၊ ရှူးဘတ်တောင်မှ အသက်နှစ်ဆယ့်ငါးနှစ်မှာ အဲ့ဒီရောဂါ ဖြစ်ခဲ့တာပဲ၊ ကျွန်တော်ဖြစ်တာလည်း ဘာဆန်းလို့လဲ...”
“မစ္စတာဖုန်း... မင်း ကိုယ့်သိက္ခာလေးတော့ ထိန်းပါဦး...”
...
“အာ... ဒါဆိုရင်... နှစ်လအကြာမှာပေါ့၊ မင်းက ပြန်ရောက်လာခြင်းပြိုင်ပွဲကို ထပ်သွားရဦးမှာပေါ့ ဟုတ်လား”
ရှောင်တန်က မေးမြန်းလိုက်သည်။
“ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ဒီအပိုင်းထုတ်လွှင့်ပြီး ပရိသတ်တွေရဲ့ တုံ့ပြန်မှုအပေါ်မှာပဲ မူတည်နေတာ”
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။
“တကယ်လို့ ဇွန်လအစောပိုင်း အွန်လိုင်းမဲပေးတာမှာ ငါက အမြင့်ဆုံး အဆင့်ခုနစ်နေရာထဲ မပါခဲ့ဘူးဆိုရင်တော့... ဟီးဟီးဟီးဟီး...”
“ငါ့ဘဝမှာ ရှုံးနိမ့်တာ ဒီလောက်အထိ ကောက်ကျစ်စဉ်းလဲတဲ့ အပြုံးမျိုးနဲ့ မျှော်လင့်နေတဲ့လူကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ...”
ပေါင်တရန်က ကြားဖြတ်ပြောဆိုလိုက်သည်။
“တကယ်လို့ အားလုံး မအောင်မြင်ခဲ့ဘူးဆိုရင်... ဆရာပေါင်၊ မင်းအနေနဲ့ မဲပေးနေတဲ့ အချိန်အတွင်းမှာ ငါ့အပေါ် မကောင်းတဲ့ ကောလာဟလတွေ ဖြန့်ပေးဖို့အတွက် အွန်လိုင်းက ကောလာဟလဖြန့်သူတချို့လောက် ဆက်သွယ်ပေးလို့ ရမလား၊ ဒါဆိုရင်တော့...”
“ခဏနေပါဦး”
ဆရာပေါင်က သူ့စကားကို ဖြတ်လိုက်သည်။
“ငါက ဘာဖြစ်လို့ မင်းကို ဆက်သွယ်ပေးရမှာလဲ... ပြီးတော့ ငါကကော မင်းအတွက် သတင်းသမားအတုတွေကို ဘယ်နေရာကနေ သွားရှာရမှာလဲ”
“မင်းက အစိုးရဌာနတစ်ခုမှာ အလုပ်လုပ်နေတာပဲလေ၊ ဘာလို့ ဒီလောက်အထိ အရေးကြီးချင်ယောင်ဆောင်နေတာလဲ”
“ငါ့အနေနဲ့ မင်းစိတ်ထဲက အစိုးရဆိုတဲ့ အယူအဆက ဘယ်လိုမျိုးလဲတော့ မသိဘူး... ဘာပဲဖြစ်ဖြစ် ငါကတော့...”
“ကောင်းပါပြီ၊ မင်း ရှင်းပြနေဖို့ မလိုပါဘူး”
ဖုန်းပုကြွယ်ကလည်း ဆရာပေါင်၏ စကားကို ဖြတ်ပြောလိုက်ရင်း “ငါတို့ အရင်ဆုံး ဗီဒီယိုကို ကြည့်ကြရအောင်၊ ကျန်တဲ့အကြောင်းတွေတော့ နောက်မှပဲ ပြောကြတာပေါ့”
ထိုအချိန်တွင် ဖန်သားပြင်ထက်၌ ‘ပြောင်မြောက်သော ကလောင်စွမ်း’ ကဏ္ဍ၏ ဒုတိယအချီ မဲရလဒ်များက ပေါ်ထွက်လာခဲ့သည်။
ဖုန်းပုကြွယ်၏ ဆန်းသစ်လှသောဇာတ်လမ်းက တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဖြစ်ခဲ့ပြီး သူ့ကို ယခုအချီတွင် ဒုတိယနေရာသို့ ပို့ဆောင်ပေးခဲ့သည်။ ပထမနေရာကိုတော့ ဆိုဒါက ရရှိသွားခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးနေရာကတော့ မျှော်လင့်မထားစွာ မော့ပုရှန် ဖြစ်နေခဲ့သည်။ ပထမဆုံး ပြိုင်ပွဲဝင်ရသူမှာ သေချာပေါက် နစ်နာမှု ရှိပေသည်။ သူမ၏ ဇာတ်လမ်းက မဆိုးလှဘူးဆိုသော်လည်း ရိုက်ခတ်မှုနှင့် ထူးခြားချက်များ အားနည်းနေခဲ့ခြင်းဖြစ်သည်။ အခြားစာရေးဆရာ ခြောက်ယောက်က သူတို့၏ ဇာတ်ကွက်ကျောရိုးများကို ဆက်တိုက် ကြေညာခဲ့ကြပြီးနောက်တွင်မူ ပရိသတ်များ၏ စိတ်ထဲ၌ သူမ၏ ဇာတ်လမ်းအပေါ် အထင်ကြီးမှုတို့ လျော့ပါးသွားခဲ့ရသဖြင့် သူမသည် ပထမဦးစားပေးမဲ အနည်းငယ်သာ ရရှိခဲ့ခြင်း ဖြစ်သည်။
