← Chapters

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း (၂၃၅) ငါက ဒီလိုစာရေးဆရာမျိုးပဲ

လွန်ခဲ့သောတစ်ပတ်ခန့်က ‘ငါက စာရေးဆရာတစ်ယောက်ပါ - စိတ်ကြိုက်ဝေဖန်နိုင်သည်’ အစီအစဉ် ရိုက်ကူးမှု ပြီးဆုံးသွားပြီးနောက် ယခုအခန်းသည် နံပါတ်ခုနစ် ပြိုင်ပွဲဝင်၏ မိတ်ကပ်ပြင်ဆင်ရေး အခန်းဖြစ်၏။

နောက်ဆုံးအချီတွင် စာတစ်လုံးမှ မရေးသားခဲ့သော ဖုန်းပုကြွယ်သည် မျှော်လင့်ထားသည့်အတိုင်း ပြိုင်ပွဲမှ နှုတ်ထွက်ခဲ့ရသည်။ အခြားပြိုင်ပွဲဝင်များနှင့် ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် သူသည် ရွှင်လန်းသော မျက်နှာအမူအရာဖြင့် ကော်ဖီတစ်ဘူးကို သောက်သုံး၍ မိတ်ကပ်ပြင်ဆင်ရေး အခန်းသို့ ပြန်လည်ရောက်ရှိလာလေသည်။ သူသည် အင်တာဗျူးကဏ္ဍ ပြီးဆုံးသွားပါက မြေအောက်ရထားစီး၍ အိမ်ပြန်ရန်အတွက်သာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်...။

မကြာမီ အော်စကာသည် ကင်မရာသမား နှစ်ယောက်၊ မီးပညာရှင်တစ်ယောက်နှင့် အသံဖမ်းပညာရှင် တစ်ယောက်တို့နှင့်အတူ မိတ်ကပ်ပြင်ဆင်ရေးအခန်း၏ တံခါးကို လာခေါက်ကြသည်။

ဖုန်းပုကြွယ်က တံခါးသွားဖွင့်ပေးလိုက်ပြီး သူတို့အားလုံး အခန်းထဲသို့ ဝင်လာကြပြီးနောက် ကင်မရာများကို နေရာချကာ မီးအလင်းအမှောင်များကို စတင်ပြင်ဆင်ကြတော့သည်။

အော်စကာသည် အခန်းထဲသို့ ဝင်လာသည်နှင့် ခေါင်းဆောင်တစ်ယောက်၏ စစ်ဆေးမှုကို ခံယူနေရသည့်အလား ချက်ချင်းပင် ဖုန်းပုကြွယ်နှင့် လက်ဆွဲနှုတ်ဆက်လိုက်လေသည်။

“ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်...”

ဖုန်းပုကြွယ်က “မဟုတ်တာပဲ၊ အားလုံးပဲ ကြိုးစားအားထုတ်ခဲ့ကြရတာပါ...”

သူ ခဏရပ်ကာ မေးလိုက်သည်။

“အဲ... ခင်ဗျားက အင်တာဗျူး ခုနစ်ခုစလုံး လုပ်ရဦးမှာ မဟုတ်လား”

“နိုး နိုး၊ ကျွန်တော်က ခင်ဗျားတစ်ယောက်တည်းကိုပဲ အင်တာဗျူးမှာပါ”

အော်စကာက ပြန်ဖြေသည်။

“ဒါက ဒါရိုက်တာရဲ့ စည်းကမ်းချက်ပါ၊ ကျွန်တော်က ပြိုင်ပွဲကနေ နှုတ်ထွက်သွားရတဲ့ စာရေးဆရာတွေကို အင်တာဗျူးဖို့ တာဝန်ရှိတာပါ၊ ကျန်ခြောက်ယောက်ကိုတော့ အယ်ဒီတာတွေ ဒါမှမဟုတ် လက်ထောက်ဒါရိုက်တာတွေက ရိုက်ကူးပေးကြပါလိမ့်မယ်”

“အိုး... ကောင်းပါပြီ”

ဖုန်းပုကြွယ်က ခေါင်းညိတ်လိုက်သည်။

နားနေခန်းအတွင်း၌ ပုံသေကင်မရာ တည်နေရာအချို့ကို ကြိုတင်တိုင်းတာထားခဲ့ကြပြီး ဖြစ်သည်။ စာရေးဆရာနှင့် အစီအစဉ်တင်ဆက်သူတို့ အင်တာဗျူးတွင် ထိုင်ရန်အတွက် ခေါက်ကုလားထိုင် နှစ်လုံးကို အခန်းထောင့်တွင် စောင်း၍ ထားရှိပြီး ကြမ်းပြင်ပေါ်တွင်လည်း ယင်းတို့ကို တိကျစွာ နေရာချနိုင်ရန် လိုင်းများ ဆွဲထားကြသေးသည်။ ဝန်ထမ်းအချို့က အင်တာဗျူး ပြင်ဆင်မှုများကို လျင်မြန်ထိရောက်စွာ ပြီးစီးအောင် ဆောင်ရွက်လိုက်ကြလေ၏။

