← Chapters

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း (၂၃၇) ပြောင်းလဲခြင်း-၂

အမည် - အလျင်အမြန်ပြုပြင်ခြင်း

စကေးကတ်ဂုဏ်သတ္တိ - တက်ကြွစွမ်းရည်၊ အမြဲတမ်းကျွမ်းကျင်မှု

စကေးအမျိုးအစား - လက်မှုပညာ

အကျိုးသက်ရောက်မှု - သုံးမရတော့သည့် သို့မဟုတ် ပျက်စီးနေသည့် စက်ပစ္စည်းတစ်ခုကို အရည်အသွေး ပုံမှန်အဆင့်သို့ ၁၅ခန့် ယာယီအဆင့်မြှင့်တင်ပေးသည်။

ကုန်ကျမှု - သက်လုံ ၂၀၀

သင်ယူရန် လိုအပ်ချက် - လက်မှုပညာ ကျွမ်းကျင်မှု အဆင့် D

မှတ်ချက် - မင်းအနေနဲ့ ထပ်ပြီး ကန့်ကွက်တာတွေ မခံချင်ဘူးဆိုရင် အနည်းဆုံးတော့ အဲ့ဒီအမှိုက်လို စက်တွေကို အာမခံသက်တမ်း မကုန်မချင်း လည်ပတ်နေအောင် လုပ်ထားစမ်းပါ။

စကေးဘားကို ဖွင့်၍ အထူးဂုဏ်သတ္တိများကို စစ်ဆေးကြည့်ရှုလိုက်သောအခါ ထိုအချက်အလက်များ ပေါ်ထွက်လာခဲ့သည်။

ဖုန်းပုကြွယ်သည် စကေး၏ အကျိုးသက်ရောက်မှု ပြောင်းလဲသွားခြင်းအပေါ် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။ ဤဂိမ်းအတွင်းရှိ စကေးများကို အဆင့်မြှင့်တင်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။ အဘယ်ကြောင့်ဆိုသော် ဂိမ်းဖော်ပြချက်တွင် ဤကဲ့သို့ အဆင့်မြှင့်တင်နိုင်သည့် လုပ်ဆောင်ချက်ကို ဖော်ပြထားခြင်း မရှိသောကြောင့် ဖြစ်သည်။ ဤအချက်မှာ ကစားသမားများ ကိုယ်တိုင်ရှာဖွေစူးစမ်းရမည့် အကြောင်းအရာတစ်ခု ဖြစ်ပုံရပြီး ‘လမ်းညွှန်စာအုပ်’ ထဲတွင် ရေးသားထားသင့်သည့် အရာမျိုးလည်း ဖြစ်ပေသည်။

သို့သော်လည်း ဤအချက်ကို သိရှိသွားခြင်းက အခြားမေးခွန်းများကို ဖြစ်ပေါ်စေခဲ့သည်။ ဘွဲ့စွမ်းရည်များအပြင်... အခြား အမြဲတမ်းကျွမ်းကျင်ထားသည့် စကေးများ ဖြစ်ကြသော... ပင်ကိုယ်စွမ်းရည်များ သို့မဟုတ် ခန္ဓာကိုယ်အဆင့်မြှင့်တင်ခြင်းနည်းစနစ်ကဲ့သို့သော အဆက်မပြတ် ကုန်ကျမှုရှိသည့် စွမ်းရည်များကိုကော အဆင့်မြှင့်တင်ဖို့ ဖြစ်နိုင်ပါ့မလား။

ထိုမေးခွန်းကို ဂိမ်း၏ ဖောက်သည်ဝန်ဆောင်မှုဌာနထံ သွားရောက်မေးမြန်းပါကလည်း အဖြေရလိမ့်မည် မဟုတ်သလို လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဂိမ်းဖိုရမ်များပေါ်တွင်လည်း ထိုအကြောင်းအရာနှင့် ပတ်သက်သည့် မည်သည့်ပို့စ်ကိုမျှ ရှာမတွေ့ခဲ့သဖြင့် ဖုန်းပုကြွယ်သည် ထိုကိစ္စကို ခဏဘေးဖယ်ထားလိုက်တော့သည်။