အနားယူနေစဉ်အတွင်း အော်စကာသည် သူ့ကိုယ်သူ အနည်းငယ် ပြန်လည်တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ကာ စံသတ်မှတ်ချက် စာကြောင်းများကို သဘာဝကျကျပင် ရွတ်ဆိုလိုက်လေသည်။
“ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲနှစ်ချီ ပြီးဆုံးသွားခဲ့ပြီးနောက်မှာတော့ ကျွန်တော်တို့ နောက်ဆုံးမှာ တတိယမြောက် နောက်ဆုံးအချီ ထိပ်တိုက်ရင်ဆိုင်မှုဆီကို ရောက်ရှိလို့လာခဲ့ပါပြီခင်ဗျာ”
သူက တစ်စက္ကန့်ခန့် ရပ်နားလိုက်ပြီး ဆက်ပြော၏။
“ပထမအချီနှစ်ခုရဲ့ ရမှတ်တွေဟာ ပြိုင်ပွဲဝင် ခုနစ်ယောက်စလုံးရဲ့ ရမှတ်စုစုပေါင်းရဲ့ သုံးဆယ်ရာခိုင်နှုန်းစီ ပါဝင်မှာဖြစ်ပြီး တတိယအချီရဲ့ ရမှတ်ကတော့ လေးဆယ်ရာခိုင်နှုန်းအထိ ပါဝင်မှာ ဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ပြိုင်ပွဲဝင်တိုင်း ဒီအချီမှာ အလှည့်အပြောင်းလုပ်ပြီး ပထမဆုကို ဆွတ်ခူးနိုင်မယ့် အခွင့်အရေး ရှိနေဆဲ ဖြစ်ပါတယ်၊ သေချာပေါက် ဒါဟာ ပြိုင်ပွဲဝင်တိုင်းလည်း ပြိုင်ပွဲကနေ ထုတ်ပယ်ခံရနိုင်မယ့် အန္တရာယ် ရှိနေတယ်ဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်ခင်ဗျာ”
“ဒါပေမဲ့... တတိယအချီ မစတင်မီမှာတော့ ကျွန်တော်တို့ နည်းနည်းလောက် စိတ်အပန်းဖြေကြရအောင်လားဗျာ”
အော်စကာ၏ လေသံသည် စာသားများ၏ အကြောင်းအရာနှင့်အတူ ပြောင်းလဲသွားခဲ့သည်။
“ကျွန်တော်တို့ ကတ်ပြားမေးခွန်းအချိန်ဆီကို ပြောင်းကြတာပေါ့”
သူက သူ့ဝတ်စုံအိတ်ကပ်ထဲမှ ကြိုတင်ပြင်ဆင်ထားသော ကတ်ပြားအချို့ကို ထုတ်ယူလိုက်ရင်း ဆိုသည်။
“ဒီနေရာမှာ မေးခွန်းကတ်ပြားသုံးချပ် ရှိပါတယ်၊ အဲ့ဒီပေါ်က မေးခွန်းတွေကိုတော့ အစီအစဉ်ရဲ့ အယ်ဒီတာသုံးယောက်က ‘ငါက စာရေးဆရာတစ်ယောက်ပါ’ ရဲ့ အွန်လိုင်းစာမျက်နှာပေါ်ကနေ ရွေးချယ်ပေးထားတာ ဖြစ်ပါတယ်”
သူ့အကြည့်က ပြိုင်ပွဲဝင်များ ထိုင်ရာနေရာသို့ ဝေ့ဝဲသွားခဲ့ပြီး ကင်မရာက စာရေးဆရာ ခုနစ်ယောက်လုံးကို ခြုံငုံရိုက်ကူးလိုက်သည်။
“ဒီမေးခွန်းတွေအားလုံးဟာ ကျွန်တော်တို့ရဲ့ ကြည့်ရှုသူပရိသတ်တွေဆီကနေ လာတာ ဖြစ်ပါတယ်”
သူသည် ကတ်ပြားများကို မျက်လုံးအမြင့်အထိ မြှောက်ပြလိုက်လေ၏။
“ဒီကဏ္ဍအတွက်ကတော့ ရမှတ်သတ်မှတ်တဲ့ စနစ်မျိုး မရှိတာမို့လို့ ကျေးဇူးပြုပြီး သက်တောင့်သက်သာရှိတဲ့ သဘောထားမျိုးနဲ့ လွတ်လွတ်လပ်လပ် ဖြေကြားပေးကြပါခင်ဗျာ”
အော်စကာက ကင်မရာဘက်သို့ လှည့်၍ ဆိုလိုက်သည်။
“ဆိုတော့... မတူညီတဲ့စာရေးဆရာတွေက မေးခွန်းတစ်ခုတည်းအပေါ်မှာ ဘယ်လိုမျိုး အဖြေတွေ ပေးသွားကြမလဲဆိုတာကိုတော့ ကျွန်တော်တို့ ကြော်ငြာအပြီးမှာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်”
နောက်တစ်စက္ကန့်တွင်မူ ဖန်သားပြင်ထက်က အော်စကာသည် မေးခွန်းများကို အသံကျယ်ကျယ်ဖြင့် စတင်ဖတ်ကြားလိုက်တော့သည်။
“ဒီနေ့ရဲ့ ပထမဆုံးမေးခွန်းကတော့...”
