အခန်း ၂၃၄
Vol. 24 Ch. 234
အခန်း (၂၃၄) ငါကြိုက်တဲ့ဇာတ်လမ်းတွေ ရေးတယ်
“ဒီအဖြေက တကယ်ကြီး အဆင်ပြေရဲ့လား”
ပေါင်တရန်က မေး၏။
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
“သေချာပေါက် အဆင်ပြေတာပေါ့၊ ငါ့အယ်ဒီတာကတော့ စိတ်ထဲထားမှာ မဟုတ်ပါဘူး၊ တီဗီစတေရှင်နဲ့ ပတ်သက်ပြီးတော့ကတော့... အင်း... ဒီဘက်ခေတ် တီဗီအစီအစဉ်တွေက အတော်လေး ပွင့်လင်းမြင်သာမှု ရှိကြလေ၊ သူတို့တွေ ဘာမဆိုနီးပါး ပြောနိုင်ကြတာမို့ ငါ့အဖြေကိုလည်း ဟာသတစ်ခုအနေနဲ့ပဲ မြင်ကြလိမ့်မယ်လို့ ထင်ပါတယ်”
သူ ခဏရပ်လိုက်သည်။
“ဒါပေမဲ့ ဒီဗီဒီယိုပြီးနောက်ပိုင်း ချန်လှပ်ထားခဲ့တဲ့ တည်းဖြတ်မှုအပိုင်းကို ကြည့်ခြင်းအားဖြင့် အော်စကာတောင် ခဏလောက် ပြောစရာစကားမဲ့ခဲ့ရတာတော့ မင်းသိနိုင်ပါတယ်”
“ငါသိချင်တာကတော့... ဒီအပိုင်းကို ရိုက်ကူးပြီးသွားတဲ့အခါမှာ တခြားစာရေးဆရာတွေက မင်းအပေါ် ဘယ်လိုမျိုး ထင်မြင်ယူဆသွားကြမလဲဆိုတာပဲ...”
ရှောင်တန်က မေးလိုက်သည်။ ထိုအချိန်တွင် အာသပ်စ်က ရှောင်တန့်ပေါင်ပေါ်သို့ တွားတက်လာခဲ့ပြီး ၎င်း၏ အမွှေးပွပွလက်ဖဝါးလေးကို ဆန့်ထုတ်၍ ရှောင်တန်၏ ပန်းကန်ပြားထဲမှ အစားအစာများကို လုယူစားသောက်နေခဲ့သော်လည်း ရှောင်တန်ကမူ ဂရုစိုက်ပုံမရပေ။
“တကယ်တော့ ငါတို့တွေ ပြိုင်ပွဲမတိုင်ခင်ကော ပြိုင်ပွဲအပြီးမှာပါ စကားပြောဖြစ်ခဲ့ကြတယ်”
ဖုန်းပုကြွယ်က ပြောသည်။
“ငါ့ရဲ့ တန်ဖိုး၊ ကျော်ကြားမှုနဲ့ လွှမ်းမိုးနိုင်စွမ်းတွေက အဲ့ဒီခြောက်ယောက်နဲ့ ယှဉ်ရင် အဝေးကြီး လိုသေးတယ်ဆိုပေမဲ့ ငါတို့အားလုံး တော်တော်လေးသဟဇာတဖြစ်ဖြစ်နဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်ခဲ့ကြပါတယ်၊ ဟန်ဆောင်ပန်ဆောင် သဟဇာတဖြစ်တာမျိုး မဟုတ်ဘဲ တကယ့်ကို ရိုးရိုးသားသားနဲ့ သဘောထားချင်း တိုက်ဆိုင်တဲ့ စကားဝိုင်းမျိုး ဖြစ်ခဲ့တာပါ”
“ပြောရမယ်ဆိုရင်... မင်းတို့ရဲ့ အလုပ်အကိုင်နယ်ပယ်မှာ လုပ်ဖော်ကိုင်ဖက်တွေက အမြဲတမ်း ပြိုင်ဘက်တွေ ဖြစ်နေတတ်ကြတာ မဟုတ်ဘူးလား”
ပေါင်တရန်က ကြားဖြတ်၍ မေးခွန်းထုတ်လိုက်သည်။
“ဒါက အခြေအနေအပေါ်မှာပဲ မူတည်တာပါ... လောင်ပေါင်၊ မင်းလည်း အစိုးရဌာနမှာ အလုပ်လုပ်နေပြီး ကျယ်ပြန့်တဲ့လူမှုဆက်ဆံရေး ကွန်ရက်လည်း ရှိတာမို့လို့ နားလည်သင့်တယ်၊ ဘယ်လုပ်ငန်းနယ်ပယ်မဆို ယုတ်ညံ့တဲ့လူတချို့တော့ ရှိနေတတ်ကြတာပဲလေ”
ဖုန်းပုကြွယ်က ပွင့်ပွင့်လင်းလင်း ဆိုလိုက်သည်။
“ဒီလိုလူမျိုးတွေက ပါရမီကော ကြိုးစားအားထုတ်မှုပါ ကင်းမဲ့နေကြတာမို့ အခြေခံအားဖြင့်တော့ လုပ်ငန်းနယ်ပယ်ရဲ့ အလယ်အလတ် ဒါမှမဟုတ် အောက်ခြေအဆင့်တွေမှာတင် ပိတ်မိနေတတ်ကြတာပဲ၊ သူတို့တွေက တစ်နေ့လုံး မတရား ပြိုင်ဆိုင်မှုနည်းလမ်းတွေကိုပဲ အသုံးပြုတတ်ကြပြီး မျက်နှာနှစ်မျိုး ရှိတတ်ကြတယ်၊ ပြီးတော့ လူသစ်တွေရှေ့မှာလည်း ဝါရင့်စာရေးဆရာကြီးတွေလိုမျိုး ပြုမူတတ်ကြပြီး သူတို့ရဲ့ သာလွန်မှုတွေကို ကြွားတတ်ကြသေးတယ်။
သူတို့တွေက သူတို့ထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်တဲ့လူတွေကို အမြဲတမ်း မနာလိုဝန်တိုဖြစ်ပြီး ရန်ငြိုးဖွဲ့တတ်ကြတာမို့လို့ သူတို့ရဲ့ စိတ်ဓာတ်က အရမ်း မမျှတဖြစ်နေတတ်ကြတယ်၊ ကိုယ်တိုင်ကြိုးစားအားထုတ်မှုကတစ်ဆင့် အခြားသူတွေကို လိုက်မီအောင် မလုပ်ကြဘဲ ကွယ်ရာကနေ မရိုးသားတဲ့နည်းလမ်းတွေကို အသုံးပြုတာမျိုး ဒါမှမဟုတ် အရာရာကို လျှောက်ပြီး ညည်းတွားနေတာမျိုးတွေကိုပဲ လုပ်တတ်ကြတယ်”
သူက ခဏရပ်လိုက်သည်။
“ဒီလိုလူစုတွေက ရေပိုက်ခေါင်းထောင့်ကပ်မှာ ကပ်ငြိနေတဲ့ ဂျိုးခဲတွေနဲ့ တူတယ်၊ ရေစီးဆင်းတာကို လုံးဝပိတ်ဆို့ထားနိုင်တာမျိုး မရှိကြပေမဲ့ ရေအရင်းအမြစ်ကိုတော့ အဆက်မပြတ် ညစ်ညမ်းစေကြတယ်၊ အဲ့ဒါတွေကို လုံးဝဖယ်ရှားပစ်ဖို့ ခက်ခဲသလို ဒီအတိုင်း ပစ်ထားရင်လည်း စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်၊ ဒီလိုယုတ်ညံ့တဲ့လူတွေရဲ့ တည်ရှိမှုကြောင့်ပဲ လုပ်ငန်းနယ်ပယ်အများအပြားက ရှုပ်ထွေးနေရတာဖြစ်တယ်၊ သူတို့ရဲ့ လွှမ်းမိုးမှုအောက်မှာ မူလက စည်းကမ်းလိုက်နာကြတဲ့ လူတွေတောင်မှ သူတို့ရဲ့ ဂုဏ်သိက္ခာကို လျှော့ချလာကြရတယ်၊ ချိုးဖောက်မှုတချို့ဟာ တဖြည်းဖြည်းနဲ့ လျှို့ဝှက်စည်းကမ်းတွေ ဖြစ်လာကြပြီး အဲ့ဒါတွေကို မလိုက်နာတဲ့လူတွေကတော့ ကွယ်ရာမှာပဲ တိတ်တဆိတ်ခံစားကြရတော့တာပေါ့”