ယင်းမှာ လွန်ခဲ့သည့်တစ်ပတ်အတွင်း ဖုန်းပုကြွယ် ပြောင်းလဲသွားခဲ့သော အခြေအနေများပင် ဖြစ်သည်။ သီးခြားစီ ထည့်သွင်းပြောဆိုရန် လိုအပ်သည့် နောက်ထပ်အိုင်တမ်တစ်ခုလည်း ရှိနေသေးသည်။ ယင်းမှာ ဗာဂျရာခေါင်းလောင်းပင် ဖြစ်၏။

ခေါင်းလောင်းလောကအတွင်းရှိ ခေါင်းလောင်းမိစ္ဆာကို အောင်နိုင်ပြီးနောက် ဖုန်းပုကြွယ်နှင့် ရီရူလီတို့သည် ထိုနေရာမှ မထွက်ခွာနိုင်ခဲ့ကြချေ။ ယင်းမှာ ဇာတ်ကွက်တစ်ခုခုကို ထပ်မံဖော်ထုတ်ရန် လိုအပ်နေခြင်းကြောင့် ဖြစ်သည်ဟု ယူဆကာ သူတို့နှစ်ဦးသည် ကျွန်းပေါ်တွင် ဆက်လက်ရှာဖွေနေခဲ့ကြသည်။

ဘော့စ်သေဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် ကျွန်းပေါ်တွင် မည်သည့်ပုံရိပ်ယောင် သို့မဟုတ် မည်သည့်အတားအဆီးမျှ မရှိတော့ပေ။ ထို့ကြောင့် သူတို့သည် ကျွန်းအလယ်ရှိ ကွင်းပြင်တစ်ခုတွင် ယဇ်ပလ္လင်မြောက်များစွာ ထောက်ကန်ထားပြီး သွေးများဖြင့် ရေးဆွဲထားသည့် ကြီးမားသော မှော်စက်ဝိုင်းကြီးတစ်ခုကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဗာဂျရာခေါင်းလောင်းကို ထိုစက်ဝိုင်း၏ အလယ်ဗဟိုတည့်တည့်တွင် ဖိနှိပ်ထားခြင်း ဖြစ်သည်။ ၎င်းကို ကောက်ယူပြီးနောက် ဖုန်းပုကြွယ်၊ ရီရူလီင့် NPC လုချင်းနင်တို့သည် ခေါင်းလောင်းလောကမှ လွတ်မြောက်ခဲ့ကြပြီး ချန်လင်မြို့မြောက်ဘက်ရှိ တောင်တန်းများဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

အမည် - ဗာဂျရာခေါင်းလောင်း

အမျိုးအစား - အခြား

အရည်အသွေး - ထူးကဲ

အထူးအာနိသင် - အောက်ပါ အမိန့်လေးခုကို လုပ်ဆောင်နိုင်ပါသည်_

၁။ NPC တစ်ကောင်၏ အသေးစိတ်အချက်အလက်များကို ကြည့်ရှုနိုင်ခြင်း

၂။ မကောင်းဆိုးဝါးတစ်ကောင်၏ အသေးစိတ် အချက်အလက်များကို ကြည့်ရှုနိုင်ခြင်း (ဘော့စ်အဆင့် မကောင်းဆိုးဝါးများ မပါဝင်ပါ)

၃။ ငါးမိနစ်စာ ‘သေခြင်းတရား သတိပေးချက်’ လုပ်ဆောင်ချက်တစ်ခု ရရှိခြင်း

၄။ သင်၏ နောက်ထပ် မှော်အတတ် အထူးပြုစွမ်းရည်၏ အကျိုးသက်ရောက်မှုကို နှစ်ဆတိုးစေခြင်း (ကျိုးကြောင်းဆီလျော်သော အခြေအနေများအောက်တွင်သာ)