အော်စကာသည် စာမူတစ်ခုကို ကိုင်၍ ဖုန်းပုကြွယ်၏ ဆန့်ကျင်ဘက်တွင် ထိုင်လိုက်ပြီး ကင်မရာကို ကျောခိုင်းကာ ဆိုသည်။

“ဒါဆိုရင်... ကျွန်တော်တို့ စကြတော့မလား”

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

“အိုကေ”

သူသည် အိမ်သို့ အလျင်အမြန် ပြန်ချင်နေသူဖြစ်ရာ ရိုက်ကူးမှုကို တတ်နိုင်သမျှ စောစောစီးစီး ပြီးစီးရန် သဘာဝကျကျပင် မျှော်လင့်နေမိသည်။

“ခင်ဗျား ပရိုဂျူဆာအဖွဲ့ဆီက ဖိတ်ခေါ်မှုကို လက်ခံရရှိခဲ့တဲ့ အချိန်တုန်းက စိတ်လှုပ်ရှားတာမျိုး ဒါမှမဟုတ်... ဖိအားတွေ ခံစားခဲ့ရတာမျိုး ရှိလား”

အော်စကာက ပြင်ဆင်ထားသော အင်တာဗျူးစာမူအပေါ် အခြေခံ၍ မေးခွန်းများကို စတင်မေးမြန်း၏။

“မရှိပါဘူး”

“ဒါဆိုရင် ခင်ဗျား တွေဝေနေတာမျိုး ဖြစ်ခဲ့သေးလား”

အော်စကာက ဆက်ပြောသည်။

“ဘာပဲဖြစ်ဖြစ် ခင်ဗျားက အခုဆိုရင် ကျော်ကြားတဲ့ စာရေးဆရာတစ်ယောက် ဖြစ်နေခဲ့ပြီလေ၊ ဒီစင်မြင့်ပေါ်မှာ တခြားစာရေးဆရာတွေနဲ့ ယှဉ်ပြိုင်ရမယ်ဆိုတာကို ကြားရတဲ့အချိန်မှာ ခင်ဗျားစိတ်ထဲမှာ နည်းနည်းထူးဆန်းတယ်လို့ ခံစားရလား”

“သူတို့နဲ့ ယှဉ်ရင် ကျွန်တော်က ဘာကောင်မှ မဟုတ်သေးတာပဲ၊ ဘာတွေဝေနေစရာ ရှိမှာလဲ”

“ဟားဟား...”

အော်စကာက ရယ်မောလိုက်သည်။ သူက လက်တော့ပ်တစ်လုံးကို ကောက်ယူ၍ အကြိမ်အနည်းငယ် နှိပ်လိုက်ပြီးနောက် ဖုန်းပုကြွယ်ရှေ့တွင် ထားရှိလိုက်သည်။ ဖန်သားပြင်ထက်၌ ကြိုတင်ရိုက်ကူးထားသော ဗီဒီယိုအပိုင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ခင်ဗျား ဘာဖြစ်လို့ အဲ့ဒီတုန်းက ဒီအပိုင်းကို ဒီလိုမခေါင်းစဉ် ပေးခဲ့ရတာလဲ”

“ဒါကတော့... နောက်ပိုင်းမှာ ဘာတွေ ဖြစ်ပျက်လာမလဲကို ကျွန်တော်ကြိုသိနေခဲ့လို့ ဖြစ်နိုင်ပါတယ်...”

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

အော်စကာက ဆက်လက်၍ “ကျွန်တော်တို့ နောက်ထပ်တစ်ချက် ကြည့်ကြရအောင်...”