အမျိုးသားများသည် သူတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအကြောင်းကို အမြဲတစေ အဆုံးမရှိ ပြောဆိုတတ်ကြသည်။ ဖုန်းပုကြွယ်လည်း ချွင်းချက်မဟုတ်ပေ။
သူက ဆက်လက်၍ “ဒါကြောင့်... အပြင်းအထန်ပြိုင်ဆိုင်ရတဲ့ ဒါမှမဟုတ် တိုက်ရိုက်ပြိုင်ဆိုင်မှု ရှိနေတဲ့ လုပ်ငန်းနယ်ပယ်အများအပြား လုပ်ဖော်ကိုင်ဖက်တွေဟာ ရန်သူတွေဖြစ်လာကြတာပဲ”
ထို့နောက် သူက စကားလမ်းကြောင်းကို ပြောင်းလိုက်လေသည်။
“ဒါပေမဲ့ အစီအစဉ်မှာ ပါဝင်နေတဲ့ အဲ့ဒီခြောက်ယောက်ကတော့ သူတို့ရဲ့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ထိပ်သီးပုဂ္ဂိုလ်တွေပဲ၊ သူတို့ရဲ့ အဆင့်အတန်းမှာတော့ ဒီလိုမျိုး ပဋိပက္ခတွေ ရှိမနေတော့ဘူးလေ။
သူတို့တွေက ထိပ်ဆုံးကို ရောက်ရှိနေကြပြီ ဖြစ်လို့ သူတို့တစ်ယောက်ချင်းစီမှာ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ သေချာပေါက် ရှိနေကြမှာပဲ၊ ဒါပေမဲ့ ယုတ်ညံ့တဲ့လူတွေကတော့ အောင်မြင်သူတွေရဲ့ အားနည်းချက်တွေကိုပဲ မြင်တတ်ကြပြီး သူတို့ရဲ့ အားသာချက်တွေနဲ့ သူတို့ ပေးဆပ်ခဲ့ကြရတဲ့ ကြိုးစားအားထုတ်မှုတွေကိုတော့ မြင်နိုင်စွမ်း မရှိကြဘူးလေ။
ဒီခြောက်ယောက်ထဲက သုံးယောက်ကတော့ ပိုင်ဆိုင်မှု သန်းဂဏန်းကျော် ရှိကြတဲ့လူတွေ ဖြစ်ကြပြီး ဒါ့အပြင် သူတို့အားလုံးက ယဉ်ကျေးသိမ်မွေ့တဲ့ ပညာတတ်တွေပဲ၊ တချို့အခြေအနေတွေအောက်မှာ သူတို့အချင်းချင်း တိုက်ရိုက်အကျိုးစီးပွားပဋိပက္ခမျိုး ပေါ်လာခဲ့ရင်တောင်မှ သူတို့တွေဟာ စာရေးသားမှုကတစ်ဆင့် ဖြေရှင်းကြမှာပဲ၊ အချင်းချင်းတိုက်ခိုက်တာမျိုး ဒါမှမဟုတ် လူသိရှင်ကြား ဆဲဆိုအော်ဟစ်တာမျိုးတွေကို လုပ်ကြမှာမဟုတ်ပါဘူး၊ အဲ့ဒီလိုလုပ်တာက အတော်လေး အဆင့်အတန်းနိမ့်လွန်းရာ ရောက်တယ်လေ”
“ဟဲ... ဒါပေမဲ့ သူတို့ရဲ့ ပရိသတ်တွေကတော့ ဒီအစီအစဉ်ကို ကြည့်နေရင်းနဲ့ မီးတောက်တွေ အဆက်မပြတ် တောက်လောင်နေကြမှာ သေချာတယ် ဟုတ်တယ်မလား”
ပေါင်တရန်က ထပ်လောင်းပြောဆိုလိုက်သည်။
“ဒါကတော့ ‘ဧကရာဇ်က မစိုးရိမ်ဘဲ မိန်းမစိုးက ပူပန်နေရတယ်’ ဆိုတဲ့ အခြေအနေမျိုးပေါ့”
ဖုန်းပုကြွယ်က ပြော၏။
“ဒီထိပ်သီးပါရမီရှင်တွေကတော့ ပျော်ရွှင်မှုအတွက်ပဲ ပါဝင်ဆင်နွှဲနေကြတာ ဖြစ်နိုင်ပေမဲ့ သူတို့ရဲ့ ပရိသတ်တွေကတော့ ဒါကို အတည်သဘောထားနေကြတာ၊ ဒီအစီအစဉ်က ဖျော်ဖြေရေး သက်သက်အတွက်ပဲလေ၊ စာပေနယ်ပယ်မှာ လုံးဝဥဿုံ ပထမနေရာဆိုတာ မရှိတာမို့ ဘယ်သူက ပိုတော်လဲဆိုတာကို ဘယ်လိုနည်းနဲ့ အမှန်တကယ် ဆုံးဖြတ်နိုင်မှာလဲ။
ငါ့အမြင်တော့... နောက်ဆုံးအဆင့်မှာ ဘယ်သူပဲ အနိုင်ရသွားပါစေ ပျော်နိုင်မှာ မဟုတ်ဘူး၊ သူတို့တွေက အခြားသူတွေရဲ့ ပရိသတ်အားလုံးရဲ့ တိုက်ခိုက်တာကို သေချာပေါက် ခံရမှာဖြစ်လို့ပဲ”
သူက သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်ရင်း ပြောလိုက်သည်။
“ဒါကြောင့်မို့လို့ ငါက ဘယ်လိုပြန်ရောက်လာခြင်းပြိုင်ပွဲမျိုးထဲမှာမှ မပါချင်ရတာပဲ၊ တကယ်လို့ ငါက အွန်လိုင်းမဲပေးမှုမှာ အဆင့်ခုနစ်နေရာလောက် ရသွားခဲ့ရင် ဘာလုပ်မလဲ၊ အဆင့်ရှစ်နေရာက လူရဲ့ ပရိသတ်တွေက ငါ့ကို သေတဲ့အထိ မုန်းတီးသွားကြမှာ မဟုတ်ဘူးလား”
“မင်းလိုမျိုး အစီအစဉ်ပေါ်မှာ အထိန်းအကွပ်မရှိ ပြုမူနေပြီး လုပ်ငန်းနယ်ပယ်ရဲ့ ကင်ဆာဆဲလ်လို အပြုအမူပေါင်းစုံ ပြနေတဲ့လူက တိုက်ခိုက်ခံရမှာ ကြောက်နေသေးတာလား”
ရှောင်တန်က အာသပ်စ်ကို မြှောက်ချီလိုက်ပြီး ကြောင်လေး၏ မျက်နှာကို အကာအကွယ်အဖြစ် အသုံးပြု၍ အာသပ်စ်ကိုယ်တိုင် ထိုစကားလုံးများကို ပြောဆိုလိုက်သည့်အလား ပြုလုပ်လိုက်သည်။