မှတ်ချက် - ယင်းကို ကောက်ယူပြီးနောက် လွှဲပြောင်းရောင်းချခွင့်မရှိပါ (သို့သော် စနစ်ဈေးဆိုင်သို့ တိုက်ရိုက်ပြန်လည်ရောင်းချခြင်းကို တားဆီးမည် မဟုတ်ပါ)၊ ပြန်လည်အသုံးပြုရန်ကြာချိန်မှာ ၁၂ နာရီ ဖြစ်သည် (ဇာတ်လမ်းမှ ထွက်ခွာသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ပြီးဆုံးလိမ့်မည်)။ အမိန့်လေးခုလုံးကို အသုံးပြုပြီးသွားပါက ဗာဂျရာခေါင်းလောင်းသည် အေးခဲအခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်သည်။ ကစားသမားများအနေဖြင့် အေးခဲစနစ်ကို ကိုယ်တိုင်လည်း စတင်လုပ်ဆောင်နိုင်ပါသည်။ အိုင်တမ် အေးခဲအခြေအနေဖြစ်နေစဉ်အတွင်း ကစားသမားများသည် မည်သည့်အမိန့်ကိုမျှ အသုံးပြုနိုင်မည် မဟုတ်ပါ။

ဤအရာတွင် မည်သည့်ပစ္စည်းကိရိယာ ကန့်သတ်ချက်မှ မရှိသလို ၎င်း၏ လုပ်ဆောင်ချက်များလည်း အတော်လေး များပြားပုံရသည်။ သို့သော်လည်း လက်တွေ့တွင်မူ... ပထမဆုံး လုပ်ဆောင်ချက် နှစ်ခုကိုသာ အသုံးများခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရလျှင် အချိန်ကြာမြင့်မည့် ဇာတ်လမ်းများအတွင်း ဖုန်းပုကြွယ်သည် ပထမဆုံး အမိန့်နှစ်ခုကို အသုံးပြုပြီးနောက် ဤအိုင်တမ်၏ အေးခဲစနစ်ကို ကိုယ်တိုင် စတင်လိုက်လေ့ရှိသည်။

တတိယမြောက် အထူးအာနိသင်ဖြစ်သည့် ‘သေခြင်းတရား သတိပေးချက်’ မှာမူ အနည်းငယ် အသုံးမဝင်လှချေ။ အမှန်အတိုင်း ပြောရလျှင် ယင်းမှာ ခြိမ်းခြောက်မှုတစ်ခုကို ကြိုတင်အချက်ပြရန်အတွက် ခေါင်းလောင်းသံကို အသုံးပြုခြင်းသာ ဖြစ်ပေသည်။ ဥပမာအားဖြင့် ကစားသမားရှေ့တွင် ဇွန်ဘီးတစ်ကောင် ပေါ်လာပါက ဗာဂျရာခေါင်းလောင်းသည် အလိုအလျောက် အသံမြည်လာမည်ဖြစ်ပြီး ဇွန်ဘီးချဉ်းကပ်လာလေလေ အသံက ပိုစိပ်လာလေလေ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း အကယ်၍ ကစားသမားရှေ့တွင် မကောင်းဆိုးဝါးတစ်ကောင် ပေါ်လာပါက ခေါင်းလောင်းသံသည် အစပိုင်းတွင် အလွန်စိပ်နေမည်ဖြစ်သော်လည်း ထိုမကောင်းဆိုးဝါး၏ ဧရာမခြေထောက်ကြီး ကောင်းကင်မှ ကျဆင်းလာသည့်အချိန်အထိ ခေါင်းလောင်းသံက မပြောင်းလဲဘဲ ထိုအတိုင်းသာ ရှိနေပေလိမ့်မည်...။