သူက ကတ်ပြားပေါ်မှ ဖတ်ကြားလိုက်သည်။
“ချစ်ခင်ရပါသော စာရှုသူတို့ခင်ဗျာ... ကျွန်တော်ကတော့ စာရေးဆရာအသစ်တစ်ယောက် ဖြစ်ပါတယ်၊ လက်ရှိအချိန်မှာ အွန်လိုင်းပေါ်မှာ နိုဗယ်တစ်ပုဒ်ကို အခန်းဆက်ရေးသားနေတာဖြစ်ပြီး စာအုပ်ထဲမှာ တကယ့်ကို မရင့်ကျက်လှတဲ့ ဇာတ်ကောင်တစ်ကောင် ပါဝင်နေပါတယ်၊ ကျွန်တော့်အထင်တော့ သူက အလွန်အမင်း ချဲ့ကားလွန်းလှပြီး သူ့ရဲ့ တည်ရှိမှုကလည်း ဘာမှအဓိပ္ပာယ်မရှိသလိုမျိုး ဖြစ်နေပါတယ်၊ ကျွန်တော့်အနေနဲ့ သူ့ကို ဇာတ်လမ်းထဲကနေ သေဆုံးစေချင်ပေမယ့် ကျိုးကြောင်းဆီလျော်တဲ့ ဇာတ်ကွက်မျိုးကို စဉ်းစားလို့မရ ဖြစ်နေပါတယ်၊ ခင်ဗျားတို့အနေနဲ့ ကျွန်တော့်ကို စိတ်ကူးအချို့ ပေးနိုင်မလားလို့ သိချင်မိပါတယ်ဗျာ၊ ထပ်လောင်းမှတ်ချက် - ကျွန်တော် ရေးနေတာကတော့ သာမန် မြို့ပြနိုဗယ်ဖြစ်ပြီး ဘာထူးဆန်းအံ့ဖွယ် အစိတ်အပိုင်းမျိုးမှ မပါဝင်ပါဘူးခင်ဗျာ”
အော်စကာက ယင်းကို ဖတ်ပြပြီးနောက် ပြောလိုက်သည်။
“အိုး... မေးခွန်းမေးခဲ့တဲ့ ဒီပရိသတ်ကလည်း စာရေးဆရာတစ်ယောက် ဖြစ်နေတာကိုး၊ သူက သူ့ရဲ့ စာရေးသားမှုအပိုင်းမှာ အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရတာမို့လို့ ဒီနေရာမှာရှိနေတဲ့ ကျွန်တော်တို့ရဲ့ ဆရာခုနစ်ယောက်က သူ့ကို ကူညီပေးစေချင်တာ ဖြစ်ပါတယ်ခင်ဗျာ”
အော်စကာသည် အချိန်တစ်မိနစ် သို့မဟုတ် နှစ်မိနစ်ခန့် ကုန်ဆုံးသွားသည်အထိ စကားများကို ဆက်လက် အချိန်ဆွဲပြောဆိုနေခဲ့ပြီးနောက် ဆက်ပြောလိုက်သည်။
“ဒါဆိုရင်... ရွှမ်ထျန်းစုန့်ကနေ စတင်ပြီး ဖြေကြားပေးရင်ကော ဘယ်လိုလဲဗျာ”
ရွှမ်ထျန်းစုန့်က ပြန်ဖြေလိုက်သည်။
“အင်း... ရတာပေါ့”
သူပြောလိုက်ပြီးနောက် စဉ်းစားတွေးတောလျက် မိုက်ကရိုဖုန်းထဲသို့ ပြောလိုက်သည်။
“ကျွန်တော့်အထင်တော့... မြေအောက်ရထားက ဘူတာရုံထဲကို ရောက်လာတဲ့ အချိန်မှာ တစ်စုံတစ်ယောက်က မတော်တဆ ရထားသံလမ်းပေါ်ကို ပြုတ်ကျသွားတာမျိုး ဖြစ်နိုင်ပါတယ်...”
“ရက်စက်လွန်းလှပါတယ်ဗျာ”
အော်စကာက အော်ဟစ်လိုက်ရာ ပရိသတ်များထံမှ ရယ်မောသံများ ထွက်ပေါ်လာလေသည်။ ရွှမ်ထျန်းစုန့်ကိုယ်တိုင်လည်း ရယ်မောလိုက်မိသည်။
“ဒါနဲ့ နှိုင်းယှဉ်ကြည့်ရင် လမ်းကူးနေတုန်း ကားတိုက်ခံရတာမျိုးကကော အတူတူပဲ မဟုတ်ဘူးလား”
အော်စကာက ထပ်ပြောပြန်သည်။
“ဇာတ်ကောင်မှာ ဆယ်ကျော်သက်စိတ်ကူးယဉ်ရောဂါ ရှိနေတာနဲ့ပဲ သူက ပိုပြီးသနားစရာကောင်းတဲ့ သေဆုံးခြင်းမျိုးနဲ့ သေဆုံးရမှာလား”
ရွှမ်ထျန်းစုန့်က ရယ်မောလိုက်ရင်း “နိုး နိုး... ကျွန်တော်တို့ အခြေအနေကို ဒီလိုမျိုး သတ်မှတ်ကြည့်ရအောင်... ဒီဇာတ်ကောင်က မြေအောက်ရထား ဘူတာရုံပလက်ဖောင်းပေါ်မှာ စွမ်းအားရှင်နဲ့ မိစ္ဆာကောင် ကစားပွဲကို ကစားနေတယ်၊ သူက စွမ်းအားရှင်ကော မိစ္ဆာကောင်နေရာကပါ နှစ်မျိုးလုံးသရုပ်ဆောင်ပြီး ဟိုခုန်ဒီခုန် လုပ်နေတယ်၊ အဲ့ဒီနောက်မှာတော့...”
“တကယ့်ကို သနားစရာကောင်းလှပါတယ်ဗျာ”
အော်စကာက သူ့စကားကို ထပ်မံဖြတ်ပြောလိုက်ပြန်ရာ ပရိသတ်များမှာ နောက်တစ်ကြိမ် ရယ်မောကြပြန်သည်။
“ခင်ဗျားက ဒီလူကို ပိုပြီးတော့တောင် သနားစရာကောင်းအောင် လုပ်လိုက်တာပဲ မဟုတ်ဘူးလား”
“ကဲ... အစ်ကိုဖန်ရဲ့ အဖြေက ဘာဖြစ်မလဲဆိုတာ ကြည့်ကြရအောင်ပါ”
အော်စကာသည် ဖန်ပိန့်၏ ထိန်းချုပ်ခုံ ရှိရာသို့ လျှောက်သွားလိုက်သည်။
“အစ်ကိုဖန်... ခင်ဗျားရဲ့ အဖြေက ဘာဖြစ်မလဲနော်”
“အင်း... သူက ရေကူးကန်ထဲမှာ ပင်လယ်မွန်းစတားအဖြစ် သရုပ်ဆောင်ပြီး ကစားနေတုန်း မတော်တဆ ရေနစ်သေဆုံးသွားတာမျိုးပေါ့...”