“ငါ့ကြောင်ကို အောက်ချထား”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
“ချစ်စရာကောင်းအောင် လျှောက်လုပ်နေတာက ရှက်စရာကောင်းတယ်နော်”
သူတို့သုံးယောက် စကားစမြည် ပြောဆိုနေကြစဉ်အတွင်း ရိုက်ကူးထားသော အစီအစဉ်သည် နောက်ဆုံးအပိုင်းသို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။
အော်စကာက ကင်မရာရှေ့သို့ လျှောက်လှမ်းလာခဲ့ပြီး မြင်ကွင်းက သည်းထိတ်ရင်ဖို ရုပ်ရှင်တစ်ခုကဲ့သို့ မှောင်မိုက်သော လေထုဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ အပေါ်တည့်တည့်မှနေ၍ မီးမောင်းအလင်းတန်းတစ်ခု ဖြာကျလာခဲ့ပြီး ထိုအလင်းတန်း၏ အောက်တွင် အော်စကာက မတ်တတ်ရပ်လျက် အထီးကျန်ဆန်စွာ ကြေညာလိုက်သည်။
“လူတိုင်း မျှော်လင့်စောင့်စားနေကြတဲ့ အချိန်အခိုက်အတန့်ကတော့ နောက်ဆုံးမှာ ရောက်ရှိလို့လာခဲ့ပါပြီခင်ဗျာ၊ တတိယမြောက်နဲ့ နောက်ဆုံးအချီ ထိပ်တိုက်ရင်ဆိုင်မှုကြီးကတော့ စတင်တော့မှာ ဖြစ်ပါတယ်”
သူက လက်တစ်ဖက်ကို ဆန့်ထုတ်၍ ကင်မရာဘက်သို့ ညွှန်ပြလိုက်သည်။
“နောက်ဆုံးအချီ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်တဲ့... ‘အဆုံးသတ်ကလောင်ချက်’ ကဏ္ဍမှ ကြိုဆိုပါတယ်ခင်ဗျာ”
ထိုအချိန်တွင် တီဗီဖန်သားပြင်ထက်၌ တတိယအဆင့်၏ စည်းကမ်းချက်များကို ပြသလာခဲ့သည်။
“ဒီအဆင့်ကတော့ အတော်လေး ရှည်လျားပြီး စည်းကမ်းချက်တွေကလည်း အတော်လေး ရှုပ်ထွေးလှပါတယ်”
အော်စကာက ဆိုသည်။
“ဒီအဆင့်မှာ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီဟာ ရေးသားလို့ မပြီးဆုံးသေးတဲ့ နိုဗယ်တစ်ပုဒ်စီကို မဲနှိုက်ရမှာ ဖြစ်ပါတယ်”
သူက ခဏရပ်လိုက်သည်။
“ကျွန်တော်တို့တွေ ယေဘုယျအားဖြင့် ခေါ်ကြတာတော့ စွန့်ပစ်ထားတဲ့နိုဗယ်လို့ ခေါ်ကြတာပေါ့ဗျာ”
အော်စကာက ကင်မရာဘက်သို့ မျက်နှာမူရင်း ပြောလိုက်သည်။
“ဒီနိုဗယ်တွေရဲ့ စာရေးဆရာတွေဟာ အကြောင်းပြချက်အမျိုးမျိုးကြောင့် သူတို့ရဲ့ ဇာတ်လမ်းတွေကို အဆုံးသတ်အထိ မရေးသားနိုင်ခဲ့ကြဘဲ ဇာတ်ကွက်ရဲ့ အလယ်အလတ်အပိုင်းမှာတင် ရုတ်တရက် ရပ်နားခဲ့ကြတာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ စာရေးဆရာခုနစ်ယောက်ရဲ့ တာဝန်ကတော့ ဒီလိုမျိုး မပြီးဆုံးသေးတဲ့ ဇာတ်လမ်းတွေကို ပြည့်စုံကောင်းမွန်တဲ့ အဆုံးသတ်တစ်ခု ပေးရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ”
ထိုအချိန်တွင် ကင်မရာထောင့် ပြောင်းလဲသွား၏။ အော်စကာသည် နောက်ထပ်ကင်မရာတစ်ခုဘက်သို့ ကျွမ်းကျင်စွာ လှည့်လိုက်ရင်း ဆိုသည်။
“ဒီအဆင့်မှာ ပါဝင်မယ့်နိုဗယ်တွေကိုတော့ ကျွန်တော်တို့ အစီအစဉ်ရဲ့ အဓိကအယ်ဒီတာသုံးယောက်နဲ့ ဝန်ထမ်းအများအပြားက ရွေးချယ်ပေးထားတာ ဖြစ်ပါတယ်၊ သူတို့တွေဟာ ရေးသားလို့ မပြီးဆုံးသေးတဲ့ စာမူအများအပြားကို ဖတ်ရှုခဲ့ကြတာဖြစ်ပြီး အဆင့်ဆင့် စစ်ဆေးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ နောက်ဆုံးမှာ ဒီနိုဗယ်ခုနစ်ပုဒ်ကို ရွေးချယ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ၊ သူတို့တွေရဲ့ လုပ်ငန်းပမာဏက တကယ့်ကို ကြီးမားလှတာမို့ ကျွန်တော်တို့တွေအနေနဲ့ ကွယ်ရာက သူရဲကောင်းတွေကို လက်ခုပ်တီးပြီး ဂုဏ်ပြုလိုက်ကြရအောင်လားဗျာ”
ဒါရိုက်တာက ပရိသတ်များကို သောင်းသောင်းဖျဖျ လက်ခုပ်တီးရန် ညွှန်ကြားချက် ပေးလိုက်သည်။
အော်စကာက ဆက်ပြော၏။
“အခုဆိုရင်တော့ ဒီနိုဗယ်ခုနစ်ပုဒ်ကို ပုံနှိပ်ထုတ်ဝေပြီး ဖြစ်ပါတယ်ခင်ဗျာ”
သူပြောဆိုနေအတွင်း ဝန်ထမ်းအချို့က ပြိုင်ပွဲဝင်များ ထိုင်ရာနေရာသို့ လျှောက်လာကြပြီး ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီကို နံပါတ်တစ်ခုစီ ပါဝင်နေသော စာအိတ်တစ်အိတ်စီ ပေးလိုက်ကြသည်။
“ကျွန်တော်တို့ စာရေးဆရာ ခုနစ်ယောက်စလုံး စာအိတ်တစ်အိတ်စီ လက်ခံရရှိမှာ ဖြစ်ပါတယ်၊ စာအိတ်တစ်အိတ်ချင်းစီရဲ့ အတွင်းထဲမှာတော့ စာလုံးရေ တစ်သိန်းခန့်ပါပြီး ရေးသားလို့ မပြီးသေးတဲ့ A4 စာရွက်ပုံကြီး ပါဝင်နေမှာ ဖြစ်ပါတယ်”