သူသည် မြင်ကွင်းအချို့ကို အလျင်အမြန် ကျော်ရင်း မေးလိုက်သည်။

“ခင်ဗျားက ဘာဖြစ်လို့ ပထမအချီမှာ ဒီလိုမျိုးစာသားကို ရေးခဲ့ရတာလဲ”

“ကျွန်တော်က ဘာလို့ မရေးနိုင်ရမှာလဲ”

ဖုန်းပုကြွယ်က ပြုံးလျက် ပြန်ဖြေ၏။

“ခင်ဗျား အဲ့ဒီတုန်းက ပြောခဲ့သလိုမျိုးပဲ ‘စစ်ပွဲ၊ သူရဲကောင်း’ နဲ့ ‘ဇာတ်ကောင်’ ဆိုတဲ့ အဓိကသော့ချက်စကားလုံး သုံးလုံးက ဘယ်သူမှမျှော်လင့်မထားတဲ့ အဖြေမျိုးကို ထွက်ပေါ်စေမှာ မဟုတ်ဘူးလေ၊ ဒါကြောင့်မို့ ကျွန်တော်က ဘယ်သူမှ မျှော်လင့်မထားမယ့် ဇာတ်ကောင်တစ်ကောင်အကြောင်း ရေးခဲ့တာပါ”

အော်စကာက ခေါင်းညိတ်လိုက်ရင်း လက်တော့ပ်စခရင်အောက်ခြေရှိ တိုးတက်မှုဘားကို ရှေ့သို့ ရွှေ့လိုက်သည်။

“အဲ့ဒီအချီရဲ့ မဲရလဒ်တွေကို ကြေညာခဲ့တဲ့အချိန်တုန်းက ခင်ဗျားကိုယ့်ကိုယ်ကိုယ် ဘယ်နှစ်နေရာလောက် ရမယ်လို့ ခန့်မှန်းခဲ့လဲ”

“နောက်ဆုံးနေရာ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်...”

ဖုန်းပုကြွယ်က ဆိုသည်။

“ကျွန်တော် ပြောခဲ့သလိုမျိုးပဲ ဒါက နည်းနည်းလောက် အလွန်အကျွံ တုံ့ပြန်မိသွားတာပေါ့”

အော်စကာက ဆက်လက်၍ “ဒုတိယအချီမှာ မင်းရဲ့ ထိန်းချုပ်ခုံပေါ်မှာ စာတစ်လုံးမှ ရှိမနေခဲ့တာကို ကျွန်တော်သတိပြုမိတယ်”

“ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကွက်ကျောရိုးက ဒီနေရာမှာ အားလုံး ရှိနေခဲ့လို့ပါပဲ”

ဖုန်းပုကြွယ်က သူ့နားထင်ကို လက်ညှိုးဖြင့် အသာအယာ ပုတ်ပြလိုက်သည်။

“ခင်ဗျား ဒီဇာတ်လမ်းကို စိတ်ကူးမိဖို့အတွက် ဘယ်နှစ်မိနစ်လောက် အချိန်ယူခဲ့ရလဲ”

အော်စကာက မေးမြန်းသည်။

“အမှန်တော့... ခင်ဗျား ကျွန်တော့်ကို အဖြေကြေညာဖို့ တောင်းဆိုလိုက်တဲ့ အခိုက်အတန့်မှပဲ ကျွန်တော်က နေရာမှာတင် ချက်ချင်း လုပ်ကြံဖန်တီးလိုက်တာပါ”

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်၏။

“ကျွန်တော်လည်း အဲ့ဒီလိုမျိုး ထင်ပါတယ်ဗျာ”

အော်စကာက ရယ်မောလိုက်သည်။

“ဟားဟား... ဒါပေမဲ့ ရုတ်တရက် စိတ်ကူးရုံနဲ့တင် ဒုတိယနေရာကို ရခဲ့တာက ခင်ဗျားဟာ တကယ်တော်တယ်ဆိုတာကို ပြသနေတာပဲ”

“တကယ်လို့ ကျွန်တော်သာ ဒါကို ဒုတိယအကြိမ် ထပ်လုပ်မယ်ဆိုရင် ဒီလောက်ကောင်းတဲ့ ရလဒ်မျိုး ရမှာ မဟုတ်ဘူးမလား”

ဖုန်းပုကြွယ်က ဆိုသည်။

“ဒီတစ်ကြိမ်မှာတော့ ပရိသတ်တွေက ကျွန်တော့်ရဲ့ ဆန်းသစ်တဲ့ နည်းလမ်းကို တစ်ခါမှ မမြင်တွေ့ဖူးသေးလို့ပဲ၊ ဒါကြောင့်မို့ ဒါက နက်ရှိုင်းလှတဲ့ အထင်အမြင်မျိုး ချန်ထားခဲ့နိုင်ပြီး ကျွန်တော်လည်း မဲတွေရခဲ့တာပေါ့၊ တကယ်လို့ ဘယ်ပြိုင်ပွဲဝင်မဆို နောက်ကျရင် ကျွန်တော့်ကို လိုက်တုဖို့ ကြိုးစားမယ်ဆိုရင်တော့ သူတို့တွေ ပြဿနာတက်ကြလိမ့်မယ်လို့ ထင်ပါတယ်”