ဖန်ပိန့်က ပြန်ဖြေကြားလိုက်သည်။
အော်စကာက မည်သည့်မှတ်ချက်မှ မပေးခဲ့ဘဲ ကင်မရာဘက်သို့ လှည့်လျက် ဟာသဆန်သော မျက်နှာအမူအရာမျိုးဖြင့် ကြည့်ရှုလိုက်ရာ ဒါရိုက်တာက ပရိသတ်များကို နောက်တစ်ကြိမ် ရယ်မောရန် လှုံ့ဆော်ပေးပြန်၏။
“ဘာဖြစ်လို့ ကျွန်တော့်စိတ်ထဲမှာ ဒီလိုသေဆုံးတဲ့ နည်းလမ်းနှစ်ခုစလုံးက ဇာတ်ကောင်ရဲ့ စိတ်ကူးယဉ်ရောဂါ အရည်အချင်းတွေကို ရောင်ပြန်ဟပ်မနေဘဲ လူတွေကို ဒီဇာတ်ကောင်ဟာ အလယ်တန်း ဒုတိယနှစ်အဆင့်လောက်ပဲ ရှိသေးတယ်လို့ ခံစားရစေတာလဲ မသိဘူးဗျာ”
အော်စကာက ဆက်လက်၍ နောက်ပြောင်လိုက်သည်။ ထိုအချိန်သို့ ရောက်ရှိလာသောအခါ သူသည် သူနှစ်သက်ရာ အကြောင်းအရာများကို လွတ်လပ်စွာ နောက်ပြောင်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။
“ကောင်းပါပြီ... ဟင်းသီးဟင်းရွက်က ဒီမေးခွန်းကို ဘယ်လိုမျိုး ပြန်လည်ဖြေကြားမလဲဆိုတာ နားထောင်ကြည့်လိုက်ကြရအောင်”
အော်စကာသည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဆီသို့ လျှောက်လှမ်းသွား၏။
တစ်ဖက်လူသည် သေချာပေါက် သူ့စိတ်ထဲ၌ အဖြေတစ်ခု ရှိနှင့်ပြီးသား ဖြစ်ပုံရကာ မိုက်ကရိုဖုန်းထဲသို့ ပြောဆိုလိုက်သည်။
“သူ့ကိုယ်တိုင် ပြုလုပ်ထားတဲ့ စွမ်းအားရှင်ဝတ်စုံကို ဝတ်ပြီး အထပ်မြင့်အဆောက်အအုံပေါ်ကနေ ခုန်ချလိုက်တာမျိုးပေါ့”
“‘Kick-Ass’ ရုပ်ရှင်ရဲ့ အဖွင့်မြင်ကွင်းလိုမျိုးလား”
အော်စကာက မေးမြန်းလိုက်၏။
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံက တစ်ခစ်ခစ် ရယ်မောလိုက်သည်။
“အင်း... အတူတူလောက်ပါပဲ”
အော်စကာက ခေါင်းညိတ်လိုက်ပြီး ထိုအဖြေကို အထူးတလည် ပြောဆိုနေဖို့ မလိုအပ်ဟု ထင်မှတ်ဟန်ဖြင့် မော့ပုရှန်၏ ထိန်းချုပ်ခုံ ရှိရာသို့ တိုက်ရိုက်လျှောက်သွားလေသည်။
“မော့မော့... ခင်ဗျားရဲ့ အဖြေကော ဘာဖြစ်မလဲ”
“အနိမဲပြပွဲမှာ နှလုံးဖောက်ပြီး သေသွားတာမျိုးလား”
မော့ပုရှန်က မသေချာဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ခင်ဗျားက ဆယ်ကျော်သက်စိတ်ကူးယဉ်ရောဂါရှိတဲ့လူနဲ့ အိုတာကုတွေကို အတူတူပဲလို့ သတ်မှတ်လိုက်တာလား”
အော်စကာက မေးလိုက်သည်။
“ကွာခြားလို့လား”
မော့ပုရှန်က ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် ပြန်လည်မေးခွန်းထုတ်၏။
အော်စကာမှာ စကားမဲ့ဟန်ဖြင့် သူ့နှုတ်ခမ်းကို သပ်လိုက်ရာ ပရိသတ်များက နောက်တစ်ကြိမ် ရယ်မောကြပြန်သည်။
“ကောင်းပါပြီ... အစ်ကိုချန်၊ ခင်ဗျားရဲ့ အဖြေကော ဘာဖြစ်မလဲနော်”
အော်စကာက ဆက်လက်မေးမြန်းလိုက်သည်။
“ကျွန်တော်ကတော့ ကာတွန်းထဲက မြင်ကွင်းတစ်ခုကို အခြေခံပြီး ဟင်းပွဲတစ်ခု ချက်ပြုတ်စားသောက်ခဲ့ပြီး အိမ်မှာတင် အစာအဆိပ်သင့်ပြီး သေဆုံးသွားတာမျိုးလို့ ဖြေပါမယ်”
‘ငါစင်ပေါ်ကို တက်ချင်တယ်’ က ပြန်ဖြေလိုက်သည်။
“ဟေး... ဒါက ချက်ပြုတ်တဲ့နည်းလမ်းနဲ့ ဘာမှမဆိုင်ဘူးနော်၊ သူက အစကတည်းက အဆိပ်အတောက် ပါနေတဲ့ ပါဝင်ပစ္စည်းတွေကို ဝယ်ခဲ့မိလို့ မဟုတ်ဘူးလား”
အော်စကာက ဆက်လက်ဝေဖန်လိုက်သည်။
ထို့နောက်တွင်မူ ဆိုဒါ၏ အဖြေက ထွက်ပေါ်လာခဲ့သည်။
“အင်း... ထူးဆန်းအံ့ဖွယ် သတ်မှတ်ချက် မရှိဘူးဆိုတော့... ဒါဆို... ထမင်းစားနေတုန်း သီးပြီးတော့ သေသွားတာမျိုးလား”
“ခင်ဗျားက ကျွန်တော့်ကို ပြန်မေးနေတာလားဗျာ”
ဆိုဒါသည် လုံးဝမေးခွန်းထုတ်သည့် လေသံမျိုးကို အသုံးပြုခဲ့ခြင်းကြောင့် အော်စကာက ထိုအခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။
“ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ မသတ်ခဲ့ပါဘူးနော်”
သူသည် မိမိ၏ ဝေဖန်ပြောဆိုမှုများအပေါ် အတော်လေး သဘောကျနေခဲ့သော်လည်း ဖုန်းပုကြွယ် ရှိရာသို့ ရောက်ရှိလာချိန်တွင် သူ့နှလုံးသားက ထိတ်လန့်နေခဲ့ရသည်...။
အော်စကာက အတင်းအကျပ် ပြုံးလိုက်ရင်း မေး၏။
“ပုကြွယ်... ခင်ဗျားရဲ့ အဖြေက...”