အော်စကာက ရှင်းပြလိုက်သည်။
“သေချာတာက ကျွန်တော်တို့အနေနဲ့ ပြိုင်ပွဲဝင်တွေကို သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ နိုဗယ်တစ်အုပ်လုံးကို ဖတ်ခိုင်းဖို့အတွက် မျှော်လင့်လို့မရနိုင်ပါဘူး၊ ဒါကြောင့်မို့လို့ စာအိတ်ထဲမှာ ‘ငါက စာရေးဆရာတစ်ယောက်ပါ’ အယ်ဒီတာအဖွဲ့က ပြုစုပေးထားတဲ့ နိုဗယ်ရဲ့ ဇာတ်ကွက်ကျောရိုး အကျဉ်းချုပ်ပါဝင်တဲ့ သီးသန့်စာမျက်နှာတစ်ခု ပါဝင်နေဦးမှာ ဖြစ်ပါတယ်၊ ဒီဇာတ်ကွက်ကျောရိုးထဲမှာတော့ လက်ရှိဇာတ်ကောင်တွ်ကြား ဆက်ဆံရေးနဲ့ ယေဘုယျ ဇာတ်ကွက် အကျဉ်းချုပ်တို့ ပါဝင်မှာဖြစ်ပြီး စာလုံးရေ သုံးထောင်လောက် ရှည်လျားမှာ ဖြစ်ပါတယ်”
အော်စကာက ဖန်သားပြင်ကြီးဆီသို့ လက်ဟန်တစ်ခု ပြလိုက်သည်။
“ဒီအဆင့်အတွက် အချိန်ကတော့ မိနစ်၉၀ တိတိ ဖြစ်ပါတယ်ခင်ဗျာ”
သူက သူ့လက်ချောင်းများဖြင့် လက်ဖျစ်တီးလိုက်ရာ ဖန်သားပြင်ထက်၌ ၉၀:၀၀ ဟူသော စက္ကန့်နောက်ပြန်ရေတွက်မှုတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ကျွန်တော်က ‘စတင်ပါ’ လို့ ပြောတဲ့အချိန်ကျရင် စာရေးဆရာတွေအနေနဲ့ မိမိတို့ရဲ့ စာအိတ်တွေကို ဖွင့်လှစ်နိုင်ပါပြီ၊ ခင်ဗျားတို့မှာ ခင်ဗျားတို့ မဲနှိုက်ရရှိထားတဲ့ နိုဗယ်အတွက် နောက်ဆုံးအခန်းကို ရေးသားဖို့အတွက် အချိန် မိနစ်၉၀ ရရှိမှာ ဖြစ်ပါတယ်၊ ဒီနောက်ဆုံးအခန်းကတော့ ဒီစာအုပ်ရဲ့ လက်ရှိအခန်းတွေရဲ့ နောက်ဆုံးအခန်းရဲ့ နောက်ကနေ တိုက်ရိုက်လိုက်ပါသွားမှာ ဖြစ်ပါတယ်ခင်ဗျာ”
ကင်မရာက ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီ၏ မျက်နှာများကို ဖြတ်သန်းသွားခဲ့ပြီးနောက် အော်စကာ ရှိရာသို့ ပြန်လည်ရောက်ရှိလာလေသည်။ အနီးကပ်မြင်ကွင်းတွင် အော်စကာက ဆက်ပြောလိုက်သည်။
“ဒီအဆင့်မှာတော့ ပရိသတ်တွေအနေနဲ့လည်း စာရေးဆရာတွေရဲ့ ရေးသားချက်ဟာ အရင်အခန်းတွေနဲ့ ကိုက်ညီမှု ရှိမရှိ ဆုံးဖြတ်နိုင်ဖို့အတွက် စာအုပ်တစ်အုပ်ချင်းစီရဲ့ ဇာတ်ကွက်ကျောရိုးတွေကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်၊ ဒါပေမဲ့... ဒီအဆင့်မှာ ပရိသတ်တွေရဲ့ ရမှတ်သတ်မှတ်ချက် စံနှုန်းကတော့ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီ ရေးသားထားတဲ့ နောက်ဆုံးအခန်းအပေါ်မှာပဲ အခြေခံမှာ ဖြစ်ပါတယ်၊ ဒါဟာ ပရိသတ်တွေအနေနဲ့ စာရေးဆရာ ခုနစ်ယောက် ရေးသားထားတဲ့ အခန်း ခုနစ်ခန်းကိုသာ နှိုင်းယှဉ်ဖို့ လိုအပ်တယ်ဆိုတဲ့သဘော ဖြစ်ပါတယ်ခင်ဗျာ၊ ဒါကို အခြေခံပြီးတော့ ကျေးဇူးပြုပြီး... ခင်ဗျားတို့အကောင်းဆုံးတစ်ခုလို့ ထင်တဲ့ဟာကို ရွေးချယ်ပေးကြပါဗျာ၊ ပြီးရင်တော့ မဲပေးနိုင်ပါပြီ”
အော်စကာက ထပ်လောင်း ပြောဆိုလိုက်သည်။
“ကျွန်တော် အရင်က ပြောခဲ့ဖူးသလိုမျိုးပဲ နောက်ဆုံးအဆင့်ရဲ့ ရမှတ်ကတော့ ရမှတ်စုစုပေါင်းရဲ့ လေးဆယ်ရာခိုင်နှုန်းအထိ ပါဝင်မှာ ဖြစ်ပါတယ်၊ ဒါပေမဲ့ ဒီလေးဆယ်ရာခိုင်နှုန်းထဲက ပရိသတ်တွေရဲ့ မဲက သုံးပုံနှစ်ပုံသာ ပါဝင်မှာ ဖြစ်ပါတယ်၊ ကျန်တဲ့ သုံးပုံတစ်ပုံကတော့ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်သူ ဒိုင်လူကြီးအဖွဲ့ဆီကနေ လာမှာ ဖြစ်ပါတယ်ခင်ဗျာ”
သူက ပရိသတ်များ၏ ရှေ့ဆုံးတန်းဆီသို့ ညွှန်ပြရင်း မိတ်ဆက်ပေးလိုက်သည်။
“ဒီအစီအစဉ်ရဲ့ အဓိက အယ်ဒီတာသုံးယောက်၊ အယ်ဒီတာ ဆယ့်လေးယောက်နဲ့ ကျွန်တော်တို့ ဖိတ်ခေါ်ထားတဲ့ စာရေးဆရာအသင်းက ဆရာသုံးယောက်တို့ ပါဝင်တဲ့ လူအယောက်နှစ်ဆယ် ပါတဲ့ ကျွမ်းကျင်သူ ဒိုင်လူကြီးအဖွဲ့ရဲ့ မဲတွေကိုတော့... နောက်ဆုံးအဆင့် ပြိုင်ပွဲဝင်တွေရဲ့ ရမှတ်ရဲ့ သုံးပုံတစ်ပုံအနေနဲ့ သတ်မှတ်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ”
အော်စကာက ပြောသည်။
“ကျွန်တော်တို့ရဲ့ ကျွမ်းကျင်သူ ဆရာအယောက်နှစ်ဆယ်ဟာ ပြိုင်ပွဲမတိုင်ခင်ကတည်းက တတိယအချီရဲ့ နိုဗယ်ခုနစ်ပုဒ်လုံးကို ဖတ်ရှုခဲ့ကြပြီး ဖြစ်သလို သူတို့ထဲက အများစုကလည်း ဇာတ်ကွက်ကျောရိုးတွေ ရေးသားတဲ့နေရာမှာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်၊ ဒါပေမဲ့ ပြိုင်ပွဲမတိုင်ခင်အထိ ဘယ်ပြိုင်ပွဲဝင်က ဘယ်စာအုပ်ကို မဲနှိုက်ရရှိမလဲဆိုတာကိုတော့ ဘယ်သူမှ မသိထားကြပါဘူး”