ဤအာနိသင်သည် အချို့အခြေအနေများတွင်... ဥပမာအားဖြင့် အလွန်အမင်း မြင်နိုင်စွမ်းနိမ့်နေပြီး ကစားသမားအနေဖြင့် ရန်သူ၏ တည်နေရာ သို့မဟုတ် ခွန်အားကို မျက်စိအမြင်ဖြင့် မဆုံးဖြတ်နိုင်ဘဲ ခေါင်းလောင်းသံအပေါ်တွင်သာ မှီခိုနေရသည့် အချိန်မျိုး၌မူ အနည်းငယ် အသုံးဝင်နိုင်ပေသည်။

ပြဿနာကား... ဒါက ကိုယ့်တည်နေရာကို ရန်သူသိအောင် ဖော်ပြလိုက်သလို ဖြစ်မနေပေဘူးလား...။

စတုတ္ထမြောက် အာနိသင်နှင့် ပတ်သက်၍မူ ဖုန်းပုကြွယ် စမ်းသပ်ကြည့်ရှုပြီးပြီ ဖြစ်သည်။ မှန်ပေသည် ခန္ဓာကိုယ်မြှင့်တင်ခြင်း မန္တာန်သည် ကွင်းစကွင်းပိတ်ထဲတွင် ဖော်ပြထားသည့် ‘ကျိုးကြောင်းဆီလျော်သော အခြေအနေများ’ နှင့် ကိုက်ညီမှုမရှိသဖြင့် နှစ်ဆတိုးသည့် အကျိုးကျေးဇူးကို မရရှိနိုင်ချေ။ အဆက်မပြတ် ကုန်ကျမှုရှိသည့် စကေးတစ်ခုဖြစ်သဖြင့် ဤသည်မှာ မျှော်လင့်ထားပြီးသား ဖြစ်သည်။ ဖုန်းပုကြွယ် ယခင်က ရရှိခဲ့ဖူးသည့် မိစ္ဆာဘုရင်၏ နဂါးနက်မီးတောက်လှိုင်းဆိုပါက ထိုနှစ်ဆတိုးသည့် အာနိသင်ကို ခံစားနိုင်မည်ဖြစ်သော်လည်း နှမြောစရာကောင်းသည်မှာ သူသည် ၎င်းကို အသုံးပြုပြီးသွားခဲ့ပြီ ဖြစ်သလို သူ့တွင် အခြားတိုက်ခိုက်ရေး ဝိညာဉ်အတတ်များလည်း မရှိတော့ချေ။

အတိုချုပ်ဆိုရလျှင် လက်ရှိအချိန်တွင် ဖုန်းပုကြွယ်အတွက် ဗာဂျရာခေါင်းလောင်း၏ တစ်ခုတည်းသော အသုံးဝင်မှုမှာ NPC များ၏ အထူးအခြေအနေများနှင့် အချို့ လက်ရွေးစင်မကောင်းဆိုးဝါးများ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ကြည့်ရှုရန်အတွက်သာ ဖြစ်သည်။ အခြားအထူးအာနိသင်နှစ်ခုကိုတော့ သူ အသုံးမပြုလုနီးပါးပင်။ ထိုအချိန်တွင် အကြောင်းကြားသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဖုန်းပုကြွယ်ထံသို့ အီးမေးလ်တစ်စောင် ရောက်ရှိလာခြင်း ဖြစ်သည်။ သူက စခရင်ပြင်ကို အနည်းငယ် နှိပ်လိုက်ပြီးနောက် အီးမေးလ်ဖတ်ရှုသည့် မြင်ကွင်းသို့ ရောက်ရှိသွားခဲ့သည်။

အီးမေးလ်၏ အကြောင်းအရာမှာ “မနက်ဖြန်ကျရင် မင်းဆီကို နောက်ထပ် အိုင်တမ်နှစ်ခု ပို့ပေးလိုက်မယ်” ဟု ဖြစ်ပြီး ပေးပို့သူမှာ ခွမ်ကျုံးချင်းယင်(ပြေးဝင်လာသောဓားသွား) ဖြစ်သည်။