“အဝေးပြေးလမ်းမပေါ်မှာ တစ်နာရီကို ကီလိုမီတာတစ်ရာကျော် အရှိန်နဲ့ မောင်းနေရင်း ယူကွေ့ (U-turn) တစ်ခုထဲကို ချိုးကွေ့လိုက်ပြီး အဲ့ဒီကွေ့တဲ့ အချိန်မှာပဲ ကားတာယာတွေကို လမ်းဘေး ရေမြောင်းထဲကို မောင်းထည့်လိုက်တာမျိုးပေါ့...”
ဖုန်းပုကြွယ်က တည်ငြိမ်စွာဖြင့် ထိုအကြောင်းအရာကို ပြီးဆုံးစေလိုက်သည်။
အော်စကာသည် ယင်းက ဘာကို ဆိုလိုမှန်း သဘောမပေါက်မီအထိ နှစ်စက္ကန့်ခန့် ဆွံ့အသွားခဲ့ရသည်။
“ပြီးတော့ သူသေသွားတာလား”
“သူသာ မသေခဲ့ဘူးဆိုရင် သူက လေပွေလှိုင်းတိုက်ခိုက်မှုတစ်ခုလောက် ပစ်ထုတ်လိုက်ရမှာလား”
ပရိသတ်များထံမှ ရယ်မောသံများ သောင်းသောင်းဖျဖျ ထွက်ပေါ်လာခဲ့သည်။ အော်စကာက မချိပြုံး ပြုံးလိုက်ရင်း ခြောက်ကပ်ကပ်ရယ်လိုက်သည်။
“ကောင်းပါပြီ... ကျွန်တော်တို့ ဒုတိယမြောက်မေးခွန်းကို ကြည့်လိုက်ကြရအောင်...”
သူက ဒုတိယမြောက် ကတ်ပြားကို ထုတ်ယူလိုက်ပြီး ဖတ်ပြလိုက်သည်။
“အကယ်၍ ခင်ဗျားတို့အနေနဲ့ တကယ့်ကို စိတ်ကူးစိတ်သန်းမရှိတဲ့ နေ့တစ်နေ့နဲ့ ကြုံတွေ့ရလို့ အခန်းဆက်တင်ဆက်မှုကို ရပ်နားလိုက်ရမယ်ဆိုရင် စာဖတ်သူတွေကို ဘယ်လိုမျိုး ပြန်လည်ရှင်းပြမလဲဗျာ”
“အိုး... ဒါက တကယ့်ကို ထက်မြတ်လှတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်ဗျာ”
အော်စကာက “ပြီးတော့ ဒါက အရမ်းရုတ်တရက်ဆန်လှတာမို့လို့ အယ်ဒီတာက နောက်ကွယ်ကနေ သူ့ရဲ့ ကိုယ်ပိုင်မေးခွန်းကို တိတ်တိတ်လေး ထည့်ထားတာမျိုး ဖြစ်နိုင်မလားနော်”
သူသည် ပုံမှန်အတိုင်း သာမန်ကာလျှံကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ မျှော်လင့်မထားစွာဖြင့် ဒါရိုက်တာက နားကြပ်ထဲမှနေ၍ သတိပေးလာလေသည်။
“မလိုအပ်တဲ့ စကားတွေကို လျှောက်မပြောနဲ့”
အော်စကာ၏ နှုတ်ခမ်းများက အနည်းငယ်တွန့်ကွေးသွားခဲ့ပြီး အတင်းအကျပ် ပြုံးလိုက်ရသည်။
“ဟားဟား... နောက်တာပါ၊ နောက်တာပါဗျာ”
သူသည် ရွှမ်ထျန်းစုန့်ဘေးသို့ အလျင်အမြန် ပြန်လည်ရောက်ရှိသွားခဲ့သည်။
“စူးရှလှတဲ့ မေးခွန်းတွေက အမှန်တရား ပေါ်ထွက်လာစေဖို့အတွက် မြန်မြန်ဆန်ဆန် ဖြေကြားဖို့ လိုအပ်ပါတယ်၊ ရွှမ်ထျန်း... ခင်ဗျားရဲ့ အဖြေကော ဘာဖြစ်မလဲဗျာ”
ရွှမ်ထျန်းစုန့်သည် အလွန်လေးနက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။
“ကျွန်တော်ကတော့ အမှန်အတိုင်းပဲ ပြောပြပါမယ်”
စာရေးဆရာများအားလုံးသည် ထိုမေးခွန်းအပေါ် အတော်လေး လိမ္မာပါးနပ်သော အဖြေများကိုသာ ပေးခဲ့ကြသော်လည်း သူတို့၏ မျက်နှာအမူအရာများမှာမူ အမှန်တကယ် စစ်မှန်လှပေသည်။
ဖန်ပိန့်က “ကျွန်တော်ကတော့ သီးခြားအခန်းတစ်ခန်း တင်လိုက်ပြီး ငါ့မှာ ကိုယ်ပိုင်ကိစ္စတချို့ ရှိနေလို့ တစ်ရက်လောက် ခွင့်ယူပါရစေလို့ ရေးသားပါမယ်”
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံကမူ ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေ၏။
“ကျွန်တော်ကတော့ အခန်းဆက်ရေးတာကို တစ်ခါမှ မရပ်နားဖူးပါဘူး”