သူသည် တဖြည်းဖြည်းဖြင့် ပိုမိုရင်ခုန်စိတ်လှုပ်ရှားစရာကောင်းသော လေထုကို တမင်တကာ ဖန်တီးနေခဲ့သည်။
“ဆရာတွေရဲ့ ရမှတ်သတ်မှတ်ချက် စံနှုန်းကတော့ အတော်လေး တင်းကြပ်လှပါတယ်၊ သူတို့တွေဟာ စာရေးဆရာတွေရဲ့ ဆက်လက်ရေးသားချက်တွေကို နောက်ဆုံးအခန်းနဲ့ အရင်စာသားတွေအကြား ကိုက်ညီမှု ရှိမရှိ၊ စာရေးဟန် ချိတ်ဆက်မှု ရှိမရှိနဲ့ ဇာတ်ကွက်ရဲ့ ကျိုးကြောင်းဆီလျော်မှု ရှိမရှိ စတဲ့ အချက်အလက်အများအပြားအပေါ် အခြေခံပြီး ဘက်စုံအကဲဖြတ်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ”
“ကဲ… လူတိုင်း စတင်ဖို့ စိတ်အားထက်သန်နေကြပြီလို့ ကျွန်တော် ယုံကြည်ပါတယ်၊ ဒါကြောင့်မို့လို့ အခုပဲ... တတိယအချီဖြစ်တဲ့ ‘အဆုံးသတ်ကလောင်ချက်’ ကဏ္ဍကို... တရားဝင် စတင်လိုက်ပါပြီခင်ဗျာ”
အော်စကာက အမိန့်ပေးလိုက်သည်။ ဖန်သားပြင်ကြီးထက်က အချိန်မှာ ၈၉:၅၉ သို့ ပြောင်းလဲသွားပြီးနောက် တစ်စက္ကန့်ချင်းစီ နောက်ပြန်တွက်ချက်လာသဖြင့် တီဗီဖန်သားပြင်ထက်မှနေ၍ နာရီ၏ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော တစ်ချက်ချက် မြည်သံများ ထွက်ပေါ်လာတော့သည်။
“တီဗီရှေ့က ကြည့်ရှုသူတွေကတော့ မိနစ်ကိုးဆယ်အထိ စောင့်နိုင်ကြမှာ မဟုတ်ဘူးမလား”
ထိုအချိန်တွင် ရှောင်တန်က မေးမြန်းလိုက်သည်။
ဖုန်းပုကြွယ်က ပြန်ဖြေ၏။
“သေချာပေါက် မစောင့်နိုင်ကြဘူးပေါ့၊ ဒီကဏ္ဍကိုတော့ အခြေခံအားဖြင့် ဆယ်မိနစ်လောက်အထိ လျှော့ချပစ်လိမ့်မယ်၊ အဓိကအားဖြင့်တော့ နောက်ပိုင်းတည်းဖြတ်မှုမှာ ထည့်ထားတဲ့ အင်တာဗျူး အကြောင်းအရာတွေနဲ့ ပရိသတ်အချို့ရဲ့ အင်တာဗျူးတွေ ပါဝင်မှာပေါ့၊ ပြီးတော့ ဒီအပိုင်းအတွက် ဆုမဲနှိုက်တဲ့ ကဏ္ဍလည်း ရှိမှာဖြစ်သလို ကြော်ငြာတွေလည်း သေချာပေါက် ပါဝင်လိမ့်မယ်”
သူက ရုတ်တရက် အကြောင်းအရာတစ်ခုခုကို သတိရသွားဟန်ရှိသည်။
“အိုး... ဟုတ်သားပဲ၊ ပြိုင်ပွဲကွင်းပြင်မှာတော့ အဲ့ဒီလိုမျိုး နောက်ခံအသံတွေ မရှိပါဘူး၊ အဲ့ဒီထူးဆန်းတဲ့ ချက်ချက်မြည်တဲ့အသံကတော့ နောက်ပိုင်းတည်းဖြတ်မှုကျမှ ထည့်သွင်းထားတာပဲ”
“ဟူး... ငါပြောချင်တာကတော့ ဒီအဆင့်အတွက် မိနစ်ကိုးဆယ်ဆိုတာ မလောက်ငှနိုင်ဘူး မဟုတ်လား၊ စာလုံးရေ တစ်သိန်းရှိတဲ့ နိုဗယ်တစ်ပုဒ်ကို အစနဲ့ အဆုံးပဲကြည့်ပြီး ကျန်တဲ့အပိုင်းတွေကို ကျော်ပြီး ဇာတ်ကွက်ကျောရိုးအပေါ် အမှီပြုပြီး ဖြည့်စွက်ရမယ်ဆိုရင်တောင်... စိတ်ကူးစိတ်သန်းတွေ စုစည်းပြီး စာစရေးဖို့အတွက် အနည်းဆုံး နာရီဝက်လောက် အချိန်ယူရမှာပဲလေ”
ပေါင်တရန်က ဆိုလေသည်။
“ဒါကတော့ မြေကြီးလက်ခတ်မလွဲပေါ့”
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။
“ပြိုင်ပွဲကွင်းပြင်မှာ ရှိနေတဲ့ စာရိုက်စနစ်နှစ်မျိုးကို အသုံးပြုပြီးတော့ အချိန်တိုလေးအတွင်း အရည်အသွေးရှိတဲ့ စာလုံးရေနှစ်ထောင်ကျော်ကို တစ်နာရီအတွင်း ပြီးအောင် ရေးနိုင်တာက တကယ့်ကို ပရောက်ဖက်ရှင်နယ်စွမ်းဆောင်ရည်တစ်ခု ဖြစ်နေပြီ”
သူက ကော်ဖီစားပွဲပေါ်မှ သူ့ဖျော်ရည်ကို ကောက်ယူ၍ တစ်ငုံသောက်လိုက်သည်။
“ဒါ့အပြင် အဆုံးသတ်ပိုင်းတွေက... တကယ်တော့ ရေးဖို့က အရမ်းခက်ခဲတယ်လို့ ငါထင်တယ်၊ ဒါ့အပြင် ဒီလိုမျိုး ရေးလို့မပြီးသေးတဲ့ စာအုပ်တွေမှာ ဖြည့်စွက်ဖို့ ကျန်နေသေးတဲ့ ဇာတ်ကွက် ဟာကွက်တွေ အများအပြားရှိနေတတ်ကြတယ်၊ ပရိသတ်တွေက ဒါကို မသိနိုင်ကြပေမဲ့ ကျွမ်းကျင်သူ ဒိုင်လူကြီးတွေကတော့ အဲ့ဒီဟာကွက်တွေကို ဘယ်လောက်အထိ ကောင်းမွန်အောင် ဖြည့်စွက်နိုင်လဲဆိုတဲ့ အချက်အပေါ် မူတည်ပြီး ရမှတ်ပေးကြမှာ၊ ပြီးတော့ စာရေးတဲ့အခါမှာ မူလစာရေးဆရာရဲ့ စာရေးဟန်အတိုင်း အနီးစပ်ဆုံး တုပပြီးရေးနိုင်တာက အကောင်းဆုံးဖြစ်ပြီး ဒါမှပဲ စာဖတ်သူတွေအတွက် စိမ်းမနေမှာပေါ့”
“ကြားရုံနဲ့တင် မယုံနိုင်လောက်အောင် ခက်ခဲပုံရတယ်...”