အကြောင်းအရာကို မြင်သည်နှင့် ဖုန်းပုကြွယ်သည် Hard Drive 2455a1 ထဲမှ အိုင်တမ်များကို ကျန်းဟူစတူဒီယို၏ အဖွဲ့သားများက အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ကြပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သဘောတူညီချက်အရ ပြေးဝင်လာသောဓားသွားသည် ထိုအိုင်တမ်များထဲမှ သုံးခုကို ဖုန်းပုကြွယ်ထံသို့ ပေးပို့ရမည် ဖြစ်သည်။

“အင်း... ဒီကောင်က တကယ်ကတိတည်သားပဲ”

ဖုန်းပုကြွယ်က ရေရွတ်ရင်း အီးမေးလ်ထဲမှ ပူးတွဲပါဖိုင်ကို လက်ခံလိုက်ရာ ထိုအိုင်တမ်သည် သူ့ပစ္စည်းသိုလှောင်အိတ်အတွင်းသို့ ချက်ချင်း ရောက်ရှိသွားလေသည်။ သူက သူ့အိတ်ကို ချက်ချင်းဖွင့်၍ စစ်ဆေးကြည့်ရှုလိုက်သည်။

အမည် - အဆုံးမဲ့လက်ပစ်ဗုံးကျည်အိမ်

အမျိုးအစား - ကိရိယာ

အရည်အသွေး - ထူးကဲ

လုပ်ဆောင်ချက် - လက်ပစ်ဗုံးများကို ဖန်တီးပေးသည်

အာနိသင် - ဤကျည်အိမ်သည် Mark II လက်ပစ်ဗုံးတစ်လုံးကို မိနစ် ၂၀လျှင်တစ်ကြိမ် အလိုအလျောက် ထုတ်လုပ်ပေးမည် ဖြစ်သည်

မှတ်ချက် - ဤကျည်အိမ်အတွင်း၌ လက်ပစ်ဗုံးနှစ်လုံးသာ တစ်ချိန်တည်း တည်ရှိနိုင်ပါသည် (ကျည်အိမ်ထဲတွင် ထည့်သွင်းထားသည်ဖြစ်စေ၊ အပြင်သို့ ထုတ်ယူထားသည်ဖြစ်စေ မသက်ဆိုင်ပါ)။ ဖန်တီးထားသည့် လက်ပစ်ဗုံးများကို စနစ်ဈေးဆိုင်သို့ ပြန်လည်ရောင်းချခြင်း သို့မဟုတ် လေလံအိမ်တွင် တင်ခြင်း ပြုလုပ်ခွင့်မရှိပါ။ ကျည်အိမ်နှင့် ခွဲထုတ်ပြီးနောက် မိနစ် ၁၂၀ အတွင်း ပေါက်ကွဲခြင်းမရှိသည့် လက်ပစ်ဗုံးများသည် အလိုအလျောက် ပျောက်ကွယ်သွားမည် ဖြစ်ပါသည်။

ဖုန်းပုကြွယ်သည် သူ့အိတ်ထဲမှ လက်ပစ်ဗုံးကျည်အိမ်ကို ချက်ချင်း ထုတ်ယူလိုက်သည်။ ၎င်းမှာ ကြက်တောင်ရိုက်သည့် ကြက်တောင်ဘူးနှင့် ပုံသဏ္ဌာန်တူသော်လည်း အနက်ရောင်သတ္တုဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အလေးချိန်မှာ အတော်လေး လေးလံသည်။ သူက အဖုံးကို လှည့်ဖွင့်၍ ဘူးကို စောင်းလိုက်ပြီး လက်ပစ်ဗုံးတစ်လုံးကို ဆွဲထုတ်လိုက်သည်။

အမည် - Mark II လက်ပစ်ဗုံး (ဖန်တီးထားခြင်း)