အော်စကာက ဘေးသို့ လှည့်၍ လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ ကင်မရာသမား နှစ်ယောက်က ရိုက်ကူးမှုကို ရပ်နားလိုက်ပြီး အသံဖမ်းပညာရှင်ကလည်း သူ့မိုက်ကရိုဖုန်းကို အောက်ချလိုက်သည်။

“ကျွန်တော် ပုဂ္ဂိုလ်ရေးမေးခွန်းတစ်ခု မေးပါရစေ... ဒုတိယအချီပြီးတဲ့နောက်မှာ ဒါရိုက်တာဖေးက ခင်ဗျားနဲ့ သီးသန့်စကားပြောခဲ့တယ်နော်၊ အဲ့ဒါ ဘာအကြောင်းလဲမသိဘူး”

ဖုန်းပုကြွယ်သည် ‘နောက်ကွယ်ကနေ အကွက်ချစီစဉ်မှု’ ဟူသော စကားလုံးများကို သေချာပေါက် ပြောဆိုမည် မဟုတ်ဘဲ ရိုးသားဖြောင့်မတ်စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

“အိုး... အဲ့ဒီတုန်းကတော့... သူက ကျွန်တော့်နည်းလမ်းတွေနဲ့ဆိုရင် သေချာပေါက် ပြိုင်ပွဲကနေ နှုတ်ထွက်သွားရလိမ့်မယ်လို့ ထင်ခဲ့တာမို့လို့ ကျွန်တော့်ကို ပြန်ရောက်လာခြင်းပြိုင်ပွဲအကြောင်း ကြိုပြောခဲ့တာပါ၊ အဲ့ဒီနောက်တော့ ကျွန်တော်တို့တွေ ‘Fight Club’၊ ရှူးဘတ် နဲ့ ကာလသားရောဂါတွေအကြောင်း ပြောဆိုဖြစ်ခဲ့ကြတာပေါ့”

အော်စကာ၏ နှုတ်ခမ်းအစုံက အကြိမ်အနည်းငယ် တုန်ရင်သွားပြီးနောက် အားလုံးကို ရိုက်ကူးမှု ဆက်လုပ်ရန် အချက်ပြလိုက်သည်။ သူသည် လက်တော့ပ်ပေါ်က တိုးတက်မှုဘားကို ဆက်ဆွဲလိုက်သည်။

“တတိယအချီမှာ ခင်ဗျားက တကယ်ကြီး စာအုပ်တစ်အုပ်လုံးကို ပြီးအောင် ဖတ်ခဲ့တာလား”

ဖုန်းပုကြွယ်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။

“ခင်ဗျား အခန်းထဲ ဝင်လာကတည်းက ကျွန်တော်သတိပြုမိပါတယ်... ခင်ဗျား ကျွန်တော့်စာအိတ်ကို ခင်ဗျားရဲ့ ဝတ်စုံအတွင်းအိတ်ထဲမှာ ဝှက်ထားခဲ့တာ မဟုတ်လား”

သူက အော်စကာ၏ ဝတ်စုံဆီသို့ ညွှန်ပြလိုက်သည်။

“ခင်ဗျားက... ကြိုတင်ပြင်ဆင်ပြီး လာခဲ့တာဖြစ်လို့ စမ်းသပ်ကြည့်နိုင်ပါတယ်”

အော်စကာက ကိုးရိုးကားရား ရယ်မောလိုက်ရင်း စာအိတ်တစ်အိတ်ကို ထုတ်ယူ၍ A4 စာမူပုံကြီးကို ထုတ်ကာ ယင်းတို့ထဲမှ တစ်ခုကို ကျပန်းလှန်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ဖတ်ရှုလိုက်သည်။

“သူက မောက်မာသော အမူအရာဖြင့် ပြောလိုက်သည် ‘ငါ့ရဲ့ မိုက်မဲလှတဲ့ အစေခံ၊ မင်းအဖေက...’”