ရှောင်တန်က သက်ပြင်းချလိုက်၏။
ဖုန်းပုကြွယ်က အပျင်းဆန့်လိုက်သည်။
“ငါ့အထင်တော့ အဆင်ပြေပါတယ်၊ ငါတို့ ဒီအပိုင်းကို ရိုက်ကူးနေတဲ့အချိန်တုန်းက ပရိသတ်တွေနဲ့ ဝန်ထမ်းအများစုက အနားယူနေခဲ့ကြတာလေ၊ စင်မြင့်ပေါ်က ပုံသေကင်မရာလေးလုံးနဲ့ ရွေ့လျားကင်မရာနှစ်လုံးပဲ တစ်လျှောက်လုံး လိုက်လံရိုက်ကူးနေခဲ့ရတာ၊ ဒီအချိန်အတွင်း ငါလည်း အနားယူပြီးတော့ မိတ်ကပ်တွေကို ပြန်ပြင်နေတဲ့ အော်စကာနဲ့ စကားပြောခဲ့သလို အိမ်သာလည်း သွားခဲ့သေးတယ်”
“ဟေး... ခဏနေပါဦး၊ မင်းက အချိန်မလောက်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ မင်းက ကိုယ့်ထိုင်ခုံကနေ ထွက်သွားပြီးတော့ တခြားလူနဲ့ စကားစမြည် ပြောဖို့ အချိန်တောင် ရှိသေးတယ်လား”
ပေါင်တရန်က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မိသည်။
“ဟီးဟီး... ရလဒ်တွေကို မြင်ရတဲ့အခါကျရင် မင်းသိလာပါလိမ့်မယ်”
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်လေသည်။
ယင်းသည် အကြိုတည်းဖြတ်မှုဖြစ်ခြင်းကြောင့် ဆယ်မိနစ်စာကဏ္ဍကိုပင် လျင်မြန်စွာ ကျော်သွားခဲ့ပြီး အစီအစဉ်သည် မကြာမီအတွင်း ရလဒ်များ ကြေညာမည့်အပိုင်းသို့ ရောက်ရှိလို့လာခဲ့တော့သည်။
အော်စကာတစ်ယောက် အချိန်များ ရေတွက်နေသည်နှင့်အမျှ စာရေးဆရာများ၏ အနီးကပ်ရိုက်ချက်များက အလွန်အမင်း မြန်ဆန်သော အရှိန်အဟုန်ဖြင့် ပေါ်ထွက်လာခဲ့ပြီး ဂီတသံကလည်း ပိုမိုမြန်ဆန်ကာ လောဆော်လာခဲ့သည်။ နောက်ဆုံး၌ ဖန်သားပြင်ကြီးထက်က အချိန်သတ်မှတ်ချက် ကုန်ဆုံးသွားခဲ့ပြီးနောက် အော်စကာက အက်ရှရှအသံဖြင့် အော်ဟစ်လိုက်တော့သည်။
“အချိန်…စေ့ပါပြီခင်ဗျာ”
သူသည် သူ့ချွေးများကို သုတ်ရင်း သက်ပြင်းချလိုက်သည်။
“ဟူး... နောက်ဆုံးတော့ အမှန်တရား ပေါ်ထွက်လာမယ့် အချိန်ကို ရောက်ရှိလို့လာခဲ့ပါပြီခင်ဗျာ၊ ကျွန်တော့်အနေနဲ့ အရင်ဆုံး မေးခွန်းတစ်ခု မေးမြန်းချင်ပါတယ်...”
အော်စကာက ပြိုင်ပွဲဝင်များ ထိုင်ရာနေရာဘက်သို့ လှည့်၍ မေးလိုက်လေသည်။
“လူတိုင်း... အချိန်လုံလောက်မှု ရှိကြရဲ့လား”
“အချိန်... မရှိတော့ဘူး”
စာရေးဆရာများက တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။
ထိုမြင်ကွင်းသည် ၁၉၈၀ ပြည့်လွန်နှစ်များက မူလတန်းကျောင်းစာသင်ခန်းတစ်ခုတွင် ဆရာက စင်မြင့်ပေါ်မှနေ၍ “သားတို့တွေ ကြီးလာရင် ဘာဖြစ်ချင်ကြလဲ” ဟု မေးမြန်းလိုက်သည့် အခြေအနေမျိုးနှင့် အမှန်တကယ် တူညီလှပေသည်။
ကျောင်းသားများက သူတို့၏ အသံများကို ဆွဲဆန့်လျက် တညီတညွတ်တည်း “သိပ္ပံပညာရှင်ကြီးပါ” ဟု ပြန်လည်ဖြေကြားခဲ့ကြခြင်းဖြစ်သည်။
ဖုန်းပုကြွယ်ကမူ နှုတ်ဆိတ်နေခဲ့သောကြောင့် အော်စကာက ရှေ့တက်လာပြီး မေးမြန်းလိုက်လေသည်။
“ပုကြွယ် စကားမပြောတာကို ကျွန်တော်တွေ့ရပါတယ်၊ ကြည့်ရတာ ခင်ဗျားအတွက် အချိန်တွေ အများကြီး ရှိနေခဲ့ပုံရတယ်နော် ဟုတ်တယ်မလားဗျာ”
ဖုန်းပုကြွယ်က ပြန်ဖြေ၏။
“အင်း... ကျွန်တော် စာအုပ်တစ်အုပ်လုံး ပြီးအောင် ဖတ်လိုက်တယ်”
“မိနစ်ကိုးဆယ်အတွင်းမှာလား”
အော်စကာက မျက်လုံးပြူးသွားပြီး မေးလိုက်သည်။
“ဟုတ်ပါတယ်”
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။
“ဝါး... ပုကြွယ်ရဲ့ စွမ်းဆောင်ရည်က ဒဏ္ဍာရီလာ ‘တစ်ချက်ကြည့်ရုံနဲ့ စာဆယ်ကြောင်းဖတ်နိုင်ခြင်း’ ဆိုတာမျိုးလား”
အော်စကာက ဆက်လက်၍ “ဒါဆိုရင် ကျွန်တော်မေးပါရစေ၊ ခင်ဗျားဖတ်ရှုပြီးသွားတဲ့ အခါမှာ ဒီစာအုပ်အပေါ် ဘယ်လိုမျိုး ထင်မြင်ယူဆမိပါသလဲ”
“ကောင်းကောင်းမွန်မွန် ရေးသားထားပါတယ်”
ဖုန်းပုကြွယ်က အမူအရာကင်းမဲ့စွာ ပြန်ဖြေလိုက်သည်။
ထိုနောက် အော်စကာက ကင်မရာဘက်သို့ လှည့်၍ ဟာသဆန်သော မျက်နှာအမူအရာမျိုး ပြုလုပ်လိုက်လေသည်။
“ဘာဖြစ်လို့ ကျွန်တော့်စိတ်ထဲမှာ ခင်ဗျားက ဒီလိုမျိုးအကဲဖြတ်ချက်ကို ငါးမိနစ်လောက် ဖတ်ပြီးတာနဲ့ ပေးနိုင်တယ်လို့ ခံစားရတာလဲ မသိဘူးနော်”
ပရိသတ်များထံမှ ရယ်မောသံများ တသောသော ထွက်ပေါ်လာလေသည်။
“ကောင်းပါပြီဗျာ၊ ကျွန်တော်တို့ ထုံးစံအတိုင်း ပထမဆုံးပြိုင်ပွဲဝင်ရဲ့ ရေးသားချက်ကို စတင်ကြေညာလိုက်ကြရအောင်”
အော်စကာက စကားဝိုင်းကို လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး ရွှမ်ထျန်းစုန့်၏ ထိန်းချုပ်ခုံရှိရာသို့ ချဉ်းကပ်သွားလိုက်သည်။
“ရွှမ်ထျန်း... ခင်ဗျားက ဒီနေ့ ပထမဆုံး နံပါတ်တစ်ကို နှိုက်မိခဲ့တာဖြစ်လို့ ဖိအားတွေ ခံစားနေရလား”
“အင်း...”