“ကျွန်မကတော့ ပုံနှိပ်စာအုပ်သီးသန့်ပဲ ရေးသားတာဖြစ်ပြီး ကျွန်မရဲ့ စာမူတွေကိုလည်း အမြဲတမ်း အချိန်မီပို့လေ့ရှိပါတယ်၊ ဒါကြောင့်မို့လို့ ကျွန်မမှာ ‘အခန်းဆက်ရပ်နားခြင်း’ ဆိုတဲ့ အတွေ့အကြုံမျိုး တစ်ခါမှ မရှိဖူးပါဘူး”
မော့ပုရှန်၏ အဖြေသည်လည်း အပြစ်ပြောစရာ မရှိအောင် ပြည့်စုံလှသည်။
“ကျွန်တော် အွန်လိုင်းပေါ်မှာ ရေးသားတာတွေအားလုံးက ဇာတ်လမ်းတိုတွေ ချည်းပါပဲ၊ ယေဘုယျအားဖြင့် စတင်ထုတ်ဝေတဲ့ အချိန်မှာ စာအုပ်တစ်အုပ်လုံးက ပြီးလုနီးပါး ဖြစ်နေပြီလေ၊ ပြီးတော့ ကျွန်တော်ကိုယ်တိုင်ကလည်း အယ်ဒီတာတစ်ယောက် ဖြစ်တာကြောင့် စာမူပိုင်းနဲ့ပတ်သက်ပြီး ဘာပြဿနာမျိုးမှ ပေါ်လာမှာ မဟုတ်ပါဘူး”
‘ငါစင်ပေါ်ကို တက်ချင်တယ်’ က ဆို၏။
အော်စကာသည် ထိုလူများကို မေးမြန်းလို့ ပြီးဆုံးသွားခဲ့သည်။ သူက ဆိုဒါရှိရာသို့ ရောက်ရှိသွားပြီး မေးမြန်းလိုက်သည်။
“ဆိုဒါ... ခင်ဗျားရဲ့ အဖြေကော ဘာဖြစ်မလဲဗျာ”
“အင်း... ကျွန်တော့်မှာတော့ အခန်းဆက်ရေးသားတာကို ရပ်နားခဲ့တဲ့ သမိုင်းကြောင်းမျိုး မရှိဖူးပါဘူး၊ ကျွန်တော်ထုတ်ဝေနေတဲ့ အချိန်မှာ သုံးလ ဒါမှမဟုတ် လေးလစာလောက်အထိ အသုံးပြုနိုင်မယ့် စာမူအလုံအလောက် ရှိနှင့်ပြီးသားပါပဲ၊ အခြေခံအားဖြင့်တော့ ပထမဆုံးစာမူအပုံကြီး ကုန်သွားခဲ့ရင် နောက်ပိုင်းအခန်းတွေက နိဂုံးပိုင်းအထိကို ရောက်ရှိနေပါပြီ”
သို့သော်လည်း ဆိုဒါက ထိုမေးခွန်းကို ရှောင်လွှဲခြင်းမပြုခဲ့ဘဲ ဆက်လက်၍ ပြောဆိုလိုက်သည်။
“ဒါပေမဲ့ တကယ်လို့ တစ်နေ့မှာ ကျွန်တော်က စိတ်ကူးစိတ်သန်းမရှိတာကြောင့် အခန်းဆက် ရေးသားမှုကို ရပ်နားလိုက်ရမယ်ဆိုရင်တော့... ကျွန်တော်လည်း အမှန်အတိုင်းပဲ ပြောပြလိမ့်မယ်လို့ ထင်ပါတယ်”
အော်စကာသည် စိတ်မသက်မသာဖြစ်မှုကို အောင့်အည်းသည်းခံရင်း နောက်ဆုံးပြိုင်ပွဲဝင် ရှိရာသို့ ချဉ်းကပ်လာပြီး သူ့အသံက အနည်းငယ် တုန်ရင်နေခဲ့သည်။
“ပုကြွယ်... တကယ်လို့ ခင်ဗျားသာ ဆိုရင်ကောဗျာ”
ဖုန်းပုကြွယ်က တည်ငြိမ်စွာဖြင့် စာလုံးလေးလုံးတည်းကိုသာ ပြန်လည်ဖြေကြားလိုက်သည်။
“အပြင်ထွက် ကုန်ကြမ်းရှာ”
“ဟင်”
ဤသည်မှာ အခြားစာရေးဆရာ ခြောက်ယောက်လုံး၏ ဘုံတုံ့ပြန်မှု ဖြစ်ပေသည်။ နောက်တစ်စက္ကန့်တွင်မူ သူတို့၏ မျက်နှာအမူအရာများအားလုံး ပြောင်းလဲသွားကြပြီး စိတ်ထဲမှနေ၍ ‘ဒီလိုလုပ်တာက တကယ်ပဲ အဆင်ပြေလို့လား’ ဟု တစ်ပြိုင်တည်း တွေးတောလိုက်မိကြသည်။
အော်စကာက “အင်း... ဘယ်လိုပြောရမလဲ၊ ဒါက တကယ့်ကို ကျိုးကြောင်းဆီလျော်တဲ့ ရှင်းလင်းချက်တစ်ခု ဖြစ်တာတော့ အမှန်ပါပဲဗျာ”
သူ့အပြုံးသည် နောက်တစ်ကြိမ် အလွန်အမင်း အိုးတိုးအန်းတန်း ဖြစ်သွားခဲ့ရပြီး စိတ်ထဲမှနေ၍ သူ့ဘာသာ တွေးလိုက်သည်။
‘ငါ့ဖင်ကို ကုန်ကြမ်းရှာပါလား၊ မင်းက စုံထောက်စာရေးဆရာတစ်ယောက် မဟုတ်ဘူးလား၊ မင်းက ကုန်ကြမ်းရှာဖို့အတွက် မှုခင်းဖြစ်ရာနေရာကို သွားမှာလား၊ ဒါမှမဟုတ် မင်းက ပြစ်မှုတချို့ကို ဖန်တီးဖို့ စီစဉ်နေတာလား၊ မင်းကတော့ သေချာပေါက် ပြည်သူ့လုံခြုံရေးဗျူရိုရဲ့ လျှို့ဝှက်အမည်ပျက်စာရင်းတစ်ခုခုထဲမှာ ပါနေတာ ကြာပြီ ဖြစ်ရမယ်’
“ဟဲ... ဟီးဟီး... ဒါဆိုရင်တော့ ကျွန်တော်တို့ ဒီနေ့ရဲ့ နောက်ဆုံးမေးခွန်းကို ကြည့်လိုက်ကြရအောင်ဗျာ”