တစ်ဖက်လူစကားမပြီးဆုံးသေးမီ ဖုန်းပုကြွယ်က ကြားဖြတ်ပြောလိုက်သည်။

“‘မင်းအဖေက ကုန်းကုန်း၊ မင်းအမေက ပြည့်တန်ဆာမ၊ မင်းညီမကတော့ စိတ်မမှန်တဲ့သူ ဖြစ်ပြီး မင်းကတော့... မင်းကတော့ ကံကောင်းလို့ မှူးမတ်တစ်ယောက် ဖြစ်လာခဲ့တယ်၊ ဒါဟာ ငါ့အစေခံ ဖြစ်လာတာပဲ၊ မင်းအနေနဲ့ နောက်ထပ် ဘာတွေမျှော်လင့်နေဦးမှာလဲ’”

အော်စကာက အမှန်တကယ် အံ့အားသင့်သော အမူအရာဖြင့် အော်ဟစ်လိုက်မိသည်။

“ဆရာပုကြွယ်၊ ခင်ဗျားရဲ့ မှတ်ဉာဏ်က တကယ့်ကို အံ့ဩစရာပဲဗျို့”

သူသည် မယုံကြည်နိုင်ဖြစ်နေသည့်အလား စာမူပုံကြီးကို ရှေ့နောက်လှန်လှောကြည့်ရှု၍ ကွယ်ရာတွင် မည်သည့်အရာမှ မြင်တွေ့နိုင်ခြင်း မရှိကြောင်း သေချာစေရန် ပြုလုပ်ပြီးနောက် ထပ်လောင်းပြောလိုက်သည်။

“ပါရမီရှင်ပြိုင်ပွဲတစ်ခုမှာ ပါဝင်ဆင်နွှဲဖို့ လုံလောက်တာထက်တောင် ပိုနေပြီ”

“ဟဲ... စိတ်မဝင်စားဘူး”

ဖုန်းပုကြွယ်က ရယ်မောလိုက်ပြီး သူ့ရှေ့ရှိက နိုဗယ်နှင့် ပတ်သက်၍ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေဆဲဖြစ်ပုံရသည်။

“ရေးသားထားတာကတော့ တကယ့်ကို ကောင်းမွန်လှပါတယ်၊ ဒါပေမဲ့ ဇာတ်ကွက်က ရိုးအီလွန်းပြီး ထူးခြားချက်တွေ ကင်းမဲ့နေတယ်၊ ဒါ့အပြင် ဇာတ်လမ်းရဲ့ အစိတ်အပိုင်း အနည်းငယ်က ဟဲမင်းဝေးရဲ့ ‘For Whom the Bell Tolls’ စာအုပ်ဆီကနေ ကူးယူထားတာပဲ၊ ခေတ်ကာလနဲ့ ဇာတ်ကောင်တွေကိုပဲ ပြောင်းလဲထားပြီး တံတားဗုံးခွဲတဲ့ အပိုင်းကို လုပ်ကြံသတ်ဖြတ်တဲ့အပိုင်းအနေနဲ့ ပြောင်းလဲထားတာ၊ ဖတ်နေတဲ့ အချိန်အတွင်းမှာ ကျွန်တော့်စိတ်ထဲမှာ မြင်ဖူးနေသလိုမျိုး ခံစားချက်မျိုးရနေပြီး ‘ဘယ်သူမှ ကျွန်းတစ်ကျွန်း မဟုတ်ပါ’ ဆိုတဲ့ စာသားကို မြင်လိုက်ရတဲ့အခါမှပဲ ကျွန်တော်နားလည်သွားခဲ့တာ၊ ဒီလူက အခြေခံ အခန်း ၃၀လောက် ရေးပြီးတဲ့နောက် ဘယ်လိုဆက်ရေးရမလဲကို မသိတော့တာမို့ တခြားစာအုပ်တစ်အုပ်ဆီကနေ ဇာတ်ကွက်ငှားရမ်းခဲ့တာပဲ၊ အဲ့ဒီနောက်တော့ အတော်လေး ပျင်းစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုကို ဖန်တီးပြီးတဲ့နောက် ဆက်မရေးနိုင်တော့တာပေါ့”

အော်စကာက ဆွံ့အသွားခဲ့ရပြီး သူ့စိတ်ထဲ၌ တွေးလိုက်မိသည်။

‘ဒီတော့ မင်းက ဒါကို ပြီးအောင် ဖတ်ခဲ့ရုံတင်မကဘဲ တကယ့်ကို အလေးအနက်ထားပြီး ဖတ်ခဲ့တာပေါ့...’