ရွှမ်ထျန်းစုန့်က ခေတ္တမျှ စဉ်းစားတွေးတောလိုက်သည်။
“အမှန်တော့... အဆင်ပြေပါတယ်၊ ဒါက ကျွန်တော်ငယ်ငယ်တုန်းက ဆေးရုံမှာ ဆေးထိုးခံရတာနဲ့ တူပါတယ်၊ နာကျင်မှု ခဏခံရတာက အကြာကြီး ခံရတာထက် ပိုကောင်းတယ်ဆိုတဲ့ ခံစားချက်မျိုးပေါ့၊ ကျွန်တော့်အထင်တော့ ပထမဆုံးဖြစ်ရတာက ပိုကောင်းပါတယ်”
သူက ပြုံးရင်း ဘေးသို့လှည့်လိုက်သည်။
“နောက်တစ်ကြိမ်မှာ နံပါတ်တစ် မဲနှိုက်ရတဲ့လူရှိရင် ကျွန်တော့်ဆီလာပြီးတော့ လဲလို့ရပါတယ်နော်”
အစီအစဉ်၏ ထိုအပိုင်းသို့ ရောက်ရှိလာသောအခါ ပြိုင်ပွဲဝင်များသည် စိတ်အပန်းပြေသွားခဲ့ကြပြီး အချင်းချင်း နောက်ပြောင်ကျီစယ်နေခဲ့ကြသည်။ ဖန်တီးမှုလုပ်ငန်းစဉ် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် နောက်ဆက်တွဲ မဲပေးမှုနှင့် အင်တာဗျူးကဏ္ဍများသည် အတော်လေး သက်တောင့်သက်သာရှိလှသည်။
အော်စကာက “အိုကေပါ၊ ကျွန်တော်တို့ ရွှမ်ထျန်း ရေးသားထားတဲ့ အဆုံးသတ်ပိုင်းကို ကြည့်လိုက်ကြရအောင်”
ရွှမ်ထျန်းစုန့်၏ အခန်းက ဖန်သားပြင်ကြီးထက်၌ ချက်ချင်းပင် ပေါ်ထွက်လာခဲ့သည်။ ထိုနောက်ဆုံးအခန်းသည် စာလုံးရေ ၁၇၀၀ ခန့် ရှည်လျားပြီး အကယ်၍ သင်သာ စာကို မြန်မြန်ဆန်ဆန် ဖတ်ရှုနိုင်ပါက လေးမိနစ် သို့မဟုတ် ငါးမိနစ်အတွင်း ဖတ်ရှုပြီးစီးနိုင်ပေသည်။ အော်စကာ၏ အစီအစဉ်တင်ဆက်သူ အလုပ်မှာ အမှန်တကယ်ပင် မလွယ်ကူလှပေ။ သူသည် ပရိသတ်များနှင့် ကျွမ်းကျင်သူဒိုင်လူကြီးအဖွဲ့နှင့်အတူ ထိုအခန်းကို ဖတ်ရှုရမည် ဖြစ်သည်။ ထို့အပြင် သူက အခြားသူများထက် ပိုမိုမြန်ဆန်စွာ ဖတ်ရှုရမည်ဖြစ်ပြီး အဘယ်ကြောင့်ဆိုသော် သူသည် ဖတ်ရှုပြီးနောက်တွင် ယုံကြည်စိတ်ချရသော မှတ်ချက်အချို့ကို ချက်ချင်း ပေးရမည် ဖြစ်သောကြောင့် ဖြစ်သည်။
မှန်ပေသည် အော်စကာက လုံးဝဥဿုံ ပြင်ဆင်မှုမရှိဘဲ ဖြစ်နေခဲ့ခြင်းတော့ မဟုတ်ပေ။ စာအုပ် ခုနစ်အုပ်၏ ဇာတ်ကွက်ကျောရိုးများသည် နာရီဝက်ခန့်စော၍ ဒုတိယဖန်သားပြင်ထက်၌ ပေါ်ထွက်နေပြီး ဖြစ်သလို အော်စကာသည်လည်း ပရိသတ်အချို့နှင့် ကျွမ်းကျင်သူ ဒိုင်လူကြီးအချို့ကို အင်တာဗျူး ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် နိုဗယ်ခုနစ်ပုဒ်စလုံး၏ ဇာတ်ကွက်များကို အခြေခံအားဖြင့် နားလည်သဘောပေါက်ထားခဲ့ခြင်းကြောင့် အဆုံးသတ်ပိုင်းများကို ဖတ်ရှုသည့်အခါ လုံးဝ လမ်းပျောက်နေခြင်းမျိုး ရှိမနေခဲ့ပေ။
ထိုကဲ့သို့သော အင်တာဗျူးများအကြောင်း ပြောရမည်ဆိုပါက သာမန် ပရိသတ်များနှင့် ကျွမ်းကျင်သူများ၏ ထင်မြင်ယူဆချက်များသည် လုံးဝ ကွဲပြားခြားနားပေသည်...။ ပရိသတ်များသည် ယေဘုယျအားဖြင့် ရေးသားရန် အလွယ်ကူဆုံး အဆုံးသတ်ပိုင်းမှာ မော့ပုရှန် ရရှိထားသည့် အွန်လိုင်းဂိမ်းနိုဗယ်ဟု ထင်မှတ်ကြပြီး အခက်ခဲဆုံးကတော့ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ ရရှိထားသော သိုင်းနိုဗယ် ဖြစ်သည် ထင်မှတ်ထားကြသည်။သို့သော်လည်း ကျွမ်းကျင်သူများကတော့ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ မဲနှိုက်ရရှိထားတဲ့ သိုင်းနိုဗယ်သည် အမှန်တွင် အဆုံးသတ်ရန် အလွယ်ကူဆုံးဖြစ်ပြီး ခက်ခဲသည်မှာ ‘ငါရေးသားရမယ့် မြို့ပြစိတ်ကူးယဉ်နိုဗယ်’ဖြစ်သည်ဟု ယူဆထားကြခြင်း ဖြစ်သည်။
“ကောင်းပါပြီ၊ ရွှမ်ထျန်း ရေးသားထားတဲ့ နောက်ဆုံးအခန်းကို အခု လူတိုင်းကို တင်ဆက်ပေးလိုက်ပါပြီ”
မိနစ်အနည်းငယ် ကြာပြီးနောက် အော်စကာက ပြောလိုက်သည်။
“ကျွန်တော့်အထင်တော့ လူတိုင်း ကျွန်တော့်လိုမျိုးပဲ ဒီစာလုံးရေ နှစ်ထောင်မပြည့်တဲ့ ရေးသားချက်အပေါ်မှာ တုန်လှုပ်ခြောက်ခြားသွားကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ”
ထိုအချိန်တွင် သူသည် ဖုန်းပုကြွယ်ရှိရာသို့ အမှန်တကယ် ချဉ်းကပ်လာခဲ့လေသည်။
“ပုကြွယ်... ခင်ဗျားကော ဒီနောက်ဆုံးအခန်းအပေါ် ဘယ်လိုမျိုး မြင်မိပါသလဲဗျာ”
“ဘာဖြစ်လို့ ကျွန်တော့်ကို လာမေးနေတာလဲ”
ဖုန်းပုကြွယ်က ပဟေဌိဖြစ်နေသော အမူအရာဖြင့် မေးမြန်းလိုက်၏။
“ဒီအတိုင်းပဲ ကျွန်တော်တို့ကို ပြောပြပါဦး၊ ကျွန်တော်တို့အားလုံး ခင်ဗျားဘာပြောမလဲဆိုတာကို နားထောင်ချင်လို့ပါ”
သူ့ဘေးတွင် အနီးဆုံး ထိုင်နေသော ဆိုဒါက ပြုံးလျက် ဆိုလိုက်သည်။ အခြားစာရေးဆရာများကလည်း သူတို့မျက်လုံးများထဲ၌ မျှော်လင့်ချက်များ ပြည့်နှက်လျက် မျှော်ကြည့်နေကြလေသည်။
“အင်း... ဘယ်လိုပြောရမလဲ... ဒီအခန်းကို ဖတ်ရတာဟာ ကျွန်တော်က အနိမဲဇာတ်လမ်းအသစ်တစ်ခုကို စတင်ကြည့်ရှုလိုက်ပြီး ပထမဆုံးအပိုင်းကို ကြည့်ပြီးသွားတဲ့အချိန်မှာ ‘ငါက season တစ်ခုလုံးကို ကျော်ကြည့်မိသွားတာလား၊ ဘာဖြစ်လို့ ငါ့စိတ်ထဲမှာ ဒါက နောက်ဆုံးအပိုင်းဖြစ်တယ်လို့ ခံစားရတာလဲ’ ဆိုတဲ့ ခံစားချက်မျိုး ပေးပါတယ်”
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။
အော်စကာက “အင်း... ခင်ဗျား ဥပမာတစ်ခုလောက် ပေးနိုင်မလားဗျာ” ဟု မေးလိုက်၏။
“ရတာပေါ့... ဥပမာအားဖြင့် ‘ငါ့ရဲ့ မကောင်းဆိုးဝါးမလေး’ (My Little Monster) လိုမျိုးပေါ့”
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။
“အာ... ကောင်းပါပြီ”
အော်စကာက ပြောလိုက်လေသည်။
“ကျွန်တော် နားလည်သွားပြီလို့ ထင်ပါတယ်ဗျာ...”