အော်စကာသည် ဤကဏ္ဍကို မြန်မြန်ဆန်ဆန် ပြီးဆုံးအောင် လုပ်လိုက်ခြင်းက ပိုကောင်းလိမ့်မည်ဟု ခံစားနေရသည်။ စင်မြင့်ထက်က မီးအလင်းတန်းများနှင့် အသံပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များက လေထုကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ပေးနစဉ် သူက တတိယမြောက် မေးခွန်းကတ်ပြားကို မြှောက်လျက် ကင်မရာဘက်သို့ လှည့်၍ အသံကျယ်ကျယ်ဖြင့် ဖတ်ပြလိုက်လေသည်။
“ခင်ဗျားတို့အနေနဲ့ အယ်ဒီတာကို အများဆုံးပြောဖြစ်တဲ့ စာကြောင်းက ဘာဖြစ်မလဲဗျာ”
ထိုနေရာသို့ ရောက်ရှိလာချိန်တွင် ကြော်ငြာဝင်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြန်သည်။ ဒါရိုက်တာ၏ တိုက်တွန်းမှုကြောင့် အော်စကာသည် ကြော်ငြာအပြီးတွင် အသုံးပြုမည့် စံသတ်မှတ်ချက် စာကြောင်းများကို ချက်ချင်းပင် ရွတ်ဆိုလိုက်လေသည်။
ကင်မရာရှုထောင့်နှစ်ခု ကူးပြောင်းသွားပြီးနောက် ပြိုင်ပွဲဝင်များသည် တစ်ယောက်ချင်းစီ အလှည့်ကျ စတင်ဖြေကြားကြသည်။
ရွှမ်ထျန်းစုန့်၏ အဖြေမှာ “မင်္ဂလာပါ” ဟူ၍ ဖြစ်သည်။သူ့ရှင်းလင်းချက်မှာ “ကျွန်တော်တို့ အချင်းချင်း ဆက်သွယ်တဲ့ အချိန်တိုင်းမှာ အဲ့ဒီစကားကို ပြောဖြစ်လို့ပါ” ဟူ၍ ဖြစ်ရာ အတော်လေးချောမွေ့လှသော အဖြေတစ်ခု ဖြစ်သည်။
ဖန်ပိန့်ကမူ သူ့ထက် ပိုမိုရင့်ကျက်သည်ဖြစ်ရာ “ကျေးဇူးတင်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
အော်စကာက နောက်ပြောင်လိုက်သည်။
“ဟင်းသီးဟင်းရွက်ရေ... ခင်ဗျားအနေနဲ့ ကျွန်တော့်ကို ‘နှုတ်ဆက်ပါတယ်’ လို့တော့ ပြောမှာမဟုတ်ဘူး မဟုတ်လား”
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံက ပြုံးလိုက်ရင်း “ဒုက္ခရှာမိလို့ ကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။
“ကောင်းပြီ... ကြည့်ရတာ စစ်မှန်တဲ့ အွန်လိုင်းစာရေးဆရာတွေနဲ့ အယ်ဒီတာတွေအကြား ဆက်သွယ်မှုဟာ ကျွန်တော်တို့လို ကမ္ဘာအပြင်ကလူတွေရဲ့ နားလည်နိုင်စွမ်း အပြင်ဘက်မှာ ရှိနေပုံရပါတယ်ဗျာ”
အော်စကာက ရယ်မောလိုက်သည်။
“နောက်ထပ် ရှိနေတဲ့လူတွေကတော့ ပုံနှိပ်စာအုပ် ထုတ်ဝေဖူးတဲ့လူတွေ ဖြစ်ကြတာမို့လို့ သူတို့ကော ဘယ်လိုမျိုး တုံ့ပြန်မှုတွေပေးသွားကြမလဲဆိုတာ သိချင်မိပါတယ်ဗျာ”
“အင်း... အယ်ဒီတာတွေကို အများဆုံးပြောဖြစ်တဲ့ စာကြောင်းကတော့...”
မော့ပုရှန်က သူမဦးခေါင်းကို စောင်း၍ စဉ်းစားတွေးတောရင်း ပြန်ဖြေလိုက်သည်။
“ကျေးဇူးပြုပြီး တိုက်ရိုက်ပဲ ပြတ်ပြတ်သားသား ဝေဖန်ပေးပါ”
အော်စကာသည် နောက်ဆုံး၌ တူးဆွရကျိုးနပ်မည့် အဖြေတစ်ခုကို ရှာဖွေတွေ့ရှိသွားသဖြင့် ချက်ချင်းပင် ဖော်လိုလိုက်ကာ ထပ်ဆင့်မေးမြန်းလိုက်ပြန်သည်။
“အကြောင်းရင်းက ဘာများဖြစ်လို့လဲမသိဘူးနော်”
“ဘာဖြစ်လို့လဲဆိုတော့ ကျွန်မစာမူပို့တဲ့ အချိန်တိုင်းမှာ အယ်ဒီတာက အရမ်းကောင်းတယ်လို့ပဲ ပြောလေ့ရှိတာကြောင့် ကျွန်မအနေနဲ့ ဝေဖန်မှုတွေကို လက်ခံတဲ့အခါမှာ အမြဲတမ်း အရမ်းဂရုစိုက်ရလို့ပါ”
မော့ပုရှန်က ရှင်းပြလိုက်သည်။
“အိုး...”