အမျိုးအစား - တစ်ခါသုံးပစ္စည်း

အရည်အသွေး - သာမန်

အာနိသင် - ခွဲခြားမှုမရှိသော ဖောက်ခွဲတိုက်ခိုက်ခြင်း

မှတ်ချက် - စနက်တံကို ဆွဲထုတ်ပြီးနောက် ၄.၈ စက္ကန့်အကြာတွင် ပေါက်ကွဲမည်ဖြစ်ပြီး သေစေနိုင်သည့် အချင်းဝက်မှာ ကိုက် ၅၀ ဖြစ်သည်။ ၎င်း၏အခွံကို လွှသွားပုံသဏ္ဌာန် ပြုလုပ်ထားခြင်းဖြစ်သဖြင့် ပေါက်ကွဲပြီးနောက် သတ္တုစအများအပြား ထွက်ပေါ်လာစေရန် ကူညီပေးသည်။ သတ္တုစများ၏ သေစေစေနိုင်သည့် အချင်းဝက်မှာ ကိုက် ၅၀ အထိ ရောက်ရှိနိုင်သဖြင့် ၎င်းကို ပစ်ပေါက်ပြီးနောက် အမြန်ဆုံးဝပ်နေရန် သတိပြုရမည်။

“အင်း... ဒီအိုင်တမ်က အတော်လေး ကောင်းတာပဲဟ၊ မျှော်လင့်ထားတာထက်တောင် ပိုကောင်းနေသေးတယ်...”

ဖုန်းပုကြွယ်က ရေရွတ်လိုက်ရင်း “ဒါနဲ့ စကားမစပ်... အဲ့ဒီဟာ့ဒ်ဒစ်ထဲက ပုံကြမ်းနှစ်ဆယ်ကနေ ဘာတွေများ ဖန်တီးလိုက်ကြသလဲ မသိဘူး၊ ဒီလို နတ်ဘုရားအဆင့်ကိရိယာမျိုးကိုတောင် ပေးလိုက်တယ်ဆိုတော့...”

သူက တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် စကားခဏရပ်လိုက်သည်။

“ဒါမှမဟုတ်... အဲ့ဒီဇာတ်လမ်းတုန်းက ငါလုပ်ခဲ့တဲ့ လုပ်ရပ်တွေက ဓားလေးရဲ့ စိတ်ထဲမှာ အရိပ်လေးတစ်ခု ကျန်ရစ်ခဲ့လို့... သူက ငါ့ကို ပေါက်ကွဲတတ်တဲ့အရာနဲ့ ပတ်သက်တဲ့ အိုင်တမ်မျိုးကို တမင်သက်သက် ရွေးပေးလိုက်တာလား မသိဘူး”

“ဟူး... ထားလိုက်ပါတော့လေ”

ဖုန်းပုကြွယ်က လက်ပစ်ဗုံးကို ကျည်အိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး ထိုကိရိယာကို သူ့အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။

ထိုအချိန်တွင် ငရဲကမ္ဘာ၏ရှေ့တန်းမှ အခြားအဖွဲ့ဝင် သုံးဦးလုံး လိုင်းပေါ်တွင် ရှိမနေကြသေးသလို သူ့သူငယ်ချင်းစာရင်းထဲမှ အခြားသူများမှာလည်း ဂိမ်းထဲသို့ ရောက်ရှိနေကြခြင်း သို့မဟုတ် သူနှင့် သိပ်ပြီးမရင်းနှီးခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ကြောင့် ဖုန်းပုကြွယ်၏ ဒုက္ခရှာချင်သည့် စိတ်ရိုင်းများက ထပ်မံနိုးထလာခဲ့ပြီး စခရင်ပေါ်ရှိ အိပ်မက်ဆိုးအဆင့်ခက်ခဲမှု တစ်ကိုယ်တော်ရှင်သန်ခြင်းမုဒ် ရွေးချယ်မှုဆီသို့ သူ့အကြည့်များကို တစ်ဖန် ပြန်လည်ဦးတည်လိုက်တော့သည်...။

All Chapters