နောက်ထပ်တွင်မူ ဖန်ပိန့်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံနှင့် မော့ပုရှန်တို့သည် သူတို့၏ နောက်ဆုံးအခန်း ဆက်လက်ရေးသားချက်များကို ကြေညာခဲ့ကြသည်။ စာရေးဆရာ တစ်ယောက်ချင်းစီ၏ စွမ်းဆောင်ရည်မှာ မြင့်မားလှပေသည်။ သူတို့၏ နောက်ဆုံးအခန်းများသည် မူလစာရေးဆရာ၏ စာရေးဟန်ကို အတိုင်းအတာတစ်ခုအထိ သစ္စာရှိရှိ ပြန်လည်ဖော်ဆောင်နိုင်ခဲ့ကြရုံသာမကဘဲ အမှန်တကယ်ပင် ပြင်းထန်လှသော ‘အဆုံးသတ်’ ခံစားချက်မျိုးကိုလည်း ဖန်တီးနိုင်ခဲ့ကြသည်။ ဇာတ်ကွက်ကျောရိုးကို ဖတ်ရှုခြင်း မပြုဘဲ ဖြစ်နေခဲ့လျှင်ပင် အခန်းတစ်ခန်းချင်းစီသည် အမှတ်ရစရာကောင်းသော နိဂုံးတစ်ခုအဖြစ် ခံစားရစေလေသည်။
သို့သော်လည်း ကျွမ်းကျင်သူများက အခက်ခဲဆုံးဟု သတ်မှတ်ထားကြသော စာအုပ် ‘ငါ ရေးသားရမည့် နိုဗယ်’မှာမူ မျှော်လင့်ထားသည့်အတိုင်းပင် အားနည်းလှသော နောက်ဆုံးအခန်းတစ်ခု ဖြစ်နေခဲ့သည်။ အစ်ကိုချန် ရေးသားထားသော အဆုံးသတ်ပိုင်းသည် ကြည့်ရှုသူ ပရိသတ်များစွာကို ဇဝေဇဝါဖြစ်သွားစေခဲ့ပြီး ကျွမ်းကျင်သူ ဒိုင်လူကြီးများကလည်း “ဒီအဆင့်အထိ ရေးသားနိုင်တာကိုက အတော်လေး ကောင်းနေခဲ့ပါပြီ” ဟု မှတ်ချက်ပေးခဲ့ကြသည်။
ပထမဆုံး စာရေးဆရာ ခြောက်ယောက်၏ အခန်းများကို ကြေညာပြီးဆုံးသွားပြီးနောက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံနှင့် ဆိုဒါတို့မှာ အကောင်းဆုံး တုံ့ပြန်မှုများ ရရှိခဲ့ကြသည်။ ရှေ့ကလူမှာ ကြည့်ရှုသူ ပရိသတ်အများစု၏ ထောက်ခံမှုကို ရရှိခဲ့ပြီး နောက်လူကတော့ ကျွမ်းကျင်သူ ဒိုင်လူကြီးများ၏ အလွန်အမင်း နှစ်သက်သဘောကျမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။
“ကောင်းပါပြီ၊ ကျွန်တော်တို့ နောက်ဆုံးမှာ အဆုံးသတ်ပိုင်းဆီသို့ ရောက်ရှိလို့လာခဲ့ပါပြီ”
အော်စကာသည် ဤရိုက်ကူးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့ပြီဖြစ်ပြီး ဖုန်းပုကြွယ်၏ ထိန်းချုပ်ခုံ ရှိရာသို့ ချဉ်းကပ်လာလေသည်။
“ပုကြွယ်ဟာ ဒီအချီမှာ ကျွန်တော်တို့ကို နောက်ထပ် အံ့ဩစရာတစ်ခု ယူဆောင်လာပေးလိမ့်မယ်ဆိုတာကိုတော့ ကျွန်တော် လုံးဝ သံသယမရှိပါဘူးခင်ဗျာ”
ဖုန်းပုကြွယ် နှစ်ချက်မျှ ခပ်တိုးတိုးရယ်မောလိုက်ရင်း ဆိုလေသည်။
“အင်း... တချို့အဓိပ္ပာယ်အရဆိုရင်တော့... ဒါက မှန်ပါတယ်”
အော်စကာက စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“အခု ကျွန်တော်တို့ မြင်တွေ့ရတာကတော့... ပုကြွယ်ရေးသားထားတဲ့ နောက်ဆုံးအခန်း ဖြစ်ပါတယ်ခင်ဗျာ”
စက္ကန့်အနည်းငယ် ကြာမြင့်သွားခဲ့သော်လည်း ဖန်သားပြင်ကြီးထက်၌ မည်သည့်အရာမှ ပေါ်ထွက်လာခြင်း မရှိပေ...။
“အာ...”
အော်စကာက သူ့နားကြပ်ထဲသို့ ခပ်တိုးတိုး မေးလိုက်သည်။
“ဒါရိုက်တာ... စက်ပစ္စည်းတွေမှာ ပြဿနာတစ်ခုခု ရှိနေလို့လား”
“ဒါက ပြဿနာ မဟုတ်ပါဘူး၊ ကျွန်တော်က ဘာမှမရေးခဲ့လို့ပါ”
ဖုန်းပုကြွယ်သည် ဒါရိုက်တာဖေးကိုယ်စား အော်စကာ၏ မေးခွန်းကို ပြန်ဖြေပေးလိုက်သည်။
အော်စကာမှာ ဆွံ့အသွားပုံ ရသည်။
“ပုကြွယ်... ခင်ဗျား ခုနက ပြောခဲ့တာက...”
“အင်း... ကျွန်တော့်မှာ အချိန်တွေ အများကြီး ရှိခဲ့ပါတယ်၊ စာအုပ်တစ်အုပ်လုံးကို ပြီးအောင် ဖတ်လိုက်တယ်လေ၊ ဓမ္မဓိဋ္ဌာန်ကျကျ ပြောရမယ်ဆိုရင် ဒီလူကြီးမင်းရဲ့ ရေးသားချက်က တကယ့်ကို ကောင်းမွန်တယ်လို့ ထင်ပါတယ်”
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ ပုဂ္ဂိုလ်ရေးပြောရမယ်ဆိုရင် ကျွန်တော် ဒီနိုဗယ်ကို သဘောမကျပါဘူး၊ ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ကို အတော်လေးမကြိုက်ဘူးလို့တောင် ပြောလို့ရပါတယ်”
သူက သူ့မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်လိုက်ရင်း မိုက်ကရိုဖုန်းထဲသို့ ပြောလိုက်လေသည်။
“လမ်းမတူတဲ့လူတွေဟာ အစီအစဉ်တွေ အတူတကွ ဆွဲလို့မရနိုင်ဘူးလေ၊ ကျွန်တော်ကတော့ ဒီစာအုပ်ကို ဆက်တောင် မဖတ်ချင်တော့ဘူး”