အော်စကာက “အစ်ကိုချန်... ခင်ဗျားကော ဘယ်လိုထင်လဲ၊ ခင်ဗျားကိုယ်တိုင်ကလည်း အယ်ဒီတာတစ်ယောက် ဖြစ်တာကြောင့် မော့မော့လိုမျိုး အလှလေးတစ်ယောက်အပေါ် ပြတ်ပြတ်သားသား ဝေဖန်ဖို့အတွက် အနည်းငယ် ဝန်လေးနေမိတာမျိုး မဟုတ်လား”
‘ငါစင်ပေါ်ကို တက်ချင်တယ်’ က ရယ်မောလိုက်သည်။
“ကျွန်တော်က အားကစားမဂ္ဂဇင်းတစ်ခုရဲ့ အယ်ဒီတာတစ်ယောက် ဖြစ်တာကြောင့် ကျွန်တော်လက်ခံရရှိတဲ့ စာမူတွေအားလုံးက သန်မာတဲ့ အမျိုးသားတွေနဲ့ ကြံ့ခိုင်တဲ့ အမျိုးသမီးတွေဆီက ချည်းပါပဲ”
ပရိသတ်များထံမှ ရယ်မောသံများ ထွက်ပေါ်လာခဲ့ပြီး အော်စကာကိုယ်တိုင်လည်း အတူတကွ ရယ်မောလိုက်မိသည်။
“ကောင်းပါပြီ... ဒါဆိုရင် အစ်ကိုချန်၊ ခင်ဗျား စာရေးဆရာတစ်ယောက် ဖြစ်ခဲ့တုန်းက ခင်ဗျားရဲ့ အယ်ဒီတာကို အများဆုံး ပြောဖြစ်ခဲ့တဲ့စာကြောင်းက ဘာဖြစ်မလဲ”
“ဖြစ်နိုင်တာကတော့... သူ့ကို ဒီလောက်အထိ ယဉ်ကျေးမနေဖို့ ပြောတာမျိုးပေါ့”
‘ငါစင်ပေါ်ကို တက်ချင်တယ်’ က ပြော၏။
“ကျွန်တော့်ရဲ့ အွန်လိုင်းအယ်ဒီတာက ကျွန်တော့်ထက် အသက်ငယ်ပေမယ့် သူက ကျွန်တော့်ကို အမြဲတမ်း ‘ဆရာ’ လို့ ခေါ်လေ့ရှိပြီး သူ့ကို လမ်းညွှန်မှုအချို့ ပိုပေးဖို့ တောင်းဆိုလေ့ရှိလို့ပါ”
“အစ်ကိုချန်က သေချာပေါက် အားကစားနယ်ပယ်က ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်တာကြောင့် သူ့ရဲ့ အငွေ့အသက်က တကယ့်ကို ကွဲပြားလှပါတယ်ဗျာ”
အော်စကာက သူ့ကို မြှောက်ပင့်ပြောဆိုလိုက်ပြီးနောက် ဆိုဒါဘက်သို့ လှည့်သွား၏။
“ဆိုဒါ... ခင်ဗျားရဲ့ အဖြေကော ဘာဖြစ်မလဲ”
“ပင်ပန်းရကျိုးနပ်ပါတယ်၊ ကျေးဇူးတင်ပါတယ်”
ဆိုဒါက ပြန်ဖြေလိုက်ပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။
“ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ရဲ့ နိုဗယ်ထဲမှာ ခက်ခဲနက်နဲလှတဲ့ စာလုံးတွေ အမြောက်အများ ပါဝင်နေတာမို့ အဲ့ဒါတွေကို စာအုပ်ထဲ မထည့်ခင် အချက်အလက်တွေကို ရှာဖွေစစ်ဆေးခဲ့ရလို့ပါ၊ ဒါကြောင့်မို့လို့ စာမူပြင်ဆင်ရတဲ့အလုပ်က တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းပါတယ်”
“အိုကေ... ကောင်းပါပြီ၊ ကြည့်ရတာ ဒီမေးခွန်းရဲ့ အဖြေက တကယ့်ကို နေ့စဉ်သုံး စကားလုံးတွေရဲ့ စုစည်းမှုတစ်ခု ဖြစ်ပုံရပါတယ်”
အော်စကာက ဆိုလိုက်ရင်း ဖုန်းပုကြွယ် ရှိရာသို့ စိတ်မပါလက်ပါဖြင့် နောက်တစ်ကြိမ် ချဉ်းကပ်လာခဲ့ပြန်သည်။
“ပုကြွယ်... ခင်ဗျားရဲ့ အဖြေကတော့ ကျွန်တော်တို့ရဲ့ အမြင်ကို နောက်တစ်ကြိမ် ပွင့်သွားစေဦးမှာ သေချာပါတယ်ဗျာ”
သူသည် သူ၏မကျေနပ်မှုများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဖုန်းပုကြွယ်က လုံးဝဂရုမစိုက်ဟန် ရှိသော အမူအရာမျိုးဖြင့် လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။
“စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး၊ အရင်ဆုံးဓားကို အောက်ချလိုက်ပါဦး၊ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် စကားပြောကြရအောင်ပါ၊ ကျွန်တော့်ကို နောက်ထပ် ရက်နည်းနည်းလောက်ပဲ အချိန်ပေးပါ၊ တကယ်ပါ၊ ရက်နည်းနည်းလောက်ပါပဲ”