“ဒီစာအုပ်အတွက် နောက်ဆုံးအခန်းကို ရေးသားဖို့က တကယ်ကြီး... အဲ့လောက်အထိ မလိုလားအပ်တာမျိုးလာ၊ ခင်ဗျားအနေနဲ့ စာကို ဒီအတိုင်းပဲ ကျပန်းရေးခဲ့ရင်တောင်မှ အတိုင်းအတာတစ်ခုအထိ မဲရနိုင်ဦးမှာ မဟုတ်လား”

အော်စကာက ထပ်မေးလိုက်သည်။

“ကျွန်တော်က တခြားလူတွေရဲ့ စာမူတွေ၊ အထူးသဖြင့် ဒီလိုမျိုး စွန့်ပစ်ခံထားရတဲ့ စာမူတွေအပေါ် အလုပ်လုပ်ရတာကို အထူးသဖြင့် မလိုလားတာပါ”

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

“ဒီလိုနိုဗယ်တွေက ကျွန်တော့်ကို ဘယ်လိုခံစားချက်မျိုးပေးလဲဆိုတော့... အခြားသူရဲ့ ကလေးတစ်ယောက်က ကြီးပြင်းမလာသေးခင် မိဘတွေက သူ့ကို စွန့်ပစ်လိုက်ကြပြီး လမ်းမပေါ်မှာ ကိုယ့်ခြေထောက်ကိုယ်ရပ်တည်နေရသလို ခံစားချက်မျိုးပဲ”

သူက ပုခုံးတွန့်လိုက်သည်။

“အခု ခင်ဗျားက ကျွန်တော့်လိုမျိုး အပြင်လူတစ်ယောက်ကို သူ့မိဘတွေလို ဟန်ဆောင်ပြီး သူ့ကို ပြုစုပျိုးထောင်ပေးဖို့ တောင်းဆိုနေတာလား၊ ကျွန်တော်ကတော့ မလုပ်နိုင်ပါဘူး၊ ကလေးရဲ့ မိဘတွေကိုယ်တိုင်က သူ့ကို တန်ဖိုးမထားကြတာပဲ၊ ကျွန်တော့်အချိန်တွေကို ပေးဆပ်ဖို့ ဘာအကြောင်း ရှိမှာလဲ၊ အဓိကကတော့ ကျွန်တော်က ဒီလိုမိဘတွေနဲ့ လမ်းစဉ်ချင်း မတူညီလို့ ဖြစ်ပါတယ်”

“ကောင်းပါပြီ၊ ကျွန်တော်နားလည်သွားပြီလို့ ထင်ပါတယ်”

အော်စကာက ဆက်လက်၍ “ကျွန်တော်မေးချင်တာကတော့ ပြိုင်ပွဲကနေ နှုတ်ထွက်သွားရတဲ့အပေါ် ခင်ဗျားရဲ့ ထင်မြင်ယူဆချက်က ဘာများလဲ၊ နောင်တရတာမျိုး ခံစားရတာမျိုး ရှိလား၊ တတိယအချီမှာ မေးခွန်းတွေကို မဖြေမိခဲ့တာကို နောင်တရနေမိလား”

ဖုန်းပုကြွယ်သည် သူကိုယ်တိုင်က ပြိုင်ပွဲကနေ နှုတ်ထွက်ရန် မျှော်လင့်ချက်ဖြင့် လျှောက်ဆော့နေခဲ့ခြင်း ဖြစ်ကြောင်းကို အတိအလင်း ဝန်မခံနိုင်ပေ။ သူက ခေါင်းကုတ်င်း ယဉ်ကျေးသိမ်မွေ့သော စကားလုံးအချို့ကိုသာ ပြောဆိုရန် ဆုံးဖြတ်လိုက်သည်။

“အင်း... ကျွန်တော့်အနေနဲ့ ဒီလိုမျိုး ပါဝင်ဆင်နွှဲနိုင်ခဲ့တာကိုက တကယ့်ကို ကောင်းမွန်တယ်လို့ ထင်ပါတယ်၊ ကျွန်တော့်လိုမျိုး မပြောပလောက်တဲ့ လူတစ်ယောက်ကို သတိရပေးခဲ့ကြတဲ့ အစီအစဉ်အဖွဲ့က အယ်ဒီတာတွေကို ကျေးဇူးတင်ပါတယ်၊ နောင်တနဲ့ ပတ်သက်လို့ကတော့... အဲ့ဒီလိုမျိုး မရှိပါဘူး၊ နောင်တရတာမျိုးနဲ့ ပတ်သက်ပြီးတော့... ကျွန်တော်က လုပ်ပြီးသွားပြီဖြစ်လို့ နောင်တရနေမှာ မဟုတ်ပါဘူး”

အင်တာဗျူးသည် ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ခဲ့ပြီး ရိုက်ကူးစရာ အကြောင်းအရာများမှာ အတော်လေး အမြောက်အများ ရှိနေခဲ့သည်။ ဥပမာအားဖြင့် အချို့အခိုက်အတန့်များတွင် အခြားပြိုင်ပွဲဝင်များ၏ စွမ်းဆောင်ရည်အပေါ် မှတ်ချက်ပေးရခြင်းမျိုးနှင့် စံနှုန်းသတ်မှတ်ချက်မေးခွန်းနှင့် အဖြေအချို့ ပါဝင်နေခဲ့သည်။

အင်တာဗျူးအဆုံးသတ်ပိုင်းဆီသို့ ရောက်ရှိလာသောအခါ အော်စကာသည် သူ့စာမူကို လှမ်းကြည့်လိုက်လေသည်။ သူသည် မေးခွန်းအားလုံး မေးမြန်းပြီး ဖြစ်သောကြောင့် သူ့လက်တော့ပ်ကို ပြန်လည်ပြင်ဆင်လိုက်ရင်း ဆိုလေသည်။

“နောက်ဆုံးမေးခွန်းကို မမေးခင်မှာ... ကျွန်တော့်မှာ တခြားစာရေးဆရာအားလုံး ‘ငါက စာရေးဆရာတစ်ယောက်ပါ’ အစီအစဉ်ဆီကို ပထမဦးဆုံး ရောက်ရှိလာချိန်က ဗီဒီယိုအတိုလေးတွေ ရှိပါတယ်၊ ခင်ဗျား တစ်ချက်လောက် ကြည့်ပေးဖို့ မျှော်လင့်ပါတယ်”

...

“စာရေးဆရာဆိုတာ ဘာလဲ...”

“စာရေးဆရာလား”

“အင်း... ကျွန်တော့်အတွက်တော့ ဒါက ဘာကို ဆိုလိုလဲဆိုတော့...”

“စာရေးဆရာဆိုတာ...”

“စာလုံးတွေကို အသုံးပြုပြီးတော့ အိပ်မက်တွေကို တည်ဆောက်ပေးတဲ့လူ ဖြစ်တယ်”

“အလုပ်အကိုင်တစ်ခုဖြစ်သလို တကယ့်ကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်”

“အတွေးအခေါ်တွေကို ဖြန့်ဝေပေးတဲ့လူပေါ့”

“ကျွန်တော့်ဘဝပါပဲ”

“အရမ်းသာမန်ဆန်ပေမဲ့ ထူးခြားပြောင်မြောက်ပါတယ်...”

“ဒါက ပြန်လမ်းမရှိတဲ့ လမ်းတစ်ခုကို ဆိုလိုတာလား၊ ဟားဟား... ဒီအပိုင်းကိုတော့ ဖြတ်ပစ်လိုက်ရအောင်”

“ခင်ဗျားက တခြားသူတွေရဲ့ အရေးအသားကို ဒီနေရာ မကောင်းဘူး၊ ဟိုနေရာ မကောင်းဘူးလို့ ပြောနေပေမဲ့ ခင်ဗျားကိုယ်တိုင် ရေးတဲ့အခါကျရင်ကော အားလုံး ကောင်းမွန်အောင် လုပ်နိုင်ပါ့မလား”

“ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က စာရေးရတာကို မြတ်နိုးလို့ပါပဲ၊ ကျွန်တော်ကတော့ သဘာဝကျကျပဲ လုံ့လရှိခဲ့ပါတယ်”

“ကျွန်တော်တို့အားလုံး တူညီတဲ့နေရာတစ်ခုကနေ စတင်ခဲ့ကြတာ ဖြစ်ပါတယ်၊ ကျွန်တော်တို့အားလုံး တူညီတဲ့အိပ်မက်တစ်ခုကို လိုက်လံစွဲကိုင်ခဲ့ကြတာ ဖြစ်တယ်၊ ဒါပေမဲ့ လူအမြောက်အများက လမ်းလွဲသွားခဲ့ကြတာမျိုး ဒါမှမဟုတ်... လမ်းတစ်ဝက်မှာတင် လက်လျှော့သွားခဲ့ကြတာမျိုး ရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော့်အထင် လမ်းဆုံးအထိ ဇွဲလုံ့လ ထားနိုင်တဲ့လူတွေကတော့ လမ်းစဉ်ချင်း မတူညီကြရင်တောင်မှ တူညီတဲ့ပန်းတိုင်တစ်ခုဆီသို့ ရောက်ရှိသွားကြလိမ့်မယ်လို့ ထင်ပါတယ်”

“ကျွန်တော်က စာရေးဆရာတစ်ယောက် ဖြစ်တယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း သတိပေးနေရမှာ ဖြစ်ပါတယ်၊ ဒါဟာ ပါရမီရှင်ပြိုင်ပွဲတစ်ခု မဟုတ်ပါဘူး၊ ကျွန်တော်တို့တွေက ကျွမ်းကျင်သူတွေ ဖြစ်ပါတယ်၊ ကျွန်တော်တို့တွေက စာရေးဆရာတစ်ယောက် ဖြစ်ရခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာကို သက်သေပြသဖို့ လာခဲ့ကြတာ ဖြစ်ပြီး တခြားသူတွေက ကျွန်တော်တို့ကို ဘယ်လိုရေးရမလဲဆိုတာကို လာပြောဖို့ မဟုတ်ပါဘူး”

“တကယ်လို့ လူတိုင်းသာ စာရေးနိုင်ကြမယ်ဆိုရင် ကျွမ်းကျင်တဲ့ စာရေးဆရာတွေ ရှိနေရခြင်းရဲ့ အဓိပ္ပာယ်က ဘာရှိဦးမှာလဲ”

...

အော်စကာက ဆက်ပြော၏။

“ကျွန်တော်တို့ အစီအစဉ်ရဲ့ ထုံးစံအတိုင်း ဒီအစီအစဉ်ဆီသို့ ရောက်ရှိလာကြတဲ့ စာရေးဆရာတွေဟာ ဒီမေးခွန်းကို သေချာပေါက် ဖြေရလေ့ရှိပါတယ်...”

သူ ခဏရပ်လိုက်သည်။

“ဆရာဖုန်းပုကြွယ်၊ ခင်ဗျားအတွက်တော့ ‘စာရေးဆရာ’ ဆိုတဲ့ စကားလုံးက ဘာကို ဆိုလိုပါသလဲခင်ဗျာ”

ထိုကဲ့သို့ တိုတောင်းသောဗီဒီယိုကို ကြည့်ရှုပြီးနောက် ဖုန်းပုကြွယ်သည် ယင်းမှာ ဖြေဆိုရန် အလွန်အမင်း ခက်ခဲသော မေးခွန်းတစ်ခု ဖြစ်နေကြောင်း ရုတ်တရက် သဘောပေါက်သွားမိသည်။

“ကျွန်တော့်ကို စဉ်းစားဖို့ အချိန်ပေးပါဦး”

သူသည် အလွန်လေးနက်သော အမူအရာမျိုး ပြသနေပြီး ယင်းမှာ ရိုက်ကူးမှုတစ်လျှောက်လုံးတွင် သူ တစ်ခါမှ ပြသခြင်းမရှိခဲ့ဖူးသော အမူအရာမျိုး ဖြစ်ပေ၏။

ရှည်လျားလှသော တိတ်ဆိတ်မှု ပြီးဆုံးသွားခဲ့ပြီးနောက် နောက်ဆုံးတွင် ဖုန်းပုကြွယ် ပါးစပ်ဟလိုက်သည်။

“ကျွန်တော် စဉ်းစားပြီးပါပြီ”

အသံဖမ်းပညာရှင်က မိုက်ကရိုဖုန်းကို ထပ်မံ မြှောက်လိုက်သည်။ အော်စကာက ကင်မရာသမားဘက် လှည့်၍ “အနီးကပ် ရိုက်ချက်တစ်ခု ပေးပါဦး” ဟု ဆို၏။ အဲ့ဒီနောက် သူသည် ဖုန်းပုကြွယ်ဘက် လှည့်၍ ပြောလိုက်သည်။

“ကောင်းပါပြီ၊ ကျေးဇူးပြုပြီး ပြောကြားပေးပါဦးခင်ဗျာ”

ဖုန်းပုကြွယ်က ပြောလိုက်လေသည်။

“ကျွန်တော့်အတွက်တော့ စာရေးဆရာဆိုတာ... စာလုံးတွေကို အသုံးပြုပြီး ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တဲ့လူ ဖြစ်တယ်၊ မင်းအနေနဲ့ ဒါကို ယုံကြည်နေသရွေ့နဲ့ ကိုယ့်ကိုယ်ကိုယ်အပေါ် သစ္စာရှိနေသရွေ့တော့ မင်းရဲ့ အိပ်မက်တွေကို လက်တွေ့အဖြစ် ဖန်တီးနိုင်လိမ့်မယ်”

(TL Note - ဒီအခန်းကတော့ နက်နက်နဲနဲတွေးတောမိပြီး မှတ်သားထိုက်စရာအခန်းပါပဲ)

All Chapters